အခန်း (၅၇၄) တာအိုပညာရှိတစ်ပါးကို သတ်ပြီး တစ်ပါးကို ဖမ်းဆီးခြင်း
ဟန်ကျွယ်ဟာ လီမုယဲ့နဲ့ ချုံရှီလိုင်ကို ဂရုမစိုက်အားဘဲ ကျင့်ကြံတာကိုပဲ အာရုံစိုက်ပါတယ်။ ချုံရှီလိုင်ဟာ သူထောင်ချောက်ဆင်တာ ပေါ်သွားမှာစိုးတဲ့အတွက် ဟန်ကျွယ်ကို အိပ်မက် ထပ်မပေးရဲတော့ပါဘူး။
ဒါပေမဲ့ တစ်နှစ်ကြာတဲ့အခါမှာတော့ ချုံရှီလိုင်ဟာ ဘယ်လိုမှ ထပ်မစောင့်နိုင်တော့ဘဲ ဟန်ကျွယ်ကို အိပ်မက်ထပ်ပေးပါတယ်။ ဒါပေမဲ့ ဒီတစ်ခါမှာတော့ ဟန်ကျွယ်ဟာ ချုံရှီလိုင် အိပ်မက်ပေးတာကို လျစ်လျူရှုထားလိုက်ပါတယ်။
ဒီအဖြစ်ကြောင့် ချုံရှီလိုင်ဟာ သူ့အကြံ ပျက်သွားပြီဆိုတာကို သဘောပေါက်လိုက်ပါတယ်။ ချုံရှီလိုင်ဟာ စိတ်ထဲမှာ ကျိန်ဆဲလိုက်ပြီး ရွေးချယ်စရာမရှိတော့တာကြောင့် လျိုဟုန်ကို ပြန်ဆုတ်ဖို့ ကောင်းကင်တာအို စိတ်ဝိညာဉ်ကို ပြောခိုင်းလိုက်ရပါတယ်။
လျိုဟုန်ကလည်း ရည်မှန်းချက်ကြီးပုံပါပဲ။ လေးငါးခြောက်လ ရှေ့ဆက်တိုးလို့ မရတော့မှ ပြန်ဆုတ်သွားပါတယ်။ ဒီတော့မှာ တာအိုပညာရှိတွေလည်း သက်ပြင်းချနိုင်ပါတော့တယ်။
ချုံရှီလိုင်နဲ့ လီမုယဲ့ဟာ တစ်ခုခုမှားနေပြီဆိုတာကို အာရုံခံမိတာကြောင့် ဟန်ကျွယ်ကို ထပ်ပြီးတော့ အိပ်မက် မပေးတော့ပါဘူး။
၈၉ နှစ်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ နောက်ထပ် နတ်ဘီလူးဓမ္မရုပ်တုကို ဆက်ကျင့်ကြံလို့ မရတော့တဲ့အတွက် ကျင့်ကြံတာကို အဆုံးသတ်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ နောက်ထပ် နတ်ဘီလူးဓမ္မရုပ်တု ၃၆ ပါးကို တတ်မြောက်သွားပါတယ်။ အဲဒီနတ်ဘီလူးဓမ္မရုပ်တုတွေကတော့ သာမန်နတ်ဘီလူး၊ စုစည်းနတ်ဘီလူး၊ အန္တိမအလျင် နတ်ဘီလူး၊ စိတ်ကူးယဉ် နတ်ဘီလူး၊ လှောင်အိပ် နတ်ဘီလူး၊ အမြစ်ဖြတ် နတ်ဘီလူး၊ အချိန်ဖြစ်ရပ် နတ်ဘီလူး၊ ရိုင်းစိုင်း နတ်ဘီလူး၊ မျက်နှာတစ်ထောင် နတ်ဘီလူး၊ မဟာအလင်း နတ်ဘီလူး၊ အမှောင်ထုံ နတ်ဘီလူး၊ အသေင်္ချ နတ်ဘီလူး၊ အနိုင်ယူမရ နတ်ဘီလူး၊ စူးဝါး နတ်ဘီလူး၊ ဝိညာဉ်ဆောင် နတ်ဘီလူး၊ ထင်ယောင်ထင်မှား နတ်ဘီလူး၊ ခွန်အား နတ်ဘီလူး၊ အမင်္ဂလာ နတ်ဘီလူး၊ အနန္တ နတ်ဘီလူး၊ ကောင်းကင်စက်ဝန်း နတ်ဘီလူး၊ ပဋိပက္ခ နတ်ဘီလူး၊ ပုပ်ဆွေးမီးလျှံ နတ်ဘီလူး၊ ပလိပ်ရောဂါ နတ်ဘီလူး၊ ဧကရာဇ် နတ်ဘီလူး၊ အန္တိမနာကျင်မှု နတ်ဘီလူး၊ သစ္စာရှင် နတ်ဘီလူး၊ ဖြူမည်း နတ်ဘီလူး၊ ရှေးဟောင်း နတ်ဘီလူး၊ အနာဂတ် နတ်ဘီလူး၊ ဖြတ်သန်း နတ်ဘီလူး၊ ဒီရေမူလ နတ်ဘီလူး၊ သန့်စင်ခြင်း နတ်ဘီလူး၊ မရပ်မနား နတ်ဘီလူး၊ မရေမရာ နတ်ဘီလူးနဲ့ အသက်နတ်ဘီလူးတို့ပဲ ဖြစ်ပါတယ်။
ဒီအဆင့်တက်မှုမှာ ဟန်ကျွယ်ဟာ နတ်ဘီလူးဓမ္မရုပ် ၅၀ ကို ကျင့်ကြံနိုင်လိုက်တဲ့အတွက် အခုဆိုရင် ဟန်ကျွယ် တတ်မြောက်ထားတဲ့ နတ်ဘီလူးဓမ္မရုပ်တု စုစုပေါင်းက ၁၇၄ ပါး ရှိသွားပါပြီ။ ဟန်ကျွယ်ဟာ ဒီအဆင့်တက်မှုမှာ အရင်ကထက် နတ်ဘီလူးဓမ္မရုပ်တွေကို ပိုပြီးတော့ လေ့လာနိုင်မယ်လို့ မျှော်လင့်ထားတာပါ။ ဒါပေမဲ့ ဟန်ကျွယ် ထင်ထားသလို ဖြစ်မလာခဲ့ပါဘူး။
ဟန်ကျွယ်ဟာ အသွင်တူ လက်ရည်စမ်းပွဲထဲဝင်ပြီး အသစ်တတ်မြောက်ထားတဲ့ နတ်ဘီလူးဓမ္မရုပ်တုတွေရဲ့ စွမ်းအားနဲ့ ရင်းနှီးအောင် လုပ်ပါတယ်။
လေးငါးဆယ်လ အကြာမှာတော့ နတ်ဘီလူး ဓမ္မရုပ်တုတွေထဲမှာ အစွမ်းအထက်ဆုံးက ခွန်အား နတ်ဘီလူးဆိုတာကို ဟန်ကျွယ် ရှာတွေ့သွားပါတယ်။ ဒီခွန်အား နတ်ဘီလူးက ပညာရပ်မျိုးစုံကို တစ်ချက်တည်းနဲ့ ချိုးဖျက်နိုင်ပါတယ်။ ကောင်းကင်နက္ခ နတ်ဘီလူးနဲ့ ပေါင်းလိုက်ရင် အလွန်တရာမှာ ပြင်းထန်ပြီး ပြိုင်ဘက်ကင်းတယ်လို့တောင် ပြောလို့ရပါတယ်။ တာအိုကောင်းကင်မိစ္ဆာနဲ့ ကောင်းကင်အရှင်ဝူဖာဟာ ဟန်ကျွယ်ရဲ့ တိုက်ချက်တစ်ချက်ကိုတောင် မခုခံနိုင်ကြတော့ပါဘူး။
ဟန်ကျွယ်ရဲ့ စွမ်းအားဟာ ထိုးတက်သွားပါတယ်။ ဟန်ကျွယ်ဟာ သူ့ခန္ဓာကိုယ်ထဲက နတ်ဘီလူးချီတွေကို ပြိုးထောင်ရင်း ချုံရှီလိုင်နဲ့ လီမုယဲ့ကို ဘယ်လိုလုပ်ရမလဲဆိုတာ စဉ်းစားလိုက်ပါတယ်။
ဟုတ်ပါတယ်။ ဟန်ကျွယ်ဟာ ချုံရှီလိုင်နဲ့ လီမုယဲ့ကို အပြစ်ပေးတော့မှာပါ။
‘ငါ လောကဦး ကောင်းကင်ထောင်ကို သုံးသင့်လား… ဒါမှမဟုတ် တစ်ခါတည်း သတ်လိုက်ရင် ကောင်းမလား…’ ဟန်ကျွယ်ဟာ ချီတုံ ချတုံ ဖြစ်သွားပါတယ်။
‘ငါ တာအိုပညာရှိ နှစ်ပါးစလုံးကို သတ်လိုက်ရင် သူတို့နောက်မှာရှိတဲ့ တည်ရှိမှုက ကျိန်းသေပေါက် သတိထားမိသွားမှာပဲ… မဟုတ်သေးဘူး… ငါ တစ်ပါးကို သတ်ပြီး တစ်ပါးကို လောကဦး ကောင်းကင်ထောင်ထဲ ထည့်ရမယ်၊ ဒါမှ တခြားတာအိုပညာရှိတွေကို သတိပေးရာရောက်မှာ… မဟုတ်ရင် ဒီတာအိုပညာရှိတွေက ငါ့ကို နောက်လည်း ပြဿနာလာရှာနေအုန်းမှာ’
ဟန်ကျွယ်ဟာ မျက်စိကို ကျဉ်းလိုက်ပြီး ဖြည်းညင်းစွာ မတ်တတ်ရပ်လိုက်ပါတယ်။ ဟန်ကျွယ်နောက်မှာရှိတဲ့ နေလ ယင်ယန် အကာအကွယ်ကနေ တောက်ပတဲ့ နတ်အလင်းရောင်တွေ ဖြာထွက်လာပါတယ်။
ဟန်ကျွယ်ဟာ ကောင်းကင်ဘုံ ၃၃ ဘုံမြောက်မှာ ရုတ်ခြည်း ပေါ်လာပြီး လီမုယဲ့ရဲ့ နန်းတော်ကို ပျံသန်းသွားပါတယ်။ ဟန်ကျွယ်ဟာ သူ့ရောင်ဝါကို မကွယ်ဝှက်တာကြောင့် တခြားတာအိုပညာရှိကို တပ်လှန့်လိုက်သလို ဖြစ်သွားပါတယ်။
လီမုယဲ့ တာအိုစက်ကွင်းရှေ့မှာ ဆင်းသက်လိုက်တဲ့ ဟန်ကျွယ်ကို ကြည့်ပြီး တခြား တာအိုပညာရှိတွေဟာ ရင်ထိတ်နေကြပါတယ်။ တခြား တာအိုပညာရှိတွေဟာ ဟန်ကျွယ်နဲ့ လီမုယဲ့ ပူပေါင်းမှာကို ကြောက်နေကြတာပါ။
ဟန်ကျွယ်ဟာ လက်ဝှေ့ယမ်းပြီး နန်းတော်တံခါးကို ချိုးဖျက်လိုက်ပါတယ်။ တာအိုစက်ကွင်းရဲ့ အစီအမံဟာလည်း တစ်ခါတည်း ကျိုးပြတ်သွားပါတယ်။
“ဟန်ကျွယ်… မင်း ဘာလုပ်တာလဲ” လီမုယဲ့ဟာ ဒေါသတကြီး ထအော်ပြီး ဓားဆွဲထုတ်ကာ တိုက်ခိုက်ဖို့ ပြင်လိုက်ပါတယ်။
ဟန်ကျွယ်က အေးစက်စွာ ပြောလိုက်ပါတယ် “ငါ မင်းကို မသတ်ချင်ပါဘူး၊ ဒါပေမဲ့ မင်းက ငါ့ကို အကောက်ကြံမှတော့ ငါကလည်း အားနာမနေတော့ဘူး”
ဟန်ကျွယ်ဟာ နတ်ဘီလူးဓမ္မရုပ်တု နှစ်ပါးကို တစ်ခါတည်း ထုတ်ဖော်လိုက်ပါတယ်။ ဒီနတ်ဘီလူး ဓမ္မရုပ်တု နှစ်ပါးက ကောင်းကင်နက္ခ နတ်ဘီလူးနဲ့ ခွန်အား နတ်ဘီလူးတို့ပဲ ဖြစ်ပါတယ်။ ဒီနတ်ဘီလူးဓမ္မရုပ်တု နှစ်ပါးဟာ အလွန်တရာမှ ကြီးကျယ်ခမ်းနားပြီး ကြောက်မက်ဖွယ်ကိုယ်ဟန်တွေ ရှိပါတယ်။
နတ်ဘီလူးဓမ္မရုပ်တု နှစ်ပါးဟာ သူတို့ရဲ့ လက်သီးတွေကို တစ်ခါတည်း ထိုးထုတ်လိုက်ပါတယ်။ ဒီလက်သီးချက်က အလွန်တရာမှ ပြင်းထန်လွန်းပါတယ်။ ဒီလက်သီးချက်အောက်မှာ တာအိုစက်ကွင်းဟာ အပိုင်းပိုင်းပြတ်သွားပြီး ကြောက်မက်ဖွယ် လေအရှိန်ဟာ ကောင်းကင်ဘုံ ၃၃ ဘုံမြောက်ကို အကြီးအကျယ် ပျက်စီးသွားစေပါတယ်။
လီမုယဲ့ဟာ ဓားမြှောက်ပြီး ဆန်းကြယ်စွမ်းအား ထုတ်သုံးကာ လက်သီးချက်ကို ဟန့်တားလိုက်ပါတယ်။ ဒါပေမဲ့ ပြင်းထန်လှတဲ့ လက်သီးချက်အောက်မှာ လီမုယဲ့ရဲ့ ခုခံမှုဟာ ဘယ်လိုမှ အရာမမရောက်ဘဲ လီမုယဲ့ရဲ့ ခန္ဓာကိုယ်ဟာ တစ်ခါတည်း ပျောက်ပျက်သွားပါတယ်။
တခြားတာအိုပညာရှိတွေဟာ လန့်ဖျပ်သွားပါတယ်။ သူတို့တွေဟာ ဟန်ကျွယ်က လီမုယဲ့ကို ဘယ်လို တိုက်ခိုက်မှန်း နားမလည်နိုင်ကြပါဘူး။ ဒါပေမဲ့ သူတို့တွေဟာ ထိုင်ကြည့်မနေနိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့အလှည့်ရောက်လာမှာစိုးလို့ပါပဲ။
ချုံရှီလိုင်ရဲ့ မျက်နှာဟာ မည်းမှောင်သွားပြီး ထိတ်လန့်သွားပါတယ် ‘ငါတို့အစီအစဉ်က သူ သိသွားတာလား… မဖြစ်နိုင်တာ… သူက ဘယ်လိုလုပ်ပြီး လျိုဟုန်ကို သိနိုင်မှာလဲ’
ဟန်ကျွယ်ဟာ လီမုယဲ့ရဲ့ တာအိုပညာရှိဝိညာဉ်ကို ကောက်ဖမ်းလိုက်ပါတယ်။ ထိတ်လန့်သွားတဲ့ လီမုယဲ့ဟာ ရုန်းကန်းပေမဲ့ ကြီးမားတဲ့ အင်အားတစ်ခုက သူ ထွက်မပြေးနိုင်အောင် ဟန့်တားနေတာကို ခံစားလိုက်ရပါတယ်။ လီမုယဲ့ရဲ့ ဝိညာဉ်တင် မဟုတ်ပါဘူး။ ပတ်ဝန်းကျင်က အာကာသနိယာမပါ ချုပ်နှောင်ထားတာ ဖြစ်တဲ့အတွက် လီမုယဲ့ဟာ တစ်ချက်ကလေးတောင် မလှုပ်ရှားနိုင်ပါဘူး။
‘မဖြစ်နိုင်ဘူး…’
လီမုယဲ့ဟာ လုံးဝ အထိတ်တလန့် ဖြစ်သွားပါတယ်။ လီမုယဲ့ဟာ ဟန်ကျွယ်က စွမ်းအားကြီးမှန်း သိပေမဲ့ ဒီလောက်ထိ စွမ်းအားကြီးလိမ့်မယ်လို့ ထင်မထားခဲ့ပါဘူး။ လီမုယဲ့ဟာ ဟန်ကျွယ်က လွတ်လပ် တာအိုပညာရှိ ဒါမှမဟုတ် ဒီထက်မြင့်တဲ့အဆင့်ကို ရောက်နေပြီလို့တောင် သံသယဝင်သွားပါတယ်။
ဟန်ကျွယ်ဟာ နှာခေါင်းရှုံ့လိုက်ပါတယ် “အင်မော်တယ်ကမ္ဘာကို တိုက်ခိုက်တဲ့ မြူခိုးနက်က အမှောင်ဘုရင် တာအိုပညာရှိမဟုတ်ဘူး၊ လျိုဟုန်ပဲ၊ ချုံရှီလိုင်နဲ့ လီမုယဲ့က ငါ့ကို အပြင်ထွက်အောင် လှည့်ဖြားပြီး သတ်ပစ်ဖို့ ကြံစည်တာ၊ ဒီနေ့ ငါ တခြားလူတွေကို သတိပေးတဲ့အနေနဲ့ လီမုယဲ့ကို သတ်ပစ်မယ်၊ မင်းတို့တွေ ငါ့ကို ထပ်ပြီးတော့ အကောက်မကြံဖို့ မျှော်လင့်တယ်၊ ငါ မင်းတို့ကို ဘာမှမလုပ်တာနဲ့ပဲ ငါက မင်းတို့ကို ကြောက်တယ်လို့ မထင်လိုက်နဲ့”
ဟန်ကျွယ်ဟာ ဝါးမြိုနတ်ဘီလူးကို အသုံးပြုပြီး လီမုယဲ့ရဲ့ တာအိုပညာရှိကို ဝါးမြိုလိုက်ပါတယ်။ ဟန်ကျွယ်ဟာ လီမုယဲ့ကို ပြန်ရှင်ဖို့ အခွင့်အရေးနည်းနည်းတောင် မပေးပါဘူး။
ဝါးမြိုနတ်ဘီလူးဟာ ရန်သူရဲ့ ရုပ်နာမ်နှစ်ပါးကို စုပ်ယူပြီး သူ့ကိုယ်သူ အင်အားကြီးလာအောင် လုပ်နိုင်ပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ဟာ ဒီဓမ္မရုပ်တိုကို တက်မြောက်ထားတာ မကြာသေးတဲ့အတွက် လီမုယဲ့ကို ဝါးမြိုလိုက်လို့ ရလာတဲ့ ကျင့်ကြံမှု တိုးတက်တာက လျစ်လျူရှုလို့တောင် ရပါတယ်။
လီမုယဲ့ သေသွားတဲ့အခါ ဟန်ကျွယ်ဟာ ချုံရှီလိုင်ကို ကြည့်လိုက်ပါတယ်။
ဟန်ကျွယ် အကြည့်ကြောင့် နှလုံးလှုပ်သွားတဲ့ ချုံရှီလိုင်ဟာ ချက်ချင်း ပြောလိုက်ပါတယ် “ကျုပ် ဒီကိစ္စကို ရှင်းပြပါရစေ… ဟန်ကျွယ် ပြီးခဲ့တဲ့ ကပ်ဘေးမှာ ငါ မင်းကို ကူညီခဲ့တာကို မေ့သွားပြီလား”
ဟန်ကျွယ်ဟာ ချုံရှီလိုင်ရှေ့မှာ ရုတ်ခြည်း ပေါ်လာပါတယ်။ ချုံရှီလိုင်ဟာ အလိုလို ဆန်းကြယ်စွမ်းအား ထုတ်သုံးလိုက်တဲ့အတွက် သူ့ခန္ဓာကိုယ်ကနေ ရွှေရောင်အလင်းတန်းတွေ ထိုးထွက်လာပါတယ်။ ချုံရှီလိုင်ဟာ ရွှေခေါင်းလောင်းလိုမျိုး ကြီးကျယ် ခမ်းနားပြီး မြင့်မြတ်လှပါတယ်။
“ဝုန်း…”
ဟန်ကျွယ်ဟာ ရွှေခေါင်းလောင်းကို ချေမွဖျက်ဆီးပြီး ချုံရှီလိုင်ကို ကောက်ဖမ်းလိုက်ပါတယ်။ အဲဒီနောက် ကောင်းကင်နက္ခ နတ်ဘီလူးနဲ့ ခွန်အားနတ်ဘီလူးတို့က တစ်ချိန်တည်း လက်သီးချက်ထုတ်ပြီး ချုံရှီလိုင်ရဲ့ ခန္ဓာကိုယ်ကို အကြွင်းမဲ့အင်အားနဲ့ ဖျက်ဆီးပစ်လိုက်ပါတယ်။
ပြီးတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ချုပ်နှောင် နတ်ဘီလူးရဲ့ စွမ်းအားကို အသုံးပြုပြီး ချုံရှီလိုင်ရဲ့ တာအိုပညာရှိ ဝိညာဉ်ကို ဖိနှိပ်ကာ ကောင်းကင်ဘုံ ၃၃ ဘုံမြောက်ကနေ ကွယ်ပျောက်သွားပါတယ်။
တောင်ဘက်စွန်း ကောင်းကင်အရှင်၊ ဂိုဏ်းချုပ်တျန်ကျွယ်၊ ဧကရာဇ်ရှောင်၊ ဖူရှီနဲ့ ကောင်းကင်အရှင်ဝူဖာတို့ဟာ ကြက်သေသေပြီး ကျန်နေခဲ့ကြပါတယ်။ သူတို့တွေဟာ ဟန်ကျွယ်စကားကို ရှင်းရှင်းလင်းလင်းကြီး ကြားလိုက်ကြပါတယ်။
‘မြူခိုးနက်က ချုံရှီလိုင်နဲ့ လီမုယဲ့ကြောင့် ဖြစ်လာတာလား… သူတို့တွေ ဟန်ကျွယ်ကို သွားရှာမယ်လို့ပြောတာ အံဩစရာမရှိတော့ပါဘူး… ဒါကြောင့်လည်း ဟန်ကျွယ် မတိုက်ဘဲ မြူခိုးနက်က သူ့ဘာသာ ပျောက်ကွယ်သွားတာ ဖြစ်မယ်’
ကောင်းကင်အရှင်ဝူဖာကလွဲရင် ကျန်တဲ့ တာအိုပညာရှိတွေရဲ့ ခံစားချက်တွေဟာ အလွန်တရာမှ ရှုပ်ထွေးသွားပါတယ်။ သူတို့တွေဟာ ကံကောင်းတယ်လို့ ခံစားလိုက်ရသလို ကျောလည်းချမ်းသွားကြပါတယ်။
ဘာပဲဖြစ်ဖြစ် ချုံရှီလိုင်နဲ့ လီမုယဲ့က သူတို့တွေနဲ့ တစ်ချိန်တည်းမှာ ထွက်ပေါ်လာတဲ့ တာအိုပညာရှိတွေလို့ ယူဆလို့ရပါတယ်။
တာအိုဘုံကျောင်းအတွင်း။
ဟန်ကျွယ်ဟာ ချုံရှီလိုင်ရဲ့ ဝိညာဉ်ကို လောကဦး ကောင်းကင်ထောင်ထဲမှာ ဖိနှိပ်လိုက်ပါတယ်။ ချုံရှီလိုင်ဟာ သူ့မျက်နှာကို ဂရုမစိုက်နိုင်တော့ဘဲ ခွင့်လွှတ်ပေးဖို့ ဆက်တိုက် တောင်းပန်ပါတော့တယ်။ အခုအချိန်မှာ ချုံရှီလိုင်က ဘယ်လိုကြည့်ကြည့် တာအိုပညာရှိနဲ့ တစ်စက်ကလေးမှကို မတူပါဘူး။ ဓားပြတွေလက်ထဲကနေ လွတ်မြောက်ဖို့ အသနားခံနေတဲ့ မိန်းမပျိုလေးတစ်ယောက်လိုပါပဲ။
လေးငါးဆယ်နာရီ အကြာမှာတော့ ချုံရှီလိုင်ဟာ ပြန်တည်ငြိမ်သွားပါတယ်။ ဟန်ကျွယ်က သူ့ကို ချက်ချင်း မသတ်တဲ့အတွက် ချုံရှီလိုင်ဟာ မျှော်လင့်ချက် နည်းနည်း ပြန်ရှိသွားတာပါ။
ဟန်ကျွယ်ဟာ ကျန်းကျွယ်ကိုခေါ်ပြီး ချုံရှီလိုင်ဝိညာဉ် ထွက်မပြေးအောင် စောင့်ကြပ်ခိုင်းပါတယ်။
တစ်ချိန်တည်းမှာပဲ ဟန်ကျွယ် တာအိုပညာရှိနှစ်ပါးကို သတ်လိုက်တဲ့သတင်းက အင်မော်တယ်ကမ္ဘာရဲ့ အင်အားစုအသီးသီးကို တမုဟုတ်ချင်း ပျံ့နှံ့သွားပါတယ်။ ကောင်းကင်ဘုံ ၃၃ ဘုံမြောက်မှာက တာအိုပညာရှိတွေတင် ရှိတာ မဟုတ်ပါဘူး။ တာအိုရှာဖွေသူတွေလည်း အများကြီး ရှိပါတယ်။ ပဋိပက္ခမြို့ထဲမှာလည်း အင်အားစုအသီးသီးရဲ့ တပည့်တွေ ရှိနေကြပါတယ်။
ကောင်းကင်ဘုံ ၁၃ ဘုံမြောက်။
လီတောက်ခုံးနဲ့ လီရွှမ်အောက်ဟာ ခန်းမတစ်ခုမှာ တွေ့ဆုံနေကြပါတယ်။
လီရွှမ်အောက်က မချိပြုံးပြုံးလိုက်ပါတယ် “ဆရာသခင် ဒီလိုမျိုး သေသွားလိမ့်မယ်လို့ မထင်ထားဘူး…”
လီတောက်ခုံးလည်း သက်ပြင်းချလိုက်ပါတယ်။ လီမုယဲ့က သူတို့ကို မြေတောင်မြှောက်ပေးခဲ့တဲ့ ဆရာသခင်ဖြစ်ပြီး ဟန်ကျွယ်က သူတို့ရဲ့ ဂိုဏ်းချုပ်ပါ။ ဒါကြောင့် လီတောက်ခုံးနဲ့ လီရွှမ်အောက်ဟာ ဒီကိစ္စကို ဘာမှမပြောနိုင်ပါဘူး။
“ဆရာသခင်က တစ်ခုခု လုပ်လိုက်တာ ဖြစ်မယ်၊ မဟုတ်ရင် ဂိုဏ်းချုပ်က ဒေါသတကြီး တိုက်ခိုက်မှာ မဟုတ်ဘူး၊ ဂိုဏ်းချုပ်ရဲ့ စရိုက်ကိုလည်း ဂိုဏ်းတူအစ်ကို သိတာပဲ” လီရွှမ်အောက်က မတက်နိုင်တဲ့လေသံနဲ့ ပြောလိုက်ပါတယ်။
လီတောက်ခုံးဟာ လီရွှမ်အောက်ကို တစ်ချက် ကြည့်လိုက်ပါတယ်။ လီတောက်ခုံးဟာ လီရွှမ်အောက်က အမှန်ပြောမှန်း သိပါတယ်။ ဒါပေမဲ့ ဒီလိုအချိန်မျိုးမှာ လီရွှမ်အောက် ဟန်ကျွယ်ဘက်ကနေ ပြောပေးတာက တမင်မျက်နှာလိုက်မှန်း လီတောက်ခုံး သိပါတယ်။
‘ငါ ဂိုဏ်းတူညီက ဘယ်ဘက်မှာ နေရမလဲဆိုတာကိုပဲ သိတယ်’
မြန်မာပြည် ငြိမ်းချမ်းပါစေ။
Chapter – 574
? Views, Released on December 10, 2024