အခန်း (၅၇၃) အမှောင်ဘုရင် တာအိုပညာရှိ၏ တိုက်ခိုက်မှုလော
အခုလက်ရှိ ဟန်မိသားစုဟာ တပည့်ရာချီရှိပြီး အစေခံ ထောင်ချီ ရှိပါတယ်။ ဟန်ထော်ကလွဲရင် အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်ကတော့ ကနဦးဝိညာဉ်အဆင့်မှာပဲ ရှိပါတယ်။ ဟန်မိသားစုက ဟန်ထော်ရဲ့ ကျင့်ကြံမှုအဆင့်ကို သိပုံမပေါ်ပါဘူး။ တစ်မြို့တည်းမှာရှိတဲ့ တခြားမိသားစုတွေနဲ့ ပြဿနာတွေ ရှိနေပါတယ်။
ဟန်ကျွယ်ဟာ သူ့အကြည့်ကို ပြန်ရုတ်သိမ်းပြီး ဆက်လက် ကျင့်ကြံပါတယ်။ ဟန်ကျွယ်ဟာ ဟန်မိသားစုကို အသိအမှတ်ပြုမှာ မဟုတ်တဲ့အတွက် ကူညီဖို့ဆိုတာ ဝေးလာဝေးပါ။ ဘာဖြစ်လို့လဲဆိုတော့ သွေးချင်း ဆက်နွှယ်ပေမဲ့ ခံစားချက်တွေက သူစိမ်းလို ဖြစ်နေတာကြောင့်ပါ။
ဟန်ကျွယ်ဟာ ဟန်ထော်ကိုပဲ ကာကွယ်ချင်တာပါ။ ဟန်မိသားစုအတွက်ကတော့ ဟန်ထော် ကာကွယ်ချင်လားအပေါ်ပဲ မူတည်ပါတယ်။ ကျင့်ကြံတာက ပျင်းရိစရာကောင်းပေမဲ့ ဟန်ကျွယ်ဟာ ပြဿနာမရှာချင်ပါဘူး။
ဟန်ကျွယ်ဟာ ဒီတစ်ခါမှာ ပဋိပက္ခနတ်ဘီလူး ဓမ္မရုပ်တု ဘယ်လောက်များများ ကျင့်ကြံနိုင်မလဲဆိုတာကို မျှော်ကြည့်မိလိုက်ပါတယ်။
ဆယ်နှစ်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ နတ်ဘီလူး ဓမ္မရုပ်တု ၁၄ ပါးကို တက်မြောက်သွားပါတယ်။ အဲဒီနတ်ဘီလူး ၁၄ ပါးကတော့ သူစိမ်းနတ်ဘီလူး၊ အလွှာတစ်သောင်း နတ်ဘီလူး၊ ကွဲကြေနတ်ဘီလူး၊ မိုးကောင်းကင် နတ်ဘီလူး၊ ထိုက်ချီနတ်ဘီလူး၊ ဓမ္မဟောကြားနတ်ဘီလူး၊ တိတ်ဆိတ်နတ်ဘီလူး၊ တာအိုဆင်တူ နတ်ဘီလူး၊ အတွင်းနတ်ဆိုး နတ်ဘီလူး၊ ပုံရိပ်မဲ့ နတ်ဘီလူး၊ အလင်းဝါးမြို နတ်ဘီလူး၊ စိတ်တုန်လှုပ် နတ်ဘီလူး၊ မိုးဝါးမြို နတ်ဘီလူးနဲ့ တာအိုတည်ငြိမ် နတ်ဘီလူးတို့ပဲ ဖြစ်ပါတယ်။
ဟန်ကျွယ်ဟာ ဆက်ကျင့်ကြံချင်ပေမဲ့ တစ်စုံတစ်ခုက ဟန်ကျွယ် ကျင့်ကြံတာကို နှောင့်ယှက်လိုက်ပါတယ်။ ဒါကြောင့် ဟန်ကျွယ်လည်း ကျင့်ကြံအားထုတ်တာရပ်ပြီး မျက်စိဖွင့်ကာ အနောက်အရပ်ကို ကြည့်လိုက်ပါတယ်။
အင်မော်တယ်ကမ္ဘာရဲ့ အနောက်အရပ်၊ ကမ္ဘာအဆုံးသတ်မှာ အဆုံးမဲ့တဲ့ အနက်ရောင်မြူခိုးငွေ့တွေဟာ အမှောင်တားမြစ်နယ်မြေကနေ တိုက်ခိုက်ပါတယ်။ ဒီမြူခိုးနက်တွေက အလွန်တရာမှ များပြားပြီး တားဆီးမရတဲ့ အရှိအဟုန် ရှိပါတယ်။
လျှို့ဝှက်ဆန်းကြယ် ကျင့်ကြံသူ ဒါဇင်ကျော်ဟာ ရုတ်တရက် ပေါ်လာပြီး အတူတူပူးပေါင်းကာ မြူခိုးနက်တွေကို တိုက်ခိုက်ပါတယ်။ ဒါပေမဲ့ သူတို့တွေရဲ့ ဓမ္မစွမ်းအားက မြူခိုးနက်ကို ထိတွေ့သွားတယ်ဆိုရင်ပဲ လုံးဝ လွှင့်ပါးပျောက်ကွယ်သွားပါတယ်။ လုံးဝ အသုံးမဝင်ပါဘူး။
“ဘာတွေ ဖြစ်နေတာလဲ”
“ဒီမြူခိုးက ထူးဆန်းတယ်၊ ကောင်းကင်မိစ္ဆာတွေ ထပ်တိုက်တာများလား”
“ကြည့်ရတာ ငါတို့တွေ ပဋိပက္ခမြို့ကို သတင်းပို့ရတော့မယ်နဲ့ တူတယ်”
“ညီသုံး… ပဋိပက္ခမြို့ကို ချက်ချင်းသွားတော့”
“ဟုတ်ကဲ့”
အနောက်ကမ္ဘာကို စောင့်ကြပ်တဲ့ တပည့်တွေက ကျယ်ကျောင်းတော်ရဲ့ တပည့်တွေပါ။ ဒီကျင့်ကြံသူတွေဟာ အနည်းဆုံး နတ်မင်းအဆင့်ရှိပြီး ခေါင်းဆောင်ကတော့ ကောင်းကင်ဘဝဂ်အဆင့် ရှိပါတယ်။ ဒါပေမဲ့ သူတို့တွေ ပူပေါင်းတိုက်ခိုက်တာတောင် မြူခိုးနက်တွေကို နှေးသွားအောင် မလုပ်နိုင်တဲ့အတွက် သူတို့တွေ အကုန်လုံး ထိတ်လန့်သွားကြပါတယ်။
ဟန်ကျွယ်ဟာ အင်မော်တယ်ကမ္ဘာဆီ လာနေတဲ့ မြူခိုးနက်တွေကို လှမ်းကြည့်ရင် မျက်မှောင်ကြုတ်သွားပါတယ် ‘ဒီမြူခိုးနက်တွေက တစ်ခုခုတော့ မဟုတ်သေးဘူး၊ ကောင်းကင်မိစ္ဆာ မဟုတ်ပေမဲ့ ကောင်းကင်မိစ္ဆာနဲ့ ဆင်တူတယ်၊ အဆုံးသတ် အပျက်အစီး နတ်ဘုံမှာနေတဲ့ တာအိုမိစ္ဆာများလား…’
ဟန်ကျွယ်ဟာ ပဟေဠိဖြစ်သွားပေမဲ့ လှုပ်ရှားဖို့ စိတ်ကူးမရှိပါဘူး။ ကောင်းကင်ပြိုကျရင်တောင် တခြားတာအိုပညာရှိတွေ ပြန်မတာကို စောင့်မှာပါ။
အဲဒီနေ့မှာပဲ တောင်ဘက်စွန်း ကောင်းကင်အရှင်နဲ့ ဧကရာဇ်ရှောင်ဟာ အင်မော်တယ်ကမ္ဘာစွန်းကို အပြေးသွားပြီး သူတို့ရဲ့ သာလွန်လှတဲ့ ဓမ္မစွမ်းအားတွေနဲ့ မြူခိုးနက်တွေကို အောင်မြင်စွာ ခုခံနိုင်လိုက်ပါတယ်။ ဒါပေမဲ့ ခုခံရုံတင် ခုခံနိုင်တာပါ။ မြူခိုးနက်တွေ လွှင့်ပါး ပျောက်ကွယ်သွားအောင်ကိုတော့ မလုပ်နိုင်ပါဘူး။
[ချုံရှီလိုင်သည် သင့်အား အိပ်မက်ပေးလို၏။ လက်ခံမည်လော။]
[ချုံရှီလိုင်သည် သင့်အား အိပ်မက်ပေးလို၏။ လက်ခံမည်လော။]
ချုံရှီလိုင်ဟာ အိပ်မက်တွေ တရစပ် ပေးပါတော့တယ်။ ဟန်ကျွယ်ဟာ ချုံရှီလိုင် သူ့ကို တရစပ် အိပ်မက်ပေးတာက အင်မော်တယ်ကမ္ဘာ အပြင်ဘက်မှာရှိတဲ့ မြူခိုးနက်တွေနဲ့ ပတ်သက်မှန်း သိပါတယ်။
ဟန်ကျွယ်ဟာ တစ်ခဏတွေးတောပြီးနောက် ချုံရှီလိုင်ရဲ့ အိပ်မက်ကို လက်ခံလိုက်ပါတယ်။ ဟန်ကျွယ်ဟာ အိပ်မက်ထဲ ရောက်တာနဲ့ ချုံရှီလိုင်ရဲ့ အလောတကြီးပြောသံကို ကြားလိုက်ရပါတယ် “အမှောင်ဘုရင် တာအိုပညာရှိက တိုက်ခိုက်နေပြီ၊ တာအိုရောင်းရင်းဟန်… ကျုပ်တို့ကို ကူညီအုန်း၊ ကောင်းကင်တာအို ပညာရှိတွေက အမှောင်ဘုရင် တာအိုပညာရှိရဲ့ ပြိုင်ဘက် မဟုတ်ဘူး”
‘အမှောင်ဘုရင် တာအိုပညာရှိ…’ ဟန်ကျွယ်ဟာ ပဟေဠိပိုဖြစ်သွားပြီး ပြန်မေးလိုက်ပါတယ် “အမှောင်ဘုရင် တာအိုပညာရှိလို့ ဘယ်သူ ပြောတာလဲ”
“လီမုယဲ့ ပြောတာ၊ သူလည်း အမှောင်ဘုရင် တာအိုပညာရှိ တိုက်ခိုက်တာကို ခံထားရတယ်၊ သူပြောတာတော့ အမှောင်ဘုရင် တာအိုပညာရှိက သူ့နောက်ကို လိုက်နေတာ ဖြစ်နိုင်တယ်တဲ့”
“ဟုတ်ရော ဟုတ်လို့လား”
ဟန်ကျွယ်ဟာ မယုံပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဟန်ကျွယ်ရဲ့ တွက်ချက်မှုအရ အမှောင်ဘုရင် တာအိုပညာရှိ အင်မော်တယ်ကမ္ဘာကို တိုက်ခိုက်ဖို့အချိန်က အများကြီး လိုနေသေးလို့ပါပဲ။
“တကယ် ဟုတ်တယ်”
“ကောင်းပြီလေ”
ဟန်ကျွယ်ဟာ အိပ်မက်ထဲကနေ ထွက်လိုက်ပြီး အစစ်အမှန်ကို ပြန်ရောက်တာနဲ့ စနစ်ကို မေးလိုက်ပါတယ် “ငါ အင်မော်တယ်ကမ္ဘာကို တိုက်ခိုက်နေတဲ့ မြူခိုးနက်တွေရဲ့ ဇာစ်မြစ်ကို သိချင်တယ်”
[သက်တမ်း ၇၀ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
ဟန်ကျွယ်ရဲ့ စိတ်ထဲမှာ ရုပ်သွင်တစ်ခု ပေါ်လာပြီး သူ့ရှေ့က မြင်ကွင်းထဲမှာ စာကြောင်းတစ်ကြောင်း ပေါ်လာပါတယ်။
[လျိုဟုန်: လွတ်လပ် တာအိုပညာရှိ ထိပ်ဆုံးအဆင့်၊ မိစ္ဆာမျိုးနွယ်စု ဘိုးဘေး၊ အနန္တဧကရာဇ်၊ ကောင်းကင်တာအို သားတော်၊ တာအိုဘိုးဘေး၏ ဘီလူးခန္ဓာကိုယ်။]
‘ဘယ်လိုလုပ်ပြီး သူဖြစ်နေတာလဲ…’ ဟန်ကျွယ်ဟာ လန့်ဖျပ်သွားပြီး မြူခိုးနက်တွေကို မတိုက်ခိုက်ရဲတော့ပါဘူး။ ဟန်ကျွယ်ရဲ့ လက်ရှိအဆင့်နဲ့ လွတ်လပ် တာအိုပညာရှိ ထိပ်ဆုံးအဆင့်ကို ရင်ဆိုင်တာက အန္တရာယ် အရမ်းများပါတယ်။
‘နေပါအုန်း… လီမုယဲ့က လျိုဟုန်ကို ဘာဖြစ်လို့ အမှောင်ဘုရင် တာအိုပညာရှိလို့ ပြောရတာလဲ၊ လျိုဟုန်နဲ့ အမှောင်ဘုရင် တာအိုပညာရှိက ဆက်စပ်နေလို့လား…’
ဟန်ကျွယ်ဟာ ဆက်မေးလိုက်ပါတယ် “ဘာဖြစ်လို့ ချုံရှီလိုင်နဲ့ လီမုယဲ့က အင်မော်တယ်ကမ္ဘာကို တိုက်ခိုက်နေတဲ့ မြူခိုးနက်က အမှောင်ဘုရင် တာအိုပညာရှိပါလို့ ပြောရတာလဲ”
[သက်တမ်း ၄ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
ဟန်ကျွယ်ဟာ အိပ်မက်နယ်မြေထဲ ဝင်ရောက်သွားပြီး လီမုယဲ့ရဲ့ တာအိုစက်ကွင်းထဲကို ရောက်ရှိသွားပါတယ်။ လီမုယဲ့နဲ့ ချုံရှီလိုင်ဟာ တည်ကြည်လေးနက်တဲ့ မျက်နှာထားတွေနဲ့ မျက်နှာချင်းဆိုင် ထိုင်နေကြပါတယ်။
လီမုယဲ့က ခပ်တိုးတိုး မေးလိုက်ပါတယ် “တကယ်လား…”
“ဟုတ်တယ်၊ ကောင်းကင်တာအို စိတ်ဝိညာဉ်ရဲ့ ဦးဆောင်မှုအောက်မှာ ငါ တာအိုဘိုးဘေးရဲ့ ဘီလူးခန္ဓာကိုယ်ကို ရှာတွေ့ထားပြီးပြီ၊ ဒါပေမဲ့ လျိုဟုန်က ကိုယ်ပိုင် စိတ်ဆန္ဒရှိနေတယ်၊ တာအိုဘိုးဘေး မျက်နှာကြောင့် လျိုဟုန်က ငါတို့ကို ကူညီပြီး ဟန်ကျွယ်ကို ရှင်းပေးဖို့ သဘောတူတယ်၊ ငါတို့လုပ်ရမှာက ဟန်ကျွယ်ကို မြှားထုတ်ဖို့ပဲ” ချုံရှီလိုင်က ခပ်တိုးတိုး ပြန်ပြောလိုက်ပါတယ်။
လီမုယဲ့ဟာ မျက်တောင်ခတ်သွားပြီး ချုံရှီလိုင်က ဆက်ပြောပါတယ် “ငါ့ထက်စာရင် ဟန်ကျွယ်က တကယ့် ခြိမ်းခြောက်မှုကြီး၊ သူတစ်ယောက်တည်းနဲ့ ငါတို့ တာအိုပညာရှိတွေကို ပြောင်းပြန်လှန်နိုင်တယ်၊ ငါ ကောင်းကင်တာအိုနဲ့ ပေါင်းစပ်ပြီးရင် မကြာခင်မှာ ငါက ကောင်းကင်တာအိုကို ကျော်တက်သွားတော့မှာ၊ မင်းနဲ့ငါ အဆုံးသတ်အပျက်အစီးရဲ့ နတ်ဘုံကို အတူဝင်ကြမယ်လေ၊ ဘာတွေပဲဖြစ်ဖြစ် ငါတို့က တာအိုဂိုဏ်းသားတွေ မဟုတ်လား၊ ဒါပေမဲ့ ဟန်ကျွယ်ကတော့ ဒီလိုမဟုတ်ဘူး၊ သူက ပဋိပက္ခနတ်ဘီလူး ဖြစ်နိုင်တယ်”
“အဲဒါဆိုရင် ဟန်ကျွယ် အပြင်ထွက်အောင် ဘယ်လိုမြှားမှာလဲ”
လီမုယဲ့ရဲ့ မေးခွန်းကို ချုံရှီလိုင်က ပြန်ဖြေလိုက်ပါတယ် “ဒီကိစ္စကို ငါစဉ်းစားထားပြီးပြီ၊ ဟန်ကျွယ်က ရွေးချယ်စရာရှိနေရင် အင်မော်တယ်ကမ္ဘာကနေ ဘယ်တော့မှ ထွက်သွားမှာ မဟုတ်ဘူး၊ ငါတို့တွေ နောက်ထပ် ကောင်းကင်မိစ္ဆာကပ်ဘေးကို ဖန်တီးပြီး သူ့ကို အပြင်ထွက်လာအောင် မြှားရမယ်၊ သူ ပိုယုံအောင် အမှောင်ဘုရင် တာအိုပညာရှိ လာတိုက်တာလို့ ပြောလိုက်မယ်၊ အမှောင်ဘုရင် တာအိုပညာရှိက ဘယ်လောက်စွမ်းအားကြီးကြီး မင်းကို မသတ်နိုင်ဘူး မဟုတ်လား၊ ဒီလိုဆိုရင် ဟန်ကျွယ်က အပြင်ထွက်လာမှာ ကျိန်းသေတယ်” ချုံရှီလိုင်ဟာ လေးလေးနက်နက်ပြောရင် ပြုံးလိုက်ပါတယ်။
လီမုယဲ့ဟာ သက်ပြင်းချလိုက်ပါတယ် “မင်းက သူ့အကြောင်းကို အကုန်လုံး သိနေတာပဲ”
ချုံရှီလိုင်ဟာ ပြုံးလိုက်ပါတယ် “ဒီတစ်ခါ ဟန်ကျွယ် အပြင်ထွက်တာနဲ့ ကျိန်းသေပေါက် သေလိမ့်မယ်”
အိပ်မက်တစ်ခုလုံး ကွဲကြေသွားပါတယ်။
ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပြီး အော်ဟစ် ကျိန်ဆဲလုနီး ဖြစ်သွားပါတယ် ‘ဒီကောင်တွေက အတူပေါင်းပြီး ငါ့ကို အကောက်ကြံနေတာပဲ’
ဒီထောင်ချောက်က တကယ်ကို ပြီးပြည့်စုံလွန်းပါတယ်။ ဟန်ကျွယ်မှာသာ ကောင်းကင်လျှို့ဝှက်ချက် တွက်ချက်မှု လုပ်ဆောင်ချက် မရှိရင် လီမုယဲ့ကို အကျိုးအကြောင်း မေးပြီးတာနဲ့ အင်မော်တယ်ကမ္ဘာကို ကာကွယ်ဖို့အတွက် မြူခိုးနက်တွေကို တိုက်ခိုက်ဖြစ်ဖို့ များပါတယ်။ ဒါပေမဲ့ နှမြောစရာက ဟန်ကျွယ့်မှာ ကောင်းကင်လျှို့ဝှက်ချက် တွက်ချက်မှု လုပ်ဆောင်ချက် ရှိနေတာပါ။
‘မင်းတို့ တာအိုပညာရှိတွေကများ ငါ့ကို အကောက်ကြံရဲတယ်’ ဟန်ကျွယ်ရဲ့ မျက်လုံးတွေထဲမှာ ရက်စက်တော့မဲ့ အငွေ့အသက်တွေ လွှမ်းမိုးသွားပါတယ် ‘မင်းတို့က ငါ့ကို အကောက်ကြံရဲမှတော့ ငါကလည်း အားနာ မနေတော့ဘူး’
ဟန်ကျွ်ဟာ လီမုယဲ့ကို အိပ်မက်ပေးလိုက်ပါတယ်။ အိပ်မက်နယ်မြေထဲမှာ လီမုယဲ့ဟာ ဟန်ကျွယ် ပေါ်လာတာကို တွေ့တာနဲ့ မတ်တတ်ရပ်လိုက်ပါတယ်။
“တကယ်ပဲ အမှောင်ဘုရင် တာအိုပညာရှိလား” ဟန်ကျွယ်က မေးလိုက်ပါတယ်။
လီမုယဲ့ဟာ မချိပြုံး ပြုံးလိုက်ပါတယ် “ဟုတ်တယ်၊ သူက အရမ်းစွမ်းအားကြီးလွန်းတယ်၊ အင်မော်တယ်ကမ္ဘာကို သူ့ကို ယှဉ်နိုင်မဲ့လူက တာအိုရောင်းရင်းဟန်ပဲ ရှိလိမ့်မယ်ထင်တယ်”
“ကောင်းကငအရှင် ဝူဖာကရော…”
“ကောင်းကင်အရှင်ဝူဖာက တာအိုရောင်းရင်းဟန်ကိုမှ မယှဉ်နိုင်တာ…”
“ဒါလည်း ဟုတ်တာပဲ” ဟန်ကျွယ်ဟာ တိတ်ဆိတ်သွားပါတယ်။
လီမုယဲ့ကတော့ ဟန်ကျွယ်ကို မျက်တောင်မခတ် စိုက်ကြည့်နေပါတယ်။
ဟန်ကျွယ်က ထပ်မေးလိုက်ပါတယ် “အမှောင်ဘုရင် တာအိုပညာရှိဆိုတာ သေချာလို့လား၊ ငါ သူ့ကို ရင်ဆိုင်နိုင်ပါ့မလား”
လီမုယဲ့ဟာ ချီတုံချတုံ ဖြစ်သွားပါတယ် “အမှောင်ဘုရင် တာအိုပညာရှိက ပြီးခဲ့တဲ့ ကောင်းကင်မိစ္ဆာကပ်ဘေးနဲ့ ဆင်တူတယ်၊ တာအိုရောင်းရင်းဟန် သူ့ကို သတ်နိုင် မသတ်နိုင် ဆိုတာကတော့ ကျုပ်လည်း မပြောတက်ဘူး၊ ဒါပေမဲ့ အမှောင်ဘုရင် တာအိုပညာရှိကတော့ တာအိုရောင်းရင်းဟန်ကို ဒုက္ခရောက်အောင် လုပ်နိုင်မှာ မဟုတ်ဘူး”
ဟန်ကျွယ်ဟာ ဒေါသကြောင့် ပေါက်ကွဲထွက်လုနီး ဖြစ်သွားပါတယ် ‘တာအိုပညာရှိလို့ မပြောရဘူး… တော်တော် သရုပ်ဆောင်ကောင်းတာပဲ’
“ကောင်းပြီ ငါ စဉ်းစားလိုက်အုန်းမယ်”
အဲဒီနောက် ဟန်ကျွယ်ဟာ အိပ်မက်ထဲကနေ ထွက်လိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ မဟာညီညွတ်မှု ရုပ်သွင်ကို ဆက်လေ့ကျင့်ပါတယ်။ ဟန်ကျွယ်ဟာ ဒီထက်စွမ်းအားပိုကြီးလာမှ လီမုယဲ့နဲ့ ချုံရှီလိုင်ဆိုတဲ့ ခွေးနှစ်ကောင်ကို ရှင်းပစ်မှာပါ။
အင်မော်တယ်ကမ္ဘာ အပြင်ဘက်။
တောင်ဘက်စွန်း ကောင်းကင်အရှင်နဲ့ ဧကရာဇ်ရှောင်တို့ဟာ မြူခိုးနက်ကို ခုခံနေတုန်းပါ။ တောင်ဘက်စွန်း ကောင်းကင်အရှင်က ဧကရာဇ်ရှောင်ကို မေးလိုက်ပါတယ် “တခြား တာအိုပညာရှိတွေ ဘာလို့ ရောက်မလာကြသေးတာလဲ”
ဧကရာဇ်ရှောင်လည်း မျက်မှောင်ကြုတ်သွားပါတယ် “ငါလည်း သေချာမသိဘူး၊ ချုံရှီလိုင်ကတော့ ဟန်ကျွယ်ကို အကူအညီ သွားတောင်းတယ်”
ဟန်ကျွယ် နာမည်ကို ကြားရတဲ့အခါမှာတော့ တောင်ဘက်စွန်း ကောင်းကင်အရှင်ရဲ့ မျက်နှာဟာ ပြေလျော့သွားပါတယ်။ ကောင်းကင်မိစ္ဆာကပ်ဘေးကို ရင်ဆိုင်ပြီးတဲ့နောက် တောင်ဘက်စွန်း ကောင်းကင်အရှင်ရဲ့ စိတ်ထဲမှာ ဟန်ကျွယ်က စွမ်းအား အကြီးဆုံးပါ။ ဟန်ကျွယ်သာ လှုပ်ရှားမယ်ဆိုရင် ဒီကပ်ဘေးကလည်း ပျောက်ကွယ်သွားလိမ့်မယ်လို့ တောင်ဘက်စွန်း ကောင်းကင်အရှင်က ယုံကြည်ထားပါတယ်။
တစ်ချိန်တည်းမှာပဲ ချုံရှီလိုင်နဲ့ လီမုယဲ့တို့ဟာ ဟန်ကျွယ် လှုပ်ရှားမှာကို စောင့်ဆိုင်းနေကြပါတယ်။
ဒါပေမဲ့ အချိန်တွေ ကုန်ဆုံးသွားပြီး လေးငါးဆယ်ရက် ကြာတာတောင် ဟန်ကျွယ်က ပေါ်မလာပါဘူး။ ဒီအဖြစ်ကြောင့် ချုံရှီလိုင်နဲ့ လီမုယဲ့ဟာ အလန့်တကြား ဖြစ်လာပါတယ် ‘ဟန်ကျွယ်က ဒီလောက်တောင် သူရဲဘော ကြောင်တာလား…’
မြန်မာပြည် ငြိမ်းချမ်းပါစေ။
Chapter – 573
? Views, Released on December 10, 2024