Switch Mode

Chapter – 572

အခန်း (၅၇၂) လောကဦးပဋိပက္ခ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ် နောက်ဆုံးအဆင့်
တိတ်ဆိတ်ဂိုဏ်း မိုးကောင်းကင်မျိုးနွယ်စုဆီ အင်မော်တယ်ဧကရာဇ် တစ်သောင်း စေလွှတ်လိုက်တဲ့ သတင်းက အင်မော်တယ်ကမ္ဘာကို တောမီးအလား တမုဟုတ်ချင်း ပျံ့နှံ့သွားပါတယ်။ ဒီသတင်‌းကြောင့် အင်အားစု အကုန်လုံး တုန်လှုပ်ချောက်ချားကုန်ကြပါတယ်။
‘တိတ်ဆိတ်ဂိုဏ်းမှာ တန်ခိုးကြီး ကျင့်ကြံသူတွေ ဘယ်နှယောက်တောင် ရှိနေတာလဲ’
ဒီအထဲမှာ အပျော်ဆုံးကတော့ ဂျိရှင်းရှန်ပါ။ နတ်မင်းအဆင့် အထက်က စွမ်းအားကြီးပုဂ္ဂိုလ်တွေဟာ အမြဲတမ်းလိုလို ကျင့်ကြံရင်းနဲ့ အလှုပ်ရှုပ်နေကြတဲ့အတွက် အင်မော်တယ်ဧကရာဇ်တွေဟာ အဓိကအင်အားစုလို့ ပြောလို့ရပါတယ်။ တိတ်ဆိတ်ဂိုဏ်းက အရင်တုန်းကလည်း မိုးကောင်းကင်မျိုးနွယ်စုကို အင်မော်တယ်ဧကရာဇ် ထောင်ချီ ပေးခဲ့ဖူးတဲ့အတွက် အခုဆိုရင် မိုးကောင်းကင်မျိုးနွယ်စုမှာ ရှိနေတဲ့ အင်မော်တယ်ဧကရာဇ် အရေအတွက်က နှစ်သောင်း ကျော်သွားပြီး အင်မော်တယ်ကမ္ဘာရဲ့ နံပါတ်တစ် အင်အားစု ဖြစ်သွားပါတယ်။
ဂျိရှင်းရှန်ဟာ တိတ်ဆိတ်ဂိုဏ်းကနေ အသစ်ထပ်ရောက်လာတဲ့ အင်မော်တယ်ဧကရာဇ် တစ်သောင်းကို စိတ်မပျက်စေပါဘူး။ နေရာစီစဉ်ပေးပြီးတာနဲ့ စစ်ပွဲတစ်ပွဲကို စတင်လိုက်ပါတယ်။
ဒီအင်မော်တယ်ဧကရာဇ်တွေဟာ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်မှာ နှစ်ထောင်ပေါင်းများစွာ ကျင့်ကြံအားထုတ်ခဲ့ရတာ ဖြစ်တဲ့အတွက် အပြင်ထွက်လာပြီးနောက်ပိုင်း ဆက်ပြီးတော့ ကျင့်ကြံအားထုတ်လိုစိတ် မရှိပါဘူး။ သူတို့တွေဟာ တခြားအရာတွေကို လိုက်စာပြီး စည်းစိမ်စံစားချင်ကြပါတယ်။
ကျင့်ကြံတာက တခြားသူတွေအတွက် ပိုပြီးတော့ စွမ်းအားကြီးဖို့ မဟုတ်ပါလား။ ဒီလိုပဲ လူတစ်ယောက်ရဲ့ စွမ်းအားကလည်း စစ်ပွဲအတွင်းမှာ အပေါ်လွင်ဆုံး မဟုတ်ပါလား။
အချိန်တစ်ခုအတွင်း မိုးကောင်းကင်မျိုးနွယ်စုဟာ နေရာတကာကို လျှောက်တိုက်တော့ပါတယ်။ အင်အားစုတွေကလည်း မိုးကောင်းကင်မျိုးနွယ်စုကို ပိုပိုပြီးတော့ အညံခံလာကြပါတယ်။
နှစ်တစ်ထောင် ကြာတဲ့အခါမှာတော့ မိုးကောင်းကင်မျိုးနွယ်စုဟာ နတ်ဆိုးတွေကို ပေါ်ပေါ်တင်တင်ပဲ စစ်ကြော်ငြာလိုက်ပါတယ်။ ရွှေကျီးကန်း နတ်ဆိုးဧကရာဇ်ကလည်း နောက်ခံရှိတာ ဖြစ်တဲ့အတွက် မိုးကောင်းကင်မျိုးနွယ်စု စစ်ကြော်ငြာတာကို အကြောက်အလန့်မရှိ လက်ခံလိုက်ပါတယ်။
ဒီမျိုးနွယ်စုနှစ်စုရဲ့ တိုက်ပွဲဟာ ကောင်းကင်တာအို ပြန်စပြီး အပြင်းထန်ဆုံး တိုက်ပွဲတစ်ခု ကျိန်းသေပေါက် ဖြစ်လာမှာပါ။ တခြားဆယ်ဒေသကျော်ကိုတောင် စစ်မီးလျှံက ပျံ့နှံ့သွားပါတယ်။
တောင်ကုန်းတစ်ခုမှာ…
ဟန်ထော်နဲ့ ယီတျန်ဟာ ဘေးချင်းယှဉ်ရပ်ပြီး ကောင်းကင်ကို ကြည့်နေပါတယ်။ ကောင်းကင်ယံမှာ တောင်တန်းလိုမျိုး တန်ခိုးဩဇာကြီးမားတဲ့ အင်မော်တယ်တွေက နတ်ဆိုးတွေကို ဖိနှိပ်နေပါတယ်။
ဟန်ထော်ဟာ သက်ပြင်းချလိုက်ပါတယ် “ဘာဖြစ်လို့လဲ… မင်းက နတ်ဆိုးမဟုတ်ပါဘူး… ဘာဖြစ်လို့ နတ်ဆိုးတွေအတွက် တိုက်ခိုက်နေတာလဲ”
ယီတျန်ဟာ ပြုံးလိုက်ပါတယ် “ငါက နတ်ဆိုးတွေအတွက် တိုက်ခိုက်နေတာ မဟုတ်ဘူး၊ သူတို့နာမည်ကိုသုံးပြီး ကံတရား အထောက်အပံ့အတွက် တိုက်ခိုက်နေတာ၊ ငါ တစ်ယောက်တည်း ဆိုရင် ငါ့ရန်သူက ရေတွက်လို့တောင်ရမှာ မဟုတ်ဘူး၊ ဒါပေမဲ့ အခု ငါက နတ်ဆိုးမျိုးနွယ်စုမှာဆိုတော့ မိုးကောင်းကင်မျိုးနွယ်စုကတောင် ငါ့ကို စည်းရုံးသိမ်းသွင်းချင်နေတယ်”
ဟန်ထော်ဟာ မျက်လုံးပင့်တက်သွားပါတယ် “မင်းက ကောင်းကင်နဲ့ ညီမျှတဲ့ တန်ခိုးရှင်အတိုင်း အင်မော်တယ် နတ်ဘုရားတွေရဲ့ မြင်းထိန်းလုပ်ချင်တာလား”
ယီတျန်ဟာ ဟန်ထော်ကို ဝါးစားမတက် ကြည့်လိုက်ပါတယ် “ငါက ဘာလို့ အင်မော်တယ်တွေရဲ့ မြင်းထိန်းလုပ်ရမှာလဲ၊ ငါက သူတို့ရဲ့ သခင်အစစ်၊ ဒီဟာကို ဟိုးကတည်းက သတ်မှတ်ပြီးသား”
“ဟီးဟီး… မင်းပြောပုံက ကောင်းကင်တာအို သားတော် ကြနေတာပဲ”
“ငါ မင်းကို ပြောထားတာ ကြာပြီလေ၊ ဘာလို့ ငါ့ကို မယုံရတာလဲ”
“မင်းက ကောင်းကင်တာအို သားတော်ဆိုရင် ငါ့အကူအညီကို ဘာဖြစ်လို့ မကြာခဏ လိုအပ်နေတာလဲ”
“ဒုက္ခဆိုတာက ခံစားဖို့ လိုတယ်လေ၊ နောက်ပြီး မင်းက ငါရဲ့ ညီအစ်ကိုလေ၊ ငါ့ကို မင်း မကယ်ရင် ဘယ်သူက ငါ့ကို လာကယ်မှာလဲ၊ ငါ ကောင်းကင်တာအိုရဲ့ အရှင်သခင် ဖြစ်လာတဲ့ တစ်နေ့ကျရင် မင်းကိုလည်း ငါနဲ့ တစ်တန်းတည်း ထားမှာပါ”
“အပြောကတော့ ကောင်းသားပဲ၊ ဒါပေမဲ့ ငါက အဲဒီလောက်အထိ ရည်မှန်းချက် မကြီးဘူး”
“ရိုးရိုးသားသား မေးမယ်ကွာ… မင်း ဘာလို့ ကျင့်ကြံအားထုတ်နေတာလဲ”
ယီတျန်ရဲ့ မေးခွန်းကြောင့် ဟန်ထော်ဟာ တိတ်ဆိတ်သွားပါတယ်။ ဘယ်သက်ရှိမဆို ကျင့်ကြံအားထုတ်နေတာက သူတို့ရဲ့ ရည်မှန်းချက် တစ်ခုခုကို အကောင်အထည် ‌ဖော်ချင်လို့ပါ။ ဒါပေမဲ့ ဟန်ထော်ကတော့ ဒီမေးခွန်းကို အဖြေပေးဖို့ ခက်ခဲနေပါတယ်။
ဟန်ထော်ဟာ သူ့အဖေနဲ့ ငယ်ငယ်တုန်းက စကားပြောခဲ့တာကို ပြန်တွေးမိလိုက်ပါတယ်။ ဟန်ထော်ဟာ သူ့အဖေရဲ့ မျက်နှာကို လုံးဝ မမှတ်မိတော့ပါဘူး။ ဒါပေမဲ့ အဲဒီနေ့က သူ့အဖေ သင်ပေးခဲ့တာတွေကိုတော့ ဟန်ထော် မှတ်မိနေပါသေးတယ်။
ဟန်ထော်ဟာ အသက်ပြင်းပြင်း ရှူသွင်းပြီး ဖြေလိုက်ပါတယ် “ကျင့်ကြံချင်လို့ကို ကျင့်ကြံအားထုတ်နေတာ၊ ငါ စွမ်းအားကြီးလာရင် လူသားမျိုးနွယ်စုကို ကျိန်းသေပေါက် ကူညီမယ်၊ ဒါပေမဲ့ ငါ အဖြစ်ချင်ဆုံးက အစွမ်းအထက်ဆုံးပုဂ္ဂိုလ် ဖြစ်ချင်တာပဲ”
ဟန်ထော်ဟာ တိတ်ဆိတ်ဂိုဏ်းချုပ်ရဲ့ ငြင်းဆန်ခံရတာကို ပြန်တွေးမိလိုက်ပါတယ်။ အဲဒီနောက် သူ့ဇနီး သေဆုံးတာနဲ့ သူ့မိဘတွေရဲ့ မျှော်လင့်ချက်တွေကို ပြန်တွေးမိပြီး ဟန်ထော်ရဲ့ မျက်လုံးတွေဟာ ပြတ်သားသွားပါတယ်။
“ငါနဲ့ ညီအစ်ကိုလို့ မပြောရဘူး၊ ငါစိတ်ထဲကနဲ့ တစ်ထပ်တည်းပဲ၊ မင်း ဒီနေရာကနေ ထွက်သွားတော့၊ မစိုးရိမ်ပါနဲ့၊ ငါ ဒီနေရာမှ မသေပါဘူး၊ မိုးကောင်းကင်မျိုးနွယ်စုက ငါ့ကို မသတ်နိုင်သလို သတ်လည်း သတ်မှာ မဟုတ်ဘူး” ယီတျန်ဟာ ဟန်ထော်ကို ပခုံးပုတ်ရင်း ပြုံးလိုက်ပါတယ်။
ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပြီး တစ်ခဏတုံ့ဆိုင်းပြီးမှ ခေါင်းညိတ်လိုက်ပါတယ်။ အဲဒီနောက် လှည့်ထွက်ပြီး မိုးကုပ်စက်ဝိုင်းဆီကို ပျံသန်းသွားပါတယ်။
ဟန်ထော်ရဲ့ နားထဲကို အသံတစ်သံ ဝင်လာပါတယ် “ဒီကောင်လေးက တကယ်ကို ကောင်းကင်တာအို သားတော် ဖြစ်နိုင်တဘ်၊ သူ့ကံကြမ္မာက အရမ်းထူးဆန်းတယ်၊ ငါ သူ့ကို မမြင်နိုင်ဘူး” ကပ်ဘေးရန်ငြိုးက ပြောလိုက်တာ ဖြစ်ပါတယ်။
ကပ်ဘေးရန်ငြိုးကို ရရှိပြီးကတည်းက ဟန်ထော်ဟာ ကပ်ဘေးရန်ငြိုးကို မှီခိုပြီး အခြေအနေ တော်တော်များများကို ပြောင်းပြန်လှန်ပစ်နိုင်ခဲ့ပါတယ်။ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ်က အင်မော်ကမ္ဘာမှာ ထိပ်တန်း တည်ရှိမှုပါ။ တာအိုပညာရှိအတုတွေတောင် ‌ကောင်းကင်ဘဝဂ် ‌ရွှေအင်မော်တယ်ကို တစ်ချက်တည်း မသတ်နိုင်ကြပါဘူး။
ဟန်ထော်ဟာ စိတ်ထဲကနေ မေးလိုက်ပါတယ် “ငါတို့တွေ နောက်ထပ် ဘယ်သွားကြမလဲ”
ကပ်ဘေးရန်ငြိုးက ပြန်ဖြေပါတယ် “ငါ့အထင် မင်းရဲ့ အတွင်းပြဿနာကို ဖြေရှင်းဖို လိုနေပြီ၊ မဟုတ်ရင် မင်း နတ်မင်းအဆင့်ကိုရောက်ဖို့ ခက်ခဲလိမ့်မယ်”
“ဘယ်လိုရှင်းရမှာလဲ”
“သေမျိုးကမ္ဘာကိုသွား…”
“ပြီးတော့ရော…”
“မင်း သေမျိုးကမ္ဘာကိုရောက်ရင် နားလည်သွားလိမ့်မယ်”
ဟန်ကျွယ်ဟာ မျက်လုံးဖွင့်ပြီး ပြုံးလိုက်ပါတယ်။ ဟန်ကျွယ်ဟာ နောက်ထပ် နှစ် ၁,၃၀၀ ဂူအောင်း ကျင့်ကြံပြီးတဲ့နောက်မှာတော့ အဆင့်တက်ဖို့ အခွင့်အရေးရသွားပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ဟာ ချက်ချင်း အဆင့်မတက်ဘဲ စာစောင်တွေကို စစ်ဆေးလိုက်ပါတယ်။ ကံကောင်းထောက်မစွာပဲ ဟန်ကျွယ်ရဲ့ မိတ်ဆွေတွေ တစ်ယောက်မှ မသေပါဘူး။
ဒါပေမဲ့ စာစောင်တစ်ခုကိုတော့ ဟန်ကျွယ် စိတ်ဝင်စားသွားပါတယ်။
[သင့်သား ဟန်ထော်သည် သေမျိုးကမ္ဘာသို့ ဆင်းသက်သွား၏။]
‘ဒီကောင်လေးက သေမျိုးကမ္ဘာကို ဘာသွားလုပ်တာလဲ’
ဟန်ကျွယ်ဟာ ချက်ချင်း ဟန်‌ထော်ကို လှမ်းကြည့်လိုက်တဲ့အခါ မျက်ခုံးပင့်တက်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဟန်ထော်က သေမျိုးကမ္ဘာမှာ လက်ထပ်ပြီး ကလေးတောင် ရနေလို့ပါပဲ။ ဟန်ထော်မှာ သားတစ်ယောက် သမီးတစ်ယောက် ရနေတာ ဖြစ်ပါတယ်။
‘တော်လိုက်တဲ့ ကောင်လေး… ငါ့ကို အတုယူထားတာပဲ’
ဟန်ထော်ရဲ့ သွေးစည်းက ချိပ်ပိတ်ထားတာမို့ သေမျိုးမိန်းမနဲ့ ပေါင်းစပ်ပြီး နောက်ထပ်မျိုးဆက်ဆီ လက်ဆင့်ကမ်းရင်တောင် မွေးဖွားလာတဲ့ ကလေးတွေက သာမန်သေမျိုးတွေထက်ပဲ အရည်အချင်း ပိုကောင်းမှာပါ။ ကမ္ဘာကျော်လောက်တဲ့ ပါရမီရှင် အရည်အချင်းမျိုး ရှိမှာ မဟုတ်ပါဘူး။
ဟန်ကျွယ်ဟာ သူ့မြေးတွေကို စိတ်မဝင်စားပါဘူး။ တစ်နာရီ ကြည့်ပြီးတာနဲ့ အဆင့်တက်ဖို့ ဂူအောင်းကျင့်ကြံပါတယ်။ နှစ် ၄၉၀ ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ အောင်မြင်စွာ အဆင့်တက်နိုင်သွားပါတယ်။
ဒီတစ်ခါ အဆင့်တက်တာက အရင်တုန်းကထက် အများကြီး ပိုကြပါတယ်။ ဒါကလည်း ပုံမှန်ပါပဲ။ ဟန်ကျွယ် အခုရောက်နေတာက တာအိုပညာရှိအဆင့် မဟုတ်ပါလား။
ဟန်ကျွယ်ဟာ ကိုယ်ရေးအကျဉ်းကို စစ်ဆေးလိုက်ပါတယ်။
[အမည်: ဟန်ကျွယ်]
[သက်တမ်း: ၆၆,၇၉၀/၉၈၂,၀၉၀,၀၀၉,၉၉၉,၉၉၉,၉၉၉,၉၉၉,၉၉၉]
[မျိုးနွယ်စု: လောကဦး နတ်ဘီလူး(အနန္တဧကရာဇ်)။]
[ကျင့်ကြံမှု: လောကဦးပဋိပက္ခ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ် ထိပ်ဆုံးအဆင့်။]
[ကျင့်စဉ်: လောကဦးပဋိပက္ခ ပြန်လည်မွေးဖွားခြင်း မဟာတာအို (မဟာတာအို)၊ ကောင်းကင်စက်ဝန်း ခန္ဓာကိုယ်ကျင့်စဉ်]
[မဟာတာအို: သေခြင်းရှင်ခြင်း မဟာတာအို၊ ကံတရား မဟာတာအို၊ အန္တိမမူလ မဟာတာအို။]
ဟန်ကျွယ်ရဲ့ သက်တမ်းက သုံးဆနီးပါး တိုသွားပါတယ်။
ဟန်ကျွယ် အရင်တစ်ခေါက် အဆင့်တက်တာနဲ့ ဒီတစ်ခေါက် အဆင့်တက်တာက နှစ်ပေါင်း ၂၀,၀၀၀ ကျော် ကွာပါတယ်။ မသိမသာနဲ့ ဟန်ကျယ်တောင် အသက် ၆၀,၀၀၀ ကျော် အဘိုးကြီး ဖြစ်လာပါပြီ။
အဆင့်တက်ပြီးနောက် ဟန်ကျွယ်ရဲ့ ဓမ္မစွမ်းအားဟာ ထိုးတက်သွားပြီး ကျင့်ကြံမှုခိုင်မြဲအောင်လုပ်ဖို့ နှစ် ၂၀ အချိန်ယူလိုက်ရပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ လအနည်းငယ်သုံးပြီး သူ့ရဲ့ ဓားတာအို ဆန်းကြယ်စွမ်းအားတွေ အကုန်လုံးကို ကန့်သတ်စည်းထိရောက်အောင် အဆင့်မြှင့်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ မဟာညီညွတ်မှုရုပ်သွင်ကို ကျင့်ကြံဖို့ ပြင်လိုက်စဉ်မှာပဲ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ် အပြင်ဘက်ကနေ အင်မော်တယ်အိုကြီးတစ်ဦး ခေါ်နေတာကို ကြားလိုက်ရပါတယ်။
အင်မော်တယ်အိုဟာ အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး မြင်းမြီးယပ်ကို ကိုင်ထားပါတယ်။ အင်မော်တယ်အိုဟာ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ဘက်ကို ဦးညွှတ်လိုက်ပါတယ် “ကျွန်တော်က မိုးကောင်းကင်မျိုးနွယ်စု စေလွှတ်လိုက်တဲ့ ရွှေရောင်ကြယ် မဟာအင်မော်တယ်ပါ၊ မိုးကောင်းကင်ဘိုးဘေး အမိန့်နဲ့ တိတ်ဆိတ်ဂိုဏ်းကို မိုးကောင်းကင် မက်မွန်သီးပွဲတော် တက်ရောက်ဖို့ လာဖိတ်တာပါ”
ဒီစကားကို တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်မှာရှိတဲ့ တပည့်အားလုံး ကြားလိုက်ရပါတယ်။ သူတို့တွေဟာ မိုးကောင်းကင်မျိုးနွယ်စုနဲ့ ရင်းနှီးကြပါတယ်။ ပြီးခဲ့တဲ့တစ်ခေါက် အပြင်ထွက်သွားတဲ့ တပည့်တွေက မိုးကောင်းကင်မျိုးနွယ်စုဆီမှာ သွားအမှုထမ်းတာ ဖြစ်တဲ့အတွက် သူတို့တွေရဲ့ မျက်လုံးထဲမှာ မိုးကောင်းကင်မျိုးနွယ်စုက တိတ်ဆိတ်ဂိုဏ်းရဲ့ လက်အောက်ခံ အင်အားစုတစ်ခုပါ။
ဟန်ကျွယ်ရဲ့အသံ ထွက်ပေါ်လာပါတယ် “ဘယ်တော့လဲ”
“နောက်နှစ် ၁၀၀ ပြည့်ရင် ကောင်းကင်ဘုံ ၁၃ ဘုံမြောက်မှာပါ”
“အင်း ငါသိပြီ”
“မိုးကောင်းကင်မျိုးနွယ်စုက အနန္တကိုသိုလ်ကံရှင် ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအို ပညာရှိကို ကြိုဆိုပါတယ်”
ရွှေရောင်ကြယ် မဟာအင်မော်တယ်ဟာ အလွန်တရာ နှိမ့်ချနေပေမဲ့ သူ့အဆင့်အတန်းက မိုးကောင်းကင်မျိုးနွယ်စုမှာ မနိမ့်ပါဘူး။
အတန်ကြာ စောင့်ဆိုင်းလို့ ဟန်ကျွယ်က ထပ်ပြီးတော့ ဘာမှမညွှန်ကြားတော့မှ ရွှေရောင်ကြယ် မဟာအင်မော်တယ်ဟာ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်နေက ထွက်ခွာသွားပါတယ်။
ဟန်ကျွယ်ဟာ လီရွှမ်အောက်ကို ခေါ်လိုက်ပါတယ်။ လီရွှမ်အောက်ဟာ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ် ကနဦးအဆင့်မှာပဲ ရှိပါသေးတယ်။ ဒါပေမဲ့ ကောင်းကင်ဘဝဂ် အလယ်အဆင့်နဲ့တော့ တော်တော်လေး နီးကပ်နေပါပြီ။
“နောက်နှစ်တစ်ရာမှာ ကျင်းပမဲ့ မိုးကောင်းကင် မက်မွန်သီးပွဲတော်ကို တပည့်နှစ်ယောက်ခေါ်ပြီး သွားတက်ချည်၊ ပွဲပြီးတာနဲ့ ပြန်လာခဲ့”
လီရွှမ်အောက်ဟာ ခေါင်းညိတ်လိုက်ပါတယ် “တပည့်နှစ်ယောက်က ကျပမ်း ရွေးချယ်ရမှာလား ဒါမှမဟုတ် ကိုယ်ပိုင်တပည့်တွေထဲက ရွေးရမှာလား…”
“အမည်ခံတပည့်တွေကို ရွေးလိုက်”
“နားလည်ပါပြီ”
အဲဒီနောက် လီရွှမ်အောက် ထွက်ခွာသွားပါတယ်။
ဟန်ကျွယ် အမည်ခံတပည့်တွေထဲကနေ ရွေးချယ်ရတာက တိတ်ဆိတ်ဂိုဏ်းရဲ့ အင်အားကို ထိန်းသိမ်းဖို့ မျှော်လင့်ထားလို့ပါ။ ကိုယ်ပိုင်တပည့်တွေက တိတ်ဆိတ်ဂိုဏ်းရဲ့ မျက်နှာဖြစ်တာကြောင့် ဟန်ကျွယ်ဟာ အလွယ်တကူ ထုတ်ပြမှာ မဟုတ်ပါဘူး။
လီရွှမ်အောက် ထွက်သွားတဲ့အခါ ဟန်ကျွယ်ဟာ သေမျိုးကမ္ဘာကို ကြည့်လိုက်ပါတယ်။
ဟန်ထော်ဟာ သေမျိုးကမ္ဘာမှာပဲ ဆက်နေနေတုန်းပါ။ သူ့မျိုးဆက်တွေက မျိုးဆက်တွေ တစ်ဆက်ပြီး တစ်ဆက် ဆင်းသက်ကာ မိသားစုကြီးတောင် ဖြစ်နေပါပြီ။ ဒါပေမဲ့ ဟန်ထော်က သိုသိုသိပ်သိပ် နေတဲ့အတွက် ဟန်မိသားစုရဲ့ တိုးတက်နှုန်းက သိပ်မမြန်ပါဘူး။
မြန်မာပြည် ငြိမ်းချမ်းပါစေ။

Comment

Leave a Reply

Options

not work with dark mode
Reset