အခန်း (၅၇၁) အင်မော်တယ်ဧကရာဇ် တစ်သောင်း
ဟန်ကျွယ်က ငြင်းလို့ လီမုယဲ့ဟာ စိုးရိမ်တကြီး မဖြစ်ပါဘူး။ လီမုယဲ့ဟာ ဒီရလဒ်ကို ကြိုတွေးထားပြီးသားပါ။ လီမုယဲ့ဟာ ဟန်ကျွယ်ကို ဆက်ပြီးတော့ ဖျောင်းဖျပါတယ် “ကျုပ်မှာ အစီအစဉ်ကြီးတစ်ခု ရှိတယ်၊ တာအိုရောင်းရင်းဟန်သာ ကျုပ်နဲ့ ပူးပေါင်းမယ်ဆိုရင် တိတ်ဆိတ်ဂိုဏ်းနဲ့ ရွမ်လိန့်ကျောင်းတော်က အနာဂတ်မှာ ကောင်းကင်တာအိုကို ထက်ဝက်ခွဲလို့ရတယ်၊ ကျုပ်တို့နှစ်ယောက် ကောင်းကင်တာအိုကို ထိန်းချုပ်ကြမယ်လေ”
“ငါက အဲဒီလောက်ထိ ရည်မှန်းချက် မကြီဘူး”
“ဒါက ရည်မှန်းချက်ကြီးတာ မဟုတ်ဘူး၊ ကောင်းကင်တာအိုရဲ့ လောကမှာရှိတဲ့ သက်ရှိတွေကို ကယ်တင်တာ”
“ငါ အဲဒီလောက်ထိ မစွမ်းဘူး”
“ကျုပ်တို့နှစ်ယောက်သာ ပူးပေါင်းရင် ကျိန်းသေပေါက် လုပ်နိုင်မှာပါ”
ဟန်ကျွယ်ဟာ လီမုယဲ့ကို စိတ်ထဲမှာ ကျိန်ဆဲလိုက်ပါတယ် ‘ဒီကောင်က အရှက်မရှိတာလား… ဦးနှောက် မရှိတာလား…’
နောက်ဆုံးမှာတော့ ဟန်ကျွယ်ဟာ ဆက်ပြီးတော့ နားငြီးမခံနိုင်တော့တဲ့အတွက် မေးလိုက်ပါတယ် “အဲဒါဆိုရင် မင်းက ငါ့ကို ဘာလုပ်စေချင်တာလဲ”
လီမုယဲ့က ပြန်ဖြေပါတယ် “အခု ချုံရှီလိုင်က တာအိုပေါင်းစပ်ဖို့ ကြိုးစားနေတယ်၊ ဒီကောင်က ဒီကိစ္စကို လူသူမသိအောင် လျှို့ဝှက်ထားတာ၊ အဲဒါကြောင့် ကျုပ် တိတ်ဆိတ်ဂိုဏ်းကို ထောက်ပံ့ပြီး ကောင်းကင်တာအို ကံတရားအထောက်အပံ့ကို သိမ်းပိုက်နိုင်အောင် ကူညီပေးမယ်၊ ပြီးရင် ချုံရှီလိုင်နဲ့ မတိုက်ခင် တိတ်ဆိတ်ဂိုဏ်းကို တစ်ခါတည်း ဖျက်သိမ်းလိုက်၊ တိတ်ဆိတ်ဂိုဏ်းကို ဖျက်သိမ်းတာက ဟန်ပြပဲ အဓိက ရည်ရွယ်ချက်က တိတ်ဆိတ်ဂိုဏ်းရဲ့ ကံတရား အထောက်အပံ့ကို ရှင်းလင်းပစ်ဖို့ပဲ၊ ဒီလိုဆိုရင် ကောင်းကင်တာအို ကံတရား အထောက်အပံ့က ဖရိုဖရဲဖြစ်ပြီး စနစ်ကျမှုကို ဆုံးရှုံးသွားလိမ့်မယ်၊ ဒီလိုဆိုရင် ချုံရှီလိုင်ရဲ့ ကျင့်ကြံမှုက ထိုးကျပြီး သူ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ ကောင်းကင်တာအို စိတ်ဝိညာဉ်ကိုတောင် တစ်ခါတည်း ရှင်းပစ်ပြီးသား ဖြစ်သွားနိုင်တယ်”
ဟန်ကျွယ်ဟာ စိတ်ထဲမှာ ကျိန်ဆဲလိုက်ပါတယ် ‘တော်တော်ကောင်းတဲ့ အစီအစဉ်ကောင်းပဲ… ငါနဲ့ ချုံရှီလိုင်ကို တစ်ခါတည်း ရှင်းပစ်တာ… ခွေးမသား… ငါ့ကို ငတုံးလို့ ထင်နေတာလား…’
ဟန်ကျွယ်ဟာ စိတ်ကို မနည်းထိန်းလိုက်ရပါတယ်။ တာအိုပညာရှိတစ်ပါးက အလွယ်တကူ ဒေါသမထွက်သင့်ဘူး မဟုတ်ပါလား။
“ဒါဆို မင်းက ဘာလုပ်မှာလဲ၊ တိတ်ဆိတ်ဂိုဏ်းကိုပဲ ပံ့ပိုးပေးမှာလား” ဟန်ကျွယ်ဟာ လီမုယဲ့ကို မေးလိုက်ပါတယ်။ အခုအချိန်မှာ တိတ်ဆိတ်ဂိုဏ်းက လီမုယဲ့အကူအညီကို တစ်စိုးတစ်စိတောင် မလိုပါဘူး။
“ရွမ်လိန့်ကျောင်းတော်ကို တိတ်ဆိတ်ဂိုဏ်းထဲ ဝင်ခိုင်းမယ်လေ၊ နောက်ပြီး ချုံရှီလိုင်နဲ့ ရင်ဆိုင်တဲ့နေရာမှာလည်း ကျုပ်ဝင်ပါမယ်၊ ဘယ်လို သဘောရလဲ” လီမုယဲ့က တည်တည်ငြိမ်ငြိမ် ပြန်ဖြေပါတယ်။
လီမုယဲ့ရဲ့ ဒီစကားကတော့ ရိုးသားပါတယ်။ လီမုယဲ့စိတ်ထဲမှာ ဘာပဲရှိရှိ ရွမ်လိန့်ကျောင်းတော်သာ တိတ်ဆိတ်ဂိုဏ်းထဲ ဝင်လိုက်မယ်ဆိုရင် တိတ်ဆိတ်ဂိုဏ်းရဲ့ ဂုဏ်သတင်းက တခြား တာအိုပညာရှိဂိုဏ်းတွေကို လုံးဝကျော်တက်သွားမှာပါ။
ဒါပေမဲ့ ကံဆိုးစွာပဲ ဟန်ကျွယ်ဟာ ရွမ်လိန့်ကျောင်းတော်ကို မလိုချင်တဲ့အပြင် မုန်းတောင် မုန်းနေပါသေးတယ်။
ရွမ်လိန့်ကျောင်းတော်ရဲ့ အုတ်မြစ်က အတော်နက်ပါတယ်။ သူတည်ရှိတဲ့ အချိန်ကလည်း အတော့်ကို ကြာညောင်းနေပါပြီ။ ကုန်ကုန်ပြောရရင် အင်မော်တယ်ကမ္ဘာထက်တောင် အသက်ကြီးပါသေးတယ်။ အဆုံးသတ် အပျက်အစီးရဲ့ နတ်ဘုံမှာရှိတဲ့ ရှေးဟောင်းရွမ်လိန့် ကျောင်းတော်ဆိုရင် ပြောမနေပါတော့နဲ့။
အင်မော်တယ်ကမ္ဘာမှာရှိတဲ့ ရွမ်လိန့်ကျောင်းတော်က တကယ့်ရွမ်လိန့်ကျောင်းတော်ရဲ့ အပြင်စည်းနဲ့ ပိုတူပါတယ်။
ဟန်ကျွယ်က အဖြေပြန်ပေးလိုက်ပါတယ် “ငါ စဉ်းစားအုန်းမယ်’
လီမုယဲ့ဟာ မျက်မှောင်ကြုတ်သွားပါတယ် “တာအိုရောင်းရင်းဟန်က စဉ်းစားအုန်းမယ်ဆိုတော့ ငြင်းတာနဲ့ အတူတူပဲ၊ တာအိုရောင်းရင်းဟန် မကျေနပ်တာ ဘာများရှိလို့လဲ၊ တာအိုရောင်းရင်းဟန်က ဘိုးဘေးရှီတျန်ကိုလည်း သွားမရှာချင်ဘူး၊ ကျုပ်နဲ့လည်း မပူးပေါင်းချင်ဘူး၊ အဲဒီတော့ ကျုပ်က ဘာလုပ်ရမှာလဲ၊ ကောင်းကင်တာအိုမှာ စိတ်ဝိညာဉ် ရှိနေပြီဆိုတဲ့ သတင်းသာ ပျံ့နှံ့သွားရင် သက်ရှိတွေအကုန်လုံး တုန်လှုပ်ချောက်ချားကုန်လိမ့်မယ်”
“အခုအချိန်ကစပြီး တာအိုပညာရှိတွေ အချင်းချင်း ထိန်းချုပ်တာ မဟုတ်တော့ဘူး၊ ကောင်းကင်တာအို အုပ်ချုပ်တဲ့ သက်ဦးဆံပိုင်စနစ် ဖြစ်သွားလိမ့်မယ်၊ တာအိုရောင်းရင်းဟန်က ကောင်းကင်တာအိုကို ကယ်တင်ဖူးတာတောင် တာအိုရောင်းရင်းဟန်ရဲ့ တည်ရှိမှုက ကောင်းကင်တာအိုရဲ့ မျက်လုံးထဲမှာ ဆူးညောင့်ခလုတ် ဖြစ်နေပြီ”
ဟန်ကျွယ်က ပြောလိုက်ပါတယ် “ငါက လူတိုင်းရဲ့ ပစ်မှတ် မဖြစ်ချင်ရုံပဲ၊ တခြားတာအိုပညာရှိကို သွားရှာချည်” စကားဆုံးတာနဲ့ ဟန်ကျွယ်ဟာ အိပ်မက်ထဲက ထွက်လိုက်ပါတယ်။
ကောင်းကင်ဘုံ ၃၃ ဘုံ၊ ရွမ်လိန့်ကျောင်းတော် တာအိုစက်ကွင်း။
လီမုယဲ့ဟာ မျက်လုံးဖွင့်လိုက်ပြီး မျက်မှောင်ကြုတ်သွားပါတယ် “ဒီကောင်က တကယ်ကို ခေါင်းမာတာပဲ၊ မင်းမှာ ရည်မှန်းချက် နည်းနည်းလေးတောင် မရှိဘူးဆိုတာ ငါ မယုံဘူး…” လီမုယဲ့ဟာ သူ့ဘာသာ ရေရွတ်ရင်း မပျော်မရွှင် ဖြစ်သွားပါတယ်။
ဒီတစ်ခါက လီမုယဲ့ ဟန်ကျွယ်ကို တောင်းပန်တာ ပထမဆုံး မဟုတ်တော့ပါဘူး။ ဒါပေမဲ့ ဟန်ကျွယ်က သူ့ကို နည်းနည်းတောင် မျက်နှာသာ မပေးပါဘူး။ ဟန်ကျွယ်က သဘောမတူတဲ့အတွက် လီမုယဲ့ဟာ တခြားတာအိုပညာရှိတွေကို သွားရှာဖို့ ဆုံးဖြတ်လိုက်ပါတယ်။
တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်၊ တာအိုဘုံကျောင်းအတွင်း။
ဟန်ကျွယ်ဟာ နှာခေါင်းရှုံ့ပြီး ရေရွတ်လိုက်ပါတယ် “ငါ့ကို ထပ်ပြီးတော့ လှည့်စားဖို့ ကြိုးစားကြပြန်ပြီ၊ ငါ့မှာ ကောင်းကင်တာအို စိတ်ဝိညာဉ်ကိုသတ်ဖို့ လိုမှ မလိုအပ်တာ”
ဟန်ကျွယ် ခေါင်းထဲမှာ အစီအစဉ်တစ်ခု ရှိနေပါပြီ။ အဲဒါကတော့ ချုံရှီလိုင် တာအိုပေါင်းစပ်မှု အောင်မြင်တာနဲ့ ချုံရှီလိုင်ကို ဖမ်းပြီး လောကဦးကောင်းကင်ထောင်ထဲ ပစ်ထည့်လိုက်မှာပါ။ ပြီးရင် ချုံရှီလိုင်ကို အကြွင်းမဲ့သန့်စင်ခြင်းနဲ့ သန့်စင်ပြီး ကောင်းကင်တာအို စိတ်ဝိညာဉ်ကို ရှင်းပစ်မှာပါ။
ဟန်ကျွယ်ဟာ ချုံရှီလိုင် တာအိုပေါင်းစပ်မှု အောင်မြင်တဲ့အချိန်ကိုတောင် မျှော်ကြည့်မိလိုက်ပါတယ်။
အဲဒီနောက် ဟန်ကျွယ်ဟာ ခေါင်းထဲက အတွေးတွေကို ရှင်းထုတ်ပြီး ဆက်လက် ကျင့်ကြံပါတယ်။ ဟန်ကျွယ်ဟာ အဆင့်မြန်မြန် တက်ဖို့ လိုအပ်နေပါတယ်။ အခုအချိန်မှာ ဟန်ကျွယ်ဟာ လွတ်လပ် တာအိုပညာရှိတစ်ပါးနဲ့ တိုက်ခိုက်နိုင်နေပြီမို့ ဟန်ကျွယ်သာ ထပ်ပြီးတော့ အဆင့်တက်သွားရင် အားနည်းတဲ့ လွတ်လပ် တာအိုပညာရှိတွေကို သတ်ပစ်ကောင်း သတ်ပစ်နိုင်မှာပါ။
အဲဒီနောက် ဟန်ကျွယ်ဟာ မျက်လုံးမှိတ်ပြီး ကျင့်ကြံတာကို အာရုံစိုက်လိုက်ပါတယ်။
အချိန်ဟာ ပုံမှန်ကုန်ဆုံးသွားပါတယ်။
ဘဝက အိပ်မက်တစ်ခုလိုပါပဲ။ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး အိပ်မက်တစ်ခါ မက်တာက သေမျိုးကမ္ဘာရဲ့ အင်ပါယာတွေ ပြောင်းလဲနဲ့ တောတောင် မြစ်ချောင်းတွေ နေရာပြောင်းဖို့ လုံလောက်ပါတယ်။
အင်မော်တယ်ကမ္ဘာမှာ သူရဲကောင်းတွေ ပေါ်လာတာနဲ့ သေမျိုးကမ္ဘာတွေကလည်း သူတို့ရဲ့အင်အားကို စတင်ပြသလာပါတယ်။ ဘုံပျံတက်သူတွေ တစ်ယောက်ပြီး တစ်ယောက် ပေါ်လာပြီး အင်မော်တယ်ကမ္ဘာကို သွေးခင်းလမ်းလျှောက်ပြီး ရောက်လာကြပါတယ်။
ဒီအချိန်မှာ အင်မော်တယ်ကမ္ဘာရဲ့ သက်ရှိတွေဟာ တခြားကမ္ဘာက သက်ရှိတွေလည်း စွမ်းအားကြီးတယ် ဆိုတာကို သဘောပေါက်လာကြပါတယ်။ တစ်ချိန်တည်းမှာပဲ သူတို့တွေဟာ သေမျိုးကမ္ဘာတွေက ကျင့်ကြံဖိုနဲ့ နေထိုင်ဖို့ သင့်လျော်တယ်လို့ ခံစားလာကြရပါတယ်။
နှစ်သုံးထောင်အတွင်းမှာ ဆယ်သန်းကျော်တဲ့ သက်ရှိတွေဟာ သေမျိုးကမ္ဘာကနေ အင်မော်တယ်ကမ္ဘာဆီကို ဘုံပျံတက်လာကြပါတယ်။
ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ အဆင့်ထိုးဖောက်ဖို့ တော်တော်လေး နီးကပ်နေပါပြီ ‘အရမ်းကောင်းတယ်’ ဟန်ကျွယ်ဟာ အဆင့်တက်ဖို့ မစောင့်နိုင်တော့ပါဘူး။ ဒါပေမဲ့ ဟန်ဇွေတျန်က သူ့ကို လာရှာတာ ဆယ်ကြိမ်ကျော်ပြီမို့ ဟန်ဇွေတျန်ကို အရင်တွေ့ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ ဟန်ဇွေတျန်ကို တာအိုဘုံကျောင်းထဲ ဝင်ခွင့်ပြုလိုက်ပါတယ်။ ဟန်ဇွေတျန် ဘာမှမပြောခင်မှာပဲ ဟန်ဇွေတျန် ဘာပြောချင်တယ်ဆိုတာကို ဟန်ကျွယ် သိနှင့်နေပါပြီ။ တပည့်တွေ အပြင်လွှတ်တာနဲ့ တပည့်သစ် စုဆောင်းတာကလွဲရင် တခြား ဘာဖြစ်နိုင်အုန်းမှာလဲ။
ဟုတ်ပါတယ်။ နောက်ထပ် အမည်ခံ တပည့်တစ်သောင်းဟာ ကျင့်ကြံမှုတွေ ထပ်မတိုးကြတော့ပါဘူး။ ဒါကြောင့် ဟန်ကျွယ်ဟာ ဒီအမည်ခံတပည့် တစ်သောင်းကို ထွက်ခွာခွင့်ပြုပြီး မိုးကောင်းကင်မျိုးနွယ်စုဆီမှာ အမှုထမ်းစေပါတယ်။
“ဆရာဘိုးဘိုး… ကျွန်တော်တို့တွေ နောက်ထပ် တပည့်သစ် စုဆောင်းကြမလား၊ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်နားမှာ မြို့တော်တော်များများ တည်ထားကြတယ်၊ ကျွန်တော် မှတ်မိသလောက်ဆိုရင် ဒီပတ်ဝန်းကျင်က ဒေသသုံးခုကို မိုးကေင်းကင်မျိုးနွယ်စုက ကျွန်တော်တို့ဆီ ပေးထားပြီးသား ဟုတ်တယ်မလား၊ အခု ကျွန်တော်တို့ နယ်မြေတွေကို တခြားမျိုးနွယ်စုတွေ ဂိုဏ်းတွေက နေရာလာယူထားကြတယ်”
ဟန်ကျွယ်က တည်ငြိမ်စွာပဲ ပြန်ပြောလိုက်ပါတယ် “ငါ နောက်ထပ် တပည့်သစ်လက်ခံဖို့ အစီအစဉ် မရှိဘူး၊ တိတ်ဆိတ်ဂိုဏ်းက အရည်အသွေးကိုလိုက်တာ၊ အရေအတွက်နောက်ကို မလိုက်ဘူး၊ အပြင်ဘက်က နယ်မြေတွေကိုတော့ ဂရုစိုက်မနေနဲ့”
“ဒါပေမဲ့…”
“ဒါပေမဲ့ မလုပ်နဲ့၊ မင်းရဲ့ ကျင့်ကြံမှုကို ငါ အားမရဘူး၊ မင်း နှစ်တစ်သောင်းအတွင်း နတ်မင်းအဆင့်ရောက်အောင်လုပ်၊ မဟုတ်ရင် အပြင်ထွက်ဖို့ စိတ်တောင် မကူးနဲ့”
“နှစ်တစ်သောင်းအတွင်း ကျွန်တော်က…”
“ဘာလဲ မရဘူးလား…”
“ရပါတယ်…” ဟန်ဇွေတျန်ဟာ တုန်တုန်ယင်ယင် တာအိုဘုံကျောင်းထဲကနေ ထွက်သွားပါတယ်။
ဟန်ဇွေတျန်ဟာ ဧကရာဇ်အဆင့်ကို ရောက်နေတာ ကြာပါပြီ။ ဒါပေမဲ့ နှစ်တစ်သောင်းအတွင်း နတ်မင်းအဆင့်ဖြစ်ဖို့ကတော့ မဖြစ်နိုင်ဘူးလို့ ခံစားနေရပါတယ်။
လေးငါးဆယ်ရက် အကြာမှာတော့ ဟန်ကျွယ်ဟာ ဟန်ဇွေတျန် စီစဉ်ထားတဲ့ နောက်ထပ် အမည်ခံတပည့် တစ်သောင်းကို အပြင်ထုတ်ပေးလိုက်ပါတယ်။ ဒီအမည်ခံတပည့် တစ်သောင်း အကုန်လုံးက အင်မော်တယ်ဧကရာဇ်တွေပါ။
အင်မော်တယ်ဧကရာဇ် တစ်သောင်း တာအိုစက်ကွင်းကနေ ထွက်သွားတယ်ဆိုရင်ပဲ ကောင်းကင်မိုးကြိုးကို ချက်ချင်း ဆွဲဆောင်မိသွားပါတယ်။
ဟန်ကျွယ်ဟာ ကောင်းကင်တာအို ကံတရား အထောက်အပံ့ ပြောင်းလဲသွားတာကို ရှင်းရှင်းလင်းလင်းကြီး ခံစားမိပါတယ်။ အင်မော်တယ်ဧကရာဇ် တစ်ပါးက ဘာမှမဟုတ်ပါဘူး။ ဒါပေမဲ့ အင်မော်တယ်ဧကရာဇ် တစ်သောင်းကတော့ အင်မော်တယ်ကမ္ဘာကို ထုံးလိုမွှေ ရေလိုနှောက်ဖို့ လုံလောက်ပါတယ်။
တိတ်ဆိတ်ဂိုဏ်းရဲ့ အမည်ခံတပည့် တစ်သောင်းဟာ ကောင်းကင်လျှပ်စီးကိုကြည့်ပြီး ဂုဏ်ယူဝင့်ကြွား ပြုံးလိုက်ကြပါတယ်။ သူတို့တွေ နှစ်ပေါင်းများစွာ ကြိုးကြိုးစားစား ကျင့်ကြံခဲ့တာက ဒီလိုနေ့အတွက် မဟုတ်ပါလား။
“မိုးကောင်းကင်မျိုးနွယ်စုကို သွားရအောင်”
အမည်ခံတပည့်တွေရဲ့ ခေါင်းဆောင်က အော်ပြောလိုက်ပါတယ်။ အမည်ခံတပည့် တစ်သောင်းဟာ စူးရှတဲ့မြားလိုမျိုး မိုးကြိုးတိမ်တိုက်တွေကို ထိုးဖောက် ပျံသန်းသွားပါတယ်။
တစ်ချိန်တည်းမှာပဲ ကောင်းကင်ဘုံ ၃၃ ဘုံမြောက်၊ ဗုဒ္ဓတာအိုစက်ကွင်း။
ချုံရှီလိုင်ဟာ မျက်လုံးဖွင့်ပြီး မျက်မှောင်ကြုတ်ကာ ရေရွတ်လိုက်ပါတယ် “နောက်ထပ် အင်မော်တယ်ဧကရာဇ် တစ်သောင်းလား… တိတ်ဆိတ်ဂိုဏ်းမှာ အင်မော်တယ်ဧကရာဇ် ဘယ်နှပါးတောင် ရှိနေတာလဲ”
‘ဒီ သိုသိုဝှက်ဝှက်နေတဲ့ တိတ်ဆိတ်ဂိုဏ်းမှာ ဒီလောက်စွမ်းအားကြီးတဲ့ တပည့်တွေ အများကြီး ရှိနေရတာလဲ’
ချုံရှီလိုင်ဟာ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ကို အကဲခတ်နေတာ ကြာပြီမို့ တိတ်ဆိတ်ဂိုဏ်း နောက်ဆုံး တပည့်သစ် လက်ခံခဲ့တာက နှစ်တစ်သောင်းကျော်ပြီဆိုတာကို သိနေပါတယ် ‘ဒီတပည့်တွေက ဟန်ကျွယ် အရင်တုန်းက လက်ခံခဲ့တဲ့ ရှန်တျန်သက်ရှိတွေများလား… ဒါ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ… ရှန်တျန်သက်ရှိတွေက အရည်အချင်း တူတာ မဟုတ်ဘူး၊ နောက်ပြီး နှစ်တစ်သောင်းအတွင်း အင်မော်တယ်ဧကရာဇ် ဖြစ်လာတာက သာမန်အရည်အချင်း မဟုတ်ဘူး’
ဒီအချိန်မှာပဲ ကောင်းကင်တာအို စိတ်ဝိညာဉ် ပေါ်လာပြီး ပြောလိုက်ပါတယ် “ကောင်းကင်တာအို ကံတရား အထောက်အပံ့က ထပ်ပြောင်းသွားပြီ၊ ဒီ တိတ်ဆိတ်ဂိုဏ်းရဲ့ အင်မော်တယ်ဧကရာဇ် တစ်သောင်းကြောင့် ကောင်းကင်တာအိုရဲ့ ယေဘုယျ ကံတရား အထောက်အပံ့က အများကြီး တိုးတက်သွားတယ်၊ မင်း တိတ်ဆိတ်ဂိုဏ်းနဲ့ ရင်ဆိုင်ချင်တယ်ဆိုရင်တောင် ကိုယ့်ကိုကိုယ် ဖိအားမပေးတော့နဲ့၊ ကောင်းကင်တာအို နိယာမတွေက တိတ်ဆိတ်ဂိုဏ်းကို စပြီးတော့ ချဉ်းကပ်စပြုလာပြီ”
ချုံရှီလိုင်က ဒေါသမထွက်ဘဲ မနေနိုင်တော့ပါဘူး “မင်းက ကောင်းကင်တာအိုကို မထိန်းချုပ်နိုင်ဘဲ ကိုယ့်ကိုကိုယ် ကောင်းကင်တာအိုလို့ ခေါ်သေးတာလား… မင်း ကေင်းကင်တာအို စိတ်ဝိညာဉ် အစစ် မဟုတ်ဘူးလို့တောင် ငါ သံသယ ဝင်လာပြီ”
ချုံရှီလိုင်ရဲ့ စကားကြောင့် ကောင်းကင်တာအို စိတ်ဝိညာဉ်ဟာ ဒေါသထွက်သွားပါတယ် “ဒါ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ”
ချုံရှီလိုင်ဟာ သက်ပြင်းချလိုက်ပါတယ်။ အကြောင်းအရင်းတချို့ကြောင့် ချုံရှီလိုင်ဟာ ကောင်းကင်တာအို စိတ်ဝိညာဉ်က ဒီအတောအတွင်း တစ်ခုခုမှားနေတယ်လို့ ခံစားနေရပါတယ်။ ကောင်းကင်တာအို စိတ်ဝိညာဉ်ဟာ ပိုပိုပြီးတော့ ပေါတောတော နိုင်လာသလို သေမျိုးနဲ့လည်း ပိုပိုတူလာပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။
Chapter – 571
? Views, Released on December 10, 2024