Switch Mode

Chapter – 89

အရိုးပျော်လက်ဝါးရိုက်ချက်

Chapter – 89
“အရိုးပျော်လက်ဝါးရိုက်ချက်”

စစ်သည်တစ်ထောင်ကျင့်စဉ် ဆိုသည်မှာ အုပ်စုလိုက် တိုက်ခိုက်သည့် နေရာတွင် ပိုပြီး အသုံးဝင် တာဖြစ်ပြီး တစ်ဦးချင်း တိုက်ခိုက်သည့် နေရာတွင် သိပ်ပြီး အသုံးမတည့်လှချေ။ သို့သော်လည်း ရဲရှောင်သည် အသုံးပြုလိုက်ခြင်း ဖြစ်လေ၏။
တုံ့ဆိုင်းနေခြင်း မရှိသဖြင့် ထိုတိုက်ကွက်တွင် လုံးဝ ကျွမ်းကျင်နေသကဲ့သို့ ရှိနေသည်။ ထို့ကြောင့် လူတိုင်း၏ စိတ်ထဲတွင် –
(စစ်သည်တစ်ထောင်ကျင့်စဉ်ကို သူက ကျွမ်းကျင်နေပါလား၊ ဒါပေမဲ့ ကြည့်ရသလောက်တော့ ဒါကလွဲပြီး ကျန်တဲ့ ကျင့်စဉ် တိုက်ကွက်တွေကို မသိဘူးထင်တယ် . . .)
ထိုသုံးသပ်ချက်သည် ဖြစ်နိုင်ချေ ရှိသော သုံးသပ်ချက် တစ်ခုပင် ဖြစ်လေ၏။
စစ်သူကြီး၏ သားတစ်ယောက် ဖြစ်သည့်အတွက် ယခုကဲ့သို့ တိုက်ကွက်မျိုး အသုံးပြုလိုက်ခြင်း သည် ယုတ္တိရှိလှပေသည်။
“ကောင်းတယ် . . . တော်တော် ကြမ်းသားပဲ . . .”
ကွမ်ဇန်ဝမ် လက်ကို နောက်ပစ်လျက် သူ၏ ခန္ဓာကိုယ် ပိန်ပိန်ပါးပါးအား တဖက်သို့ လှည့်လိုက် လေသည်။ အ၀တ်အစားများသည် လေထဲ လွင့်ပျံနေပြီး ရဲရှောင်၏ တိုက်ကွက်ကို ရှောင်တိမ်းလိုက်ခြင်း ဖြစ်လေ၏။ ခပ်ဖြည်းဖြည်းသာ လှုပ်ရှားလိုက်သည်ဟု မြင်နိုင်စရာ ရှိသော်လည်း တကယ်တမ်းတွင် အလွန် လျင်မြန်သော လှုပ်ရှားမှု ဖြစ်လေ၏။ တချိန်တည်းမှာပဲ သူ၏ ဖြူရော်ရော် ပိန်ပါးသော လက်ချောင်းများအား ဆန့်ထုတ်၍ ရဲရှောင်ဆီသို့ ဖြည်းညင်းစွာ တိုးသွားသည်။ အဆိုပါ လက်ချောင်းများသည် ဟင်းလင်ပြင် တစ်ခုလုံးကို ဖောက်ခွဲ ပစ်စေနိုင်သည့် စွမ်းအားများ ပါဝင်နေပြီး ရဲရှောင်၏ နောက်ကျောအား ထိုးလိုက်ခြင်း ဖြစ်လေ၏။
ရှောင်တိမ်းလိုက်ပြီးသည်နှင့် လက်ချောင်းများဖြင့် တပြိုင်နက် တိုက်ခိုက်လိုက်သည့် အကွက်ကြောင့် အားလုံးသည် အံ့သြပြီးရင်း အံ့သြ နေကြပါတော့သည်။
လူအုပ်ထဲတွင် ဇုဝူကျီနှင့် လန်လန့်လန့် တို့ကဲ့သို့ မနူးမနပ်များ ပါဝင်နေသည်သာမက အတွေ့အကြုံရှိပြီး တိုက်ရည်ခိုက်ရည် ပြည့်ဝသော လူအချို့လည်း ပါဝင်နေကြလေ၏။ တိုက်ပွဲ၏ အစသာ ရှိသေးသော်လည်း အတော်ကို ကြည့်ကောင်းနေပါတော့သည်။
လူတိုင်း မျက်လုံးပြူးသွားကြပြီးနောက် တခဏအကြာတွင် မျက်လုံးများ ပြုတ်ထွက်မတတ် ပြူးကျယ်သွားရခြင်း ဖြစ်လေ၏။ သူတို့၏ စိတ်ထဲတွင်လည်း –
(ဘယ်လိုဖြစ်တာလဲ . . . ဒီသခင်ကြီးကွမ်က ဘယ်လို တိုက်ခိုက်ရမလဲ ဆိုတာကို သိနေတာပဲ၊ ကြည့်ရတာ ပညာရှင်ကြီး တစ်ယောက်ပဲ ဖြစ်ရမယ် . . .)
တပြိုင်နက် တိုက်ခိုက်နိုင်သည့် လှုပ်ရှားမှုသည် အလွန် ပညာပါလှသည့် လှုပ်ရှားမှု တစ်ခုပင် ဖြစ်သည်။ သာမန်လူ တစ်ဦးအနေဖြင့် မည်ကဲ့သို့မျှ လုပ်နိုင်မည် မဟုတ်ပေ။ လက်ချောင်း တိုက်ကွက်သည်လည်း ကြည့်ရုံသာ သာမန်ဟု ထင်ရပေမဲ့ တကယ်တမ်းတွင် အလွန်ပြင်းထန်သော စွမ်းအားများ ပါဝင်နေပါသည်။
အဖိုးကြီးသည် သူ၏ ပညာစွမ်းများအား တစ်သက်လုံး လျိုထားခြင်း ဖြစ်လေ၏။
ရဲရှောင်လည်း သူ့ထံသို့ လက်ချောင်းနီးကပ် လာသည်ကို သတိပြုမိလိုက်ပြီး သို့သော်လည်း ပြန်လှည့်၍ ခုခံခြင်း မပြုချေ။ ရုတ်တရက် ခုန်တက်လိုက်ပြီး ခန္ဓာကိုယ်အား တစ်ပတ်လှည့်လိုက်ကာ ခြေထောက်ကို လေထဲတစ်ချက် ဆောင့်လိုက်ပြီး ပျံသန်းလိုက်သည်။ သို့သော် လူအများ၏ အမြင်တွင် ရဲရှောင် လွင့်ထွက်သွားသကဲ့သို့ပင် ဖြစ်၏။
ထိုတိုက်ကွက်သည် စစ်သည်တစ်ထောင် ကျင့်စဉ်ထဲမှ “စစ်သည်တစ်ထောင် တားဆီးခြင်း” တိုက်ကွက်ပင် ဖြစ်လေ၏။
ကွမ်ဇန်ဝမ်သည် ရဲရှောင်အား သူ၏ လက်ချောင်းများဖြင့် မထိသော်လည်း တိုက်ခိုက်မှုကို ရပ်တန့်ပြောင်းလဲလိုက်ခြင်း မရှိပေ။ ရှေ့သို့ လှမ်းသွားလိုက်ပြီး ရဲရှောင် ရှိရာသို့ တစ္ဆေတစ်ကောင်ကဲ့သို့ ထပ်ကြပ်မကွာ လိုက်သွားခြင်း ဖြစ်လေ၏။ သူ၏ ပိန်ပါးသော ခန္ဓာကိုယ်လေးသည် ရဲရှောင်နှင့် တစ်ပါတည်း ချိတ်၍ ပါသွားသကဲ့သို့ ကပ်ပါသွားခြင်း ဖြစ်ပါသည်။
ထိုအချိန် အားလုံး သိလိုက်ကြသည်မှာ သခင်လေးရဲသည် တိုက်ရည်ခိုက်ရည် ရှိနေသော်လည်း ကွမ်ဇန်ဝမ်အား မည်သို့မျှ နိုင်မည် မဟုတ် ဆိုတာကိုပင် ဖြစ်သည်။ စစ်သည်တစ်ထောင် ကျင့်စဉ်၏ အခြေခံ တိုက်ကွက်များကို သိရှိနေသူ ဖြစ်သော်လည်း ကွမ်ဇန်ဝမ်မှာမူ သိုင်းကျင့်စဉ် အမြောက်အများကို တတ်မြောက်ထားပြီး သူ၏ အစွမ်းအကုန်လုံးအား လက်ဆီသို့ ပို့လွှတ် ထားပုံပါပင်။ လှုပ်ရှားမှုများ သည်လည်း အလွန်ကို အသက်ပါလှ လေ၏။
သို့သော် သူတို့အားလုံး မသိရှိသေးသော အချက်များ ရှိနေသေး၏။
ကွမ်ဇန်ဝမ်သည် ရဲရှောင်၏ အနီးသို့ အလွန်လျင်မြန်သော နှုန်းဖြင့် ကပ်ပါသွားပြီး သူ၏ လက်နှစ်ဖက်ဖြင့် ရဲရှောင်အား ၁၈ ကြိမ် ထိုးနှက်လိုက်လေသည်။
ထိုးနှက်ချက်တိုင်းသည် အသံတိတ်ဖြစ်သည်။
ထိုးနှက်ချက်တိုင်းသည် လျင်မြန်လှသည်။
ရဲရှောင်သည် ရှေ့သို့ ၁၀ ပေလောက်ထိ ပျံသန်းသွားပြီးနောက် ကြုံးဝါးသံ တစ်ချက် ပြုလိုက်ပြီး လေထံ ခုန်လိုက်ရင်း မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျရောက် သွားသည်။
“စစ်သည်တစ်ထောင် ကျင့်စဉ်ထဲက သားရဲလွတ်မြောက်ခြင်း အကွက်ပါလား မိုက်တယ် . . .”
လူအုပ်ထဲတွင် ၀မ်ဒါနန်မှ လက်ခုပ်လက်ဝါးတီးလျက် ချီးမွန်းခန်း ဖွင့်လိုက်သည်။ ဇုဝူကျီနှင့် လန်လန့်လန့်တိုသည် အံ့သြသွားမိကြလေ၏။ လူတိုင်း ချီးမွမ်းပါက အံ့သြမည် မဟုတ်ဘဲ ၀မ်ဒါနန်မှ ချီးကျူးလိုက်ခြင်းကြောင့် အံ့သြသွားခြင်း ဖြစ်လေ၏။
၀မ်ဒါနန်သည် ရဲရှောင်နှင့် ရန်ငြိုးရန်စ ရှိနေသူ တစ်ဦးဖြစ်ပြီး အိမ်ရှေ့မင်းသား၏ လူတစ်ယောက် ဆိုလည်း မမှားချေ။ ယခုအခါ ရဲရှောင်အား မဆီမဆိုင် ချီးကျူးနေသည် မဟုတ်ပါလား။
ထို့ကြောင့် ၀မ်ဒါနန် ချီးကျူးလိုက်ခြင်းသည် ယုတ္တိမတန်သလို သဘာဝလည်း မကျချေ။
ကွမ်ဇန်ဝမ် လက်များကို ဝေ့ယမ်းလျက် ရှိသည်။ ရဲရှောင်သည် ရုတ်တရက် လေထဲသို့ ခုန်တက် လိုက်ပြန်ပြီး မြေပြင်သို့ ပြင်းထန်စွာ လျှောထိုးဆင်းလျက် ကွမ်ဇန်ဝမ်ဆီသို့ တိုးဝင်သွားပြန်သည်။ ထိုအချိန် ကွမ်ဇန်ဝမ်သည် ခေါင်းကို ခါယမ်းလျက် ပြုံးလိုက်ပြီးနောက် –
“ငါက အသက်ကြီးပါပြီ၊ တကယ်ကို အသက်ကြီးနေပြီ . . . စိတ်ကဆောင်ပေမဲ့ လူက မလိုက်နိုင် တော့ဘူးလေ၊ အသုံးမ၀င်ကို ဖြစ်နေပြီ၊ သခင်လေးရဲက ငယ်ရွယ်ပြီး သန်မာ ဖျတ်လတ်တယ်၊ အဲ့ဒီတော့ အခုပဲ ဒီတိုက်ပွဲကို အဆုံးသတ်ပြီလို့ မှတ်ယူလိုက်ကြတာပေါ့ . . .”
လူတိုင်းသည် ရဲရှောင် ယခုတိုက်ပွဲတွင် ရှုံးနိမ့်မည်ဟု ခံယူထားကြလေ၏။ ကွမ်ဇန်ဝမ်သည် သဘောထားကြီးသော ပုံစံ အနေအထားမျိုးဖြင့် ရှိနေလေ၏။
သူ၏ ပုံစံသည် စီနီယာကြီး တစ်ဦးမှ မထေမဲ့မြင်ပြုံးလျက် ရဲရှောင်အား အလျော့ပေးနေဟန်ပင် ပေါက်နေလေ၏။
ရဲရှောင်ဘက်မှ မည်သူမျှ တွေး၍ မစဉ်းစားပေးကြချေ။ ရဲရှောင် ဒဏ်ရာရမရ ကိုလည်း မည်သူမျှ မသိကြပေ။
ရဲရှောင်လည်း ရုတ်တရက် မတ်တတ်ထရပ်လိုက်ပြီး ဒေါသတကြီးဖြင့် –
“အဆုံးသတ်ရမယ် ဟုတ်လား . . . ခင်ဗျား ဘာတွေ ပြောနေတာလဲ၊ ဘယ်သူက ရှုံးနေသေးလို့လဲ၊ ထပ်တိုက်ကြမှာပဲဟာ . . .”
လူအုပ်ကြီးသည် ခေါင်းကို ခါယမ်းလျက် ရှိကြပြီး စဉ်းစား နေမိကြသည်မှာ –
(အရူး သခင်လေးကတော့ သူ့ဝသီအတိုင်းပဲ၊ ဘယ်တော့မှ အမြင်မှန် ရမှာ မဟုတ်ဘူး။ ၂ ခါတောင် လွင့်ထွက်သွားပြီးပြီကို၊ ဆက်ပြီး တိုက်ခိုက်ချင်နေသေးတယ်။ တော်တော် အရှက်မဲ့တာပဲ၊ ကိုယ့်အဆင့်မှ ကိုယ်မသိ . . .)
“မင်းပြောတာ မှန်ပါတယ်၊ မင်း မရှုံးသေးပါဘူး၊ သရေပဲ ထားလိုက်ကြတာပေါ့၊ ငါက တကယ် အသက်ကြီးနေပါပြီ။ မင်းကလည်း လူကြီးသူမတွေကို လေးစားတတ် ငဲ့ညှာတတ်တယ် မလား . . .”
ကွမ်ဇန်ဝမ် ရယ်မောလျက် ပြောလိုက်လေ၏။
ရဲရှောင်သည် မကျေမနပ် ဟန်ဖြင့် –
“ခင်ဗျားက ဒီလို ဆိုတော့လည်း ကျုပ်က ငဲ့ညှာပေးရမှာပေါ့၊ သရေဆိုတော့လည်း သရေပေါ့၊ ခင်ဗျားက တော်တော် စကားအရာနဲ့ အခွင့်အရေး ယူတတ်တာပဲ . . .”
ထိုကဲ့သို့ ပြောလိုက်သည့်အခါ လူတိုင်း အာမေဋိတ်သံများ ထွက်သွားကြ၏။
ရဲရှောင် သူ၏ ၀တ်ရုံမှ ဖုန်များ သဲများကို ခါလိုက်ရင်း ရုတ်တရက် –
“သခင်ကြီးကွမ် . . . ဒီနေ့မှာ တိုက်ခိုက်လို့ မကောင်းဘူး၊ နောင်အခါ အခွင့်အရေးများ ရှိခဲ့ရင် ခင်ဗျားကို ထပ်ပြီး တိုက်ခိုက်ပါ့မယ်။ အဲဒီအချိန် ခင်ဗျားလည်း ခင်ဗျားရဲ့ အကောင်းဆုံး အနေအထားမှာ ရှိနေမယ်လို့ ထင်ပါတယ် ဟဲဟဲ . . .”
ထို့နောက် အိမ်ရှေ့မင်းသားဘက်သို့ လှည့်လိုက်ပြန်ရင်း –
“မင်းသားရေ ဒီနေ့ ညစာစားပွဲမှာ တကယ်ကို အရသာရှိခဲ့ပါတယ်။ အခု ကျုပ်တို့ကြားက ပြဿနာ လည်း ဖြေရှင်းပြီးပြီ ဆိုတော့ ကျုပ်သွားသင့်ပြီ ထင်တယ်နော် . . .”
မင်းသားသည် ရဲရှောင် ယခုလို သူပြန်ဖို့ ခွင့်တောင်း လိမ့်မည်ဟု မထင်မှတ် ထားခဲ့မိချေ။ သူ၏ နဂိုအကြံအစည်အရလည်း ကွမ်ဇန်ဝမ် ရပ်နားသည်နှင့် ရဲရှောင်အား ပထုတ်ရန် စဉ်းစားထားပြီး ဖြစ်လေ၏။ ထို့ကြောင့်ပင် ရေငတ်တုန်း ရေတွင်းထဲ ပြုတ်ကျ သကဲ့သို့ ပြုံးလျက်ပင် –
“ဂရုစိုက်ပါ သခင်လေးရဲ၊ နောက်များမှ နိုင်ငံရေးရာနဲ့ ပတ်သက်တာတွေ ဆွေးနွေးကြတာပေါ့ . . .”
ရဲရှောင်လည်း ရယ်မော၍ –
“ဒါပေါ့ . . . အခွင့်သင့်ခဲ့ရင် ခင်ဗျားနဲ့ တစ်ခါလောက် ပြန်ဆုံချင်ပါသေးတယ်။ ခင်ဗျားရဲ့ ဇနီးချော လေးနဲ့ရောပေ့ါ . . .”
အိမ်ရှေ့မင်းသား မျက်နှာ အနည်းငယ် မဲ့သွားလေ၏။
(ဒီကောင် ငါ့မိန်းမကို စော်ကားဖို့ သတိရနေသေးတာပဲ . . .)
သို့သော်လည်း ပြုံးလျက်ပင် –
“မင်းကို အမြဲတမ်း ကြိုဆိုပါတယ် . . .”
ထို့နောက် ချက်ချင်းဆိုသလို သူ၏ မျက်ဝန်းများမှ ခနဲ့တဲ့တဲ့ မထေမဲ့မြင် ပြုလိုက်သော အရိပ်အယောင်များ ပေါ်လာလေသည်။ စိတ်ထဲမှလည်း –
(မင်းက ပြန်လာဦးမယ် ဟုတ်လား . . . တော်တော် သေချင်နေတယ် ထင်တယ်၊ ငါ့ကို အခွင့်ကောင်းယူဖို့ ကြိုးစားနေတော့လည်း ငါက ဒီလိုလူတစ်ယောက် သေမှာကို ညှာနေစရာ မလိုဘူး ထင်တာပဲ . . .)
ရဲရှောင် ရယ်မောလိုက်ပြီး လက်များအား ခါယမ်းလိုက်၏ ထို့နောက် ဇုဝူကျီ လန်လန့်လန့် တို့အား ခေါ်ရင်း ပြန်ထွက်လာ၏။ ထိုကဲ့သို့ လူအုပ်ကြားထဲမှ ထွက်ခွာသွားသည့် အချိန်တွင် သူ၏ မျက်နှာ၌ လျို့ဝှက်ဆန်းကြယ်သော အပြုံးတစ်ခု ဖြစ်ပေါ်သွားသည်ကို မည်သူမှ သတိထားလိုက်မိခြင်း မရှိချေ။
. . . . . .
ကွမ်ဇန်ဝမ် ချောင်းဆိုးရင်းဖြင့် ခန်းမရှေ့ထွက်သွားပြီး သူ၏ တကိုယ်လုံးသည် တုန်ရီလျက် ရှိနေလေ၏။
လူအုပ်ကြီးကိုလည်း တစ်ဦးပြီး တစ်ဦး အစောင့်များမှ ဦးဆောင်၍ ခေါ်ထုတ်သွားလေသည်။
မင်းသားသည် ရဲရှောင် ပုံရိပ် ပျောက်ကွယ် သွားသည်ထိ စောင့်ကြည့်နေပြီး တစ်ချက် ပြုံးလိုက်ရင်း အထဲ ပြန်ဝင်လာခဲ့လေ၏။
ခန်းမရှေ့တွင် လူသုံးယောက်သာ ကျန်ရှိပါတော့သည်။
အိမ်ရှေ့မင်းသား၊ မင်းသမီးနှင့် ကွမ်ဇန်ဝမ်တို့ပင် ဖြစ်လေ၏။
“သခင်ကြီးကွမ်၊ ဘယ်လိုလဲ . . .”
အိမ်ရှေ့မင်းသမီး မစောင့်နိုင်ဟန်ဖြင့် မေးလိုက်သည်။
အိမ်ရှေ့မင်းသားသည်လည်း သိချင်နေပုံ ရလေ၏။
“မင်းသား . . . ဟူး . . .”
ကွမ်ဇန်ဝမ် တန်း၍ မဖြေသေးဘဲ သက်ပြင်းတစ်ချက် ချလိုက်ရင်း –
“မင်းသားက ကျုပ်ကို ထောင်ချောက် အကြီးကြီး ဆင်လိုက်တာပဲ . . .”
မင်းသားသည် ပြုံးလိုက်ပြီး –
“အားလုံး ပြည့်စုံပါတယ်၊ အကုန် အဆင်ပြေတယ်၊ ခင်ဗျား ဘာမှ မစိုးရိမ်နဲ့၊ ဒီနေ့ကိစ္စကြောင့် ခင်ဗျား နောက်ပိုင်း ပြဿနာ တစ်ခုခု တက်ခဲ့မယ် ဆိုရင် ကျုပ်ခင်ဗျားကို ကာကွယ်ပေးမှာပါ . . .”
ကွမ်ဇန်ဝမ် တခဏမျှ ရပ်နားလိုက်ပြီးနောက် သက်ပြင်း ထပ်ချလိုက်ပြန်သည်။ မင်းသားအား စိုက်ကြည့်လိုက်ရင်း လေးနက်သော လေသံဖြင့် –
“အရိုးပျော်လက်ဝါးရိုက်ချက် . . . ကျုပ် ရဲရှောင်ကို ၁၈ ချက်တိတိ တိုက်ခိုက်ခဲ့တယ်။ နောက်ရက်ပိုင်းလောက် အတွင်းတော့ သူအဆင်ပြေနေလိမ့်ဦးမယ်၊ ဒါပေမဲ့ တစ်လလောက် ကြာတဲ့အခါ သူ့အရိုးတွေ တဖြည်းဖြည်းနဲ့ ကြေမွသွားလိမ့်မယ်။ နောက်တော့ အရိုးအကုန်ကျိုးပြီး သေမှာ . . .”
ထိုကဲ့သို့ ပြောနေချိန်တွင် အဖိုးကြီ၏ မျက်နှာမှ အရေးအကြောင်းများသည် ပို၍ပင် ထင်းလာ သလိုပါပင်။
“ဒါနဲ့ ပတ်သက်ပြီး သဲလွန်စတော့ မကျန်လောက်ဘူး မလား . . .”
မင်းသား စိုးရိမ်ဟန်ဖြင့် မေးလိုက်သည်။
“ဒီကျင့်စဉ် တိုက်ကွက်ကို ကျုပ်နှစ်ပေါင်းများစွာ လေ့ကျင့်လာခဲ့တာပါ။ ရက်စက်တဲ့ တိုက်ကွက် တစ်ခု ဖြစ်တာကြောင့် ကျုပ်လည်း လျို့ဝှက်ထားရတာပဲ . . .”
ကွမ်ဇန်ဝမ် သက်ပြင်းချလျက် ပြောလိုက်သည်။
“ကျုပ်ကိုယ်တိုင်တောင် ဒီတိုက်ကွက်ကို ကုသနိုင်မဲ့ ကုထုံး မသိသေးဘူး၊ ရဲရှောင်ကတော့ ဒီတစ်ခါ သေချာပေါက် သေလောက်မယ် . . .”
မင်းသမီးလည်း ပြုံးယောင်သမ်းလျက် –
“သခင်ကြီးကွမ် တော်တော် ကြိုးစား ခဲ့တာပဲ . . .”
ကွမ်ဇန်ဝမ် ခေါင်းညိတ်လိုက်ပြီး –
“မခံယူဝံ့ပါဘူး . . .”
ထို့နောက် မျက်မှောင်တစ်ချက် ကြုတ်ရင်း စိုးရိမ်ပူပန်မှုများလည်း များသထက် များလာခဲ့လေ တော့၏။
အိမ်ရှေ့မင်းသား၏ ဆန္ဒကို အပြည့်အ၀ ဖြည့်ဆည်းပေးခဲ့သည့် အတွက် သူနှင့် ရဲမျိုးနွယ်ကြား ရန်ငြိုးရန်စမီးကို အစပျိုးလိုက်မိပြီ ဆိုသည်ကို သူနားလည်လိုက်သည်။
ရဲနန်ရှန်မှ အဖြစ်မှန်ကို မသိဘူး ဆိုပါက ကိစ္စမရှိလောက်၊ သို့သော် အကယ်၍သာ အဖြစ်မှန်ကို သိရှိသွားမည် ဆိုပါက သူတို့ တစ်မျိုးလုံး မလွယ်လောက်ချေ။
ထို့ကြောင့် ယခုအချိန်တွင် ရဲနန်ရှန် အကြောင်းအရင်း အမှန်ကို မသိပါစေနှင့်ဟု ဆုတောင်းရုံမှ တပါး အခြား မတတ်နိုင်တော့ချေ။
“မင်းသား . . . ကျုပ်ရဲနန်ရှန်နဲ့ ပတ်သက်ပြီး သိချင်မိတယ်။ သူက ဘယ်လို လူမျိုးလဲ . . .”
မင်းသားအား ကွမ်ဇန်ဝမ် လေသံတီးတိုးဖြင့် ပြောလိုက်သည်။ ရဲနန်ရှန်၏ သမိုင်းကြောင်းနှင့် ပတ်သက်၍ ချန်နိုင်ငံတော်တွင် လျို့ဝှက်ချက် တစ်ခုအဖြစ် ရှိနေဆဲ ဖြစ်သည်။
ရဲနန်ရှန် ဆိုသည်မှာ ရုတ်တရက် အလွန် အစွမ်းထက်သူ အဖြစ် နာမည်ကြီးခဲ့သည့် စစ်သူကြီး တစ်ဦးပင် ဖြစ်ပြီး နိုင်ငံရေး အင်အားစုများ၊ သိုင်းအင်အားစုများမှ သူ့ကို စိတ်ဝင်စားခဲ့ကြသည်။ သို့သော် ယခင်ကတည်းက ရဲနန်ရှန်နှင့် ပတ်သက်၍ မည်သူမျှ တိတိပပ မသိရှိခဲ့ကြပါချေ။
ချန်နိုင်ငံတော်၏ အိမ်ရှေ့မင်းသား တစ်ဦးဖြစ်သည့်အတွက် တစ်ခုခုတော့ သိရှိနေလိမ့်မည်ဟု ကွမ်ဇန်ဝမ် ယူဆလိုက်မိခြင်း ဖြစ်၏။
အိမ်ရှေ့မင်းသားလည်း “အင်း” ဟု အသံရှည်တစ်ချက် ဆွဲလိုက်ပြီး တခဏမျှ ငြိမ်သက်သွားကာ –
“ကျုပ်လည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး သိပ်တော့ မသိဘူး။ ပြောရမယ် ဆိုရင် ရဲနန်ရှန်ဆိုတာ မုဆိုးတစ်ယောက်ပဲ၊ တောထဲ သွားလာရင်း တစ်ခုခု ထူးဆန်းတဲ့အရာ တစ်ခုခု ဒါမှမဟုတ်၊ တန်ဖိုးရှိတဲ့ ဆေးစွမ်းကောင်း တစ်ခုခုကို စားခဲ့မိလို့ ထူးခြား အစွမ်းထက်တဲ့ အစွမ်းတွေ ရလာခဲ့တယ် ထင်တာပဲ . . .”
သူ၏ ထင်မြင်ချက်ကိုသာ ပြောလိုက်ခြင်း ဖြစ်ပြီး တကယ်တမ်းတွင် တိတိကျကျ သိရှိခြင်း မရှိပေ။ သူဆိုထားနှင့် သူ့အဖေ ဘုရင်ကြီးပင် ရဲနန်ရှန် အကြောင်းကို မသိရှိသဖြင့် အိမ်ရှေ့မင်းသားလည်း ကွမ်ဇန်ဝမ် စိတ်သက်သာရာ ရစေရန်သာ ပြောလိုက်ခြင်း ဖြစ်လေ၏။
ကွမ်ဇန်ဝမ်မှ အနည်းငယ် စိတ်အေးသွားဟန်ဖြင့် –
“ဪ ဟုတ်လား . . . ကောင်းတယ် . . . ကောင်းတယ် . . .”
(မတော်တဆ အစွမ်းထက်လာခဲ့တဲ့ မုဆိုးတစ်ယောက်ပဲဟာ ဘာများ ကြောက်စရာ ရှိမှာလဲ၊ တစ်ခုခု ဖြစ်လာခဲ့ရင်လည်း သူ့ကို ငါဘယ်သူမှ မသိအောင် သတ်လိုက်လို့ ရတာပဲ။ သက်ရှိ ရဲနန်ရှန် ကတော့ ချန်နိုင်ငံတော်ရဲ့ စစ်သူကြီး အုပ်ချုပ်ရေးပိုင်းမှာ ဒုတိယ သြဇာအာဏာ အရှိဆုံး လူတစ်ယောက်၊ ဒါပေမဲ့ သေသွားရင်တော့ ရဲနန်ရှန် ဆိုတာလည်း အလောင်းကောင် ဖြစ်သွားမှာပါပဲ . . . ကောင်းကင် အဆင့်ရဲ့ ဆရာသခင် အဆင့်ရောက်နေတဲ့ လူတစ်ယောက်အတွက် စစ်သူကြီး တစ်ယောက်ကို သတ်ရတာ မခက်ခဲလောက်ပါဘူး . . .)
ကွမ်ဇန်ဝမ် စဉ်းစားမိနေခြင်း ဖြစ်ပါတော့သည် . . .။

Comment

Leave a Reply

Options

not work with dark mode
Reset