Switch Mode

Chapter – 88

စစ်သည်တစ်ထောင်ကျင့်စဥ်

Chapter – 88
“စစ်သည်တစ်ထောင်ကျင့်စဉ်”

ရဲရှောင်မှ လေးနက်သည့် ဟန်ပန်ဖြင့် –
“ဒီလိုပဲ လုပ်ကြတာပေါ့ . . . ကျုပ်တို့ လုပ်ရမှာက စကားလေး ပြောနေရုံပဲ၊ အဲဒီလို လုပ်ခြင်းက တကယ်တိုက်ခြင်းထက် အန္တရာယ် ပိုကင်းပါတယ် . . .”
“ကျုပ်တို့ကြားက ဆက်ဆံရေးကိုလည်း ထိခိုက်စေမှာ မဟုတ်ဘူး၊ လူကြီးတစ်ယောက် အနေနဲ့ အားသိပ်မသုံးပါနဲ့ဗျာ၊ ခင်ဗျား အားနည်းနေတာ ကြာပြီမလား၊ ဒီလို စကားစစ်ထိုးတဲ့ နည်းလမ်းနဲ့ပဲ ဖြေရှင်းကြရအောင်၊ ကျုပ်က ခင်ဗျားကို အခွင့်အရေး ယူတယ်လို့တော့ အပြောမခံချင်ဘူး . . . စကား စစ်ထိုးပြီးတဲ့ အခါကျရင်လည်း ကျုပ်တို့ကြားမှ အာဃာတတွေ ရှိကြတော့မှာ မဟုတ်ဘူးလေ၊ မကောင်းဘူးလား . . .”
ကွမ်ဇန်ဝမ်နှင့် အိမ်ရှေ့မင်းသား တို့သည်လည်း သူတို့ရှေ့ရှိ လူငယ်အား ကြည့်ရင်း ဆွံ့အလျက် ရှိနေလေ၏။
(မင်းက တကယ်ပဲ စကားစစ်ထိုး ချင်နေတာလား . . . ကမ္ဘာပေါ်မှာ ရှိတဲ့ အရူးတွေ တောင်မှ ဒီလိုအကြံမျိုး ထွက်မှာ မဟုတ်ဘူး။
မင်းကပဲ ငါတို့ကို အခွင့်ကောင်းယူတယ် အပြောမခံချင်ဘူး ဟုတ်လား . . .)
“ဟဲဟဲ . . . မင်းက တော်တော် စိတ်ဝင်စားစရာ ကောင်းတဲ့ လူငယ်ပဲ၊ လက်တွေ့ကျတဲ့ နည်းလမ်း တစ်ခုတော့ မှန်ပါတယ် . . .”
ကွမ်ဇန်ဝမ် ပြုံးလျက် ပြောလိုက်သည်။ ဆက်လက်၍လည်း –
“ဒါပေမဲ့ တကယ်မတိုက်ခိုက်ပဲ စကား စစ်ထိုးတယ် ဆိုတာက မိနးမတွေပဲ လုပ်လေ့ ရှိတဲ့ အလုပ်လေ။ နောက်ပြီး ငါက မင်းအဖေရဲ့ သိုင်းပညာကို နှစ်ပေါင်းများစွာ လေးစားခဲ့ရတာ၊ နောက်ပြီး သူ့ရဲ့ အဲဒီတိုက်ကွက်တွေကို အမြဲတမ်း လေ့လာချင်ခဲ့ . . .”
“ခင်ဗျားက တကယ်ပဲ တိုက်ခိုက်ချင်နေတာလား . . .”
ရဲရှောင် မျက်မှောင်ကြုတ်၍ မေးလိုက်သည်။
“ပိုပြီး ကောင်းမဲ့ နည်းလမ်းကို ပြောပြတာပါ . . .”
ကွမ်ဇန်ဝမ် တွန့်ဆုတ်ဆုတ် အမူအယာဖြင့် ပြောလိုက်သည်။ ထို့နောက် လေသံတီးတိုးဖြင့် –
“နောက်ပြီး မင်းနဲ့ မူမျိုးနွယ်ကြားထဲက ရန်ငြိုးကိုလည်း ဖြေဖျောက်နိုင်မယ်လေ၊ မင်းသမီးကလည်း ပွဲကြည့်ဖို့ အဆင်သင့် ရှိနေပြီ။ ဘယ်လိုပဲဖြစ်ဖြစ် မင်းသားအတွက်တော့ ငါတို့ လုပ်ပေးသင့်တယ် . . .”
ရဲရှောင် ခန်းမ၏ ထောင့်နားတွင် မတ်တတ်ရပ်လျက် သူတို့အား ကြည့်နေသည့် မင်းသမီးအား တစ်ချက် လှမ်းကြည့်လိုက်သည်။
သူမ၏ မျက်လုံးများတွင် သတ်ဖြတ်လိုသော အငွေ့အသက်များဖြင့် ပြည့်နေလေဒ။
(ဒီမိန်းမက ဘယ်လိုဖြစ်လို့ မီးဝင်းဝင်းတောက်တဲ့ မျက်လုံးတွေနဲ့ တစ်ချိန်လုံး ကြည့်နေ ရတာလဲ)
ရဲရှောင် တွေးနေမိသည်။
(မင်းသမီး . . . ဟမ့် . . . နည်းနည်းပါးပါးတောင် သဘောထား မကြီးနိုင်ဘူးပေါ့လေ၊ ကျုပ်က ခင်ဗျားရဲ့ အစ်ကိုကို သတ်မိရုံလေးပါ၊ ခင်ဗျားတို့ရဲ့ ဘိုးဘေးဂူတွေကို တူးတာတို့၊ တစ်မိသားစုလုံးကို သတ်တာတို့ လုပ်တာမှ မဟုတ်ဘဲ . . .)
ထိုကဲ့သို့ စဉ်းစားလိုက်ပြီးနောက် ရဲရှောင် နှုတ်ခမ်းကို တစ်ချက် မဲ့လိုက်လေ၏။
“ခင်ဗျားက ဒီလောက်ထိ တိုက်တွန်းနေမှတော့လည်း ကျုပ် ခင်ဗျားနဲ့ တိုက်ရတော့မှာပေါ့”
ရဲရှောင် ခေါင်းညိတ်လျက် ပြုံးကာ ပြောလိုက်သည်။ ဆက်လက်၍ –
“ဂရုစိုက်နော် . . . ခင်ဗျား လက်တွေ လိမ်ချိုး ခံရမှာ စိုးလို့ပါ။ အာ . . . ကျုပ်ပြောချင်တာက ကျုပ်က ခင်ဗျားရဲ့ ပြိုင်ဘက် ဖြစ်နိုင်ချင်မှ ဖြစ်နိုင်မယ်လေ၊ အဲဒါကြောင့်မို့ ခင်ဗျား သိပ်တော့ စိတ်မပူပါနဲ့၊ ဟဲဟဲ . . . ကဲကဲ ဘာမှ မစဉ်းစားပဲ တိုက်ကြတာပေါ့ . . .”
ကွမ်ဇန်ဝမ်မှာ ရဲရှောင် ပြောနေသည်အား မကြားတစ်ချက် ကြားတစ်ချက် ဖြစ်နေလေ၏။ အဘယ်ကြောင့်ဆိုသော် သူလည်း အတွေးနယ်ချဲ့ နေမိလို့ပင် ဖြစ်သည်။ ထို့နောက် ပြုံးလိုက်ပြီး နူးညံ့သည့် လေသံဖြင့် –
“မင်းရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်။ ငါတို့ ၂ ယောက်လုံး ကိုယ်လုပ်ရမဲ့ အလုပ်ကို သိထားကြပြီးသားပဲ . . .”
အိမ်ရှေ့မင်းသားသည် တည်တည်ငြိမ်ငြိမ်ပင် ရှိနေလေ၏။
မင်းသမီး၏ မျက်လုံးများတွင်မူ ကျေနပ်သည့် အရိပ်အယောင်များကို မြင်နိုင်ပေသည်။
သူမအနေဖြင့် သူမ၏ ကလဲ့စားချေချင်သည့်ဆန္ဒ ပြည့်မြောက်တော့မည် ဖြစ်သည့်အတွက် ကျေနပ်လို့ နေလေ၏။
“လာပါ . . .”
ကွမ်ဇန်ဝမ်သည် လမ်းကိုပင် ခပ်ဖြည်းဖြည်း လျှောက်နေရသည့် တုန်ချိချိ အဖိုးကြီး တစ်ဦးအသွင် သရုပ်ဆောင်နေသလို လုပ်နေပြန်၏။ ရဲရှောင်အား လက်ပြရင်း ခန်းမ၏ အလယ်သို့ ရောက်လာခဲ့ကြသည်။
ပတ်ပတ်လည်တွင်မူ လူအများအပြားသည် စက်ဝိုင်းပုံစံဖြင့် ရှိနေကြပြီး ကြည့်နေကြလေ၏။
အိမ်ရှေ့မင်းသား အနေဖြင့် တိုက်ပွဲအခြေအနေကို လူအားလုံး မြင်တွေ့နိုင်စေရန် သက်သေအဖြစ် ခေါ်ထားခြင်းလည်း ဖြစ်နိုင်ပါသည်။
ရဲရှောင် တစ်ချက် အကဲခတ်ကြည့် လိုက်သည့်အခါ သူနှင့် အကျွမ်းတ၀င် ဖြစ်နေသည့် မျက်နှာများအား မြင်တွေ့လိုက်ရသည်။
“ရှောင်ရှောင်က ဘယ်လိုဖြစ်ပြီး တိုက်ပွဲမှာ ပါလာတာလဲ . . .”
လူအုပ်ကြားထဲမှ အသံတစ်သံ ထွက်လာလေသည်။
“မင်းကို အိမ်ရှေ့မင်းသားက ညစာ ဖိတ်ကျွေးလို့ဆို . . . တိုင်းရေးပြည်ရေး ဆွေးနွေးဖို့ဆို၊ ဘယ်လိုဖြစ်လို့ တိုက်ပွဲထဲ ရောက်လာရတာလဲ၊ မင်း . . . မင်းကတော့ ပြဿနာ ရှာလိုက်ပြန်ပြီမလား”
ထိုကဲ့သုိ့ ပြောလိုက်သူမှာ ဇုဝုကျီပင် ဖြစ်လေ၏။
ရဲရှောင် လှမ်းကြည့်လိုက်သည့်အခါ ဇုဝူကျီနှင့် လန်လန့်လန့်တို့ အတူတူ မတ်တတ်ရပ်လျက် ကြည့်နေကြသည်ကို မြင်လိုက်ရလေ၏။ သူတို့၏ လည်ပင်းများကို မော့ကာဖြင့် ရဲရှောင်အား လူအုပ်ကြားထဲမှ တိုးကြည့်နေကြခြင်း ဖြစ်သည်။
လန်လန့်လန့်နှင့် ဇုဝူကျီတို့သည် လူအုပ်ကြားထဲ ရှိနေကြခြင်း ဖြစ်ပြီး သူတို့ကိုလည်း အိမ်ရှေ့မင်းသားမှ ဖိတ်ခေါ်ထားခြင်းပင် ဖြစ်နိုင်လေသည်။ ထိုကဲ့သို့ ဖိတ်ခေါ်ထားမှသာ ရောက်ရှိ လာနိုင်ကြပြီ မဟုတ်ပါလား။
အကယ်၍ ယခုနေရာတွင် မည်သူမျှ မရှိဘဲ ရဲရှောင် သေဆုံးသွားမည် ဆိုပါက အိမ်ရှေ့မင်းသား အား သံသယ ၀င်ကြမည် ဖြစ်သဖြင့် ယခုကဲ့သို့ လူစုံတက်စုံဖြင့် သက်သေပြလိုက်ခြင်းပင် ဖြစ်ပါသည်။
တကယ်တော့ အဆိုပါ ဆန်ကုန်မြေလေး ၂ ယောက်မှာ သင့်တော် ကောင်းမွန်သည့် သက်သေများ မဖြစ်နိုင်သဖြင့် သင့်တော် ကောင်းမွန်သည့် သက်သေ ရရှိရန် မင်းသားဟွာရန်း သို့မဟုတ် စုယဲ့ယွဲ့ကို ခေါ်ကြရမည် ဖြစ်သည်။ သို့သော်လည်း အိမ်ရှေ့မင်းသားသည် ထို ၂ ယောက်ကို တော့ မခေါ်ရဲပါချေ။ အဘယ်ကြောင့် ဆိုသော် ထို ၂ ယောက် ရှိနေပါက ယခုကဲ့သို့ တိုက်ပွဲလည်း ဖြစ်မည် မဟုတ်ပါချေ။ တိုက်ပွဲကို သေချာပေါက် ရပ်တန့်ခိုင်းကြမည် ဖြစ်ပြီး ထို့ကြောင့် အိမ်ရှေ့မင်းသားလည်း ကြံရာမရသဖြင့် ဇုဝူကျီတို့ ၂ ယောက်အား ဖိတ်ကြားလိုက်ခြင်း ဖြစ်လေ၏။
လန်လန့်လန့်နှင့် ဇုဝူကျီတို့သည် ရဲရှောင်အား စိုးရိမ်စိတ်ဖြင့် အလျင်အမြန်ကို ရောက်ရှိ လာကြခြင်း ဖြစ်လေ၏။
ရဲရှောင် ထွက်လာသည်ကို မြင်ကြသောအခါ ရဲရှောင် တိုက်ခိုက်မည်မှာ အမှန်တကယ် ဆိုတာကို ချက်ချင်းပင် သိရှိသွားကြလေသည်။ အလွန်ကို စိုးရိမ်ပူပန်နေကြပြီး သူတို့အနေဖြင့် လုပ်နိုင်သည့် အရာကတော့ ရဲရှောင်အား ကြည့်ရင်း အားပေးရန်ပင် ဖြစ်လေ၏။
ရဲရှောင် ခေါင်းညိတ်ကာ လက်ကာပြလိုက်ရင်း မစိုးရိမ်ရန် ပြောလိုက်၏။
မင်းသား၏ နန်းတော်မှ အစောင့်အချို့ ထွက်လာကြပြီး စက်ဝိုင်းပုံ ရပ်လိုက်ကြသည်။ ရဲရှောင်နှင့် လူအုပ်အား ခွဲထားလိုက်ကြပြီး တိုက်ခိုက်နိုင်သည့် ကြိုးဝိုင်း တစ်ခုကို ဖန်တီးပေးလိုက်ကြသည်။
ရဲရှောင် မျက်မှောင်ကြုတ်လျက် ရှိနေလေသည်။ သူ၏ အာရုံအရ အန္တရာယ် ကျရောက်တော့မည် ဆိုသည်ကိုလည်း သိရှိနေလေ၏။
သူ့အနေဖြင့် ယခုအခါ သူ၏ ဆန်ကုန်မြေလေး ဟူသော ဘွဲ့ကြီးကို စွန့်လွှတ်ရန် အချိန် ကျလာ သကဲ့သို့ပါပင်။
သို့သော် ထိုဟန်ဆောင်မှုအား ဆက်လက်၍ လုပ်ချင်နေသေးပြီး သူ့အနေဖြင့် ဆန်ကုန်မြေလေး ဘဝဖြင့် ပျော်စရာများကို ဖန်တီးနိုင်သည် မဟုတ်ပါလား။
ထို့ကြောင့် အဆိုပါ ဘွဲ့ကြီးကို လွယ်လွယ်နှင့်တော့ မစွန့်လွှတ်နိုင် ဖြစ်နေလေသည်။
သို့သော် သူ၏ ပြိုင်ဘက်ကို ကြည့်မိသည့်အခါ ရယ်မောမိလိုက်လေ၏။
“ဟားဟား ဟားဟား . . .”
သူတစ်ဦးတည်းသာ ထိုကဲ့သို့ ခံစားချက် ခံစားနေရခြင်း မဟုတ်မှန်း ရဲရှောင် ရိပ်မိနေလို့ပင် ဖြစ်၏။
ကွမ်ဇန်ဝမ်သည် မျက်မှောင်ကြုတ်လျက် ရဲရှောင်အား စိတ်မချမ်းမသာ ဟန်ဖြင့် ကြည့်နေမိလေ သည်။
လက်ရှိတွင် သူလည်း ရဲရှောင်ကဲ့သို့ ခံစားနေရလေ၏။ သူ၏ စွမ်းအင် အစစ်အမှန်များကို လူအများသို့ ချပြရတော့မည် မဟုတ်ပါလား။
သူ့အတွက်မူ ရဲရှောင်ထက်ပင် ပို၍ ခက်ခဲနေပါသေးသည်။
သူ၏ တစ်ဘ၀လုံးအား နူးညံ့သိမ်မွေ့ပြီး သဘောကောင်းသော အဖိုးအို တစ်ဦးအဖြစ် လျို့ဝှက်စွာဖြင့် နေထိုင်လာခဲ့သူ ဖြစ်၏။ သူသည် စာပေကျမ်းဂန် နှံ့စပ်သူဖြစ်ပြီး တိုက်ရည်ခိုက်ရည်မှာ အားနည်းသည့် လူတစ်ဦး အဖြစ် လူတိုင်း သိထားကြခြင်း ဖြစ်လေ၏။
သို့သော် ယခုအခါတွင်မူ သူ၏ သရုပ် အစစ်အမှန်ကို လူအများအား ချပြရတော့မည် မဟုတ်ပါလား။
တစ်ဘ၀လုံး လျို့ဝှက်စွာ ဟန်ဆောင် နေထိုင်ခဲ့မှုများသည် ယခုအခါ အချည်းနှီးသား ဖြစ်ပေ တော့မည်။ ဒါ့အပြင် တိုက်ခိုက်မှုအပြီး ရဲရှောင် သေဆုံးသွားမည် ဆိုပါက ရက်အချို့ လအချို့ ကြာသည် အထိ ဘာမှ ဖြစ်ဦးမည် မဟုတ်ပေ။
မင်းသား၏ စေခိုင်းမှုကြောင့်ဟု ဆိုသော်လည်း ရဲရှောင်ကို ကိုယ်ထိလက်ရောက် သတ်မိသူမှာ သူပင် ဖြစ်ပါသည်။
စစ်သူကြီး ရဲနန်ရှန် အနေဖြင့် ထိုကိစ္စကို ခွင့်လွှတ်နိုင်ပါမည်လော . . . စစ်သူကြီး အနေဖြင့် အိမ်ရှေ့မင်းသားအား အတိုက်အခံ မပြုချင် လျှင်တောင်မှ ဒေါသများ အားလုံးကို သူ့အပေါ် ပုံကျ လာနိုင်ပါသည်။
တိုက်ရည်ခိုက်ရည်နှင့် ပြည့်ဝပြီး အတွေ့အကြုံ များလှသော စစ်သူကြီး ရဲနန်ရှန်အား အနိုင်ယူ နိုင်သည့် ယုံကြည်ချက်မျိုးတော့ ကွမ်ဇန်ဝမ်ထံတွင် မရှိပါချေ။
(မင်းသားက အကုန်လုံး စီစဉ်ခဲ့တယ်။ သူက ငါ့ကိုပါ မြေဇာပင် အဖြစ် အသုံးချလိုက်သေးတယ်)
ကွမ်ဇန်ဝမ် စဉ်းစားမိလာလေလေ စိတ်မချမ်းမသာ ဖြစ်လာလေလေ ဖြစ်၏။
သို့သော် သူ့အနေဖြင့် ယခုအခြေအနေအား နောင်တတော့ မရမိပါချေ။
ယခုအခြေအနေထိတောင် ရောက်ရှိနေပြီ ဖြစ်သဖြင့် နောက်ဆုတ်ရန်လည်း မဖြစ်နိုင်တော့ပေ။
တိုက်ခိုက်ရုံမှ လွဲ၍ တခြား ရွေးချယ်စရာ မရှိတော့ သဖြင့် တိုက်ခိုက်ရန်သာ ဆုံးဖြတ်လိုက် လေတော့၏။
ဒါတောင် ရဲနန်ရှန်မှ မင်းသားဟွာရန်းအား ကူညီခဲ့သည့် တိုက်ပွဲအကြောင်းကို ကွမ်ဇန်ဝမ် မသိရှိသေးပေ။ ထိုအကြောင်းသည်လည်း လျို့ဝှက်ထားခြင်း ဖြစ်ပြီး လက်တစ်ဆုပ်စာ လူလောက်သာ သိကြလေ၏။ ကွမ်ဇန်ဝမ်သာ ထိုအမှန်တရားကို သိရှိမည် ဆိုပါက ပို၍ပင် စိတ်မချမ်းမသာ ဖြစ်နိုင်ပါသေး သည်။
သို့သော်လည်း ရဲရှောင်၏ ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်ကို ကြားလိုက်ရသောအခါ ပို၍ မျက်နှာ ပျက်သွားမိလေသည်။ သက်ပြင်းချ၍ လေသံတီးတိုးဖြင့် –
“သူရဲကောင်းဆိုတာ အချိန်ကျရင် ပေါ်လာမှာပဲ . . .”
ရဲရှောင်သည် သူ့ထက်ဆိုးရွားသည့် ခံစားမှုမျိုး ရှိနေမည့် လူတစ်ယောက် ရှိနေတယ် ဆိုတာကို သိထားပြီးသားပါ။ စိတ်ထဲ သူ့ကိုယ်သူ တွေးနေမိသည်မှာ –
(ဘယ်လိုတောင်လဲ . . . တခြားလူ ကံဆိုးတာကို ငါက ပျော်နေတယ်ဆိုတော့ ငါလည်း နည်းနည်း မိစ္ဆာဆန်လာပြီ ထင်တယ် . . .)
တဖက်မှ သူ့ထက် ဆိုးရွားသည့် အခြေအနေမျိုးဖြင့် စိတ်ဆင်းရဲနေသည်ကို မြင်သောအခါ သူလည်း မအောင့်အည်းနိုင်လောက်အောင် ပျော်ရွှင်နေမိလေ၏။ ထို့ကြောင့် သူကိုယ်တိုင် ဒုက္ခတွေ့နေ သော်လည်း ပျော်ရွှင်မိနေလေ၏။
ရဲရှောင်မှ ပြုံးရွှင်နေသည့် ပုံစံ ပေါက်နေသဖြင့် ရဲရှောင်သည် ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက် ရှိနေသည်ဟု လူအများမှ ထင်မြင် ယူဆသွားမိကြပါသည်။ ထို့နောက် ရဲရှောင်အား အထင်သေးသည့် ဟန်ပန်မျိုးဖြင့် လူတိုင်းလိုလို တွေးနေမိကြသည်မှာ –
(လူငယ်တစ်ယောက်က အားနည်းတဲ့ အဖိုးကြီး တစ်ယောက်ကို အနိုင်ရတာ ဘာများ သိက္ခာ ရှိမှာ မို့လို့လဲ . . . ဘယ်လောက်တောင် အရှက်မရှိတဲ့ ကောင်လဲ၊ တော်တော် ပျော်နေတဲ့ ပုံပဲ . . .)
၀မ်ဒါနန်နှင့် မန်ဇိရှောင်တို့လည်း ရှိနေကြပါသည်။ သူတို့သည် ကွမ်ဇန်ဝမ်၏ အဆင့်အား သိရှိ ထားကြပြီးသား သူများ ဖြစ်ကြသည့်အတွက် ပြုံးနေမိကြလေ၏။ ရဲရှောင် မကြာခင် သတ်ခံရတော့မည့် မြင်ကွင်းအား ကြည့်ချင်နေလှပြီ ဖြစ်ပါတော့သည်။
ရဲရှောင် ထိုသူများအား အထင်သေးဟန်ဖြင့် ကြည့်လိုက်သည်။ ထို့နောက် လေတစ်ချက် ရွှီးခနဲ ချွန်လိုက်လေသည်။
ခွေးများအား လေချွန်၍ ခေါ်လိုက်သကဲ့သို့ပါပင်။
ထို့နောက် ၀မ်ဒါနန်နှင့် မန်ဇိရှောင်တို့ ဘက်သို့ လှည့်၍ လက်ညှိုးထိုးလိုက်သည်။
ဆိုလိုချင်သည်မှာ ခင်ဗျားတို့ ၂ ယောက်က ခွေး ၂ ကောင် လိုပါပဲ ဟု ဖြစ်သည်။
သူတို့၏ မျက်နှာများသည် ရုတ်တရက် ရဲခနဲ ဖစ်သွားကြပြီး အော်ဟစ်ပစ်ချင် စိတ်ပင် ပေါက်သွားကြသည်။ သူတို့အနေဖြင့် ရဲရှောင်အား လှမ်း၍ အော်ဟစ် ဆဲဆို နေချင်ကြသော်လည်း အိမ်ရှေ့မင်းသား၏ အေးစက်စက် အကြည့်အား သတိထားမိလိုက်သဖြင့် အသံလုံးဝ မထွက်ကြတော့ချေ။
သူတို့၏ မျက်လုံးများတွင်တော့ အမုန်းတရားများကို မြင်နေနိုင်ပါသေးသည်။
“လာပါ သခင်လေးရဲ . . .”
ကွမ်ဇန်ဝမ် စိတ်မချမ်းမသာ ဖြစ်နေသည့် ပုံစံ ပေါက်နေပါသည်။ သို့သော်လည်း သူ့အတွက် နောက်ဆုတ်ရန် မဖြစ်နိုင်တော့ပေ။ လုပ်စရာ ရှိသည်ကိုတော့ လုပ်ရမည် မဟုတ်ပါလား။
“ဟုတ်ကဲ့ပါ အဘသခင်ကြီးကွမ် . . .”
ရဲရှောင်လည်း တည်ငြိမ်စွာ ပြုံးလျက် ပြောလိုက်လေသည်။
ချန်ရှန်မှ အဘသခင်ကြီးကွမ် ဟု ခေါ်လိုက်သဖြင့် ကွမ်ဇန်ဝမ်သည် ရှက်ရွံ့မိသွားသည်။
(ငါတို့က အခု တစ်ယောက်နဲ့တစ်ယောက် တိုက်ခိုက်ကြတော့မှာ၊ အဲဒါများ မင်းက ငါ့ကို အဘသခင်ကြီးလို့ ခေါ်နေသေးတယ်။ ရူးများ နေတာလား . . .)
အဖိုးကြီးမှ ရဲရှောင်အား စတင်တိုက်ခိုက်ခွင့် ပေးလိုက်သဖြင့် ရဲရှောင်လည်း ချက်ချင်းဆိုသလို ပြေးထွက်သွားသည်။ လေတစ်ချက် ဟပ်သွားသလို ဖြစ်သွားပြီး လက်သီးများသည် ကျားကြီးများ ကဲ့သို့ ခြေထောက်များကတော့ နဂါးများကဲ့သို့ ကြောက်မက်ဖွယ် အရှိန်အဟုန်မျိုးဖြင့် ပြေးသွားခြင်း ဖြစ်ပါသည်။
တစ်ကွက်သာ ထုတ်လိုက်ခြင်း ဖြစ်သော်လည်း ထွက်ပေါ်လာသည့် စွမ်းအင် အငွေ့အသက်များ သည် ရှိနေကြသည့် လူတိုင်းအား ထိတ်လန့်သွားစေပါတော့သည်။
“တိုက်ပွဲထဲက နဂါး . . . ဒါက စစ်သည်တစ်ထောင်ကျင့်စဉ်ထဲက တိုက်ကွက်ပါလား . . .”
လူအုပ်ထဲတွင် နှံ့စပ်သောလူများ ပါဝင်နေပြီး ယခုကဲ့သို့ တိုက်ကွက်ကို မြင်တွေ့လိုက်ရသော အခါ ထအော်လိုက်ခြင်း ဖြစ်လေ၏။
ထိုတိုက်ကွက်သည် ချန်နိုင်ငံတော်တွင် ထင်ရှားသည့် တိုက်ကွက်တစ်ခု ဖြစ်ပြီး စစ်သည်ရဲမက်များ အများဆုံး အသုံးပြုကြသည့် လက်သီးအသားပေး တိုက်ကွက် ဖြစ်ပါသည်။ ကြောက်မက်ဖွယ် အငွေ့အသက်များ ထွက်ပေါ်စေပြီး ထိထိရောက်ရောက်လည်း ရှိလှပါသည်။
စစ်သူကြီးတစ်ယောက်၏ သားပီပီ လက်သီးအသားပေး တိုက်ကွက်ကို ထုတ်သုံးလိုက်ခြင်း ဖြစ်ပြီး ယခုလို လူအများ ကြည့်နေသည့် အချိန်တွင် ထိုတိုက်ကွက်ကို သုံးလိုက်ခြင်းသည် လိမ္မာပါးနပ်လှသည်ဟု ဆိုရမည် ဖြစ်ပါတော့သည် . . .။

Comment

Leave a Reply

Options

not work with dark mode
Reset