Switch Mode

Chapter – 568

အခန်း (၅၆၈) တာအိုအရှင်သခင် မခံမရပ်နိုင်ဖြစ်ခြင်း
ငရဲကြက်နက်က အသွင်တူလက်ရည်စမ်းပွဲ ဘာဆိုတာကို ရှင်းပြပြီးတဲ့နောက်မှာတော့ စုချီဟာ ငရဲကြက်နက်ရဲ့ တောင်းဆိုချက်ကို ပျော်ရွှင်စွာပဲ လက်ခံလိုက်ပါတယ်။ စုချီ တာအိုဘုံကျောင်းထဲကနေ ထွက်လာကတည်းက ဟန်ကျွယ်ဟာ စုချီကို အသွင်တူလက်ရည်စမ်းပွဲထဲ ဝင်ခွင့် ပေးလိုက်ပါပြီ။
မကြာခင်မှာပဲ ကိုယ်ပိုင်တပည့်တွေဟာ စုချီကို အသွင်တူ လက်ရည်စမ်းပွဲထဲ ဆွဲထည့်လိုက်ပါတယ်။ သူတို့တွေဟာ အနန္တကပ်ဘေးကို အဆုံးသတ်လိုက်တဲ့ စုချီက ဘယ်လောက်ထိ စွမ်းလဲဆိုတာကို သိချင်နေကြပါတယ်။
စုချီက တကယ်ကို ပြန်မတိုက်ပါဘူး။ ဒါပေမဲ့ တာအိုအရှင်သခင်နဲ့ တခြားသူတွေဟာ စုချီကို ထိခိုက်အောင် မလုပ်နိုင်ပါဘူး။ သေအောင် သတ်ဖို့ကတော့ ဝေးပါသေးတယ်။
“ဒါ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ” တာအိုအရှင်သခင်ဟာ လန့်သွားပါတယ်။ အခုအချိန်မှာ တာအိုအရှင်သခင်ရဲ့ ကျင့်ကြံမှုက ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ် အဆင့်ကို ရောက်နေပါပြီ ‘စုချီက အသက်ပြန်ရှင်ပြီးနောက်ပိုင်း ငါ့ထက် ပိုစွမ်းသွားတာလား… ဒါ ဘယ်လိုဖြစ်ရတာလဲ’
စုချီလည်း ဒီအဖြစ်ကြောင့် အရမ်းအံအားသင့်သွားပါတယ်။ စုချီဟာ တာအိုအရှင်သခင်ရဲ့ ရောင်ဝါကြောင့် အတိတ်မှာတုန်းက ကြုံတွေ့ဖူးတဲ့ ကောင်းကင်ဘဝဂ် ကျင့်ကြံသူတစ်ဦးကို သတိပြန်ရသွားပါတယ်။ စုချီဟာ ကောင်းကင်ဘဝဂ် ကျင့်ကြံသူရဲ့ တိုက်ခိုက်မှုအောက်မှာ မသေဘူးလို့ သူ့ကိုယ်သူ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပါဘူး။
စုချီဟာ မရဏနတ်ဘီလူး ဖြစ်သွားတဲ့အတွက် ကောင်းကင်တာအို သက်ရှိတွေထက် ကျော်လွန်သွားပါပြီ။ စုချီမှာ ပဋိပက္ခရုပ်ခန္ဓာ မရှိပေမဲ့ တကယ့်ပဋိပက္ခနတ်ဘီလူးစစ်စစ်ပါ။ စုချီရဲ့ အသက်ဓာတ်အနှစ်ဟာ လောကကြီးကို ပန်ကူး မဖန်တီးခင်တုန်းကနဲ့ အတူတူပါပဲ။ အားမကောင်းတာ တစ်ခုပဲ ရှိပါတယ်။
ဒါကြောင့် တာအိုအရှင်သခင်တောင် စုချီကို မသတ်နိုင်တာ ဖြစ်ပါတယ်။
ဒီအဖြစ်အပျက်က ကိုယ်ပိုင်တပည့်တွေ အကုန်လုံးကို လန့်သွားစေပါတယ်။ ဒီအထဲမှာ လီယောင်နဲ့ ကျောက်ရွှမ်ယွမ်လည်း ပါပါတယ်။ ဒီကိစ္စကြောင့် စုချီဟာ စိတ်မလှုပ်ရှားတဲ့အပြင် ပိုပြီးတော့ ရှက်သွားပါတယ်။
ငရဲကြက်နက်ရဲ့ တောင်းဆိုချက်က တခြားတပည့်တွေနဲ့ သူ့ကြားမှာရှိတဲ့ ရန်ငြိုးရန်စကို ဖြေဖျောက်ဖို့ဆိုတာ စုချီ သိပါတယ်။ ဒါပေမဲ့ အခြေအနေက ပိုကောင်းမလာတဲ့အပြင် ပိုဆိုးသွားပါတယ်။
စုချီဟာ ကိုယ့်ကိုကိုယ် မဖျက်ဆီးနိုင်ပါဘူး။ သူက မရဏနတ်ဘီလူး ဖြစ်တဲ့အတွက် သေခြင်း မဟာတာအိုကို ကိုယ်စားပြုပါတယ်။ ဒါကြောင့် စုချီဟာ သူ့ကိုယ်သူ အသေခံမှာတော့ မဟုတ်ပါဘူး။
ဟန်ကျွယ်ဟာ တာအိုဘုံကျောင်းထဲကနေ အသွင်တူလက်ရည်စမ်းပွဲထဲက တိုက်ပွဲကို ကြည့်လိုက်ရပါတယ်။ စုချီရဲ့ စွမ်းဆောင်ချက်က ဟန်ကျွယ်ကို ကျေနပ်သွားစေပါတယ်။ ပဋိပက္ခနတ်ဘီလူးက ဒီလိုကို ဖြစ်နေရမှာပါ။
ဟန်ကျွယ်ဟာ အတိတ်မှာတုန်းကလည်း ပဋိပက္ခနတ်ဘီလူး တစ်ပါးနဲ့ ကြုံဖူးပါတယ်။ အဲဒီ ပဋိပက္ခနတ်ဘီလူးကတော့ ကျောက်စိမ်းဧကရာဇ် ကျိုးရန်ပါ။ ဟန်ကျွယ်ဟာ ကျောက်စိမ်းဧကရာဇ် ကျိုးရန်ကို သတ်လိုက်ပေမဲ့ အဲဒီအချိန်တုန်းက အင်မော်တယ်ကမ္ဘာမှာ ကျောက်စိမ်းဧကရာဇ်ကို ကျိုးရန်ကို ဘယ်သူမှ မယှဉ်နိုင်ကြပါဘူး။
ဟန်ကျွယ်ဟာ တခြားတပည့်တွေရဲ့ စိတ်အခြေအနေ ပြောင်းလဲသွားတာကို သတိထားမိပါတယ်။ ဒါပေမဲ့ ဝင်မပါပါဘူး။ တချို့ရန်ငြိုးတွေက ဟန်ကျွယ်ရဲ့ စကားတစ်ခွန်းနဲ့ ဖြေဖျောက်လို့ရတာ မဟုတ်ပါဘူး။ ဒါ့အပြင် ဒီကိစ္စက တခြားတပည့်တွေကို ပိုပြီးတော့ ကြိုးကြိုးစားစား ကျင့်ကြံဖို့ တွန်းအားတစ်ခု ဖြစ်စေမှာပါ။
နှစ်တစ်ရာ ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ တာအိုအရှင်သခင်ကို ခေါ်လိုက်ပါတယ်။ စုချီနဲ့ တိုက်ခိုက်ပြီးကတည်း တာအိုအရှင်သခင်ဟာ တစ်ချိန်လုံး ဂူအောင်းကျင့်ကြံပြီး အရင်လို မူမမှန်တော့ပါဘူး။
တာအိုအရှင်သခင်ဟာ တာအိုဘုံကျောင်းထဲ ဝင်လာပြီး ဟန်ကျွယ်ကို ဦးညွှတ်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ တာအိုအရှင်သခင်ကို ဘာမှမမေးဘဲ စုချီရဲ့ အတိတ်အကြောင်းကို ပြောပြပါတယ်။ တာအိုအရှင်သခင်ဟာ မျက်မှောင်ကြုတ်သွားပေမဲ့ စိတ်ရှည်လက်ရှည် နားထောင်ရုံကလွဲပြီး ဘာမှမတက်နိုင်ပါဘူး။
ဟန်ကျွယ်ဟာ သူနဲ့ စုချီ ဘယ်လိုတွေ့ခဲ့တယ်၊ တာအိုပညာရှိမင်ကျွယ်က စုချီကို ဘယ်လို အကောက်ကြံတယ် ဆိုတာတွေကို လျှောက်ပြောပါတယ်။ တာအိုအရှင်သခင်ဟာ စုချီရဲ့ ဇာတ်လမ်းကို ကြားပြီး ခံစားချက်မျိုးစုံ ဖြစ်ပေါ်လာပါတယ်။ တာအိုအရှင်သခင် လက်ခံနိုင်တာ တစ်ခုကတော့ စုချီက အရမ်းသနားစရာ ကောင်းတယ်ဆိုတဲ့ အချက်ပါ။ စုချီက သူ့ကံကြမ္မာကို ဘယ်တုန်းကမှ မထိန်းချုပ်နိုင်ခဲ့ဘဲ အမြဲတမ်း နယ်ရုပ် ဖြစ်နေခဲ့တယ် မဟုတ်ပါလား။
“စုချီက မွေးဖွားလာကတည်းက ကြမ္မာဆိုးဝန်ကို ထမ်းဆောင်ထားရတာ၊ တိတ်ဆိတ်ဂိုဏ်းကလွဲရင် သူ့မှာ မိတ်ဆွေလည်း မရှိသလို ဆွေးမျိုးလည်း မရှိဘူး၊ သူက အမြဲတမ်း နာကျင်မှုကို ခံစားခဲ့ရတာ၊ သူအခု မင်းထက် စွမ်းအားကြီးနေတာက သူ့ရဲ့ အရည်အချင်းက မင်းထက် သာနေလို့ မဟုတ်ဘူး၊ ငါက သူ့ကို သက်ရှိအားလုံးထက် သာလွန်တဲ့ ခန္ဓာကိုယ်ပေးထားလို့ မင်းထက် စွမ်းအားကြီးနေတာ၊ တကယ်တော့ သူက ငါရဲ့ ကံကောင်းထောက်မပြီး အောင်မြင်သွားတဲ့ အစမ်းသပ်ခံပစ္စည်းပဲ” ဟန်ကျွယ်က တစ်လုံးချင်း ရှင်းပြလိုက်ပါတယ်။
‘သက်ရှိအားလုံးထက် သာလွန်တဲ့ ခန္ဓာကိုယ်…’ တာအိုအရှင်သခင်ဟာ မနေနိုင်ဘဲ မေးလိုက်ပါတယ် “အဲဒါ ဘာခန္ဓာကိုယ်လဲ”
တာအိုအရှင်သခင်ဟာ စုချီရဲ့ ခန္ဓာကိုယ်က သူ့ရဲ့ ပဋိပက္ခရုပ်ခန္ဓာထက် ပိုစွမ်းတယ်လို့ ခံစားနေရပါတယ်။ တာအိုအရှင်သခင်ဟာ ပဋိပက္ခရုပ်ခန္ဓာကို အစွမ်းအထက်ဆုံး ရုပ်ခန္ဓာလို့ ထင်ထားခဲ့တာပါ။ အခုတော့ သူ့အတွေးတွေက တကယ့်ကို ရယ်စရာပါ။
ဟန်ကျွယ်က ပြောလိုက်ပါတယ် “မင်း တာအိုပညာရှိအတုအဆင့်ကို ရောက်ရင် ငါ မင်းကို ဆုချပေးမယ်၊ စုချီကိုတော့ မင်းထပ်ပြီးတော့ အပြစ်မတင်ဖို့ ငါ မျှော်လင့်တယ်၊ တာအိုပညာရှိ အကောက်ကြံတာကို သာမန်လူတွေက ဘယ်လိုလုပ်ပြီး ဟန့်တားနိုင်မှာလဲ၊ တကယ့် လက်သည်တရားခံက တာအိုပညာရှိမင်ကျွယ်ပဲ”
တာအိုအရှင်သခင်ဟာ အသက်ပြင်းပြင်း ရှူသွင်းပြီး ခေါင်းညိတ်လိုက်ပါတယ်။
ဟန်ကျွယ်က ဆက်ပြောပါတယ် “တခြားတပည့်တွေကို ဒီအကြောင်းမပြောနဲ့၊ အထူးသဖြင့် စုချီရဲ့ ခန္ဓာကိုယ် အကြောင်းကို ဘယ်သူမှ မသိစေနဲ့”
“ကျွန်တော် နားလည်ပါပြီ”
တာအိုအရှင်သခင် ထွက်သွားတဲ့အခါမှာ ဟန်ကျွယ်ဟာ သက်ပြင်းတစ်ချက် ချလိုက်ပါတယ် ‘ဒီကောင်လေး ငါ့စကားကို နားထောင်ပါ့မလား…’
တကယ်လို့ တာအိုအရှင်သခင်ဟာ သူ့ကို စိတ်ဒုက္ခပေးရင် ဟန်ကျွယ်ဟာ တာအိုအရှင်သခင်ကို လောကဦး ကောင်းကင်ထောင်ထဲ ပစ်ထည့်လိုက်မှာပါ။ ဒီနည်းလမ်းက အတ္တကြီးရာ ရောက်ပေမဲ့ အသုံးတော့ ဝင်ပါတယ်။
ကောင်းကင်ဘုံ ၃၃ ဘုံ အပြင်ဘက်က အနှိုင်းမဲ့ ပဋိပက္ခတွေကြားမှာ မြို့တစ်မြို့ဟာ မြူခိုးတွေကြား ရှေးဟောင်းသားရဲကြမ်း တစ်ကောင်လို တည်ရှိနေပါတယ်။
ပဋိပက္ခမြို့။
ကျိုးဖန်ဟာ မျှော်စင်ထိပ်က စင်မြင့်ပေါ်မှာရပ်ပြီး အဝေးကို လှမ်းကြည့်နေပါတယ်။ ကျိုးဖန်ရဲ့ အကြည့်နောက်ကို လိုက်ကြည့်မယ်ဆိုရင် ပဋိပက္ခရဲ့ နက်ရှိုင်းတစ်နေရာမှာ မူမမှန်တဲ့ ထူးဆန်းတဲ့ ရောင်ဝါ ထွက်ပေါ်နေတဲ့ အနီရောင်အလုံးတစ်လုံးကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။
ဒီဖြစ်ရပ် ဖြစ်ပေါ်နေတာက နှစ် ၅,၀၀၀ ကြာပါပြီ။ လောလောဆယ်မှာတော့ ဘာမှ ထွေထွေထူးထူး မဖြစ်ပျက်သေးပါဘူး။ ဒါပေမဲ့ အကြောင်းအရင်း တချို့ကြောင့် ကျိုးဖန်ဟာ ဒီဖြစ်ရပ် နောက်ကွယ်မှာ အလွန်တရာ အန္တရာယ်ကြီးတဲ့ တစ်စုံတစ်ခု ပုန်းအောင်းနေတယ်လို့ ခံစားနေရပါတယ်။
ကောင်းကင်မိစ္ဆာ ကပ်ဘေး ပြီးဆုံးတာ မကြာသေးတဲ့အတွက် ပဋိပက္ခမြို့တစ်မြို့လုံးဟာ သတိကြီးကြီး ရှိနေကြပါတယ်။
ဒီအချိန်မှာပဲ ကျိုးဖန်ဘေးမှာ ရုပ်သွင်တစ်ခု ပေါ်လာပါတယ်။ ဒီရုပ်သွင်ဟာ နက်မှောင်တဲ့မီးခိုးရောင် တာအိုဝတ်ရုံကို ဝတ်ဆင်ထားပြီး ချောမောတဲ့ မျက်နှာ ရှိပါတယ်။ ခါးမှာလည်း ကျောက်စိမ်းဓား တစ်လက် ချိတ်ဆွဲထားပါတယ် “ကျိုးဖန်… ငါ့အလှည့် ရောက်ပြီ၊ မင်း သွားကျင့်ကြံတော့” တာအိုဝတ်ရုံနဲ့လူက ပြောလိုက်ပါတယ်။
ကျိုးဖန်ဟာ တာအိုဝတ်ရုံနဲ့လူကို စိုက်ကြည့်ပြီး ပြောလိုက်ပါတယ် “မင်းရော တစ်ခုခုမှားနေတယ်လို့ မထင်ဘူးလား”
တာအိုဝတ်ရုံနဲ့လူဟာ ကျိုးဖန်ကို တအံတဩ ပြန်မေးလိုက်ပါတယ် “ဘာမှားလို့လဲ”
“အဲဒီဟာက ကြီးထွားလာပုံပဲ”
တာအိုဝတ်ရုံနဲ့လူဟာ ပဋိပက္ခရဲ့ နက်ရှိုင်းတဲ့ တစ်နေရာက အနီရောင်လုံးကိုကြည့်ပြီး မျက်မှောင်ကြုတ်သွားပါတယ်။ အနီရောင်အလုံးက အရင်ကထက် တကယ်ကို ပိုကြီးလာတာပါ။ ကြီးထွားလာနှုန်းက အလွန်တရာ နှေးကွေးတယ်ဆိုပေမဲ့ သူတို့ရဲ့ ကျင့်ကြံမှုနဲ့ သေချာအကဲခတ်ရင် အဆက်မပြတ် ကြီးထွားနေတယ်ဆိုတာကိုတော့ ပြောနိုင်ပါတယ်။
“ငါတို့တွေ မြို့စားကို သတင်းပေးသင့်တယ် ထင်တယ်”
ကျိုးဖန်ဟာ ခေါင်းညိတ်လိုက်ပါတယ်။
တာအိုဝတ်ရုံနဲ့လူဟာ ချက်ချင်း ပျောက်ကွယ်သွားပါတယ်။ ကျိုးဖန်ကတော့ နက်ရှိုင်းတဲ့ပဋိပက္ခ တစ်နေရာမှာ ရှိနေတဲ့ အနီရောင်အလုံးကို ဆက်စိုက်ကြည့်နေရင်း နားထဲမှာ အသံတစ်သံကို ရုတ်တရက် ကြားလိုက်ရပါတယ် “ကျိုးဖန်… ဒီကိုလာခဲ့၊ ငါ မင်းကို စောင့်နေတာ ကြာပြီ”
ဒီအသံက ညှို့ဓာတ်အပြည့်ပါတဲ့အတွက် ကျိုးဖန်ဟာ တစ်ခဏ ကြက်သေသေသွားပါတယ်။ ဒါပေမဲ့ ကျိုးဖန်ဟာ ခေါင်းခါပြီး နိုးထအောင် ကြိုးစားလိုက်ပါတယ်။ ဒါပေမဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့အသံက ကျိုးဖန်နားထဲကို ထပ်ဝင်လာပါတယ်။
မကြာခင်မှာပဲ ကျိုးဖန်ဟာ ကြောင်တောင်တောင် ဖြစ်သွားပြီး မြို့ရိုးပေါ်က ခုန်ဆင်းကာ အနီရောင်အလုံးဆီ ပျံသန်းသွားပါတယ်။ ကျိုးဖန်ရဲ့ အလျင်က မြန်လွန်းတဲ့အတွက် တစ်ခဏအတွင်း ပဋိပက္ခထဲမှာ ကွယ်ပျောက်သွားပါတယ်။
နှစ် ၇၀၀ ကြာပြီးနောက်။
ဟန်ကျွယ်ဟာ ဂူအောင်းကျင့်ကြံတာကို အဆုံးသတ်ပြီး မတ်တတ်ရပ်ကာ အကြောဆန့်လိုက်ပါတယ်။ အဲဒီနောက် တာအိုပညာရှိအာရုံနဲ့ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ကို စစ်ဆေးလိုက်ပါတယ်။
စုချီနဲ့ တာအိုအရှင်သခင်ဟာ သီးခြား ကျင့်ကြံအားထုတ်နေကြပါတယ်။ သူတို့နှစ်ယောက်က သဟဇာတတော့ ရှိနေပါတယ်။ စုချီဟာ ဖူစန်းသစ်ပင်နားမှာ တာအိုဘုံကျောင်းတစ်ကျောင်း ဆောက်လုပ်ပြီး နေထိုင်ပါတယ်။
ဟန်ကျွယ်ဟာ တာအိုပညာရှိအာရုံကို ပြန်သိမ်းပြီး စာစောင်တွေကို စစ်ဆေးလိုက်ပါတယ်။
[သင့်တပည့် ကျိုးဖန်သည အမင်္ဂလာ မကောင်းဆိုးဝါးများ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၂၈၃
[သင့်တပည့် ကျိုးဖန်သည် သင့်မိတ်ဆွေ ခုနစ်ပါးတာအိုပညာရှိ၏ ကာကွယ်မှုကြောင့် ဒဏ်ရာများ သက်သာသွား၏။]
[သင့်မိတ်ဆွေ မိစ္ဆာ ကောင်းကင်ဧကရာဖ်သည် ကမ္ဘာတစ်ခုအား ဖန်တီးပြီး မဟာတာအို ကုသိုလ်ကံအား ရရှိသွားသည်။]
[သင့်မိတ်ဆွေ ချုံရှီလိုင်သည် တာအိုပေါင်းစပ်မှု စတင်ပြီး ကောင်းကင်တာအိုနှင့် ပေါင်းစပ်၏။]
[သင့်မိတ်ဆွေ ရှီတုတောက်သည် သင့်မိတ်ဆွေ လီတောက်ခုံး တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။]
[သင့်မိတ်ဆွေ ပန်ရှင်းသည် ‌ရှေးဟောင်းကပ်ဘေးသခင်၏ ဖိနှိပ်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]
[သင့်မိတ်ဆွေ နွီဝါသည် ပုံရိပ်ယောင် မဟာတာအိုအား ဖန်တီးပြီး ကျင့်ကြံမှုများစွာ တိုးတက်သွား၏။]
[သင့်တပည့် ကျိုးဖန်သည် လျှို့ဝှက်ဆန်းကြယ် တည်ရှိမှု၏ တိုက်ခိုက်မှုကြောင့် သေဆုံးသွားသည်။]
[သင့်တပည့်ကျိုးဖန်သည် သင့်မိတ်ဆွေ ခုနစ်ပါးတာအိုပညာရှိ၏ ကယ်တင်မှုကြောင့် ရုပ်နာမ်နှစ်ပါးအား ပြန်ရရှိသွား၏။]
‘ဟင်… ကျိုးဖန်က ဘာဖြစ်နေတာလဲ’
ဟန်ကျွယ်ဟာ လက်ချောင်းတွေနဲ့ တွက်ချက်ကြည့်လိုက်တဲ့အခါ နှလုံးလှုပ်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျိုးဖန်က ကောင်းကင်တာအိုထဲမှာ မရှိတော့လို့ပါပဲ ‘ဒီကောင်လေး ဘယ်တုန်းက ကောင်းကင်တာအိုထဲကနေ ထွက်သွားတာလဲ’
ဟန်ကျွယ်ဟာ စာစောင်တွေကို စစ်ဆေးလိုက်တဲ့အခါ ကျိုးဖန် ကောင်းကင်တာအိုကနေ ထွက်သွားတာက နှစ် ၇၀၀ ရှိပြီဆိုတာကို ရှာတွေ့သွားပါတယ်။ ဒီနှစ် ၇၀၀ လုံး ကျိုးဖန်ဟာ တိုက်ခိုက်ခံရလိုက် သေဆုံးလည်း ပြန်ရှင်လာလိုက်နဲ့ လုံးချာလည်နေပါတယ်။
ခုနစ်ပါးတာအိုပညာရှိက တကယ်ကို စွမ်းတယ်လို့ ပြောလို့ရပါတယ်။ အဆုံးသတ် အပျက်အစီးရဲ့ နတ်ဘုံကနေ ကျိုးဖန်ကို လှမ်းပြီးတော့ အသက်သွင်းနိုင်တဲ့ စွမ်းအားက နည်းနည်းနောနော မဟုတ်ပါဘူး။ ဒီလိုဆန်းကြယ်စွမ်းအားမျိုးက ဟန်ကျွယ်ဆီမှာ လုံးဝ မရှိသေးပါဘူး။
ဟန်ကျွယ်ဟာ စနစ်ကို စိတ်ထဲမှာ မေးလိုက်ပါတယ် “ကျိုးဖန် ဘယ်မှာလဲ”
[သက်တမ်း ၃ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဒီတွက်ချက်မှုက ကောင်းကင်တာအိုပညာရှိတစ်ပါးကို တွက်ချက်တာလောက် သွားကျနေပါတယ်။ ဒီကိစ္စက ကျိုးဖန်ရောက်နေတဲ့ နေရာနဲ့ အများကြီးဆိုင်နိုင်ပါတယ်။
ဟန်ကျွယ်ဟာ ဆက်တွက်ဖို့ ရွေးချယ်လိုက်ပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။

Comment

Leave a Reply

Options

not work with dark mode
Reset