အခန်း (၅၆၅) တာအိုပညာရှိဟန်
‘တာအိုရယူဖို့ လမ်းညွှန်ပေးမယ်…’ ဟန်ထော်ရဲ့ အသက်ရှူသံဟာ မြန်သွားပါတယ်။ တာအိုရယူဖို့က သူနဲ့ အဝေးကြီးလိုသေးတယ် ဆိုပေမဲ့လည်း တာအိုရယူဖို့က အရမ်းခက်ခဲတယ်ဆိုတာကို ဟန်ထော် သိပါတယ်။ တာအိုပညာရှိအတု အဆင့်နဲ့တင် ပြတ်ကျန်ခဲ့တဲ့ ပါရမီရှင်တွေ မနည်းပါဘူး။ ဒီထက်ပိုမြင့်တဲ့ တာအိုရယူတာကတော့ ပြောမနေပါနဲ့။
ဟန်ထော်က ပြောလိုက်ပါတယ် “ကျေးဇူးပါ တာအိုပညာရှိ… ကျွန်တော် နားလည်ပါပြီ”
ဟန်ထော်ဟာ ချက်ချင်း မတ်တတ်ရပ်ပြီး ထွက်ခွာသွားပါတယ်။ ဟန်ထော်ဟာ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ကနေ ထွက်ခွာလာပြီးနောက်ပိုင်း အိပ်မက်မက်နေရာကနေ နိုးထသွားပြီး သူ့ကိုယ်သူ လှောင်ရယ်လိုက်ပါတယ်။
‘ဒါက ငါ့ကို အခွင့်အရေး ပေးတာ မဟုတ်ဘူး၊ အထင်အမြင်သေးတာ… ရတယ်… ငါ ဟန်ထော်ကလည်း လောကကြီးကို လှည့်လည်ဖို့ ဘယ်တုန်းက သူများကို မှီခိုခဲ့ဖူးလို့လဲ’
ဟန်ထော်ရဲ့ မျက်လုံးတွေဟာ ပြန်ပြီးတော့ ခိုင်မာပြတ်သားသွားပါတယ်။ တိတ်ဆိတ်ဂိုဏ်းက သူ့ကို လက်မခံချင်တဲ့အတွက် ဟန်ထော်ဟာ တိတ်ဆိတ်ဂိုဏ်းကို ခေါင်းထဲကနေ ထုတ်လိုက်ပါတယ်။
‘နှစ်တစ်သန်းတဲ့လား…’ ဟန်ထော်ရဲ့ မျက်လုံးတွေဟာ ပိုပိုပြတ်သားလာပြီး ဒီအကြောင်းတွေးနေတာကို ရပ်လိုက်ပါတယ် ‘ကြည့်ရတာ ငါက လွတ်လွတ်လပ်လပ်နေဖို့ မွေးဖွားလာပုံပဲ…’
ဟန်ကျွယ်ဟာ ဟန်ထော်ရဲ့ အတွင်းစိတ်ထဲမှာ စိတ်ဓာတ်ကျတာနဲ့ မကျေနပ်မှုတွေ ရှိနေတာကို အာရုံခံမိပါတယ်။ တကယ်တော့ ဟန်ထော်အတွက် ဒီကိစ္စက မကောင်းတာတော့ မဟုတ်ပါဘူး။
‘သား… ငါ မင်းကို သွားခွင့်ပြုလိုက်တာ ငါ မင်းကို အကြွင်းမဲ့ ကာကွယ်နိုင်တယ်လို့ ယုံကြည်ချက်ရှိလို့ပဲ’ ဟန်ကျွယ်ဟာ သက်ပြင်းတစ်ချက် ချလိုက်ပါတယ်။
ဟန်ကျွယ်ဟာ ဟန်ထော် ကြီးပြင်းလာတာကို ကြည့်နေတဲ့သူ ဖြစ်ပါတယ်။ ဟန်ကျွယ် လိုချင်တာက ဟန်ထော်ကို ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိပြီး အဖေရဲ့ အရိပ်အောက်မှာ မျက်လုံးစုံမှိတ်မနေဘဲ ကိုယ့်လမ်း ကိုယ်လျှောက်တဲ့လူ ဖြစ်စေချင်တာပါ။
ဟန်ကျွယ်ဟာ ဟန်ထော်ရဲ့ လက်ရှိအတွေ့အကြုံတွေကို အလွန်တရာမှ ကျေနပ်ပါတယ်။ ဟန်ထော်ဟာ စဉ်းစားချင့်ချိန်တက်ပြီး စွမ်းအားကြီးရန်သူတွေကို မကြောက်ပါဘူး။
ပဋိပက္ခနယ်မြေမှာ ရုပ်သွင်ငါးခု ပေါ်လာပါတယ်။ သူတို့တွေဟာ တစ်ယောက်မျက်နှာ တစ်ယောက် မမြင်နိုင်ကြပါဘူး။
ကျိုးဖန်က ဂုဏ်ယူစွာ ပြောလိုက်ပါတယ် “ဒီအတောအတွင်း ငါ ပဋိပက္ခမြို့မှာ တော်တော်လေး အဆင်ပြေတယ်၊ ပါရမီရှင်တော်တော်များများကို ငါ့လက်အောက်ငယ်သားအဖြစ် စုဆောင်းထားတယ်”
တာအိုအရှင်သခင်က နှာခေါင်းရှုံ့လိုက်ပါတယ် “ကျင့်ကြံဖို့လည်း မမေ့နိုင်အုန်း”
“ဘယ်လိုလုပ်ပြီး မေ့ရမှာလဲ”
ကျိုးဖန်ဟာ ယီတျန်ကို လှည့်ကြည့်လိုက်ပါတယ် “သူငယ်ချင်းလေး… မင်းက အခုဆို အတော်လေး ကျော်ကြားနေပြီ၊ မင်းနာမည်က ပဋိပက္ခမြို့ဆီကိုတောင် ရောက်လာတာ၊ နတ်ဆိုးတွေနောက်ကို မလိုက်နဲ့၊ ငါ မင်းကို တိတ်ဆိတ်ဂိုဏ်း ဒါမှမဟုတ် ပဋိပက္ခမြိုနဲ့ မိတ်ဆက်ပေးမယ်၊ ဒီလိုဆိုရင် ကျင့်ကြံမှုရင်းမြစ်ကောင်းတွေကို မင်း အလွယ်လေး ရနိုင်လိမ့်မယ်”
ယီတျန်ဟာ ခေါင်းခါလိုက်ပါတယ် “ကျုပ်က ဘာရင်းမြစ်မှ မလိုဘူး၊ အရင်တုန်းက ကျုပ်ပြောထားသလိုပဲ၊ ကျုပ်အရည်အချင်းက လောကမှာနံပါတ်တစ်ပဲ”
“အဲဒါက မင်း ငါ့ရှေ့မှာ ရပ်မနေလို့လေ၊ မဟုတ်ရင် လက်ဝါးတစ်ချက်တည်းနဲ့ မင်းကို ဒူးထောက်အောင် လုပ်လို့ရတယ်”
“ခင်ဗျားက ကျုပ်ထက် နှစ်သောင်းချီပိုပြီး ကျင့်ကြံထားတာ မဟုတ်ဘူးလား၊ ကျုပ်က အနာဂတ်မှာ ကျိန်းသေပေါက် တာအိုပညာရှိ ဖြစ်လာမှာ၊ ခင်ဗျားက အများဆုံး တာအိုပညာရှိအတုအဆင့်ပဲ ရောက်မှာ”
“ဟီးဟီး… မင်းက ဘယ်လိုလုပ်ပြီး တာအိုပညာရှိ ဖြစ်နိုင်မှာလဲ”
ကျိုးဖန်နဲ့ ယီတျန်ဟာ တစ်ယောက်နဲ့ တစ်ယောက် သူနိုင်ကိုယ်နိုင် စကားများကြပါတော့တယ်။
ကျောက်ရွှမ်ယွမ်ကတော့ ဟန်ထော်ကိုကြည့်ပြီး မေးလိုက်ပါတယ် “တိတ်ဆိတ်ဂိုဏ်းကို ဘာဖြစ်လို့ မလာတာလဲ”
“တိတ်ဆိတ်ဂိုဏ်းချုပ်က ကျွန်တော့်ကို နှစ်တစ်သန်းအတွင်း တာအိုပညာရှိအတုဖြစ်လာရင် တပည့်အဖြစ်လက်ခံမယ်လို့ ပြောလိုက်တယ်”
တာအိုအရှင်သခင်နဲ့ တခြားနှစ်ယောက်ဟာ ဟန်ကျွယ်ရဲ့ သရုပ်မှန်ကို ထုတ်မပြသလို ဟန်ကျွယ်နာမည်ကိုလည်း ထုတ်မပြောပါဘူး။ ဟန်ကျွယ်ကိုယ်တိုင်လည်း ပဋိပက္ခနယ်မြေမှာ ရှိနေတုန်းက သူ့အကြောင်းကို ဖုံးကွယ်ထားခဲ့တာ မဟုတ်ပါလား။
တာအိုအရှင်သခင်က ခေါင်းခါပြီး ပြောလိုက်ပါတယ် “မင်းရဲ့ မျိုးရိုးကလည်း ဟန်ပဲ၊ ဂိုဏ်းချုပ် စိတ်ထဲထိလိမ့်မယ်လို့ ငါ ထင်ထားတာ၊ ဒီလိုဖြစ်မယ် မထင်ထားဘူး…”
ဟန်ကျွယ်က တာအိုပညာရှိအတုအဆင့် မရောက်ဘဲ အပြင်မထွက်ဖို့ တင်းကြပ်စွာ တားမြစ်ထားပါတယ်။ အခုတော့ ဒီစည်းကမ်းက အပြင်လောကအထိ ဆန့်တန်းသွားပုံပါပဲ။
ဟန်ထော်က သိချင်စိတ်နဲ့ စပ်စုလိုက်ပါတယ် “တိတ်ဆိတ်ဂိုဏ်းချုပ်ရဲ့ နာမည်က ဟန်နဲ့စတာလား”
ကျိုးဖန်ဟာ တာအိုအရှင်သခင်ကို စိန်းစိန်းဝါးဝါးကြည့်ပြီး ကြိမ်းမောင်းလိုက်ပါတယ် “မဟုတ်တာတွေ လျှောက်မလုပ်နဲ့၊ တာအိုပညာရှိရဲ့ နာမည်ကို ဘယ်လိုလုပ်ပြီး ထုတ်ပြောရတာလဲ”
တာအိုအရှင်သခင်ဟာ သူ့စကားမှားသွားမှန်း သိလိုက်တဲ့အတွက် မနေနိုင်ဘဲ ခေါင်းခါလိုက်ပါတယ်။
ကျောက်ရွှမ်ယွမ်က ပြုံးလိုက်ပါတယ် “မမေးနဲ့၊ လောကမှာ ဟန်မျိုးရိုးနဲ့ လူတွေ အများကြီး၊ မျိုးရိုးနာမည်တူတာနဲ့ပဲ ဂိုဏ်းချုပ်က ဘယ်လိုလုပ်ပြီး တပည့်အဖြစ်လက်ခံရမှာလဲ၊ ဟုတ်တယ်မလား… နောက်ပြီး ငါတို့တွေ ဆက်ဆံရေးကို ကြုံရာကျပမ်း လျှောက်ပြောလို့ မရဘူး”
ဟန်ထော်ဟာ ခေါင်းညိတ်လိုက်ပါတယ်။
ယီတျန်ဟာ နှာခေါင်းရှုံ့လိုက်ပါတယ် “သူက တာအိုပညာရှိဖြစ်တော့ ဘာဖြစ်လဲ၊ ငါလည်း မကြာခင် တာအိုပညာရှိ ဖြစ်လာတော့မှာ၊ ညီအစ်ကိုတို့ ဒီနှစ်ထဲမှာ လူတစ်ယောက်က ပဋိပက္ခရုပ်ခန္ဓာ ရှိချင်ယောင် ဆောင်နေတယ်၊ ဒါပေမဲ့ ဒီကောင်က ဒီနေရာကို ရောက်မလာဘူး၊ ငါတို့တွေ သူ့ကို သွားရှင်းသင့်တယ်လို့ ထင်တယ်၊ ဒီကောင်က မိုးကောင်းကင်မျိုးနွယ်စုထဲမှာ…”
ယီတျန်ရဲ့ စကားကြောင့် ကျောက်ယွမ်ရွှမ်က ဒေါသတကြီး ပြောလိုက်ပါတယ် “မင်းက တကယ်ကို နတ်ဆိုးတွေရဲ့ အမဲလိုက်ခွေးပဲ၊ မင်းက ဒီအခွင့်အရေးကို အမိဖမ်းပြီး ငါတို့ကို မိုးကောင်းကင်မျိုးနွယ်စုနဲ့ ရင်ဆိုင်စေချင်တာမလား၊ မိုးကောင်းကင်မျိုးနွယ်စုနောက်မှာ တိတ်ဆိတ်ဂိုဏ်း ရှိနေတာကို မင်း မသိဘူးလား”
ယီတျန်ဟာ မှင်သက်သွားပြီး တအံတဩ ပြန်မေးလိုက်ပါတယ် “တိတ်ဆိတ်ဂိုဏ်းက မိုးကောင်းကင်မျိုးနွယ်စုကို ထောက်ပံ့နေတာလား၊ ဒီကိစ္စကို ကျုပ် ဘယ်လိုလုပ်ပြီး မသိရတာလဲ”
ဟန်ထော်က ကူကယ်ရာမဲ့စွာ ပြောလိုက်ပါတယ် “ငါ သိပြီးပြီ၊ မင်းက တစ်နေ့ကုန် တိုက်ခိုက်နေပြီး ဘေးနားမှာရှိတဲ့ လက်အောက်ငယ်သားတွေကလည်း ကပ်ဖားရပ်ဖားတွေဆိုတော့ လောကကြီးရဲ့ အဖြစ်အပျက်တွေကို မင်း ဘယ်လိုလုပ်ပြီး နားလည်နိုင်မှာလဲ”
ယီတျန်ဟာ ဘာမှပြန်မပြောပါဘူး။ ဟန်ထော် မဟုတ်ဘဲ တခြားလူဆိုရင် ယီတျန်ဟာ ကျိန်းသေပေါက် ပြန်လှန်ပြောမှာပါ။ ဒါပေမဲ့ ဟန်ထော်စကားကိုတော့ ယီတျန်ဟာ မငြင်းဆန်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့နှစ်ယောက်က မိတ်ဆွေကောင်းတွေ ဖြစ်တဲ့အတွက် ဟန်ထော်က သူ့အသက်ကိုလည်း ကယ်တင်ထားဖူးလို့ပါ။
မျက်တောင်တစ်ခတ်အတွင်း နှစ်တစ်ထောင် ကုန်ဆုံးသွားပါတယ်။ ဟန်ကျွယ်ဟာ ကောင်းကင်အရှင်ဝူဖာကို သိမ်းသွင်းပြီးကတည်းက ဘာပြဿနာမှ မတွေ့ရတဲ့အတွက် အချိန်ကုန်ဆုံးတာက တကယ်ကို လျင်မြန်လွန်းပါတယ်။
ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုကလည်း ပုံမှန်တိုးတက်လို့ လာပြီး လောကဦးပဋိပက္ခ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ် နောက်ဆုံးအဆင့်နဲ့ တဖြည်းဖြည်း နီးကပ်လာပါတယ် ‘ဒီလိုမျိုးသာ အချိန်တိုင်း ဆက်ကျင့်ကြံရရင် ဘယ်လောက် ကောင်းလိုက်မလဲ’
ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပြီး သူ့မိတ်ဆွေတွေ အကြောင်းကို သိချင်တဲ့အတွက် စာစောင်တွေကို စစ်ဆေးလိုက်ပါတယ်။
[သင့်မိတ်ဆွေ လွမ်ဟွေ အင်မော်တယ်ဧကရာဇ်သည် ကျိန်စာတိုက်ခံခဲ့ရ၏။]
[သင့်မိတ်ဆွေ မိစ္ဆာ ကောင်းကင်ဧကရာဇ်သည် အင်မော်တယ်ကမ္ဘာသို့ ပြန်လာရာ သင့်မိတ်ဆွေ ချုံရှီလိုင်၏ နှင်ထုတ်မှုကိုခံရပြီး ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]
[သင့်တပည့် ကျိုးဖန်သည် ကျယ်ကျောင်းတော် ကျင့်ကြံသူများ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၁၂၃၀၉
[သင့်တပည့် ဖန်းလျန်သည် မိုးကောင်းကင်မျိုးနွယ်စု အင်မော်တယ် နတ်ဘုရားများ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၆၃
[သင့်မိတ်ဆွေ ချုံရှီလိုင်သည် ကျိန်စာတိုက်ခံခဲ့ရ၏။]
[သင့်မိတ်ဆွေ ဧကရာဇ်ရှောင်သည် ကျိန်စာတိုက်များပြီး တာအိုနှလုံးသား ဖရိုဖရဲ ဖြစ်သွား၏။]
[သင့်မိတ်ဆွေ ရှီတုတောက်သည် သင့်မိတ်ဆွေ လီတောက်ခုံး တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။]
[သင့်တပည့် ဂျိရှင်းရှန်သည် ကျိန်စာတိုက်ခံခဲ့ရ၏။]
‘ဒီဧကရာဇ်ရှောင်က… အမှောင်သခင်ကြီးယောင် ဆောင်ပြီး လူတွေကို ကျိန်စာ လျှောက်တိုက်နေတာလား… ဒီကောင်က ငါ့အပေါ်ကို အပြစ်ပုံချနေတာပဲ’ ဟန်ကျွယ်ဟာ စိတ်ထဲမှာ မပျော်မရွှင် ဖြစ်သွားပါတယ်။
တာအိုပညာရှိတွေဟာ ကျိန်စာဆိုတာကို ကြားတာနဲ့ အမှောင်သခင်ကြီးကို ပြေးမြင်ကြမှာ ကျိန်းသေပါတယ်။ သူက အမှောင်သခင်ကြီးဆိုတာကို ဘယ်သူမှ ခန့်မှန်းနိုင်မှာ မဟုတ်ပေမဲ့ ဧကရာဇ်ရှောင်က သူ့နာမည်ကို အသုံးချနေတဲ့အတွက် ဟန်ကျွယ်ဟာ မပျော်တော့ပါဘူး။ ဘာပဲဖြစ်ဖြစ် အမှောင်သခင်ကြီးက ဟန်ကျွယ်ရဲ့ နောက်ထပ်နာမည်တစ်ခု မဟုတ်ပါလား။
ဟန်ကျွယ်ဟာ စာစောင်တွေကို ဆက်ဖတ်ပါတယ်။ အဖြစ်အပျက်တွေက အများကြီးဆိုပေမဲ့ ဟန်ကျွယ်နဲ့ဆိုင်တဲ့ကိစ္စ သိပ်မရှိပါဘူး။
ဟန်ထော်ကတော့ စွန့်စားမှုတွေ စလုပ်နေပါပြီ။ ဒါပေမဲ့ ကပ်ဘေးရန်ငြိုး ရှိနေတာကြောင့် ဒုက္ခရောက်မှာကို သိပ်ပြီးတော့ စိုးရိမ်စရာ မလိုပါဘူး။
တစ်နာရီကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ချုံရှီလိုင်ရဲ့ အိပ်မက်ထဲကို သွားလည်ပြီး ပြန်လည်မွေးဖွားခြင်း လျှို့ဝှက်နယ်မြေအကြောင်း မေးမြန်းပါတယ်။
အိပ်မက်နယ်မြေ။
ချုံရှီလိုင်က ပြန်ဖြေပါတယ် “ငါ အမှောင်ဘုရင် တာအိုပညာရှိကို ရှာမတွေ့ဘူး၊ ဒီကောင်က တော်တော် သတိကြီးတယ်”
“ဒါဆို ပြန်လည်မွေးဖွားခြင်း လျှို့ဝှက်နယ်မြေကို ဘာလို့ မဖျက်ဆီးတာလဲ” ဟန်ကျွယ်က မေးခွန်း ပြန်ထုတ်လိုက်ပါတယ်။
“ဖျက်ဆီးလို့မရဘူး၊ ဒီလျှို့ဝှက်နယ်မြေက ကောင်းကင်တာအိုမျိုးနွယ်စု တစ်ဖြစ်လဲ နဂါးမျိုးနွယ်စုရဲ့ နယ်မြေဖြစ်ခဲ့ဖူးတယ်၊ ဒီလျှို့ဝှက်နယ်မြေကို ဖျက်ဆီးလိုက်ရ၍် ကောင်းကင်တာအိုမှာ ဟာကွက်ပေါ်သွားလိမ့်မယ်၊ ဒီလိုဆိုရင် ကောင်းကင်တာအို အပြင်ဘက်မှာရှိတဲ့ အင်အားစုတွေက ဒီဟာကွက်နေ ကောင်းကင်တာအိုထဲကို တိုးဝင်လာလိမ့်မယ်”
“ဒီလိုကိုး… ဒါဆိုရင်လည်း ဒီနေရာကို တင်းတင်းကြပ်ကြပ် စောင့်ကြပ်သင့်တယ်၊ အမှောင်ဘုရင် တာအိုပညာရှိက ဒီနေရာကို ကျိန်းသေပေါက် တိုက်ခိုက်မှာပဲ”
“ဟုတ်တယ်၊ ငါ လီမုယဲ့ကို မေးပြီးပြီ၊ အမှောင်ဘုရင် တာအိုပညာရှိက တကယ်ကို စွမ်းအားကြီးတာ၊ တရှီကျဲ့ကမ္ဘာရဲ့ ကောင်းကင်တာအို ကံတရား အထောက်အပံ့ကြောင့်သာ မဟုတ်ရင် လီမုယဲ့က အမှောင်ဘုရင်တာအိုပညာရှိ လက်ကနေ လွတ်လာမှာ မဟုတ်ဘူး”
“ငါ ကြိုးကြိုးစားစား ကျင့်ကြံပြီး အနာဂတ်မှာ သူ့ကို ယှဉ်နိုင်အောင် ကြိုးစားမယ်၊ အဲဒီမတိုင်ခင် မင်းတို့တွေ သတိမလွတ်စေနဲ့”
“မစိုးရိမ်ပါနဲ့”
ဟန်ကျွယ်ဟာ အိပ်မက်ထဲကနေ ထွက်လိုက်ပါတယ်။ အကြောင်းအရင်း တချို့ကြောင့် ချုံရှီလိုင်ရဲ့ ဆက်ဆံပုံဟာ ဟန်ကျွယ်ကို စိတ်လေးစေပါတယ်။ ချုံရှီလိုင် သူ့ကို ဒီလောက်ထိ လေးစားနေတာက တကယ်ကို သံသယဝင်စရာ ကောင်းလှပါတယ်။
ဟန်ကျွယ်ဟာ သက်တမ်း ၄ ဘီလီယံသုံးပြီး တွက်ချက်ကြည့်လိုက်တဲ့အခါ ချုံရှီလိုင်က သူ့ကို မသတ်နိုင်မှန်း သိသွားပါတယ်။ ဒီတော့မှာပဲ ဟန်ကျွယ်ဟာ ရင်ထဲက အလုံးကြီး ကျသွားပါတယ်။
“အမှောင်ဘုရင် တာအိုပညာရှိက အင်မော်တယ်ကမ္ဘာကို ဘယ်တော့ တိုက်ခိုက်မှာလဲ”
[သက်တမ်း ၅၀ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[နှစ်ပေါင်း ၅ ဘီလီယံခန့်။]
‘ကြာလှချည်လား… ဒီလောက်ကြာမှာဆိုရင် ငါ ဒီကိစ္စကို မေ့ထားလို့ရတယ်’ အခုအချိန်မှာ ဟန်ကျွယ်ဟာ သက်တမ်း သန်း ၁၀၀ တောင် မပြည့်သေးပါဘူး ‘ဘာကိစ္စပဲဖြစ်ဖြစ် ငါ မဟာတာအိုပညာရှိအဆင့်ကို နှစ် ၅ ဘီလီယံအတွင်း ရောက်နိုင်ပါတယ်’
‘အခု ငါလုပ်ရမှာက အမှောင်ဘုရင် တာအိုပညာရှိကို ကျိန်စာမတိုက်ဖို့ပဲ၊ မဟုတ်ရင် အရင်လူတွေလိုမျိုး ကောင်းကင်တာအိုကို စောတိုက်မှာ ကျိန်းသေတယ်’
ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို တက်နိုင်သလောက် လျှော့သုံးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ ခေါင်းထဲက အတွေးတွေကို ရှင်းထုတ်ပြီး တာအိုဘုံကျောင်း အပြင်ဘက်ကို ကြည့်လိုက်ပါတယ်။ အပြင်ဘက်မှာ တပည့်တစ်ယောက်က အချိန်အတော်ကြာအောင် ဒူးထောက်နေပါတယ်။
လုံဟောင်။
လုံဟောင်ဟာ တိတ်ဆိတ်ဂိုဏ်းကို ပြန်ရောက်လာကတည်းက တော်တော်လေး ပြောင်းလဲသွားပါတယ်။ အရင်ကထက် ပိုရင့်ကျက်လားပြီး အရင်လိုမျိုး စကားမများတော့ပါဘူး။ ဒါက လုံဟောင် တိတ်ဆိတ်ဂိုဏ်းကို ပြန်ရောက်လာပြီး ဟန်ကျွယ်ကို ပထမဆုံးအကြိမ် လာရှာတာပါ။
မြန်မာပြည် ငြိမ်းချမ်းပါစေ။
Chapter – 565
? Views, Released on December 10, 2024