Chapter – 87
“ကျုပ်မတိုက်ခိုက်ချင်ဘူး”
ရဲရှောင်သည် အသက်မဲ့သည့် ပုံစံဖြင့် ရှိနေသော်လည်း ခနဲ့တဲ့တဲ့ ပုံစံလို ပေါက်နေပါသည်။
မင်းသား စတင် လုပ်ဆောင်ခဲ့သည့် အကြောင်းအရာ ဆိုသည်မှာ သူမ၀င်စားခင် ယခင်ရဲရှောင် အား အဆိပ်ခပ်ခဲ့သည့် ကိစ္စကို ဆိုလိုခြင်း ဖြစ်လေ၏။
သို့သော်လည်း မင်းသားသည် လုံးဝ ရိုးသားသကဲ့သို့ ရဲရှောင်၏ စကားများအား နားမလည်သလို ပုံစံ လုပ်နေလေ၏။
မည်သို့ပင်ဖြစ်စေ ရဲရှောင်သည် ထိုကိစ္စကိုလည်း အစဆွဲထုတ်ဦးမည် ဖြစ်၏။
သေဆုံးသွားခဲ့သည့် ယခင်ရဲရှောင်အတွက် ကလဲ့စား ချေပေးနိုင်မှသာ သူ့ရင်ထဲမှ အစိုင်အခဲ ပြေပျောက်မည် ဖြစ်လေသည်။
“အဓိပ္ပါယ်မရှိတာ . . .”
မင်းသား ရေရွတ်လိုက်မိ၏။ ရုတ်တရက် ပြုံးလိုက်ပြီး –
“မင်းပြောနေတာ အဓိပ္ပါယ် မရှိဘူး၊ ဒါနဲ့ အခု မင်းကို ငါက ညစာစားဖို့ ဖိတ်တယ် ဆိုတာက မင်းနဲ့ငါနဲ့ကြားက ကိစ္စလေးတွေ ဆွေးနွေးချင်လို့ပဲ . . .”
ရဲရှောင် မျက်စောင်းထိုးလိုက်ရင်း –
“ခင်ဗျားက ကျုပ်ကို ညစာစားဖို့ ဖိတ်တယ် ဆိုတာ အကြံနဲ့ကိုး . . . ဒါပေမဲ့ ဘာမှ ဆွေးနွေးနေစရာ မရှိပါဘူး။ အခု ခင်ဗျားစိတ်ထဲ ဘယ်လို ရှိနေတယ် ဆိုတာကိုပဲ သိချင်တယ် . . .”
“ရှင်းပါတယ် . . . တိုက်ပွဲတစ်ပွဲက အကုန်လုံးကို အဆုံးအဖြတ် ပေးနိုင်တယ်လေ”
မင်းသား တစ်ချက် ခေါင်းကုတ်လိုက်ရင်း –
“သာမန်ဆိုရင်တော့ ငါဒီလို နည်းလမ်းကို မသုံးချင်ပါဘူး၊ ဒါပေမဲ့လည်း မင်းသိတဲ့ အတိုင်းပဲ တစ်ခါတလေ တချို့သော ပြဿနာတွေက ဒီအတိုင်း ဖြေရှင်းလို့ မရဘူး၊ တိုက်ခိုက်တယ်ဆိုတာ နူးညံ့တဲ့ နည်းလမ်းတစ်ခု မဟုတ်ပေမဲ့ လက်ရှိအခြေအနေအရ အကောင်းဆုံး နည်းလမ်းပဲ”
ရဲရှောင် နားလည်ဟန်ဖြင့် ခေါင်းညိတ်ပြလိုက်ရင်း –
“မှန်တယ် . . . အခြေအနေတွေက ဒီလို ဖြစ်လာပြီကိုး၊ ခင်ဗျား ဘုရင်ဖြစ်တဲ့ အခါကျရင် ကျုပ်ရဲ့ အဖေအကြောင်းကို ပိုသိလာမှာပေါ့၊ အဲဒီကျရင်လည်း ကျုပ်ကို ဂရုစိုက်နေစရာ မလိုတော့ပါဘူး . . .”
မင်းသား၏ မျက်လုံးများ အေးစက်စက် ဖြစ်သွားလေသည်။
စစ်သူကြီးတို့ သားအဖသည် သူ့လည်ပင်းကို စူးနေသည့် အရိုးတစ်ချောင်းသဖွယ် ဖြစ်နေပြီး ရင်ဆိုင်ရန် မလွယ်ကူ ဖြစ်နေလေသည်။
ရဲရှောင်မှ –
“တကယ်တော့ ခင်ဗျား အမှန်တရားတွေဘာတွေ စဉ်းစားနေမဲ့အစား အစကတည်းကသာ ခင်ဗျား ယောက်ဖကို ကျုပ်နဲ့ လာပြီး ဇယားမရှုပ်ခိုင်းရင် သူလည်း သေမှာ မဟုတ်ဘူး၊ အခုချိန်လောက်ဆို မြို့ထဲက ခမ်းနားကြီးကျယ်တဲ့ နေရာတွေမှာ အချိန်တွေ ဖြုန်းလို့ ရလောက်ရောပေါ့ . . .”
ထိုမျှထိ ပြောပြီးနောက် ခဏနားနေလိုက်သည်။
မင်းသားကလည်း –
“သခင်လေးရဲ . . . ငါ့စိတ်ထဲမှာ နောက်ထပ် တစ်နည်း ရှိသေးတယ်။ မင်းရောငါရော အကျိုးရှိစေမဲ့ ကိစ္စပေါ့။ အခုချိန်တွေက ငါတို့အတွက် လမ်းကြောင်းတွေ အကုန်လုံး ပိတ်ဆို့ထားခံနေရပြီး ထွက်ပေါက် တစ်ပေါက်တည်း တွေ့နေရတဲ့ ပုံစံ ဖြစ်နေပြီ”
ထို့နောက် တစ်ဖက်သို့ လှည့်လိုက်ပြီး ကွမ်ဇန်ဝမ်ကို ကြည့်လိုက်ကာ –
“မင်း သခင်ကြီးကွမ်နဲ့ တိုက်ခိုက်ရမယ်။ ဒီတိုက်ပွဲ ပြီးရင် ဘယ်သူပဲ နိုင်နိုင် ပြဿနာ အားလုံး ပြေလည်ပြီးသား ဖြစ်မယ် . . .”
မင်းသား ရဲရှောင်အား လှမ်းကြည့်လိုက်ပြန်ရင်း သက်ပြင်းတစ်ချက်ချကာ –
“သခင်လေးရဲ . . . ငါလည်း ငါတို့ရဲ့ စစ်သူကြီးရဲနဲ့ ဇယား မရှုပ်ချင်ပါဘူး။ ငါ့ဘက်က လုပ်နိုင်တဲ့ ကိစ္စလောက်ကို ငါ့မိန်းမအတွက် လုပ်ပေးချင်လို့ပါ။ သူနဲ့ သူ့လူတွေလည်း ဒီကိစ္စပြီးရင် ဘာမှ ပြဿနာ ထပ်မလုပ်တော့ဘူးလို့ ငါယုံကြည်ပါတယ်။ သေတဲ့လူတွေကလည်း သေပြီလေ။ ပြဿနာ ရှည်နေတာ မကောင်းပါဘူး ဟုတ်တယ်မလား . . .”
ရဲရှောင်မျက်မှောင်တစ်ချက် ကြုတ်လိုက်ပြီး မင်းသား၏ဘေးတွင် ရပ်နေသည့် ကွမ်ဇန်ဝမ်အား တစ်ချက်ကြည့်လိုက်သည်။
မင်းသားမှ ကျန်လူများ အားလုံးကို ထွက်ခွာခိုင်းလိုက်ပြီး ကွမ်ဇန်ဝမ် တစ်ဦးတည်းကိုသာ ချန်ထား ခဲ့တယ် ဆိုကတည်းက ရဲရှောင်ဟာ အခြေအနေကို အနည်းငယ် ရိပ်မိနေခဲ့ပြီး ဖြစ်လေသည်။ အဖိုးကြီးဟာ သာမန်နှင့်မတူဘဲ အဆင့်မြင့် တိုက်ခိုက်ရေး ပညာရှင် တစ်ဦးပင် ဖြစ်နိုင်လေ၏။
အဖိုးကြီး ရှိနေသ၍ မင်းသားအနေဖြင့် ဘာကိုမျှ ကြောက်နေစရာ မလိုဟု ထင်မှတ်ထားပုံပါပင်။
ရဲရှောင် လေ့လာချက်အရ အဖိုးကြီးသည် ချန်နိုင်ငံတော်ကြီး၏ အကျော်အမော်တစ်ဦး ဖြစ်ခံပုံပါပင်။ အပြင်ပန်းတွင် နူးညံ့သိမ်မွေ့ပြီး လူကြီးလူကောင်းဆန်စွာ နေထိုင်တတ်သည့် လူကြီးလည်း ဖြစ်၏။
ထိုကဲ့သို့သော အဖိုးကြီးသည် စကားပြောရာတွင်လည်း အလွန်ကောင်းလှပြီး စကားလုံးတိုင်း ဓားသွားများကဲ့သို့ ထက်ရှစွာ ပြောဆိုနိုင်စွမ်း ရှိနေပြီး တိုက်ခိုက်ရာတွင်တော့ အသုံးမ၀င်သလို ဟန်ဆောင်ထားခြင်းလည်း ဖြစ်နိုင်လေ၏။
အိမ်ရှေ့မင်းသားသည် ရဲရှောင်နှင့် တိုက်ခိုက်ရန်အတွက် အဖိုးကြီးအား ရွေးချယ်လိုက်ခြင်းသည် ထူးဆန်းသော ကိစ္စတစ်ခု ဖြစ်လေ၏။ သာမန်အားဖြင့် မင်းသားသည် သူ့လူအား သေတွင်းသို့ သူကိုယ်တိုင် ပို့မည် မဟုတ်ပေ။ ထို့ကြောင့်ပင် ယခုရှိနေသည့် အဖိုးကြီးသည် အဆင့်မြင့် ပညာရှင်ကြီး တစ်ယောက် ဖြစ်နိုင်လေတော့၏။
ယခုအခါ ဖြစ်လာသမျှသည် ရဲရှောင် ကြိုတင် ခန့်မှန်းထားခဲ့ သလိုချည်းသာ ဖြစ်လေ၏။
ရုတ်တရက် ရဲရှောင် သတိထားရမည် ဖြစ်ကြောင်း အသိဝင်လာခဲ့သည်။
အဘယ်ကြောင့်ဆိုသော် ယခုတိုင်အောင် ပုံမှန် မဟုတ်သော အရာများကို သတိမပြုမိသေးလို့ ဖြစ်လေ၏။
သူ၏ အားကောင်းလှသည့် အာရုံခံနိုင်စွမ်းဖြင့်ပင် အဖိုးကြီးဆီမှ ထူးခြားမှု တစ်စုံတစ်ရာကို မခံစား မိသေးပေ။ ထိုကဲ့သို့ အာရုံမခံမိခြင်းမှာ ဖြစ်နိုင်ချေ တစ်ခုတည်းသာ ရှိလေသည်။ အဖိုးကြီး၏ အဆင့်မှာ ရဲရှောင်ထက် မြင့်နေသည် ဆိုတာကိုပင် ဖြစ်လေ၏။
သေချာသည့်အချက်မှာ မြေကြီးအဆင့်ထက် မြင့်သူတစ်ဦး ဖြစ်နိုင်ပြီး အနည်းဆုံးတော့ ကောင်းကင်အဆင့် ရှိသူတစ်ဦးပင် ဖြစ်နိုင်ပါသည်။
တနည်းအားဖြင့် ယခုအခါ ရဲရှောင် ရင်ဆိုင်ရမည်မှာ ကောင်းကင်အဆင့် ပညာရှင် တစ်ဦးနှင့်ပင် ဖြစ်ပါတော့သည်။ ဒ့ါအပြင် အိမ်ရှေ့မင်းသား၏ အပါးတော်တွင် အချိန်တိုင်း ရှိနေသည့် လူတစ်ယောက်၊ အိမ်ရှေ့မင်းသားမှ အားကိုး ယုံကြည်ရသည့် လူတစ်ယောက်တွင် ထူးခြား အစွမ်းထက်သည့် အစွမ်းများ ရှိနေမည်မှာ သေချာပေါက်ပင်။
ထို့ကြောင့် အဖိုးကြီးသည် ကောင်းကင်အဆင့်၏ ဆရာသခင် အဆင့်သို့ ရောက်ရှိ နေလောက်ပါပြီ။
အဆိုပါ ဆရာသခင် အဆင့်မှာ ကောင်းကင်အဆင့်၏ စွမ်းအား အရှိဆုံး ဖြစ်ပြီး မော်တယ်ကမ္ဘာ၏ အဆင့်မြင့်ဆုံးများဟု ဆိုနိုင်ပါသည်။
ရဲရှောင် စိတ်ထဲမှ မကျေမနပ် တွေးလိုက်မိတယ်။
(ခရီးတော်တော်ရောက်မှ ဖိနပ်ပြတ်သွားသလိုပဲ . . . ဘယ်လိုဖြစ်ပြီး ဒီလိုအဖိုးကြီးက ငါ့လမ်းကြောင်းကို ရောက်လာလဲ မသိပါဘူး . . .)
ကွမ်ဇန်ဝမ်မှ ရဲရှောင်အား ပြုံး၍ ကြည့်နေလေ၏။ သူ၏ အပြုံးသည် တည်ငြိမ် အေးချမ်းလှသည်။ နူးညံ့သော လေသံဖြင့် –
“အိမ်ရှေ့မင်းသားက သဘောထား ကြီးတဲ့ လူတစ်ယောက်ပါ။ ငြိမ်းချမ်းရေးကို တိုက်ခိုက်ခြင်း နည်းလမ်းနဲ့ ဖြေရှင်းချင်နေတယ်လေ။ အဲဒီတော့ ဒီပြဿနာတွေ အကုန် အပြီးသတ်သွားအောင် ငါက သခင်လေးရဲနဲ့ တိုက်ပေးရမှာပေါ့။ သခင်လေးရဲ . . . ငါတို့ ဘာမှ မစဉ်းစားနေဘဲ လက်ရည်စမ်းကြစို့၊ မင်းအနေနဲ့ သိပ်ပြီး သတိထားနေစရာတောင် မလိုလောက်ပါဘူး၊ ငါက အသက်ကြီးနေပြီလေ၊ အဲဒါကြောင့် သိုင်းကွက် ၂ ကွက်လောက်တောင် ခံနိုင်မယ် မထင်ဘူး . . .”
ချောင်းတစ်ချက်ခန့် ဆိုးလိုက်ပြီး ဆက်လက်၍ –
“သခင်လေးရဲ အနေနဲ့လည်း ဒီတိုက်ပွဲနဲ့ ပတ်သက်ပြီး ဘာမှ မပြောဘူး ထင်တယ်။ ဟဲဟဲ . . . ငါ့အတွက်ကလည်း ကိစ္စမရှိပါဘူး၊ မင်းရဲ့ အဆင့်က အခုဆို မော်တယ် အဆင့် ၉ လောက် ရှိရောပေါ့၊ ဟုတ်တယ်မလား၊ မြေကြီးအဆင့် ရောက်ဖို့ တစ်ဆင့်ပဲ လိုတော့တာလေ။ မင်းရဲ့ ငယ်ရွယ်တဲ့ အနေအထားနဲ့ဆို ဒီအဆင့်က တော်တော် ခရီးရောက်နေပြီ ပြောရမယ်။ ကျားရဲတစ်ကောင်က ဘယ်တော့မှ ခွေးလို သားတစ်ယောက်ကို မွေးထားမှာ မဟုတ်ဘူးဆိုတာ ငါသိပြီးသားပါ . . .”
ရဲရှောင်မှ –
“ခင်ဗျားက ကျုပ်ကို မြောက်နေတာလား . . .”
ရဲရှောင်သည် သူ၏ ကျင့်ကြံမှု အဆင့်ကို တမင်တကာ လျို့ဝှက်ထားတာ ဖြစ်သည်။ ထိုကဲ့သို့ ကျင့်စဉ်ကို လျို့ဝှက်ထားရန်အတွက် အရိပ်မဲ့ပျံသန်းခြင်း ကျင့်စဉ်ကို လည်ပတ်စေရလေ၏။ သူ၏ အငွေ့အသက်ကို လုံးဝ မထွက်ပေါ်အောင် ထိန်းထားနိုင်စွမ်း မရှိသည့်အတွက် တချို့သော လူများမှ မြင်နိုင်နေခြင်း ဖြစ်ပါသည်။ ကွမ်ဇန်ဝမ်မှ ရိပ်မိနေသည်ကို ကြည့်ခြင်းအားဖြင့် အဖိုးကြီး၏အဆင့်မှာ သာမန်တော့ မဟုတ်လောက်ပါချေ။
သို့သော်လည်း ရဲရှောင်၏ လျို့ဝှက်ထားနိုင်စွမ်းကြောင့် အကုန်အစင် မမြင်နိုင်ဘဲ အဆင့် ၉ မော်တယ်အဆင့်ဟုသာ ထင်မြင်မိခြင်း ဖြစ်လေ၏။ ရဲရှောင်အနေဖြင့် ယခုကဲ့သို့ အမြင်အား၊ အာရုံခံနိုင်အား ကောင်းလှသည့် လူတစ်ယောက်ကို ယခုဘ၀တွင် ပထမဆုံး အကြိမ်အဖြစ် မြင်ဖူးလိုက် ခြင်း ဖြစ်ပါတယ်။
မင်းသားပြောပုံအရ မင်းသားသည် သူနှင့်ကြားမှ ကိစ္စကို အဆုံးသတ်ချင်သလို စစ်သူကြီးရဲနှင့် လည်း ဇယားမရှုပ်ချင်ဟု ပြောခဲ့ခြင်း ဖြစ်သည်။ ရဲရှောင် အနေဖြင့် အဆိုပါ စကားများအား မယုံကြည်နိုင် ဖြစ်နေလေ၏။
(အဲဒီလောက်ထိ ဖြစ်နေရင် ဘာလို့ ငါ့ကို ညစာစားဖို့ ဖိတ်နေသေးလဲ၊ တိုက်ခိုက်ဖို့ဆိုပြီး တစ်နေရာရာ ချိန်းရောပေါ့ . . .
တကယ်လို့ ခင်ဗျား ပြောသလို ကတိမတည်ရင်ရာ ကျုပ်က ဘာလုပ်နိုင်မှာ မို့လို့လဲ . . .)
ကွမ်ဇန်ဝမ်မှ လက်ရည်စမ်းကြရအောင် ဟု ပြောသည့်အခါ ရဲရှောင် အထင်သေးသွားမိလေ၏။
(ငါသာ ယုံလိုက်ရင် ငါ့လောက် ရူးမိုက်တဲ့လူ ရှိမှာ မဟုတ်ဘူး၊ ကိုယ့်သေတွင်း ကိုယ်တူး လိုက်သလို ဖြစ်မှာပဲ . . . ဘာမှ မစဉ်းစားဘဲ လက်ရည်စမ်းမယ် ဟုတ်လား . . . ဟမ့် . . .)
ရဲရှောင် အတွေးနယ်ချဲ့နေမိလေ၏။
(လုံးဝ လိမ်ညာတာလည်း ဟုတ်ချင်မှ ဟုတ်လိမ့်မယ်။ ငါ့ကို အိမ်ရှေ့မင်းသားရဲ့ နန်းတော် ထဲမှာတော့ သတ်ရဲမှာ မဟုတ်လောက်ဘူး။ တကယ်တော့ အရာအားလုံး ပြေလည်ဖို့အတွက် ဒီနေရာကနေ အသက်ရှင်လျက်နဲ့ ပြန်ထွက်သွားနိုင်မှသာ အဆုံးသတ်လိမ့်မယ် . . .
ဆိုလိုချင်တဲ့ သဘောက သူတို့အနေနဲ့ ငါ့ကို တမင် ကျူးလွန်ခြင်း မရှိပါဘူး ဆိုပြီး လုပ်ကြံ ဇာတ်လမ်း ဆင်ဖို့ပဲ ဖြစ်မယ်။
ဒါပေမဲ့ သေချာတာက ငါ့ကိုလည်း လွယ်လွယ်ကူကူနဲ့ ပေးပြီး ပြန်မှာ မဟုတ်ဘူး၊ ဒီကလူတွေ အကုန်လုံးက ငါ့ကို သတ်ချင်နေကြတာ . . .
ဒါပေမဲ့ အခုကိစ္စက သူတို့အတွက်လည်း ဖြေရှင်းရခက်နေတဲ့ ပုစ္ဆာလို ဖြစ်နေမှာပဲ။
အဲဒီတော့ အခုလို ဘာမှ မစဉ်းစားဘဲ လက်ရည်စမ်းကြတာပေါ့ ဆိုတဲ့ စကားတစ်ခွန်းနဲ့ အကုန်လုံးကို ဟန်ချက် ထိန်းလိုက်တာပဲ . . .)
“သခင်ကြီးကွမ် ပြောတာ မှန်ပါတယ်။ ကျုပ်တို့တွေ ဘာမှ မစဉ်းစားဘဲ လက်ရည်စမ်းကြတာ အကောင်းဆုံး အနေအထားပါပဲ။ အိမ်ရှေ့မင်းသားရော သခင်ကြီးပါက စိတ်အား ထက်သန်နေမှတော့ ကျုပ်ကလည်း ခင်ဗျားတို့နောက် လိုက်ရတော့မှာပေါ့ဗျာ . . .”
ရဲရှောင် ပြောလိုက်သည်။
“ဒါပေမဲ့ ခင်ဗျားက အသက်ကြီးနေတဲ့ လူတစ်ယောက်၊ အဲဒီတော့ အနည်းနဲ့ အများတော့ ခံနိုင်ရည်ချင်းက ကွာမှာပဲ၊ ကျုပ်ရဲ့ အဆင့်က နိမ့်သေးတယ် ဆိုပေမဲ့ အကယ်၍ ကျုပ်က တိုက်ရင်း လက်လွန်သွားပါပြီတဲ့ ခင်ဗျားကို နာကျင်သွားစေမှာပေါ့ . . .”
ရဲရှောင် ပြောလိုက်သည့် စကားကို ကြားလိုက်ကြရသောအခါ အိမ်ရှေ့မင်းသားနှင့် အဖိုးကြီးတို့ ကြောင်ငေးသွားကြလေသည်။
(ဘယ်လို . . . သူဘာပြောလိုက်တာလဲ၊ သူက အသက်ကြီးတဲ့ အဖိုးကြီး တစ်ယောက်နဲ့ မတိုက်ချင်ဘူး ဆိုတဲ့ သဘောလား၊ အဲဒီလို မတိုက်ချင်တာကလည်း အဖိုးကြီးတစ်ယောက်ကို ဒဏ်ရာရ သေဆုံး သွားမှာစိုးလို့ ဆိုပဲ . . . ဘယ်လောက်တောင် အရှက်မရှိတဲ့ကောင်လဲ၊ သူ့အဆင့်နဲ့များ . . .)
ကွမ်ဇန်ဝမ်သည် လိမ္မာပါးနပ်သူ တစ်ဦးဖြစ်ပြီး တုန်လှုပ်သွားသော်လည်း ချက်ချင်းပင် –
“ကိစ္စမရှိပါဘူး . . . မင်းသားက သူ့ကတိသူ တည်မှာပါ၊ ပြဿနာတွေကို ဒီနည်းလမ်းနဲ့ ဖြေရှင်းဖို့ အတွက်ဆိုရင် ငါနာလည်း တန်ပါတယ်လေ . . . ဘာမှ မစဉ်းစားနေနဲ့တော့ . . .”
ရဲရှောင်မှ ရယ်မောလိုက်ပြီး –
“မဟုတ်သေးဘူး၊ မဟုတ်သေးဘူး . . . ကျုပ်တို့ မတိုက်နိုင်ဘူး၊ ခင်ဗျားက အသက်တော်တော် ကြီးနေပြီလေ၊ ခင်ဗျားအနေနဲ့ ရှုံးတာ ဘာမှ မဖြစ်ပေမဲ့ ကျုပ်က လူ့ဘောင်ထဲမှာ နေနေတဲ့ လူတစ်ယောက် ဗျ . . . ကျုပ်တို့ ဒီလို တိုက်ခိုက်ကြတာကိုသာ လူတွေ သိသွားကြရင် နပ်တဲ့လူတွေကတော့ ဒီတိုက်ပွဲဟာ အိမ်ရှေ့မင်းသား စီစဉ်တယ်ဆိုတာ သိကြမယ် ဆိုပေမဲ့ တခြားလူတွေ အမြင်မှာတော့ ကျုပ်က အဖိုးကြီး တစ်ယောက်ကို အနိုင်ကျင့်သလို ဖြစ်နေလိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် မဖြစ်သင့်တဲ့ တိုက်ပွဲကြီးပါဗျာ . . .”
မင်းသားနှင့် ကွမ်ဇန်ဝမ်တို့သည် ထိုစကားကိုပင် ထပ်မံ၍ ကြားလိုက်ကြရသောအခါ အံ့သြ သွားကြပြန်သည်။
(ဘယ်လိုတောင် အရှက်မရှိတဲ့ ကောင်ပါလိမ့် . . .)
အဖိုးကြီးမှ လေးနက်သော လေသံဖြင့် –
သခင်လေးရဲ . . . ဒါက အိမ်ရှေ့မင်းသားရဲ့ ဆန္ဒဆိုတာ မင်းလည်း သိပါတယ်။ ဒီဆုံးဖြတ်ချက်ကို ပြင်ဆင်မှာ မဟုတ်ဘူး . . . မင်းရဲ့ တိုက်ခိုက်မှုဒဏ်ကို ငါမခံနိုင်ရင်လည်း ထားလိုက်လေ၊ အဲဒီအတွက် ငါကလည်း မင်းကို အပြစ်တင်နေမှာမှ မဟုတ်တာ . . .”
ရဲရှောင် ပြုံးလိုက်ပြီးနောက် –
“စိတ်အေးအေးထားပါ . . . ကျုပ်မှာ တခြားနည်းလမ်း ရှိပါသေးတယ်။ မင်းသားရဲ့ ဆန္ဒလည်း ပြည့်ဝသွားအောင် ကျုပ်တို့လည်း ကိုယ်တိုင် တိုက်စရာ မလိုအောင်ပေါ့၊ ခင်ဗျားက ဒီလောက် အသက်ကြီးနေပြီဟာကို ကျုပ်က ဘယ်လိုလုပ် ရိုက်ရက်ပါ့မလဲ၊ ကျုပ်က သက်ကြီးဝါကြီးတွေကို လေးစား တယ်ဗျ . . .”
ကွမ်ဇန်ဝမ် စိတ်ထဲတွင် အတော်ကြီး ဒေါသထွက်နေပြီ ဖြစ်၏။ သို့သော်လည်း အပြင်ပန်းတွင် တော့ ပြုံးလျက်ဖြင့်ပင် –
“ငါတို့ကြားက အခြေအနေကို တစ်ချက်ခုတ် နှစ်ချက်ပြတ် အဆင်ပြေအောင် ဘယ်လို လုပ်မလဲ ငါသိချင်တယ်။ ပြောစမ်းပါဦး . . .”
ရဲရှောင် ဂုဏ်ယူဝံ့ကြွားသည့် လေသံဖြင့် –
“တစ်ချက်ခုတ် နှစ်ချက်ပြတ် ဆိုတာထက်ကို ပိုပါသေးတယ်ဗျာ၊ တစ်ချက်ခုတ် သုံးချက်ပြတ်ဗျ။ အဲဒီထက်တောင် ပိုနိုင်သေးတယ်။ ကျုပ်ရဲ့ အဖြေကို ခင်ဗျား တကယ် ကျေနပ်မှာ သေချာတယ်။ အထိရောက်ဆုံးနဲ့ အပြည့်စုံဆုံး ဖြေရှင်းနည်းပေါ့ . . .”
ကွမ်ဇန်ဝမ်မှာ ရဲရှောင်အား ထ၍ပင် ထိုးချင်နေပြီ ဖြစ်ပါသည်။ ထို့ကြောင့် ခပ်မာမာ လေသံဖြင့် –
“ပြောစမ်းပါ . . .”
ရဲရှောင်မှ –
“ခင်ဗျား ကျေနပ်မဲ့ အဖြေမျိုးပါ၊ ခင်ဗျားက နိုင်ငံတော်မှာ ထင်ရှားတဲ့ လူတစ်ယောက် . . . တိုက်ရ ခိုက်ရတာ ခင်ဗျားကို ထိခိုက် နာကျင်စေလိမ့်မယ်။ အဲဒီတော့ စကားစစ်ပဲ ထိုးကြမယ်လေ . . .”
“စကားစစ်ထိုးမယ် . . . ဟုတ်လား . . .”
“ဒီလိုဗျာ . . . ကျုပ်က ခင်ဗျားကို တိုက်ကွက်တစ်ကွက် သုံးမယ်လို့ ပြောလိုက်မယ်။ အဲဒီတိုက်ကွက်က ခင်ဗျားကို ဘယ်လို ထိမှန်စေမှာ ဆိုတာကို ပြောလိုက်မယ်။ ပြီးရင် ခင်ဗျားကလည်း ခင်ဗျားရဲ့ တိုက်ကွက်ကို ပြန်ပြော၊ ပြီးရင် ကျုပ်ကို ဘယ်လိုနည်းနဲ့ ကာကွယ်လိုက်မလဲ ဆိုတာကိုပေ့ါ၊ အဲဒီလိုပဲ ခင်ဗျားက ဘယ်လို တိုက်ခိုက်လိုက်တယ်၊ ကျုပ်ကလည်း ဘယ်လို ခုခံလိုက်တယ် ဆိုတာတွေ အပြန်အလှန် ပြောကြတာပေါ့၊ နောက်ဆုံးကျ အနိုင်ရတဲ့လူက ဘယ်သူလဲ ဆိုတာ ပေါ်မှာပဲလေ . . .”
ကွမ်ဇန်ဝမ်နှင့် အိမ်ရှေ့မင်းသားတို့ ၂ ဦးလုံး အလွန် ဒေါသထွက်သွားကြလေသည်။
ရဲရှောင်ကိုလည်း အံ့သြပြီးရင်း အံ့သြနေမိကြပါတော့သည် . . .။