အခန်း (၅၅၉) အသက် ၅၀,၀၀၀ ပြည့်ခြင်း၊ လောကဦးနတ်ဒေါသ
“ကျွန်တော် ဘာမှ မမျှော်လင့်ရဲပါဘူး၊ တာအိုပညာရှိရဲ့ စီစဉ်မှုကို နာခံပါ့မယ်” ဟွမ်ဇွမ်တျန်ဟာ ခေါင်းငုံ့ပြီး ခပ်တိုးတိုး ပြောလိုက်ပါတယ်။
ဂိုဏ်းချုပ်တျန်ကျွယ်ဟာ ဘာမှမပြောဘဲ ဟွမ်ဇွမ်တျန်ကို စိုက်ကြည့်လိုက်ပါတယ်။
ခန်းမတစ်ခုလုံး အပ်ကျသံ ကြားရလောက်တဲ့အထိ တိတ်ဆိတ်သွားပါတယ်။
အတန်ကြာတဲ့အခါမှာတော့ ဂိုဏ်းချုပ်တျန်ကျွယ်က အသာပြောလိုက်ပါတယ် “ဟွမ်ဇွမ်တျန်… မင်း တာအိုပညာရှိ ဖြစ်ချင်လား”
ဟွမ်ဇွမ်တျန်ဟာ မျက်ခုံးလှုပ်သွားပါတယ် “ဖြစ်ချင်ပါတယ်၊ ဒါပေမဲ့ ကျွန်တော် ကျယ်ကျောင်းတော်ကို ပိုကာကွယ်ချင်ပါတယ်၊ ကျယ်ကျောင်းတော် မရှိဘူးဆိုရင် ကျွန်တော် ဒီနေ့ ဒီနေရာကို ရောက်လာနိုင်မှာ မဟုတ်ပါဘူး”
ဂိုဏ်းချုပ်တျန်ကျွယ်က ပြောလိုက်ပါတယ် “ကံတရား အထောက်အပံ့ဂိုဏ်း အသီးသီးက တာအိုပညာရှိအသစ် နေရာအတွက် ယှဉ်ပြိုင်ကြလိမ့်မယ်၊ မင်းက ကျယ်ကျောင်းတော်မှာ တစ်ဦးတည်းသော အရည်အချင်း ပြည့်မှီသူပဲ၊ ငါ မင်းအတွက် လမ်းရှင်းပေးမယ်၊ မင်းလုပ်ရမှာက ကျယ်ကျောင်းတော်ကို အင်အားကြီးလာအောင် လုပ်ပြီး ကံတရား အထောက်အပံ့ဂိုဏ်းကို တိုးပွားအောင် လုပ်ရမယ်”
ဟွမ်ဇွမ်တျန်ဟာ မျက်မှောင်ကြုတ်သွားပါတယ် “ကျင်းတျန်ကုန်းက ဘယ်ရောက်နေလို့လဲ”
ဂိုဏ်းချုပ်တျန်ကျွယ်ဟာ နှာခေါင်းရှုံ့လိုက်ပါတယ် “သူက ငါတို့ကို သစ္စာဖောက်သွားပြီ၊ သူ့စိတ်က အမှောင်သခင်ကြီးဆီမှာပဲ ရှိတယ်၊ မဟုတ်ရင် ဂိုဏ်းချုပ်ရာထူးကို မင်းဆီ လွှဲအပ်မှာ မဟုတ်ဘူး”
ဟွမ်ဇွမ်တျန်ဟာ တိတ်ဆိတ်သွားပါတယ်။
“ဒီကိစ္စကို ဒီလိုပဲ သတ်မှတ်လိုက်တော့မယ်၊ နှစ်တစ်သောင်းအတွင်း ငါ တပည့်သန်းတစ်ရာနဲ့ နတ်မင်းအဆင့် ကျင့်ကြံသူ ငါးရာကျော် လိုချင်တယ်”
ဂိုဏ်းချုပ်တျန်ကျွယ်ရဲ့ စကားကြောင့် ဟန်ဇွေတျန်ဟာ စိတ်ထဲမှာ ကျိန်ဆဲလိုက်ပါတယ် ‘ခွေးအိုကြီး လူလို မတောင်းဘူး၊ နတ်မင်းအဆင့် ကျင့်ကြံသူကို ဟင်းရွက်ကန်စွန်းများ မှတ်နေလား မသိဘူး’
ဒါပေမဲ့ ဟွမ်ဇွမ်တျန်ဟာ တာအိုပညာရှိကို ရင်ဆိုင်နေရာတာမို့ ပါးစပ်က ထုတ်မပြောရဲပါဘူး။
တာအိုပညာရှိရဲ့ တာအိုစက်ကွင်းကနေ ထွက်ခွာလာပြီးနောက် ဟွမ်ဇွမ်တျန်ဟာ အင်မော်တယ်ကမ္ဘာကို ပြန်ဆင်းသက်ပါတယ်။ ဟွမ်ဇွမ်တျန်ဟာ ဂိုဏ်းချုပ်တျန်ကျွယ်ရဲ့ မဖြစ်နိုင်တဲ့ တောင်းဆိုမှုကြောင့် တိတ်ဆိတ်ဂိုဏ်းကို ပြန်သတိရသွားပါတယ်။
‘ဟင်း… ဂိုဏ်းချုပ်က ငါ့ကို ဘယ်တော့များမှ ပြန်ခေါ်မလဲ မသိဘူး…’
‘တိတ်ဆိတ်ဂိုဏ်းက စွမ်းအားကြီးနေပြီပဲ၊ ဘာဖြစ်လို့ ငါက ဒီနေရာမှာ ပုန်းနေရသေးတာလဲ၊ ဂိုဏ်းချုပ်မှာ ဒီထက်ကြီးမားတဲ့ ရည်မှန်းချက်ကြီး ရှိနေလို့များလား…’
ဟွမ်ဇွမ်တျန်ဟာ ဆက်ပြီးတော့ မတွေးရဲတော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူ ဆက်တွေးရင် တာအိုပညာရှိတွေ ရှာတွေ့သွားမှာကို ကြောက်လို့ပါ။ ဒါကြောင့် ဟွမ်ဇွမ်တျန်ဟာ ဒီကိစ္စကို မေ့ပစ်လိုက်ပါတယ်။
ဥတုရာသီ အလီလီ ပြောင်းလဲပြီး နှစ် ၈၀၀ ကျော် ကုန်ဆုံးသွားပါတယ်။
[သင်သည် အသက် ၅၀,၀၀၀ ပြည့်ပြီ ဖြစ်သောကြောင့် သင့်ဘဝတွင် နောက်ထပ် ခြေတစ်လှမ်း ထပ်လှမ်းလိုက်ပါပြီ။ သင့်တွင် အောက်ပါရွေးချယ်မှုများ ရှိသည်။]
[၁။ ဂူအောင်း ကျင့်ကြံရာမှထွက်၍ ကောင်းကင်တာအိုကို တစ်ဦးတည်း ထိန်းချုပ်ပါ။ ဆုလာဘ်အဖြစ် ဆန်းကြယ်စွမ်းအား တစ်ပါး၊ မဟာတာအို အပိုင်းအစ တစ်စနှင့် အကောင်းစား ရတနာတစ်ပါးအား ရရှိမည်။]
[၂။ သိုသိုသိပ်သိပ် ဆက်ကျင့်ကြံ၍ ကောင်းကင်တာအိုထက် သာလွန်အောင် ကြိုးစားကျင့်ကြံပါ။ ဆုလာဘ်အဖြစ် မဟာတာအို အပိုင်းအစ တစ်စနှင့် တာအိုပညာရှိအတု အဆင့်ရှိသည့် တာအိုစက်ကွင်း အစောင့်တစ်ပါးအား ရရှိမည်။]
ဟန်ကျွယ်ဟာ မျက်လုံးဖွင့်ပြီး ပြုံးလိုက်ပါတယ် ‘နောက်ဆုံးတော့ ရောက်လာပြီပဲ’
ဟန်ကျွယ်ဟာ နံပါတ်နှစ်ကို ရွေးချယ်လိုက်ပါတယ်။
[သင်သည် သိုသိုသိပ်သိပ် ဆက်ကျင့်ကြံရန် ရွေးချယ်ခဲ့သည့်အတွက် မဟာတာအို အပိုင်းအစ တစ်စနှင့် တာအိုပညာရှိအတု အဆင့်ရှိသည့် တာအိုစက်ကွင်း အစောင့်တစ်ပါးအား ရရှိပါသည်။]
နောက်ဆုံးတော့ ဟန်ကျွယ်ဆီမှာ မဟာတာအို အပိုင်းအစ ကိုးစ ပြည့်သွားပါပြီ။ တာအိုပညာရှိအတု အဆင့်ရှိတဲ့ တာအိုစက်ကွင်းအစောင့်ကလည်း သိပ်တော့ မဆိုးပါဘူး။ ဒီတစ်ကြိမ်မှာတော့ ဟန်ကျွယ်ဟာ စန့်ချွမ်အဂ္ဂဘိုးဘေးကို ပုံတူပွားဖို့ စီစဉ်ထားပါတယ်။
စန့်ချွမ်အဂ္ဂဘိုးဘေးက သူ့ကို အညံခံပြီး ဖြစ်တဲ့အပြင် အသွင်တူလက်ရည်စမ်းပွဲထဲမှာလည်း စန့်ချွမ်အဂ္ဂဘိုးဘေးရဲ့ အချက်အလက်တွေ ရှိနေတဲ့အတွက် စန့်ချွမ်အဂ္ဂဘိုးဘေးကို ပုံတူပွားတဲ့ကိစ္စက ခက်ခဲတဲ့ ကိစ္စတစ်ခု မဟုတ်ပါဘူး။
[တာအိုစက်ကွင်း အစောင့်အား စတင်ပုံတူပွားနေပါပြီ။]
ဟန်ကျွယ်ဟာ မဟာတာအိုအပိုင်းအစ ကိုးစကို ထုတ်ယူပြီး ပေါင်းစပ်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ မဟာတာအို သုံးသပ်နားလည်မှု အသစ်အတွက် အရင်ကတည်းက ကြိုတင်ပြင်ဆင်ထားပြီးသားပါ။ ဟန်ကျွယ်ဟာ မဟာညီညွတ်မှုရုပ်သွင်ကို အကြွင်းမဲ့ပေါင်းစပ်လို့ရတဲ့ မဟာတာအို ဆန်းကြယ်စွမ်းအားကို ဖန်တီးချင်နေတာ ဖြစ်ပါတယ်။
မဟတာာအို အပိုင်းအစ ကိုးစ ပေါင်းစပ်သွားတဲ့အခါမှာ အလွန်စူးရှတောက်ပတဲ့ အလင်းရောင် ထွက်ပေါ်လာပြီး ဟန်ကျွယ်ရဲ့ ရုပ်သွင်ကို လွှမ်းမိုးသွားပါတယ်။ ဒီလိုနဲ့ ဟန်ကျွယ်ဟာ မဟာတာအို သုံးသပ်နားလည်တဲ့ အခြေအနေကို ဝင်ရောက်သွားပါတယ်။
အင်မော်တယ်ကမ္ဘာ၊ ကျွန်းတစ်ကျွန်း။
ဆံဖြူလူငယ်တစ်ယောက်ဟာ တောင်ထိပ်ပေါ်မှာထိုင်ပြီး အရှေ့အရပ်ကို မျက်နှာမူထားပါတယ်။ သူ့ခန္ဓာကိုယ်ကိုတော့ မျက်စိနဲ့ မြင်နိုင်လောက်တဲ့ လေစွမ်းအင်က ဝန်းရံထားပါတယ်။ ကောင်းကင်ပေါ်ကနေ အလင်းတန်းတစ်ခုဟာ ဆံဖြူလူငယ်ရှေ့ကို ကျဆင်းလာပါတယ်။
တျန်မျက်လုံး ဖွင့်လိုက်တဲ့အခါ အသက်ခပ်ကြီးကြီး အသားနီနီ တာအိုရောင်းရင်း တစ်ဦးကို တွေ့လိုက်ရပါတယ်။
အသက်ကြီးကြီး တာအိုရောင်းရင်းဟာ ပြုံးပြီး ပြောလိုက်ပါတယ် “တျန်… မင်း ကျင့်ကြံအားထုတ်ချင်ရင် တာအိုကို ရှာဖွေဖို့ လိုအပ်တယ်၊ ငါ့ကို ဘာဖြစ်လို့ ဆရာသခင်အဖြစ် အသိအမှတ် မပြုတာလဲ”
တျန်က ပြန်ဖြေလိုက်ပါတယ် “ငါ့မှာ နာမည်အပြည့်အစုံရှိတယ်၊ ယီတျန်လို့ ခေါ်တယ်၊ ဆရာတင်ဖို့ကတော့ ငါမှာ ဆရာတစ်ယောက်မှ မလိုဘူး”
‘ယီတျန်’ အသက်ကြီးကြီး တာအိုရောင်းရင်းဟာ တစ်ခဏ စဉ်းစားလိုက်ပေမဲ့ ယီတျန်ဆိုတဲ့ နာမည်ရဲ့ ဆိုလိုရင်းကို နားမလည်ပါဘူး။
“မင်း ငါ့ကို ဆရာသခင်အဖြစ် အသိအမှတ် မပြုဘူးဆိုရင် မင်း ရမ်းသမ်းပြီးတော့ပဲ ကျင့်ကြံအားထုတ်နိုင်မှာ၊ ဒီလိုဆိုရင် အဆုံးမဲ့ပင်လယ်ကနေ ဘယ်တော့မှ ထွက်နိုင်မှာလဲ”
“ငါက ရမ်းသမ်းပြီး ကျင့်ကြံတယ်လို့ ဘယ်သူက ပြောလဲ” ယီတျန်ဟာ အသက်ကြီးကြီး တာအိုရောင်းရင်းကို အထင်သေးသွားပါတယ်။
အသက်ကြီးကြီး တာအိုရောင်းရင်း ဆက်မေးတာကို မစောင့်ဘဲ ယီတျန်က စိတ်မရှည်စွာ ပြောလိုက်ပါတယ် “မြန်မြန် ထွက်သွားချည်၊ မင်း နောက်တစ်ခါ ထပ်လာရင် ငါက အခုလို ယဉ်ကျေးနေမှာ မဟုတ်ဘူး”
အသက်ကြီးကြီး တာအိုရောင်းရင်းဟာ မျက်မှောင်ကြုတ်သွားပါတယ် “မင်း ဘာဖြစ်လို့ ဒီလောက်တောင် ခေါင်းမာရတာလဲ”
ယီတျန်ဟာ ချက်ချင်း မတ်တတ်ရပ်လိုက်ပြီး သူ့အမူအရာက ရက်စက်တဲ့အသွင်အပြင်ကို လျင်မြန်စွာ ပြောင်းလဲသွားပါတယ်။ သူ့ရဲ့ ဆံဖြူတွေကလည်း ရှည်ထွက်လာပြီး အဆိပ်ပြင်းတဲ့ မြွေပေါင်းသောင်းချီအသွင် ပြောင်းလဲသွားပါတယ်။ သူ့ရဲ့ ပိန်ပါးတဲ့ ခန္ဓာကိုယ်ကလည်း ကြွက်သားတွေ ထွက်လာပြီး ရောင်ဝါကလည်း ရုတ်တရက် ပြောင်းလဲသွားပါတယ်။ သတ်ဖြတ်ငွေ့က ကောင်းကင်ကိုတောင် တက်သွားတဲ့အတွက် ချက်ချင်းဆိုသလို ကောင်းကင်ပြင်မှာ မိုးကြိုးတိမ်တိုက်တွေ စုဝေးလာပါတယ်။
နှလုံးလှုပ်သွားတဲ့ အသက်ကြီးကြီး တာအိုရောင်းရင်းဟာ ချက်ချင်းကို ပျောက်ကွယ်သွားပါတယ်။
ဒီတော့မှာ ယီတျန်ရဲ့ အမူအရာဟာ နူးညံသွားပြီး အန္တရာယ်မပေးနိုင်ဘူးလို့ ထင်ရတဲ့ မူလပုံစံကို ပြန်ရောက်သွားပါတယ်။ ဒီကျင့်ကြံသူက ယီတျန် မောင်းထုတ်လိုက်တဲ့ ပထမဆုံး ကျင့်ကြံသူတော့ မဟုတ်ပါဘူး။
ယီတျန်ဟာ စိတ်အနှောင့်အယှက် ဖြစ်လာပါတယ် ‘ငါ့ကို တပည့်အဖြစ် လက်ခံချင်တဲ့လူက ဘာလို့ ဒီလောက်တောင် များနေရတာလဲ’ ယီတျန်ဟာ ကျင့်စဉ်တွေ ဆန်းကြယ်စွမ်အားတွေနဲ့အတူ မွေးဖွားလာတာမို့ ဘယ်သူကိုမှ ဆရာတင်စရာ မလိုပါဘူး။
ယီတျန်ဟာ အသက်တစ်ထောင်ပဲ ရှိသေးပေမဲ့ သူ့ကျင့်ကြံမှုက အင်မော်တယ်ဧကရာဇ် နဝမအဆင့်ကို ရောက်နေပါပြီ။ ဒီနေရာမှာရှိတဲ့ ကျွန်းပေါင်း တစ်ရာကျော်ကလည်း ယီတျန်ဆီမှာ အညံခံပြီးပါပြီ။ ယီတျန်ဟာ သူ့ရဲ့ လက်ရှိဘဝကို ကျေနပ်နှစ်သက်တဲ့အတွက် ဒီပင်လယ်ကနေ ထွက်မသွားချင်ပါဘူး။
ဒီအချိန်မှာပဲ ခေါင်းသုံလုံး သိမ်းငှက်တစ်ကောင် ပျံသန်းလာပြီး ယီတျန်ရှေ့မှာနားကာ တလေးတစား လျှောက်တင်လိုက်ပါတယ် “အရှင်မင်းကြီး… မြောက်ဘက်မှာ လူတစ်ယောက် ပင်လယ်ထဲ မျောပါလာတယ်၊ ဒီလူရဲ့ ရောင်ဝါက အတော်အားကောင်းတယ်၊ ဒါပေမဲ့ သူက နိုးလို့မရဘူး၊ ကျွန်တော်တို့တွေ သူ့ကို ကိုယ်လို့လည်း မရဘူး”
ခေါင်းသုံးလုံး သိမ်းငှက်ရဲ့ စကားကြောင့် ယီတျန်ဟာ စိတ်ဝင်စားသွားပြီး ပင်လယ်ထဲ မျောပါလာတဲ့လူကို သွားစစ်ဆေးပါတယ်။
ကီလိုမီတာသောင်းချီ အဝေးမှာ မရေမတွက်နိုင်တဲ့ ငှက်များစွာဟာ ပင်လယ်ပြင်မှာ စက်ဝိုင်းပုံစံ လှည့်ပတ်နေပါတယ်။ ဒါ့အပြင် အသွင်မပြောင်းရသေးတဲ့ ပင်လယ်သက်ရှိတွေလည်း အများကြီး ရှိနေပါတယ်။ ဒီသက်ရှိတွေရဲ့ အလယ်မှာတော့ သွေးချင်းချင်းနီနေတဲ့ လူတစ်ယောက် ပေါလောမျောနေပါတယ်။
ဒီလူက တခြားလူ မဟုတ်ပါဘူး။ ဟန်ထော်ပါ။
ဟန်ထော်ဟာ ပြင်းပြင်းထန်ထန် ဒဏ်ရာရထားပါတယ်။ တချို့နေရာတွေမှာဆို အရိုးတောင် ပေါ်နေပါတယ်။
ယီတျန်က လျင်မြန်စွာ ရောက်ချလာတဲ့အတွက် ဘေးနားက သက်ရှိတွေကို ကြောက်လန့်တကြား ထွက်ပြေးသွာစေပါတယ်။ ယီတျန်ရဲ့ အကြည့်ဟာ ဟန်ထော်ဆီ ရောက်သွားတဲ့အခါမှာ မျက်မှောင် ကြုတ်သွားပါတယ်။ အကြောင်းအရင်း တချို့ကြောင့် ဟန်ထော်ရဲ့ ရောင်ဝါက သူနဲ့ အရမ်းရင်းနှီးနေတယ်လို့ ယီတျန် ခံစားလိုက်ရပါတယ်။
နားလည်လွယ်အောင် ပြောရရင် ကိုယ်နဲ့တူတဲ့လူကို တွေ့လိုက်ရသလိုမျိုးပါ။
ယီတျန် လက်မြှောက်ပြီး ဝှေ့ယမ်းလိုက်တဲ့အခါ ဟန်ထော်ဟာ ပင်လယ်ထဲကနေ ထွက်လာပြီး ယီတျန်လက်ပေါ်ကို ရောက်သွားပါတယ်။ ယီတျန်ဟာ ဟန်ထော်ကို သယ်ဆောင်ပြီး မိုးကုပ်စက်ဝိုင်းအောက်မှာ မျက်တောင်တစ်ခတ်အတွင်း ပျောက်ကွယ်သွားပါတယ်။
တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်၊ တာအိုဘုံကျောင်းအတွင်း။
ဟန်ကွယ်ဟာ ရုတ်တရက် မျက်လုံးဖွင့်လိုက်ပါတယ်။ ဟန်ကျွယ် မျက်လုံးတွေက တောက်ပလင်းထိန်လာပြီး သူ့ရောင်ဝါကလည်း ဖိနှိပ်အား များလာပါတယ်။
“ဒီဆန်းကြယ်စွမ်းအားကို လေကဦးနတ်ဒေါသလို့ ခေါ်မယ်၊ ဒီဆန်းကြယ်စွမ်းအားက နတ်ဘီလူး အများကြီးရဲ့ စွမ်းအားကို တွဲစပ်နိုင်တယ်ဆိုတော့ ရန်သူကို တစ်ချက်တည်းနဲ့ သတ်ပစ်နိုင်တဲ့ အစွမ်းအထက်ဆုံး စွမ်းအားကို ထုတ်လွှတ်ပေးမှာပဲ” ဟန်ကျွယ်ဟာ သူ့ကိုယ်သူ ရေရွတ်လိုက်စဉ်မှာပဲ သူ့ရှေ့မှာ စာကြောင်းတစ်ကြောင်း ပေါ်လာပါတယ်။
[မဟာတာအို ဆန်းကြယ်စွမ်းအား လောကဦးနတ်ဒေါသကို ဖန်တီးခြင်းအတွက် ဂုဏ်ယူပါသည်။]
ဟန်ကျွယ်ဟာ ကိုယ်ရေးအကျဉ်းကို စစ်ဆေးလိုက်တဲ့အခါမှာ ၄၉ နှစ် ကုန်ဆုံးသွားတာကို တွေ့လိုက်ရပါတယ်။ ခုနစ် ခုနစ်လီ လေးဆယ့်ကိုး ဖြစ်တဲ့အတွက် နံပါတ်ခုနစ်က ကြိုတင်သတ်မှတ်ထားတဲ့ ကံတရား တစ်ခုလိုပါပဲ။
ဟန်ကျွယ်ဟာ အသွင်တူလက်ရည်စမ်းပွဲထဲမှာ လောကဦးနတ်ဒေါသကို စမ်းသပ်ပါတယ်။
လီမုယဲ့၊ တစ်ချက်တည်းသတ်။
ချုံရှီလိုင်၊ တစ်ချက်တည်းသတ်။
တောင်ဘက်စွန်း ကောင်းကင်အရှင်၊ တစ်ချက်တည်းသတ်။
တာအိုပညာရှိမင်ကျွယ်၊ တစ်ချက်တည်းသတ်။
ကောင်းကင်အရှင်ဝူဖာကိုတော့ ဟန်ကျွယ်ဟာ တစ်ချက်တည်း မသတ်နိုင်ပါဘူး။ ဒါပေမဲ့ အရင်လိုမျိုး ခုခံရတဲ့အခြေအနေ မဟုတ်တော့ပါဘူး။ အသာစီး ရလာပါတယ်။
အဲဒီနောက် ဟန်ကျွယ်ဟာ ဘိုးဘေးရှီတျန်ကို စိန်ခေါ်လိုက်ပါတယ်။ လောကဦးနတ်ဒေါသရဲ့ တိုက်ခိုက်မှုက ဘိုးဘေးရှီတျန်ရဲ့ ဆံခြည်တစ်မျှင်ကိုတောင် မထိခိုက်စေပါဘူး။
အသွင်တူလက်ရည်စမ်းပွဲထဲမှာ ဟန်ကျွယ်ဟာ လောကဦးနတ်ဒေါသကို ပိုပိုကျွမ်းလာပါတယ်။ တာအိုပညာရှိအဆင့်မှာ ဘယ်သူမှ လောကဦးနတ်ဒေါသကို မခုခံနိုင်ပါဘူး။ ကောင်းကင်တာအိုပညာရှိ ဆိုရင်တောင် လောကဦးနတ်ဒေါသက ကောင်းကင်တာအို ကံတရား အထောက်အပံ့ကို ဖြတ်တောက်နိုင်တဲ့အတွက် တစ်ချက်တည်းနဲ့ ကောင်းကင်တာအိုပညာရှိကို မရဏလမ်းဆီ ပို့ပေးနိုင်ပါတယ်။
ဟန်ကျွယ်ဟာ သူ့ဆန်းကြယ်စွမ်းအားကို အတော်လေး ကျေနပ်အားရသွားပါတယ်။
ဒီအတောအတွင်း တာအိုစက်ကွင်း အစောင့်ကလည်း ပုံတူပွားလို့ ပြီးသွားပါတယ်။ တာအိုစက်ကွင်း အစောင့်ဟာ တာအိုဘုံကျောင်းရဲ့ ထောင့်တစ်ထောင့်မှာနေပြီး ဟန်ကျွယ်ရဲ့ ညွှန်ကြားချက်ကို စောင့်ဆိုင်းနေပါတယ်။
“အခုအချိန်ကစပြီး မင်းနာမည်က ချောင်ချောင်ပဲ၊ အပြင်ပဲ သွားကျင့်ကြံချည်”
ချောင်ချောင်ဟာ ဟန်ကျွယ်ကို ချက်ချင်း ဦးညွှတ်ပြီး တာအိုဘုံကျောင်း အပြင်ကို ထွက်သွားပါတယ်။
ဟန်ကျွယ်ရဲ့ သုံးပြည်ထောင် စစ်တပ်မှာ နောက်ထပ်တစ်ယောက် တိုးသွားပြန်ပါပြီ။ စိတ်ကောင်းဝင်သွားတဲ့ ဟန်ကျွယ်ဟာ စာစောင်တွေကို စစ်ဆေးလိုက်ပါတယ်။ ဒါပေမဲ့ မကြာခင်မှာပဲ စာတစ်စောင်ကြောင့် ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။
[သင့်သား ဟန်ထော်သည် အမှောင်ဘုရင် တာအိုပညာရှိ၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]
မြန်မာပြည် ငြိမ်းချမ်းပါစေ။
Chapter – 559
? Views, Released on December 10, 2024