Switch Mode

Chapter – 558

အခန်း (၅၅၈) တိတ်ဆိတ်ဂိုဏ်း၏ အတွင်းရေး
ပဋိပက္ခနယ်မြေကို အသစ်ရောက်လာတဲ့လူက ကောင်းကင်တာအို သားတော်မှန်း ဟန်ကျွယ် သိလိုက်ပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ဟာ စိတ်မဝင်စားပါဘူး။ ဟန်ကျွယ်ဟာ ပဋိပက္ခနယ်မြေကိုတောင် မေ့ပျောက်လုနီး ဖြစ်နေပါပြီ။
ပုံမှန်ဆိုရင် ကျိုးဖန်၊ တာအိုအရှင်သခင်နဲ့ ကျောက်ရွှမ်ယွမ်တို့ဟာ ပဋိပက္ခနယ်မြေကို သွားလေ့မရှိပါဘူး။ ဒါပေမဲ့ အနန္တကမ္ဘာမြင်ကွင်းကတော့ အမြဲတမ်းလိုလို စည်းကား သိုက်မြိုက်နေတက်ပါတယ်။ တိတ်ဆိတ်ဂိုဏ်းတပည့်တွေဟာ လီတောက်ခုံး၊ ဟန်ယိုတို့နဲ့ စကားပြောပြီး အပြင်လောကမှာ ဘာတွေဖြစ်နေလဲဆိုတာကို မေးမြန်းပါတယ်။
“ဒါပဲလား”
တာအိုအရှင်သခင်က ချက်ချင်း ပြောလိုက်ပါတယ် “ဒီအသစ်ရောက်လာတဲ့ လူနှစ်ယောက်က အရည်အချင်း တော်တော်လေး မြင့်တယ်၊ နောက်ပြီး ကျွန်တော်လည်း အပြင်ထွက်ပြီး အခွင့်အရေး ရှာချင်တယ်”
‘အသစ်နှစ်ယောက်… တျန်အပြင် နောက်ထပ် တစ်ယောက် ရှိသေးတာလား…’
ဟန်ကျွယ်ဟာ နည်းနည်း စိတ်ဝင်စားသွားပေမဲ့ နောက်ဆုံးမှာတော့ ဂရုမစိုက်ဖြစ်တော့ပါဘူး “မင်းက တာအိုပညာရှိအတု အဆင့်ကို ရောက်ပြီလား”
“မရောက်သေးပါဘူး… ဒါပေမဲ့…”
“မင်းက ငါ့စကားကို ဆန့်ကျင်ချင်တာလား…”
“မဆန့်ကျင်ချင်ပါဘူး… မဆန့်ကျင်ချင်ပါဘူ…” ကြောက်လန့်သွားတဲ့ တာအိုအရှင်သခင်ဟာ ချက်ချင်း ရှင်းပြဖို့ ကြိုးစားပါတယ်။
“ငါ မင်းကို ထပ်ပြီးတော့ မကယ်ချင်တော့ဘူး၊ ငါ ပြောတာကို မင်း နားလည်တယ်မလား၊ နောက်တစ်ခါ မင်း အပြင်ထွက်ဖို့ ထပ်တောင်းဆိုရင် တာအိုပညာရှိဖြစ်မှပဲ အပြင်ထွက်ရလိမ့်မယ်”
“ကျွန်တော် နားလည်ပါပြီ၊ ကျွန်တော် ရိုင်းပျမိတာကို ခွင့်လွှတ်ပါ” တာအိုအရှင်ဟာ ဘာမှမတက်နိုင်တော့ပါဘူး။ ဟန်ကျွယ် ပြောတာကလည်း မမှားပါဘူး။ တာအိုအရှင်သခင်ဟာ ပြီးခဲ့တဲ့ကပ်ဘေးတုန်းက ဘေးအန္တရာယ်တွေကို ပြန်စဉ်းစားမိတိုင်း အခုထိ ရင်တုန်နေတုန်းပါ။
‘ကောင်စုတ်လေး… မင်းက ငါ့ကို လှည့်စားဖို့ ကြိုးစားနေတာပဲ’ တာအိုအရှင်သခင်ဟာ အခြေအနေကို ထိုးဖောက်မြင်သွားပြီး ရင်ထဲမှာ ကြောက်ရွံ့မှုတွေ စိုးမိုးသွားပါတယ်။
ဟန်ကျွယ်ဟာ လက်ဝှေ့ယမ်းပြီး တာအိုအရှင်သခင်ကို ထွက်သွားဖို့ ပြောလိုက်ပါတယ်။ တာအိုအရှင်သခင် ထွက်သွားပေမဲ့ ဟန်ကျွယ်ဟာ ပဋိပက္ခနယ်မြေကို မသွားသေးဘဲ ဟန်ထော်ဆီ အကြည့် ရောက်သွားပါတယ်။
ဟန်ထော်ဟာ အခုထိ ဂူအောင်း ကျင့်ကြံနေတုန်းပါ။ ဂူအောင်းကျင့်ကြံတာ အတော်ကြာပြီဖြစ်တဲ့အတွက် ဟန်ထော်ရဲ့ ကံတရား အထောက်အပံ့နဲ့ ကျော်ကြားမှုက အင်မော်တယ်ကမ္ဘာမှာ အတော်လေး အားနည်းသွားပါတယ်။ နာမည်မရှိတဲ့လူလို့တောင် ပြောလို့ရပါတယ်။
ဟန်ကျွယ်ဟာ ရုတ်တရက် အကြံတစ်ခု ရသွားပါတယ်။ အဲဒီအကြံကတော့ တျန်ကို ဟန်ထော်အတွက် ဓားသွားကျောက်တုံး လုပ်ဖို့ပါ။ ဟန်ထော်ဟာ သူ့ဘဝမှာ ရန်သူတော်ကြီး မရှိဘူးဆိုရင် ရှေ့ဆက်သွားဖို့က သိပ်ပြီးတော့ လွယ်ကူမှာ မဟုတ်ပါဘူး။
ဟန်ကျွယ်ဟာ သူ့မှာ စနစ်ရှိတယ်ဆိုပေမဲ့ သက်ရှိအားလုံးကို ရန်သူတော်ကြီးလို့ သဘောထားပြီး ဂူအောင်းကျင့်ကြံခဲ့လို့ အခုလိုမျိုး စွမ်းအားကြီးမားလာတာပါ။
အတန်ကြာ တွေးတောပြီးတဲ့ နောက်မှာတော့ ဟန်ကျွယ်ဟာ လက်မြှောက်လိုက်တဲ့အခါ အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး လျှပ်စီလိုမျိုး လျင်မြန်စွာ ပျောက်ကွယ်သွားပါတယ်။
ရာသီစက်ဝန်းဟာ ပုံမှန်လည်ပတ်ပြီး နောက်ထပ် နှစ် ၃၀၀ ကုန်ဆုံးသွားပါတယ်။ ကျင့်ကြံအားထုတ်နေတဲ့ ဟန်ကျွယ်ဟာ မျက်စိဖွင့်ပြီး စာစောင်တွေကို စစ်ဆေးလိုက်ပါတယ်။
[သင့်မိတ်ဆွေ မိစ္ဆာ ကောင်းကင်ဧကရာဇ်သည် လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီး ပုဂ္ဂိုလ်တစ်ပါး၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]
[သင့်မိတ်ဆွေ ချုံရှီလိုင်သည် ကောင်းကင်တာအို ကံတရား အထောက်အပံ့နှင့် ပေါင်းစပ်ပြီး ကျင့်ကြံမှုများစွာ တိုးတက်သွားသည်။]
[သင့်မိတ်ဆွေ လီတောက်ခုံးသည် သင့်မိတ်ဆွေ စန့်ချွမ်အဂ္ဂဘိုးဘေး၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]
[သင့်မိတ်ဆွေ ရှီတုတောက်သည် အမှောင်တားမြစ်နယ်မြေသို့ ဝင်‌ရောက်သွားသည်။]
[သင့်မြေးတပည့် ဖန်းလျန်သည် အမည်မသိ အချိန်-အာကာသ စွမ်းအား၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]
[သင့်သားဟန်ထော်သည် သွေးစည်း အရည်အသွေး တိုးတက်ပြီး ကျင့်ကြံမှု များစွာ တိုးတက်သွား၏။]
[သင့်မိတ်ဆွေ ဟန်မင်သည် ကျိန်စာတိုက်ခံခဲ့ရ၏။]
[သင့်မြေးတပည့် ချူရှီရန်သည် သင့်မိတ်ဆွေ ချုံရှီလိုင်၏ အိပ်မက်ပေးခြင်းကို ခံခဲ့ရသည်။]
စာစောင်တွေထဲက ဖော်ပြထားတဲ့ အခြေအနေဟာ ရှုပ်ထွေးလာပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ကတော့ စိတ်ဝင်တစား ဖတ်ရှုပါတယ်။
ဟန်ကျွယ်ဟာ ချုံရှီလိုင်က ချူရှီရန်ကို အိပ်မက်ပေးတာ တွေ့သွားပါတယ် ‘ဒီအဘိုးကြီးက ဘာလုပ်ဖို့ ကြိုးစားနေပြန်ပြီလဲ…’
ဟန်ကျွယ်ဟာ စာစောင်တွေကို ဖတ်ပြီးတော့မှ ချူရှီရန်ကို ခေါ်လိုက်ပါတယ်။ ချူရှီရန်ဟာ တာအိုဘုံကျောင်းထဲကို လျင်မြန်စွာ ရောက်ရှိလားပြီး ဟန်ကျွယ်ကို တလေးတစား ဦးညွှတ်လိုက်ပါတယ်။
ဟန်ကျွယ်က မေးလိုက်ပါတယ် “ဒီနှစ်ထဲ ကျင့်ကြံရတာ ဘယ်လိုနေလဲ”
ချူရှီရန်က ပြန်ဖြေပါတယ် “ပုံမှန်ပါပဲ”
အဲဒီနောက် ချူရှီရန်ဟာ တစ်ခဏတုံ့ဆိုင်းသွားပြီး ဆက်ပြောပါတယ် “ချုံရှီလိုက်က ကျွန်တော့်ကို အိပ်မက်ပေးတာ ဆရာဘိုးဘိုး သိလား”
“မသိပါဘူး”
ချူရှီလိုင်ဟာ အသက်ပြင်းပြင်း ရှူသွင်းပြီး ပြောလိုက်ပါတယ် “ချုံရှီလိုင်က ကျွန်တော့်ကို ဗုဒ္ဓဂိုဏ်းဆီ ပြန်သွားဖို့ မျှော်လင့်နေတယ်”
ဒီတစ်ခါမှာတော့ ချူရှီရန်ဟာ တာအိုပညာရှိဆိုတဲ့ စကားလုံးကိုတောင် မသုံးနှုန်းတော့ပါဘူး။ ဒါကို ကြည့်ခြင်းအားဖြင့် ချူရှီရန်က ဘယ်ဘက်ကလဲဆိုတာ သိသာလှပါတယ်။
“ဟုတ်လား… မင်းရော ဘယ်လိုထင်လဲ” ဟန်ကျွယ်ပုံစံမှ ဒီသတင်းကို အခုမှသိတဲ့ အတိုင်းပါပဲ။
ချူရှီရန်ဟာ ခေါင်းခါလိုက်ပါတယ် “ကျွန်တော် ပြန်မသွားချင်ဘူး၊ ကျွန်တော် ဗုဒ္ဓဂိုဏ်းကို ပြန်သွားရင် ထပ်ပြီးတော့ နယ်ရုပ်ဖြစ်လာအုန်းမှာ၊ တိတ်ဆိတ်ဂိုဏ်းမှာနေရတာက ကျွန်တော် စိတ်ဆန္ဒကို ဆန့်ကျင်ပြီး ဘာမှလုပ်စရာမလိုဘူး၊ အေးအေးဆေးဆေးလည်း ကျင့်ကြံလို့ရတယ်”
အရင်တုန်းကတော့ ချူရှီရန်ဟာ ကျင့်ကြံရတာကို အသေမုန်းခဲ့တာပါ။ အခုတော့ ကျင့်ကြံရတာကို အားရနေပြီး ကောင်းကင်ဘဝဂ်အဆင့်ကိုတောင် မကြာခင် ရောက်ရှိတော့မှာပါ။
ဟန်ကျွယ်က ပြောလိုက်ပါတယ် “ကြိုးကြိုးစားစား ကျင့်ကြံအားထုတ်ချည်၊ တာအိုပညာရှိအတု ဖြစ်တာနဲ့ မင်း ဒီကနေ ထွက်သွားလို့ရတယ်၊ ဒီတစ်ခုကိုတော့ မှတ်ထား၊ ငါ့မှာ တိတ်ဆိတ်ဂိုဏ်း တပည့်တွေအတွက် လိုက်နာရမဲ့အချက်တွေ အများကြီး မရှိဘူး၊ ဒါပေမဲ့ တိတ်ဆိတ်ဂိုဏ်းကို ဘယ်တော့မှ သစ္စာမဖောက်နဲ့၊ ဂိုဏ်းသားအချင်းချင်းလည်း မသတ်နဲ့၊ ဒီနှစ်ခုကို ကျူးလွန်လို့ကတော့ ငါ ပေးထားတဲ့ အရာမှန်သမျှကို ငါ ပြန်ယူနိုင်တယ်၊ ကောင်းကင်တာအိုအောက်မှာ ငါ့ကို သစ္စာဖောက်ရင် မင်းကို ဘယ်သူမှ ကယ်နိုင်မှာ မဟုတ်ဘူး”
ချူရှီရန်ဟာ ချက်ချင်း ဦးညွှတ်ပြီး သူ့ရဲ့ သစ္စာရှိမှုကို ပြသပါတယ်။
ဟန်ကျွယ်ဟာ ဘာမှ ထပ်မပြောတော့ပါဘူး။
တာအိုဘုံကျောင်းထဲက ထွက်လာပြီးတဲ့နောက် ချူရှီရန်ဟာ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပါတယ် ‘ဆရာဘိုးဘိုးရဲ့ အစွမ်းအစကို တကယ်ကို အထင်ကြီးဖို့ကောင်းတယ်၊ တာအိုပညာရှိ အိပ်မက်ပေးတာကိုတောင် သိနိုင်တယ်၊ ဒီချုံရှီလိုင်က ငါ့ကို တမင်သက်သက် ဒုက္ခပေးချင်တာပဲ’
ချူရှီရန် ကျန်းကျွယ်ကို ဖြတ်မိတဲ့အခါ ကျန်းကျွယ်ဟာ ရုတ်တရက် မျက်လုံးဖွင့်ပြီး ချူရှီရန်ကို စိုက်ကြည့်လိုက်ပါတယ်။ ကျန်းကျွယ်ရဲ့ အကြည့်ကြောင့် ချူရှီရန်ဟာ နှလုံးခုန် မြန်သွားပါတယ်။ ကျန်းကျွယ်ရဲ့ အကြည့်က ရိုးရှင်းပေမဲ့ တာအိုပညာရှိ ဖြစ်တာကြောင့် ဖိအားတွေ ပါနေပါတယ်။
ရုတ်တရက်ဆိုသလို တိတ်ဆိတ်ဂိုဏ်းမှာ ဆရာဘိုးဘိုးအပြင် တခြားဆန်းကြယ်တဲ့ တည်ရှိမှုတွေ ရှိနေသေးတာကိုလည်း ချူရှီရန် သဘောပေါက်သွားပါတယ်။ ဒီတည်ရှိမှုတွေက တပည့်တွေနဲ့ အဆက်အသွယ် မလုပ်ဘဲ ဆရာဘိုးဘိုးကိုပဲ သစ္စာရှိတာကို ချူရှီရန် နားလည်လိုက်ပါတယ်။
ဒီအတွေးကြောင့် ချူရှီရန်ဟာ ကျန်းကျွယ်ကို ဦးညွှတ်လိုက်ပြီး ခပ်သုတ်သုတ် ထွက်လာခဲ့ပါတယ်။ ဒီကိစ္စလေးက ဒီလိုနဲ့ပဲ ပြီးဆုံးသွားပါတယ်။
ကျင့်ကြံမှု မြင့်မားလာတာနဲ့အမျှ လူတွေရဲ့ နှလုံးသားကလည်း ပြောင်းလဲလာပါတယ်။ ဒီအချက်ကို ဟန်ကျွယ်ဟာ ကောင်းကောင်းကြီး နားလည်ပါတယ်။ အခုလက်ရှိ ဟန်ကျွယ်ရဲ့ စိတ်နေ သဘောထားဟာလည်း သူ အားနည်းတုန်းက စိတ်နေသဘောထားနဲ့ လုံးဝ မတူတော့ပါဘူး။ ရည်မှန်းချက်ကလည်း အများကြီး ကွာသွားပါပြီ။ ဒါပေမဲ့ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ထဲမှာ စည်မျဉ်းစည်ကမ်းအားလုံးကို ဟန်ကျွယ်ကပဲ ချမှတ်တာပါ။
ဒီတပည့်တွေက အလွန်ရိုသေကျိုးနွံတယ် ဆိုပေမဲ့ ဟန်ကျွယ် တစ်ယောက်တည်းကိုသာ ရိုသေကျိုးနွံတာပါ။ သူတို့အကုန်လုံးက သူတို့အစွမ်းအစကို ဂုဏ်ယူပြီး မောက်မာတက်ကြတဲ့ သူတွေချည်းပါပဲ။ သူတို့သာ အပြင်ရောက်သွားရင် အချိန်တွေ ကြာလာတာနဲ့အမျှ တစ်ယောက်ကို တစ်ယောက် ပြန်တိုက်ခိုက်နိုင်ပါတယ်။
တာအိုဘိုးဘေး တပည့်တွေဖြစ်တဲ့ သုံးပါးအရှင်တောင် အချင်းချင်း ပြန်တိုက်ခိုက်ကြသေးတာပဲ။ ဒါကြောင့် ဟန်ကျွယ်ဟာ သူ့တပည့်တွေ အမြဲတမ်း စည်းလုံးနေလိမ့်မယ်လို့ မယုံကြည်ပါဘူး။
၆၂ နှစ် ကြာပြီးနောက်။
ဟန်ဇွေတျန်ဟာ ဟန်ကျွယ်ဆီ ရောက်လာပြီး နောက်ထပ်တစ်သုတ် ထပ်လွှတ်သင့်လား မေးမြန်းပါတယ်။ ဒီလွှတ်မဲ့ တပည့်တွေ အကုန်လုံးက အမည်ခံတပည့်တွေပါ။ ဒီအတောအတွင်း ဟန်ဇွေတျန်ဟာ ဘယ်လိုပဲကျင့်ကြံ ကျင့်ကြံ ကျင့်ကြံမှု ဆက်မတိုးတက်တော့တဲ့ နောက်ထပ် အမည်ခံတပည့်တွေကို စာရင်းပြုစုပြီးပါပြီ။
“သူတို့ကို မိုးကောင်းကင်မျိုးနွယ်စုဆီ သွားပြီး မိုးကောင်းကင်ဘိုးဘေး ဂျိရှင်းရှန် လက်အောက်မှာ အမှုထမ်းဖို့ ပြောလိုက်”
ဟန်ဇွေတျန်ဟာ ဟန်ကျွယ်ရဲ့ အမိန့်ကို နာခံပြီး တာအိုဘုံကျောင်းထဲက ထွက်သွားပါတယ်။
လေးငါးခြောက်ရက် အကြာမှာတော့ ဟန်ကျွယ်ဟာ အမည်ခံတပည့် အင်မော်တယ်ဧကရာဇ် တစ်ထောင်ကို အပြင်ဘက် ‌ရွှေ့လိုက်ပါတယ်။ အခုလက်ရှိ အင်မော်တယ်ကမ္ဘာမှာ အင်မော်တယ်ဧကရာဇ် တစ်ထောင်က လျှော့တွက်လို့မရတဲ့ အင်အားတစ်ခုပါ။
ဂျိရှင်းရှန်ဟာ အမည်ခံတပည့်တွေ လာနေတဲ့ သတင်းကို လက်ခံရရှိလိုက်တဲ့အခါမှာ ကျေနပ် အံအားသင့်သွားပါတယ် ‘ဆရာသခင်က ငါ့ကို ပစ်မထားဘူးပဲ’
အင်မော်တယ်ဧကရာဇ် တစ်ထောင်က ရှကျဲ့ဘဝဂ် ကျင့်ကြံသူတစ်ထောင်ကို မမီဘူးဆိုပေမဲ့ အားနည်းတယ်လို့ ပြောလို့မရပါဘူး။
ဂျိရှင်းရှန်ဟာ တိတ်ဆိတ်ဂိုဏ်းတပည့်တွေကို နွေးထွေးစွာ ကြိုဆိုပါတယ်။
မိုးကောင်းကင်မျိုးနွယ်စုဟာ တုန်လှုပ်သွားပါတယ်။ တခြားဂိုဏ်းက အင်မော်တယ်တွေဟာ တိတ်ဆိတ်ဂိုဏ်းက အင်မော်တယ်ဧကရာဇ် တစ်ထောင် စေလွှတ်လိုက်ကြောင်း သိလိုက်ရတဲ့အခါမှာ တုန်လှုပ်ချောက်ချားကုန်ပြီး ဂျိရှင်းရှန်ကို အတိုက်အခံ မလုပ်ရဲတော့ပါဘူး။
တိတ်ဆိတ်ဂိုဏ်းက သိုသိုသိပ်သိပ် နေတယ်ဆိုပေမဲ့ နာမည်ကြားမိပြီ ဆိုရင်လည်း သက်ရှိအားလုံးဟာ တိတ်ဆိတ်ဂိုဏ်းနဲ့ ပတ်သက်တဲ့ ဒဏ္ဍာရီမျိုးစုံကို ပြန်တွေးမိလိုက်ကြပါတယ်။ ကံတရား အထောက်အပံ့ဂိုဏ်းတွေကလည်း အကြီးအကဲတွေရဲ့ သတိပေးချက်ကြောင့် တိတ်ဆိတ်ဂိုဏ်းကို ရန်မစရဲပါဘူး။
ကောင်းကင်ဘုံ ၃၃ ဘုံမြောက်၊ တာအိုပညာရှိ တာအိုစက်ကွင်း။
ဟွမ်ဇွမ်တျန်ဟာ ဂိုဏ်းချုပ်တျန်ကျွယ်ရှေ့မှာ တလေးတစား ဒူးထောက်နေပါတယ်။
ဂိုဏ်းချုပ်တျန်ကျွယ်ဟာ ဟွမ်ဇွမ်တျန်ကိ အကဲခတ်ပြီး ပြောလိုက်ပါတယ် “ဟွမ်ဇွမ်တျန်… မင်း ကျယ်ကျောင်းတော်ထဲ ရောက်နေတာ နှစ်လေးသောင်းရှိပြီ၊ အင်မော်တယ်ကမ္ဘာကို မင်း ဘယ်လိုထင်လဲ”
ဟွမ်ဇွမ်တျန်ဟာ ပြန်ဖြေလိုက်ပါတယ် “တာအိုပညာရှိတွေက ကျားကစားပြီး သက်ရှိအားလုံးက နယ်ရုပ်တွေပ၊ အင်မော်တယ်ကမ္ဘာ ကံတရား အထောက်အပံ့တွေရဲ့ ဦးတည်ရာကို တာအိုပညာရှိတွေက သတ်မှတ်တာပါ”
ဂိုဏ်းချုပ်တျန်ကျွယ်က အဓိပ္ပာယ်ပါပါ ပြောလိုက်ပါတယ် “ဒီအကြောင်းကြောင့် မင်းက ကျယ်ကျောင်းတော်ကို အနားယူပြီး အင်အားပြန်စုခိုင်းထားတာလား”
“ဟုတ်ပါတယ်၊ တာအိုပညာရှိတွေရဲ့ စီစဉ်မှုမပါဘဲ ကျွန်တော်တို့တွေ အလျင်စလို လှုပ်ရှားမယ်ဆိုရင် ကိုယ့်သေတွင်း ကိုယ်တူးသလို ဖြစ်နေမှာပါ”
“မင်းက ဉာဏ်ကောင်းသားပဲ၊ အခုမင်းက ကျယ်ကျောင်းတော်ရဲ့ ဂိုဏ်းချုပ် ဖြစ်နေပြီ၊ နောက်ထပ် ဘာလိုချင်သေးလဲ”
ဟွမ်ဇွမ်တျန်ဟာ တိတ်ဆိတ်သွားပြီး ချက်ချင်း ပြန်မဖြေပါဘူး ‘သူက ဘာကိုဆိုလိုတာလဲ… ငါ့ကို စမ်းသပ်နေတာလား…’ ဟွမ်ဇွမ်တျန်ဟာ ကောင်းကျိုး ဆိုးကျိုးကို ချက်ချင်းပဲ ချင့်ချိန်လိုက်ပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။

Comment

Leave a Reply

Options

not work with dark mode
Reset