အခန်း (၅၅၇) ကောင်းကင်တာအို သားတော်
ဂျိရှင်းရှန်ဟာ ရုတ်တရက် ထွက်ပေါ်လာတဲ့ ရွှေရောင်အလင်းတန်းကြောင့် ကြောက်လန့်သွားပြီး ချက်ချင်း မော့ကြည့်လိုက်ပါတယ်။ တောင်ဘက်မုခ်ကို စောင့်ကြပ်နေတဲ့ ကောင်းကင်စစ်သားတွေဟာလည်း နိုးနိုးကြားကြား ဖြစ်သွားကြပါတယ်။
ဂျိရှင်းရှန်ဟာ လက်ချောင်းတွေနဲ့ တွက်ချက်ကြည့်တဲ့အခါ ထူးထူးဆန်းဆန်း ဖြစ်သွားပါတယ်။
တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်မှာ ကျင့်ကြံအားထုတ်နေတဲ့ ဟန်ကျွယ်ဟာလည်း မျက်လုံးဖွင့်လိုက်ပါတယ်။
ကောင်းကင်အရှင်ဝူဖာ ထွက်သွားတာတောင် နှစ်တစ်ရာ ရှိသွားပါပြီ။ ဒီအတောအတွင်း ဟန်ကျွယ်ဟာ ဂူအောင်းကျင့်ကြံနေတာ ဖြစ်ပြီး လျှို့ဝှက်ဆန်းကြယ် ရောင်ဝါတစ်ခုရဲ့ နှောင့်ယှက်မှုကြောင့် ကျင့်ကြံရာကနေ နိုးထလာတာပါ။
“တရင်းတနှီးရှိတဲ့ ရောင်ဝါပါလား…” ဟန်ကျွယ်ဟာ ရေရွတ်လိုက်ပြီး လက်ချောင်းတွေနဲ့ တွက်ချက်ကြည့်လိုက်ပါတယ်။
ရွှေရောင်အလင်းတန်းက အင်မော်တယ်ကမ္ဘာ အနောက်ပိုင်းနဲ့ ဆက်စပ်နေတာကို ဟန်ကျွယ် တွက်ချက်မိလိုက်ပါတယ်။ ဒီရွှေရောင်အလင်းတန်းက ကျွန်းတစ်ကျွန်းပေါ်မှာရှိတဲ့ မီးတောင်ကနေ ကောင်းကင်ကို တားဆီးလို့မရတဲ့ အရှိန်အဟုန်နဲ့ ထိုးတက်သွားတာပါ။ အဝေးကနေ ကြည့်ရင် ဒီဟာက အံဖွယ်ဖြစ်ရပ်တစ်ခုလိုပါပဲ။ ရွှေရောင်အလင်းတန်းရဲ့ အောက်ခြေ ချော်ရည်ပူတွေထဲမှာတော့ ရုပ်သွင်တစ်ခု ကွေးနေပါတယ်။ ဒီရုပ်သွင်က လူငယ်တစ်ယောက်ပါ။
အင်မော်တယ်ဧကရာဇ် ပထမအဆင့်။
ဟန်ကျွယ်ဟာ မျက်စိကို ကျဉ်းလိုက်ပါတယ် ‘ဒီကောင်က မွေးတယ်ဆို အင်မော်တယ်ဧကရာဇ် ဖြစ်နေပြီလား… အံဩဖို့ကောင်းလိုက်တာ’
ဟန်ကျွယ်ဟာ ဒီရွှေရောင်လုလင်ပျိုရဲ့ နောက်ခံကို တွက်ချက်လို့မရတာ တွေ့သွားပါတယ်။ ဒါကြောင့် ဟန်ကျွယ်ဟာ ကောင်းကင်လျှို့ဝှက်ချက် တွက်ချက်မှု လုပ်ဆောင်ချက်ကို သုံးလိုက်ရပါတယ်။
[သက်တမ်း ၅ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
‘ဟင်… ငါးဘီလီယံတောင်လား… ဒါက ကောင်းကင်တာအိုပညာရှိကို တွက်ချက်တာထက် ပိုများနေပါလား’
ဟန်ကျွယ်ဟာ စိတ်ဝင်စားသွားပြီး ဆက်တွက်ဖို့ ရွေးချယ်လိုက်ပါတယ်။
[တျန်: အင်မော်တယ်ဧကရာဇ် ပထမအဆင့်၊ ကောင်းကင်တာအို သားတော်၊ ပဋိပက္ခ နတ်ဘီလူး၊ ကောင်းကင်တာအို ရွေးချယ်ထားသော မဟာကံတရား သယ်ဆောင်သူ။ သူသည် အင်မော်တယ်ကမ္ဘာအား စုစည်းရန် တာဝန်ဖြင့် မွေးဖွားလာသူ ဖြစ်သည်။]
‘ကောင်းကင်တာအိုသားတော်… ပဋိပက္ခနတ်ဘီလူး… ကြမ်းလှချည်လား…’
ဟန်ကျွယ်ဟာ စိတ်မဝင်စားဘဲ မနေနိုင်တော့ပါဘူး။
ဟန်ကျွယ်ဟာ ကျင့်ကြံသူတွေက ရွှေရောင်အလင်းတန်း ထွက်ပေါ်လာတဲ့ ကျွန်းဆီ ပျံသန်းနေတာကို တွေ့လိုက်ရပါတယ်။ ဒီကျင့်ကြံသူတွေ အထဲမှာ ဧကရာဇ်ရှောင်ရဲ့ကိုယ်ပွား ဧကရာဇ်ချန်လည်း ပါပါတယ်။
ဟန်ကျွယ်ဟာ တစ်ခဏစဉ်းစားပြီး တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ဆီ ပြန်လာနေတဲ့ လီတောက်ခုံးကို အသံလွှင့်ကာ ဒီကိစ္စကို စုံစမ်းဖို့ ပြောလိုက်ပါတယ်။ တပည့်အဖြစ် လက်ခံတာ လက်မခံတာကတော့ လီတောက်ခုံးရဲ့ စိတ်ပေါ်ပဲ မူတည်ပါတယ်။
ဟန်ယိုကတော့ ရှကျဲ့ဘဝဂ် ကျင့်ကြံသူတစ်ထောင်နဲ့ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ကို ဆက်ပြီးတော့ ပြန်လာပါတယ်။
အဲဒီနောက် ဟန်ကျွယ်ဟာ စန့်ချွမ်အဂ္ဂဘိုးဘေးဆီ အသံလွှင့်ပြီး တျန်ကို ရှာခိုင်းလိုက်ပါတယ်။ ဟန်ကျွယ်ဟာ လီတောက်ခုံးကို စန့်ချွမ်အဂ္ဂဘိုးဘေး အကြောင်း မပြောရသေးပါဘူး။ ဒါကြောင့် လီတောက်ခုံးနဲ့ စန့်ချွမ်အဂ္ဂဘိုးဘေးတွေ့ရင် ဘာဖြစ်မလဲဆိုတာ ပြောရခက်ပါတယ်။ ကျိန်းသေတာ တစ်ခုကတော့ အတူတူပူးပေါင်းမှာ မဟုတ်ပါဘူး။
လီမုယဲ့ဟာ စန့်ချွမ်အဂ္ဂဘိုးဘေး ပြောင်းလဲသွားတာကို အခုထိ ရှာမတွေ့သေးပါဘူး။ လီမုယဲ့ဟာ ကောင်းကင်တာအိုကို ပြန်ရောက်ပြီးနောက်ပိုင်း စန့်ချွမ်အဂ္ဂဘိုးဘေးဆီ တစ်ခါမှ မရောက်သေးပါဘူး။ စန့်ချွမ်အဂ္ဂဘိုးဘေးရဲ့ အဆိုအရ လီမုယဲ့ဟာ သူ့ကို ဓမ္မရတနာအနေနဲ့သာ အသုံးပြုတာဖြစ်ပြီး ကျန်တာတွေကို မမေးဘူးလို့ သိရပါတယ်။
အခုအချိန်မှာ ဟန်ကျွယ်ဟာ တာအိုပညာရှိ ဖြစ်နေပြီ ဖြစ်တဲ့အတွက် အဓိကအင်အားစုရဲ့ ခေါင်းဆောင်တစ်ယောက် ဖြစ်နေပါပြီ။ ဒါကြောင့် ကိစ္စတွေ အကုန်လုံးကို ကိုယ်တိုင် လိုက်လုပ်စရာ မလိုပါဘူး။
အဲဒီနောက် ဟန်ကျွယ်ဟာ မျက်စိမှိတ်ပြီး ဆက်လက် ကျင့်ကြံပါတယ်။ ကောင်းကင်တာအို သားတော်မကလို့ မဟာတာအိုပညာရှိရဲ့ သားတော် ဖြစ်နေရင်တောင် သူ့ကို ရန်သူလုပ်လို့ကတော့ ဟန်ကျွယ်ဟာ အဲဒီသားတော်ကို အစအနမကျန်အောင် ဖျက်ဆီးပစ်မှာပါ။
အဆုံးမဲ့ပင်လယ်ပြင်မှာ သေးငယ်လှတဲ့ ကျွန်းပေါင်းများစွာ တည်ရှိနေပါတယ်။ အရပ်ဆယ်မျက်နှာက ကျင့်ကြံသူတွေဟာ နေရာတစ်ခုတည်းကိုပဲ ဦးတည်ပျံသန်းလာကြပါတယ်။ အဲဒီနေရာကတော့ ကောင်းကင်သားတော် မွေးဖွားလာတဲ့ ကျွန်းပါ။ လျှို့ဝှက်ဆန်းကြယ်တဲ့ ရွှေရောင်အလင်းတန်းကတော့ ပျောက်ကွယ်သွားတာ ကြာပါပြီ။
ကျွန်းပေါ်က မီးတောင်ထိပ်ဝကနေ ကိုယ်တုံးလုံး လူငယ်တစ်ယောက် တွားသွားပြီး ထွက်လာပါတယ်။ ဒီလူငယ်ဟာ မဆိုစလောက် ပိန်ပါးပြီး ဖြူဖွေးတဲဆံပင် မြွေလိုမျက်လုံးနဲ့ ဓားသွားလို စူးရှတဲ့ ဦးချိုတစ်စုံဟာ နဖူးထက်မှာ ရှိနေပါတယ်။
လူငယ်ဟာ ပတ်ဝန်ကျင်းကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်ပါတယ်။
“အင်မော်တယ်ဧကရာဇ်အဆင့်နဲ့ မွေးဖွားလတာပဲ… မဆိုးဘူး… ဟားဟား…” သာယာငြိမ့်ညောင်းတဲ့ ရယ်သံတစ်ခု ထွက်ပေါ်လာပါတယ်။
လူငယ်ဟာ အသံလာရာကို လှည့်ကြည့်လိုက်တဲ့အခါ ချောက်ကမ်းပါးစွန်းမှာရပ်ပြီး သူ့ကို ပြုံးပြနေတဲ့ ဧကရာဇ်ချန်ကို တွေ့လိုက်ရတဲ့အတွက် နိုးနိုးကြားကြား ဖြစ်သွားပါတယ်။ လူငယ်ဟာ စကားမပြောတက်သေးပေမဲ့ ဒီလိုမရင်းနှီးတဲ့ အရာတွေကို နည်းနည်းမှ မကြိုက်ပါဘူး။
ဒီအချိန်မှာပဲ ကျင့်ကြံသူတစ်ဦးဟာ တောင်ထိပ်တစ်ခုပေါ် ဆင်းသက်လိုက်ပါတယ် “ဒါ ဘာမျိုးနွယ်စုလဲ”
“အံဩဖို့ကောင်းလိုက်တာ၊ သူ့ရွှေရောင် အလင်းတန်းက ငါးဆင့်ကို ရောက်နေပြီ၊ သူ့အရည်အချင်းက ကျိန်းသေပေါက် သာမန် မဟုတ်ဘူး”
“တာအိုပညာရှိအတုတောင် ဒီကို ရောက်လာတယ်၊ ကြည့်ရတာ ဒီကလေးက ငါတို့ လက်ခံနိုင်မဲ့လူမျိုး မဟုတ်ဘူး”
“နောက်ခံကောင်း မရှိတဲ့လူ ဘယ်သူရှိလို့လဲ၊ ငါ့ဂိုဏ်းတူအစ်ကိုအဖေရဲ့ ဆရာဦးလေးက မိုးကောင်းကင်မျိုးနွယ်စုက အင်မော်တယ် နတ်ဘုရားပါ”
“စောင့်ကြည့်ရအောင်… ဒီကလေးက တစ်ခုခု မူမမှန်ဘူး”
ကျင့်ကြံသူတွေဟာ အချင်းချင်း ဆွေးနွေးကြပါတယ်။
ကျင့်ကြံသူတွေ ဝိုင်းကြည့်တာက ခံရတဲ့အတွက် ဆံဖြူလူငယ်လေးဟာ အလွန်တရာ ထိတ်လန့်သွားပြီး ထွက်ပြေးဖို့ လမ်းရှာပါတော့တယ်။
ဒီအချိန်မှာပဲ ကောင်းကင်ကနေ ရွှေရောင်ကြာပန်းတွေ ကျလာပါတယ် “ဒီကလေးက ငါနဲ့ ကံကြမ္မာပါတယ်၊ လူတိုင်း ထွက်သွားကြပါ” စန့်ချွမ်အဂ္ဂဘိုးဘေးရဲ့ အသံဟာ ဩဇာပြည့်ဝပြီး အင်မော်တယ်ကမ္ဘာတစ်ခုလုံးကို တုန်လှုပ်သွားစေပါတယ်။
လူတိုင်း လှည့်ကြည့်လိုက်တဲ့အခါ တိမ်တွေပေါ်ကနေ ဆင်းသက်လာတဲ့ စန့်ချွမ်အဂ္ဂဘိုးဘေးကို တွေ့လိုက်ရပါတယ်။ ကျင့်ကြံသူတွေဟာ စန့်ချွမ်အဂ္ဂဘိုးဘေးက ဘယ်သူမှန်း မသိပေမဲ့ စန့်ချွမ်အဂ္ဂဘိုးဘေး ခန္ဓာကိုယ်ကနေ ထုတ်လွှတ်နေတဲ့ နက်ရှိုင်းတဲ့ရောင်ဝါကြောင့် အနားကပ်ဖို့နေနေသာသာ ဘာမှ ပြန်မပြောရဲကြပါဘူး။
“ဒီကလေးရဲ့ ကံကြမ္မာက ငါတို့ဗုဒ္ဓဂိုဏ်းမှာရှိတယ်၊ ငါတို့ကို မျက်နှာသာပေးပါ” ဗိုလ်ကျစိုးမိုးလှတဲ့ အသံတစ်သံဟာ ပဲ့တင်ထပ်သွားပြီး ပင်လယ်ထက်မှာ တင်ပလ္လင်ခွေထိုင်နေတဲ့ ပေတစ်သောင်းကျော် မြင့်မားတဲ့ ဗုဒ္ဓတစ်ပါး ပေါ်လာပါတယ်။
“ရှန်ဝေဗုဒ္ဓ…” ကျင့်ကြံသူတစ်ယောက်ရဲ့ ပါးစပ်ကနေ အံဩတကြီး ထွက်သွားပါတယ်။
ရှန်ဝေဗုဒ္ဓဟာ ကောင်းကင်တာအို အနန္တကပ်ဘေးကို ရင်ဆိုင်ဖြတ်ကျော်ခဲ့သူမို့ လောကမှာရှိတဲ့ သက်ရှိအားလုံးရဲ့ ၉၀ ရာခိုင်နှုန်းက ဘိုးဘေးခေါ်ရမှာပါ။ ရှန်ဝေဗုဒ္ဓနဲ့ စန့်ချွမ်အဂ္ဂဘိုးဘေးဟာ တစ်ဦးနဲ့တစ်ဦး အင်အားပြိုင်ဆိုင်ဖို့ ဖြစ်လာတဲ့အတွက် လေထုတစ်ခုလုံး သိပ်သည်းလေးနက် လာပါတယ်။
ကောင်းကင်ဘုံ ၃၃ ဘုံ အပြင်ဘက်။
ချုံရှီလိုင်ရဲ့ မျက်နှာဟာ မည်းမှောင်နေပါတယ်။ သူ ဘာတွေးနေယ်ဆိုတာကတော့ ချုံရှိလိုင် ကိုယ်တိုင်ပဲ သိနိုင်ပါလိမ့်မယ်။ ချုံရှီလိုင်ရှေ့မှာ ရုပ်သွင်တစ်ခု ပေါလောမျောနေပါတယ်။ ဒီရုပ်သွင်က ကောင်းကင်တာအို စိတ်ဝိညာဉ်ပါ။
“ခင်ဗျားပြောတော့ ကျုပ်ကို ပံ့ပိုးပေးမှာဆို၊ အခုဘာဖြစ်လို့ ကောင်းကင်တာအို သားတော်ကို ဖန်တီးလိုက်ရတာလဲ၊ ဒါ ခင်ဗျား ဘာကိုဆိုလိုတာလဲ” ချုံရှီလိုင်က အသံတိုးတိုးနဲ့ မေးလိုက်ပါတယ်။ အသံက တိုးပေမဲ့ စူးရှလွန်းတဲ့အတွက် ကျောက်တောင်တွေကိုတောင် ထိုးဖောက်နိုင်စွမ်း ရှိပါတယ်။
ချုံရှီလိုင်ဟာ တျန်ပေါ်လာတာကြောင့် အမျက်ချောင်းချောင်း ထွက်နေတာပါ။
ကောင်းကင်တာအို စိတ်ဝိညာဉ်က ပြန်ဖြေပါတယ် “ငါလည်း ဒီကိစ္စကို ဘာမှမတက်နိုင်ဘူး၊ ဒီပဋိပက္ခ နတ်ဘီလူးက တာအိုဘိုးဘေး ထွက်သွားတုန်းက ချန်ထားခဲ့တာ၊ ကောင်းကင်မိစ္ဆာကပ်ဘေးက ကောင်းကင်တာအိုရဲ့ ကံတရား အထောက်အပံ့ကို လျော့ကျသွားစေတဲ့အတွက် ဒီပဋိပက္ခ နတ်ဘီလူး နိုးထလာတာ၊ ဒါကြောင့် ငါ့မှာ ရွေးချယ်စရာမရှိဘဲ သူ့ကို ကောင်းကင်တာအို သားတော်အဖြစ် ပြောင်းလိုက်ရတာ၊ မဟုတ်ရင် ငါ သူ့ကို ထိန်းချုပ်နိုင်မှာ မဟုတ်ဘူး”
ကောင်းကင်တာအိုရဲ့ ရှင်းပြချက်က ယုတ္တိရှိပေမဲ့ ချုံရှီလိုင်ဟာ မပျော်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကောင်းကင်တာအိုက သူ့ဆီကနေ အများကြီးကို ဖုံးကွယ်ထားတဲ့အတွက် သူက ကောင်းကင်တာအိုရဲ့ နယ်ရုပ်ဖြစ်နေတယ်လို့ ခံစားလိုက်ရလို့ပါပဲ။
‘ဒီတစ်ခေါက် ကောင်းကင်တာအို သားတော် ထွက်လာရင် နောက်တစ်ခါ ဘာထွက်လာမှာလဲ… ငါ ဘယ်တော့များမှ တာအိုဘိုးဘေးလိုမျိုး ကောင်းကင်တာအိုကို ထိန်းချုပ်နိုင်တဲ့လူ ဖြစ်လာမှာလဲ’
ကောင်းကင်တာအို စိတ်ဝိညာဉ်က ပြောလိုက်ပါတယ် “ဒီအတောအတွင်း တိတ်ဆိတ်ဂိုဏ်းရဲ့ ကံတရား အထောက်အပံ့က အရမ်းတိုးလာတယ်၊ မိုးကောင်းကင်မျိုးနွယ်စုရဲ့ ကံတရား အထောက်အပံ့ကလည်း မိုးကောင်းကင်ဘိုးဘေးဆီမှာ၊ မိုးကောင်းကင်ဘိုးဘေးက ဟန်ကျွယ်နဲ့ ရေစက်ရှိတော့ တိတ်ဆိတ်ဂိုဏ်းထဲ ဝင်သွားလောက်ပြီ၊ မင်း ဒီကိစ္စကို ဂရုစိုက်မှ ဖြစ်လိမ့်မယ်”
ချုံရှီလိုင်က တည်တည်ငြိမ်ငြိမ်ပဲ ပြောလိုက်ပါတယ် “ကျုပ် နားလည်ပါတယ်၊ ဒါပေမဲ့ ဟန်ကျွယ်က အစွမ်းထက်လွန်းတယ်၊ သူနဲ့ မျက်နှာချင်းတိုက်ဖို့က ဘယ်လိုမှ မဖြစ်နိုင်ဘူး”
ကောင်းကင်တာအို စိတ်ဝိညာဉ်ဟာ နေရာကနေ ပျောက်ကွယ်သွားပါတယ်။
ချုံရှီလိုင် ညာလက်ကို ဝှေ့ယမ်းလိုက်တဲ့အခါ သူ့ရှေ့မှာ မြင်ကွင်းတစ်ခု ပေါ်လာပါတယ်။ ဒီမြင်ကွင်းက စန့်ချွမ်အဂ္ဂဘိုးဘေးနဲ့ စွမ်းအားကြီးပုဂ္ဂိုလ်အချို့ တိုက်ခိုက်နေကြတဲ့ မြင်ကွင်းပါ။ ဒီတိုက်ပွဲထဲမှာ လီတောက်ခုံးနဲ့ ရှန်ဝေဗုဒ္ဓတို့လည်း ပါပါတယ်။
စန့်ချွမ်အဂ္ဂဘိုးဘေးဟာ တစ်ယောက်တည်း ဆိုပေမဲ့ အသာစီး ရနေပါတယ်။ သူက အလွန်ကို စွမ်းလွန်းပါတယ်။
ချုံရှိလိုင်ဟာ မနာလို ဖြစ်သွားပါတယ် ‘ငါ့မှာသာ စန့်ချွမ်အဂ္ဂဘိုးဘေးရှိရင် အင်မော်တယ်ကမ္ဘာကို ငါဆန္ဒအတိုင်း လုပ်ချင်တာ လုပ်လို့ရပြီ’
ဆယ်နှစ်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ မျက်လုံးဖွင့်ပြီး လက်ချောင်းတွေနဲ့ တွက်ချက်ကြည့်လိုက်တဲ့အခါ ထပ်ပြီးတော့ ထူးထူးဆန်းဆန်း ဖြစ်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကောင်းကင်တာအို သားတော်က ဘယ်သူ့နောက်ကိုမှ မလိုက်ဘဲ ကျွန်းတစ်ကျွန်းကို သိမ်းပိုက်ကာ ဘုရင်လုပ်ပါတယ်။ လီတောက်ခုံးကတော့ ကောင်းကင်တာအို သားတော်ကို စိတ်မဝင်စားဘဲ စန့်ချွမ်အဂ္ဂဘိုးဘေးကို လိုက်လံတိုက်ခိုက်ပါတယ်။
စန့်ချွမ်အဂ္ဂဘိုးဘေးဟာ လီတောက်ခုံးက တိတ်ဆိတ်ဂိုဏ်းကမှန်း သိတဲ့အတွက် ပြင်းပြင်းထန်ထန် မတိုက်ခိုက်ပါဘူး။ ဒါပေမဲ့ စန့်ချွမ်အဂ္ဂဘိုးဘေးဟာ ဟန်ကျွယ်ရဲ့ အမိန့်မရှိဘဲ အမှန်တရားကို မပြောရဲတာကြောင့် လီတောက်ခုံးနဲ့ မဖြစ်မနေ တိုက်ခိုက်ရပါတယ်။
ဟန်ကျွယ်ဟာ ဆွံအသွားပါတယ်။ ဟန်ကျွယ်ဟာ လီတောက်ခုံးက ဒီလောက်ထိ ခေါင်းမာလိမ့်မယ်လို့ ထင်မထားခဲ့ပါဘူး။ နောက်ဆုံးမှာတော့ ဟန်ကျွယ်ဟာ လီတောက်ခုံးဆီ အသံလွှင့်ပြီး လက်လျှော့ဖို့ ပြောရပါတယ်။
“ရပါတယ် ဂိုဏ်းချုပ်၊ ကျွန်တော်ကို သူ့ကို အနိုင်ယူပြမယ်”
လီတောက်ခုံးရဲ့ စကားကြောင့် ဟန်ကျွယ်ဟာ မျက်လုံးပင့်တက်သွားပြီး သွေးအန်လုနီး ဖြစ်သွားပါတယ် ‘ထားလိုက်ပါတော့… ဒီလောက်တောင် တိုက်ချင်နေမှတော့ တိုက်ပါစေ၊ ဘယ်လိုပဲဖြစ်ဖြစ် ဒီကောင် စန့်ချွမ်အဂ္ဂဘိုးဘေးကို နိုင်မှာမှ မဟုတ်တာ’
လီတောက်ခုံးက စွမ်းအားကြီးပေမဲ့ ရှီတုတောက်ကိုတောင် မကျော်တက်နိုင်သေးတာ ဘယ်လိုလုပ်ပြီး စန့်ချွမ်အဂ္ဂဘိုးဘေးကို အနိုင်ယူနိုင်မှာလဲ။
ဟန်ကျွယ်ဟာ မျက်လုံးမှိတ်ပြီး ကျင့်ကြံဖို့ ပြင်လိုက်ပေမဲ့ တာအိုအရှင်သခင် ချဉ်းကပ်လာတာကို အာရုံခံမိလိုက်ပါတယ်။
လက်ရှိ တိတ်ဆိတ်ဂိုဏ်းမှာ ဟန်ကျွယ် လီတောက်ခုံးနဲ့ တာအိုအစောင့်တွေကလွဲရင် တာအိုအရှင်သခင်က အစွမ်းအထက်ဆုံး တပည့်ပါ။ သူ့ကျင့်ကြံမှုက ကောင်းကင်ဘဝဂ် အလယ်အဆင့်ကို ရောက်နေပြီး နောက်ဆုံးအဆင့်နဲ့ အတ်ေလေး နီးနေပါပြီ။
“ဆရာသခင်… ပဋိပက္ခနယ်မြေမှာ လူသစ်တစ်ယောက် ရောက်လာတယ်၊ ဆရာသခင် သွားမကြည့်ချင်ဘူးလား” တာအိုအရှင်သခင်ဟာ တာအိုဘုံကျောင်းထဲကို ဝင်ပြီးတာနဲ့ မေးလိုက်ပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။
Chapter – 557
? Views, Released on December 10, 2024