Switch Mode

Chapter – 86

အမှန်တရားက အရေးကြီးလို့လား

Chapter – 86
“အမှန်တရားကအရေးကြီးလို့လား”

“သခင်လေးရဲ . . . ငါမင်းကို အထင်သေးမိသွားခဲ့တယ် . . .”
အိမ်ရှေ့မင်းသား သက်ပြင်းချ၍ ပြောလိုက်သည်။
အံ့သြစရာ ကောင်းသည်မှာ ရဲရှောင်မှ ထိုကဲ့သို့ ပြောလိုက်သည့်တိုင် မင်းသားမှာ စိတ်ဆိုး ဒေါသထွက်သည့် ပုံစံမျိုး မရှိချေ။ သက်ပြင်းသာ ချသွားခြင်း ဖြစ်ပါသည်။
“ဘာလို့လဲဆိုတော့ ဘယ်သူမှ ကျုပ်နဲ့ ပတ်သက်ပြီး အများကြီး မတွေးမိကြလို့ပဲ။ ခင်ဗျားကလည်း ကျုပ်ကို ဒီလို မတွေးမိဘူးဆိုတာ မထူးဆန်းပါဘူး . . .”
ရဲရှောင် တည်ငြိမ်စွာပင် ပြောလိုက်၏။
“ငါ့အမှားပါကွာ . . .”
မင်းသား စိတ်ညစ်သည့် လေသံဖြင့် ပြောလိုက်လေသည်။
သူတကယ်ကို နောင်တရနေခြင်း ဖြစ်လေ၏။ ယခုအခါတွင် ရဲရှောင်ဆိုတာ ကောလဟလများ ကဲ့သို့ အရူးတစ်ယောက် မဟုတ်ဘူး ဆိုတာကို သူသေချာ သိရှိသွားပြီ ဖြစ်၏။
ရဲရှောင်ဟာ အရူးတစ်ယောက် မဟုတ်သည့်အပြင် ဉာဏ်ကောင်းလွန်းသော လူတစ်ယောက် လည်း ဖြစ်လေ၏။
သူနှင့် ရှိနေကြသည့် လူအားလုံးသည် သူတို့လိုရာကို ပြောဆိုရန်အတွက် တဖြည်းဖြည်း စကား လမ်းကြောင်းလာခဲ့ကြတာ ဖြစ်သည်။
လူတိုင်း၏ စကားလုံးများသည် သူတို့ လိုချင်သည့် လမ်းကြောင်းကိုသာ ဦးတည်ခဲ့ခြင်း ဖြစ်၏။
စစ်သူကြီး၏ အိမ်တော်မှ လူတစ်ယောက်သည် ယခုအခါ အိမ်ရှေ့မင်းသားနှင့် အတိုက်အခံ ဖြစ်နေပြီ မဟုတ်ပါလား။
တဖြည်းဖြည်းဖြင့် အိမ်ရှေ့မင်းသားသည် လူဆိုးကြီးတစ်ဦးကဲ့သို့ အများ၏ အမြင်တွင် ထင်လာ အောင် ရဲရှောင် လုပ်နေသလိုပါပင်။
အိမ်ရှေ့မင်းသားသည်လည်း ရဲရှောင် ရောက်လာကတည်းက မည်သူ့ကိုမျှ လေးစားမှု မရှိဘဲ လူရိုင်းတစ်ဦးကဲ့သို့ ပြုမူပြောဆိုခဲ့ခြင်းမှာ သူ့ကို အရှက်ခွဲရန် ရောက်လာခြင်း ဖြစ်သလို ခံစားနေရလေ၏။
အစောပိုင်းကသာ အခြေအနေကို ပြောင်းလဲနိုင်မည် ဆိုပါက ယခုကဲ့သို့ ဖြစ်မည် မဟုတ်ချေ။
အကယ်၍ အိမ်ရှေ့မင်းသားမှ သူ၏ အကြံအစည်များကို ဦးတည် ပြောဆိုခြင်းသာ မရှိပါက ရဲရှောင်မှလည်း ယခုကဲ့သို့ ပြန်လည် ပြောဆိုနိုင်စရာ မရှိပါပေ။
သို့သော်လည်း သူနောက်ကျခဲ့ချေပြီ။
တဖြည်းဖြည်းဖြင့် သူနှင့် သူ့လူများသည် ရဲရှောင်အား တရားခံသဖွယ် ဦးတည်ပြောဆိုလာခဲ့ ကြခြင်းသည် ရဲရှောင် သူ့ဆီသို့ မြားဦးလှည့်လာမည့် အဖြစ်သို့ ရောက်ရှိလာမည် ဖြစ်ကြောင်း မသိရှိပါပေ။
ထိုအချိန် အခြေအနေကို ပြန်လည် ထိန်းညှိရန်အတွက် မည်သို့မျှ မဖြစ်နိုင်တော့ပါ။
ကွမ်ဇန်ဝမ်မှာလည်း သက်ပြင်းချလျက် ရှိနေလေ၏။ အိမ်ရှေ့မင်းသား နောင်တ ရနေသည့် အဖြစ်ကိုလည်း နားလည် သဘောပေါက်နေလေသည်။
မင်းသားမှ သူ့ကို ဇာတ်လမ်းတစ်ခု ပြောပြခဲ့ဖူးပါသည်။ မင်းသားသည် သူ့အဖေနှင့် အတူတူ အရက်သောက်ခဲ့သည့် နေ့တစ်နေ့တုန်းက ဘုရင်ကြီးသည် အတော်ကို ပျော်ရွှင်နေဟန် ရှိခဲ့သည် ဆို၏။
“နန်ရှန်က မြောက်ပိုင်းကို စောင့်ကြပ်ပြီ ဆိုမှတော့ ငါ နှစ် ၂၀ လောက်တော့ ငြိမ်းငြိမ်းချမ်းချမ်း စိတ်ချလက်ချ နေလို့ရပြီ . . .”
နန်ရှန်ဆိုတာ ရဲနန်ရှန်ကို ပြောခြင်း ဖြစ်လေ၏။ ရဲနန်ရှန်ဆိုသည်မှာ ရဲရှောင်၏ အဖြေပင် ဖြစ်လေ၏။
ဘုရင်ကြီး ထိုကဲ့သို့ ပြောသည့်အချိန်တွင် ရဲနန်ရှန် မြောက်ပိုင်းကို စောင့်ကြပ်နေသည်မှာ ၈ နှစ်လောက် ရှိနေပြီ ဖြစ်၏။ ငြိမ်းငြိမ်းချမ်းချမ်းလည်း ရှိနေတာ ဖြစ်ပါသည်။
ထိုအချိန်တုန်းက အိမ်ရှေ့မင်းသားသည် သူ့အဖေ ပြောချင်သည့် စကားကို နားမလည်ခဲ့ချေ။
သို့သော် ယခုအခါတွင်တော့ သူနားလည်လာပါပြီ။
ရဲနန်ရှန် မြောက်ပိုင်းကို တာဝန်မယူခင်တုန်းက မြောက်ပိုင်းသည် အိမ်နီးချင်းများနှင့် အချေအတင် ခဏခဏ ဖြစ်ခဲ့ရသည်။ အပြာရောင်လေ နိုင်ငံတော်၏ ကျူးကျော် တိုက်ခိုက်မှုများအား မကြာခဏ ခံခဲ့ရပြီး နယ်စပ်စည်းမျဉ်းကို ကာကွယ်ရန် ခက်ခဲသည့် အခြေအနေနှင့် ရင်ဆိုင်ခဲ့ရသည်။ ဘုရင့်နိုင်ငံတော် တစ်ခုလုံးသည်လည်း မြောက်ပိုင်း အရေးအခင်းကြောင့် ကျီးလန့်စာစား နေကြရသည့် အဖြစ်သို့ ရောက်ရှိခဲ့ရလေ၏။
ဘုရင်၏ ဘဏ္ဍာ အများစုကိုလည်း မြောက်ပိုင်း စစ်ပွဲအတွက် စားရိတ်ကိုသာ သုံးစွဲနေရပြီး ကျဉ်းထဲကြပ်ထဲ ရောက်ခဲ့ရလေ၏။
ရဲနန်ရှန်မှ မြောက်ပိုင်းကို တာဝန်ယူလိုက်သောအခါ အခြေအနေများအားလုံး ပြောင်းပြန် ဖြစ်သွား ခဲ့လေသည်။
ထိုအချိန်မှစ၍ မြောက်ပိုင်းတိုက်ပွဲနှင့် ပတ်သက်၍ စိုးရိမ်စရာ အခြေအနေသို့ မရောက်ရှိတော့ပေ။
ထိုအချိန် မြောက်ပိုင်း အရေးအခင်းများကြောင့် ခေါင်းခဲခဲ့ရသော ဘုရင်ကြီးသည်လည်း ပြန်လည်၍ ဦးမော့လာနိုင်ခဲ့လေ၏။
ရဲနန်ရှန်သည် ထိုကဲ့သို့သော အရေးအခင်းကြီးကိုပင် အောင်မြင်အောင် လုပ်ခဲ့သော်လည်း ရဲရှောင်မှာတော့ . . .
ရဲနန်ရှန်၏ တစ်ဦးတည်းသော သားဖြစ်သူ ရဲရှောင် . . .
ရဲနန်ရှန်သည် သူရဲကောင်းဆန်စွာ၊ တရားမျှတစွာ၊ ပွင့်လင်းမြင်သာမှုရှိစွာ လုပ်ရည်ကိုင်ရည် ရှိသည့် လူတစ်ယောက်အဖြစ် ဂုဏ်ယူဖွယ်ရာ ရပ်တည်နေသည့် လူတစ်ယောက် ဖြစ်သည်။ အတုမရှိ ပြိုင်ဘက်ကင်းသည့် သူရဲကောင်းတစ်ဦးတစ်ဦး ဖြစ်သည့် အားလျော်စွာ သူ၏ ဂုဏ်သိက္ခာကို မြင့်တင်နိုင် ခဲ့ပြီး နာမည်တစ်လုံး တွင်အောင် လုပ်နိုင်ခဲ့သူ ဖြစ်၏။
ရဲရှောင်သည် သူ့အဖေကြောင့် ဘေးကင်းသလို ဖြစ်နေသည်ဟု ထင်ရ၏။
သို့သော်လည်း ဘေးကင်းသည် ဆိုသည်မှာ ပုံပြင်များထဲမှာသာ ရှိနေသည်ဟု ယူဆကာ အိမ်ရှေ့မင်းသား အနေဖြင့် ရဲရှောင်အား ဒုက္ခပေးရန် ကြံရွယ်ခဲ့လေသည်။
ရဲရှောင်သူ သူ၏ အဖေကဲ့သို့ သူရဲကောင်းတစ်ဦး မဟုတ်ချေ။
အရှက်သိက္ခာမဲ့သော၊ ပြဿနာရှာတတ်သော ဆန်ကုန်မြေလေး တစ်ယောက်သာ ဖြစ်သည်။ ထို့ကြောင့် သူလိုသလို ပုံသွင်းနိုင်လိမ့်မည်ဟု ထင်မြင်ခဲ့ခြင်း ဖြစ်လေ၏။
ယခုအခါတွင်တော့ ရဲရှောင်အပေါ် သူ၏ ထင်မြင်ချက်များ ပြောင်းလဲလာခဲ့သည်။ ရဲရှောင်အား အန္တရာယ်ရှိသော လူတစ်ယောက်အဖြစ် သတ်မှတ်လိုက်ပြီ ဖြစ်လေ၏။
မင်းသား၏ စိတ်ထဲတွင် ရှိနေသည်မှာ –
(အဖေပြောပုံအရ နန်ရှန်က မြောက်ပိုင်းကို စောင့်ကြပ်တဲ့အတွက် နှစ် ၂၀ လောက် စိတ်အေးရပြီ တဲ့ . . . အကယ်၍ ရဲရှောင်ကိုသာ ငါ့ဘက်ပါအောင် စည်းရုံးနိုင်မယ်ဆိုရင် နောက်ပိုင်း င့ါအတွက် ဘာပြဿနာမှ မရှိနိုင်တော့ဘူး . . .
စိတ်ပျက်စရာ ကောင်းတာက ငါတို့ တစ်ယောက်နဲ့တစ်ယောက် မတည့်သလို ဖြစ်နေတယ်။ အဲဒီလို မတည့်တာက စိတ်ပျက်စရာအကောင်းဆုံး စိတ်ရှုပ်စရာ အကောင်းဆုံးပဲ။ ငါတို့ တစ်ယောက်နဲ့တစ်ယောက် အတိုက်အခံ ဖြစ်ကတည်းက ရဲရှောင်အကြောင်း ငါကောင်းကောင်း သိခဲ့ရတယ်။
သူ့လိုလူမျိုးနဲ့ ရန်သူဖြစ်ရတာက ကောင်းတဲ့ကိစ္စမဟုတ်ဘူး။ အဲဒီလိုကိစ္စကိုမှ ငါကလည်း လုပ်ခဲ့မိ တာကိုး . . .)
မင်းသား ရဲရှောင်အား ကြည့်ရင်း စဉ်းစားနေမိခြင်း ဖြစ်သည်။ နောက်ဆုံးတွင်တော့ သက်ပြင်း တစ်ချက်သာ ချလိုက်လေတော့၏။
ကွမ်ဇန်ဝမ်လည်း သက်ပြင်း ချလိုက်လေ၏။ သူလည်း နောင်တရနေသည့် ပုံစံပါပင်။
(ငါဘာလို့ အစောကြီးကတည်းကများ မစဉ်းစားခဲ့မိ ရတာပါလိမ့် . . . သူသာ တကယ့်အရူး တစ်ယောက် ဆိုရင် ဒီလိုမျိုး မင်းသားနန်းတော်မှာ ဘယ်လိုလုပ် ဟော့ဟော့ရမ်းရမ်း လုပ်ရဲမှာလဲ . . .
ရဲနန်ရှန်ရဲ့ သားတစ်ယောက်၊ တစ်ဦးတည်းသော သားတစ်ယောက်က ဘယ်လိုလုပ်ပြီး လူရမ်းကား အရူးတစ်ယောက် ဖြစ်နိုင်မှာလဲ ဆိုတာ ငါကြိုပြီး သိခဲ့သင့်တယ် . . .)
“ရဲရှောင် . . . မင်းငါ့ကို ဖြေရှင်းချက် ပေးမယ်လို့ ငါမျှော်လင့်ပါတယ် . . .”
အိမ်ရှေ့မင်းသားလည်း လက်ကို ဝေ့ယမ်းပြလိုက်ပြီး တခြားလူများအား ထွက်ခွာ ခိုင်းလိုက်သည်။
အစေခံအချို့ ရှေ့သို့ ရောက်လာကြပြီး စားပွဲကို သန့်ရှင်းရေး လုပ်သွားကြလေ၏။
ယခုအခါ စားပွဲတွင် အိမ်ရှေ့မင်းသား၊ ကွမ်ဇန်ဝမ်နှင့် ရဲရှောင်တို့သာ ကျန်ရှိပါတော့သည်။
ရဲရှောင်မှ မျက်မှောင် ကြုတ်လိုက်ရင်း –
“ဖြေရှင်းချက် ဟုတ်လား . . . ကျုပ်က ခင်ဗျားကို ဘာဖြေရှင်းချက် ပေးရမှာလဲ . . .”
မင်းသား ရယ်မောလိုက်ပြီးနောက် –
“မင်း မူရှန်ဘိုင် သေဆုံးခဲ့တဲ့ ကိစ္စမှာ ပါဝင်ပတ်သက်ခဲ့လား ဆိုတာကို ငါသိချင်တယ် . . .”
သူ၏ မျက်နှာသည် အနည်းငယ် ခက်ထန်သလို ရှိနေလေ၏။ ထို့နောက် နူးညံ့သော အသံဖြင့် –
“တကယ်တော့ မင်းလည်း သိပါတယ်။ မင်းက တကယ့် အရူးတစ်ယောက် ဖြစ်နေတယ် ဆိုရင်တောင်မှ မင်းကို ငါ အလျော့ပေးမှာ မဟုတ်ဘူး။ မင်းက တန်ဖိုးရှိတဲ့ လူတစ်ယောက်ပါ။ ဒါပေမဲ့ တစ်ခါတစ်ရံမှာ လူဆိုတာ လုပ်သင့်တာကို လုပ်ရမယ်လေ၊ မလုပ်ချင်ရင်တောင်မှပေါ့ . . .”
ကွမ်ဇန်ဝမ်ကတော့ အနည်းငယ် ပြုံးနေလေ၏။
“အထူးသဖြင့် မိန်းမတစ်ယောက် ကြားဝင်လာတဲ့ ကိစ္စမျိုးမှာ ဆိုရင် ပိုမှန်မယ်။ င့ါမိန်းမ ပါဝင်လာတယ် ဆိုတာကလည်း သူ့ရဲ့ ကိုယ်ရေးကိုယ်တာနဲ့ ဆိုင်နေတာကိုး . . . သူ့ကြောင့်ပဲ ငါလည်း လုပ်စရာ ရှိတာ လုပ်ရမှာပဲ . . .”
မင်းသား သက်ပြင်းတစ်ချက် ချလိုက်ရင်း ဆက်လက်၍ –
“အဲဒီအချိန် ငါသာ သူ့ကိစ္စကို ဂရုမစိုက်ဘူးဆိုရင် နောက်ပိုင်း ဘာကိစ္စပဲဖြစ်ဖြစ် ငါလုပ်နိုင်မှာ မဟုတ်တော့ဘူး။ အထူးသဖြင့် အချိန်တိုင်း ငါ့ဘေးနားမှာ ရှိနေတဲ့ မိန်းမတစ်ယောက်၊ အင်အားကြီးတဲ့ ကျောထောက် နောက်ခံ တစ်ခုခု ရှိနေတဲ့ မိန်းမတစ်ယောက်ကို မင်းအနေ့နဲ့လည်း ဇယားမရှုပ်သင့်ဘူးမလား . . .”
ရဲရှောင်မှ စာနာနားလည်ဟန်ဖြင့် –
“ခင်ဗျားပြောတာ ကျုပ်နားလည်ပါတယ်။ ကိုယ်ချင်းစာပါတယ် . . .”
“အဲဒါကြောင့် ငါအမှန်တရားကို သိချင်တယ် . . .”
မင်းသား ရဲရှောင်အား တစ်ချက် လှမ်းကြည့်ရင်း ပြောလိုက်တယ်။
“ဖြေရှင်းချက် တစ်ခုခုတော့ ပေးပါ။
ရဲရှောင်မှ တစ်ချက် ရယ်မောလိုက်ပြီး –
“အမှန်တရားလား . . . အမှန်တရားက တကယ်ပဲ အရေးကြီးလို့လား . . . ခင်ဗျားက ဘယ်တုန်းက အမှန်တရားကို လိုချင်ခဲ့ဖူးလို့လဲ၊ အစောကြီးကတည်းက အမှန်တရားကို မသိဘဲ လုပ်ချင်တာ လုပ်နေပြီးတော့ . . . အခုနေ ခင်ဗျားအနေနဲ့ ကျုပ်ဟာ လုံးဝ ပါဝင်ပတ်သက်ခြင်း မရှိပါဘူး ဆိုတာကို သက်သေပြနိုင်ရင်တောင်မှ ခင်ဗျား ကျုပ်ကို လွှတ်ပေးနိုင်မှာတဲ့လား . . . နောက်ပြီး အကြောင်းပြချက် ဆိုတာကလည်း သိပ်ပြီး အရေးမကြီးလှပါဘူး . . .”
အိမ်ရှေ့မင်းသားလည်း ခဏမျှ တိတ်ဆိတ်သွားလေ၏။
“အဲဒါကြောင့် အဲဒီ အမှန်တရားဆိုတာ ခင်ဗျားတို့အတွက် အမှိုက်လိုပါပဲ . . .”
ရဲရှောင် ခနဲ့တဲ့တဲ့ ပြောလိုက်လေသည်။
“မင်းသား . . . ကျုပ်က အဲဒီလူကို ကျုပ်သတ်ပါလို့ ပြောလိုက်မယ် ဆိုရင် ခင်ဗျားက ယုံမှာလား၊ အဲဒီလိုပဲ ကျုပ် မသတ်ဘူးလို့ ပြောရင်ရော ခင်ဗျားက ယုံမှာလား . . .”
“ဘယ်လိုပဲဖြစ်ဖြစ် ကျုပ်သတ်သတ် မသတ်သတ် ခင်ဗျားက ကျုပ်ကို အလွတ်ပေးမှာ မဟုတ်ဘူး၊ ကျုပ်ပြောတာ မှန်တယ်မလား . . .”
ရဲရှောင် မခိုးမခန့် လေသံဖြင့် ပြောလိုက်ပြန်သည်။
“အဲဒါကြောင့်မို့ ခင်ဗျား ဘာတွေ စဉ်းစားနေသလဲ ဆိုတာကို ကျုပ်ဖြင့် နားကို မလည်နိုင်တော့ဘူး၊ ဒါပေမဲ့ ကျုပ်သိတာ တစ်ခုတော့ ရှိတယ်။ ခင်ဗျား ဘာလုပ်ချင်နေသလဲ ဆိုတာကိုပဲ . . .”
“ဟုတ်လား . . . ငါတို့ လုပ်ချင်တာက ဘာလဲဆိုတာ ပြောစမ်းပါဦး . . .”
မင်းသား စူးစိုက်ကြည့်ကာ ပြောလိုက်လေ၏။
“ခင်ဗျားက ကျုပ်ကို သတ်ဖို့အတွက် မှန်ကန်တဲ့ ခြောက်ပစ်ကင်း သဲလဲစင် အကြောင်းပြချက် တစ်ခု လိုချင်နေတာ၊ အဲဒါမှ ကျုပ်အဖေကို ကောင်းကောင်း လိမ်လို့ ရမှာလေ။ မြင့်မြတ်သူကို ဖြောင့်မတ် ချင်ယောင် ဆောင်ထားတဲ့ အလိမ်အညာတွေနဲ့ပဲ အခွင့်ကောင်း ယူလို့ရမယ်။ ခင်ဗျားစိတ်ထဲမှာ ကျုပ်အဖေကို ဒီလို မြင့်မြတ်တဲ့ လူတစ်ယောက်လို့ ထင်နေတာမလား . . .”
ရဲရှောင် လိုရင်းပင် ပြောလိုက်သည်။
“ကျုပ်အခုချိန်ထိ အသက်ရှင်နေတယ် ဆိုတာကလည်း ခင်ဗျားမှာ အဲဒီလို အကြောင်းပြချက် ကောင်းကောင်း မရှိသေးလို့ပဲ . . .”
မင်းသား ပြုံးလိုက်မိသည်။
“အခု ကျုပ်က ခင်ဗျားရဲ့ နန်းတော်မှာ ရောက်နေပြီဆိုတော့ ခင်ဗျားအနေနဲ့ အခု အကြောင်းပြချက် ကောင်းကောင်း ရသွားပြီ ထင်ပါရဲ့ . . .”
ရဲရှောင် ခပ်မဲ့မဲ့ ပြောလိုက်သည်။
“ဟုတ်တယ် . . . မင်းမှန်တယ်။ ငါတွေ့သွားပြီ၊ စစ်သူကြီးကို အကြောင်းပြချက် ပေးလို့ရပြီလေ”
မင်းသား ခေါင်းညိတ်လျက် ပြောလိုက်၏။
“ဟား ဟား ဟား ဟား . . .”
ရဲရှောင် ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး ခနဲ့တဲ့တဲ့ လေသံဖြင့် –
“ကျုပ်မှာ မေးခွန်းတစ်ခု ရှိသေးတယ်။ ခင်ဗျားက ဘာလို့ အကြောင်းပြချက် ကောင်းကောင်းပဲ လိုချင်နေရတာလဲ . . .”
မင်းသား မျက်မှောင်ကြုတ်သွားသည်။
“မင်းဘာပြောချင်တာလဲ . . .”
“ခင်ဗျားက ကျုပ်ကို ဒီမတိုင်ခင် ကတည်းက ခဏခဏ အတိုက်အခံ လုပ်ခဲ့တယ်။ ခင်ဗျားမှာ အကြောင်းပြချက်ရှိလား၊ သက်သေတွေ ရှိခဲ့လား . . . နောက်ကျ ခင်ဗျားက ကျုပ်ကို သတ်ဖို့ကျ အကြောင်းပြချက် လိုတယ်တဲ့လား . . .”
“ကောင်းပြီ . . . ခင်ဗျား အကြောင်းပြချက် မလိုဘူး၊ ကျုပ်အဖေက ကျုပ်သေလို့ ကလဲ့စား ချေချင်ရင် ဘာအကြောင်းပြချက်တွေ ဘာတွေမှ ဂရုစိုက်နေမှာ မဟုတ်ဘူးနော် . . . အဲဒီလို ကျုပ်အဖေ ကလဲ့စား ချေတဲ့အခါ ခင်ဗျားအနေနဲ့ သူ့ကို မတားနိုင်မှာ ကြောက်မိပါရဲ့ . . .”
ရဲရှောင် ခနဲ့တဲ့တဲ့ ပြောလိုက်လေသည်။
ရဲရင့် ပြောင်မြောက်သော စစ်သူကြီး တစ်ဦး၏ သားဖြစ်သည့် အားလျော်စွာ ရဲရှောင်သည် မင်းသားအား ရန်လိုသော အနေအထားကိုသာ ပြသခဲ့လေသည်။
ထို့နောက် ဆက်လက်၍ –
“ခင်ဗျားသိပြီလား၊ ကျုပ်ပြောတဲ့ အကြောင်းပြချက်က အရေးမပါပါဘူး ဆိုတဲ့ အရာကိုလေ၊ ခင်ဗျား ကျုပ်လို မစဉ်းစား မိဘူးမလား . . .”
အိမ်ရှေ့မင်းသား မျက်မှောင်ကြုတ်လိုက်ပြီး အေးစက်စက် မျက်နှာထား ဖြစ်သွားလေ၏။
သူသိနေပြီးသား ဖြစ်၏။
ရဲနန်ရှန် ယခုနိုင်ငံတော်သို့ ရောက်လာရခြင်းမှာ သူ့သားကို ကယ်တင်ရန်အတွက် ဖြစ်၏။ သူ့သား ရဲရှောင် အတွက်ဖြင့် မြောက်ပိုင်းကို အုပ်ချုပ်ရမည့် စစ်သူကြီးအဖြစ် တာဝန်ယူလိုက်ခြင်း ဖြစ်၏။
ထိုအချိန် ဘုရင်နှင့် သွေးသောက် ညီအစ်ကို ဖွဲ့ခဲ့ကြသည့် မင်းသား ၂ ယောက် ရှိခဲ့လေ၏။ မင်းသား ၂ ဦးမှာ မျိုးရိုးနာမည်များ မတူညီကြဘဲ ထိုကိစ္စကို လူအတော်များများ မသိခဲ့ကြချေ။ အိမ်ရှေ့ မင်းသားကတော့ သိခဲ့လေ၏။
ရဲနန်ရှန်သည် သူ့သား၏ အသက်ကို ကယ်တင်ရန်အတွက် ဟွာရန်းမင်းသားခေါ် စုဒင်ဂိုထံမှ ဆေးကို ရယူလိုချင်စိတ်ဖြင့် သိန်းသန်းချီသော လူအုပ်ကို ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ခဲ့သူ ဖြစ်လေ၏။
သူ့သား သေဆုံးသွားသည် ဆိုတာကိုသာ သိမည် ဆိုပါက . . .
ရဲနန်ရှန်အနေဖြင့် ဘာကိုမှ စဉ်းစားဆင်ခြင် နေတော့မည် မဟုတ်ပေ။ အိမ်ရှေ့မင်းသား တစ်ယောက်ကို သတ်ဖြတ်ရခြင်းသည် သူ့အတွက် ခက်ခဲမည့် အရာ မဟုတ်ပါချေ။
သူလုပ်ချင်တာကို လုပ်နိုင်မည့် အခွင့်အရေးလည်း ရရှိမှာ အသေအချာပါပင်။
“အဲဒါကြောင့် ခင်ဗျား လုပ်နေတဲ့ အရာတွေက တကယ်ကို အသုံးမ၀င် အဓိပ္ပါယ်မရှိ ဖြစ်နေတယ်”
ရဲရှောင် စူးစိုက်ကြည့်၍ ပြောလိုက်သည်။
“မင်းသား . . . ခင်ဗျား စလုပ်ခဲ့တဲ့ အရာကပဲ တော်တော် ဉာဏ်ကောင်းတယ် ပြောရမယ်”
အိမ်ရှေ့မင်းသား မျက်မှောင်ကြုတ်သွားပြီး –
“ငါစပြီး လုပ်ခဲ့တဲ့အရာ မင်းဘာကို ပြောချင်တာလဲ၊ မူမျိုးနွယ်ကို မင်းနဲ့ အရှုပ်အထွေး ဖြစ်စေခဲ့ တာကို ပြောတာလား . . .”
ရဲရှောင် ဘာမှ မပြောဘဲ ပြုံးရုံသာ ပြုံးနေလေ၏။ သူ၏ အကြည့်များကတော့ အေးစက်စက် ရှိနေပါတော့သည် . . .။

Comment

Leave a Reply

Options

not work with dark mode
Reset