Switch Mode

Chapter – 31

Chapter – 31

“ကျွန်မ ရူးတော့မယ်” အမျိုးသမီးသည် ဆက်တိုက်အော့အန်ရင်း မျက်နှာဖြူဖပ်ဖြူရော်ဖြစ်လာသည်။ စိတ်မနှံ့သကဲ့သို့ အော်ဟစ်သောင်းကျန်းနေသည်။ သူမနှင့်အတူလာသော ယောက်ျားကို သူမအား ထရန်ထူခိုင်းပြီးနောက် အဝေးတစ်နေရာသို့ အားရပါးရပြေးသွားသည်။
အဝေးတစ်နေရာတွင် စမ်းချောင်းစီးဆင်းသံ ရှိသည်။ ထိုနေရာသို့ သူမသွားနေခြင်းဖြစ်သည်။ ထိုအမျိုးသမီးသည် သူမလက်တွင် ပေနေသည့် “အညစ်အကြေးမစင်” ကို သည်းမခံနိုင်ချေ။ သူမ၏လက်ကို ပုဆိန်နှင့် ခုတ်ပြီး အညစ်အကြေးနှင့် မသန့်စင်မှုများကို တစ်ခါတည်း ရှင်းထုတ်ပစ်လိုက်ချင်သည်။ သူမသည် လက်ကို အေးစက်သောရေထဲသို့ စိမ်လိုက်ပြီး လက်ကို အားဖြင့် ပွတ်ထုတ်နေသည်။
ဟိုလင်းနို့လူသားသည်လည်း အတူတူပင် ဖြစ်သည်။ မျက်နှာရှုံ့မဲ့နေပြီး စမ်းချောင်းသို့ လာရာလမ်းတစ်လျှောက်တွင် ပျို့အန်ဆဲ ဖြစ်သည်။ သူသည် ထိုအမျိုးသမီးကဲ့သို့ လက်ကို အားဖြင့် ပွတ်တိုက်ကာ ဆေးကြောလျက်ရှိသည်။
ချူဖုန်းသည် အဝေးမှနေ၍ ထိုလူ၂ယောက် ရုန်းကန်သည်ကို ကြည့်သည်။ သူသည် ရုတ်တရက် ချောင်းမြောင်းမတိုက်ခိုက်လိုချေ၊ သူတို့နှင့် ထိတွေ့ခြင်းမှ ရှောင်ကြဥ်ရမည်ဟု သူထင်သည်။ သူတို့ သေသေချာချာ သန့်စင်ပြီးမှ တိုက်ခိုက်လိုသည်၊ သို့မှသာ တိုက်ပွဲသည် သွေးသံရဲရဲသာ ဖြစ်ပြီး စက်ဆုပ်ရွံရှာဖွယ်မဖြစ်မည် ဖြစ်သည်။
အခု ထိုလူ၂ယောက် မည်မျှရွံမုန်းနေမည်ဖြစ်ကြောင်း စဥ်းစားကြည့်နိုင်သည်။
“ငါ ရူးတော့မယ်တကယ်၊ မခံစားနိုင်ဘူး၊ နွားကောင်စုတ်ပဲ၊ အဲ့ကောင်ကို ရှာပြီး သတ်ပစ်မယ်” စူးရှစွာအော်လိုက်သော အမျိုးသမီး၏အော်သံသည် ညအမှောင်ထဲတွင် ပဲ့တင်ထပ်သွားသည်။
“သွားမယ် ငါတို့ပစ်မှတ်ကို အရင်သွားရှာမယ်” ထိုလူပြောလိုက်သည်။ ထိုလူသည် ချောမောသော ရုပ်ရည်ရှိသော်လည်း သူ့မျက်လုံးထဲတွင် ရက်စက်ယုတ်မာသော အကြည့်ရှိသည်။ သူခံသင့်သလောက် ခံရပြီးပြီ ဖြစ်သည်။ သူတာဝန်ကျသည့် အလုပ်ကို ပြီးဆုံးအောင် လုပ်ပြီး အနားယူချင်လိုသည်။
အမျိုးသမီးသည် ထိုယောကျ်ားသားပြောသော စကားအတိုင်း မဆောင်ရွက်ပါ၊ သူမလက်ကိုသာ ဆက်လက် ပွတ်ထုတ်နေသည်။
ချူဖုန်းသည် မြန်ဆန်စွာလှည့်ပတ်ပြီးနောက် လေထဲ ပျောက်သွားသည်။
ဟိုလူ၂ယောက်သည် နာရီအနည်းငယ်ကြာမှ ချူဖုန်းအိမ်သို့ ရောက်လာခဲ့သည်။ ခြံဝင်းအပြင်ဘက်တွင် ရစ်ဝဲနေသည်၊ ထိုအချိန်တွင် ချူဖုန်းသည် ခြံဝင်းတံခါးကို တွန်းဖွင့်ကာ ခြံဝင်းအပြင် ထွက်လိုက်သည်။
ချူဖုန်းသာ သူတို့၂ယောက်ဆီမှ သတင်းအချက်အလက် ရယူလိုခြင်းကြောင့်မဟုတ်လျှင် သူတို့ဒီကိုလာရာလမ်းတွင် သတ်ပစ်ပြီးပြီဖြစ်သည်။ ထိုအချိန်တွင် ချူဖုန်းသည် သာမန်လူသားအနေဖြင့် ဟန်ဆောင်ကာ အံ့သြပြီး သိချင်လိုသော အကြည့်ဖြင့် သူတို့ဘယ်သူလဲ မေးလိုက်သည်။
“ငါ မင်းကို ရှည်ရှည်ဝေးဝေး မရှင်းပြတော့ဘူး၊ လိုရင်းပဲ ပြောမယ်၊ တစ်ယောက်ယောက်က မင်းကို ဆက်အသက်မရှင်စေချင်တော့ဘူး” ထိုယောကျ်ားသည် မထီမဲ့မြင်ပြောလိုက်သည်၊ လူသတ်လိုကြောင်း မျက်နှာပေါ်တွင် အပြည့်‌ရေးထားသည်။
“ဘာလို့လဲ၊ ဘယ်သူက ကျွန်တော့်ကို သတ်ချင်တာလဲ” ချူဖုန်းသည် အလွန်အံ့သြသည့်ပုံစံ လုပ်ကာ အမြန်နောက်ဆုတ်လိုက်သည်။
ညကောင်းကင်မှာ ကြည်လင်ပြီး ကြယ်များဖြင့် လင်းလက်တောက်ပလျက်ရှိသည်။
ထိုယောကျ်ားသည် သူ၏ အမဲရောင်အတောင်ပံကို ဖွင့်ကာ လေထဲသို့ ဖြည်းဖြည်းပျံတက်သွားသည်။ အပေါ်လေထဲတွင် နေကာ အာဏာနှင့် အထက်စီးဆန်မှုကို ခံစားရသည်။ သူ့အောက်ရှိ မြေပြင်နှင့် ထိုမြေပြင်ပေါ်တွင် နေထိုင်ကြသော သတ္တဝါအားလုံးသည် သူ၏ အာဏာအစွမ်းအောက်၌ ဖမ်းပိတ်ထားသကဲ့သို့ ခံစားရသည်။
“အခု ငါ မင်းကို သေနည်းရွေးဖို့ အခွင့်အရေးပေးမယ်၊ ပထမနည်းလမ်းက မင်း မတ်ောတဆ ဓာတ်လိုက်သွားသလို ဖြစ်လိမ့်မယ်၊ ဒုတိယနည်းလမ်းက မင်း မတော်တဆမီးစွဲသွားလို့ မင်းခန္ဓာကိုယ်က ကျောက်မီးသွေးတုံးဖြစ်သွားမယ်၊ အမြန်ရွေး”
သူသည် အေးစက်စွာ ရွေးခိုင်းပြီး သူတစ်ပါးအသက်ကို အမှုမပြုသည့် သူ၏နှလုံးသားမဲ့ခြင်းကို ပေါ်လွင်စေသည်။ အပြစ်မရှိသည့် အသက်တစ်ချောင်း ဆုံးရှုံးမည်ကို ဂရုစိုက်ပုံ မပေါ်ချေ။ သေခြင်း၊ ရှင်ခြင်းသည် သူ့အတွက် လျစ်လျူရှု၍ရသော ကိစ္စရပ်ဖြစ်ပုံပေါ်သည်။
“ခင်ဗျားက ဆင့်ကဲပြောင်းလဲပြီးသူတစ်ဦးဖြစ်ပေမယ့် သူများခိုင်းတာပဲ လုပ်ခွင့်ရှိတဲ့ သူများရဲ့ခိုင်းစားခံရတဲ့ကောင်ပဲ၊ ငါသာ မတော်တဆမှုနဲ့ မသေရင် အနှောင့်အယှက်ဖြစ်မှာကို စိုးရိမ်နေတာမလား၊ သူတစ်ပါးအသက်ကို လွယ်လွယ်နဲ့ ယူပေမယ့် ကိုယ်လုပ်တာမှားလို့ သူများဆူမှာကိုတော့ ကြောက်နေတယ်ဟုတ်လား၊ အဲ့တော့ ခင်ဗျားကို ခုလို ကြောက်စေတဲ့သူက ဘယ်သူလဲ ငါသိချင်တယ်” ချူဖုန်းသည် တည်ငြိမ်စွာဖြင့် မေးလိုက်သည်။
“မင်းက ငါ့ကို ကြောက်စေလိမ့်မယ်လို့ ထင်နေတာလား၊ လူ့အဖွဲ့အစည်းရဲ့ အောက်တန်းစားမှာ ဆွေးမြေ့နေတဲ့ကောင်ကများ၊ မင်းကို သတ်တယ်ဆိုတာ ငါ့အတွက် ယင်ကောင်သတ်သလိုပဲ” ထိုယောကျ်ားသည် ရွံမုန်းသော အမူအရာဖြင့် ပြောလိုက်သည်။
သူသည် ချူဖုန်းနှင့် စကားများရန် စိတ်မရှိပါ။ သူ့ရှေ့ရှိ သာမန်လူသားကို အမြန်ရှင်းထုတ်ပြီး ချက်ချင်းအိမ်ပြန်ကာ ရေပူထဲတွင် သက်သောင့်သက်သာရေချိုးလိုသည်။
“ငါ ဒီမှာ ဆက်မနေချင်တော့ဘူး၊ အမြန်သူ့ကို သတ်ရအောင်” အမျိုးသမီးက ပို၍ စိတ်တိုနေပုံရသည်။ သူမ၏ စိတ်ရှည်မှုအကုန် ကုန်ဆုံးသွားပြီဖြစ်သည်။ “ပြီးရင် ငါတို့ ချင်းရန်ရွာကိုသွားပြီး ဟိုနွားကောင်ကိုရှာသတ်ရမယ်” ထိုအမျိုးသမီးသည် ဒေါသထွက်ကာ အံကြိတ်ထားသည်။
ယောက်ျားကြီးသည် စတင်လှုပ်ရှားလေသည်။ အချိန်မဖြုန်းပဲ အလျင်အမြန် ချူဖုန်းအပေါ် ဆင်းသက်ကာ ရိုက်ချလိုက်သည်။
ဖုန်း!
သို့သော် နောက်အခိုက်အတန့်တွင် သူသည် လေထဲသို့ ပြောင်းပြန် လွင့်ထွက်သွားသည်ကို တွေ့ရသည်။
ချူဖုန်းသည် မြေပြင်ပေါ်တွင် မြဲမြံစွာ မတ်တပ်ရပ်နေသည်။ သူ၏လက်သီးတစ်ချက်ဖြင့် ထိုလူ၏ နံရိုးအိမ်ကျိုးသွားသည်။ ထိုယောကျ်ား၏ ရင်ဘတ်မှာ အထဲသို့ ချိုင့်ဝင်သွားပြီး လေထဲသို့ လွင့်ထွက်ကာ မြေကြီးပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသည်၊ သူ့ပါးစပ်မှ သွေးများ စီးထွက်လာသည်။
ထိုလူသည် မြေကြီးပေါ်တွင် မှောက်လျက်ပြုတ်ကျကာ သွေးအန်နေသည်။ အံ့သြခြင်းက သူ့မျက်နှာပေါ်တွင် ရေးထားသည်။ ထိုးလိုက်သည့်လက်သီး၏အားမှာ အလွန်ကြောက်မက်ဖွယ်ကောင်းလှသည်။ သူအံ့သြရခြင်းမှာ သာမန်လူသားတစ်ယောက်၏ လက်သီးမှာ အဘယ်ကြောင့် ဆင့်ကဲပြောင်းလဲပြီးဖြစ်သည့် သူ၏ခန္ဓာကိုယ်၏ အကာအရံကို ထိုးဖောက်နိုင်ရလဲဆိုတာကို နားမလည်နိုင်ဖြစ်နေသည်။ လက်သီးတစ်ချက်က သူ၏အသက်ကို ပါသွားမလို ဖြစ်သွားသည်။
ထိုဒဏ်ရာ၏နာကျင်မှုသည် သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ပျံ့နှံ့သွားသည်၊ သို့သော် သူအမြန် ပြန်နာလန်ထူလာသည်။ ကောင်းကင်ဆီသို့ ထပ်မံ ပျံတက်သွားကာ သူ၏ သေစေနိုင်သော စွမ်းအားကို ထုတ်ရန် ပြင်ဆင်နေသည်။ သူ၏အတောင်ပံကို ခတ်ကာ ပါးစပ်ဖျားရှိ သွေးကို ညှင်သာစွာ သုတ်ရင်း ချူဖုန်းကို စိုက်ကြည့်နေသည်။ သူ၏အေးစက်သည့် မျက်လုံးထဲတွင် ကြမ်းကြုတ်မှုနှင့် ရက်စက်သောအေးစက်ခြင်းတို့ ရှိသည်။
“မင်းက သာမန်မဟုတ်ဘူးပဲ၊ မင်းကို အထင်သေးမိတာ ဝန်ခံတယ်”
ထို့နောက် သူ၏ ပါးစပ်ကို ဖွင့်ကာ ချူဖုန်းထံ ဟိန်းဟောက်လိုက်သည်။ ချူဖုန်းသည် ထိုလူ၏ ကျယ်လောင်စွာ အော်နေသော ပါးစပ်ထဲမှ ဆန်းကြယ်သည့် စွမ်းအားကို ချက်ချင်း ခံစားလိုက်ရသည်။
အသံလှိုင်းများစွာ ထွက်လာကာ မြင်နေရသည်။ အသံမှာ အမဲရောင်လှိုင်းများအဖြစ် ပြောင်းသွားပြီး တစ်လှိုင်းပြီးတစ်လှိုင်း ချူဖုန်းထံ လွင့်လာသည်။
ဖုန်း!
သစ်ပင်ကြီးများနှင့် ကျောက်တုံးကြီးများသည် ထိုအသံလှိုင်းကြောင့် ပေါက်ကွဲကုန်သည်။ ဒါသည် အလွန်ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းဖြစ်ပြီး ထိုအစွမ်း၏ အားအင်မှာ ကြောက်ခမန်းလိလိပင် ဖြစ်သည်။
အမျိုးသမီးသည် ထိုယောကျ်ားနှင့် မလှမ်းမကမ်းတွင် ရပ်နေသည်၊ သူမလည်း စိတ်တည်ငြိမ်သွားသည်။ တစ်ချိန်တည်းမှာပင် သူမလည်း အမြန်နောက်ဆုတ်လိုက်သည်၊ ထိုယောက်ျား၏ အစွမ်းကို မည်သူမျှ မခံနိုင်ကြောင်း သူမသိသည်။
အခြားဆင့်ကဲပြောင်းလဲပြီးသူများနှင့်တိုက်ခိုက်ရာတွင် ဤအစွမ်းအားက သူ၏ရန်သူများကို သစ်ရွက်ခြောက်ရှင်းလင်းသလို လွယ်လွယ်ဖြင့် နင်းချေနိုင်စေခဲ့သည်။ သူသည် အမြဲတမ်း အောင်မြင်မှုကိုသာ ရရှိခဲ့သူဖြစ်သည်။
ဤအစွမ်းအားကို သာမန်လူသားပေါ်တွင် အသုံးပြုလျှင် လူထောင်ပေါင်းများစွာကို တစ်ချက်တည်းဖြင့် သေစေနိုင်ကြောင်း သူသိရှိခဲ့သည်။ မိတ်ဆွေနှင့် ရန်သူဟူ၍ ခွဲခြားခြင်းမရှိချေ။ သူ့လမ်းကြောင်းတစ်လျှောက်ရှိသူများအားလုံးကို လွယ်လွယ်ဖြင့် အနိုင်ပိုင်းနိုင်မည်ဖြစ်သည်။
ချူဖုန်းသည် ဤတိုက်ပွဲတွင် သူရှုံးနိမ့်နိုင်ကြောင်း သိလိုက်သည်။ လှိုင်းများက နေရာအနှံ့ပျံ့လွင့်လျက် ရှိသည်၊ ထိုလှိုင်းအစွမ်းများက သူ့ခန္ဓာကိုယ်၏ အပေါက်များမှတစ်ဆင့် ထိုးဖောက်ဝင်ရောက်နေသည်၊ သူ့ခန္ဓာကိုယ်ကို ဆွဲဖြဲကာ ဦးခေါင်းခွံပေါက်ကွဲမတတ် ခံစားနေရသည်။ စူးရှနာကျင်မှုမှာ သူ့ကိုယ်အနှံ့ ပျံ့နှံ့နေသည်။
သို့သော် သူမတုန်လှုပ်သွားချေ။ ချူဖုန်းသည် သူ၏ ပုံမှန်ပုံစံကွက်အတိုင်း နေကာ သူသင်ထားသည်ကိုသုံးပြီး လက်ခံရရှိနေသည့် ထိခိုက်မှုကို လမ်းကြောင်းလွှဲရန် ကြိုးစားနေသည်။
ဘွန်း!
ချူဖုန်းသည် နွားနတ်ဆိုးလက်ဝှေ့ထိုးနည်းပုံစံကို သုံးသည်။ ထိုလူ၏ ကျယ်လောင်သော အော်ဟိန်းသံသည် မကြာမီ မိုးကြိုးသံအောက် နစ်မြုပ်သွားသည်၊ လေထုစုစည်းလာပြီး နွားမဲ၏ အရိပ်ပေါ်လာကာ ထိုနွားမဲ၏ အော်ဟိန်းသံ ပဲ့တင်ထပ်သွားသည်။
လက်ဝှေ့ထိုးနည်းပုံစံသည် ရန်သူကို ကိုယ်ထိလက်ရောက် ထိခိုက်အောင် လုပ်နိုင်သည့် လက်သီးသိုင်းကွက်ဖြစ်ရုံမက အသံဖြင့် တိုက်ခိုက်နိုင်ခြင်းဖြစ်ကြောင်းလည်း ရုတ်တရက် သိရှိသွားသည်၊ ထိုအသံလှိုင်းမှာ လင်းနို့လူသား၏ အသံလှိုင်းလုံးများထက် ၁၀ဆပို၍ ပြင်းထန်သည်။
ဝေါ့!
လေထဲတွင် ထိုလူသည် မိုးကြိုးပစ်ခံရသကဲ့သို့ ကောင်းကင်ပေါ်မှ ပြုတ်ကျပြီး မြေပြင်ကို ခေါင်းဖြင့် ရိုက်မိသွားသည်။ ဒဏ်ရာရသွားသော သူ၏ကိုယ်မှ သွေးများထွက်လာသည်၊ အသံလှိုင်းမှာလည်း မရှိတော့ချေ။
သူသည် လည်ပင်းတွင် အလွန်ပြင်းထန်သော နာကျင်မှုကို ခံစားနေရသည်။ ရင်ဘတ်တွင် ဒဏ်ရာအပြင်းဆုံးဖြစ်ပြီး ပါးစပ်မှ သွေးများစီးထွက်လာသည်။ တစ်ချိန်တည်းမှာပင် မျက်လုံး၊ နှာခေါင်းနှင့် ပါးစပ်ထဲမှ သွေးများ စိမ့်ထွက်လာသည်။ ခေါင်းရှိ အပေါက်၇ခုလုံး ပြင်းထန်စွာ ဒဏ်ရာရသွားသည်။
“မင်း…” အမျိုးသမီးသည် ချူဖုန်းကြောင့် ကျရှုံးသွားသော ဟိုယောကျ်ားသားကို တွေ့ပြီး မျက်နှာသည် စက္ကူကဲ့သို့ ဖြူစွပ်သွားသည်။ ထို့နောက် သူမ အမြန်လှုပ်ရှားကာ ခရမ်းရောင်အလင်းတန်းကို သူ့လက်ဖဝါးဖြင့် ထုတ်လွှတ်လိုက်သည်။ နွယ်ပင်တစ်ချောင်းပေါ်ထွက်လာပြီး ချူဖုန်းရှိရာဘက်ဆီ လျင်မြန်စွာ ရှည်ထွက်သွားသည်။
ချူဖုန်းသည် နွယ်ပင်ကို ရှောင်လွှဲလိုက်သည်။ အပင်သည် သူ၏ ပစ်မှတ်ကို လွတ်ကာ မြေပြင်ပေါ်သို့ ကျသွားသည်။ ထိုရိုက်ချက်ကြောင့် အစိမ်းရောင်ကျောက်ပြားမှာ ထက်ခြမ်းကွဲသွားသည်။
ထို့နောက် ရယ်သံတစ်ခု ကြားရသည်။
နောက်ထပ်နွယ်ပင်များသည် အမျိုးသမီး၏လက်ရှိ အပေါက်သေးမှ လိမ်ထွက်လာကြပြီး ခြံဝင်းအပြည့် ခွဲထွက်ကာ ပျံ့နှံ့သွားသည်။ ထိုအမျိုးသမီး၏ ရည်ရွယ်ချက်မှာ သိသာသည်။ သူမသည် ချူဖုန်းကို ချုပ်ကာ နွယ်ပင်အကူအညီဖြင့် သူ့ကို ညှစ်သတ်လိုခြင်းဖြစ်သည်။
ထိုအချိန်တွင် နွယ်ပင်များသည်လည်း ပျံ့လွင့်ကာ ယိမ်းယိုင်နေပြီး ခြံဝင်းအတွင်းရှိ ကွန်ကရစ်ကြမ်းပြင်နှင့် ကျောက်တုံးများအပေါ် ရစ်နွယ်လျက်ရှိသည်။ ချွင်းချက်မရှိ ထိုနွယ်ပင်များ ရစ်ပတ်လိုက်သည့် အရာအားလုံး အမှုန်အစဖြစ်သွားသည်။ အလွန်ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းပင် ဖြစ်သည်။
သို့သော် ချူဖုန်း၏ စွမ်းအားကို မည်သူမျှ မသိကြချေ။ သူသည် ပထမဆုံးအကြိမ် ကျွောကျွင်းနှင့် တိုက်ခိုက်တုန်းက ကဲ့သို့ လူသစ်တိုက်ခိုက်သမား မဟုတ်တော့ချေ။ တောင်ထဲတွင် အပတ်ပေါင်းများစွာ လေ့ကျင့်ခဲ့သည့် တကယ့်တိုက်ပွဲမှ ရရှိခဲ့သော အတွေ့အကြုံများက သူ့ကို ဒီလူ၂ယောက်အား စွမ်းအားအပြည့်ဖြင့် တိုက်ခိုက်နိုင်ရန် လေ့ကျင့်ပေးခဲ့သည်။ ပို၍ အ‌ရေးကြီးသည်မှာ သူ၏အရှိန်မှာ ထို၂ယောက်လုံး ယှဥ်နိုင်သည့်အရာ မဟုတ်ချေ။
ယခုအခါတွင် ချူဖုန်းသည် မီတာ၁၀၀အကွာအဝေးကို စက္ကန့်ပိုင်းအတွင်း အရောက်သွားနိုင်သည်။ နွားနတ်ဆိုးလက်ဝှေ့ထိုးနည်းပုံစံကို တတ်ကျွမ်းသွားသည့် အခါမှစ၍ သူ့အတွင်းအားနှင့် အရှိန်တို့မှာ သိသိသာသာ တိုးတက်လာသည်။ သူ့ခန္ဓာကိုယ်သည် လူသားခန္ဓာကိုယ်တစ်ခုက ပြုလုပ်နိုင်သည့် အစွန်းရောက်အကန့်အသတ်အချို့ကို ကျော်လွန်သွားပြီဖြစ်သည်။
သူသည် ဖြည်းဖြည်းနှင့် မှန်မှန်ဖြင့် လူသားတစ်ယောက်၏ သန့်စင်မှုဟု ခေါ်ကြသည်မှာ စိတ်ကူးယဥ်ဝတ္ထုထဲတွင်သာ ပေါ်ပေါက်သည့် ဒဏ္ဍာရီသီအိုရီသာမဟုတ်ကြောင်း သက်သေပြလိုက်သည်။
သရဲကဲ့သို့ ချူဖုန်းသည် လေထဲသို့ ပျောက်သွားကာ ထို့နောက် မြင်ကွင်းထဲ ပြန်ဝင်လာပြီး ထိုအမျိုးသမီးကို အသံကျယ်ဖြင့် ကန်လိုက်သည်။ အမျိုးသမီးသည် ခန္ဓာကိုယ်ထိန်းချုပ်နိုင်မှု လွတ်သွားကာ ခြံဝင်းနံရံကို ဖောက်ထွက်ပြီး သစ်ခွတောအုပ်ထဲသို့ ကျသွားသည်။ သူမပါးစပ်မှ သွေးများစီးထွက်ကာ မတ်တပ်မရပ်နိုင်တော့ချေ။
ထိုလူ၂ယောက်နှင့် တိုက်ခိုက်မှုမှာ မိနစ်ပိုင်းအတွင်း ပြီးဆုံးသွားသည်။
ရုတ်တရက် သူ့ခေါင်းအနောက်ဘက်တွင် စူးရှသောနာကျင်မှုကို ခံစားလိုက်ရသည်။ ဒါသည် သူ့ခန္ဓာကိုယ်မှ သေစေ‌လောက်သည့် ဒဏ်ရာတစ်ခုခုအတွက် အချက်ပေးလိုက်ခြင်းဖြစ်ကြောင်း သူသိသည်၊ ထို့ကြောင့် သူအခု ရပ်နေသည့်နေရာမှ ချက်ချင်းဘေးသို့ ခုန်ဖယ်လိုက်သည်။
ဒိုင်း!
ပြင်းထန်စွာ ဒဏ်ရာရသည့် ဟိုလူက အနီးနားမှနေ၍ သူ့သေနတ်ကို ပစ်လိုက်ခြင်းဖြစ်သည်။ အမဲရောင်သေနတ်ထိပ်မှာ မီးလင်းသွားသည်၊ သူသည် ချူဖုန်းကို အပေါ်စားကျည်ဆန်ဖြင့် သတ်လိုခြင်းဖြစ်သည်။
ကျည်ဆန်သည် သေနတ်မှထွက်လာသည်။ လျင်မြန်သော အရှိန်ဖြင့် လာရာ ချူဖုန်းသည် လည်နေသည့်ကျည်ဆန်၏ လမ်းကြောင်းကိုပါ တွေ့မြင်နိုင်၍ အလွယ်တကူဖြင့် ခေါင်းကို ရှောင်လိုက်သည်။ ကပ်သီးလွတ်သွားသည်။
ဒိုင်း! ဒိုင်း! ဒိုင်း!
ဟိုလူသည် ဆက်တိုက်ပစ်ခတ်လိုက်သည်။ သူ့မျက်လုံးများမှာ မှောင်မိုက်ကာ အေးစက်လျက်ရှိသည်။ သူ့ခန္ဓာကိုယ်မှာ ပြင်းထန်စွာ ဒဏ်ရာရထားပြီး သူ့မျက်နှာတွင် သွေးများပေရေနေသည်။ သူ့ရင်ဘတ်မှာ ချူဖုန်း၏ လက်သီးချက်‌ကြောင့် ပေါက်ထွက်မတတ်ဖြစ်နေသည်။ သူသည် လုံးဝအားနည်းနေပြီဖြစ်၍ သူ၏ သေနတ်ကို အသုံးပြုပြီး ပစ်မှတ်ကို ရက်စက်စွာ ရှင်းပစ်ချင်သည်။
သို့သော် သူသည် ချူဖုန်း၏ ပုံမှန်ကြိုးစားလေ့ကျင့်ခြင်းက သူ့ခန္ဓာကိုယ်ကို အရှိန်မြန်စေရုံသာမက အာရုံခံစားအပိုင်းတွင်လည်း တိုးတက်လာပြီဖြစ်ကြောင်းကို မသိဖြစ်သည်။ ဒါသည် သူမွေးကတည်းက ရခဲ့သောအစွမ်းကဲ့သို့ ရှိသည်၊ ဤအစွမ်းမှာ သုံးစွဲခြင်းမှ တားမြစ်ထားသည့် ရှေးအစွမ်းများထဲမှ တစ်ခုဖြစ်သည်။ သို့သော် အခု ဤအစွမ်းကို ချူဖုန်းရသွားပြီး အန္တရာယ်မှ ကြိုတင်အာရုံခံစားနိုင်သည်။
သူသည် ခန္ဓာကိုယ်ပေါ်အစိတ်အပိုင်းအများစုတွင် ထုံကျဥ်မှု သို့ နာကျင်ခြင်းကို ခံစားရသည်။ ထိုနာကျင်မှုမှာ မကြာခင်ကြုံတွေ့ရမည့် အန္တရာယ်ကို အချိန်မီ သတိပေးကာ ချူဖုန်းကို ထိခိုက်ခြင်းမှ လွတ်မြောက်စေသည်။
ဆင့်ကဲပြောင်းလဲပြီးသူ၂ယောက်၏ သူငယ်အိမ်များ ကျုံ့သွားသည်။ သူတို့မျက်နှာမှာ စက္ကူကဲ့သို့ ဖြူစွပ်နေသည်။ သာမန်လူသားဟု အသိပေးခြင်းခံထားရသည့် လူသားထံတွင် တွေ့ရသော အစွမ်းအားကြောင့် သူတို့၂ယောက်လုံး ကြောက်ရွံ့တုန်လှုပ်လျက်ရှိသည်။
နောက်ဆုံးတွင် ထိုယောကျ်ား၏ကျည်ဆန် ကုန်သွားပြီဖြစ်သည်။ သူ့ပါးစပ်ဖျားမှ သွေးများစီးကျလာဆဲ ဖြစ်သည်။ သူ၏အတောင်ပံကို ခတ်ကာ လွတ်မြောက်ရန် ကြိုးစားသည်။
ဇွက်!
အမဲရောင်ဓားမြောင်သည် လေထဲသို့ ရောက်လာသည်။ ထိုဓားမြောင်မှာ အမဲရောင်မိုးကြိုးကဲ့သို့ ပျံတက်လာကာ ထိုလူ၏ ဒဏ်ရာရထားသော ခန္ဓာကိုယ်ကို ထိုးဝင်သွားသည်။ ထို့နောက် တစ်ဖန် ပြန်ပြုတ်ကျလာသည်။
ထိုလူသည် သေခါနီးဖြစ်နေပြီ။ သူသည် ချူဖုန်း၏ လက်စားချေမှုမှ လွတ်မြောက်ဖို့နေနေသာသာ လုံးဝ မထနိုင်တော့ချေ။
ကြယ်သာယာနေသော ကောင်းကင်အောက်တွင် တိတ်ဆိတ်မှုက အရာအားလုံးကို လွှမ်းခြုံထားသည်။
အသံအားလုံး တိတ်ဆိတ်သွားသည်။ ချူဖုန်းလည်း အလွန်တည်ငြိမ်နေသည်။ လင်းလက်တောက်ပနေသည့် ကောင်းကင်အောက်တွင် သူ၏ခန္ဓာကိုယ်မှာ နတ်မီးရောင်ဖြင့် တောက်ပသကဲ့သို့ ရှိသည်။ သူသည် မြေကြီးပေါ်တွင် လဲလျောင်းနေသည့် ၂ယောက်ကို အလွန်စိတ်တိုစွာဖြင့် ကြည့်လိုက်သည်။
ဆင့်ကဲပြောင်းလဲပြီးသူ၂ယောက်လုံးမှာ အံ့အားသင့်ကာ ကြောက်ရွံ့နေကြသည်။ ချူဖုန်းဟု အမည်ရသည့် ဤလူငယ်မှာ ဆင့်ကဲပြောင်းလဲခြင်းမရှိပဲ သူတို့ကို အနိုင်ပိုင်းနိုင်သည့်အကြောင်းအရင်းကို နားမလည်နိုင်ဖြစ်နေသည်။
သူက အမှန်တကယ် မည်မျှ အားကြီးပါသလဲ။
၂ယောက်လုံးမှာ ကြောက်ရွံ့မှုကြောင့် တုန်လှုပ်နေကြသည်။ သူတို့ အင်အားမရှိကာ စိတ်ပျက်အားငယ်နေကြသည်။ သူတို့၏အသက်မှာ ဤနတ်ကဲ့သို့လူသား၏ သနားညှာတာမှုအောက်တွင် ရှိသည်။
ထိုအချိန်တွင် နွားဝါသည် သူ့အခန်းတွင်းမှ ထွက်လာသည်။ ဟိုလူ၂ယောက်အား အံ့သြမှုဖြင့် ကြည့်လိုက်သည်။ အကယ်၍ တိုက်ခိုက်မှုသာ မဆူညံခဲ့လျှင် နွားပေါက်သည် အပြင်သို့ ထွက်လာမည်မဟုတ်ချေ။
အမျိုးသမီးသည် နွားပေါက်ကို မြင်လိုက်သည့်အခါ သူမမျက်နှာပေါ်ရှိ အကြည့်မှာ ချက်ချင်းပြောင်းသွားသည်။ တစ်ခဏအတွင်း ဤနွားပေါက်သည် သူမကို အဖြစ်ဆိုးကြုံတွေ့စေသည့် တရားခံဖြစ်ကြောင်း သူမ သိလိုက်သည်။ ဤနွားပေါက်က သူမကို အိပ်မက်ဆိုးမက်စေခြင်း ဖြစ်သည်။
သူမ၏ ပျို့အန်မှုမှာ နောက်ဆုံးတွင် အောင့်မထားနိုင်ချေ။ သူမသည် တုန်လှုပ်ကာ အော့အန်နေသည်။
နွားဝါသည် အစပိုင်းတွင် အံ့သြနေပြီးနောက် ဒေါသထွက်လာသည်။ နွားဝါက သူမ၏အနားကို ချဥ်းကပ်လိုက်သည့်အခါ သူမ၏ အော့အန်မှုမှာ ပို၍ဆိုးလာခြင်းကြောင့် ဖြစ်သည်။
“ငါ့ကို အလေးမထားတာလား” နွားဝါ အော်မြည်လိုက်သည်။
အသံကျယ်ဖြင့် နွားဝါသည် သူမ၏ ခေါင်းကို တုန့်ဆိုင်းမှုမရှိပဲ တက်နင်းလိုက်သည်။ သနားစရာအမျိုးသမီးသည် မျက်ဖြူလန်သွားပြီးနောက် ချက်ချင်း သတိလစ်သွားလေသည်။
“မင်းသိသမျှ ပြောစမ်း” ချူဖုန်းသည် သတိရှိနေသေးသည့် ယောကျ်ားအား မေးလိုက်သည်။
သို့သော် သူသည် ပါးစပ်ကို တင်းကျပ်စွာ ပိတ်ထားသည်။ သူသည် သူတို့၏ ကိစ္စကို အသေးစိတ်သိလိုသော ချူဖုန်းအား မပြောပြလိုချေ။ သူသည် ဝန်ခံမည့်အစား သေလိုသည့်ပုံ ပေါက်သည်။ သူ၏မျက်လုံးထဲတွင် အမုန်းတရားများဖြင့် ပြည့်နှက်နေသည်၊ သို့သော် ကြောက်ရွံ့မှုနှင့် တွေဝေသည့် အကြည့်တို့လည်း ရှိသည်။
သူ၏စိတ်ထဲတွင် အလွန်ကြောက်ရွံ့နေသည်။ သူ့အတွက် ချူဖုန်းသည် နတ်ဘုရားကဲ့သို့သော ဖြစ်တည်မှုမျိုး ဖြစ်သည်။
ဘန်း!
အဆုံးတွင် ချူဖုန်းသည်လည်း ထိုယောက်ျား၏ခေါင်းကို တက်နင်းလိုက်ကာ သတိလစ်သွားစေသည်။
“သူတို့ကို ကြည့်ထား” ချူဖုန်း ပြောလိုက်သည်။ သူသည် သစ်ခွတောထဲသို့ ဝင်သွားသည်။ ထို့နောက် သာယာသည့်ညအလယ်တွင် လင်းနွိုင်ဆီ ဖုန်းဆက်လေသည်။
လင်းနွိုင်သည် ဤကိစ္စ၏နောက်ကွယ်ကလူ တိုက်ရိုက်မဖြစ်နိုင်ကြောင်း သူသိသော်လည်း သူမသည် အနည်းဆုံး အခုဖြစ်ပွားသည့် ကိစ္စများနှင့် ဆက်စပ်မှု ရှိလိမ့်မည်ဟု သူခံစားရသည်။
ဤအကြမ်းဖက်မှုများသည် သူမ၏နောက်လိုက် သို့ သူမနှင့် ရင်းနှီးသူတစ်ဦးဦးက စေခိုင်းတာ ဖြစ်နိုင်သည်။
ပထမဆုံးအနေဖြင့် သူ့ကို စော်ကားမှုများစွာဖြင့် အရှက်လာခွဲသော မဖိတ်ပဲရောက်လာသည့် ကျွောကျွင်း ရှိသည်၊ ထို့နောက် သူ့အသက်ကို လိုချင်သည့် လုပ်ကြံသမား၂ယောက် ရောက်လာခဲ့သည်။ “ငါက ပျော့ညံ့ပြီး အနိုင်ကျင့်လို့ ကောင်းတယ် ထင်နေလား” ချူဖုန်းသည် စိတ်တိုတိုဖြင့် ပြောလေသည်။
ဤအဖြစ်အပျက်များအတွက် သူသည် လင်းနွိုင်ကို အပြစ်တင်မည်မဟုတ်ချေ၊ ဒီကိစ္စများသည် သူမ၏ လုပ်ရပ်မဟုတ်၍ ဖြစ်သည်။ သို့သော် သူ၏ကျရှုံးမှုကို အပြင်းအထန် လိုချင်နေသည့် မကောင်းမှုနောက်ကွယ်က စေခိုင်းသူကို ရှာတွေ့ရန် လိုအပ်သည်။ ချူဖုန်းသည် ထိုလူကို ရှာပြီး ပြန်ပေးဆပ်ရအောင် လုပ်မည်ဖြစ်သည်။
“မင်းဘယ်သူပဲ ဖြစ်နေပါစေ ငါရှာမတွေ့မိစေနဲ့၊ မဟုတ်ရင် မင်း ဒီလောကထဲ ဝင်စားတာ နောင်တရသွားအောင် လုပ်ပေးမယ်” ချူဖုန်း၏မျက်လုံးများမှာ အေးစက်သွားသည်။

အပိုင်း ၃၁ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset