အခန်း (၅၅၆) လွတ်လပ်တာအိုပညာရှိ
ဟန်ကျွယ်ဟာ ကောင်းကင်တာအိုက ကောင်းကင်အရှင်ဝူဖာကို စွန့်ပစ်ပြီး သူ့ကိုယ်သူ ကာကွယ်လိုက်တာလို့ ခံစားလိုက်ရပါတယ်။ ဟန်ကျွယ်ဟာ ကောင်းကင်အရှင်ဝူဖာရဲ့ အချက်အလက်ကို ကောက်ကြည့်လိုက်ပါတယ်။
[ကောင်းကင်အရှင်ဝူဖာ: လွတ်လပ်သော လောကဦးပဋိပက္ခ ကနဦးအဆင့်၊ အနန္တဧကရာဇ်၊ တာအိုဘိုးဘေး၏ တပည့်။ ကောင်းကင်ထောင်ဖြင့် ကျွန်ပြုမှုကြောင့် ကောင်းကင်အရှင်ဝူဖာသည် သင့်အပေါ်တွင် မျက်နှာသာပေးမှု အမြင့်ဆုံးသို့ ရောက်နေသည်။]
‘လွတ်လပ်သော လောကဦးပဋိပက္ခ ကနဦးအဆင့်… ဒါဆို ဒီကောင်က လွတ်လပ်ပညာရှိလား..’ ဟန်ကျွယ်ဟာ ထူးဆန်းသွားပြီး စနစ်ကို မေးလိုက်ပါတယ် “သူ့ကျင့်ကြံမှုက ငါ့ထက် ကျော်လွန်သွားရင် ငါ့ကို သစ္စာဖောက်နိုင်လား”
[စနစ်၏ အကန့်အသတ်ကို မကျော်လွန်မချင်း သစ္စာမဖောက်နိုင်ပါ။]
တာအိုစက်ကွင်းဟာ မဟာတာအိုအထက်က တည်ရှိမှုတွေရဲ့ ချောင်းကြည့်တာကို ဟန့်တားနိုင်တဲ့အတွက် လွတ်လပ်တာအိုပညာရှိထက် အများကြီး သာလွန်ပါတယ်။ ဟန်ကျွယ်ဟာ သက်ပြင်းတစ်ချက် ချလိုက်ပြီး စိတ်ထဲမှာ ဝမ်းသာသွားပါတယ်။
ကောင်းကင်အရှင်ဝူဖာဟာ ကောင်းကင်တာအိုကို ထိန်းချုပ်နိုင်ဖို့အတွက် ကောင်းကင်တာအိုပညာရှိ ဖြစ်လာရပါတယ်။ ဒါကြောင့် သူ့ကျင့်ကြံမှုက နိမ့်ပါးသွားပြီး ဟန်ကျွယ်ကို အခွင့်အရေးပေးလိုက်တာပါ။ မဟုတ်ရင် ကောင်းကင်အရှင်ဝူဖာကို ဟန်ကျွယ် ဘယ်လိုမှ ယှဉ်နိုင်မှာ မဟုတ်ပါဘူး။
“ဒူးထောက်စမ်း”
ဟန်ကျွယ်ရဲ့ အမိန့်ကို ကြားတာနဲ့ ကောင်းကင်အရှင်ဝူဖာဟာ ချက်ချင်း မျက်လုံးဖွင့်ပြီး ဒူးထောက်လိုက်ပါတယ်။
‘ကောင်စုတ်… စောစောတုန်းက မင်း ငါ့ကို ဒူးထောက်ခိုင်းခဲ့တယ်မလား၊ အခု ငါရှေ့မှာ မင်း ဒူးထောက်နေရပြီမလား’ ဟန်ကျွယ်က မေးလိုက်ပါတယ် “မင်းက ကောင်းကင်တာအိုဆီ ဘယ်သူလွှတ်လိုက်တာလဲ”
ကောင်းကင်အရှင်ဝူဖာက တလေးတစား ပြန်ဖြေပါတယ် “မိုးကောင်းကင်ဂိုဏ်းချုပ်ပါ”
“သူ့ရည်ရွယ်ချက်က ဘာလဲ”
“ကောင်းကင်တာအိုကို ထိန်းချုပ်စေချင်တာပဲ၊ ပြီးရင် သူက ကျွန်တော်ရဲ့ ကံတရား အထောက်အပံ့ကို စုပ်ယူပြီး တာအိုဘိုးဘေး သူ့ကို ဖိနှိပ်ထားတဲ့ မဟာတာအို အစီအရင်ကို ထိုးဖောက်ထွက်ချင်တာပါ”
“တာအိုဘိုးဘေးက မိုးကောင်းကင်ဂိုဏ်းချုပ်ကို ဘာဖြစ်လို့ ဖိနှိပ်ခဲ့တာလဲ”
“မိုးကောင်းကင်ဂိုဏ်းချုပ်က မဟာတာအိုပညာရှိ ဖြစ်လာပြီးနောက်ပိုင်း တာအိုပညာရှိစစ်ပွဲကို စလိုက်လို့ တာအိုဘိုးဘေးကို ဒေါသထွက်သွားစေတာပါ”
ဟန်ကျွယ်ဟာ နတ်ဘုရားရွေးချယ်ပွဲကို ပြန်တွေးမိလိုက်ပါတယ်။ အဲဒီထဲမှာလည်း မိုးကောင်းကင်ဂိုဏ်းချုပ်က တာအိုပညာရှိစစ်ပွဲကို ဖြစ်ပွားစေခဲ့တဲ့လူပါ။ ဒီဒဏ္ဍာရီသာ မှန်မယ်ဆိုရင် မိုးကောင်းကင်ဂိုဏ်းချုပ်က အလွယ်လေး လက်လျှော့မဲ့လူစားမျိုး မဟုတ်ပါဘူး။
ဘာပဲဖြစ်ဖြစ် လောလောဆယ်မှာ မိုးကောင်းကင်ဂိုဏ်းချုပ်က အကျဉ်းကျနေတဲ့အတွက် ဟန်ကျွယ်ကို ပြဿနာလာရှာနိုင်အုန်းမှာ မဟုတ်ပါဘူး။
ဟန်ကျွယ်က ဆက်မေးပါတယ် “ငါ့ကို အဆုံးအသတ် အပျက်အစီးရဲ့ နတ်ဘုံအကြောင်းကို အသေးစိတ် ပြောပြစမ်း”
“အဆုံးသတ် အပျက်အစီးရဲ့ နတ်ဘုံက အဆုံးမရှိဘူး၊ မဟာတာအိုစည်းတွေနဲ့ ပြည့်နှက်နေတယ်၊ တာအိုပညာရှိတွေတောင် ဒီစည်းတွေကို ချက်ချင်း မရှင်းလင်းနိုင်ဘူး၊ ဧကရာဇ်အဆင့်အောက် သက်ရှိတွေက အဲဒီနေရာမှာ မရှင်သန်နိုင်ဘူး၊ အဆုံးသတ် အပျက်အစီးရဲ့ နတ်ဘုံက ခြောက်ကပ်နေပြီး တာအိုမိစ္ဆာလိုခေါ်တဲ့ တည်ရှိမှုတွေက နေရာတကာကို လျှောက်သွားနေတယ်၊ တာအိုမိစ္ဆာတွေထဲမှာ အစွမ်းအထက်ဆုံးက သာမန်တာအိုပညာရှိကိုတောင် ဝါးမြိုနိုင်တယ်၊ ဒါကြောင့် အဆုံးသတ် အပျက်အစီးရဲ့ နတ်ဘုံမှာရှိတဲ့ မျိုးနွယ်စုတွေက အလွန်သတိထားရတယ်”
“ဗုဒ္ဓဂိုဏ်း၊ တာအိုဂိုဏ်း၊ မိစ္ဆာမျိုးနွယ်စု၊ နတ်ဆိုးမျိုးနွယ်စု၊ နဂါးမျိုးနွယ်စုနဲ့ တခြားအင်အားစုတွေကလည်း အဆုံးသတ် အပျက်အစီးရဲ့ နတ်ဘုံမှာ ပြန့်ကျဲတည်ရှိနေတယ်၊ သူတို့တွေက အချင်းချင်း မနှောင့်ယှက်ကြဘူး၊ ဒါတင် မကသေးဘူး၊ အဆုံးသတ် အပျက်အစီးရဲ့ နတ်ဘုံက အမှောင်တားမြစ်နယ်မြေမှာ ရှိနေတဲ့အတွက် အမင်္ဂလာ မကောင်းဆိုးဝါးတွေကလည်း မကြာမကြာဝင်လာပြီး သက်ရှိတွေကို တိုက်ခိုက်လေ့ရှိတယ်”
“လက်ရှိ အဆုံးသတ် အပျက်အစီးရဲ့ နတ်ဘုံမှာ အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်က ခုနစ်ပါးတာအိုပညာရှိပဲ၊ သူက မဟာတာအိုဘုံကျောင်းကို ဖန်တီးတည်ဆောက်ထားတယ်၊ သူ့မှာ တပည့်အများကြီး မရှိပေမဲ့ ရှိတဲ့တပည့်တွေ အကုန်လုံးက လက်ရွေးစင်ချည်းပဲ”
ဟန်ကျွယ်ဟာ ကောင်းကင်အရှင်ဝူဖာ ပြောပြတာကို ဂရုတစိုက် နားထောင်ရင်း စိတ်ထဲမှာ ဝမ်းသာသွားပါတယ် ‘ဒီအတိုင်းဆို ကောင်းကင်တာအိုက အလုံခြုံဆုံးပဲ… အမင်္ဂလာ မကောင်းဆိုးဝါးရော တာအိုမိစ္ဆာရော ကောင်းကင်တာအိုထဲကို စိမ့်မဝင်နိုင်ဘူး’
ဟန်ကျွယ်မှာသာ စနစ်မရှိခဲ့ဘူးဆိုရင် အဆင့်တက်ဖို့အတွက် အဆုံးသတ် အပျက်အစီးရဲ့ နတ်ဘုံကို ကျိန်းသေပေါက် သွားရမှာပါ။ ကောင်းကင်အရှင်ဝူဖာရဲ့ စကားကနေ တာအိုမိစ္ဆာတွေထက် ပိုကြောက်ဖို့ကောင်းတဲ့ တည်ရှိမှုတွေက အဆုံးအသတ်အပျက်အစီးရဲ့ နတ်ဘုံမှာ ရှိနေသေးတာကို ဟန်ကျွယ် သိလိုက်ရပါတယ်။ ဒီကြောက်မက်ဖွယ် တည်ရှိမှုတွေက မဟာတာအိုရဲ့ အသွင်မျိုးစုံပါ။
မဟာတာအိုဟာ စိတ်ဝိညာဉ်အသွင် ပြောင်းလဲပြီး အဆုံးသတ်အပျက်အစီးရဲ့ နတ်ဘုံမှာ လျှောက်သွားကာ တာအိုဟောကြားလေ့ရှိတဲ့အတွက် အခွင့်အရေးချင်းယှဉ်ရင် အဆုံးသတ် အပျက်အစီးရဲ့ နတ်ဘုံက ကောင်းကင်တာအိုထက် အများကြီး ပိုသာပါတယ်။ ဟန်ကျွယ်ဟာ မဟာတာအို နတ်စိတ်ဝိညာဉ်တွေက မဟာတာအိုကနေ ဖြစ်ပေါ်လာတယ်လို့တောင် သံသယဝင်သွားပါတယ်။
ကောင်းကင်အရှင်ဝူဖာရဲ့ စကားဆုံးတဲ့အခါမှာ ဟန်ကျွယ်က သိချင်စိတ်နဲ့ ထပ်မေးလိုက်ပါတယ် “တာအိုမိစ္ဆာတွေက တာအိုပညာရှိကိုတောင် သတ်နိုင်တာ၊ သာမန်သက်ရှိတွေက အဲဒီမှာ ဘယ်လိုလုပ်ပြီး ရှင်သန်နိုင်တာလဲ”
ဟန်ကျွယ် မေးလည်းမေးချင်စရာပါ။ ကောင်းကင်ဧကရာဇ်က အဆုံးသတ် အပျက်အစီးရဲ့ နတ်ဘုံမှာ ကောင်းကင်ရုံးတော် အသစ်ကို ထပ်ပြီးတော့ ထူထောင်လိုက်တယ် မဟုတ်ပါလား။
ကောင်းကင်အရှင်ဝူဖာက ပြန်ဖြေပါတယ် “တာအိုမိစ္ဆာတွေရဲ့ ရင်းမြစ်က လျှို့ဝှက်ဆန်းကြယ်တယ်၊ သူတို့မှာ ကိုယ်ပိုင်အတွေး မရှိဘူး၊ သူတို့နဲ့အဆင့်တူတဲ့ သက်ရှိတွေကိုပဲ အမဲလိုက်တာ၊ ပြောရမယ်ဆိုရင် တာအိုမိစ္ဆာတွေက ကောင်းကင်မိစ္ဆာတွေနဲ့ တော်တော်လေး ဆင်တူတယ်၊ ကောင်းကင်မိစ္ဆာက အသိဉာဏ်ရှိပြီး တာအိုမိစ္ဆာတွေက ပိုအစွမ်းထက်ရုံပဲ”
‘ဒီလိုကိုး…’ ဟန်ကျွယ်ဟာ မျက်လုံးကျဉ်းသွားပါတယ် “ဒါဆိုရင် အဆုံးသတ် အပျက်အစီးရဲ့ နတ်ဘုံက လူအဖွဲ့အစည်း မရှိဘူးပေါ့၊ စည်းလုံးညီညွှတ်မှု မရှိတဲ့ တောရိုင်းလိုမျိုးပေါ့”
ကောင်းကင်အရှင်ဝူဖာဟာ ခေါင်းညိတ်ပြီး သက်ပြင်းချလိုက်ပါတယ် “အဆုံးသတ် အပျက်အစီးရဲ့ နတ်ဘုံမှာ စွမ်းအားကြီးပုဂ္ဂိုလ်တွေကို မှီခိုတာအပြင် အဆက်မပြတ်တိုက်ခိုက်ပြီး မဟာတာအိုနောက်ကို လိုက်ရတယ်၊ အဲဒီနေရာက လောကကြီး မဖန်တီးခင်မှာ တည်ရှိခဲ့တဲ့ ပဋိပက္ခလိုမျိုးပဲ၊ ပဋိပက္ခ နတ်ဘီလူး သုံးထောင် အဆက်မပြတ် တိုက်ခိုက်နေသလိုမျိုး ငြိမ်းချမ်းမှု လုံးဝ မရှိဘူး”
“ရှေးဟောင်း ပျက်သုဉ်းနယ်မြေကရော… မင်း ရှေးဟောင်း ပျက်သုဉ်းနယ်မြေ အကြောင်းကို ဘယ်လောက်သိလဲ”
ကောင်းကင်အရှင်ဝူဖာဟာ ခေါင်းခါလိုက်ပါတယ် “ကျွန်တော် ရှေးဟောင်း ပျက်သုဉ်းနယ်မြေကို တစ်ခါမှ မရောက်ဖူးဘူး၊ ကျွန်တော် မမှတ်မိတာလည်း ဖြစ်နိုင်တယ်၊ ရှေးဟောင်း ပျက်သုဉ်းနယ်မြေက အရမ်းလျှို့ဝှက်ဆန်းကြယ်တယ်၊ အဆုံးသတ် အပျက်အစီး နတ်ဘုံရဲ့ အကြီးမားဆုံး တားမြစ်နယ်မြေဆိုလည်း မမှားဘူး”
ဟန်ကျွယ်ဟာ အတွေးနက်သွားပါတယ်။
ကောင်းကင်အရှင် ဝူဖာက ဆက်ပြောပါတယ် “တကယ်လို့ သခင် လောကဦးပဋိပက္ခ တာအိုသီးကို ကျော်လွန်ချင်ရင် အဆုံးအသတ် အပျက်အစီးရဲ့ နတ်ဘုံကိုသွားပြီး သခင်ပိုင်ဆိုင်တဲ့ မဟာတာအိုကို ရှာဖွေရလိမ့်မယ်၊ ကောင်းကင်တာအိုက အများဆုံး ရှန်တျန်ချီကို ထုတ်လွှတ်ပေးနိုင်ရုံပဲ၊ တာအိုပညာရှိ အဆင့်ကို ရောက်ပြီးနောက်ပိုင်းမှာ ကျင့်ကြံဖို့ အရမ်းခက်တယ်၊ ကောင်းကင်တာအိုထဲမှာ မဟာတာအိုကို သုံးသပ်နားလည်ဖို့က အရမ်းခက်တယ်၊ အဓိက အကြောင်းအရင်းက မဟာတာအိုနဲ့ ဝေးကွာလွန်းတာပဲ”
ဟန်ကျွယ်ဟာ ခေါင်းညိတ်လိုက်ပြီး မေးခွန်းတွေ ဆက်မေးပါတယ်။
လေးငါးဆယ်ရက် အကြာမှာတော့ ကောင်းကင်အရှင်ဝူဖာဟာ ကောင်းကင်ဘုံ ၃၃ ဘုံမြောက်မှာ တည်ရှိတဲ့ သူ့ရဲ့ ဝူဖာနန်းတော်ကို ပြန်သွားပါတယ်။
ကောင်းကင်အရှင်ဝူဖာ ပြန်ရောက်လာတာက တာအိုပညာရှိတွေကို လန့်သွားစေပါတယ် ‘ဟန်ကျွယ် ရှုံးသွားပြီလား…’
ဒီအချိန်မှာ ဟန်ကျွယ်ကတော့ အသွင်တူလက်ရည်စမ်းပွဲထဲဝင်ပြီး လက်ရှိ ကေင်းကင်အရှင်ဝူဖာနဲ့ တိုက်ခိုက်ပါတယ်။
နှစ်နာရီ ကြာသွားတဲ့အခါ ဟန်ကျွယ်ဟာ မျက်လုံးပွင့်လာပြီး မျက်မှောင်ကြုတ်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နှစ်နာရီကြာ တိုက်ခိုက်တာတောင် ကောင်းကင်အရှင်ဝူဖာကို အနိုင်မရလို့ပါ။ ဟန်ကျွယ်ရဲ့ လက်ရှိအစွမ်းနဲ့ လွတ်လပ်တာအိုပညာရှိကို တိုက်ခိုက်ဖို့က မလွယ်ပါဘူး။ ကံကောင်းတာ တစ်ခုက အခုအချိန်မှာ ကောင်းကင်အရှင်ဝူဖာက သူ့လက်အောက်ငယ်သား ဖြစ်နေတာမို့ သူ့ကို မခြိမ်းခြောက်နိုင်ပါဘူး။
“ငါ အန္တိမမူလ မဟာတာအိုကို သုံးသပ်သင့်တယ်” ဟန်ကျွယ်ဟာ သူ့ကိုယ်သူ ရေရွတ်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ ကောင်းကင်အရှင်ဝူဖာနဲ့ စကားပြောပြီးတဲ့နောက် သူက တော်တော်လေး အားနည်းနေသေးတယ်ဆိုတာကို သဘောပေါက်သွားပါတယ်။
ဒါပေမဲ့ သတင်းကောင်းတစ်ခုလည်း ရှိနေပါတယ်။ အဲဒါက ကောင်းကင်တာအိုက ဘယ်သူလာလာ တာအိုဘိုးဘေးထက် စွမ်းအားမကြီးဘူးဆိုရင် ကောင်းကင်တာအို နှောင်ဖွဲ့တာကို ခံရမှာပါ။ ရုတ်တရက်ဆိုသလိုပဲ ဟန်ကျွယ်ဟာ ဘိုးဘေးရှီတျန်ကို တွေးမိသွားပါတယ်။ ဘိုးဘေးရှီတျန်ဟာ တခြား ကောင်းကင်တာအိုပညာရှိတွေထက် စွမ်းအားကြီးပေမဲ့ ကောင်းကင်တာအိုရဲ့ နှောင်ဖွဲ့မှုကို မခံရတာ စဉ်းစားချင်စရာပါ။
‘ဘိုးဘေးရှီတျန်က မတိုက်ခိုက်လို့များလား…’
ဘာပဲဖြစ်ဖြစ် ဟန်ကျွယ် ကောင်းကင်တာအိုမှာ နေနေသမျှကာလပတ်လုံး ပြိုင်ဘက်ကင်းပါတယ်။
ဒီအချိန်မှာပဲ ချုံရှီလိုင်ဟာ ဟန်ကျွယ်ကို အိပ်မက်ပေးပါတယ်။ ဟန်ကျွယ်ဟာ လက်ခံလိုက်ပါတယ်။ ဟန်ကျွယ် ထင်ထားသလိုပဲ ချုံရှီလိုင်က ကောင်းကင်အရှင်ဝူဖာ အကြောင်း မေးပါတယ်။
ဟန်ကျွယ်ဟာ ကောင်းကင်အရှင်ဝူဖာနဲ့ သူက သဘောတူညီချက် ရသွားပြီ ဖြစ်ကြောင်း ကောင်းကင်အရှင်ဝူဖာက အနာဂတ်မှာ ကံတရား အထောက်အပံ့အတွက် တိုက်ခိုက်လို့ရှိရင် စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာပြီး စိတ်လိုက်မာန်ပါ မလုပ်တော့ဘူးလို့ ကတိပေးသွားတဲ့အကြောင်း ပြောပြလိုက်ပါတယ်။
ဟန်ကျွယ်ဟာ ကောင်းကင်အရှင်ဝူဖာကို မနိုင်ဘူးလို့ တိုက်ရိုက် မပြောပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဟန်ကျွယ်က ဒီဟာကိုသုံးပြီး တခြားတာအိုပညာရှိတွေကို နှောင်ဖွဲ့ထားချင်လို့ပါ။
ချုံရှိလိုင်ဟာ ဟန်ကျွယ်စကားကြောင့် ရင်ထဲက အလုံးကြီး ကျသွားပြီး တခြားတာအိုပညာရှိတွေကို ဒီအကြောင်း သတင်းပေးလိုက်ပါတယ်။ ဒီလိုနဲ့ ကောင်းကင်တာအိုဟာ ပြန်လည် ငြိမ်သက်သွားပါတယ်။
ဝူဖာဂိုဏ်း ပြိုကွဲသွားပြီးနောက် အင်မော်တယ်ကမ္ဘာမှာ ဂိုဏ်းအသီးသီး ပေါ်ထွန်းလာပါတယ်။
ကောင်းကင်အရှင်ဝူဖာက နှစ်တစ်ရာ တာအိုဟောကြားခဲ့ပြီး တပည့်ဆယ်ဘီလီယံကို လက်ခံခဲ့တဲ့အတွက် သက်ရှိတော်တော်များများဟာ ရည်မှန်းချက် ကြီးလာပြီး သူတို့ကိုယ်ကျိုးအတွက် တိုက်ခိုက်လိုလာကြပါတယ်။ ဒါကြောင့် အင်မော်တယ်ကမ္ဘာမှာ ရှုပ်ထွေးမှုတွေ ပိုများလာပါတယ်။ ကျင့်ကြံသူတွေကြားက တိုက်ပွဲဟာ နေရာတိုင်းမှာ ဖြစ်ပေါ်နေတဲ့အတွက် နည်နည်း ဝရုန်းသုန်းကား ဖြစ်တယ်လို့ ထင်ရပေမဲ့ အကုန်လုံး ခြုံကြည့်ရင် ကောင်းကင်တာအိုရဲ့ ကံတရား အထောက်အပံ့က အရင်ကထက် ပိုအားကောင်းလာပါတယ်။
ကောင်းကင်ဘုံ ၁၃ ဘုံမြောက်၊ တောင်ဘက်မုခ်။
လီတောက်ခုံးနဲ့ ဟန်ယိုဟာ ယှဉ်လျက် ရပ်နေကြပြီး မိုးကုပ်စက်ဝိုင်းဆီမှာတော့ ရှကျဲ့ဘဝဂ် တစ်ထောင်က စောင့်ဆိုင်းနေကြပါတယ်။
ဂျိရှင်းရှန်က မေးလိုက်ပါတယ် “မင်းတို့တွေ တကယ်ပဲ ဆက်မနေကြတော့ဘူးလား”
လီတောက်ခုံးဟာ ခေါင်းခါလိုက်ပါတယ် “ငါတို့တွေ ပြန်ပြီးတော့ သတင်းပို့သင့်နေပြီ၊ နှစ်တွေလည်း ကြာပြီဆိုတော့ မိုးကောင်းကင် မျိုးနွယ်စုက မင်းထိန်းချုပ်မှုအောက်ကို ရောက်နေပြီ၊ မင်း ဂရုစိုက်ရမှာက ကောင်းကင်နတ်ဘုရား စစ်သူကြီးတစ်ဦးပဲ ရှိတော့တယ်၊ ဒီလူက အတော်လေး ဉာဏ်နီဉာဏ်နက်များပြီး သခင်အများကြီး လက်အောက်မှာ အမှုထမ်းဖူးတယ်”
ဂျိရှင်းရှန်ဟာ ခေါင်းညိတ်လိုက်ပါတယ်။
အဲဒီနောက် လီတောက်ခုံးဟာ ဘာမှမပြောတော့ဘဲ ဟန်ယိုနဲ့အတူ ထွက်ခွာသွားပါတယ်။
ဂျိရှင်းရှန်ဟာ လီတောက်ခုံးရဲ့ ကျောပြင်ကို မနာလိုစွာ ကြည့်လိုက်ပါတယ်။
လီတောက်ခုံးဟာ သူ့ဆန္ဒအတိုင်း ဖြစ်လာပြီး စွမ်းအားကြီးသလို အနှောင်အဖွဲ့လည်း ကင်းပါတယ်။
ဂျိရှင်းရှန်ကတော့ သူကိုယ်တိုင်တောင် မသိဘဲ အာဏာကို မက်မောလာခဲ့ပါတယ်။
ဒီအချိန်မှာပဲ ရွှေရောင်အလင်းတန်း တစ်ခုဟာ အောက်ကနေ ထွက်ပေါ်လာပြီး တိမ်တွေကို ထိုးဖောက်သွားပါတယ်။ အဲဒီနောက် တောင်ဘက်မုခ်ရဲ့ မော်ကွန်းတိုင်ကို ဖြတ်ကာ ကောင်းကင်ဘုံ ၁၄ ဘုံမြောက်ကို ဝင်ရောက်သွားပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။
Chapter – 556
? Views, Released on December 10, 2024