Chapter – 85
“အပြောကြမ်းလှသည့်သခင်လေး”
မန်ဇိရှောင် စဉ်းစားမိသည်မှာ သူ့ဘ၀တက်လမ်းနှင့် အလုပ်အကိုင် အခွင့်အလမ်းသည် ရဲနန်ရှန် ကြောင့်သာ နှောင့်နှေး၍ ပျက်ဆီးခဲ့ရသည်ဟု မှတ်ယူထားမိခြင်း ဖြစ်သည်။
ထိုအချိန် သူ့အနေဖြင့် ကလဲ့စားချေရန် အကောင်းဆုံး အချိန်သို့ ရောက်ရှိပြီဟု ခံစားလိုက်မိပြီး အဘယ်ကြောင့်ဆိုသော် ယခု အိမ်ရှေ့မင်းသား နန်းတော်တွင် ရဲရှောင်တစ်ယောက်တည်း ကူရာကယ်ရာ မဲ့သည့် အခြေအနေသို့ ရောက်ရှိနေပြီ မဟုတ်ပါလား။ ထို့ကြောင့်ပင် ကွမ်ဇန်ဝမ်အား အပြောမခံဘဲ တရစပ် ပြောလိုက်ခြင်း ဖြစ်လေ၏။ သူ့ရင်ထဲက အစိုင်အခဲအား ချေဖျက်ချင်နေသည်မှာ ကြာပြီ ဖြစ်ပါတော့သည်။
ထို့နောက် ရဲရှောင်အား ကျဉ်းထဲ ကြပ်ထဲ ရောက်စေမည့် အခြေအနေမျိုးသို့ ရောက်ရှိအောင် တွန်းပို့ခဲ့လေသည်။
ယခုအခွင့်အရေးကို အရယူ၍ ရဲရှောင်မှတဆင့် ရဲနန်ရှန်ကို ဖိနှိပ်ကာ မင်းသားကို ရဲအိမ်တော်အား တင်းတင်းကြပ်ကြပ် စောင့်ကြည့်ခိုင်းစေမည် ဖြစ်၏။ နောင်တစ်ချိန် မင်းသား ဘုရင်ဖြစ်သည့်အခါ ရဲမျိုးနွယ် တစ်ခုလုံးအား သတ်ဖြတ်ပစ်မည်ဟုပင် တွေးနေမိတာဖြစ်ပြီး ထိုမှသာ သူ့ရင်ထဲရှိ အစိုင်အခဲအား ချေဖျက်နိုင်မည် ဖြစ်လေ၏။
ထိုကဲ့သို့ စိန်ခေါ်သလို ပြောခံလိုက်ရသည့် အခါ ရဲရှောင်လည်း အနည်းနှင့်အများတော့ ခံရခက်သွားလေ၏။ သို့သော်လည်း သူရိုင်းလိုက်ပါက အိမ်ရှေ့မင်းသားအား ဆန့်ကျင်သလို ဖြစ်မည်ဖြစ်ပြီး မင်းသားအား ထိုကဲ့သုိ့ ဆန့်ကျင်မိပါက တော်ဝင်မျိုးနွယ် တစ်ခုလုံးပါ ပါဝင်လာမည် ဖြစ်ပါသည်။
ထိုအခါ ဖြစ်သမျှ ကိစ္စအားလုံး၏ တရားခံသည် သူဟုသာ တံဆိပ်ကပ်ခံရမည် ဖြစ်လေ၏။
မန်ဇိရှောင် အနေဖြင့် မသိသေးသည့် အချက်မှာ ရဲနန်ရှန်သည် ဘုရင်အတွက် မည်မျှထိ အရေးပါ နေသလဲ ဆိုတာကိုပါပင်။
ရဲရှောင်မှာ မန်ဇိရှောင်တို့၏ နောက်ကြောင်း ရာဇ၀င်ကို သိရှိခြင်း မရှိပေ။ သို့သော်လည်း မန်ဇိရှောင်မှ သူရောက်လာကတည်းက ရန်လိုသော အမူအယာ ရှိနေကြောင်း သတိထားခဲ့မိ လေ၏။ ယခုအခါ စိန်ခေါ်သလိုပင် အပြောခံလိုက်ရသည့်အတွက် ရဲရှောင်မှာ ပို၍ပင် အံ့အားသင့်သွားခဲ့ရ၏။
ရဲရှောင် ရယ်မောလိုက်ပြီးနောက် –
“မန်ဇိရှောင် . . . ခင်ဗျားက ဘယ်သူ မို့လို့လဲ၊ ကျုပ်ဟာကျုပ် ရူးနေနေ မနေနေ ဒီလို ပြောနိုင်တဲ့ အခွင့်အရေး ခင်ဗျားမှာ မရှိဘူး။ ခင်ဗျားအနေနဲ့ ဘာမှ ဆုံးဖြတ်ပိုင်ခွင့် ရှိတာလည်း မဟုတ်ဘဲနဲ့ . . . ခင်ဗျားကိုယ်ခင်ဗျား ဘာထင်နေတာလဲ . . . ခင်ဗျား ယုံမယုံတော့ မသိဘူး။ ခင်ဗျားပါးစပ်က နောက်ထပ် ကျုပ်မိသားစုနဲ့ ပတ်သက်ပြီး စော်ကားတိုက်ခိုက်တဲ့ စကားမျိုး ပြောလာမယ် ဆိုရင် ကျုပ်ခင်ဗျားရဲ့ အလောင်းကို လမ်းမပေါ် သွားပစ်ချထားလိုက်မယ်။ အင်း . . . မနက်ဖြန်တောင် မဟုတ်ဘူးနော် အခုကို ပြောနေတာ . . .”
“စစ်သူကြီးက တော်မတော်တော့ ငါလည်း မသိဘူး၊ ဒါပေမဲ့ သေချာတာ တစ်ခုတော့ ရှိတယ်။ မင်းလို ကောင်မျိုးက စစ်သူကြီးအတွက် ခွေးတစ်ကောင်လောက်တောင် တန်ဖိုးမရှိဘူး။ ခွေးထက် ဆိုးတဲ့ ကောင်မျိုး ဆိုတာ မင်းလိုလူကို ပြောတာပဲ ဖြစ်ရမယ် . . .”
ရဲရှောင် မန်ဇိရှောင်အား ပြုံးလျက် ကြည့်လိုက်ရင်း –
“တစ်ယောက်ယောက်က ကျုပ်ကို မေးခွန်းထုတ်ချင်ရင် တစ်ယောက်ယောက်ကို လွှတ်ပြီး မေးခိုင်း သင့်တယ်။ ဒီလို ဘာမှ စောက်သုံးမကျတဲ့ လူတစ်ယောက်က ကျုပ်ကို လာပြီး မေးခွန်းထုတ်ဝံ့နေတာလား၊ တကယ်ကို ရယ်စရာကောင်းတဲ့ ဟာသတစ်ခုပဲ။ စီနီယာကို ဘယ်လို လေးစားရကောင်းမှန်း မသိတဲ့ လူတစ်ယောက်ကို ဘုရင်က မသုံးတာလည်း မဆန်းပါဘူးလေ . . .”
“ပြောရရင် ခွေးသားဟင်းက ဘုရင့်စားတော်ပွဲကို မရောက်သလိုပါပဲ . . .”
ရဲရှောင် ခနဲ့တဲ့တဲ့ဖြင့် ပြောလိုက်ပြန်သည်။ ဆက်လက်၍လည်း –
“အာ . . . မဟုတ်သေးဘူး၊ ခင်ဗျားကို ခွေးလို့ ခေါ်လိုက်ရင် ခွေးသိက္ခာ ကျဦးမယ်။ ဒီကြားထဲ လမ်းဘေးခွေး မဟုတ်ဘဲ တစ်ယောက်ယောက် ခွေးဖြစ်နေရင် ခင်ဗျားရဲ့ သခင်က ခင်ဗျားကို အရိုးတွေ ဘာတွေ ကျွေးနေမှာပဲ ဟုတ်တယ်မလား . . .”
“နောက်ပြီးတော့ ခင်ဗျားက ကျုပ်ကို ခြိမ်းခြောက်တယ်။ အိမ်ရှေ့မင်းသားတောင်မှ ဒီလို မလုပ်ဘူး၊ ခင်ဗျားက သူ့ထက်တောင် ပိုပြီး အာဏာ အစွမ်း ရှိနေတာလား၊ မင်းသားက ကျုပ်ကို ပြောစရာ ရှိတဲ့ အတွက် ညစာစားဖို့ ဖိတ်ထားတာ၊ ခင်ဗျားက ဘာမှ စောက်ဖိုးမတန်တဲ့ လူတစ်ယောက်၊ ဘယ်လိုဖြစ်လို့ စကားကြီး စကားကျယ်တွေ ထပြောနေရတာလဲ၊ ခင်ဗျား ပါးစပ်ကြီးကို ပိတ်ထားလိုက်စမ်းပါ . . .”
ရဲရှောင် အော်ပြောလိုက်ပြီးနောက် ခန်းမတစ်ခုလုံးသည် လုံးဝ တိတ်ဆိတ်သွားလေ၏။
မည်သူမျှ ဆန်ကုန်မြေလေး ဖြစ်သည့် ရဲရှောင်မှ ယခုကဲ့သို့ မင်းသားမှ ဖိတ်ကြားထားသော စားသောက်ပွဲတွင် အော်ဟစ်ပြောဆိုလိမ့်မည်ဟု မထင်ထားခဲ့မိကြချေ။ ဂိုဏ်းခေါင်းဆောင်ကြီး တစ်ဦးကဲ့သို့ စည်းလွတ်ဝါးလွတ် အော်ပြောနေခြင်းကို ဖြစ်လေ၏။
အိမ်ရှေ့မင်းသား၏ လူယုံတော်လို ဖြစ်နေသူအား အိမ်ရှေ့မင်းသား၏ အရှေ့မှာပင် အော်ပြောနေ ခြင်း ဖြစ်လေ၏။
မန်ဇိရှောင်၏ မျက်နှာမှာ ပျက်ယွင်းလျက် ရှိနေပြီး ရဲရှောင်အား မီးဝင်းဝင်းတောက်သော မျက်လုံးများဖြင့် စိုက်ကြည့်နေလေ၏။ ထိုအချိန်တွင် ဒေါသထွက်လွန်းသဖြင့် သူ့ကိုယ်သူပင် သတ်မိတော့ မလို ဖြစ်နေပါသည်။
ရဲရှောင်၏ စကားလုံးများတွင် ခြိမ်းခြောက်မှုများ ပါဝင်နေသလို စော်ကားမှုများလည်း ပါဝင်နေပါ သည်။ ဒါ့အပြင် သူ့ကို ခွေးနှင့်ပင် ခိုင်းနှိုင်းခဲ့ရုံသာမက ခွေးထက်ပင် ပိုမို ဆိုးရွားသလို ပြောဆိုခဲ့တာ ဖြစ်ပါသည်။
မန်ဇိရှောင်သည် ဒေါသအိုး ပေါက်ကွဲလျက် ရှိနေပြီး သူ့ကိုယ်သူ မထိန်းချုပ်နိုင်သလိုပင် ဖြစ်နေပါ သည်။ ရဲရှောင်အား တစစီ လုပ်ရမှသာ သူ၏ ဒေါသများအား ပြေပျောက်အောင် လုပ်နိုင်မည်ဖြစ်ပြီး သို့သော်လည်း ထိုကဲ့သို့ လုပ်ရန်အတွက် တွေးသာတွေးဝံ့တာဖြစ်ပြီး တကယ်တမ်းတွင်တော့ မလုပ်ရဲ ပါချေ။
ပထမ အချက်အနေဖြင့် ရဲရှောင်သည် သူနှင့် ယှဉ်၍ပင် မရသော စစ်သူကြီး တစ်ဦး၏ သားတစ် ယောက် ဖြစ်လေ၏။ ဒုတိယ အချက်အနေဖြင့် ယခုနေရာသည် အိမ်ရှေ့မင်းသား၏ နန်းတော်တွင်း ဖြစ်ပြီး အိမ်ရှေ့မင်းသားမှ ဖိတ်ကြားသည့် စားသောက်ပွဲ ကျင်းပရာလည်း ဖြစ်နေပါသည်။ သူ့အနေဖြင့် အလွန်အမင်း ဒေါသထွက်နေသည့်တိုင် အိမ်ရှေ့မင်းသား မခိုင်းမချင်း လုပ်ဝံ့မည် မဟုတ်ပေ။ တတိယ အချက်အနေဖြင့် ရဲရှောင်ပြောသည့် ခြိမ်းခြောက်မှုများသည် ခြိမ်းခြောက်ရုံ သက်သက် မဟုတ်သည်ကို သူသိရှိခံစားမိနေ၍ပါပင်။
ရဲအိမ်တော် အနေဖြင့် မန်ဇိရှောင်အား လက်စဖျောက်ရန် ကိစ္စသည် ခက်ခဲသည့် ကိစ္စ မဟုတ်ချေ။ တခြားလူများမှ သိသွားသည့် တိုင်အောင် မည်သူမျှ ရဲအိမ်တော်နှင့် ပြဿနာ ဖြစ်လိုကြမည် မဟုတ်လောက်ကြပါပေ။
မန်ဇိရှောင်သည် အိမ်ရှေ့မင်းသားနှင့် သွေးသောက် ညီအစ်ကိုလည်း တော်စပ်နေသည် မဟုတ်ပေ။
သူအလွန်အမင်း ဒေါသထွက်နေသည့်တိုင် ဘာမှလုပ်ခွင့် မရရှိဘဲ ကြည့်နေရုံသာ တတ်နိုင်ပါသည်။ ထို့နောက် တင်းမာ ခက်ထန်သော လေသံဖြင့် –
“မင်းပြောတာတွေကို ငါမှတ်ထားမယ်။ မင်းနဲ့ငါနဲ့ နောက်ထပ် ဆုံတွေ့မဲ့ အချိန်ဆိုတာ နောက်ပိုင်း ရှိလာဦးမှာပါ။ အဲဒီအချိန်ကျမှ တွေ့ကြတာပေါ့ . . .”
“သူ့ကို ကြည့်ကြပါဦး . . .”
ရဲရှောင် မန်ဇိရှောင်း လက်ညှိုး ထိုးပြလိုက်ရင်း ကျယ်လောင်စွာ ရယ်မောကာ ပြောလိုက်သည်။ ဆက်လက်၍လည်း –
“ဘယ်လိုတောင်လား . . . သူပြောတဲ့ ပုံကိုလည်း ကြည့်ကြစမ်းပါဦး၊ သူ့ခမျာ စိတ်ထဲ မှတ်ထားနိုင် တာက လွဲပြီးတော့ ဘာမှ မလုပ်နိုင်ရှာဘူး။ ဘာကို မှတ်ထားချင်နေတာလဲ၊ နောက်ပိုင်းကို စောင့်မနေနဲ့၊ မန်ဇိရှောင် . . . ခင်ဗျားကို ဒီနေ့ အကြံတစ်ခု ပေးလိုက်မယ်။ ခင်ဗျား ကျုပ်ပေးလိုက်တဲ့ အကြံအတွက် ကျေးဇူးတင်နေလိမ့်မယ်လို့ ကျုပ်ကတော့ ယုံကြည်နေမိတယ် . . .”
မန်ဇိရှောင်မှ ခနိုးခနဲ့ လေသံဖြင့် –
“မင်းက ငါ့ကို ဘာအကြံများ ပေးမှာ မို့လို့လဲ၊ ပေးသနားတော် မူပါလို့ပဲ ပြောလိုက်တော့မယ် . . . မင်းပေးတဲ့ အကြံကို ငါတစ်သက်လုံး မမေ့ပါဘူးကွာ . . .”
ရဲရှောင်လည်း သူ့ရှေ့ရှိ ကြက်ခြေထောက်အား ကောက်ကိုင်လိုက်ပြီး မန်ဇိရှောင်၏ မျက်နှာသို့ ပစ်ပေါက်လိုက်သည်။ ချက်ချင်းပင် မန်ဇိရှောင်၏ မျက်နှာတွင် ဆီများ ပေကျံသွားပြီး ထိုအချိန်မှာပဲ ရဲရှောင်မှ –
“အကြံကတော့ . . . ခင်ဗျားအနေနဲ့ ခွေးတစ်ကောင် ဖြစ်ဖို့ ရွေးချယ်လိုက်ပြီ ဆိုတာနဲ့ ခွေးတစ်ကောင်လိုပဲ ပြုမူ နေထိုင်ပါ။ ခင်ဗျားကို စားလို့ပြောရင် စားလိုက်၊ မစားနဲ့လို့ ပြောရင်လည်း ခင်ဗျားမျက်နှာကို အစာနဲ့ ပစ်ပေါက်လိုက်ရင်တောင်မှ ဒီအတိုင်းသာ ထိုင်ကြည့်နေ . . .”
ရဲရှောင် မခိုးမခန့် ပြုံးလိုက်ပြီးနောက် –
“ခင်ဗျားကို ဟောင်လို့ ပြောရင် ၂ ခါပဲဟောင်၊ ခင်ဗျား ဟောင်တာ မှားလို့ကတော့ အရေခွံစုတ်ပြီး အရက်နဲ့ အမြည်းခံရမယ်၊ နားလည်လား . . . အခုသွားတော့ . . .”
မန်ဇိရှောင် တစ်ကိုယ်လုံး တုန်ရီလျက် ရှိနေသည်။ မျက်နှာတစ်ခုလုံး ဖြူရော်ရော် ဖြစ်နေပြီး ချက်ချင်းပင် နီရဲသွားကာ သူ၏ ပုံစံမှာလည်း အလွန် ကြောက်စရာ ကောင်းနေပါတော့သည်။
သို့သော်လည်း ထိုအချိန် သူ့ကို မည်သူမျှ ကြည့်မနေကြတော့ချေ။
သူ့ကြမ္မာ သူဖန်တီး သွားခြင်းပင် မဟုတ်ပါလား။
မန်ဇိရှောင် စဉ်းစားခဲ့သည်မှာ ရဲနန်ရှန်၏ သားသည် အရူးတစ်ယောက်သာ ဖြစ်ပြီး ထို့ကြောင့် သူပြောချင်သလို ပြော၍ ရမည်ဟု ထင်ထားခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း အံ့သြစရာ ကောင်းလောက် အောင်ပင် ထိုအရူးလိုလူမှ သူ့အား ပြန်ခံပြောနိုင်မည်ဟု မထင်ထားခဲ့မိပေ။ ဒါ့အပြင် အလွန် ကြမ်းတမ်းစွာ ပြောဆိုခဲ့ခြင်း ဖြစ်လေ၏။
သူများကို စော်ကားချင်သည့် သူပင် ပြန်၍ အစော်ကား ခံလိုက်ရခြင်း ဖြစ်ပေသည်။
ရဲရှောင်အား တစ်ခုခု ပြောရန် ပြင်နေကြသည့် အချိန်မှာပင် ရဲရှောင်ဆီမှ အသံထပ်ထွက် လာပြန်သည်။
ရဲရှောင်သည် မန်ဇိရှောင်၏ မျက်နှာကို ထိမှန်၍ အောက်ပြုတ်ကျသွားသော ကြက်ခြေထောက်ကို ကြည့်ကာ သက်ပြင်းချလိုက်ရင်း –
“ကြက်ခြေထောက်လေး . . . ဒီလိုမျိုး ခွေးတစ်ကောင်ဆီ ပစ်ပေးလိုက်ရတာ တကယ် နှမျောစရာ ပဲ။ ထားလိုက်ပါတော့လေ. . . ”
မန်ဇိရှောင်ကတော့ မျက်နှာကို လက်ဖြင့် အုပ်လိုက်ရင်း အော်ဟစ်ကာ ထွက်ပြေးသွားပါတော့ သည်။
ခန်းမတစ်ခုလုံး တိတ်ဆိတ်၍ သွားပြန်လေသည်။
မင်းသားမှာ အေးစက်စက် မျက်နှာထားဖြင့် ရဲရှောင်အား –
“သခင်လေးရဲရှောင် . . . မင်းရဲ့ စကားလုံးတွေက ကြမ်းလှချည်လား၊ မင်းလုပ်လိုက်တဲ့ နည်းလမ်း ကလည်း ပြင်းထန်လွန်းတယ်။ ဒါပေမဲ့ မင်းလုပ်လိုက်တဲ့ အပြုအမူတွေက ငါ့ကို အထင်သေးလွန်းရာ ရောက်မနေဘူးလား . . .”
ရဲရှောင် ရယ်မောလိုက်ပြီးနောက် –
“ခင်ဗျားက ဆတ်ဆတ်ထိမခံ ဖြစ်နေတာလား မင်းသား . . . ကျုပ်က ခင်ဗျားရဲ့ခွေးကို သင်ခန်းစာ ပေးရင်း ကူညီပေးတာပါ။ ဘာမှ မဟုတ်တဲ့ ကိစ္စလေးကို ပြောမနေပါနဲ့တော့၊ ထားလိုက်ပါ မင်းသား . . .”
မင်းသားမှ ခပ်တည်တည်ဖြင့်ပင် –
“မန်ဇိရှောင်က ခွေးတစ်ကောင် မဟုတ်ဘူး၊ ငါ့ရဲ့ အကြံပေးပဲ။ ငါနဲ့ ညီအစ်ကိုလို နေတဲ့လူ . . .”
ထိုကဲ့သို့ မင်းသားမှ ပြောလိုက်သည့်အခါ သူ့လူ အများအပြားသည် ရင်ထဲ နွေးထွေး သွားကြလေ၏။
(တကယ့် အိမ်ရှေ့မင်းသားကောင်း ပီသတာပဲ၊ ကြင်နာပြီး သနားတတ်တဲ့လူ . . . သူက လက်အောက် ငယ်သားအပေါ် ဒီလို သဘောထားမှတော့ ငါတို့ကလည်း သူ့အတွက် ဘာပဲ လုပ်ပေးရပေးရ နောင်တ မရတော့ဘူး . . .)
ရဲရှောင် ရယ်မောလိုက်ပြန်ရင်း –
“ခွေးတစ်ကောင် မဟုတ်ဘူးလား . . . ညီအစ်ကိုပေါ့လေ . . . ဪ . . . သိပါပြီလေ၊ ဒီလို အသုံးမကျတဲ့ လူတစ်ယောက်က ခင်ဗျားနဲ့ ညီအစ်ကိုလို ဖြစ်နေလိမ့်မယ်လို့ ကျုပ်က ဘယ်သိမလဲ။ ညီအစ်ကိုလို နဲ့မှ မတူတာ။ ထားလိုက်ပါတော့လေ။ ဒါပေမဲ့ ကျုပ်သူ့ကို အော်နေတဲ့ အချိန်တုန်းက ခင်ဗျားက ဘာလို့ ကျုပ်ကို မတားခဲ့လဲ မင်းသား . . . အစောကြီး ကတည်းကသာ တားခဲ့မယ် ဆိုရင် ကျုပ် သဘောပေါက်မိရင် ပေါက်မိဦးမယ်။ ဒီလိုလူမျိုးကို ကျုပ်မျက်လုံးထဲတောင် မထည့်ပေမဲ့ သနားညှာတာမှု ပေးလိုက်မိမှာတော့ သေချာတယ်။ ဟူး . . . ခင်ဗျားက ဘာမှ မပြောတော့ ကျုပ်က မသိဘူးလေ။ သူပြောတာမှားနေတဲ့ ကျုပ်ပြောတာကိုလည်း ခင်ဗျားက လက်ခံပြီး နားထောင်နေတယ်ပဲ ထင်နေတာ”
မင်းသားသည် ဒေါသထွက်သွားပြီး ပြောစရာ စကားမဲ့၍ ဆွံ့အသွားပုံပါပင်။
“နောက်ပြီး . . . သူပြေးသွားတုန်းကလည်း ခင်ဗျားက ဘာလို့ မတားလိုက်လဲ . . .”
ရဲရှောင် ထပ်ပြောလိုက်ပြန်သည်။
“ညီအစ်ကို . . . ဒါက ခင်ဗျားတို့ ညီအစ်ကို ကို ဆက်ဆံတဲ့ ပုံစံပဲလား . . .”
ကွမ်ဇန်ဝမ်မှ –
“သခင်လေးရဲ . . .”
သူ၏ အသံမှာ အနည်းငယ် ကြမ်းနေလေ၏။
“ခင်ဗျား ပြောချင်တာရှိရင် ခဏစောင့်နေဦး ကျုပ်ပြောလို့ မပြီးသေးဘူး . . .”
ရဲရှောင် ခပ်တည်တည်ပင် ပြန်ပြောလိုက်သည်။
“မင်းသားက ညီအစ်ကိုလိုပဲလို့ ပြောတော့ ကျုပ်ဖြင့် အတော် ရယ်ချင်မိသွားတယ်။ ထီးနန်းအတွက် ခင်ဗျားနဲ့ အမြဲတမ်း တိုက်ခိုက်နေရတဲ့ လူ ၂ ယောက်က ခင်ဗျားရဲ့ ညီအစ်ကို အရင်းတွေ မဟုတ်ဘူးလား . . .”
“ခင်ဗျားတို့က ညီအစ်ကို အရင်းတွေကျ တစ်ယောက်နဲ့တစ်ယောက် မတည့် ဖြစ်နေကြတယ်။ အခုကျ ခင်ဗျားက မန်ဇိရှောင်ကို ညီအစ်ကို လိုပဲတဲ့။ ဟားဟား . . . ဒီလို ညီအစ်ကို ဆိုတာမျိုးက ညီအစ်ကို အရင်းနဲ့ ဘယ်လိုများ နှိုင်းယှဉ်နိုင်မလဲ . . . ကျုပ်ဖြင့် မစဉ်းစား တတ်အောင်ပါပဲ . . .”
ရဲရှောင် ခနဲ့တဲ့တဲ့ ရယ်မောရင်း ပြောလိုက်လေသည်။
ရဲရှောင် အနေဖြင့် အိမ်ရှေ့မင်းသားအား ထိုးနှက်ရာတွင် ဘာကိုမှ ဂရိုစိုက်နေခြင်းကို မရှိပါချေ။
ရဲရှောင် ပြောလိုက်သည့် စကားလုံးများသည် တကယ်ကို ပြင်းထန်လှပြီး လူတိုင်းကို အံ့သြ သွားစေနေပါတော့သည်။
(ဒီရဲရှောင် ဆိုတဲ့ ကောင်လေးက တကယ်ပဲ ရိုင်းလိုက်တာ . . .
မင်းသား မျက်နှာကည်း တော်တော် ပျက်နေပြီ။ သူတို့ကြားက ဆက်ဆံရေး ပြိုကွဲသွားပြီလား . . .)
ကွမ်ဇန်ဝမ် တစ်ကိုယ်လုံးမှာလည်း တုန်ရီလျက် ရှိနေပါသည်။
ရဲရှောင် ပြောလိုက်သည့် စကားလုံးများသည် အိမ်ရှေ့မင်းသားအား ကောင်းကောင်းကြီး ထိုးနှက် နိုင်လိုက်ပါသည်။
ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားပြီးနောက် စွပ်စွဲချက်များ ဆူညံစွာ0 ထွက်ပေါ်လာပါတော့သည်။
“ဘယ်လိုကောင်လဲ . . . မင်းသားကိုတောင် ပြောရဲနေပါလား . . .”
“မင်းကသားက ကြင်နာ သနားတတ်တဲ့ လူမို့လို့သာ၊ နောက်မို့ဆိုရင်တော့လား . . .”
“မင်းသားကို မင်းကစွပ်စွဲနေတာပဲ . . .”
“ရဲတင်းလိုက်တာ . . . ရဲရှောင် မင်းကတော့ သင်ခန်းစာ ပေးခံရတော့မယ် . . .”
အားလုံး၏ စွပ်စွဲပြောဆိုနေသံများအား ကြားနေရသည့်တိုင် ရဲရှောင်မှာ ဘာမှ ပြန်ပြောမနေချေ။ ကွမ်ဇန်ဝမ်သည်လည်း ဘာမှ မပြောဘဲ တိတ်ဆိတ်လျက် ရှိနေသည်။ မင်းသားသည်လည်း ရဲရှောင်ကို သာ ကြည့်၍ နှုတ်ဆိတ်နေပါတော့သည်။
ကွမ်ဇန်ဝမ်၏ မျက်လုံးများကို ကြည့်ခြင်းအားဖြင့် အကြံထုတ်နေသည့် ဟန်ပန်မျိုး ရှိနေလေ၏။
မင်းသား၏ မျက်လုံးများမှာ အသင့်အနေအထားဖြင့် သတိရှိရှိ ဖြစ်နေပုံရပြီး ရဲရှောင်၏ မျက်လုံးကတော့ ဆောင်းရာသီတွင် ရှိနေသည့် ရေကန်ကဲ့သို့ နက်ရှိုင်းသည့် ဟန်ပန်မျိုးဖြင့် အားလုံးကို အကဲခတ်လျက် ရှိနေပါတော့သည် . . .။