Chapter – 84
“အမေး”
ခန်းမအတွင်းရှိ လူများအားလုံးသည် ပညာတတ် လူရည်မွန်တွေချည်း ဖြစ်သည်။ သူတို့သည် စကားနည်းကြသည့် လူများ မဟုတ်ကြဘဲ အချိန်အတော်ကြာ မရပ်မနား စကားပြောဆိုနိုင်သည့် လူများ ဖြစ်ကြသည်။ သို့သော် ရဲရှောင်နှင့် တွေ့သောအခါတွင်တော့ အရှုံးပေးလိုက်ကြရပါတော့သည်။
အခြေအနေသည် ထိန်းချုပ်ရ ခက်ခဲနေပြီး အကုန်လုံး အနေရ ခက်နေကြလေ၏။
တခဏ အကြာတွင်တော့ ကွမ်ဇန်ဝမ်သည် မတ်တတ် ထရပ်လိုက်ပြီး ပြုံးကာ လေးနက် တည်ကြည်သော လေသံဖြင့် –
“ငါက ဒီမှာ အိမ်ရှေ့မင်းသားနဲ့ စကားခဏ လာပြောတာပါ။ အခု ငါပြောလို့ ပြီးသွားပြီ အဲဒီတော့ သွားတော့မယ်လေ။ သခင်လေးရဲ . . . ဒီထိုင်ခုံက မင်းခုံပါ။ ငါတို့က အစောကြီးကတည်းက ထိုင်ထားသလို ဖြစ်နေကြတော့ မင်းအတွက် မချန်ထားမိသလို ဖြစ်သွားတာ။ ငါကလည်း အသက်ကြီး လာတော့ အကြာကြီး မတ်တတ် မရပ်နိုင်ဘူးလေ။ အဲဒါကြောင့် မင်းခုံမှာ ထိုင်လိုက်မိသလို ဖြစ်သွားတာ ပါ။ မင်းဒီအတွက် စိတ်မရှိဘူးမလား . . . ဟားဟား . . .”
အသက်အရွယ် ကြီးပြီး အတွေ့အကြုံရှိသူပီပီ အခြေအနေကို ချက်ချင်းပင် ၀င်ထိန်းသိမ်းပေး လိုက်ခြင်း ဖြစ်ပါသည်။
ရဲရှောင်လည်း ရယ်မောလျက် ဘာမှ ပြောမနေတော့ဘဲ သူ့ကို ပေးသည့် ခုံတွင် ၀င်ထိုင်လိုက်သည်။
ယခုအခါ သူသည် အိမ်ရှေ့မင်းသားနှင့် ၈ ပေလောက် အကွာတွင် ထိုင်နေခြင်း ဖြစ်သည်။
သူသည် ရည်ရွယ်ချက်မရှိဘဲ တမင်သက်သက် ပြဿနာ ရှာနေခြင်း မဟုတ်ပေ။ သူ၏ အရန် အစီအစဉ်အား ပြီးမြောက်သွားစေရန်အတွက် လမ်းကြောင်းခင်းနေခြင်း ဖြစ်၏။
(ငါ့ကို တစ်ခုခု လုပ်လို့ကတော့ ၂ ယောက်လုံး သေပြီသာမှတ် . . .)
လက်ရှိ အခြေအနေတွင် သူရင်ဆိုင်နေရသည်မှာ မည်သူဖြစ်ဖြစ် သူဂရုမစိုက်ပါချေ။
ယခုနေရာသည် စကားပြောဆိုရန်အတွက် အကွက်အကွင်း ကောင်းသည့် ထိပ်ဆုံး နေရာတွင် ရှိနေပါသည်။ ယခုနေရာမှ မင်းသားအား လုပ်ကြံမည် ဆိုပါက အလွန် သင့်တော်လှပြီး ထိပ်တန်းအဆင့် ပညာရှင်ကြီးများပင် မင်းသားကို ကယ်တင်နိုင်မည် မဟုတ်ပေ။
တခြားလူများသည် ရဲရှောင်၏ စိတ်ထဲ မည်သို့သော ရက်စက်သည့် အတွေးမျိုး ရှိနေမလဲ ဆိုတာကို မည်သူမျှ မသိကြပါချေ။
အခြေအနေ တည်ငြိမ်သွားပြီးနောက် တခြားလူများသည် စိတ်ထဲ မကျေမနပ် တွေးနေကြလျက် ကိုယ့်နေရာကိုယ် ပြန်ထိုင်လိုက်ကြလေ၏။
အနည်းငယ် သောက်စားလိုက်ပြီးကြသည့် နောက်တွင် အိမ်ရှေ့မင်းသားသည် ချောင်းတစ်ချက် နှစ်ချက်ခန့် ဆိုးလိုက်ပြီး လူအများ၏ စိတ်ဝင်စားမှုကို ခံယူလိုက်လေသည်။
လူတိုင်း စားသောက်နေခြင်းအား ရပ်လိုက်ကြပြီး မင်းသားအား လှမ်းကြည့်လိုက်ကြ၏။ ယနေ့ည၏ အဓိက အကြောင်းအရာကို ပြောတော့မည် မဟုတ်ပါလား။ မင်းသားမှ ဘာများ ပြောမလဲ ဆိုတာကို နားစွင့်ရင်း သိချင်နေကြ ပါတော့သည်။
သို့သော်လည်း သခင်လေးရဲသည် သရဲစီးသလို စားသောက်လျက် ရှိနေလေ၏။ အစားအသောက် များအား လက်ဖြင့် ပယ်ပယ်နယ်ပယ်ကိုင်ရင်း စိတ်ရှိသလို စားသောက်နေခြင်း ဖြစ်ပြီး ပါးစပ်ထဲမှာလည်း ပလုပ်ပလောင်းဖြင့် ရှိနေပါသည်။ ရဲရှောင် ကိုင်ထားသည့် တူသည် စားပွဲရှိ ဟင်းပန်းကန် ပေါင်းစုံထဲသို့ ဆက်တိုက်ဆိုသလို ရောက်ရှိနေပြီး တစ်ပန်းကန်ပြီး တစ်ပန်းကန် ကုန်ကုန် သွားပါတော့သည်။
ဖုတ်ဝင်သော လူတစ်ဦးကဲ့သို့၊ နှစ်ထောင်ပေါင်းများစွာ ငတ်နေသည့် လူတစ်ဦးကဲ့သို့ အခွင့် အရေးရတုန်း စားသောက်နေသည်နှင့် တူနေပါသည်။
အိမ်ရှေ့မင်းသား ချောင်းဟန့်လိုက်သည့်နောက် ခန်းမတစ်ခုလုံးသည် ရဲရှောင် စားသောက်နေသည့် အသံမှလွဲ၍ မည်သည့်အသံကိုမျှ မကြားကြရတော့ချေ။
လူတိုင်း ရဲရှောင်အား ရွံရှာ မုန်းတီးသော အကြည့်မျိုးဖြင့် ကြည့်နေကြသည်။
ရဲရှောင် သတိမပြုမိသွားဟန်ဖြင့် ပလုပ်ပလောင်း ဝါးရင်း –
“အာ . . . ခင်ဗျားတို့ စားလို့ ပြီးသွားကြပြီလား။ ကျုပ်ကတော့ စားလို့ မပြီးသေးဘူးဗျာ . . .”
ထိုသို့ ပြောပြီးနောက် မတ်တတ် ထရပ်လိုက်ရင်း သူနှင့် အဝေးဆုံး နေရာမှာ ရှိနေသည့် ဟင်းပန်းကန်ကို လှမ်းယူလိုက်ကာ ကျေနပ်သည့် လေသံဖြင့် –
“ဒီဟင်းက တကယ်ကို စားလို့ကောင်းတယ်။ ဒါပေမဲ့ လှမ်းယူရတာ ဝေးနေတယ်ဗျာ . . . ဒီဟင်းကို မစားလိုက်ရမှာ ကျုပ်စိုးရိမ်နေခဲ့တာလေ။ ဘယ်သူမှ မစားဘဲ ချန်ထားတဲ့အတွက် ကျေးဇူးပဲ . . .”
ရဲရှောင် စားသောက်နေသည့် အသံများသည် တကယ်ကို စိတ်ရှုပ်စရာ ကောင်းလွန်းလှသည်။
အားလုံး၏ စိတ်ထဲတွင် သူတို့သည် စားသောက်နေသည့် အသံအား သီချင်းသံကဲ့သို့ နားဆင် နေရသည်ဟု ထင်မြင်နေမိကြလေ၏။
မင်းသားမှာ ရှက်အမ်းအမ်း ဖြစ်သွားပြီး နောက်ဆုံးတွင်တော့ –
“သခင်လေးရဲ . . . ငါစကားပြောဦးမယ် . . .”
ရဲရှောင် ကြောင်ငေးသွားသလို ပုံစံရှိပြီး နောက်ဆုံး လက်ကျန် အသားတုံး တစ်ဖက်အား ကောက်ဝါးလိုက်ရင်း တူကို ခပ်ဖြည်းဖြည်း ချလိုက်ကာ လေးနက်တည်ကြည်သည့် ပုံစံမျိုး နေလိုက်သည်။ ထို့နောက် –
“မင်းသားက စကားပြောချင်နေတာကို ခင်ဗျားတို့တွေ စားတာသောက်တာ ရပ်သင့်တယ်လေ။ ခင်ဗျားတို့အားလုံးက စည်းကမ်းကလည်း မရှိဘူး၊ မင်းသားကိုလည်း မရိုမသေ လုပ်နေကြသေးတယ်။ အထူးသဖြင့် ကျုပ်လို ဧည့်သည် တစ်ယောက် ရှိနေတာတောင် ဂရုမစိုက်ကြဘူးပေါ့ . . .”
ပြောနေရင်းဖြင့် ရဲရှောင်သည် သူ့ပါးစပ်အတွင်း ဝါးနေသည့် အသားတုံးအား မျိုချလိုက်သည်။
အားလုံးသော လူများမှာ ချက်ချင်းပင် ရဲရှောင်အား ထရိုက်ပစ်ချင်နေကြပြီ ဖြစ်သည်။
(ဘယ်သူက စားနေတာလဲ . . . မင်းတစ်ယောက်ပဲ စားလို့ သောက်လို့ မပြီးသေးတာလေ။ အခုကျ မင်းကပဲ ဆရာကြီးလိုလို လေသံနဲ့ လာပြောနေတယ်။
စစ်သူကြီးရဲ့ အိမ်မှာလည်း အစားကောင်း အသောက်ကောင်းတွေ ရှိမှာပါ။ ဘယ်လိုဖြစ်လို့ အခုလို သရဲစီးသလို ဖြစ်နေရတာပါလိမ့် . . .)
အိမ်ရှေ့မင်းသားလည်း မျက်မှောင်ကြုတ်လျက် တွေးနေမိလေ၏။ သူ၏ မျက်နှာမှာလည်း ဒေါသထွက်သည့် အရိပ်အယောင်မျိုး ပေါ်နေပါတော့သည်။
အားလုံး တိတ်ဆိတ်နေကြပြီး မုန်တိုင်းကြီးတစ်ခု သူတို့ဆီ လာတော့မည် ဆိုတာကို သိနေကြ သကဲ့သို့ပါပင်။ နိုင်ငံတော်၏ အရေးပါ အရာရောက်သည့် လူတစ်ဦး စိတ်ကွက်သွားမည့် အဖြစ်ကို မည်သူမျှ မလိုချင်ကြပေ။ အားလုံး၏ စိတ်ထဲမှာလည်း မင်းသားကို ချီးကျူးနေမိကြလေ၏။
(သူက တကယ့် အိမ်ရှေ့မင်းသားလို့ ခေါ်ထိုက်တယ်။ ဖျတ်ဖျတ်လတ်လတ်နဲ့ ကြံရည်ဖန်ရည်လည်း ကောင်းတဲ့ ပုံပဲ ဘုရင်လို လေးစားရမဲ့ လူတစ်ယောက်ပေါ့ . . .)
ရဲရှောင်သည် ငြီးငွေ့လာဟန်ဖြင့် မျက်စိကစားလျက် ရှိနေသည်။ သူ့အရှေ့မှာရှိသည့် ကြက်ကြော်အား ကြည့်နေမိပြီး ပန်းကန်ထဲတွင် ကြက်တောင်ပံတစ်ချောင်းနှင့် ခြေထောက်တစ်ချောင်း ကျန်ရှိနေသေး၏။
(ငါက ဒီလိုဟာမျိုးတွေ ကြိုက်တာ။ ငါ့ဗိုက်ထဲမှာ တောင်ပံတစ်ချောင်းနဲ့ ခြေထောက် တစ်ချောင်းက ရောက်ပြီးပြီ။ အတောင်ပံတစ်ချောင်းတည်းနဲ့ ဘယ်လိုလုပ် ပျံသန်းနိုင်ပါ့မလဲ၊ အဲဒါကြောင့် စားမဲ့စား ၂ ချောင်းလုံးစားတာ ကောင်းလိမ့်မယ် . . .
နောက်ပြီး ခြေတစ်ချောင်းတည်း ဆိုလည်း လမ်းလျှောက်လို့ ရမှာ မဟုတ်ဘူး။ နောက်ခြေထောက် တစ်ချောင်းပါ စားလိုက်ပါမယ်လေ . . .)
ရဲရှောင်၏ စိတ်ထဲ မည်သူ့ကိုမျှ ဂရုစိုက်ဟန် မရှိချေ။
သူ့အနေဖြင့် အစွမ်းထက်လှချည်ရဲ့ ဆိုသော ပညာရှင် လူစွမ်းကောင်း များစွာကို ယခင်ဘ၀တုန်းက မြင်တွေ့ခဲ့ဖူးခဲ့ပါသည်။ တချို့ဆိုလျှင် မျက်မှောင်တစ်ချက် ကြုတ်လိုက်ရုံဖြင့် အရာအားလုံး အေးခဲသွားအောင် လုပ်နိုင်ပြီး တောင်များကိုလည်း ပြိုလဲကျအောင် လုပ်နိုင်သူများ ဖြစ်ကြ၏။
ထိုကဲ့သို့သော လူမျိုးကိုမှ ဘုရင်လို လေးစားထိုက်သော လူဟု ခေါ်ဆိုနိုင်မည်ဖြစ်ကာ ယခုလူ များနှင့် ယှဉ်မည်ဆိုပါက နှိုင်း၍ပင် ရမည် မဟုတ်ပေ။
ရဲရှောင်သည် ထိုကဲ့သို့ ဘာမှ မဟုတ်သည့် အိမ်ရှေ့မင်းသား တစ်ယောက်အား လေးလေး စားစား ကြောက်ရွံ့ဟန်ဖြင့် ဆက်ဆံနေကြသည်ကို မြင်သောအခါ ရယ်ချင်နေမိလေသည်။
မင်းသားမှာ မျက်နှာပျက်ယွင်းစွာဖြင့် –
“ခင်ဗျားတို့အားလုံး သိကြတဲ့ အတိုင်းပဲ အိမ်ရှေ့မင်းသား နန်းတော်မှာ အခြေအနေတွေက ကောင်းတာ မဟုတ်ဘူး။ မကြာခင်ကမှ မတည်မငြိမ် ဖြစ်ထားသေးတာ။ မဖြစ်သင့်တာတွေလည်း အများကြီး ဖြစ်ခဲ့၇တယ်။ မကြာသေးခင်ကပဲ . . .”
မင်းသားသည် ပြောနေရင်းဖြင့် သက်ပြင်းတစ်ချက်ချရင်း ပြောလက်စကို ရပ်လိုက်လေ၏။
မင်းသား ဘေးနားတွင် ထိုင်နေသည့် မန်ဇိရှောင်မှ ဆက်လက်၍ –
“ဟုတ်တယ် . . . အစတုန်းက အိမ်ရှေ့မင်းသားရဲ့ နေရာဟာ မတည်မငြိမ် ဖြစ်ခဲ့ရတယ်။ ဒါပေမဲ့ ဒီမကြာခင်က ဒုက္ခတွေ ပြီးတဲ့နောက်တော့ ကျုပ်တို့ ထောက်ပံ့မှုတွေကိုပါ အနှောင့်အယှက် ဖြစ်စေခဲ့တယ်။ အကျိုးဆက်အနေနဲ့ ကျုပ်တို့ပဲ နစ်နာသွားကြရတာပေါ့ . . . ဒီလူ ဘာတွေ ကြံစည် နေသလဲ ဆိုတာကို မသိနိုင်ဘူး . . .”
ထိုအချိန် ကွမ်ဇန်ဝမ်မှ တစ်ခုခု ပြောရန် ပြင်လိုက်ပြီး သို့သော်လည်း ချက်ချင်းပင် ဘာမှ မပြောတော့ပဲ အရှိန်သတ်လိုက်လေသည်။
အားလုံးသည် ရဲရှောင်အား ထောင်ချောက်အတွင်း ကျုံးသွင်းရန် ကြံစည်နေကြဟန် ရှိပြီး သို့သော်လည်း မန်ဇိရှောင်မှာ ဆက်လက်၍ ပြောဆိုခြင်း မရှိပြန်ချေ။
မင်းသားသည်လည်း အနည်းငယ် အံ့သြသွားပြီး မျက်မှောင်ကြုတ်သွားခဲ့၏။
ထိုအချိန်မှာပဲ နောက်ထပ် လူတစ်ယောက်မှ –
“ဒီအဖြစ်အပျက်တွေ အားလုံးကို လုပ်ခဲ့တဲ့ လူကတော့ တော်တော်ကြီး ပျော်နေရှာမယ် . . .”
မန်ဇိရှောင်မှ –
“ဒီကိစ္စတွေ အားလုံး ဖြစ်ပြီးသွားမှတော့ ဘာမှ မတတ်နိုင်တော့ဘူး။ ကိစ္စတိုင်းမှာ အကျိုးရှိရင် အကြောင်း ရှိရမယ်။ အကြောင်းရှိရင်လည်း အကျိုးရှိရမှာပဲ . . . ဒါတွေ အားလုံးရဲ့ တရားခံက တစ်ယောက်တည်း ဆိုတာတော့ သေချာတယ် . . . သခင်လေးရဲ မင်းရော ဘယ်လိုထင်လဲ . . .”
ပထမပိုင်း ပြောဆိုမှုများတွင် တစ်ယောက်နှင့်တစ်ယောက် ကြည့်၍ ပြောဆိုနေကြခြင်း ဖြစ်သဖြင့် ရဲရှောင်အား မည်သူမျှ အာရုံမစိုက်မိကြချေ။
မန်ဇိရှောင်မှ ရဲရှောင်အား မေးလိုက်သည့် အချိန်မှသာ အားလုံး၏ အကြည့်များသည် ရဲရှောင်ထံ ရောက်ရှိသွားလေ၏။
ရဲရှောင်ကတော့ ထိုအကြည့်များကို ဂရုစိုက်မနေဘဲ ခေါင်းညိတ်လျက် –
“ဟုတ်တယ် . . . အိမ်ရှေ့မင်းသားရဲ့ အင်အားစုက တကယ်ပဲ ပျက်ဆီး ဆုံးရှုံးခဲ့ရတယ်။ မင်းသားကို ဆန့်ကျင်နေတဲ့လူ တစ်ယောက်ယောက်တော့ ရှိနေတာ သေချာတယ် . . . ခင်ဗျားကို ဘယ်သူ အဲဒီလို လုပ်နေတယ် ဆိုတာကို သိလား . . . ခင်ဗျားသာ ကျုပ်ကို သူ့နာမည် ပြောလိုက် သူဘယ်သူဖြစ်ဖြစ် ကျုပ်ဂရုစိုက်နေမှာ မဟုတ်ဘဲ ကုပ်ကနေဆွဲပြီး သေအောင် ရိုက်ပစ်မယ်။ အဲဒါမှ ခင်ဗျားလည်း စိတ်ကျေနပ်နိုင်မှာ မဟုတ်လား။ ခင်ဗျားက ကျုပ်ကို ဒီည အကောင်းဆုံး ဧည့်ခံခဲ့တယ်။ အဲဒီအတွက် ကျုပ်က ခင်ဗျားကို ကျေးဇူးဆပ်တဲ့ အနေနဲ့ လုပ်ပေးတယ်ပဲ မှတ်ယူလိုက်ပါ . . .”
အားလုံး ကြောင်ငေးသွားကြပြီး ဘာဆက်ပြောရမှန်း မသိသလို ဖြစ်သွားကြလေ၏။
အချို့မှာ ဒေါသထွက်သလိုပင် ဖြစ်သွားကြပြီး သို့သော်လည်း သူတို့ကိုယ်သူတို့ ထိန်းလိုက်နိုင် သည့် ဟန်ပါပင်။
(ဘယ်လို . . . ငါတို့ ဒီလောက် ပြောနေကြတာတောင် မင်းက နာမည် လာမေးနေသေးတယ်။ ဘယ်လို ဦးနှောက်မျိုးပါလိမ့် . . .)
မင်းသား မျက်မှောင်ကြုတ်လျက် စဉ်းစားနေမိ၏။
“သခင်လေးရဲ . . . လူတော်တစ်ဦးက ဘယ်တော့မှ နောက်လေ့မရှိဘူးနော် . . .”
မန်ဇိရှောင် ရဲရှောင်အား ကြည့်ရင်း ပြောလိုက်သည်။
“မင်းအဲဒီလိုတွေ ပြောနေလို့လည်း စိတ်ဝင်စားကြမယ် မထင်နဲ့၊ ဖြောင့်မတ် တည်ကြည်တဲ့ လူတစ်ယောက်က တောပြောတောင်ပြောတွေ ပြောမနေဘူးကွ။ မင်းလုပ်တဲ့ လုပ်ရပ်တွေက မင်းအဖေ စစ်သူကြီးရဲကို သိက္ခာ ချနေသလိုပဲ . . .”
“သိက္ခာချတယ် ဟုတ်လား . . .”
ရဲရှောင် အေးစက်စက်ကြည့်၍ မေးလိုက်သည်။
“ခင်ဗျားက ဘာကို ဆိုလိုချင်တာလဲ . . .”
“စစ်သူကြီးရဲက သူ့တဘ၀လုံးကို သူရဲကောင်းတစ်ယောက်လို ဖြတ်သန်းခဲ့တယ်။ ဒါကလည်း လူတိုင်း အသိပါပဲ။ ဒါပေမဲ့ မင်းသိထားရမှာက စစ်သူကြီးက စစ်သူကြီးပဲ၊ နိုင်ငံရဲ့ နောက်ဆုံး ဆုံးဖြတ် ပိုင်ခွင့် ရှိတဲ့လူ တစ်ယောက် မဟုတ်ဘူးမလား . . .”
သူဆိုလိုသည်မှာ ဘုရင်ကသာလျှင် အရေးအပါဆုံး လူဟု ဆိုလိုခြင်း ဖြစ်လေသည်။
မန်ဇိရှောင်၏ အကြည့်များသည် စူးရှလှပြီး အသံမှာလည်း ခနဲ့တဲ့တဲ့ အသံမျိုး ဖြစ်နေလေ၏။
သူပြောလိုက်သည့် စကားသည် ဆန့်ကျင်သလို ဖြစ်နေသော်လည်း ကျိုးကြောင်းဆီလျော်မှု ရှိနေလေ၏။
ရဲရှောင် အနေဖြင့် ယခုအကြောင်းအရာမှ ဘာမှ ပြောလို့မရဘဲ လုံးဝ ပြေးမလွတ်တော့သည့် အနေအထားမျိုးဖြစ်အောင် ချည်လိုက်ခြင်း ဖြစ်လေသည်။
တခြားလူများမှာလည်း မျက်မှောင်ကြုတ်လျက် ရှိနေကြလေ၏။
(ငါတို့ အိမ်ရှေ့မင်းသား အကြောင်းပဲ ပြောသင့်တယ်။ ဘုရင်ရဲ့ အင်အားအကြောင်း ပြောနေတာ မှ မဟုတ်တာ။ မင်းက စကားတစ်ခွန်းတည်းနဲ့ ရဲရှောင်ကိုရော စစ်သူကြီး ရဲကိုပါ ဆန့်ကျင်ပစ်လိုက်တာပဲ။ တော်တော် ရက်စက်သွားတယ်။ မန်ဇိရှောင်က အေးဆေးတည်ငြိမ်ပြီး ဉာဏ်ကောင်းတဲ့ လူတစ်ယောက်ပါ။ အခု ဒီနေ့ကျမှ ဘယ်လို ဖြစ်သွားရတာလဲ . . .)
မန်ဇိရှောင်သည် ရဲရှောင်အား အတင်းတွန်းပို့နေခြင်းဖြစ်ပြီး အဘယ်ကြောင့်ဆိုသော် သူ့ရင်ထဲ မကျေနပ်ချက်များ ရှိနေ၍ ဖြစ်ပါသည်။
မန်ဇိရှောင်မှာ ယခင်က စစ်ဆေးမှု ၆ ခုတွင် ၅ ခုကို အောင်မြင်ခဲ့ပြီး နောက်ဆုံး စစ်ဆေးမှု ရောက်သည့်အခါ သူ၏ အဆိုပြုချက်သည် အတော် ဆိုးရွားခဲ့သဖြင့် ဘုရင်မှ မနှစ်သက်ခဲ့ပေ။ ထို့ကြောင့်ပင် ပထမ နေရာသို့ မရောက်ခဲ့ဘဲ အရှုံးသမား ဖြစ်ခဲ့ရလေ၏။
သူသည် ပါရမီ ထူးချွန်သူတစ်ဦး ဖြစ်သော်လည်း အမြင်ကျဉ်းမြောင်း၍ သွေးအေးသူတစ်ဦးလည်း ဖြစ်၏။ အရှုံးကို ငြိမ်းချမ်းစွာ လက်ခံနိုင်စွမ်း မရှိဘဲ နောက်ဆုံး စစ်ဆေးမှု ပြီးဆုံးသည့်အခါ ဘုရင်အား ကလန်ကဆန် စကားများ ပြောခဲ့လေ၏။ ဘုရင်အား ပညာမဲ့သောသူ၊ လူညံ့တစ်ယောက်အား အအောင်ပေးလိုက်သူ စသည့် အချက်အလက်များအား ပြောဆိုခဲ့သည်။ ထိုစကားများအား သူ့မိတ်ဆွေ အပေါင်းအသင်းများ ရှေ့တွင် ပြောခြင်းသာ ဖြစ်သော်လည်း ဘုရင်၏နားသို့ ပြန်လည် ပေါက်ကြား သွားခဲ့လေ၏။ ထို့ကြောင့်ပင် ဘုရင်သည် ဒေါသထွက်ခဲ့ရသည်။
ဘုရင်သည် ထိုအချိန်မှစ၍ သူ့ကို မမြင်ချင်တော့သဖြင့် မန်ဇိရှောင်အား ထုတ်ပယ်လိုက်ပြီး စစ်ဆေးမှုများ ထပ်မံ၍ အလုပ်မခံတော့ဘဲ တစ်သက်တာ ပိတ်သိမ်းလိုက်သည်ဟု ကြေညာခဲ့လေသည်။
မန်ဇိရှောင်လည်း အုပ်ချုပ်ရေးပိုင်းတွင် တာဝန်ထမ်းဆောင်ရန် အခွင့်အရေး မရှိတော့သဖြင့် စစ်သည်တော်တစ်ဦး အဖြစ် ၀င်ရောက်ခဲ့လေသည်။ ထိုစစ်ဘက်တွင် အောင်မြင်သည့် အချိန်မှသာ အုပ်ချုပ်ရေးဘက် ပြောင်းမည်ဟူသော အကြံနဲ့ပင် ဖြစ်ပါသည်။
ထိုအချိန်တွင် မြောက်ပိုင်း စစ်တပ်သည် အောင်မြင်မှုများ ရရှိနေချိန်ဖြစ်ပြီး ထို့ကြောင့်ပင် ပထမ ဦးစားပေးအဖြစ် ရွေးချယ်ခဲ့လေ၏။
ထိုအချိန်တုန်းက ရဲနန်ရှန်အား သူ့ကို နေရာတစ်နေရာ ပေးရန် သွားပြောသောအခါ ရဲနန်ရှန်သည် သူ့အား အေးစက်စက်ဖြင့်ပင် ငြင်းပယ်ခဲ့လေသည်။
“မင်းက ကိုယ်မအောင်မြင်တာနဲ့ သွားပုပ်လေလွင့် ပြောတတ်တဲ့ လူမျိုး . . . အဲဒါများ မင်းက ငါ့ရဲ့ မြောက်ပိုင်း သံမဏိတပ်ကို ၀င်ချင်နေသေးတယ်။ ငါသာ မင်းကို လက်ခံလိုက်မယ်ဆိုရင် ငါ့ညီအစ်ကို တွေထဲ သူလျှို ထည့်လိုက်သလိုကို ဖြစ်သွားမှာ . . .”
ထိုကဲ့သို့ ပြောခဲ့ခြင်းဖြစ်ပြီး မန်ဇိရှောင်အား ငြင်းပယ်ခဲ့ခြင်း ဖြစ်၏။
ထိုကိစ္စကြီး ၂ ခုသည် မန်ဇိရှောင်၏ နှလုံးသားထဲတွင် စွဲမြဲနေသည့် အစိုင်အခဲကြီး ၂ ခု ဖြစ်လေ၏။ ထိုနောက်မှာမှ အိမ်ရှေ့မင်းသားနှင့် မိတ်ဆက်ခဲ့ပြီး အိမ်ရှေ့မင်းသား၏ ဘက်တော်သားအဖြစ် ရောက်ရှိ လာခဲ့ခြင်း ဖြစ်လေ၏။
သူသည် ပါရမီထူးချွန်ပြီး အနာဂတ်တွင် လူတော်လူကောင်းတစ်ယောက် ဖြစ်လာနိုင်သော်လည်း ယခုအခါတွင်မူ လက်ထောက်တစ်ယောက် အနေဖြင့်သာ ရှိနေရလေ၏။ အခြေအနေချင်းသည် အတော်ကို ကွာခြားလှပေသည်။
သူ့အနေဖြင့် ဘုရင်အပေါ် ထပ်မံ၍ အပုပ်မချ ရဲတော့ဘဲ သူ၏ ဒေါသများ အားလုံးကို ရဲနန်ရှန် အပေါ်သို့ ပုံချထားခဲ့တာပဲ ဖြစ်ပါတော့သည် . . .။