အခန်း (၅၅၀) တာအိုလက်တွဲဖော်၊ ရှကျဲ့ဘဝဂ်
နတ်ဆိုးတွေနဲ့ မိုးကောင်းကင်မျိုးနွယ်စုရဲ့ စစ်ပွဲ ပြီးဆုံးသွားတဲ့အခါမှာ နတ်ဆိုးတွေရဲ့ ဂုဏ်သတင်းဟာ ထိုးတက်သွားပါတယ်။ ဒီတိုက်ပွဲကနေ မိုးကောင်းကင်မျိုးနွယ်စုက ပြိုင်ဘက် မကင်းဘူးဆိုတာကို သက်ရှိအားလုံး သိသွားကြပါတယ်။
ပြန်လည်မွေးဖွားခြင်း စက်ဝန်း ပြန်စတင်လာတာနဲ့ နတ်ဆိုးတွေကလည်း ထပ်မံ အင်အားကြီးလာပါတယ်။
မိစ္ဆာမျိုးနွယ်စုပြီးရင် မှော်မျိုးနွယ်စု၊ မှော်မျိုးနွယ်စုပြီးတော့ နတ်ဆိုးမျိုးနွယ်စု။ ဒီဟာတွေက တိုက်ဆိုင်မှုသက်သက် မဖြစ်နိုင်ပါဘူး။ သေချာသတ်မှတ်ထားတဲ့ ကံကြမ္မာတစ်ခုဆိုတာ သေချာပါတယ်။
စစ်ပွဲတွေ ရှိတယ်ဆိုပေမဲ့ အင်မော်တယ်ကမ္ဘာရဲ့ တိုးတက်မှုဟာ ပိုပိုပြီးတော့ မြန်ဆန်လာပါတယ်။ ကျင့်ကြံတဲ့ အလေ့အကျင့်ဟာ အနန္တကမ္ဘာကို ပျံ့နှံ့သွားပြီး ရှေးဟောင်းမျိုးနွယ်စု၊ နတ်ဆိုးမျိုးနွယ်စုနဲ့ မိုးကောင်းကင်မျိုးနွယ်စုကလွဲရင် တခြားမျိုးနွယ်စုတွေလည်း အင်အားကြီးထွားလာကြပါတယ်။
ဒါတင်မကသေးပါဘူး။ အင်မော်တယ်ကမ္ဘာက တစ်နေ့တစ်ခြား ပိုပိုကျယ်လာတာကို ဟန်ကျွယ် ရှာတွေ့သွားပါတယ်။ အင်မော်တယ်ကမ္ဘာရဲ့ နယ်ခြားဟာ အမှောင်တားမြစ်နယ်မြေကို ဆက်လက် ကျယ်ပြန့်နေပြီး မြေကြီးတွေကလည်း နောက်ကနေ ဖြစ်ပေါ်လာပါတယ်။ ဒီမြင်ကွင်းက တကယ်ကို မှော်ဆန်လှပါတယ်။
ဟန်ကျွယ်ဟာ သေချာကြည့်လိုက်တဲ့အခါ အင်မော်တယ်ကမ္ဘာရဲ့ နေရာတိုင်းမှာ တာအိုပညာရှိရဲ့ ရောင်ဝါ ရှိနေတာကို တွေ့လိုက်ရတဲ့အတွက် ဒီကိစ္စတွေ အကုန်လုံးက တာအိုပညာရှိတစ်ပါးရဲ့ လက်ချက်မှန်း သဘောပေါက်သွားပါတယ်။
တာအိုပညာရှိတွေ ဒီလိုလုပ်တာက ထူးတော့ မထူးဆန်းပါဘး။ ကောင်းကင်မိစ္ဆာကပ်ဘေးက အင်မော်တယ်ကမ္ဘာရဲ့ သက်ရှိအားလုံးကို ဖျက်ဆီးလုနီး ဖြစ်သွားတဲ့အတွက် ကောင်းကင်တာအိုရဲ့ သက်ရှိတွေက ဘယ်လောက်ထိ အားနည်းတယ် ဆိုတာကို တာအိုပညာရှိတွေ သိသွားကြပါတယ်။
ဟန်ကျွယ်ဟာ တစ်ခဏကြည့်ပြီးတာနဲ့ ဆက်လက် ကျင့်ကြံပါတယ်။
ကျောက်စိမ်းဗောဓိနဲ့ ခုနစ်ပါးတာအိုပညာရှိတို့က ဟန်ကျွယ်အပေါ် ဖိအားတွေ ဆောင်ယူလာပါတယ်။ ဟန်ကျွယ်ဟာ မကြာခဏ အနားယူတယ်ဆိုပေမဲ့ သူ့ဘဝရဲ့ အဓိကအရာက ကျင့်ကြံမှု ဖြစ်နေတုန်းပါ။ ဟန်ကျွယ်ရဲ့ အရည်အချင်းက ပြိုင်ဘက်ကင်းတယ်ဆိုပေမဲ့ မဟာတာအိုနဲ့ ယှဉ်ချင်ရင် အချိန်အတော်ကြာအောင် ကြိုးစားရအုန်းမှာပါ။
ဥပမာပြောရရင် သိကျွင်း ဖြတ်သန်းခဲ့တဲ့ ကပ်ဘေးတွေက ရေလို့တောင် ရတော့မှာ မဟုတ်ပါဘူး။ ဟန်ကျွယ်ရဲ့ လက်ရှိပစ်မှတ်က လွတ်လပ် တာအိုပညာရှိပါ။ လောလောဆယ်မှာတော့ ဟန်ကျွယ်ဟာ လောကဦးပဋိပက္ခ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ် အလယ်အဆင့်မှာပဲ ရှိနေပါသေးတယ်။ ဒါပေမဲ့ ရည်မှန်းချက်ရှိတာက မမှားဘူး မဟုတ်ပါလား။
နှစ်ပေါင်း ၂၃၀ ကုန်ဆုံးသွားပါတယ်။
ကျင့်ကြံအားထုတ်နေတဲ့ ဟန်ကျွယ်ဟာ ရုတ်တရက် လာလည်တဲ့ လီယောင်ကြောင့် ကျင့်ကြံရာက နိုးထသွားပါတယ်။ ဟန်ကျွယ်ဟာ လီယောင်ကို တာအိုဘုံကျောင်းထဲ ဝင်ခွင့်ပြုလိုက်ပါတယ်။
လီယောင်ဟာ ဟန်ကျွယ်ရှေ့ ရောက်လာပြီး ဦးညွှတ်လိုက်ပါတယ် “ဂိုဏ်းချုပ်… ကျွန်မ ကောင်းကင်ဘဝဂ်အဆင့်ကို ရောက်ပြီး ကျွန်မရဲ့ ကျင့်ကြံမှု တိုးတက်တာက အရမ်းနှေးသွားတယ်၊ တစ်ခုခု လိုနေတယ်လို့ ကျွန်မခံစားရတယ်”
“မင်းက တကယ်တိုက်ပွဲ အတွေ့အကြုံကို လိုအပ်နေတာဖြစ်မယ်”
လီယောင်ရဲ့ စရိုက်ကဟန်ကျွယ်နဲ့ အတူတူပါပဲ။ လီယောင်ဟာ တိတ်ဆိတ်ဂိုဏ်းကို ရောက်ပြီးကတည်းက တစ်ခါမှ အပြင်မထွက်သေးပါဘူး။ ဟန်ကျွယ်နဲ့ မတူတာဆိုလို့ လီယောင်ဆီမှာ စနစ်ပဲ မရှိတာပါ။
ကောင်းကင်ဘဝဂ်အဆင့်က သက်ရှိတွေရဲ့ အကန့်အသတ်ပါ။ အခွင့်အရေး မရှိဘူးဆိုရင် ရှေ့ဆက်တိုးတက်ဖို့က မိုးပေါ် လှေကားထောင်တက်ရသလိုပါပဲ။ တာအိုပညာရှိအတုတိုင်းက သူတို့ခေတ်မှာ ပြိုင်ဘက်ကင်းခဲ့တဲ့ ကျင့်ကြံသူတွေချည်းပါပဲ။
လီယောင်ဟာ မျက်မှောင်ကြုတ်သွားပါတယ် “ကျွန်မ အပြင်မထွက်ချင်ဘူး၊ ဒီလောကမှာ ဂိုဏ်းချုပ်နောက် လိုက်ရတာက အကြီးမားဆုံး အခွင့်အရေးပဲ”
“ဒါဆို မင်းလိုနေတာက ဘာလို့ထင်လဲ” ဟန်ကျွယ်က မေးလိုက်ပါတယ်။
လီယောင်ဟာ အသက်တစ်ချက် ရှူသွင်းပြီး ပြောလိုက်ပါတယ် “ကျွန်မ တိတ်ဆိတ်ဂိုဏ်းထဲ မဝင်ခင်တုန်းက တိုက်ခိုက်တာတွေကို ကြုံတွေ့ခဲ့ပြီးပြီ၊ အင်မော်တယ်ကမ္ဘာကို လာတဲ့ လမ်းတစ်လျှောက်မှာ မရေမတွက်နိုင်တဲ့ ရန်သူတွေကို သတ်ခဲ့ရတယ်၊ ဒါကြောင့် ကျွန်မ ဘဝမှာ တကယ်လိုအပ်နေတာက လက်တွဲဖော် ဖြစ်လိမ့်မယ်လို့ ထင်တယ်”
‘လက်တွဲဖော်…’ ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပြီး လီယောင်စကားရဲ့ ဆိုလိုရင်းကို နားလည်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ လီယောင်ကို အကဲခတ်လိုက်ပါတယ်။ ရုပ်ရည်ချင်းယှဉ်ရင် လီယောင်က ဟန်ကျွယ် မြင်ဖူးသမျှ မိန်းမတွေထဲမှာ ထိပ်တန်းအဆင့် ရှိပါတယ်။ လီယောင်ရဲ့ ကိုယ်နေကိုယ်ဟန်ကလည်း လုံးဝကို လေးစားချင်စရာပါ။
လီယောင်ဟာ တိတ်ဆိတ်ဂိုဏ်းထဲမှာ တိကျတဲ့ အဆင့်အတန်း မရှိခဲ့ပါဘူး။ လီယောင်ဟာ ဟန်ကျွယ်ရဲ့ တပည့်မဟုတ်ပေမဲ့ သူမရဲ့ အဆင့်အတန်းက ဒုတိယမျိုးဆက်တပည့်နဲ့ ညီမျှပါတယ်။
ဟန်ကျွယ်ဟာ တိတ်ဆိတ်သွားပါတယ်။
လီယောင်ဟာ ရှိသမျှသတ္တိတွေကို စုစည်းပြီး ဟန်ကျွယ်ကို စိုက်ကြည့်နေပါတယ်။ လီယောင်ဟာ ဒီစကားတွေကို ရင်ထဲမှာ မြိုသိပ်ထားခဲ့ရတာ အတော်ကြာပါပြီ။
ဟန်ကျွယ် သူ့ကိုကယ်ပြီး တိတ်ဆိတ်ဂိုဏ်းဆီ ရောက်လာဖို့ လမ်းညွှန်ကတည်းက ဒီခံစားချက်တွေ ရှိခဲ့တာပါ။
အတန်ကြာတဲ့အခါမှာတော့ လီယောင်ဟာ မတ်တတ်ရပ်ပြီး ဟန်ကျွယ်ဆီ လျှောက်သွားပါတယ်။
ဖူစန်းသစ်ပင်အောက်က ငရဲကြက်နက်ဟာ ဟန်ကျွယ်ရဲ့ တာအိုဘုံကျောင်းကို ကြည့်ပြီး ရေရွတ်လိုက်ပါတယ် “ဒီမိန်းမက ကြက်သား စားချင်နေတယ်လို့ ဘာဖြစ်လို့ ငါ ထင်နေရတာလဲ”
ထူလင်းအာဟာ ဒေါသတကြီး မျက်လုံးဖွင့်လိုက်ပါတယ် ‘သေစမ်း… ငါ နောက်ကျသွားပြီ’
တကယ်တော့ ထူလင်းအာဟာ လီယောင်လိုမျိုး သတ္တိမရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူက ဟန်ကျွယ်ရဲ့ တပည့်ဖြစ်နေလို့ပါ။ ဆရာတပည့် ဆက်ဆံရေးက ထူလင်းအာ ဘယ်တော့မှ မဖြတ်ရဲတဲ့ အသူရာချောက်နက်ကြီးလိုပါပဲ။
ဝူတောက်ကျန်ဟာ စပ်စုလိုက်ပါတယ် “ကြက်သား… လီယောင်က နင့်ကို စားချင်လို့လား”
ငရဲကြက်နက်ဟာ မျက်လုံးပင့်တက်သွားပါတယ် “မင်းလို ငတုံးမြက်က ဘာနားလည်မှာလဲ၊ မင်းသိတာက ကျင့်ကြံဖို့ပဲ၊ မင်းက အနီးဆုံးဖြစ်ခဲ့တာ၊ ဒါပေမဲ့ မင်းက တုံးအလွန်းခဲ့တယ်”
ငရဲကြက်နက်ရဲ့ အထင်အမြင်သေး စကားကြောင့် ဝူတောက်ကျန့်ဟာ ချက်ချင်း ကောက်ထပြီး ဓားဆွဲထုတ်လိုက်ပါတယ်။ ပဋိပက္ခ ကောင်းကင်ခွေးဟာ မနေနိုင်တော့ဘဲ ကြားကနေ ဝင်ဖြန်ဖြေပါတယ်။ ဒါပေမဲ့ တကယ်တော့ အဆင်းမှာ ဘီးတပ်ပေးလိုက်တာပါ။
ဒါကြောင့် အချိန်တစ်ခုအတွင်း ဖူစန်းသစ်ပင်မှာ ဆူဆူညံညံတွေ ဖြစ်ကုန်ပါတယ်။
၇ နှစ်ကြာတဲ့အခါမှာတော့…
တာအိုဘုံကျောင်းထဲမှာ လီယောင်ဟာ ဟန်ကျွယ်ဘေးနားမှာ ထိုင်နေပါတယ်။ သူမရဲ့ အဝတ်အစားတွေက သန့်ရှင်းပေမဲ့ သူမရဲ့မျက်နှာကတော့ နီရဲနေပါတယ်။
ဟန်ကျွယ်က ညင်သာစွာ ပြောလိုက်ပါတယ် “မဆိုးဘူး၊ မင်းရဲ့ ဓမ္မစွမ်းအားသာ ပေါင်းစပ်သွားရင် မင်း အဆင့်တက်နိုင်လိမ့်မယ်”
လီယောင်ဟာ ခေါင်းညိတ်လိုက်ပါတယ် “ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်၊ ဂိုဏ်းချုပ်ရဲ့ ဓမ္မစွမ်းအားက ကျွန်မကို တော်တော်လေး လမ်းညွှန်ပေးလိုက်တယ်၊ ဒီလမ်းညွှန်မှုက နှစ်တစ်သောင်း ဂူအောင်းကျင့်ကြံတာထက် ပိုထိရောက်တယ်”
ဟန်ကျွယ်ဟာ ခေါင်းခါလိုက်ပါတယ် “အဲဒီလောက်ကြီးတော့ မကောင်းပါဘူး”
“ဟုတ်ကဲ့”
အဲဒီနောက် နှစ်ယောက်လုံး တိတ်ဆိတ်သွားပါတယ်။
လီယောင်ဟာ မတ်တတ်ရပ်လိုက်ပြီး ဟန်ကျွယ်ကို ဦးညွှတ်ကာ တာအိုဘုံကျောင်းထဲကနေ ထွက်ခွာဖို့ ပြင်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ လီယောင်ကို ရုတ်တရက် တားပြီး ပြောလိုက်ပါတယ် “အခုအချိန်ကစပြီး မင်းက ငါရဲ့ တာအိုလက်တွဲဖော်ပဲ၊ မင်းက ရှင်းဟုန်ရွှမ်နဲ့ ရွှမ်ချင်းကျွင်းတိုနဲ့ အတူတူပဲ၊ ဒါပေမဲ့ ရှင်းဟုန်ရွှမ်က ပထမပဲ၊ အချင်းချင်း ပြဿနာရှာတာကို ငါ မလိုချင်ဘူး”
လီယောင်ဟာ မျက်ခုံးပင့်တက်သွားပြီး ချက်ချင်းပဲ ပျော်ရွှင်စွာ သဘောတူလိုက်ပါတယ်။
လေးငါးဆယ်ရက် အကြာမှာတော့ ရှင်းဟုန်ရွှမ်ဟာ ဟန်ကျွယ်ဆီ လာလည်ပါတယ်။ ရှင်းဟုန်ရွှမ်ဟာ လီယောင်နဲ့ ပတ်သက်လို့ ဘာမှမပြောပါဘူး။ ဟန်ကျွယ်နဲ့ တစ်နှစ်အတူနေပြီး ပြန်ထွက်သွားပါတယ်။
ဟန်ကျွယ်ဟာ တခြားအမျိုးသမီးတွေကို ကြည့်လိုက်ပါတယ်။ ရွှမ်ချင်းကျွင်း၊ နတ်မိမယ်ရှီရွှမ်နဲ့ ချန်ယွီအာတို့ဟာ ကျင့်ကြံအားထုတ်နေတုန်းပါ။
ဒီအမျိုးသမီးသုံးဦးက ကုပ်ကုပ်လေးပဲ နေကြပါတယ်။ အဓိက အကြောင်းရင်းကတော့ သူတို့ရဲ့ အရည်အချင်းက နိမ့်ပါးလွန်းတဲ့အတွက် ကျင့်ကြံမှုနဲ့ပဲ အချိန်ကုန်ဆုံးကြပါတယ်။
ကျင့်ကြံမှုခြင်း ကွာခြားလွန်းတာကြောင့် သူတို့ဟာ ဟန်ကျွယ်နဲ့ တွေ့တဲ့အခါ အရင်လိုမျိုး စိတ်လွတ်ကိုယ်လွတ် မတွေ့ဆုံနိုင်တော့ပါဘူး။ ဟန်ကျွယ်ဟာ သူတို့ကို တစ်ခုခုလုပ်ဖို့ တွန်းအားမပေးပါဘူး။
ဟန်ကျွယ်ဟာ အမျိုးသမီးတွေကို သိပ်ပြီးတော့ လိုချင်တဲ့စိတ် မရှိပါဘူး။ ဒါကလည်း တာအိုပညာရှိ ဖြစ်နေပြီဖြစ်တဲ့အတွက် သူ့ကိုယ်သူ မနှိမ့်ချချင်တာလည်း ပါပါတယ်။
ဒါပေမဲ့ တခြားတပည့်တွေ အကုန်လုံးက ထက်မြက်ကြပါတယ်။ ရွှမ်ချင်းကျွင်းတို့ သုံးယောက်ကို နောက်နောက်ပြောင်ပြောင် မလုပ်ရဲကြပါဘူး။
‘တကယ်တော့ ယင်ယန်ကို မကြာခဏ ပေါင်းစပ်တာက မကောင်းတာတော့ မဟုတ်ဘူး’ ဟန်ကျွယ်ဟာ စိတ်ထဲမှာ တွေးလိုက်ပြီး ကျင့်ကြံမှုကို ပြန်အာရုံစိုက်ပါတယ်။
နောက်နှစ် ၁၀၀ အတွင်းမှာပဲ လီယောင်ဟာ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ် အလယ်အဆင့်ကို ထိုးဖောက် ရောက်ရှိသွားပြီး နှစ်တစ်ရာပြိုင်ပွဲမှာ ထိပ်ဆုံးသုံးနေရာကို ပြန်ဝင်သွားပါတယ်။ ဒီစွမ်းဆောင်ချက်က တခြားတပည့်တွေကို လန့်သွားစေပါတယ်။ သူတို့ဟာ ဟန်ကျွယ်က လီယောင်ကို ဘာသင်ပေးလိုက်မှန်း မသိပါဘူး။ တာအိုလက်တွဲဖော် ဖြစ်သွားမှန်းတော့ ရိပ်မိကြပါတယ်။
ဒါပေမဲ့ ဟန်ကျွယ်ရဲ့ တာအိုလက်တွဲဖော် ဖြစ်ဖို့ အခြေခံလိုအပ်ချက်က အရမ်းမြင့်လွန်းပါတယ်။ လိင်မတူတာနဲ့တင် တခြားတပည့်တွေ လက်လျှော့ဖို့ လုံလောက်ပါတယ်။
မျက်တောင်တစ်ခတ် အတွင်းမှာပဲ နှစ် ၆၀၀ ကုန်ဆုံးသွားပါတယ်။
တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်မှာ အင်မော်တယ်ဧကရာဇ်တွေ ပိုပိုပြီးတော့ ထွက်ပေါ်လာပါတယ်။ ရှကျဲ့မျိုးနွယ်စုဝင် အားလုံးဟာလည်း နတ်မင်းအဆင့်ကို ရောက်ရှိသွားကြပါပြီ။ ဒါပေမဲ့ ကောင်းကင်ဘဝဂ်အဆင့်နဲ့တော့ အလှမ်းဝေးနေပါသေးတယ်။ ဒါပေမဲ့ နတ်မင်းအဆင့် တစ်သောင်းနဲ့ အင်မော်တယ်ကမ္ဘာကို သိမ်းပိုက်လွှမ်းမိုးဖို့ လုံလောက်ပါတယ်။
ဒီနေ့မှာတော့ လီတောက်ခုံး ပြန်ရောက်လာပါတယ်။ ဟန်ကျွယ်ဟာ လီတောက်ခုံးကို တာအိုဘုံကျောင်းထဲ ရွှေ့လိုက်ပါတယ်။
ဒီနှစ်တွေမှာ လီတောက်ခုံးဟာ ရှီတုတောက်နဲ့ တစ်ကြိမ်ပြီး တစ်ကြိမ် တိုက်ခိုက်နေခဲ့ပါတယ်။ အရင်လိုမျိုး ပြင်းပြင်းထန်ထန် ဒဏ်ရာရတဲ့ စာစောင်တွေတော့ လုံးဝ မရှိတော့ပါဘူး။
“ဂိုဏ်းချုပ်… ကျွန်တော် မိုးကောင်းကင်မျိုးနွယ်စု ဦးစီး ဂျိရှင်းရှန်နဲ့ တွေ့ခဲ့တယ်၊ သူက ဒုက္ခရောက်နေလို့ တိတ်ဆိတ်ဂိုဏ်း ကူညီပေးဖို့ မျှော်လင့်နေတယ်၊ တကယ်တော့ သူတစ်ယောက်တည်း မဟုတ်ဘူး၊ ဖန်းလျန်လည်း ထောင်ချောက်မိနေတယ်”
“ဘယ်သူက ပိတ်ထားတာလဲ” ဟန်ကျွယ်က မေးလိုက်ပါတယ်။
“တစုန်ကောင်းကင်… ဒီလူက ပထမဆုံး သေမျိုးကမ္ဘာကို ဖန်တီးတဲ့လူပဲ၊ သူ့လက်အောက်မှာ မဟာညီညွတ်မှု ရွှေအင်မော်တယ် တစ်ထောင်ကျော် ရှိတယ်၊ သူကိုယ်တိုင်ကလည်း တာအိုပညာရှိအတု နောက်ဆုံးအဆင့်မှာ… နောက်ပြီး ဒီလူက အစွမ်းထက်တဲ့ ဆန်းကြယ်စွမ်းအားတွေကိုလည်း တတ်မြောက်ထားတယ်” လီတောက်ခုံးက ပြန်ဖြေလိုက်ပါတယ်။
အဲဒီနောက် လီတောက်ခုံးဟာ ခဏရပ်ပြီး ဆက်ပြောပါတယ် “ဒီကိစ္စ နောက်ကွယ်မှာ ချန်ကျောင်းတော် ရှိနေတယ်၊ တာအိုပညာရှိတွေက ဂိုဏ်းချုပ်ကို မျက်နှာသာပေးပေမဲ့ အခုအချိန်မှာ ဖန်းလျန်နဲ့ ဂျိရှင်းရှန်က တိတ်ဆိတ်ဂိုဏ်းသား ဖြစ်နေသေးလား မဖြစ်တော့ဘူးလားဆိုတာကို ကျွန်တော် မသိတဲ့အတွက် ကျွန်တော် ဘာမှမလှုပ်ရှားဘဲ ဂိုဏ်းချုပ်ကို ပြန်လာမေးတာပါ”
ဟန်ကျွယ်ဟာ လီတောက်ခုံးရဲ့ အပြုအမူကို အတော်လေး နှစ်သက်သွားပါတယ်။
ဟန်ကျွယ်က ပြောလိုက်ပါတယ် “ဟန်ယိုကိုသွားရှာပြီး သူ့ဆီကနေ ရှကျဲ့ဘဝဂ် ကျင့်ကြံသူတစ်ထောင် သွားတောင်း… ပြီးရင် ဂျိရှင်းရှန်နဲ့ ဖန်းလျန်ကို သွားကယ်ပြီး ကောင်းကင်ဘုံကို ဘေးမသီရန်မခ ပြန်ပို့ပေးလိုက်”
ကောင်းကင်တာအို ကံတရား အထောက်အပံ့အတွက် တိုက်ခိုက်ဖို့ အချိန်ရောက်ပါပြီ။ ဒါပေမဲ့ အင်မော်တယ်ကမ္ဘာမှာ ဟန်ကျွယ်ကိုယ်တိုင် တိုက်ခိုက်စရာ မလိုပါဘူး။
လီတောက်ခုံးဟာ ဟန်ကျွယ်ရဲ့ စကားကြောင့် စိတ်ထဲမှာ လန့်သွားပါတယ် ‘ဒီလောက် ကြီးကြီးမားမား လှုပ်ရှားမှာလား…’
“ချန်ကျောင်းတော်နောက်က တာအိုပညာရှိကရော…”
“ဂရုစိုက်စရာ မလိုဘူး”
“ကျွန်တော် နားလည်ပါပြီ”
လီတောက်ခုံးဟာ ချက်ချင်းပဲ စီစဉ်စရာရှိတာ စီစဉ်ပါတယ်။
တစ်နာရီကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ လီတောက်ခုံးနဲ့ ရှကျဲ့ဘဝဂ် ကျင့်ကြံသူတစ်ထောင်ကို တာအိုစက်ကွင်းအပြင်ဘက် ရွှေ့လိုက်ပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ မျက်လုံးမှိတ်ပြီး ဆက်လက် ကျင့်ကြံပါတယ်။ ဟန်ကျွယ်ဟာ ချန်ကျောင်းတော် တာအိုပညာရှိက ဝင်နှောင့်ယှက်မှာကို မစိုးရိမ်ပါဘူး။ ဒီလောကမှာ အရေးအကြီးဆုံးက အင်အားပဲ မဟုတ်ပါလား။
မြန်မာပြည် ငြိမ်းချမ်းပါစေ။
Chapter – 550
? Views, Released on December 10, 2024