Switch Mode

Chapter – 83

မဖော်ပြနိုင်လောက်အောင် အရှက်မဲ့ခြင်း

Chapter – 83
“ဖော်မပြနိုင်လောက်အောင်အရှက်မဲ့ခြင်း”

အိမ်ရှေ့မင်းသား နန်းတော်မှ လူများသည် ရဲရှောင်၏ လက်ထဲရှိ သခွားသီးများ၊ စပျစ်သီးများ၊ ပန်းသီးများကို မြင်သောအခါ ကြောင်ငေးသွားကြသည်။
(ဒါ . . . ဒီကောင်က သာမန် ပြည်သူတစ်ယောက်အိမ် လာလည်တယ်များ မှတ်နေတာလား။ ငွေစ ၃ စလောက်ပဲ တန်ကြေးရှိတဲ့ အသီးတွေကိုများ မင်းသားနန်းတော်ကို လက်ဆောင်လာပေးရတယ်လို့၊ ပြီးတော့လည်း မင်းသားကိုတောင် လက်ခံဖို့ ပြောနေသေးတယ် . . .)
အိမ်ရှေ့မင်းသား၏ မျက်နှာသည် အေးစက်တောင့်တင်း သွားပြီး သူ့အနေဖြင့် ပြုံးချင်သော်လည်း မပြုံးနိုင် ဖြစ်နေရသည်။ နောက်ဆုံး နှုတ်ခမ်းကို အားထည့်၍ နာနာကျင်ကျင်ဟန်ဖြင့် ပြုံးလိုက်ပြီး –
“ကြွပါ သခင်လေးရဲ . . .”
“မင်းသား . . . ခင်ဗျားကတော့ တကယ်တော်တဲ့ လူပါပဲ . . .”
ရဲရှောင် ရယ်မောလျက် ပြောဆိုလိုက်သည်။ အသီးအိတ်အား အစောင့်တစ်ယောက်၏ လက်ထဲသို့ ထည့်ပေးလိုက်ရင်း –
“မင်းသွားပြီး ဒီပစ္စည်းတွေ သိမ်းထားလိုက်။ အိမ်ရှေ့မင်းသားအတွက် တကယ်ကို ကောင်းတဲ့ အသီးတွေနော် . . .”
အစောင့်ဖြစ်သူမှာ ကြောင်ငေးလျက် ရှိနေပြီး မလှုပ်မယှက် ရှိနေသည်။ သူ့လက်ထဲမှ အသီးများကို ကြည့်ရင်း သိမ်းထားရမလား ပြန်ပေးရမလား ဆိုတာကို ဝေခွဲမရ ဖြစ်နေပါတော့သည်။
ရဲရှောင်မှာတော့ အိမ်ရှေ့မင်းသား အနောက်သို့ လိုက်သွားပြီး ဖြစ်၏။ ရဲရှောင်မှ ရယ်မောရင်း –
“ကဲကျုပ်လည်း ရောက်ပြီ . . . ကျုပ်အတွက် ဘယ်လိုမျိုး ယမကာများ ပြင်ဆင်ထားလဲ မင်းသားရေ . . .”
ထိုသို့ဖြင့် ခပ်သုတ်သုတ် လျှောက်လာရင်း တံခါးမှတဆင့် ၀င်လိုက်ကာ –
“လမ်းတွေ အားလုံးကို ဘုရင်မင်းမြတ်က ပိုင်ဆိုင်ပြီး လူတွေ အားလုံးကလည်း ဘုရင်မင်းမြတ်ကို ဦးညွှတ်ကြရတယ်။ ကမ္ဘာပေါ်မှာ တော်ဝင်မိသားစုဟာ အချမ်းသာဆုံးပဲ . . . ယမကာကောင်းတွေ၊ အစားအသောက်ကောင်းတွေနဲ့ တန်ဖိုးရှိတဲ့ တိရစ္ဆာန်တွေလည်း ရှိကြတယ်။ ကျုပ်ဆိုရင် မင်းသားက ကျုပ်ကို ညစာ ဖိတ်ကျွေးတယ်လို့ ကြားတဲ့ မနေ့ကတည်းက ဘာမှကို မစားထားတော့ဘူး။ ဒီနေ့အတွက် ကျုပ်ရဲ့ စားသောက်စရိတ် သက်သာသွားတာပေါ့ဗျာ။ နတ်ဘုရားတွေက ကျုပ်ရဲ့ အလိုဆန္ဒကို ဖြည့်ဆည်း ပေးလိုက်တာပဲ။ ဟားဟားဟား . . . အခုတော့ အူစိုရတော့မယ်လေ . . .”
လျှောက်လာရင်းဖြင့် အိမ်ရှေ့မင်းသမီးအား သူသတိပြုမိလိုက်သည်။ သူမ၏ လှပသည့် မျက်နှာအား ကြည့်လိုက်ရင်း ရဲရှောင်မှ –
“ဒါက ကျုပ်တို့ရဲ့ အိမ်ရှေ့မင်းသမီးပဲ ဖြစ်ရမယ်။ ဟဲဟဲ . . . နှုတ်ဆက်ပါတယ်ဗျာ။ ကျုပ်တို့ရဲ့ မင်းသားကတော့ တကယ့်ကို ကံကောင်းတဲ့ လူပဲ။ ကျုပ်ကြားသလောက်တော့ အိမ်ရှေ့မင်းသမီးက မြို့တော်မှာ ဟိုးကတည်းက နံပါတ် ၁ အလှဘုရင်မဆို . . . အခု ကျုပ်မျက်လုံးနဲ့ တပ်အပ် မြင်မိတော့မှပဲ တကယ်အမှန်ပဲ ဆိုတာ ၀န်ခံရတော့မယ်။ သူများတွေ ပြောတာထက်တောင် လှနေသေးတယ်။ တော်တော်ကို လှတာဗျို့ . . . ဟဲဟဲ မင်းသားကတော့ ဒီလို လှပတဲ့ မိန်းမမျိုး ရထားတဲ့ ဘ၀ကို ကျေနပ် နေမယ်နဲ့ တူတယ် . . .”
ပြောနေရင်းဖြင့် ရဲရှောင်သည် အိမ်ရှေ့မင်းသမီး၏ မျက်နှာအား အထက်အောက် အကြည့်ရိုင်း မျိုးဖြင့် ကြည့်လိုက်သည်။
မျက်နှာအား ကြည့်ပြီးနောက် ရင်သားများ နေရာကို ကြည့်လိုက်ပြန်သည်။ ထို့မှတဆင့် ခြေဖဝါး များထိ ကြည့်လိုက်ပြီး တစ်ကိုယ်လုံးကို စေ့စေ့စပ်စပ် ကြည့်နေခြင်း ဖြစ်၏။
သူ့အနေဖြင့် ပါးစပ်မှ အ၀တ်အစားတွေ အကုန်ချွတ်ပြီး ကြည့်ပါရစေ ဟု မပြောရုံတမယ် ကြည့်နေခြင်းပင် ဖြစ်သည်။
သူဟာ ၂ ဘ၀လုံး လူပျိုဘဝဖြင့် နေထိုင်ခဲ့တာဖြစ်ပြီး တမင်တကာ ဟန်ဆောင်၍ ကြည့်နေရခြင်း ဖြစ်သည့်အတွက် ပင်ပန်းသလို ခံစားလိုက်ရသည်။
အိမ်ရှေ့မင်းသမီးမှာ မျက်မှောင်ကြုတ်လိုက်ရင်း မခံစားနိုင်တော့ဟန်ဖြင့် –
“သခင်လေးရဲ . . . အိနြေ္ဒလေးဘာလေး ရပါဦး . . .”
မင်းသားဖြစ်သူမှာလည်း စိတ်ထဲ မကျေမနပ် ဖြစ်နေမိလေ၏။
(ဒီကောင် ရူးများ နေတာလား . . . အိမ်ရှေ့မင်းသမီးဆိုတာ ဘယ်သူလဲ မင်းတကယ်ပဲ မသိတာလား၊ ဒီလိုတောင် ဆက်ဆံရဲနေတယ်ပေါ့ . . .)
ရဲရှောင်သည် မထူးခြားသလို ဟန်ပန်ဖြင့် ရယ်မောလိုက်ပြီးနောက် မင်းသမီးအား –
“ခင်ဗျားတို့က ကျုပ်ကို ဒီကို ဖိတ်တယ်ဆိုတော့ မိသားစုဝင် တစ်ယောက်လို ဆက်ဆံသင့်တာပေါ့။ မင်းသမီး . . . ခင်ဗျားက တော်တော်လှတာကိုးဗျ ဟဲဟဲ . . .”
ထို့နောက် မင်းသမီး၏ လည်ပင်းနေရာအား ကြည့်ရင်း စဉ်းစားနေမိသည်မှာ –
(သူ့လည်ပင်းက တော်တော် ပိန်ပါးတယ်။ လက်နှစ်ချောင်းတည်းနဲ့တောင် ချိုးပစ်နိုင်လောက်တယ် ထင်တယ် . . .)
ရဲရှောင်၏ စကားသံကို အစောင့်များပင် ကြားသွားကြပြီး အားလုံးသည် ရဲရှောင်အား မကျေမနပ် ဖြစ်နေကြလေသည်။
(ခွေးကောင် . . . ငါတို့လူ ၃ ယောက် ဒင်းကြောင့် သေခဲ့ကြရတယ်။ တစ်ယောက်ကလည်း ပျောက်နေတယ်။ အခုသူက ဒီနန်းတော်ထိ လာပြီး ယုတ်မာတဲ့ စကားလုံးမျိုးတွေကို မင်းသမီးကို လာပြောနေသေးတယ်။ တော်တော်ကို ကျက်သရေ မရှိတဲ့ ကောင်ပဲ . . .)
“သခင်လေးရဲ . . .”
သက်လတ်ပိုင်းအရွယ် နားသယ်မွှေးအရှည် ၃ ချောင်း ချထားသည့် လူမှ ရဲရှောင်အား ခေါ်လိုက်သည်။
“ဒါက အိမ်ရှေ့မင်းသားရဲ့ နန်းတော်ပါ။ ကျေးဇူးပြုပြီးတော့ လေးစားမှုလေး ရှိပါဦး . . .”
ရဲရှောင်မှာ မထူးခြားသလို ဟန်ပန်ဖြင့်ပင် လှည့်ကြည့်လိုက်ပြီး ရယ်မော၍ –
“ကောင်းတယ် . . . ဟုတ်ပါပြီ။ သွားကြမယ်လေ . . .”
အိမ်ရှင်ဖြစ်သူများအား သွားကြမည်ဟု ပြောနေသော်လည်း သူကတော့ အိမ်အလယ်သို့ပင် ရောက်ရှိနေပြီ ဖြစ်ပါတယ်။
ကျန်ရှိနေကြသည့် မင်းသား၊ မင်းသမီး၊ အစောင့်များနှင့် အပေါင်းအပါများ အားလုံးသည် ဆွံ့အစွာ ဖြင့် ကြောင်ငေးလျက် ရှိနေကြလေ၏။
သူတို့အားလုံးသည် အတွေ့အကြုံများပြီး လူရည်လည်သော သူများ ဖြစ်ကြပါသည်။ အရှက်မရှိပါ ဘူးဆိုသည့် လူအများအပြားကိုလည်း မြင်တွေ့ခဲ့ဖူးကြပြီး သို့သော်လည်း ယခုကဲ့သို့ ဗြောင်ကို အရှက် ကင်းမဲ့သည့် လူတစ်ဦးကိုတော့ တစ်ခါမျှ မမြင်ဖူးခဲ့ဖူးကြချေ။
ဖော်ပြ၍ မရနိုင်လောက်အောင်ကို အရှက်မဲ့သော လူတစ်ဦးအား မြင်တွေ့နေကြရခြင်း ဖြစ်၏။
အလွန်တော်သော လူတစ်ဦးထက် သာလွန်သော လူဆိုတာ ရှိစမြဲကဲ့သို့ပင် အရှက်ကင်းမဲ့လွန်း သည့် လူထက် သာလွန်သော လူဆိုတာလည်း အမှန်တကယ်ပင် ရှိနေသေးကြောင်း မြင်တွေ့လိုက်ကြရ ခြင်း ဖြစ်လေ၏။
“ကောင်းကင်ကြီးရဲ့ မြင့်မားပုံနဲ့ ကမ္ဘာမြေကြီးရဲ့ ကျယ်ဝန်းပုံကို မသိတဲ့ လူတစ်ယောက်ပဲ။ အရှက်ကင်းမဲ့ပြီး စိတ်ကြီးဝင်ချက်ကလည်း ဖော်ပြစရာ စကားလုံးတောင် မရှိဘူး . . .”
သက်လတ်ပိုင်း အရွယ်လူ ခေါင်းခါယမ်းရင်း ပြောလိုက်သည်။ ရဲရှောင်ကို ကြည့်နေရရုံဖြင့်ပင် စိတ်ရှုပ်ထွေးသလို ခံစားနေရလေ၏။
ကျန်လူများသည်လည်း သက်ပြင်းချရင်း ခေါင်းညိတ်လိုက်မိကြသည်။ သိက္ခာတရား ဆိုတာကို မသိသည့် လူတစ်ယောက်နှင့် ဆုံတွေ့နေရသည်ဟုလည်း တွေးနေမိကြပါတော့သည်။
အသက်အကြီးဆုံး ဖြစ်သည့် အဖိုးကြီးတစ်ဦးသာ သူများနှင့် မတူသည့် အတွေး တွေးနေမိလေ၏။ ညင်သာစွာ သက်ပြင်းချလိုက်ရင်း –
(ငါကတော့ ဒီကောင်လေး ဒီလို မဟုတ်မှာကိုတောင် ကြောက်နေမိတာ။ အခုဒီလို ပုံစံဆိုတော့ ငါတို့တွေ ဘယ်လိုမျိုးလဲ ဆိုတာကို သူသေချာ မသိနိုင်တော့ဘူးပေါ့ . . .)
သူသာလျှင် ထိုကဲ့သို့ အတွေးရှိသူ ဖြစ်ပါသည်။ ဆက်လက်၍ တွေးနေမိသည်မှာ –
(ဘာပဲဖြစ်ဖြစ် ငါလည်း သေချာ ဂရုစိုက်မှ ရမယ်။ ပိုပြီးလေ့လာဖို့လည်း လိုအပ်တယ် . . .)
ထို့နောက်တွင်တော့ သူလည်း အခန်းထဲသို့ လိုက်ဝင်လာခဲ့လေ၏။
လူတိုင်း နေရာယူလိုက်ကြပြီးသည့် အချိန်တွင် ရဲရှောင်လည်း ပြဿနာ ရှာလိုက်ဦးမည်ဟု တွေးလိုက်မိ၏။
ရဲရှောင်လည်း သူ့အတွက် စီစဉ်ပေးထားသည့် ထိုင်ခုံအား ကြည့်လိုက်ရင်း မတ်တတ်ရပ်လိုက်သည်။ ထို့နောက် ထိပ်ဆုံးနေရာတွင် ရှိနေသည့် လူအား ကြည့်လိုက်ရင်း –
“ခင်ဗျားကိုယ် ခင်ဗျား ကျေးဇူးပြုပြီးတော့ မိတ်ဆက်ပေးနိုင်မလား . . .”
“ဒါကတော့ မင်းသားရဲ့ အုပ်ထိန်းသူ လူကြီးတစ်ယောက်လို့လည်း ပြောလို့ရတဲ့ သခင်ကြီး ကွမ်ဇန်ဝမ်ပါ . . .”
သက်လတ်ပိုင်းအရွယ် လူတစ်ယောက်မှ မတ်တတ်ထရပ် ပြောလိုက်သည်။
“အာ . . . တွေ့ရတာ ၀မ်းသာပါတယ်ဗျာ . . . ခင်ဗျားစိတ်မရှိဘူးဆိုရင် တစ်ခုလောက် မေးချင်ပါ တယ်။ ခင်ဗျားကရော ဘယ်သူလဲ . . .”
ရဲရှောင် တစ်မျိုး ပြောင်း၍ မေးလိုက်ပြန်သည်။
“ငါကတော့ မန်ဇိရှောင်ပါ။ စစ်သည်တစ်ယောက်ပဲ ဆိုပါတော့။ မင်းငါ့ကို မကြားဖူးဘူးလို့တော့ ထင်တာပဲ . . .”
မန်ဇိရှောင် ပြောလိုက်သည်။
မန်ဇိရှောင်သည် ချန်နိုင်ငံတော်တွင် ထူးချွန်သည့် လူငယ်ခေါင်းဆောင် တစ်ဦးပင် ဖြစ်သည်။ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ စစ်ဆေးမှုများတွင် ရလဒ်ကောင်း ရရှိထားသူ တစ်ဦးလည်း ဖြစ်လေ၏။ စစ်ဆေးမှု ပေါင်း ၆ ခုတွင် ၅ ခု အောင်မြင်ခဲ့ပြီး နောက်ဆုံးတစ်ခုတွင်မူ ဘုရင်ကို ကျေနပ်အောင် မဖြေနိုင်ခဲ့သဖြင့် ပထမနေရာနှင့် လွဲချော်ကာ ဒုတိယ နေရာဖြင့်သာ ကျေနပ်ခဲ့ရလေ၏။ ထိုကဲ့သို့ ဖြစ်ခဲ့ရသဖြင့် သူသည် ဘုရင်ကို မကျေမနပ် ဖြစ်နေသူလည်း ဖြစ်သည်။ ဘုရင်ကလည်း သူ့ကို မကြိုက်သဖြင့် အုပ်ချုပ်ရေးပိုင်း တွင် ရာထူးပေးအပ်ခြင်း မပြုခဲ့ပေ။ သို့သော်လည်း အိမ်ရှေ့မင်းသားမှ သူ၏ အရည်အချင်းကို သိမြင်သဖြင့် ခေါ်ယူထားခြင်း ဖြစ်လေ၏။
သူပြောလိုက်သည့် “မင်းငါ့ကို မကြားဖူးဘူးလို့တော့ ထင်တာပဲ” ဟူသည့် စကားသည် သူ့ကိုယ်သူ ချီးကျူးလိုက်ခြင်း ဖြစ်သလို ကြော်ညာ လိုက်ခြင်းလည်း ဖြစ်လေ၏။ သူ၏ စိတ်ထဲမှာတော့ –
(မင်းငါ့ကို သေချာပေါက် ကြားဖူးမှာ ငါသိပါတယ် . . .)
သို့သော်လည်း သူထင်မှတ်ထားခဲ့သလို မဟုတ်ဘဲ ရဲရှောင်မှ –
“မကြားဖူးဘူး။ ခင်ဗျားကိုယ်ခင်ဗျား စစ်သည်တစ်ယောက်လို့ သုံးနှုန်းလိုက်တာ ကိုယ့်ဂုဏ်ပုဒ် ကိုယ်ဖော်သလို ဖြစ်သွားတာတော့ သဘောကျမိတယ်ဗျာ . . .”
“မင်း . . .”
မန်ဇိရှောင်မှာ ရုတ်တရက် သွေးအန်ချင်သလိုပင် ဖြစ်သွားခဲ့သည်။ မျက်လုံးများ ပြူးလျက် ဒေါသလည်း အလွန် ထွက်နေမိလေ၏။
(ငါက ဒီတိုင်းလေး ပြောလိုက်တာ အခုလို ရိုင်းရိုင်းစိုင်းစိုင်း ပြန်ဖြေမယ်လို့ မထင်ထားဘူး . . .)
“စိတ်မရှိဘူးဆိုရင် တစ်ခုလောက် မေးချင်လို့ . . .”
ရဲရှောင်သည် စိတ်တိုနေသည့် မန်ဇိရှောင်အား လျစ်လျူရှုလိုက်ပြီးနောက် ခရမ်းရောင်ဝတ်ရုံ ၀တ်ဆင်ထားသည့် လူဘက်သို့လှည့်ကာ မေးလိုက်ပြန်သည်။
ထိုကဲ့သို့ဖြင့် သူသည် စားပွဲခုံများတွင် ထိုင်နေကြသည့် လူများအားလုံးအား တစ်ယောက်ပြီး တစ်ယောက် မေးမြန်းလိုက်၏။ နောက်ဆုံးတွင်တော့ ရဲရှောင်မှ –
“ထူးဆန်းတယ် . . . ဒီနေ့ မင်းသားက ကျုပ်ကို ညစာစားဖို့အတွက် ဖိတ်တယ်။ နောက်ပြီး ပြောရရင် ဒီနေရာမှာ ဧည့်သည်ဆိုလို့ ကျုပ်ပဲရှိတာ။ ခင်ဗျားတို့အားလုံးက အိမ်ရှင်တွေ လိုပါပဲ။ အဲဒါတောင်မှ ဧည့်သည် မထိုင်ရသေးဘဲ ခင်ဗျားတို့ အားလုံးက ထိုင်လိုက်ကြတယ်လား နောက်ပြီး ဧည့်သည်တစ်ယောက်ကို ဒီနေရာမှာ ထိုင်ခိုင်းရလား . . . ဒါက အိမ်ရှေ့မင်းသား နန်းတော်က ဧည့်သည်တစ်ယောက်ကို ဆက်ဆံတဲ့ ပုံစံပဲလား . . . တကယ်ကို မလုပ်သင့်တာပဲ . . .”
ရဲရှောင် အဆက်မပြတ် ပြောဆိုလိုက်ရင်း ခေါင်းကို ခါယမ်းလိုက်သည်။ ထို့နောက် အိမ်ရှေ့မင်းသားအား စိတ်ပျက်ဟန်ဖြင့် ကြည့်နေလေ၏။
ရဲရှောင် ထိုကဲ့သို့ ပြောလိုက်သောအခါ ထိုင်နေကြသည့် လူများအားလုံးသည် ရဲရှောင်အား သေအောင် ဝိုင်း၍ ရိုက်ချင်နေမိကြလေ၏။
(မင်းကို ယဉ်ယဉ်ကျေးကျေး ဆက်ဆံရမယ် ဟုတ်လား . . . လာနောက် နေတာလား . . . မလုပ်သင့်ဘူးတောင် ဖြစ်ရသေး . . .)
တကယ်တော့ ရဲရှောင်၏ စကားတွင် တခြားသော အဓိပ္ပါယ်လည်း ရှိနေပါသေးသည်။ သူတကယ် ပြောချင်သည်မှာ –
(ခင်ဗျားတို့ အားလုံးက တစ်အုပ်စုတည်း . . . ကျုပ်တစ်ယောက်တည်း ဧည့်သည်၊ နောက်ပြီး ကျုပ်က အဖိတ်ခံထားရတဲ့လူ။ ကျုပ်ကို ဒီလိုမျိုး နေရာမှာ ခင်ဗျားတို့ ထိုင်ပြီးမှ ထိုင်ခိုင်းတာ တကယ် မလုပ်သင့်ဘူး)
ရဲရှောင်၏ စကားသည် အားလုံး၏ ဒေါသစိတ်အား မီးရှို့ပေးလိုက်သလို ဖြစ်သွားခြင်း ဖြစ်၏။ မင်းသား၏ လူများအားလုံး ဒေါသထွက်နေကြပြီး မင်းသားကိုယ်တိုင်ပင် စိတ်တိုနေမိပါသည်။
မင်းသားတစ်ယောက် ဖြစ်သည့်အတွက် အရေးပါ အရာရောက်သော ဧည့်သည်များကို ဖိတ်လေ့ ဖိတ်ထ ရှိတာဖြစ်ပြီး မင်းသားအနေဖြင့် လူများစွာ ဖိတ်ကြားခဲ့ဖူးပါသည်။ သို့သော်လည်း မင်းသားသည် ဧည့်သည် အိမ်ရှင် ထိုင်ခုံခွဲခြားမှု မရှိဘဲ ဒီအတိုင်းပင် ထိုင်ခဲ့ဖူးကြတာ ဖြစ်ပါသည်။ ရဲရှောင် ပြောသလိုလည်း နေရာခွဲခြား၍ ထိုင်ခိုင်းခြင်းမျိုး တစ်ခါမျှ မလုပ်ခဲ့ဖူးချေ။
ယခုနေရာရှိ လူများအားလုံးသည် မင်းသား၏ အမှုတော်ကို ထမ်းရွက်နေသူများ ဖြစ်ကြပါသည်။ တကယ်တော့ လူတိုင်းသည် သက်ဆိုင်ရာ နယ်ပယ် အသီးသီးတွင် ထင်ရှား ကျော်ကြားသူများ ဖြစ်ကြပြီး သာမန်လူ တစ်ဦးတစ်ယောက်မျှ မပါဝင်ပါချေ။ တရားရုံးမှ အကြီးဆုံး အမှုထမ်းကြီးပင် ယခုအတိုင်း ထိုင်နေရတာဖြစ်ပြီး ရဲရှောင်ပြောသည့် စည်းကမ်းမျိုးကိုလည်း မည်သည့်နေရာမှာမျှ မတွေ့ဖူးကြပါပေ။
သို့သော်လည်း သူတို့ အားလုံးသည် စိတ်ထဲရှိသည့်အတိုင်း ထုတ်မပြောနိုင်ကြပေ။ ရဲရှောင်၏ အဆိုပြုချက်မှာ လက်ရှိအချိန်တွင် မှန်သလို ဖြစ်နေသည် မဟုတ်ပါလား။ ရဲရှောင်အား ဆန့်ကျင်ဘက် ပြောသည့်သူသည် ဧည့်ဝတ်မကျေပွန်သည့် လူ့ဂွစာ တစ်ဦးဟု အထင်ခံရမည် ဖြစ်လေ၏။
လူတိုင်း ဒေါသထွက်နေကြသော်လည်း အသံမထွက်ရဲကြဘဲ တိတ်ဆိတ်လျက် အခြေအနေကို ဆက်လက် စောင့်ကြည့်နေကြလေ၏။
အားလုံး တိတ်ဆိတ်နေကြသော်လည်း ရဲရှောင်ကတော့ ဆက်လက်၍ အဆက်မပြတ် ပြောဆို နေတုန်းပါပင်။
“တကယ်ကို မလုပ်သင့်ဘူး . . .”
ရဲရှောင် ခေါင်းခါယမ်းရင်း သက်ပြင်းချလျက် ပြောလိုက်သည်။ ဆက်လက်၍လည်း –
“ကျုပ်က အိမ်ရှေ့မင်းသားရဲ ဧည့်သည်တော် တစ်ယောက်။ ကျုပ်မှာ ပါရမီလည်း ရှိတယ်။ တိုက်ပွဲ အနေအထား အားလုံးနဲ့ ဗျူဟာအားလုံးကိုလည်း ကျုပ်က သိတယ်လေ။ နောက်ပြီး ပထဝီဝင်ဆိုင်ရာ မြေပြင် အနေအထား အားလုံးကိုလည်း နှံ့စပ်တဲ့လူ တစ်ယောက် . . . နိုင်ငံတော်ကြီး တစ်ခုလုံးကိုတောင် ငြိမ်းချမ်းရေးရအောင် ယူပေးနိုင်တဲ့ လူတစ်ယောက်နော် . . . အဲဒါတောင်မှ ဒီလို အဆက်ဆံ ခံရတာလား။ ဘယ်လိုများ ဖြစ်ကြတာလဲ . . .”
လူတိုင်းသည် ရဲရှောင်အား အံ့သြဒေါသထွက်သည့် အမူအယာဖြင့် ကြည့်နေကြပါတော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset