Switch Mode

Chapter – 546

အခန်း (၅၄၆) လောကဦးနတ်ဘီလူး ကပ်ဘေး
“သိကျွင်း အိပ်မက်ပေးတာကို လက်ခံလိုက်ရင် ငါ အသက်အန္တရာယ် ရှိနိုင်လား”
[သက်တမ်း ၁၆၀ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
‘တော်တော်များတာပဲ’
အစွမ်းအထက်ဆုံး ကောင်းကင်တာအိုပညာရှိတောင် သက်တမ်း ၄ ဘီလီယံ ကုန်တဲ့အတွက် သိကျွင်းက ဘယ်လောက်ထိ စွမ်းအားကြီးတယ်ဆိုတာ သိသာလှပါတယ်။
ဆက်တွက်မယ်။
[လောလောဆယ် အန္တရာယ်မရှိပါ။]
‘လောလောဆယ် မရှိဘူးဆိုတော့ အိပ်မက်ထဲ ဝင်ပြီးရင် အန္တရာယ်ရှိလာနိုင်တာလား’
ဟန်ကျွယ်ဟာ ဆက်မေးလိုက်ပါတယ်။
[ဤအိပ်မက်သည် လောလောဆယ် အန္တရာယ်မရှိပါ။]
ဟန်ကျွယ်ဟာ ဒီစာကြောင်းကို မြင်တာနဲ့ တွက်ချက်တာ ရပ်လိုက်ပါတယ်။ သိကျွင်းက အခုထိ တရစပ် အိပ်မက်ပေးနေတုန်းပါ။ ဟန်ကျွယ်ဟာ သိကျွင်းအိပ်မက်ပေးတာကို လက်ခံဖို့ ရွေးချယ်လိုက်ပါတယ်။
မျက်စိတစ်မှိတ် အတွင်းမှာပဲ ဟန်ကျွယ်ဟာ မှောင်မိုက်တဲ့ စကြဝဠာတစ်ခုကို ရောက်သွားပါတယ်။ အတိအကျပြောရရင် ဒီနေရာက ခန်းမတစ်ခုပါ။ စကြဝဠာမှာရှိတဲ့ ကြယ်ပေါင်းများစွာရဲ့ ပုံရိပ်တွေ ထင်ဟပ်နေတဲ့အတွက် စကြဝဠာတစ်ခုအလား ထင်မှတ်ရတာပါ။
ဟန်ကျွယ်ဟာ သိကျွင်းက ကျားခုံတစ်ခုရှေ့မှာ ထိုင်နေတာကို တွေ့လိုက်ရပါတယ်။ သိကျွင်းဟာ သူ့နာမည်အတိုင်းပဲ အတော်လေး ချောမောပြီး မျက်နှာမှာ တည်ကြည်တဲ့ အပြုံးတစ်ခု ရှိနေပါတယ်။ သိကျွင်းဟာ ကရုဏတရား ကြီးမားတဲ့ သခင်တစ်ပါးလိုမျိုး ဟန်ပန်ရှိပြီး ဒဏ္ဍာရီထဲက ပုံရိပ်နဲ့ တော်တော်လေး ကွဲပါတယ်။ ဟန်ကျွယ် စနစ်ထဲက ပုံရိပ်ထဲမှာတောင် သိကျွင်းဟာ ဒီလောက်ထိ မညင်သာပါဘူး။
ဟန်ကျွယ်ဟာ သိကျွင်းဆီ လျှောက်သွားပြီး ဦးညွှတ်လိုက်ပါတယ်။ ဘာပဲဖြစ်ဖြစ် တစ်ဖက်လူက သူ့ထက် စွမ်းအားကြီးတယ် မဟုတ်ပါလား။
သိကျွင်းဟာ ဟန်ကျွယ်ကို ခေါင်းအစ ခြေအဆုံးကြည့်ပြီး ချီးကျူးလိုက်ပါတယ် “ကောင်းကင်တာအိုမှာ မင်းလိုမျိုး ကိုယ့်အင်အားနဲ့ကိုယ် တာအိုကို ရယူနိုင်မဲ့လူ ရှိလိမ့်မယ်လို့ ထင်မထားဘူး၊ မင်းက တကယ်ကို အထင်ကြီးဖို့ကောင်းတယ်”
ဟန်ကျွယ်ဟာ ကိုယ့်ကိုကိုယ် နှိမ့်ချလိုက်ပါတယ် “စီနီယာလိုမျိုး စွမ်းအားကြီးပုဂ္ဂိုလ်နဲ့ နှိုင်းယှဉ်ရင် ကျွန်တော်က ဘာမှမဟုတ်ပါဘူး၊ စီနီယာ ဘယ်သူမှန်း မသိပေမဲ့ ဒီအိပ်မက်ထဲမှာတောင် စီနီယာက သမုဒ္ဒရာလို နက်ရှိုင်းတယ်ဆိုတာ ကျွန်တော် ခံစားမိပါတယ်”
သိကျွင်းဟာ မုတ်ဆိတ်မွေးကို လက်နဲ့သပ်ပြီး ပြုံးလိုက်ပါတယ်။ အဲဒီနောက် ဟန်ကျွယ်နဲ့ သိကျွင်းဟာ မိတ်ဖြစ်ဆွေဖြစ် စကားပြောကြပါတယ်။
ဟန်ကျွယ်ဟာ စကားအများကြီး ပြောရတာကို မကြိုက်ပေမဲ့ သိကျွင်းက သူ့ထက်စွမ်းအားကြီးတာမို့ အလိုက်သင့်နေရုံကလွဲပြီး ဘာမှမတက်နိုင်ပါဘူး။ ဒါပေမဲ့ ဟန်ကျွယ်ဟာ အသွင်တူလက်ရည်စမ်းပွဲနဲ့ သိကျွင်းကို ပုံတူကူးဖို့ကိုတော့ မမေ့ပါဘူး။
အတော်အတန်ကြာတဲ့ အခါမှာတော့…
“ငါ မင်းကို ဒီတစ်ခေါက် အိပ်မက်ပေးရတာက မဟာတာအိုအနန္တကပ်ဘေးနဲ့ ပတ်သက်ပြီး ပြောချင်လို့ပဲ၊ တာအိုဘိုးဘေးရဲ့ စကားအရ အင်မော်တယ်ကမ္ဘာမှာ လောကဦး နတ်ဘီလူး ထွက်ပေါ်လာပြီး ပဋိပက္ခနတ်ဘီလူးတွေနဲ့ မဟာတာအိုကို လွှမ်းမိုးလိမ့်မယ်တဲ့၊ မင်းက မသိကိန်းတစ်ခုဆိုတော့ လောကဦး နတ်ဘီလူး ဟုတ်ရင်ဟုတ် မဟုတ်ရင်လည်း ဒီကပ်ဘေးကို ခုခံဖို့ အလားအလာအရှိဆုံး လူတစ်ယောက်ပဲ”
ဟန်ကျွယ်ဟာ တအံတဩ ပြန်မေးလိုက်ပါတယ် “လောကဦး နတ်ဘီလူးက ဘာကိုပြောတာလဲ”
“လောကကြီး မဖန်တီးခင်မှာ ပဋိပက္ခ ရှိခဲ့တယ်၊ ပဋိပက္ခ မတိုင်ခင်မှာ လောကဦး ပဋိပက္ခ ရှိခဲ့တယ်၊ မင်းနားလည်အောင် ပြောရရင် လောကဦး နတ်ဘီလူးက ပန်ကူးနဲ့ တာအိုဘိုးဘေးထက် မျိုးဆက်တစ်ဆက် မြင့်တယ်၊ ပဋိပက္ခ မမွေးဖွားခင်မှာ ဒီထက်ပိုပြီးတော့ စည်ကားသိုက်မြိုက်တဲ့ ခေတ်ကြီးတစ်ခု ရှိခဲ့လိမ့်မယ်လို့ ငါတို့ သံသယရှိတယ်၊ အဲဒီခေတ်က လောကဦးနတ်ဘီလူးခေတ်ပဲ”
“ဒါပေမဲ့ အကြောင်းအရင်းတချို့ကြောင့် လောကဦးပဋိပက္ခ ကွဲကြေပြီး ပဋိပက္ခကို ဖန်တီးလိုက်တယ်၊ အဲဒီနောက်မှာ ပဋိပက္ခက လောကဦး ပဋိပက္ခကို တက်နင်းခဲ့တယ်၊ နောက်ဆုံး ပဋိပက္ခ နတ်ဘီလူးတွေကြောင့် မဟာတာအိုနဲ့ ကောင်းကင်တာအို ထွက်ပေါ်လာခဲ့တာပဲ”
“ဒါဆို လောကဦး နတ်ဘီလူးက အရမ်းစွမ်းအားကြီးမှာပေါ့”
“ဟုတ်တယ်၊ အရမ်းစွမ်းအားကြီးတယ်”
“ကျွန်တော်က လောကဦး နတ်ဘီလူး မဟုတ်ဘူး၊ ပြီးတော့ တိုက်လည်း မတိုက်ခိုက်ချင်ဘူး၊ တိုက်ခိုက်ရတာ အရမ်းအန္တရာယ်များတယ်” ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်နေပြီး အလွန်တရာမှ တုန်လှုပ်ပုံ ပေါက်နေပါတယ်။
သိကျွင်းဟာ ဟန်ကျွယ်ဆီက ဒီစကားကို ကြားလိုက်ရလို့ မအံဩပါဘူး “အခုလက်ရှိ ကောင်းကင်တာအိုမှာ မင်းထက် စွမ်းအားကြီးတဲ့လူ တစ်ယောက်မှ မရှိဘူး၊ လောကဦး နတ်ဘီလူးက မကြီးပြင်းသေးတာလည်း ဖြစ်နိုင်တယ်၊ ဒါမှမဟုတ် မမွေးဖွားသေးတာလည်း ဖြစ်နိုင်တယ်”
ဟန်ကျွယ်ဟာ တအံဩ ပြန်မေးလိုက်ပါတယ် “မမွေးသေးဘူးဆိုရင် စီနီယာက ကျွန်တော်ကို ဘာလို့ လာရှာတာလဲ၊ လောကဦး နတ်ဘီလူးကို မွေးကင်းစမှာ သတ်ပစ်ဖို့ ကျွန်တော်ကို သတိလာပေးတာလား”
“ဟုတ်တယ်” သိကျွင်းရဲ့ အကြည့်ဟာ ဓားအစင်းတစ်သန်းလို စူးရှသွားပါတယ်။
ဟန်ကျွယ်ဟာ စကားလုံးနဲ့ ဖော်ပြလို့မရတဲ့ ဖိအားတစ်ခုကို ခံစားလိုက်ရပါတယ်။ ဒီဖိအားက သိပ်အသန်မာကြီး မဟုတ်ပေမဲ့ ဟန်ကျွယ်ကို နေရထိုင်ရ ခက်သွားစေပါတယ်။
သိကျွင်းဟာ ဟန်ကျွယ်ကို စိုက်ကြည့်ပြီး မေးလိုက်ပါတယ် “ဟန်ကျွယ်… မင်း ဒီတာဝန်ကို လက်ခံရဲလား၊ ငါပေးတဲ့ တာဝန်ကို အောင်မြင်မယ်ဆိုရင် ပုံရိပ်ယောင်ကနေ လွတ်မြောက်နိုင်တဲ့ ပြိုင်ဘက်ကင်း ရှားပါးလှတဲ့ အခွင့်အရေးတစ်ခုကို မင်းရလိမ့်မယ်”
‘ပုံရိပ်ယောင်ကနေ လွတ်မြောက်မယ်’ ဟန်ကျွယ်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ဧရာမဘီလူးတစ်ကောင်ကို အိပ်မက် မြင်မက်ခဲ့ပြီး အဲဒီဧရာမဘီလူးကလည်း ဒီလိုသဘောမျိုး သက်ရောက်တဲ့ စကားကို ပြောခဲ့ဖူးပါတယ်။
အခုသိကျွင်းကလည်း ထပ်ပြောတဲ့အတွက် ဟန်ကျွယ်ဟာ ခေါင်းစားသွားပါတယ်။ ဟန်ကျွယ်ဟာ ထပ်မေးဖို့ ပြင်လိုက်ပေမဲ့ သိကျွင်းက ပြောလိုက်ပါတယ် “မင်း ဘာမေးချင်တယ်ဆိုတာကို ငါ သိတယ်၊ ဒါပေမဲ့ ငါတို့အဆင့်တွေက မတူဘူး၊ မင်း မဟာတာအိုကို ထိတွေ့မိရင် နားလည်လာပါလိမ့်မယ်”
ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ် “လောကဦး နတ်ဘီလူးက ဘယ်လိုမျိုး အချင်းအရာတွေ ရှိလဲ”
သိကျွင်းဟာ ခေါင်းခါလိုက်ပါတယ် “လောကဦး နတ်ဘီလူးအကြောင်းကို ဘယ်သူမှ မသိဘူး၊ မဟာတာအိုကို ရထားတဲ့ ငါတို့တွေလည်း လောကဦး နတ်ဘီလူးကို တစ်ခါမှ မမြင်ဖူးဘူး၊ လောကဦး နတ်ဘီလူးက တာအိုဘိုးဘေးပြောသွားတဲ့ အယူအဆတစ်ခုပဲ၊ ဒီဟာက တကယ်မရှိတာလည်း ဖြစ်နိုင်တယ်၊ ဒါပေမဲ့ မဟာတာအိုကပ်ဘေးကို ဦးဆောင်မဲ့ သက်ရှိတွေကတော့ ကျိန်းသေပေါက် ရှိလိမ့်မယ်၊ စိတ်ရှည်ရှည် စောင့်ကြည့်ရမှာပဲ”
ဟန်ကျွယ်ဟာ အတွေးနက်သွားဟန် ဆောင်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ သူ့မှတ်ဉာဏ်တွေကို ပိတ်ပစ်လိုက်ပြီး သူက လောကဦး နတ်ဘီလူးဆိုတာကို သတိမရရဲပါဘူး။ သိကျွင်းက ကောင်းကင်တာအိုပညာရှိတွေထက် ပိုစွမ်းတဲ့လူမို့ သတိထားတာ မမှားပါဘူး။
“နောက်ကျလို့ အဆုံးသတ်အပျက်အစီးရဲ့ နတ်ဘုံကို မင်း ရောက်လာခဲ့ရင် ငါ့ဆီကို လာလည်နိုင်တယ်” စကားဆုံးတာနဲ့ သိကျွင်းဟာ လက်ကို ဝှေ့ယမ်းလိုက်တဲ့အတွက် အိပ်မက်တစ်ခုလုံး ကွဲကြေသွားပါတယ်။
ဟန်ကျွယ်ရဲ့ သိစိတ်လည်း အစစ်အမှန်ကို ပြန်ရောက်သွားပါတယ်။ ဟန်ကျွယ်ဟာ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပါတယ် ‘ဘယ်သူက အဆုံးသတ် အပျက်အစီးရဲ့ နတ်ဘုံကို သွားမှာမို့လို့လဲ’
‘ငါက အင်မော်တယ်ကမ္ဘာမှာ ပြိုင်ဘက်ကင်းဖို့ အများကြီး ကြိုးစားခဲ့ရတာ၊ ဘာကိစ္စနဲ့ အဆင့်မြင့်တဲ့ မြေပုံကိုသွားပြီး အစော်ခံရမှာလဲ’
‘ကြည့်ရတာ ငါ လောကဦး နတ်ဘီလူးဆိုတာ လုံးဝပေါ်သွားလို့ မဖြစ်ဘူး၊ မဟုတ်ရင် တော်တော်လေး အန္တရာယ်များမှာ’
ဟန်ကျွယ်ဟာ ကောင်းကင်တာအိုကနေ ဘယ်တော့မှ မထွက်ခွာဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အပြင်ဘက်မှာက အရမ်းအန္တရာယ်များပါတယ်။ အပြင်ဘက်နဲ့ နှိုင်းယှဉ်ရင် ကောင်းကင်တာအိုက အများကြီးသာပါတယ်။
ကောင်းကင်တာအိုထဲမှာ ဟန်ကျွယ်ဟာ ကောင်းကင်တာအို ကံတရား အထောက်အပံ့ကို ထိန်းချုပ်နိုင်တာနဲ့ လုပ်ချင်တာ လုပ်လို့ ရပါတယ်။
‘ပဋိပက္ခ နတ်ဘီလူးတွေကို ဦးဆောင်မဲ့ လောကဦး နတ်ဘီလူးတဲ့လား… အဲဒါ ငါ မဟုတ်ဘူးလား…’ ဟန်ကျွယ်ဟာ သူ့အစွမ်း သူသိသူမို့ သူက မဟာတာအို အနန္တကပ်ဘေးကို ဖြစ်ပေါ်စေလောက်တဲ့အထိ စွမ်းအားမကြီးဘူးဆိုတာ နားလည်ပါတယ်။
‘တစ်ခုခုတော့ မှားနေပြီ…’
‘ဒီလိုဆိုရင် တာအိုဘိုးဘေးက ငါ့ကို ဘာဖြစ်လို့ ယုံကြည်ရတာလဲ၊ ငါက မသိကိန်း ဖြစ်နေတာနဲ့ပဲလား…’
“တာအိုဘိုးဘေးက ငါ့ကို လောကဦး နတ်ဘီလူးလို့ တွေးလားဆိုတာ ငါ သိချင်တယ်”
[စနစ်၏ အကန့်အသက်ထက် ကျော်လွန်သော တည်ရှိမှု ပါဝင်နေ၍ တွက်ချက်ရန် မဖြစ်နိုင်ပါ။]
‘ဝိုး…’ ဟန်ကျွယ်ဟာ မျက်ခုံးပင့်တက်သွားပါတယ် ‘ဒီတာအိုဘိုးဘေးရဲ့ အဆင့်က တကယ်ကို နက်ရှိုင်းတာပဲ’
ဟန်ကျွယ်ဟာ တာအိုဘိုးဘေးရဲ့ စွမ်းအားက ကောင်းကင်တာအို အကန့်အသတ်ပဲလို့ တွေးထားခဲ့တာပါ။ ဒါပေမဲ့ သိကျွင်းဆီကနေ တာအိုဘိုးဘေးက ဒီထက်အများကြီး ပိုစွမ်းမှန်း ဟန်ကျွယ် သိလိုက်ရပါတယ်။
ဟန်ကျွယ်ဟာ မေးခွန်းပြောင်း မေးလိုက်ပါတယ် “ဘယ်သူက ငါ့ကို လောကဦး နတ်ဘီလူးလို့ ထင်လဲ”
[သက်တမ်း ၁၈၀ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
‘တကယ်ကြီးလား…’ ဟန်ကျွယ်ဟာ ချက်ချင်းပဲ ဆက်တွက်ဖို့ ရွေးချယ်လိုက်ပါတယ်။
ဟန်ကျွယ်စိတ်ထဲမှာ ရုပ်သွင်တစ်ခု ပေါ်လာပြီး သူ့မြင်ကွင်းထဲမှာလည်း စာကြောင်းတွေ ပေါ်လာပါတယ်။
[ခုနစ်ပါးတာအိုပညာရှိ]
‘ဒီကောင်လား…’ ဟန်ကျွယ်ဟာ ရုတ်တရက်ဆိုသလို ရင်ထိတ်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ခုနစ်ပါးတာအိုပညာရှိရဲ့ ဓမ္မရုပ်တုဖြစ်တဲ့ ကျိုးဖန်က တာအိုစက်ကွင်းထဲမှာ ရှိနေလို့ပါပဲ။
‘ခုနစ်ပါးတာအိုပညာရှိက ကျိုးဖန်ကနေ ငါ့ကို ချောင်းကြည့်နေတာလား’
ဟန်ကျွယ်ဟာ ချက်ချင်းပဲ စနစ်ကို မေးလိုက်ပါတယ်။
[သက်တမ်း ၁၈၀ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[လောလောဆယ် ချောင်းမကြည့်ပါ။]
“ဒါဆို သူက ငါ့ကို ဘာဖြစ်လို့ လောကဦး နတ်ဘီလူးလို့ ထင်ရတာလဲ”
[ခန့်မှန်းခြင်းတည်း။]
ဒီတစ်ခါမှာတော့ စနစ်က ဟန်ကျွယ်ရဲ့ သက်တမ်းကို မနှုတ်ပါဘူး။ ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ် “ခုနစ်ပါးတာအိုပညာရှိက ငါ့ကို ဒုက္ခပေးချင်နေတာလား”
[လောလောဆယ် ဒုက္ခမပေးလိုပါ။]
ဒီတော့မှ ဟန်ကျွယ် ရင်ထဲက အလုံးကြီး ကျသွားပါတယ်။ တစ်ခါတည်း မေးလိုက်တဲ့ မေးခွန်းလေးခုမှာ နှစ်ခုက သက်တမ်း မကုန်ပေမဲ့ ကျန်တဲ့နှစ်ခုက အတော်လေး များပါတယ်။ ဒီလိုဖြစ်ရတာကလည်း ဟန်ကျွယ် လန့်သွားလို့ပါ။
အဲဒီနောက် ဟန်ကျွယ်ဟာ အသံလွှင့်ပြီး ကျိုးဖန်ကို ခေါ်လိုက်ပါတယ်။ မကြာခင်မှာပဲ တာအိုဘုံကျောင်းကို ကျိုးဖန် ရောက်လာပါတယ်။ ကျိုးဖန်ဟာ ဟန်ကျွယ်ဆီ ရောက်တာနဲ့ စိတ်လှုပ်ရှားစွာ မေးလိုက်ပါတယ် “ဆရာသခင်… ကျွန်တော့်ကို ဆန်းကြယ်စွမ်းအား သင်ပေးမလို့လား”
ဟန်ကျွယ်ဟာ ကျိုးဖန် မေးခွန်းကို မဖြေဘဲ မေးခွန်းထုတ်လိုက်ပါတယ် “မင်းလည်း ကောင်းကင်ဘဝဂ် အဆင့်ကို ရောက်နေပြီ၊ အပြင်ထွက်ပြီး မလေ့ကျင့်ချင်ဘူးလား”
ကျိုးဖန်ဟာ မှင်သက်သွားပြီး တအံတဩ ပြန်မေးပါတယ် “တာအိုပညာရှိအတုဖြစ်မှ အပြင်ထွက်လို့ရမှာဆို”
“ကောင်းကင်မိစ္ဆာ ကပ်ဘေးက တာအိုပညာရှိတွေကို ခေါင်းလောင်းထိုးလိုက်သလို ဖြစ်သွားတယ်၊ ဒါကြောင့် တာအိုပညာရှိတွေက ကောင်းကင်ဘုံ ၃၃ ဘုံမြောက်မှာ ပဋိပက္ခမြို့ တည်ထောင်လိုက်ပြီ၊ ဂိုဏ်းအသီးသီးမှာရှိတဲ့ တပည့်တွေက အဲဒီကိုသွားကြလိမ့်မယ်၊ ငါက မင်းကို တိတ်ဆိတ်ဂိုဏ်း ကိုယ်စားပြုအနေနဲ့ သွားစေချင်တာ”
“ပဋိပက္ခမြို့… ကောင်းပါပြီ၊ ကျွန်တော် သွားပါ့မယ်” ကျိုးဖန်ရဲ့ မျက်လုံးဟာ အရောင်တောက်သွားပြီး ချက်ချင်း ပြန်ဖြေလိုက်ပါတယ်။
ကောင်းကင်ဘုံ ၃၃ ဘုံမြောက်က တာအိုပညာရှိတွေရဲ့ နယ်ပယ်ပါ။ ဒါ့အပြင် ဒီကိစ္စက တိတ်ဆိတ်ဂိုဏ်းကို ကိုယ်စားပြုနေတဲ့အတွက် အကျိုးဆောင်ရာလည်း ရောက်ပါတယ်။
“ကောင်းပြီလေ… သေချာပြင်ဆင်ထား”
“ပြင်ဆင်ဖို့ မလိုပါဘူး၊ ကျွန်တော် အချိန်မရွေး သွားနိုင်ပါတယ်”
ဟန်ကျွယ်ဟာ ချက်ချင်း လက်ဝှေ့ယမ်းပြီး ကျိုးဖန်ကို အပြင်ထုတ်လိုက်ပါတယ်။ ကျိုးဖန် ထွက်သွားတာနဲ့ ဟန်ကျွယ်ဟာ ချုံရှီလိုင်၊ တောင်ဘက်စွန်း ကောင်းကင်အရှင်၊ ဂိုဏ်းချုပ်တျန်ကျွယ်၊ ဖူရှီနဲ့ ဧကရာဇ်ရှောင်ကိုတို့ အိပ်မက်ပေးပြီး ကျိုးဖန်က ပဋိပက္ခမြို့မှာ တိတ်ဆိတ်ဂိုဏ်းရဲ့ ကိုယ်စားပြုဖြစ်ကြောင်း ပြောလိုက်ပါတယ်။
ဟန်ကျွယ် တာအိုပညာရှိ အကုန်လုံးကို သတင်းပေးလိုက်ရတာက တချို့တာအိုပညာရှိတွေ နောက်ကွယ်ကနေ ကြိုးကိုင်ပြီးတော့ ကျိုးဖန်ကို ပြဿနာရှာမှာ စိုးလို့ပါ။ တကယ်လို့ ပြဿနာရှာခဲ့ရင်တောင် သူတို့တွေ ခုနစ်ပါးတာအိုပညာရှိကို နိုင်နိုင်စရာအကြောင်း လုံးဝ မရှိပါဘူး။
မြန်မာပြည် ငြိမ်းချမ်းပါစေ။

Comment

Leave a Reply

Options

not work with dark mode
Reset