Switch Mode

Chapter – 544

အခန်း (၅၄၄) စန့်ချွမ်အဂ္ဂဘိုးဘေး အညံခံခြင်း
ဟန်ကျွယ်ဟာ အသစ်ရထားတဲ့ အကောင်းစား ရတနာကို အာရုံစိုက်လိုက်ပါတယ်။ ကောင်းကင်မိစ္ဆာ နှလုံးကာကျောက်စိမ်းက အကောင်းစား လွတ်လပ်ရတနာ ဖြစ်တဲ့အတွက် ကောင်းကင်တာအို ရတနာထက်တောင် စွမ်းအားပိုကြီးတာ ထင်ရှားပါတယ်။
ဟန်ကျွယ်ဟာ ကောင်းကင်မိစ္ဆာ နှလုံးကာကျောက်စိမ်းကို ထုတ်ယူပြီး ကိုယ်ပိုင်ပစ္စည်း ပြုပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ စနစ်ရဲ့ လုပ်ဆောင်ချက်အသစ်ကို စစ်ဆေးလိုက်ပါတယ်။
လောကဦး ကောင်းကင်ထောင်။
ဒီထောင်ကလည်း စိတ်ဝင်စားဖို့ကောင်းပါတယ်။ စွမ်းအားကြီးရန်သူတွေကို သူ့ကျေးကျွန် ဖြစ်လာအောင် လုပ်နိုင်တဲ့အတွက် အဆီတဝင်းဝင်း သဲတရှပ်ရှပ်ဆိုတဲ့ ကိစ္စမျိုးလည်း ရှိလာတော့မှာ မဟုတ်ပါဘူး။
ဟန်ကျွယ်ဟာ ချက်ချင်းဆိုသလိုပဲ အကြံကြီးတစ်ခု ရလိုက်ပါတယ် ‘ငါ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ဦးကို တာအိုဆွေးနွေးဖို့ဆိုပြီး ကောင်းကင်ထောင်ထဲ လှည့်ဖြားထည့် နောက်ဆုံး သူအညံခံလာတဲ့အထိ အချိန်ဆွဲထားလို့ရရင် ကောင်းမယ်’
‘မဟုတ်သေးပါဘူး… စနစ်ကို သူ့စိတ်ဆန္ဒက ပြောင်းလဲမှာ… သူက ဒီကိစ္စကို ဘယ်လိုလုပ်ပြီး သတိမထားမိဘဲ နေမှာလဲ’
[လောကဦး ကောင်းကင်ထောင်အတွက် နေရာရွေးချယ်ပါ။]
တာအိုစက်ကွင်းရဲ့ ပုံရိပ်ယောင် မြေပုံဟာ ဟန်ကျွယ်ရှေ့မှာ ပေါ်လာပါတယ်။ တာအိုစက်ကွင်းရဲ့ မြေပုံနောက်မှာတော့ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ရဲ့ ပုံရိပ်ယောင် မြေပုံ ရှိနေပါတယ်။ ဒီမြေပုံနှစ်ခုက အချင်းချင်း ထပ်နေပါတယ်။
ဟန်ကျွယ်ဟာ သူ့တာအိုဘုံကျောင်းကို ရွေးချယ်လိုက်ပါတယ်။ ရန်သူကို ကိုယ့်မျက်စိရှေ့မှာ ဖမ်းထားတာ အလုံခြုံဆုံးပဲ မဟုတ်ပါလား။
[လောကဦး အကျဉ်းထောင်ဟာ အောင်မြင်စွာ စီစဉ်ပြီးပါပြီ။]
ဟန်ကျွယ်ဟာ ပတ်ဝန်းကျင်ကို ကြည့်လိုက်ပေမဲ့ ထူးဆန်းတာ ဘာမှ မခံစားရပါဘူး။ ဒါကြောင့် ဟန်ကျွယ်ဟာ သက်ရှိတစ်ကောင်ကို ဖမ်းပြီး လောကဦး ကောင်းကင်ထောင်ကို စမ်းသပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
‘ငါ ဘယ်သူ့ကို ဖမ်းရမလဲ’ ဟန်ကျွယ် ခေါင်းထဲကို ပထမဆုံး ဝင်လာတာက စန့်ချွမ်အဂ္ဂဘိုးဘေးပါ။ စန့်ချွမ်အဂ္ဂဘိုးဘေးက ကောင်းကင်တာအိုထဲမှာ သတ်လို့မရတဲ့အတွက် ဟန်ကျွယ်အတွက် အကောင်းဆုံး စမ်းသပ်ပစ္စည်းပါ။
ကောင်းကင်တာအိုထဲမှာ လီမုယဲ့ ရှိမနေတာက ဟန်ကျွယ်ရဲ့ အစီအစဉ်ကို ပိုပြီးတော့ ပြည့်စုံသွားစေပါတယ်။
“ဝုန်း…”
တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ဟာ ရုတ်တရက်ဆိုသလို ပြင်းထန်စွာ လှုပ်ခါသွားပါတယ်။ တောက်ပတဲ့ အလင်းတိုင်တစ်တိုင်ဟာ ကောင်းကင်ပေါ်ကနေ ကျဆင်းလာပြီး တာအိုစက်ကွင်းကို ထိုးဖောက်ကာ ဟန်ကျွယ်ကိုယ်ပေါ် ကျသွားပါတယ်။
ကောင်းကင်တာအို ကုသိုလ်ကံ။
တာအိုစက်ကွင်းက ဒီလို တိုက်ခိုက်တာ မဟုတ်တဲ့ အင်အားမျိုးကို မဟန့်တားပါဘူး။ ဟန်ကျွယ်ဟာ ကောင်းကင်တာအို ကုသိုလ်ကံကို မလိုအပ်တဲ့အတွက် တိုက်ရိုက်မစုပ်ယူဘဲ လောကဦးကမ္ဘာရဲ့ တစ်နေရာမှာ သိမ်းထားလိုက်ပါတယ်။
‘နေအုန်း… ငါ ဒီကောင်းကင်တာအို ကုသိုလ်ကံကို အသုံးပြုပြီး အင်မော်တယ်ကမ္ဘာထဲ လျှောက်သွားလို့ ရတာပဲ’ ဟန်ကျွယ်ရဲ့ မျက်လုံးတွေဟာ အရောင်တောက်သွားပြီး အကြံကြီးတစ်ခု ရသွားပါတယ်။
အင်မော်တယ်ကမ္ဘာ တောင်ပိုင်း။
တောင်တန်းတွေထဲက တောင်ခါးပန်းတစ်ခုမှာ တာအိုဘုံကျောင်းတစ်ခု ရှိနေပါတယ်။ တာအိုဘုံကျောင်းရှေ့မှာ ဆေးအိုးကြီးတစ်လုံး ရှိပြီး မီးခိုးငွေ့တွေ တလူလူ ထွက်နေပါတယ်။
ခုနစ်ရောင်ခြည်တန်း ရစ်ပတ်ထားတဲ့ ဟန်ကျွယ်ဟာ ဒီနေရာမှာ ရုတ်တရက် ပေါ်လာပါတယ်။ ခုနစ်ရောင်ခြင်တန်းက ကောင်းကင်တာအို ကုသိုလ်ကံတွေ ဖြစ်ပါတယ်။ ကောင်းကင်တာအို ကုသိုလ်ကံတွေကို ရစ်ပတ်ထားတာကြောင့် ကောင်းကင်တာအိုဟာ ဟန်ကျွယ်ကို မငြင်းဆန်ပါဘူး။
ဟန်ကျွယ်ဟာ တာအိုဘုံကျောင်းကို ကြည့်လိုက်ပြီး စန့်ချွမ်အဂ္ဂဘိုးဘေးကို အင်္ကျီလက်အိုးထဲ ထည့်လိုက်ပါတယ်။ အဲဒီနောက် ခန္ဓာကိုယ် တစ်ချက်လှုပ်လိုက်တယ်ဆိုရင်ပဲ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ကို ပြန်ရောက်သွားပါတယ်။
တာအိုဘုံကျောင်းထဲ ရောက်တာနဲ့ ဟန်ကျွယ်ဟာ စန့်ချွမ်အဂ္ဂဘိုးဘေးကို လွှတ်ပေးလိုက်ပါတယ်။ ဒါပေမဲ့ စန့်ချွမ်အဂ္ဂဘိုးဘေး ဘာမှမတုံ့ပြန်နိုင်ခင်မှာပဲ ဟန်ကျွယ်ဟာ စန့်ချွမ်အဂ္ဂဘိုးဘေးကို သူ့ဓမ္မစွမ်းအားနဲ့ ဖိနှိပ်ပြီး စန့်ချွမ်အဂ္ဂဘိုးဘေးရဲ့ တာအိုအသီးနဲ့ ဓမ္မစွမ်းအားကို ချိပ်ပိတ်လိုက်ပါတယ်။
စန့်ချွမ်အဂ္ဂဘိုးဘေးဟာ မလှုပ်နိုင်တဲ့အတွက် မျက်လုံးပြူးသွားပါတယ် ‘ဘာတွေ ဖြစ်နေတာလဲ’ စန့်ချွမ်အဂ္ဂဘိုးဘေးဟာ ထိတ်လန့်သွားပြီး ရင်ထဲမှာလည်း ကြောက်ရွံ့လာပါတယ်။ စန့်ချွမ်အဂ္ဂဘိုးဘေးဟာ ဒီလိုအခြေအနေမျိုးကို ပထမဦးဆုံးအကြိမ် ရင်ဆိုင်ရတာပါ။
တာအိုပညာရှိတွေတောင် အင်မော်တယ်ကမ္ဘာထဲဝင်ပြီး သူ့ကို ဖမ်းလို့မရတဲ့အတွက် တစ်ဖက်လူက ကောင်းကင်တာအို ပညာရှိထက် မြင့်ရမယ်လို့ စန့်ချွမ်အဂ္ဂဘိုးဘေး တွေးလိုက်ပါတယ်။ စန့်ချွမ်ဂ္ဂဘိုးဘေးဟာ လီမုယဲ့ဆီကနေ ကောင်းကင်တာအိုပညာရှိတွေထက် စွမ်းအားကြီးတဲ့လူတွေရှိမှန်း ကြားသိထားပါတယ်။
ဟန်ကျွယ်ဟာ လောကဦး ကောင်းကင်ထောင်ကို တိတ်တဆိတ် အသုံးပြုလိုက်ပါတယ်။
[အကျဉ်းချမှု စတင်ပါပြီ။]
စန့်ချွမ်အဂ္ဂဘိုးဘေးဟာ ဟန်ကျွယ်ကို စိုက်ကြည့်နေပါတယ်။
ဟန်ကျွယ်ဟာ စန့်ချွမ်အဂ္ဂဘိုးဘေးကို ပြုံးပြလိုက်ပါတယ် “ငါ့ဆီမှာ အချိန်နည်းနည်းလောက် ဧည့်သည်လုပ်ပြီး တာအိုအကြောင်း ဆွေးနွေးကြရအောင်”
စန့်ချွမ်အဂ္ဂဘိုးဘေးဟာ ပါးစပ်မဟနိုင်တဲ့အတွက် နတ်အာရုံနဲ့ တစ်ဖက်လူ ဘယ်သူလဲဆိုတာကို မေးလိုက်ပါတယ်။
“မင်း ဒီနေရာကို ရောက်ဖူးပါတယ်၊ ရှုံးပြီးတော့ ပြန်သွားတာလေ”
“တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်… ခင်‌ဗျားက တိတ်ဆိတ်ဂိုဏ်း ဂိုဏ်းချုပ်လား”
“အင်း”
“ဘာဖြစ်လို့ ကျုပ်ကို ဖမ်းထားတာလဲ”
“နောက်ကျရင် မင်း နားလည်လာလိမ့်မယ်”
စန့်ချွမ်အဂ္ဂဘိုးဘေးဟာ တိတ်ဆိတ်သွားပါတယ်။ လွတ်အောင်လည်း မရုန်းနိုင်တဲ့အတွက် စန့်ချွမ်အဂ္ဂဘိုးဘေးဟာ ထပ်ပြီးတော့ စကား မပြောချင်တော့ပါဘူး။ လီမုယဲ့ လာကယ်မဲ့အချိန်ကိုသာ တိတ်တဆိတ် စောင့်ရုံပဲ ရှိပါတော့တယ်။
ဒါပေမဲ့ လီမုယဲ့က ကောင်းကင်တာအိုကနေ မကြာသေးခင်ကမှ ထွက်သွားတာကို တွေးမိပြီး စန့်ချွမ်အဂ္ဂဘိုးဘေးဟာ နှလုံးမြှုပ်သွားပါတယ်။
ဟန်ကျွယ်က တာအိုဆွေးနွေးမယ်လို့ ပြောပေမဲ့ တကယ်တော့ ဘာတာအိုမှ မဆွေးနွေးပါဘူး။ ဆွေးနွေးရအောင်ကလည်း အဆင့်မှမတူတာ။
တာအိုဘုံကျောင်းကို တိတ်ဆိတ်မှု ပြန်ကြီးစိုးသွားပါတယ်။ မတော်တဆ ဖြစ်မှာစိုးတဲ့အတွက် ဟန်ကျွယ်ဟာ စန့်ချွမ်အဂ္ဂဘိုးဘေးကို စောင့်ကြပ်ဖို့ ကျန်းကျွယ်ကို တာဝန်ပေးပြီး စိတ်အေးလက်အေး ဆက်လက် ကျင့်ကြံပါတယ်။
စန့်ချွမ်အဂ္ဂဘိုးဘေးဟာ ကျန်းကျွယ်ကို တွေ့လိုက်ရတဲ့အတွက် ကြက်သေသေသွားပါတယ်။
‘လီမုယဲ့… မဖြစ်နိုင်ဘူး…’ ဒီတစ်ခါမှာတော့ စန့်ချွမ်အဂ္ဂဘိုးဘေးရဲ့ ခေါင်းတစ်ခုလုံး ဗြောင်းဆန်သွားပါတယ် ‘လီမုယဲ့က ငါ့ကို ဖမ်းဖို့ တိတ်ဆိတ်ဂိုဏ်းချုပ်ကို အမိန့်ပေးခဲ့တာလား’
စန့်ချွမ်အဂ္ဂဘိုးဘေးဟာ နတ်အာရုံကို အသုံးပြုပြီး ကျန်းကျွယ်ကို အကျိုးအကြောင်း မေးပေမဲ့ ဘာအဖြေမှ ပြန်မရပါဘူး။ ကျန်းကျွယ်က ခံစားချက်မရှိသလိုမျိုး မျက်နှာသေနဲ့ ရှိနေပါတယ်။
ကျန်းကျွယ်ရဲ့ အပြုအမူကြောင့် စန့်ချွမ်အဂ္ဂဘိုးဘေးရဲ့ နှလုံးသားဟာ ဟိုးအောက်ဆုံးထိ နှစ်မြှုပ်သွားပြီး လီမုယဲ့အပေါ် ယုံကြည်မှု ကင်းမဲ့သွားပါတယ်။ စန့်ချွမ်အဂ္ဂဘိုးဘေးဟာ သူ အမြဲတမ်း ကာကွယ်ခဲ့တဲ့ ဆရာသခင်က သူ့ကို သစ္စာဖောက်သွားပြီလို့ ထင်သွားတာပါ။ ဒါကြောင့် စန့်ချွမ်အဂ္ဂဘိုးဘေးဟာ လုံးဝကို ခေါင်းရှုပ်သွားပါတယ်။
ဟန်ကျွယ်ဟာ စန့်ချွမ်အဂ္ဂဘိုးဘေးကို ဂရုမစိုက်ဘဲ ကျင့်ကြံမှုကိုသာ အာရုံစိုက်ပါတယ်။
ဟန်ကျွယ်ဟာ တာအိုကောင်းကင်မိစ္ဆာနဲ့ တိုက်ပွဲကနေ အကျိုးအမြတ် တော်တော်လေး ရလိုက်ပါတယ်။ အသွင်တူလက်ရည်စမ်းပွဲနဲ့ မတူတာက တိုက်ပွဲစစ်ကြောင့် ခံစားရတဲ့ စိတ်လှုပ်ရှားမှုပါ။ ဒီစိတ်လှုပ်ရှားမှုက အသွင်တူလက်ရည်စမ်းပွဲထဲမှာ ဖန်တီးယူလို့ မရပါဘူး။
အသွင်တူလက်ရည်စမ်းပွဲထဲမှာ ဟန်ကျွယ်ဟာ မသေနိုင်ဘူးလို့ သိထားတဲ့အတွက် တိုက်ပွဲတိုင်းမှာ ကြောက်ရွံ့မှုကင်းပါတယ်။ ဒါပေမဲ့ တကယ်တိုက်ပွဲ အစစ်မှာတော့ ဒီလိုမဟုတ်ပါဘူး။
တာအိုဘုံကျောင်းဟာ တိတ်ဆိတ်နေပေမဲ့ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ကတော့ အတော်လေး စည်ကားနေပါတယ်။ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်တင် မဟုတ်ပါဘူး။ စကြဝဠာမှာရှိတဲ့ အနန္တကမ္ဘာတွေမှာလည်း ဆူညံသံတွေနဲ့ ပြည့်နှက်ပြီး စည်ကားနေတာပါ။
ဘုန်းတန်ခိုးကြီးမားတဲ့ အနန္တကုသိုလ်ကံရှင် ကောင်းကင်တာအိုပညာရှိဆိုတဲ့ နာမည်က အနန္တကမ္ဘာကို လုံးဝပျံ့နှံ့သွားပါတယ်။
ကောင်းကင်မိစ္ဆာကပ်ဘေးက စကြဝဠာထဲမှာရှိတဲ့ အနန္တကမ္ဘာကို သက်ရောက်ခဲ့တာ ဖြစ်တဲ့အတွက် ဒီကပ်ဘေးက အတော်လေး ကြီးမားတယ်လို့ ပြောလို့ရပါတယ်။ ဒါကြောင့် တိတ်ဆိတ်ဂိုဏ်းချုပ်ဟာ ဒီတစ်ကြိမ်မှာ ကမ္ဘာတစ်ခုတည်းကို ကယ်တင်လိုက်တာ မဟုတ်ဘဲ ကောင်းကင်တာအို တစ်ခုလုံးကို ကယ်တင်လိုက်တာပါ။
ဒီကုသိုလ်ကံက မျိုးနွယ်စု ဖန်တီးတာ တာအိုဟောကြားတာတွေထက် အများကြီး ပိုကြီးမားပါတယ်။ ဟုတ်ပါတယ်။ ဟန်ကျွယ် လောကဦးကမ္ဘာထဲမှာ သိမ်းထားတဲ့ ကောင်းကင်တာအို ကုသိုလ်ကံတွေက နေမင်းလို တောက်ပနေတာပါ။
တစ်နှစ်ပြီးတစ်နှစ် ကုန်ဆုံးသွားပါတယ်။
တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်နားမှာ သက်ရှိတွေ ပိုပိုပြီးတော့ ပေါ်လာပါတယ်။ သူတို့တွေဟာ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ကို တာအိုရှာဖို့ ရောက်လာကြတာ ဖြစ်ပါတယ်။ ဒါကြောင့် တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်က သူတို့ကို ဂရုမစိုက်ရင်တောင် စိတ်ရှည်တဲ့ လူတော်တော်များများက ဒီနေရာမှာပဲ ဆက်နေကြပါတယ်။
အင်မော်တယ်ကမ္ဘာတစ်ခုလုံး ဘုန်းတန်ခိုးကြီးမားတဲ့ အနန္တကုသိုလ်ကံရှင် ကောင်းကင်တာအိုပညာရှိရဲ့ ရုပ်တုတွေကို ထုလုပ်ကြပါတယ်။ ဒါပေမဲ့ သူတို့တွေဟာ ဟန်ကျွယ်ရဲ့ မျက်နှာကို မမြင်ဖူးတဲ့အတွက် ရုပ်တုတွေက ပုံစံမျိုးစုံပါပဲ။
တိတ်ဆိတ်ဂိုဏ်းဟာ လောကကြီးကနေ ပုန်းကွယ်ပြီး လီတောက်ခုံးကလည်း ပြန်မလာတဲ့အတွက် တပည့်တစ်သန်းဟာ အရင်လိုမျိုး ကျင့်ကြံတဲ့ အခြေအနေကို ခပ်မြန်မြန်ပဲ ပြန်ရောက်သွားပါတယ်။ ဒါပေမဲ့ တာအိုစက်ကွင်း အပြင်ဘက်က သက်ရှိတွေ ဘုန်းတန်ခိုးကြီးမားတဲ့ အနန္တကုသိုလ်ကံရှင် ကောင်းကင်တာအိုပညာရှိကို ချီးကျူးတိုင်း တိတ်ဆိတ်ဂိုဏ်းတပည့်တွေဟာ အလွန်စိတ်လှုပ်ရှားပြီး အရမ်းကို ဂုဏ်ယူသွားပါတယ်။
အချိန်ဟာ ဘယ်သူ့ကိုမှ မစောင့်ဘဲ လျင်မြန်စွာ ကုန်ဆုံးသွားပါတယ်။
မျက်တောင်တစ်ခတ်အတွင်း နှစ် ၈၀၀ ကုန်ဆုံးသွားပါတယ်။
[လောကဦး ကောင်းကင်ထောင်သည် အကျဉ်းသားအား အောင်မြင်စွာ ကျွန်ပြုပြီးပါပြီ။]
[စန့်ချွမ်အဂ္ဂဘိုးဘေးသည် သင့်အပေါ် အကောင်းမြင်စိတ် ရှိသွားပါပြီ။ လက်ရှိ မျက်နှာသာပေးမှု: အမြင့်ဆုံး။]
ဒီအသိပေးချက် ပေါ်လာတယ်ဆိုရင်ပဲ ဟန်ကျွယ်ဟာ တစ်စုံတစ်ခုကို ခံစားမိလိုက်ပါတယ်။ သူနဲ့ စန့်ချွမ်အဂ္ဂဘိုးဘေးကြားမှာ ဆက်သွယ်မှုတစ်ခု ရှိသွားတာပါ။ ဒီဆက်သွယ်မှုက လမ်းခြောက်သွယ် အမှတ်အသားနဲ့ အ‌တော်လေး ဆင်တူပါတယ်။
ဟန်ကျွယ်သာ စန့်ချွမ်အဂ္ဂဘိုးဘေးကို သေချင်တယ်ဆိုရင် စန့်ချွမ်အဂ္ဂဘိုးဘေးက လုံးဝကို သေမှာပါ။ ဒီခံစားချက်က အလွန်ထူးဆန်းပေမဲ့ အတုအယောင် မဟုတ်တာတော့ သေချာပါတယ်။
ဟန်ကျွယ်ဟာ ကျေနပ်အံအားသင့်သွားပါတယ် ‘ဒီလောကဦး ကောင်းကင်ထောင်က တကယ်ကို အသုံးဝင်တာပဲ… ဒါနဲ့ နေပါအုန်း… မျက်နှာသာပေးမှုက ကြယ်ခြောက်ပွင့် အမြင့်ဆုံး မဟုတ်ဘူးလား… ဒီထက်မြင့်တာ ရှိနေသေးတာလား…’
ဟန်ကျွယ်ဟာ မျက်နှာသာပေးမှုကို ပြန်ပြီးတော့ တန်ဖိုးဖြတ်ရတော့မယ်လို့ ခံစားလိုက်ရပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ မျက်လုံးဖွင့်ပြီး စန့်ချွမ်အဂ္ဂဘိုးဘေးကို ကြည့်လိုက်ပါတယ်။ စန့်ချွမ်အဂ္ဂဘိုးဘေးဟာ တရားထိုင်နေပါတယ်။
“စန့်ချွမ်အဂ္ဂဘိုးဘေး…”
ဟန်ကျွယ်ရဲ့ ခေါ်သံအဆုံးမှာ စန့်ချွမ်အဂ္ဂဘိုးဘေးဟာ မျက်လုံးပွင့်လာပြီး တလေးတစား ဦးညွှတ်လိုက်ပါတယ် “တာအိုအရှင်ကို ဂါရဝ ပြုပါတယ်”
ဟန်ကျွယ်ဟာ စန့်ချွမ်အဂ္ဂဘိုးဘေးကို အကဲခတ်ပြီး အမိန့်ပေးလိုက်ပါတယ် “ဒူး‌ထောက်စမ်း…”
စန့်ချွမ်အဂ္ဂဘိုးဘေးဟာ ချက်ချင်း ဒူးထောက်လိုက်ပါတယ်။
“လှိမ့်စမ်း…”
စန့်ချွမ်အဂ္ဂဘိုးဘေးဟာ ချက်ချင်း လူးလှိမ့်ပါတော့တယ်။
“ကိုယ့်ပါး ကိုယ်ပြန်ရိုက်စမ်း”
ဒီတစ်ကြိမ်မှာတော့ ဟန်ကျွယ်ဟာ လုံးဝကို ယုံကြည်သွားပါတယ်။ စန့်ချွမ်အဂ္ဂဘိုးဘေးက လောကဦး ကောင်းကင်ထောင်ကို မသိသလို လောကဦး ကောင်းကင်ထောင်ရဲ့ လုပ်ဆောင်ချက်ကိုလည်း မသိတဲ့အတွက် သရုပ်ဆောင်တယ်ဆိုရင်တောင် ဒီလောက်ထိ အပင်ပန်းခံ ကြိုးစားမှာ မဟုတ်ပါဘူး။
ဟန်ကျွယ်ဟာ ချက်ချင်းပဲ စန့်ချွမ်အဂ္ဂဘိုးဘေးကို ကူညီလိုက်ပါတယ် “စန့်ချွမ်… ငါက မင်းကို စမ်းသမ်းနေတာ၊ စိတ်မရှိနဲ့နော်၊ မင်းက အင်မော်တယ်ကမ္ဘာရဲ့ နံပါတ်တစ်ပုဂ္ဂိုလ်ပဲ၊ ငါတို့ တိတ်ဆိတ်ဂိုဏ်းက မင်းလိုမျိုး ပုဂ္ဂိုလ်ကို လိုအပ်တယ်”
ဟန်ကျွယ်ဟာ စန့်ချွမ်အဂ္ဂဘိုးဘေးကို စပြီးတော့ ချီးကျူးပါတယ်။ ဟန်ကျွယ်ရဲ့ ချီးကျူးစကားတွေကြောင့် စန့်ချွမ်အဂ္ဂဘိုးဘေးဟာ ရင်ထဲထိသွားပါတယ်။
အတန်ကြာ ဆက်သွယ်ပြီးနောက်မှာ စန့်ချွမ်အဂ္ဂဘိုးဘေးက သူ့အသိဉာဏ်ကို လုံးဝဆုံးရှုံးသွားတာ မဟုတ်မှန်း ဟန်ကျွယ် သိလိုက်ရပါတယ်။ စန့်ချွမ်အဂ္ဂဘိုးဘေးက ဟန်ကျွယ်ကို အကြွင်းမဲ့ ယုံကြည်တာကလွဲရင် ကိုယ်ပိုင်အတွေး ရှိနေပါသေးတယ်။
ဟန်ကျွယ်ဟာ စန့်ချွမ်အဂ္ဂဘိုးဘေးကို ပြန်လွှတ်ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ စန့်ချွမ်အဂ္ဂဘိုးဘေးက လီမုယဲ့ဘေးနားမှာနေပြီး သူလျှိုတစ်ယောက် ဖြစ်လာနိုင်ပါတယ်။
အဲဒီနေ့မှာပဲ ဟန်ကျွယ်ဟာ စန့်ချွမ်အဂ္ဂဘိုးဘေးကို အပြင်ဘက် ရွှေ့လိုက်ပါတယ်။ ကျန်းကျွယ်ကလွဲရင် ဒီအကြောင်းကို ဘယ်သူမှ မသိပါဘူး။ လီမုယဲ့ကလည်း တရှီကျဲ့ကမ္ဘာမှာပဲ ရှိနေလောက်ပါသေးတယ်။ မဟုတ်ရင် ဟန်ကျွယ်ဆီ လာလည်တာ ကြာပါပြီ။
‘ဒီလုပ်ဆောင်ချက်က ဘာတန်ကြေးမှ ပေးစရာ မလိုဘူး၊ ငါ့မှာသာ အချိန်ရှိရင် အင်မော်တယ်ကမ္ဘာ တစ်ခုလုံးကို ကျွန်ပြုနိုင်လောက်တယ်…’
မြန်မာပြည် ငြိမ်းချမ်းပါစေ။

Comment

Leave a Reply

Options

not work with dark mode
Reset