အခန်း (၅၄၃) လောကဦး ကောင်းကင်ထောင်၊ ဘုန်းတန်ခိုးကြီးမားသည့် အနန္တကုသိုလ်ကံရှင် ကောင်းကင်တာအိုပညာရှိ
ဟန်ကျွယ်ဟာ တာအိုပညာရှိတွေရဲ့ အမူအရာကို ဂရုမစိုက်ဘဲ တိုက်ခိုက်တာကိုပဲ အာရုံစိုက်ပြီး တာအိုကောင်းကင်မိစ္ဆာရဲ့ ဓမ္မရုပ်တုတွေ အလစ်ဝင်တိုက်မှာကို သတိထား စောင့်ကြပ်ပါတယ်။
နတ်ဘီလူးဓမ္မရုပ်တု ၇၄ ပါးရဲ့ မဟာတာအိုစွမ်းအားအောက်မှာ တာအိုကောင်းကင်မိစ္ဆာဟာ ဘယ်လိုမှ တောင်မခံနိုင်တော့ပါဘူး။ ဒါပေမဲ့ တာအိုကောင်းကင် မိစ္ဆာရဲ့ ခန္ဓာကိုယ်ဟာ ဘယ်လိုပဲ ဆုတ်ပြဲသွားပါစေ တစ်ခဏအတွင်း အကောင်းပကတိ ပြန်ဖြစ်သွားပါတယ်။ ဒီလိုနဲ့ ထပ်ခါထပ်ခါ သံသရာလည်ရင်း တာအိုကောင်းကင်မိစ္ဆာရဲ့ ရောင်ဝါဟာ လျင်မြန်စွာ အားပျော့လာပါတယ်။
တာအိုကောင်းကင်မိစ္ဆာဟာ ဒီအတိုင်း ဆက်ဖိနှိပ်ခံရရင် သေဆုံးမှာ မြေကြီးလက်ခတ်မလွှဲပါပဲ။ ဟန်ကျွယ်ဟာ ဒီအကြောင်းကို သိပေမဲ့လည်း သတိမလွှတ်ရဲပါဘူး။
ကောင်းကင်ဘုံ ၃၃ ဘုံမြောက်ဟာ အေးခဲနေပါတယ်။ ဘယ်နေရာကိုပဲ ကြည့်ကြည့် နက်ပြာတဲ့ ရေခဲတွေချည်းပါပဲ။ မရေမတွက်နိုင်တဲ့ ကောင်းကင်မိစ္ဆာတွေဟာ ရေခဲကို ခွဲထွက်ဖို့ ကြိုးစားရုန်းကန်ကြပါတယ်။ ဒါပေမဲ့ တာအိုကောင်းကင်မိစ္ဆာကလွဲရင် ဘယ်ကောင်းကင်မိစ္ဆာကများ ဟန်ကျွယ်ရဲ့ ကြီးမားကျယ်ပြောတဲ့ ဓမ္မစွမ်းအားကို ခုခံနိုင်စွမ်းရှိမှာလဲ။
ဟန်ကျွယ်ဟာ နတ်ဘီလူးဓမ္မရုပ်တုတွေရဲ့ အထက်ကို ဖြည်းဖြည်းချင်း ပျံတက်သွားပြီး တိုက်ပွဲကို အထက်စီးကနေ ငုံ့ကြည့်လိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ တာအိုပညာရှိ အာရုံကို ဖြန့်ကျက်ပြီး တာအိုကောင်းကင်မိစ္ဆာရဲ့ ဓမ္မရုပ်တုတွေ ရောက်လာမှာကို စောင့်ဆိုင်းပါတယ်။
မဟာတာအို စွမ်းအားအမျိုးမျိုးဟာ တာအိုကောင်းကင်မိစ္ဆာရဲ့ ကျိုးပျက်နေတဲ့ ခန္ဓာကိုယ်အပေါ်ကို ဆက်တိုက်ကျဆင်းပါတယ်။ မတူညီတဲ့ အလင်းရောင်မျိုးစုံကလည်း ဆက်တိုက် ထွက်ပေါ်နေပါတယ်။ ဒီအလင်းရောင်မျိုးစုံဟာ ရေခဲတွေရဲ့ အလင်းယိုင်မှုကြောင့် ကောင်းကင်ဘုံ ၃၃ ဘုံမြောက်ဟာ ထူးဆန်းပြီး လျှို့ဝှက်ဆန်းကြယ်တဲ့ အိပ်မက်နယ်မြေတစ်ခုလို ဖြစ်သွားပါတယ်။
တာအိုပညာရှိတွေဟာ တာအိုကောင်းကင်မိစ္ဆာ ဖိနှိပ်ခံနေရတာကို တွေ့ပေမဲ့ သတိမလွှတ်ဘဲ တာအိုကောင်းကင်မိစ္ဆာကိုသာ မျက်တောင်မခတ်တမ်း စိုက်ကြည့်နေပါတယ်။ တာအိုကောင်းကင်မိစ္ဆာရဲ့ ကုသနိုင်စွမ်းက တခြားကောင်းကင်မိစ္ဆာတွေထက် အများကြီး ပိုကြမ်းပါတယ်။ သူ့ခန္ဓာကိုယ်က ဆက်တိုက်ကို ပြန်ကောင်းနေတာပါ။ ဝါးမြိုနတ်ဘီလူးရဲ့ ဝါးမြိုစွမ်းအားက တာအိုကောင်းကင်မိစ္ဆာရဲ့ ပြန်ကောင်းတဲ့အလျင်ကို မမီပါဘူး။
ဒီလိုနဲ့ အသက်ရှူကြိမ် အကြိမ်နှစ်ဆယ် ပြည့်ခါနီးမှာ အခြေအနေဟာ ရုတ်တရက် ပြောင်းလဲသွားပါတယ်။
ဟန်ကျွယ်ဟာ အလွန်အားကောင်းတဲ့ သတ်ဖြတ်ငွေ့ကို ဘေးနှစ်ဖက်ကနေ ခံစားလိုက်ရတဲ့အတွက် ချက်ချင်း နေရာရွှေ့ပြီး ရှောင်တိမ်းလိုက်ပါတယ်။ ဟန်ကျွယ်ဟာ ရှောင်တိမ်းပြီးတာနဲ့ လှည့်ကြည့်လိုက်တဲ့အခါ တာအိုကောင်းကင်မိစ္ဆာနှစ်ကောင် သူ့အရင်နေရာမှာ ဝင်တိုက်မိတာကို တွေ့လိုက်ရပါတယ်။ ဒီနှစ်ကောင်က တာအိုကောင်းကင်မိစ္ဆာရဲ့ မူလခန္ဓာကိုယ်နဲ့ တစ်ပုံစံတည်းပါပဲ။
တာအိုပညာရှိတွေဟာ မျက်လုံးပြူးသွားပါတယ် ‘တာအိုကောင်းကင်မိစ္ဆာက တစ်ကောင်ထက် ပိုပြီးတော့ ရှိနေတာလား…’
ချုံရှီလိုင်ဟာ ပိုပြီးတော့ ကြက်သေသေသွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တာအိုကောင်းကင်မိစ္ဆာရဲ့ ဓမ္မရုပ်တုနှစ်ခုကို အရင်တိုက်ပွဲတွေမှာ တစ်ခါမှ မတွေ့ခဲ့ရလို့ပါပဲ။ တကယ်လို့ အဲဒီတိုက်ပွဲတွေမှာ ဒီဓမ္မရုပ်တုနှစ်ခုသာ တစ်ချိန်တည်း ပေါ်လာခဲ့မယ်ဆိုရင်…။
ချုံရှီလိုင်ဟာ ဆက်ပြီးတော့ မတွေးရဲတော့ပါဘူး။ ချုံရှီလိုင်ဟာ တစ်ကိုယ်လုံး အေးစိမ့်တက်သွားပြီး ရင်ထဲမှာလည်း တုန်လှုပ် ချောက်ချားသွားပါတယ်။
နတ်ဘီလူး ဓမ္မရုပ်တု ၇၄ ပါးဟာ တာအိုကောင်းကင်မိစ္ဆာကို ဆက်ပြီးတော့ ဖျက်ဆီးပါတယ်။ ဟန်ကျွယ်ကတော့ တာအိုကောင်းကင်မိစ္ဆာရဲ့ ဓမ္မရုပ်တုနှစ်ပါးနဲ့ တိုက်ခိုက်ဖို့ ပြင်ဆင်ပါတယ်။
မဟာညီညွတ်မှု ရုပ်သွင်က ဟန်ကျွယ်ရဲ့ စွမ်းအားတွေထဲက တစ်ခုပါ။ ဟန်ကျွယ်ဟာ တိုက်ပွဲထဲမှာ ဒီတစ်ခုတည်းကိုပဲ အသုံးပြုတာ မဟုတ်ပါဘူး။
ဟန်ကျွယ် ညာလက်မြှောက်လိုက်တဲ့အခါ ဟွမ်သွမ့်ဓား ပေါ်လာပါတယ်။ ဟန်ကျွယ်ဟာ ညာလက်ကို အသာလှုပ်ခါလိုက်တဲ့အခါမှာ ဟွမ်သွမ့်ဓားကနေ မရေမတွက်နိုင်တဲ့ ဓားအရိပ်တွေဟာ ငွေရောင်ကြာပန်းလိုမျိုး တောက်ပခမ်းနားစွာ ထွက်ပေါ်လာပါတော့တယ်။
ပြိုင်ဘက်ကင်း ဓားချီ။
တာအိုကောင်းကင်မိစ္ဆာရဲ့ ဓမ္မရုပ်တု တစ်ပါးဟာ ရှေ့ဆက်တိုးနေရာက ရုတ်တရက် ရပ်ပြီး သူ့ရဲ့ နီရဲနေတဲ့ ပါးစပ်ကို ဟလိုက်ပါတယ်။ တာအိုကောင်းကင်မိစ္ဆာရဲ့ ပါးစပ်ထဲကနေ ကြောက်မက်ဖွယ် ရန်ငြိုးရောင်ဝါတွေ ထွက်ပေါ်လာပါတယ်။ ဒီရောင်ဝါတွေက နီရဲပြီး အလွန်ကြောက်စရာ ကောင်းလှသလို မိုးကောင်ကင်နဲ့ မြေကြီးကို ဆက်သွယ်ထားတဲ့ မြစ်ကြီးတစ်စင်းလိုမျိုး ကြီးမား ကျယ်ပြန့်လှပါတယ်။
“ဝုန်း…”
ဓားချီနဲ့ ရန်ငြိုးမြစ် တိုက်မိရာကနေ ထွက်ပေါ်လာတဲ့ အရှိန်ဟာ ရေခဲတွေကို လှုပ်ခတ်သွားစေပါတယ်။
ဟန်ကျွယ်ဟာ မျက်ခုံးပင့်တက်သွားပါတယ် ‘ဒီကောင်ရဲ့ ရန်ငြိုးရောင်ဝါက ငါ့ရဲ့ ဓားချီကိုတောင် ပျော်ကျအောင် လုပ်နိုင်ပါ့လား…’
ဟန်ကျွယ်ဟာ ကမ္ဘာဖျက်ကြာနက်ကို ထုတ်ယူပြီး တာအိုကောင်းကင်မိစ္ဆာရဲ့ ဓမ္မရုပ်တုကို တိုက်ခိုက်လိုက်ပါတယ်။ တာအိုကောင်းကင်မိစ္ဆာ အန်ထုတ်လိုက်တဲ့ ရန်ငြိုးရောင်ဝါတွေကို ကမ္ဘာဖျက်ကြာနက်က တိုက်ရိုက် စုပ်ယူပြီး တာအိုကောင်းကင်မိစ္ဆာဆီ အလွန်လျင်မြန်တဲ့အလျင်နဲ့ ချဉ်းကပ်သွားပါတယ်။
တခြား တာအိုကောင်းကင်မိစ္ဆာဟာလည်း ရုတ်တရက် ပျောက်ကွယ်သွားပြီး ဟန်ကျွယ်ရဲ့ နောက်ဘက်မှာ ပေါ်လာပါတယ်။ ရုတ်ခြည်းဆိုသလိုပဲ ဟန်ကျွယ်ဟာ ဘေးနားပတ်ဝန်းကျင်က အာကာသနိယာမတွေ ခဲသွားတာကို ခံစားမိလိုက်ပြီး အရပ်ဆယ်မျက်နှာကနေ ကြီးမားတဲ့ ဖိအားတစ်ခု ထွက်ပေါ်လာတာကို ခံစားလိုက်ရပါတယ်။
ဟန်ကျွယ်ဟာ မဟာနတ်အရိပ်သိုင်းကို အသုံးပြုပြီး အရိပ်ကိုးခု ခွဲထုတ်ကာ တာအိုကောင်းကင်မိစ္ဆာရဲ့ ဒုတိယဓမ္မရုပ်တုကို တိုက်ခိုက်လိုက်ပါတယ်။ ဒုတိယ တာအိုကောင်းကင်မိစ္ဆာဟာ ရုတ်တရက် မျက်လုံးပြူးလိုက်ပါတယ်။ ချက်ချင်းဆိုသလိုပဲ ပဋိပက္ခ အာကာသ နိယာမတွေဟာ မျက်စိနဲ့ မြင်နိုင်လောက်တဲ့အထိ လှုပ်ခတ်သွားပြီး ဟန်ကျွယ်ရဲ့ အရိပ်ကိုးပါးဟာ နှေးကွေးသွားပါတယ်။
‘တစ်ကောင်က ရန်ငြိုးတွေကို အသုံးပြုတယ်၊ နောက်တစ်ကောင်က အာကာသကို ခဲနိုင်တယ်၊ ဒီကောင်တွေရဲ့ စွမ်းအားက မူလခန္ဓာကိုယ်နဲ့ မတူဘူးပဲ’ ဟန်ကျွယ်ဟာ တာအိုကောင်းကင်မိစ္ဆာတွေက စွမ်းအားသုံးလေးမျိုးကို အသုံးပြုနိုင်လို့ အထိတ်တလန့် မဖြစ်ပါဘူး။
တာအိုကောင်းကင်မိစ္ဆာရဲ့ မူလခန္ဓာကိုယ် ရောင်ဝါဟာ တဖြည်းဖြည်း ပိုအားနည်းလာပြီး မဟာညီညွတ်မှု ရုပ်သွင်ကို ဘယ်လိုမှ ဆက်ပြီးတော့ တောင့်မခံနိုင်အောင် ဖြစ်လာပါတယ်။ မူလခန္ဓာကိုယ်သေတာနဲ့ ဓမ္မရုပ်တုလောက်က ဘာမှကြောက်စရာ မရှိတော့ပါဘူး။
ဒီအချိန်မှာပဲ တာအိုပညာရှိတွေဟာ တစ်ယောက်ပြီး တစ်ယောက် တိုက်ခိုက်ကာ တာအိုကောင်းကင်မိစ္ဆာရဲ့ ဒုတိယဓမ္မရုပ်တုကို ထိန်းထားလိုက်ပါတယ်။ တာအိုပညာရှိတွေဟာ ဟန်ကျွယ်ရဲ့ ကမ္ဘာဖျက်ကြာနက်က တာအိုကောင်းကင်မိစ္ဆာရဲ့ ပထမဓမ္မရုပ်တုကို ဖိနှိပ်နိုင်မှန်း သိတဲ့အတွက် ဒုတိယဓမ္မရုပ်တုကို ကောက်ထိန်းထားလိုက်တာ ဖြစ်ပါတယ်။
ဟန်ကျွယ်ဟာ တာအိုကောင်းကင်မိစ္ဆာရဲ့ ဒုတိယဓမ္မရုပ်တုကို ဂရုစိုက်စရာ မလိုတော့တာနဲ့ ကမ္ဘာဖျက်ကြာနက်ကို ထိန်းချုပ်ပြီး တာအိုကောင်းကင်မိစ္ဆာရဲ့ ပထမဓမ္မရုပ်တုကို ဖိနှိပ်လိုက်ပါတယ်။ တာအိုကောင်းကင်မိစ္ဆာရဲ့ ပထမဓမ္မရုပ်တုက ဘယ်လို ဆန်းကြယ်စွမ်းအားပဲသုံးသုံး အကုန်လုံးကို ကမ္ဘာဖျက်ကြာနက်က စုပ်ယူပါတယ်။
“ဝုန်း…”
ဒီအချိန်မှာပဲ တာအိုကောင်းကင်မိစ္ဆာရဲ့ မူလခန္ဓာကိုယ်ဟာ လုံးဝကွဲကြေသွားပါတယ်။ ဒါပေမဲ့ နောက်ထပ်တစ်စက္ကန့်အတွင်းမှာပဲ တာအိုကောင်းကင်မိစ္ဆာရဲ့ ခြေထောက်တွေက အကောင်းပကတိ ပြန်ဖြစ်သွားပါတယ်။ ဒါပေမဲ့ ဒီခြေထောက်တွေက တာအိုကောင်းကင်မိစ္ဆာကို ဆက်ပြီးတော့ ထောက်ပံ့နိုင်လောက်တဲ့အထိ အင်အား မရှိတော့ပါဘူး။
“မင်း ဘယ်သူလဲ…” တာအိုကောင်းကင်မိစ္ဆာရဲ့ အသံဟာ ကောင်းကင်ဘုံ ၃၃ ဘုံမြောက်မှာ ပဲ့တင်ထပ်သွားပါတယ်။
ဒါပေမဲ့ ဟန်ကျွယ်ဟာ ဘာမှပြန်မဖြေပါဘူး။ ရုတ်တရက်ဆိုသလို နတ်ထူးဆန်းဟာ ကမ္ဘာဖျက်ကြာနက်ထဲကနေ ပျံထွက်လာပါတယ်။ တာအိုပညာရှိတွေဟာ နတ်ထူးဆန်းကို မမြင်နိုင်ပေမဲ့ တာအိုကောင်းကင်မိစ္ဆာကတော့ နတ်ထူးဆန်းကို မြင်နိုင်ပါတယ်။
“မဟုတ်ဘူး…” တာအိုကောင်းကင်မိစ္ဆာဟာ သူ့ဆီပြေးလာတဲ့ နတ်ထူးဆန်းကို ကြည့်ပြီး ကြောက်လန့်တကြား အော်ဟစ်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ နတ်ထူးဆန်းကို မထိခိုက်အောင် နတ်ဘီလူးဓမ္မရုပ်တုတွေကို အတိအကျ ထိန်းချုပ်လိုက်ပါတယ်။
တာအိုကောင်းကင်မိစ္ဆာရဲ့ ခြေထောက်တွေဟာ ထပ်ပြီးတော့ ဝါးမြိုခံရပြီး အမှုန့်ဖြစ်သွားပါတယ်။ တာအိုကောင်းကင်မိစ္ဆာဟာ ရုတ်တရက်ဆိုသလို အနက်ရောင်အလုံးအသွင် ပြောင်းလဲပြီး ထွက်ပြေးဖို့ ကြိုးစားပါတယ်။
ဒါပေမဲ့ အိပ်မက်ဆိုးနတ်ဘီလူးဟာ အနက်ရောင်အလုံးကို ကောက်ဖမ်းလိုက်ပါတယ်။ ဒီအချိန်မှာပဲ နတ်ထူးဆန်းဟာ တာအိုကောင်းကင်မိစ္ဆာ အသွင်ပြောင်းထားတဲ့ အနက်ရောင်အလုံးဆီ ရောက်လာပြီး ဝါးမြိုလိုက်ပါတယ်။ တစ်ချိန်တည်းမှာပဲ တာအိုကောင်းကင်မိစ္ဆာရဲ့ တခြားဓမ္မရုပ်တုနှစ်ပါးဟာ အော်ဟစ်ရင်း အမှုန့်ဖြစ်သွားပါတယ်။
ရေခဲတွေထဲမှာ ခဲနေတဲ့ ကောင်းကင်မိစ္ဆာတွေဟာလည်း အမှုန့်ဖြစ်သွားပါတယ်။
ကောင်းကင်ဘုံ ၃၃ ဘုံမြောက်ဟာ လုံးဝကို တိတ်ဆိတ်သွားပါတယ်။
ဟန်ကျွယ်ဟာ စိတ်မလျှော့ဘဲ ကောင်းကင်ဘုံ ၃၃ ဘုံမြောက်ကို လျှောက်ပတ်ရင်း အသွင်တူလက်ရည်စမ်းပွဲနဲ့ ဘေးနားပတ်ဝန်းကျင်က ရန်သူတွေကို စစ်ဆေးပါတယ်။
တာအိုပညာရှိတွေဟာ ဟန်ကျွယ်ရဲ့ အပြုအမှုကို နားမလည်နိုင်တာကြောင့် ဟန်ကျွယ်ကို ရင်တထိတ်ထိတ်နဲ့ ကြည့်နေပါတယ် ‘တာအိုကောင်းကင်မိစ္ဆာက အသက်ရှင်နေသေးတာလား…’
[သင်သည် ကောင်းကင်မိစ္ဆာများ အားလုံးကို သတ်ဖြတ်လိုက်သဖြင့် မဟာတာအို အပိုင်းအစ တစ်စ၊ အကောင်းစား ရတနာတစ်ပါးနှင့် စနစ်၏ လုပ်ဆောင်ချက် အသစ်တစ်ခုအား အသက်သွင်းရန် အခွင့်အရေးတစ်ကြိမ်အား ဆုလာဘ်အဖြစ် ရရှိပါသည်။]
[အကောင်းစား လွတ်လပ်ရတနာ ကောင်းကင်မိစ္ဆာ နှလုံးကာကျောက်စိမ်းကို ရရှိခြင်းအတွက် ဂုဏ်ယူပါသည်။]
[ကောင်းကင်မိစ္ဆာ နှလုံးကာကျောက်စိမ်း: အကောင်းစား လွတ်လပ်ရတနာ ဖြစ်ပြီး ခုခံနိုင်စွမ်း အလွန်ကောင်း၏။ ထို့အပြင် ကောင်းကင်မိစ္ဆာအား ဆင့်ခေါ်၍ လွတ်လပ်တာအိုပညာရှိတစ်ပါး၏ တိုက်ချက်တစ်ချက်ကို ခုခံနိုင်သည်။]
[စနစ်၏ လုပ်ဆောင်ချက်အသစ် လောကဦး ကောင်းကင်ထောင်ကို အသက်သွင်းလိုက်ခြင်းအတွက် ဂုဏ်ယူပါသည်။]
[လောကဦး ကောင်းကင်ထောင်: တာအိုစက်ကွင်းထဲ၌သာ တည်ရှိနိုင်ပြီး အကျဉ်းချထားသော မည်သည့်တည်ရှိမှုမဆို တာအိုစက်ကွင်း၏ ကျေးကျွန်ဖြစ်လာအောင် ဖိနှိပ်နိုင်၏။ သူတို့ကျင့်ကြံမှုအပေါ် မူတည်ပြီး အချိန်ကွာခြားမှု ရှိသည်။ သူတို့၏ သေခြင်းရှင်ခြင်းကို တာအိုစက်ကွင်းသခင်က အချိန်မရွေး ထိန်းချုပ်နိုင်သည်။ လောကဦး ကောင်းကင်ထောင်သည် တစ်ကြိမ်လျှင် တစ်ယောက်သာ အကျဉ်းချနိုင်၏။]
ဟန်ကျွယ်ဟာ သူ့ရှေ့က စာကြောင်းတွေကို မဖတ်အားပါဘူး။ ကောင်းကင်ဘုံ ၃၃ ဘုံမြောက်မှာ ဆက်တိုက် ရွှေ့ပြောင်းရင်း စွမ်းအားကြီး ရန်သူမရှိတော့ဘူးဆိုတာ သေချာမှ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပါတယ်။
“ကောင်းကင်မိစ္ဆာ ကပ်ဘေးက ပြီးဆုံးသွားပြီ၊ တာအိုရောင်းရင်းတို့ မစိုးရိမ်တော့နဲ့” စကားဆုံးတာနဲ့ ဟန်ကျွယ်ဟာ နတ်ထူးဆန်းကို ပြန်ခေါ်ပြီး တာအိုစက်ကွင်းထဲ ပြန်ခုန်ဝင်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ တာအိုဘုံကျောင်းထဲကို ပြန်ရောက်တာတောင် ရင်ထိတ်တာ မပြေသေးပါဘူး ‘နောက်ဆုံးတော့ ပြီးသွားပြီ… တော်တော် ကျောချမ်းဖို့ ကောင်းတာပဲ’
ဒီတိုက်ပွဲမှာ တခြားတာအိုပညာရှိတွေက တော်တော်လေး အကျိုးဆောင်ခဲ့တာကြောင့် ဟန်ကျွယ်ဟာ ကောင်းကင်တာအိုပညာရှိတွေကို အမြင်ပိုကြည်သွားပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ဟာ ကောင်းကင်တာအိုပညာရှိတွေကို ၁၀၀ ရာခိုင်နှုန်းတော့ ယုံကြည်မှာ မဟုတ်ပါဘူး။
ဒီအချိန်မှာပဲ ကျယ်လောင်တဲ့ အသံတစ်သံဟာ အနန္တကမ္ဘာကို ပဲ့တင်ထပ်သွားပါတယ်။
“ကောင်းကင်မိစ္ဆာ ကပ်ဘေးကို ရှင်းလင်းပြီးပြီ၊ ဒီကပ်ဘေးမှာ တိတ်ဆိတ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်က အကျိုးထူးအများကြီး ဆောင်ခဲ့တယ်၊ ဒါကြောင့် ငါ ချုံရှီလိုင်က တာအိုဂိုဏ်းရဲ့ ဂိုဏ်းချုပ်နာမည်နဲ့ ကောင်းကင်တာအို နာမည်ကို အသုံးပြုပြီး တိတ်ဆိတ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကို ဘုန်းတန်ခိုးကြီးမားတဲ့ အနန္တကုသိုလ်ကံရှင် ကောင်းကင်တာအိုပညာရှိဘွဲ့ ချီးမြှင့်တယ်၊ သက်ရှိအားလုံးက တိတ်ဆိတ်ဂိုဏ်းချုပ်ရဲ့ အကျိုးဆောင်မှုကို အမြဲတမ်း အမှတ်ရဖို့ ငါ မျှော်လင့်တယ်၊ အခုအချိန်ကစပြီး တာအိုဂိုဏ်းနဲ့ တိတ်ဆိတ်ဂိုဏ်းက ဆက်ဆံရေးကောင်းပြီး အရင်က ရန်ငြိုးမှန်သမျှကို သင်ပုန်းချေလိုက်ပြီ”
ဟန်ကျွယ်ဟာ မှင်သက်သွားပါတယ် ‘ဒီကောင်…’
ဟန်ကျွယ်ဟာ ချုံရှီလိုင်က လောကကို ဒီလိုမျိုး ကြော်ငြာလိမ့်မယ်လို့ ထင်မထားပါဘူး။ ဒါပေမဲ့ သေချာစဉ်းစားကြည့်ရင် ဒါက ယုတ္တိမရှိတာတော့ မဟုတ်ပါဘူး။
တာအိုပညာရှိတွေဟာ ဟန်ကျွယ်ရဲ့ အစွမ်းကို မြင်ပြီးနောက်မှာ ဟန်ကျွယ်ကို ဘယ်သူမှ ပြဿနာလာရှာရဲတော့မှာ မဟုတ်ပါဘူး။ ဒီတော့ ဟန်ကျွယ်ကို ဘွဲ့ထူးဂုဏ်းထူးတွေနဲ့ နှစ်သိမ့်ပေးပြီး ရန်ငြိုးတွေကို ချေဖျက်တာက သူတို့အတွက် အကောင်းဆုံး အစီအစဉ်ပါ။ ဒီလိုနည်းနဲ့ ဟန်ကျွယ်ကို မျက်နှာသာပေးရာ ရောက်သလို သူတို့ရဲ့ ရေစက်ဆိုးတွေကိုလည်း တစ်ခါတည်း ချေဖျလိုက်ပါတယ်။ ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင် ပစ်လိုက်တာပါ။ တာအိုပညာရှိတွေလို့ မပြောရပါဘူး။
မြန်မာပြည် ငြိမ်းချမ်းပါစေ။