Switch Mode

Chapter – 82

လေးစားမှုဖြင့်ပေးသော လက်ဆောင်

Chapter – 82
“လေးစားမှုဖြင့်ပေးသောလက်ဆောင်လေး”

ရဲရှောင် အနည်းငယ် ပြုံးလိုက်ပြီးနောက် –
“ဒါနဲ့ အိမ်ရှေ့မင်းသားက မင်းကိုရော ဖိတ်လား . . .”
ဇုဝူကျီမှ ရဲရှောင်အား မနာလိုဟန်ဖြင့် မျက်စောင်းထိုးလိုက်ပြီး –
“မဖိတ်ပါဘူး . . .”
ရဲရှောင် ကျယ်လောင်စွာ ရယ်မောလိုက်ကာ –
“မဖိတ်ဘူးလား . . . သူက လန်လန့်လန့်ကိုလည်း မဖိတ်ဘူးလေ။ ကြည့်ရတာ မင်းတို့ကို မဖိတ်ဘဲ ငါ့ကို ဖိတ်တယ်ဆိုတော့ တစ်ခုခုပဲ ဟားဟား . . .”
ဇုဝူကျီမှ မျက်နှာပျက်ယွင်းစွာဖြင့် –
“ဟုတ်တယ် . . . သူက မင်းကို တော်တော် တန်ဖိုးထားနေသလိုပဲ . . .”
“ဟားဟား ဟားဟား . . .”
ရဲရှောင်လည်း ကျယ်လောင်စွာ ရယ်မောရင်း မြင်းကို ဒုန်းဆိုင်းစီးကာ ထွက်ခွာသွားလေ၏။
ထိုသို့ဖြင့် လမ်းတစ်လျှောက်တွင် လူအများအပြားသည် အိမ်ရှေ့မင်းသားမှ စစ်သူကြီးရဲ၏ သားဖြစ်သူ ရဲရှောင်အား နိုင်ငံရေး အခြေအနေများ ဆွေးနွေးရန်အတွက် ညစာစားရန် ဖိတ်ကြားလိုက် သည့် သတင်းကို သိရှိသွားကြပါတော့သည်။
“အိမ်ရှေ့မင်းသားက ဒီဆန်ကုန်မြေလေးကောင်ကို ဘာလို့ ဖိတ်တာလဲ . . . သူက မြို့ထဲက လူဆိုး ၃ ယောက်ထဲက တစ်ယောက်လေ . . . ဒီလိုကောင်မျိုးနဲ့ အိမ်ရှေ့မင်းသားက ဘာနိုင်ငံရေးရာကို ဆွေးနွေးမှာလဲ . . .”
“ဟမ့် . . . မင်းကလည်း ဘာမှ မသိဘဲနဲ့ကွာ . . . သူက အရူးတစ်ကောင် ဆိုပေမဲ့ သူ့အဖေက စစ်သူကြီးရဲလေ . . .”
“ဟုတ်သားပဲ . . .”
“မင်းသားက ရဲရှောင်ကို ညစာစားဖို့ ဖိတ်တယ်ဆိုတာ တစ်ခုခုတော့ တစ်ခုခုပဲ။ မင်းတို့သိတဲ့ အတိုင်း ရဲရှောင်က ဗရုတ်သာ ကျတာ ခပ်ဖြောင့်ဖြောင့် မဟုတ်လား . . .”
“ဒီလိုဆိုရင် . . . ဟဲဟဲ . . . တော်ပါပြီ အတင်းမပြောတော့ပါဘူး . . .”
“ငါ့ရင်ထဲက စကားပါကွ။ အတင်းပြောတာရယ်လို့ မဟုတ်ပါဘူး ဟားဟား ဟားဟား . . .”
. . . . . .
အိမ်ရှေ့မင်းသား၏ နန်းတော်အတွင်း . . .
အိမ်ရှေ့မင်းသား၏ ကြင်ယာတော် အိမ်ရှေ့မင်းသမီးသည် အဖြူရောင် ၀တ်ရုံကို ၀တ်ဆင်ထားပြီး အေးစက်စက် မျက်နှာထားဖြင့် ခုံတစ်ခုံတွင် ထိုင်နေလေ၏။ ထိုကဲ့သို့ အေးစက်စက် အမူအယာဖြင့် ရှိနေသည့်တိုင် ချောမောလှပစွာ ရှိနေတုန်းပင် ဖြစ်၏။
“ရဲရှောင် မကြာခင် လာမှာလား . . .”
သူမ၏ မျက်လုံးထဲတွင် ရန်မူလိုသော အရိပ်အယောင် အပြည့် ရှိနေလေ၏။
(ငါ့အစ်ကိုက သေခဲ့ရပြီ။ ရဲရှောင်လက်ထဲ သေခဲ့ရတာ . . . ဒါတွေအားလုံးက ရဲရှောင်ကြောင့်ပဲ၊ င့ါဦးလးက ငါ့မျိုးနွယ်က လူတွေကို လွှတ်ပြီး ကလဲ့စားချေခိုင်းခဲ့တယ်။ အဲဒီလူ ၈ ယောက်လုံး ရဲအိမ်တော် မှာ သေခဲ့ရပြန်တယ်။ နောက်ပြီး ငါတို့လူတွေ အားလုံး မြို့ပြင်မှာ သေကြရပြန်တယ် . . .
ဒီလောက်ထိ အမုန်းတရားတွေ ပြည့်နေတဲ့ ငါ့ရင်ထဲ ဘယ်တော့မှ ကျေအေးနိုင်မှာ မဟုတ်ဘူး)
“သိပ်မကြာခင် ရောက်မှာပေါ့ . . .”
အိမ်ရှေ့မင်းသား ပြောလိုက်သည်။ ထို့နောက် မျက်မှောင်ကြုတ်လိုက်ရင်း –
“အမှန်တရားက ဒီနေ့ည ပေါ်မှာပါ . . . စိတ်အေးအေးထား . . .”
“အမှန်တရားတွေ ဘာတွေ ကျွန်မ ဂရုမစိုက်ဘူး။ သူ ဒီည သေကို သေရမယ် . . .”
အိမ်ရှေ့မင်းသမီးသည် ရူးသွပ်သလိုပင် ဖြစ်နေလေ၏။ သွေးများ ပွက်ပွက်ဆူလျက် ရှိနေပြီး မျက်နှာသည်လည်း တင်းမာခက်ထန်လျက် ရှိ၏။ ရဲရှောင်အား သူမ၏ အသွေးထဲ အသားထဲကပါ မုန်းတီးနေခြင်း ဖြစ်ပါသည်။
“တကယ်ကြီး အဲဒီလောက်ထိ လိုအပ်လို့လား . . .”
အိမ်ရှေ့မင်းသား စိတ်မချမ်းသာဟန်ဖြင့် မေးလိုက်သည်။
“ဘာတွေ ဖြစ်ပျက်ခဲ့သလဲ ဆိုတာကိုတောင် ငါတို့ အတိအကျ မသိသေးဘူး။ ရဲရှောင်ရဲ့ အမှားလည်း ဟုတ်ချင်မှ ဟုတ်မှာပေါ့ . . . သူ့အနေနဲ့ ဒီလို လုပ်ချင်ရင်တောင်မှ လုပ်နိုင်တဲ့ အစွမ်းမှ မရှိတာပဲ . . .”
“ကျွန်မ ဂရုမစိုက်ဘူး . . . သူမလုပ်ရင်တောင်မှ ကျွန်မ သူသေတာပဲ လိုချင်တယ် . . .”
အိမ်ရှေ့မင်းသမီး အံကြိတ်၍ ပြောလိုက်သည်။
အိမ်ရှေ့မင်းသားမှာ မျက်မှောင်ကြုတ်လျက် စိတ်ရှုပ်ထွေးသည့် အမူအယာဖြင့် –
“မင်းကတော့ တကယ်ပါပဲ . . .”
“ကျွန်မအစ်ကိုသေတာ သူ့ကြောင့် မဟုတ်ဘူးလား . . . ကျွန်မရဲ့ မျိုးနွယ်က လူဒါဇင်ပေါင်းများစွာ သူ့ကြောင့် သေတာ မဟုတ်ဘူးလား . . . သူတို့သာ မလာရင် သေစရာ အကြောင်း ရှိမှာ မဟုတ်ဘူး။ သူ့ကြောင့် အစောင့်လေးယောက် သေရတာရော . . .”
မင်းသမီး အော်ပြောလိုက်သည်။ အကြောင်းပြချက်များအား သူမမလိုချင်သည့် ဟန်ပန်ပါပင်။
အိမ်ရှေ့မင်းသား သက်ပြင်းချလိုက်ပြီး –
“မင်းကတော့ ရူးသွားပြီ . . .”
ထိုကဲ့သို့ ပြောလိုက်ပြီးနောက် လှည့်၍ ထွက်သွားလေ၏။
သူထွက်သွားရန် ပြင်နေချိန်မှာပင် အစောင့်တစ်ယောက်မှ –
“မင်းသား . . . ရဲရှောင် နန်းတော်ကို လာနေပါတယ်။ သူက လမ်းတစ်လျှောက်လုံး မှာလည်း မင်းသားကနေ သူ့ကို နိုင်ငံရေးရာတွေ ဆွေးနွေးဖို့အတွက် ညစာဖိတ်ကျွေးတယ် ဆိုပြီးတော့ လူတိုင်းကို လျှောက်ပြောခဲ့ပါတယ်။ သူလာရာ လမ်းက လူတွေ အကုန်လုံးကလည်း ဒီအကြောင်းကို သိထားပြီးကြပါပြီ။ သူတို့အားလုံးကလည်း ရဲရှောင်ပြောသလိုပဲ ယုံကြည်နေကြတယ် . . .”
မင်းသားလည်း အစောင့်ပြောသည့် စကားကို ကြားသောအခါ မျက်နှာပျက်ယွင်းသွားပြီး လေသံ တီးတိုးဖြင့် –
“မျိုးမစစ်ကောင် . . .”
သူ၏ နောက်တွင် မင်းသမီးလည်း ရှိနေပြီး အစောင့်၏ စကားကြောင့် သူမပင် အံ့သြသွားခဲ့လေ၏။
(ဒီရဲရှောင် ဆိုတဲ့ အကောင်က တကယ် အံ့သြစရာပဲ . . . ဘာမှတောင် မပြောရသေးဘူး သူက တစ်ကမ္ဘာလုံးကို ကြေညာပြီးနေပြီ။ အခု တစ်မြို့လုံး ဒီသတင်းကို သိသွားကြပြီပေါ့ . . .
ငါကမင်းကို ညစာကျွေးဖို့ ဖိတ်တယ်တဲ့လား . . . ထားပါတော့ ငါကမင်းကို ညစာကျွေးဖို့ ဖိတ်တယ်ပဲထားဦး . . . နိုင်ငံရေးရာတွေ ဆွေးနွေးဖို့ပဲ ဖြစ်ရဦးမယ်။ စောက်ရူးပဲ . . . မင်းနဲ့ငါက ဘာနိုင်ငံရေးရာများ ဆွေးနွေးရဦးမှာလဲ . . . မင်းက ငါ့ကို အထင်သေးနေတာလား အရူးထနေတာလား မသဲကွဲဘူး . . .)
အိမ်ရှေ့မင်းသား စိတ်ညစ်သွားမိသည်။
“ဒီရဲရှောင်ဆိုတဲ့ ကောင်ကတော့ တကယ် ရွံ့စရာ ကောင်းတယ်။ သူဒီလို သတင်းဖြန့်လိုက်လို့ ငါတို့က သူ့ကို ဘာမှ မလုပ်နိုင်ဘူးများ ထင်နေတာလားမသိဘူး . . . သူ့ကိုယ်သူ ဘာများ ထင်နေလဲ မသိဘူး . . .”
မင်းသမီးလည်း မဲ့ရွဲ့၍ ပြောလိုက်သည်။ သူမ၏ အသံမှာလည်း သတ်ဖြတ်ချင်သော အငွေ့အသက်များ အပြည့်ပါပင်။
“ငါတို့ တကယ်လည်း သူ့ကို ဘာမှ လုပ်လို့မရဘူး။ စစ်သူကြီးရဲရဲ့ သားဖြစ်တယ် ဆိုတဲ့အချက်နဲ့ တင် ကိစ္စက ပြတ်နေပြီ . . .”
အိမ်ရှေ့မင်းသားလည်း ခေါင်းကိုက်နေဟန်ဖြင့် ပြောလိုက်သည်။
“ဒါဆို ဒါကကျွန်မတို့ သူ့ကို ဘာမှ လုပ်လို့မရဘူးဆိုတဲ့ ပထမ အကြောင်းပြချက်ပေါ့ . . . ဒုတိယ အချက်ကတော့ သူ့ကို အထောက်အပံအကူအညီ ပေးနေတဲ့ ဉာဏ်ကြီးရှင် တစ်ယောက်ယောက် ရှိနေမှာကို ကြောက်တာပဲ။ ကျွန်မတို့ နောက်တစ်နည်း စဉ်းစားကြရဦးမယ် ထင်တယ် . . .”
အိမ်ရှေ့မင်းသား ပြုံးလိုက်ပြီး –
“သူ့ကို ငါတို့ အထင်သေးလို့တော့ မရဘူးနော် . . . သူက လူတွေကို အသိပေးခဲ့တယ် ဆိုကတည်းက ငါတို့ဒုက္ခရောက်စရာပဲ . . .”
အိမ်ရှေ့မင်းသား၏ စိတ်ထဲ ရဲရှောင်အား အနည်းငယ် အထင်ကြီးမိသွားသည်။
(ဒီကောင်လေးက တကယ်တော့ လူဆိုးဂျပိုး တစ်ယောက် မဟုတ်ဘူးပဲ။ ဉာဏ်တော်တော် ကောင်းတယ် . . .)
“အခြေအနေကတော့ ရှင်းသွားပြီ။ ငါတို့ ရဲရှောင်အပေါ် ဘယ်လို သဘောထားတယ် ဆိုတာကို သိတဲ့ လူတွေအတွက် ငါအခု ရဲရှောင်ကို ဖိတ်လိုက်တဲ့ ရည်ရွယ်ချက်ကို သေချာပေါက် သိကြမှာပဲ။ အဲဒီလို သိတဲ့ လူတွေရင်ထဲမှာလည်း မေးခွန်းတစ်ခု ရှိနေလိမ့်မယ်။ ဒီလိုလူတစ်ယောက်ကို အိမ်ရှေ့မင်းသားက ဘာလုပ်ချင်နေတာလဲ ဆိုတဲ့ မေးခွန်းပဲ . . . ငါ့ရဲ့ ညီတော် ၂ ယောက်ကလည်း ဒီကိစ္စကို အာရုံစိုက်လာကြလိမ့်မယ် . . .”
အိမ်ရှေ့မင်းသား ပြုံးလိုက်ပြီးနောက် –
“သခင်လေးရဲက တကယ်လှတဲ့ အကွက်ကို ရွှေ့လိုက်တာပဲ။ အပေါ်ယံမှာတော့ ငါက သူ့ကို ဖိတ်လိုက်တယ် ဆိုတာကို ပြတယ်။ ဒါပေမဲ့ တကယ်နက်နက်နဲနဲ စဉ်းစားကြည့်မယ်ဆိုရင် ငါတို့ကို ဒုက္ခရောက်အောင် လုပ်လိုက်တာပဲ . . . သူကတော့ လုံခြုံသွားမှာလေ။ အေးအေးဆေးဆေး ညစာ လာစားသွားတဲ့ သဘော ဖြစ်သွားမှာ။ တကယ်ကောင်းတဲ့ ဗျူဟာပဲ . . .”
အိမ်ရှေ့မင်းသမီး မျက်မှောင်ကြုတ်လိုက်ပြီး –
“အေးအေးဆေးဆေး ဟုတ်လား . . . ရဲရှောင်ဆိုတာ ဘယ်လို လူမျိုးလဲ ကျွန်မ ကြည့်ကြည့်ပါဦး မယ်။ ကျွန်မတို့ရဲ့ နေရာမှာ သူဘယ်လို အေးအေးဆေးဆေး နေနိုင်မလဲ ကြည့်ကြသေးတာပေါ့ . . .”
မင်းသမီး အံကြိတ်၍ ပြောလိုက်ခြင်း ဖြစ်ပါသည်။
. . . . . .
တခဏအကြာတွင် အစောင့်တစ်ယောက်မှ ထပ်မံ၍ –
“မင်းသား . . . ရဲရှောင် အပေါက်ဝ ရောက်နေပါပြီ . . .”
အိမ်ရှေ့မင်းသားမှ –
“တံခါးဖွင့်ပေးပြီး ၀င်လာခိုင်းလိုက်။ ငါအလယ်ခန်းမမှာ သူ့ကို နှုတ်ဆက်လိုက်မယ် . . .”
မင်းသမီးမှ –
“ဟမ့် . . . ကျွန်မလည်း လိုက်မယ် . . .”
၂ ဦးလုံး ရဲရှောင်အား နှုတ်ဆက်ရန် ပြင်လိုက်ကြသည်။ သူတို့အနေဖြင့် ရဲရှောင်အား လေးလေးစားစား ဆက်ဆံကြမည့် ပုံစံပါပင်။
သို့သော်လည်း သူတို့အနေဖြင့် မည်ကဲ့သို့ လေးစားမှုအား ပြသရမလဲ ဆိုတာကို မသိ ဖြစ်နေကြပါတော့သည်။
အလယ်ခန်းမ၏ အ၀တွင် မတ်တတ်ရပ်နေကြရင်း ဂိတ်ပေါက်မှ အဖြူရောင်ဝတ်ရုံ ၀တ်ဆင်ထား သည့် လူတစ်ယောက် ရောက်လာတာကို မြင်တွေ့လိုက်ကြရသည်။
အစောင့်နောက်မှလိုက်လာသည့် ရဲရှောင်၏ ပုံစံသည် ငါဟာ တည်ငြိမ်အေးဆေးသူ၊ ငါဟာ ချောမောခန့်ညားသူ၊ ငါဟာ သူများနဲ့ မတူ တမူထူးခြားသူ ဟု ပြောနေသည့်အလား ဟန်ပန်မျိုးဖြင့် လျှောက်လာခြင်း ဖြစ်လေ၏။
မင်းသားနှင့် မင်းသမီးတို့လည်း ထိုအချိန်မှာပင် အသံတစ်သံကို ကြားလိုက်ကြရလေ၏။
“အိမ်ရှေ့မင်းသားက ကျုပ်ကို ညစာ ဖိတ်ကျွေးလိမ့်မယ်လို့ ကျုပ်ဖြင့် ထင်တောင် မထင်ထား ခဲ့မိဘူး။ ဟားဟားဟား . . . တကယ်တော့ ဖိတ်လည်း ဖိတ်သင့်ပါတယ်လေ။ ကျုပ်က မြို့ထဲမှာ နာမည်ကြီးလေ။ ဒီနှစ်တွေထဲမှာ စာတွေလည်း အများကြီး ဖတ်ထားတယ်ဗျ။ တိုက်ပွဲအကြောင်းတွေ ဗျူဟာအကြောင်းတွေပေါ့ . . . ရှေးဟောင်း ဒဿန ပညာရပ်အကြောင်းတွေလည်း သိသေးတယ်လေ။ ဟားဟား . . . ကျုပ်လည်း ကျုပ်ရဲ့ ကိုယ်ရည်ကိုယ်သွေးကို သွေးချင်နေတာ ကြာပြီဗျ။ အိမ်ရှေ့မင်းသား ကလည်း အမြင်စူးရှ ပါပေတယ်။ လူတော်လူကောင်းတွေကို ခွဲခြားသိမြင်နေတာပဲ။ ပတ္တမြားမှန်ရင် နွံမနစ်ဘူးဆိုတာ တကယ်မှန်တယ် . . .”
ရဲရှောင်သည် လူကမရောက်သေးဘဲ အသံအရင်ထွက်လာတာ ဖြစ်ပြီး စစချင်းမှာပဲ တောင်ပံအစုံ ဖွင့်၍ ၀င်လာသလိုပါပင်။ သူ့ကို မကြည့်ဘဲနဲ့တင် သူ၏ လက်ရှိဖြစ်နေမည့် ပုံစံအား မှန်းဆ၍ ရနိုင်ပြီး ယခုကဲ့သို့ ပြောနေသည့် အချိန်တွင် ခြေထောက်နှင့် မြေကြီး ထိသည့်ပုံ မပေါ်ချေ။
အိမ်ရှေ့မင်းသား မျက်နှာပျက်သွားပြီး –
(သူက အများကြီး ဖတ်ထားတယ် ဟုတ်လား . . . စစ်ပွဲတွေ၊ ဗျူဟာတွေ အကြောင်းလည်း သိတယ်ပေါ့ . . . မင်းက အတော်ဆုံးပေါ့ . . . ပတ္တမြားမှန်ရင် နွံမနစ်ဘူး ဟုတ်လား . . . ငါက အိမ်ရှေ့မင်းသား ဖြစ်နေတာတောင် မင်းလေကြောမှာ မျောသွားမိတယ် . . .)
အိမ်ရှေ့မင်းသမီးမှာလည်း မျက်နှာရှုံ့မဲ့မိသွားလေ၏။
(ဒီလိုအရူးက ငါ့အစ်ကိုကို တကယ်ပဲ သတ်ခဲ့တာလား . . . ဒါမှမဟုတ် ငါ့အစ်ကို သူ့ကြောင့် သေနိုင်ပါ့မလား . . .
တကယ်ကို ရှေ့နောက် မညီညွတ်တာပဲ . . .)
ရဲရှောင် အနီးရောက်လာသည့် အခါတွင်တော့ ၂ ဦးလုံး ရဲရှောင်၏ မျက်နှာအား ရှင်းလင်း ပြတ်သားစွာ မြင်တွေ့လိုက်ကြရလေ၏။
ခေါင်းထက်တွင် ဆံပင်ကို ထုံးထားပြီး ဖိုသီဖတ်သီ ပုံစံ ပေါက်နေပါသည်။ ကျနေသည့် ဆံပင်များ အား စည်းနှောင်ထားခြင်း မရှိဘဲ ဒီအတိုင်းပင် ပခုံးထက်သို့ ဖြန့်ချထားတာ ဖြစ်လေ၏။
ဖရိုဖရဲ ဆံပင်နှင့် ရဲရှောင်အား မြင်တွေ့လိုက်ကြရသည့် အိမ်ရှေ့မင်းသားနှင့် မင်းသမီးတို့ စိတ်လေသွားကြ၏။
ထို့နောက် ရဲရှောင်၏ မျက်နှာကို ကြည့်လိုက်ပြန်သော အခါ ချောမောခန့်ညားသော ရုပ်ရည်ကို မြင်တွေ့လိုက်ကြရပြန်လေ၏။
အဖြူရောင် ၀တ်ရုံကို ၀တ်ဆင်ထားသဖြင့် နူးညံ့သိမ်မွေ့သည့် ဟန်ပန် ပေါ်လွင်နေပြီး တစ်မျိုး ကြည့်ကောင်းနေပါတော့သည်။
“သခင်လေးရဲ . . .”
အိမ်ရှေ့မင်းသား လက်ကို ယှက်၍ နှုတ်ဆက်လိုက်၏။
“ဟားဟား . . . အိမ်ရှေ့မင်းသား . . . အရှင် . . . ကျုပ် ခင်ဗျားရဲ သတင်းတွေ အများကြီး ကြားပါတယ်။ ဒီနေ့မှာ ဆုံတွေ့ရတာ တကယ်ကို ကျုပ်အတွက် ကံကောင်းတယ်ဗျာ . . .”
ရဲရှောင် လိုလိုလားလားပင် ပြုံးလျက် နှုတ်ဆက်လိုက်လေ၏။
“ဒီလို အန္တရာများတဲ့ အခြေအနေမှာတောင် သစ္စာရှိတဲ့ သရုပ်အမှန်ကို မြင်တွေ့လိုက်ရတာပဲ။ ခင်ဗျားမှာ ကျုပ်နဲ့ အရေးတကြီး ဆွေးနွေးလိုတဲ့ ကိစ္စ ရှိနေတယ် မလား . . . စိတ်မပူပါနဲ့ ကျုပ်သိသမျှ ခင်ဗျားကို ပြောပြပြီးတော့ အကောင်းဆုံး အကြံဉာဏ်တွေ ပေးပါ့မယ်။ အကောင်းဆုံး ဖြစ်စေရမယ်လို့ အာမခံတယ်ဗျာ . . .”
ရဲရှောင်မှာ သူ၏ ငယ်ပေါင်းကြီးဖော် မိတ်ဆွေတစ်ဦးအား ပြောဆိုနေသကဲ့သို့ လှိုက်လှိုက်လှဲလှဲ ဟက်ဟက်ပက်ပက်ကို ပြောဆိုနေခြင်း ဖြစ်လေ၏။
“မင်းသားရေ . . . ဒီလို ဂုဏ်ယူစရာ ကောင်းတဲ့ တွေ့ဆုံမှုအတွက် လက်ဆောင်လေး ပေးချင်လို့ပါ။ အသီးတွေပါဗျာ . . . ဟဲဟဲ ကျုပ်မှာ အဝေးကြီးကတည်းက သယ်လာရတာဗျ။ အရမ်းအရသာရှိတယ်။ ကျုပ်လက်ဆောင်ကို လက်ခံပေးနော် . . .”
ရဲရှောင် သူပါလာသည့် အသီးအိတ်အား ထုတ်ပြရင်း ပြောလိုက်ပါတော့သည် . . .။

Comment

Leave a Reply

Options

not work with dark mode
Reset