Switch Mode

Chapter – 81

ပုံစံအသစ်နှင့် ရဲရှောင်

Chapter – 81
“ပုံစံအသစ်နှင့်ရဲရှောင်”

အိမ်တစ်အိမ်လုံး အပူချိန် မြင့်တက်သွားရခြင်းမှာ ရဲရှောင်မှ ရှေးဦးခရမ်းရောင် ချီဓာတ်များအား အသုံးပြုကာ အပ်များအား အပူပေးနေခြင်းကြောင့် ဖြစ်ပါသည်။ အခန်းတွင်း အလုံပိတ်၍ အပူပေးနေခြင်း ဖြစ်သော်လည်း အိမ်တစ်အိမ်လုံးကိုပင် သက်ရောက်သွားတာပင် ဖြစ်၏။
သို့သော်လည်း မည်သူမျှ အကြောင်းရင်းကို ရှာဖွေရန် အချိန် မရှိကြပေ။ အဘယ်ကြောင့်ဆိုသော် ထိုအချိန် အစောင့်များအနေဖြင့် လုပ်စရာ အလုပ် ပေါ်လာ၍ ဖြစ်လေ၏။
အားလုံးသော သွေးသောက်ရဲမက်များသည် အိမ်တော်ထိန်းကြီး၏ ကွပ်ကဲမှုအောက်တွင် လေ့ကျင့်ရေး ဆင်းနေကြရခြင်းကြောင့်ပင် ဖြစ်သည်။ သူတို့သည် ချွေးဒီးဒီးကျနေရခြင်းမှာ ရဲရှောင်ကြောင့် ဖြစ်သည်ဟုလည်း မတွေးမိကြပါချေ။
ထိုအချိန် တင်းမာပြတ်သားလှသည့် အသံကြီးတစ်သံ ညအချိန်ရောက်နေသည့်တိုင်း ကျယ်လောင်စွာ ပေါ်လာလေ၏။
“မင်းတို့ရုပ် မင်းတို့ ပြန်ကြည့်ကြစမ်း။ ခဏလေးပဲ လုပ်ရသေးတယ်။ ချွေးပြိုက်ပြိုက် ကျနေကြတယ်။ မရှက်ကြဘူးလား . . . မင်းတို့ကိုယ်မင်းတို့ သွေးသောက် ရဲမက်တွေလို့ ခေါ်ထိုက်လား ဆိုတာ ကိုယ့်ဟာကိုယ် စဉ်းစားကြည့်၊ အခုကစပြီး မင်းတို့ အကုန်လုံး တစ်လတိတိ အပြည့်အ၀ လေ့ကျင့်ရေး ဆင်းရမယ်။ နောက်တစ်ခါ ငါစစ်ဆေးတဲ့ အခါကျရင် ဒီလို အားနည်းနေလို့ကတော့ အထုတ်အပိုးပြင်ပြီး ငရဲသာ သွားကြပေတော့ . . .”
တကယ်တော့ အိမ်တော်ထိန်းကြီးသည် သူ၏ အစွမ်းဖြင့် အပူချိန် မြင့်တက်နေရခြင်းကို ရိပ်မိပါ သည်။ အတော်ကြီးကို ပူပြင်းနေတာ ဖြစ်လေ၏။ သူ့တပည့်များအား သင်ခန်းစာ ပေးချင်၍သာ ဖိ၍ ဆူနေမိခြင်း ဖြစ်လေသည်။
ဒ့ါအပြင် ရဲရှောင်ကို သူမနိုင်ခဲ့ရသည့်အတွက် သူ၏ ဒေါသများအား ရဲမက်အစောင့်များအပေါ် စုပုံ ချလိုက်ခြင်း ဖြစ်လေ၏။
ရဲရှောင်သည် နောက်တစ်နေ့ မနက်ထိကို အလုပ်များနေခဲ့သည်။ အကုန်လုံး ပြီးစီးသွားသည့် နောက် သူ၏ ခါးကျောကို ဆန့်လိုက်ရင်း သက်ပြင်းတစ်ချက် ချလိုက်လေ၏။ အပ်တို ၁၀၈ ချောင်းနှင့် ဓားတို ၁၂ ချောင်းအား ကြည့်ရင်း ကျေနပ်နေမိလေသည်။ လက်နက်များအားလုံးသည် အမည်းရောင် တောက်တောက်ဖြင့် အလွန်ကို လှပလှပေ၏။
ညလုံးပေါက် အားစိုက်၍ လုပ်လိုက်ခြင်းကြောင့် ရဲရှောင်၏ အပ်များသည်လည်း ပိုမို၍ အစွမ်းထက် နေပြီ ဖြစ်၏။ စစချင်းတွင် အပ်တစ်ချောင်းကို ပြင်ဆင်ပြီးတိုင်း သူ၏ ချီဓာတ်များ ပြန်လည် ပြည့်ဝလာစေရန်အတွက် ခဏနားလေ့ ရှိ၏။
ပင်လယ်စိမ်းသတ္တုကို အရည်ပျော်အောင် လုပ်နိုင်ရန်အတွက် စွမ်းအင်စီးဆင်းမှု အဆက်မပြတ် လိုအပ်တာဖြစ်ပြီး အပ်တစ်ချောင်းပြီးလျှင် နားနားလိုက်သည့်အခါ စွမ်းအင်များသည် ပြောင်းပြန် စီးဆင်း သွားလေ၏။ ထို့ကြောင့် ရဲရှောင်လည်း မနားတော့ချေ။ ဓားများမှာ အပ်များထက် ပိုမို၍ ကြီးမားလှပြီး ထို့ကြောင့်ပင် အစပိုင်းတွင် တစ်ညတည်းဖြင့် ဓားများကိုပါ ချွန်ထက်အောင် ပြုလုပ်ရန် မဖြစ်နိုင်ဟု သူတွေးခဲ့မိသည်။
သို့သော် အပ်များကို ပြင်ဆင်ပြီးစီးသည့်နောက် သူလည်း ပိုမိုကျွမ်းကျင်မှု ရှိလာလေ၏။ အဆက်မပြတ် လုပ်လေ စွမ်းအင် ကုန်ဆုံးမှု လျော့နည်းသွားလေလေ ဖြစ်ပြီး ဟင်းလင်းပြင်များမှ ဝိညာဉ်တော်ချီဓာတ်များကို အဆက်မပြတ် ရရှိနေတာ ဖြစ်ပါသည်။ ထို့ကြောင့် ဓားတစ်လက်အား စမ်းသပ်၍ လုပ်ကြည့်လိုက်သည့်အခါ အောင်မြင်သွားခဲ့ပြီး ထိုသို့ဖြင့် ဓားများ တစ်ချောင်းပြီး တစ်ချောင်း ဆက်ကာဆက်ကာ လုပ်နေလေတော့၏။ နောက်ဆုံးတွင်တော့ အပ်များအားလုံးသာမက ဓားများ အားလုံးကိုပါ ပြုလုပ်ပြီးစီးခဲ့ပါတော့သည်။
အလင်းရောင်အောက်တွင် လက်နက်အားလုံးသည် အေးစက်သော အငွေ့အသက်များကို ဖြစ်ပေါ်စေလျက် တောက်ပလျက် ရှိနေလေ၏။
အလွန်အမင်း အန္တရာယ်ရှိသည့် ပစ္စည်းများဆိုတာကို ကြည့်ရုံနှင့်ပင် သိနိုင်ပေသည်။
“နတ်ဆိုးအသွား နတ်လက်နက်တွေက နောက်ဆုံးတော့ ရုပ်လုံး ပေါ်လာပြီပေါ့၊ ဒါပေမဲ့ ပြီးတော့ မပြီးသေးဘူး . . .”
ရဲရှောင် မေးစေ့ကိုပွတ်ရင်း ရေရွတ်လိုက်ကာ မျက်နှာမှ ချွေးများအား သုတ်လိုက်လေ၏။
“ဒါတွေကို ရုပ်ဖျက်ပေးရဦးမယ်။ အရမ်းကို မည်းနက်တောက်ပြောင် နေတဲ့အတွက် နေ့ဘက်မှာသာ ငါသုံးလိုက်မယ်ဆိုရင် သဲလွန်စတွေ ကျန်ခဲ့နိုင်တယ်။ တကယ်ကို ထင်းနေမှာပဲ . . .”
“လုံးဝ မမြင်နိုင်အောင် လုပ်ဖို့အတွက် အရောင်မရှိတဲ့ ရွှေကို လိုတယ်။ ဒါပေမဲ့ ငါ့မှာ မရှိဘူး။ ငါ့မှာ ရှိမယ်ဆိုရင်တောင်မှ အဲဒီလို လုပ်နိုင်တဲ့အစွမ်း လက်ရှိမှာ မရှိသေးဘူး . . .”
ရဲရှောင် သက်ပြင်းချလိုက်သည်။
ရဲရှောင် သူ၏ ခေါင်းစည်းကို ချွတ်ချလိုက်ပြီး ဆံပင်အား သေသပ်အောင်လုပ်ကာ နောက်သို့ ချထားလိုက်သည်။ သူ၏ အရှေ့တွင်တော့ မှန်တစ်ချပ် ရှိနေလေ၏။
မှန်ထဲကို ကြည့်လိုက်မိသောအခါ နီထွေးသော နှုတ်ခမ်း၊ ဖြူဖွေးသော သွားများ၊ ချောမွေ့နူးညံ့ သော အသားအရည်နှင့် မျက်နှာ၊ ဖြောင့်စင်းသော နှာတံ၊ စူးရှသော မျက်ဝန်းအစုံနှင့် ထူထည်းနက်မှောင် သော မျက်ခုံးတို့ဖြင့် ရှိနေသူ တစ်ဦးကို မြင်တွေ့လိုက်ရ၏။
(ငါက တော်တော် ကြည့်ကောင်းတာပဲ။ ငါ့ရဲ့ ဆံပင်ရှည်ရှည်ကို အခုလို ချထားပုံနဲ့ဆို သေချာပေါက် ကမ္ဘာ့အချောဆုံး လူတစ်ယောက် ဖြစ်နိုင်တယ် . . .)
ရဲရှောင် တွေးလိုက်မိသည်။ ထို့နောက် သူ၏ ဆံပင်ကို စည်းလိုက်ပြီး ပုံစံအသစ် ပြောင်းလဲလိုက်လေ၏။
ခေါင်းပေါ်တွင် ရစ်ခွေ၍ ဘေးသို့ အနည်းငယ် စောင်းထားသော ပုံစံသို့ ပြောင်းလိုက်ခြင်း ဖြစ်၏။
တကယ်တော့ ယောကျာ်းသားများသည် ဆံပင်အား သေသေသပ်သပ်သာ စီးထားကြရတာ ဖြစ်သည်။ ဖရိုဖရဲနိုင်လှသည့် ဆံပင်မျိုးကို မည်သည့် အဆင့်အတန်း ရှိသည့် လူကမှ မထားကြပါချေ။ ယခုအခါ ရဲရှောင်သည် ဆံပင်အား လိပ်ခွေ၍ ဆံပင်အနည်းငယ်ကိုပင် ဘေးဘက်သို့ ချထားလိုက်ခြင်း ဖြစ်လေ၏။
ထို့ကြောင့်ပင် သူ၏ ပုံစံမှာ ယခင်လမ်းသရဲပုံစံ တုန်းကထက်ပင် ပိုမို၍ အကြည့်ရဆိုးသွားလေ၏။ တကယ်ကို ကျက်သရေ မရှိသော ပုံစံနှင့် တူသွားတာ ဖြစ်ပါသည်။
“အခုမှ ပိုကောင်းသွားတာ . . .”
ရဲရှောင်လည်း မှန်ထဲမှ သူ့ကိုယ်သူ ကြည့်ရင်း ပြောလိုက်လေ၏။
“ဟုတ်ပြီ . . . ငါ့ဆံပင်ကို ဒီလိုပဲ ထားရမယ်။ ဘယ်လောက်မိုက်လဲ . . .”
ရှောင်ဧကရာဇ်သည် သူ့ပုံစံကိုသူ သဘောကျနေခြင်း ဖြစ်လေ၏။
ရဲရှောင် အပ်များအား ကောက်ယူလိုက်ပြီးနောက် တစ်ချောင်းပြီးတစ်ချောင်း ဆံပင်များ အတွင်းသို့ ထည့်သွင်းလိုက်သည်။ အပ်ချောင်းများဟာ နက်မှောင်နေသဖြင့် မည်သူမျှ အလွယ်တကူ မြင်နိုင်မည် မဟုတ်ပေ။
ဆံပင်များကြားထဲသို့ ထည့်သွင်းလိုက်သည့်အခါ ပိုမို၍ပင် ရှာရမလွယ်ကူတော့ချေ။ နတ်ဘုရားများ ပင် သတိပြုမိမည် မဟုတ်ပေ။
ရဲရှောင် ကုန်းချလိုက်သည်၊ ဘေးသို့ ရွှေ့ကြည့်လိုက်သည်၊ ခေါင်းကို ငုံ့ကြည့်လိုက်သည်၊ ပုံစံ အမျိုးမျိုး လုပ်ကြည့်လိုက်ပြီးနောက် ခေါင်းကိုလည်း ဘယ်ညာအပေါ်အောက် စောင်းကြည့်နေမိ၏။
သူ့ခေါင်းထက်မှ ဆံပင်များမှာ သူလှုပ်ရှားလိုက်တိုင်း လူးလွန့်သွားကြပြီး ဆံပင်များသည် အပ်များအား ဖုံးအုပ်မှု ရှိနေပါတော့သည်။
“ရပြီ . . . ဒီလိုသာဆို ငါဘယ်လိုအချိန် ဘယ်လိုနေရာမှာ သုံးသုံး ဘယ်သူမှ ငါပစ်တာကို သိနိုင်တော့မှာ မဟုတ်ဘူး . . .”
ရဲရှောင်ကျေနပ်ဟန်ဖြင့် ခေါင်းညိတ်ကာ ရေရွတ်လိုက်သည်။
“ဒါပေမဲ့ . . . အပ်တွေ အကုန်လုံးကိုတော့ ယူလို့ မရဘူး၊ အများဆုံး ၁၂ ချောင်းလောက်ပဲ ရမယ်။ ဘယ်လို သိမ်းထားရင် ကောင်းမလဲ . . .”
ထို့နောက် ရဲရှောင်သည် သူ၏ လက်ကောက်ဝတ် နေရာတွင် အပ်တစ်ချောင်းအား ကပ်ထားလိုက် ပြီး သူ၏ အသားရောင်နှင့်တူသည့် ပစ္စည်းအချို့ဖြင့် ဖုံးအုပ်လိုက်လေသည်။ ထို့နောက်တွင် သူ့ကိုယ်သူ ပြန်ကြည့်မိလိုက်သောအခါ မည်သည့် အပ်ကိုမျှ မတွေ့နိုင်တော့ဘဲ လုံးဝ ပကတိ အသားအရည်တိုင်း ဖြစ်နေလေ၏။
အဆိုပါ ပစ္စည်းများအား မကြာသေးခင်က ဈေးတန်းမှ ၀ယ်ယူလာခဲ့တာဖြစ်ပြီး အများအားဖြင့် ရုပ်ဖျက်သည့် နေရာမှာ အသုံးပြုကြပါသည်။ အရေပြားအတုဟု ဆိုရမည်ပင် ဖြစ်၏။
အရေပြားအတုများသည် ၀တ်ဆင်ရာတွင် သက်တောင့်သက်သာ မရှိဘဲ အလွယ်တကူ သိလွယ် နိုင်တာ ဖြစ်ပါသည်။ သို့သော်လည်း လက်ကောက်ဝတ် နေရာတွင်တော့ လုံးဝ အံဝင်ခွင်ကျ ဖြစ်နေကာ မည်သူမျှ သတိမထားမိနိုင်ပါချေ။
ထို့နောက် ဘယ်ဖက် ခြေကျင်းဝတ်၊ ညာဖက် ခြေကျင်းဝတ်၊ ခါးဘယ်ညာ တို့တွင်လည်း အပ်တစ်ချောင်းစီ သိမ်းလိုက်ပြန်သည်။
ထို့နောက် ကျန်ရှိနေသေးသည့် အပ်ပေါင်း ၉၀ မှ ၁၂ ချောင်းကို ထုတ်ယူကာ အိတ်လေးတစ်အိတ် အတွင်း သိမ်းဆည်းလိုက်ပြီး ကျန် ၇၈ ချောင်းကိုမူ ရွှေရောင်ဟင်းလင်းပြင်ထဲသို့ ထည့်သွင်းလိုက်လေ၏။
သူ့ကိုယ်အတွင်း သိမ်းဆည်းထားသည့် အပ်များမှာ မမျှော်လင့်နိုင်သော အခြေအနေတွင် အသုံးပြုနိုင်ရန်ဖြစ်ပြီး ကျန်သည့် ၇၈ ချောင်းကိုသာ အဓိကနေရာများတွင် အသုံးပြုမှာ ဖြစ်ပါသည်။ သူ၏ စိတ်ကို ထိန်းချုပ်ရုံဖြင့်ပင် အပ်များအား လက်အတွင်း ရောက်ရှိအောင် လုပ်နိုင်မည် ဖြစ်ပြီး ထိုအကွက်သည်ပင်လျှင် အသင့်တော်ဆုံး နည်းလမ်း ဖြစ်ပါတော့သည်။
ဓားတို ၁၂ ချောင်းအနက် ၂ ချောင်းကို ဆံပင်များအတွင်း သိမ်းဆည်းထားခြင်း ဖြစ်ကာ ကျန်သော ဓားတိုများ အားလုံးကိုတော့ ဟင်းလင်းပြင်ကြီးအတွင်း သိမ်းဆည်းထားလိုက်လေ၏။
နောက်ဆုံးတွင်တော့ လက်နက်များ နေရာချထားရေးနှင့် ပတ်သက်ပြီး အလုံးစုံ ပြီးစီးသွားပြီ ဖြစ်လေ၏။ သူ့အနေဖြင့် ဘယ်လိုပင် ပြုမူ လှုပ်ရှားပါစေ ဓားတိုများနှင့် အပ်များကို မည်သူမျှ မတွေ့နိုင် ဘူး ဆိုတာ အသေအချာကို ယုံကြည်နေမိပါတော့သည်။ ထို့နောက် အခန်းတံခါးကို ဖွင့်လိုက်ပြီးနောက် မျှော်စင်ရှိရာသို့ ထွက်လာခဲ့လေ၏။
၁၅ မိနစ်လောက် ကြာသောအခါ တစ်ကမ္ဘာလုံးမှ ရှေးဦးခရမ်းရောင် ချီဓာတ်များသည် ပြန့်နံှ့လာပြီ ဖြစ်ပြီး ရဲရှောင်လည်း ယခုကဲ့သို့ အခွင့်အရေးအား မည်သည့်အခါမျှ လက်လွတ် မခံပါချေ။
အိမ်တော်ထိန်းကြီးသည် ရဲရှောင်ဆီသို့ လျှောက်လာနေပြီး ရဲရှောင်မှ အိမ်တော်ထိန်းကြီးအား နှုတ်ဆက်ရန် ပြင်နေစဉ် အိမ်တော်ထိန်းကြီးမှ မမှတ်မိဘဲ ခေါင်းငုံ့ရင်း ထွက်သွားလေ၏။
ရဲရှောင် အတော်ကြီးကို ရယ်ချင်သွားမိလေ၏။
အိမ်တော်ထိန်းကြီးသည် သူ၏ ဦးလေးအရင်း တစ်ဦးကဲ့သို့ ဖြစ်နေပြီး သူနှင့် အနီးကပ် နေခဲ့သူ ဖြစ်လေသည်။ ယခုအခါ သူ့ဦးလေးလို ဖြစ်နေသူမှာ သူ့ကိုပင် မမှတ်မိဘဲ ကျော်သွားသည် မဟုတ်ပါလား။
ရဲရှောင်လည်း ခပ်လှမ်းလှမ်းမှ အစောင့်တစ်ယောက်၏ အသံကို ကြားလိုက်ရပြန်၏။
“ခေါင်းဆောင် . . . ခုနကဟာ ကျွန်တော်တို့ သခင်လေး မဟုတ်လား၊ ခင်ဗျား သူ့ကို နှုတ်မဆက် ဘူးလား . . .”
အိမ်တော်ထိန်းကြီးမှ အံ့သြဟန်ဖြင့် –
“ဟမ် . . . တကယ်လား . . . ဟုတ်လို့လား . . . ငါဘာလို့ သတိမပြုမိတာပါလိမ့်။ ဘာမှ မဖြစ်ပါဘူး၊ သူနဲ့ ငါနဲ့ အမြဲတမ်း တွေ့နေတာပဲ။ အခုက ငါရော မင်းတို့ရောပါ အလုပ်များတဲ့ ကာလ ဖြစ်နေတယ်လေ . . .”
ရဲရှောင်လည်း မအောင့်နိုင်တော့ဘဲ ရယ်မောလိုက်ရင်း စဉ်းစားလိုက်မိသည်။
(ငါ့ဦးလေးကတော့ တကယ်ကို ရယ်စရာပါပဲ . . .)
အကယ်၍ ထိုအချိန် အိမ်တော်ထိန်းကြီးသာ ရဲရှောင်ရယ်သံကို ကြားမည် ဆိုပါက ရှက်သွားမည်မှာ သေချာပါသည်။ သူ့အနေဖြင့် ရဲရှောင်အား ဘာမှ မလုပ်နိုင်သဖြင့် သနားစရာ ရဲမက်များ ကိုသာ သွားသွားမဲလေ့ ရှိတာ ဖြစ်ပါသည်။
ညနေခင်းအချိန်သို့ ရောက်ရှိလာပါချေပြီး။
ရဲရှောင်လည်း အိမ်ရှေ့မင်းသားမှ ဖိတ်ကြားထားသော ညစာစားပွဲသို့ တက်ရောက်ရန် ပြင်ဆင် နေလေသည်။
ယခုတွေ့ဆုံမှုအတွက် သူသည် ဘာမှကို အများကြီး မတွေးတောထားချေ။ အခြေအနေကို ကြည့်ရသာ လှုပ်ရှားမည်ဟု ဆုံးဖြတ်ထားတာ ဖြစ်လေ၏။
အိမ်ရှေ့မင်းသားလောက်များ . . .
ထိုအတွေးကတော့ ရှောင်ဧကရာဇ်၏ စိတ်ထဲတွင် တွေးနေမိသည့် ခနဲ့တဲ့တဲ့ အတွေးပင် ဖြစ်လေ၏။ သူ့အနေဖြင့် အိမ်ရှေ့မင်းသားအား စာရင်းထဲတောင် မထည့်ပါချေ။
အစောပိုင်းတုန်းက ပြောခဲ့သလိုပင်၊ အိမ်ရှေ့မင်းသားမှ သူ့ကို တစ်ခုခု လုပ်မည် ဆိုပါက အိမ်ရှေ့ မင်းသားရော၊ မင်းသား၏ ဇနီးကိုပါ သတ်ဖြတ်ရန် စဉ်းစားထားပြီးသား ဖြစ်လေ၏။
ထို့ကြောင့် လုံးဝ စိုးရိမ်စိတ် ရှိမနေပါချေ။
သူ့အနေဖြင့် အိမ်ရှေ့မင်းသားလို လူမျိုးအား စိုးရိမ်စိတ် ထားနေရန် မလိုအပ်ဟု မှတ်ယူထားတာ ဖြစ်လေ၏။
ကောင်းကင်ပြင်ကြီးတစ်ခုလုံး မှောင်အတိ ဖုံးလွှမ်းလာပြီ ဖြစ်၏။ ရဲရှောင် မြင်းတစ်ကောင်ကို စီးနှင်းလျက် ရှိပြီး သူ၏ အ၀တ်အစားများနှင့် ဆံပင်များမှာ လေအဟုန်တွင် လွင့်လျက် ရှိနေလေ၏။ အိမ်ရှေ့မင်းသား၏ နန်းတော် ရှိရာသို့ ဦးတည်၍ သွားနေခြင်းပင် ဖြစ်ပါတော့သည်။
မင်းသားနန်းတော်သို့ သွားရာ လမ်း၏ တစ်နေရာတွင် ရပ်တန့်ခဲ့ပြီး အသီးတစ်အိတ်ကို ၀ယ်ယူခဲ့ ကာ ခရီးဆက်ခဲ့ပြန်လေ၏။
ထိုအချိန် လန်လန့်လန့်နှင့် ဆုံတွေ့လိုက်ရပြီး လန်လန့်လန့်မှ –
“ရှောင်ရှောင် . . . မင်းဘယ်သွားမလို့လဲ . . .”
ရဲရှောင် ရယ်မောလိုက်ရင်း –
“မင်းသားရဲ့နန်းတော်ကိုလေ၊ ငါ့ကို ညစာအတူစားဖို့ ဖိတ်ထားလို့။ နည်းနည်းပါးပါးလည်း သောက်ရင်းပေါ့ကွာ၊ မင်းကရော ဘယ်က လာတာလဲ၊ မင်းကိုရော ဖိတ်ထားတာလား . . .”
လန်လန့်လန့်မှ –
“မဟုတ်ပါဘူး၊ ဒါနဲ့ သူက မင်းကိုကျတော့ ဖိတ်ပြီး ငါ့ကို ဘာလို့ မဖိတ်ရတာလဲ . . .”
လန်လန့်လန့်မှာ စဉ်းစားရင်း ကျန်ခဲ့ပြီး ရဲရှောင်ကတော့ ခရီးဆက်ခဲ့လေ၏။
အတော်အတန် သွားမိပြီးနောက် မြင်းတစ်ကောင်နှင့် လူတစ်ယောက်မှ သူ့အား –
“ရှောင်ရှောင် . . . မင်း ဘယ်သွားမလို့လဲ . . .”
ယခုတစ်ခါ ဆုံတွေ့လိုက်ရသူကတော့ ဇုဝူကျီပင် ဖြစ်လေ၏။
“အိမ်ရှေ့မင်းသားက ငါ့ကို ညစာစားဖို့ ဖိတ်ထားလို့လေ။ အဲဒါ သွားပြီး စားသောက်မလို့ . . .”
ချန်ရှန် ပြန်ပြောလိုက်တယ်။
“အန် . . .”
ဇုဝူကျီ စိတ်ထဲမှ ရဲရှောင်အား လေးစားသလိုပင် ဖြစ်သွားသည်။
“အိမ်ရှေ့မင်းသားက ညစာစားဖို့ မင်းကို ဖိတ်တယ် ဟုတ်လား . . . ဘာအတွက်လဲ . . .”
ထိုအချိန် လမ်းမထက်တွင် လူများစွာ ရှိနေပြီး အားလုံးသည် ရဲရှောင်အား လေးစားနေသော အကြည့်မျိုးဖြင့် ကြည့်နေကြလေ၏။
(အိမ်ရှေ့မင်းသားက သူ့ကို ညစာစားဖို့ ဖိတ်တယ်တဲ့လား . . . အဓိပ္ပါယ် မရှိလိုက်တာ . . .)
ရဲရှောင် ရယ်မောလိုက်ပြီးနောက် –
“မင်းကတော့ အရူးမေးခွန်းတွေ လာမေးနေတာပဲ၊ မင်းသားက ငါ့ကို ဖိတ်တယ်ဆိုမှတော့ နိုင်ငံရေးရာ ကိစ္စတွေ ဆွေးနွေးချင်လို့ နေမှာပေါ့၊ အခု နိုင်ငံရဲ့ အခြေအနေကို မင်းလည်း သိသားနဲ့ဟာ”
“ဒီလိုလား . . . ငါတကယ်ကို လေးစားမိသွားပြီ၊ ရဲရှောင်က တကယ့်ကို ငါတို့နိုင်ငံအတွက် အရေးပါတဲ့ လူတစ်ယောက်ပဲ . . .”
ဇုဝူကျီ လေးစားသော လေသံဖြင့် ရေရွတ်လိုက်ပါတော့သည် . . .။

Comment

Leave a Reply

Options

not work with dark mode
Reset