Switch Mode

Chapter – 80

နတ်မိစ္ဆာအသွားလက်နက်များ၏ နောက်ကွယ်

Chapter – 80
“နတ်မိစ္ဆာအသွားလက်နက်များ၏နောက်ကွယ်”

ရဲရှောင် သဘောတူဟန်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။
အိမ်တော်ထိန်းကြီးမှ သက်ပြင်းတစ်ချက် ချရင်း –
“ငါထပ်ပြောဦးမယ် . . . အိမ်ရှေ့မင်းသားက ဖ်ိတ်ခေါ်စာ ပို့လိုက်တာလေ။ သူက မနက်ဖြန် ညစာကို သူ့နန်းတော်မှာ မင်းနဲ့ အတူတူ စားချင်လို့တဲ့။ ငါထင်တာတော့ ဒီကိစ္စကိုပဲ ပြောမှာ ထင်တယ်”
ရဲရှောင်လည်း တွေးရင်းဖြင့် ခေါင်းညိတ်ပြလိုက်ပြီး –
“ကျုပ်သိပါတယ်။ မစိုးရိမ်နဲ့ . . . ဦးလေးရေ အဲဒီအိမ်ရှေ့မင်းသား ကျုပ်ကို တစ်ခုခု လုပ်ရဲလုပ် ကြည့် သူနဲ့ သူ့မိန်းမ ဒုက္ခရောက်သွားလိမ့်မယ်။ ဘယ်သူမှ သတိမပြုမိစေရဘူးလို့လည်း ကျုပ် ကတိပေး ပါတယ် . . .”
“သူတို့ကို ဂရုစိုက်ပါ . . .”
အိမ်တော်ထိန်းကြီး ပြောလိုက်သည်။ ထို့နောက် ချောင်းအနည်းငယ် ဆိုးလိုက်ရင်း –
“မင်း . . . ဘာတွေပြော . . .”
“ကျုပ်က နောက်တာပါ၊ ဘာမှ မလုပ်ပါဘူး . . .”
အိမ်တော်ထိန်းကြီးမှာ ရဲရှောင် ပြောလိုက်သည်အား ယောင်ပြီး ခေါင်းညိတ်လိုက်မိခြင်း ဖြစ်သည်။ ယခုမှသာ ပြန်လည်စဉ်းစားမိရင်း စိတ်ပူသွားတာ ဖြစ်လေ၏။ ရဲရှောင်လည်း အလျင်အမြန်ပင် သူရယ်စရာ ပြောလိုက်ခြင်း ဖြစ်ကြောင်း ရှင်းပြလိုက်၏။
သို့သော် သူ့စိတ်ထဲ တွေးနေသည်မှာတော့ –
(တောက် . . . အိမ်ရှေ့မင်းသားနဲ့ သူ့မိန်းမ . . . ဒီလူယုတ်မာ အတွဲကတော့ ငါ့ကို အမြဲတမ်း ဆန့်ကျင်နေတာပဲ။ ငါသူတို့ကို သတ်ရင်တောင် ဘာဖြစ်မှာ မို့လို့လဲ . . .”
အိမ်တော်ထိန်းကြီးလည်း မျက်မှောင်ကြုတ်၍ –
“သွား ထမင်းစားခန်းကို သွားတော့ . . . ဘာပြောရမလဲ ဘာလုပ်ရမလဲ ဆိုတာကတော့ ကိုယ့်ဟာ ကိုယ် စဉ်းစား ချင့်ချိန်တော့ . . . မင်းမှာ ဒီလိုလုပ်နိုင်စွမ်းလည်း ရှိနေပါပြီ။ ပြောရမယ်ဆိုရင် မင်းဟာ အနည်းဆုံးတော့ မြေကြီးအဆင့်ကို ရောက်နေလောက်ပြီ။ ဒါပေမဲ့ ငါကတော့ စိုးရိမ်နေမိတယ်။ နောက်ပြီး မင်းသိပ်ပြီးလည်း မရက်စက်ပါနဲ့၊ နားလည်တယ်မလား . . .”
ရဲရှောင်လည်း ပြုံးလိုက်ရင်းဖြင့် –
“စိတ်အေးအေးထားပါ ဦးလေးရာ၊ ကျုပ်ဘာလုပ်ရမလဲ ဆိုတာကို ကျုပ်သိပါတယ်။”
“မင်းကတော့လေ . . .”
အိမ်တော်ထိန်းကြီး မဲ့ရွဲ့ရင်း ပြောလိုက်သည်။ ထို့နောက် ဆက်လက်၍ –
“ကောင်းပြီ . . . အခု ဘာမှ ပြောစရာ မရှိတော့ဘူးဆိုရင် ငါလည်း အစောင့်တွေကို သွားစစ်လိုက်ဦးမယ်။ သူတို့က အမြဲတမ်း ပျင်းနေတတ်ကြတယ်လေ။ ပျင်းသထက်ကို ပျင်းလာကြတာပဲ”
အိမ်တော်ထိန်းကြီးလည်း ပြောဆိုရင်း ထွက်သွားပါတော့သည်။
သူ့အနေဖြင့် ရဲရှောင်အား ဘာမှ ဆက်မပြောလိုတော့ဟန်ပင်။
(သူဘယ်လိုတောင် ပြောခဲ့တာပါလိမ့် . . . အိမ်ရှေ့မင်းသားနဲ့ သူ့မိန်းမကိုတောင် သတ်ဖြတ်ဖို့ ပြောနေသေးတယ်။ မင်းအနေနဲ့ တကယ် လုပ်ချင်ရင်တောင်မှ မဖြစ်နိုင်လောက်ဘူး။ လျို့ဝှက်ထားရမဲ့ သတင်းကွ . . . နောက်ပြီး ငါလည်း အရှက်ကွဲခဲ့ရတာ ခံပြင်းစရာပဲ . . .”
ထိုကဲ့သို့ စဉ်းစားမိသောအခါ သူ့မျက်နှာ တစ်ခုလုံး ထူပူလာလေ၏။
(ဒါတကယ်ကို ရှက်ဖို့ ကောင်းတယ်။ အသက် ၁၆ နှစ်လောက် ရှိတဲ့ ကောင်လေးတစ်ယောက် ရိုက်တာကို ခံလိုက်ရတာ တကယ်ပဲ ရှက်စရာ . . .
ငါ . . . ငါ . . . သစ်ပင်တစ်ပင်သာ ရှာပြီး ဆွဲကြိုးချ သေလိုက်ချင်တော့တယ်။ ဒီကောင်လေးက ငါ့အစ်ကိုရဲ့ သားဖြစ်နေုလို့သာ တော်တော့တယ်။ ဒီလိုမှ မဟုတ်ရင် ငါသေသွားလောက်တယ်ကွာ . . .)
ထို့နောက် နောက်သို့ တစ်ချက် လှည့်ကာ ရဲရှောင် လိုက်လာလေမလားဟု ကြည့်လိုက်လေ၏။ ပါမလာမှန်း သေချာသည့် အခါမှသာ ကြမ်းပြင်ပေါ် ထိုင်ချလိုက်ရင်း သူ့ရင်ဘတ်အား ပွတ်သပ်ကာ –
“ဟူး . . . သေအောင် နာတယ်ကွာ . . . လက်သီးချက်က တော်တော်ကို ပြင်းတာပဲ၊ ငါ့ရင်ဘတ်ကို ၁၇၈ ချက်တောင် ထိုးခဲ့တာ၊ ငါ့မှာ သွေးအန်လုနီးပါးပဲ . . . တော်တော်ကို နာနေတာ ဆိုတော့ ငါ့အရိုးတွေတော့ ကျိုးတော့မယ် ထင်ပါတယ် . . .”
သူ၏ ရင်ဘတ်အား ပွတ်သပ်ရင်းဖြင့် ရှိနေစဉ် အစောင့်တစ်ယောက်သည် လမ်းထောင့်ချိုးမှ ကွေ့လာကာ အိမ်တော်ထိန်းကြီးကို မြင်သောအခါ တုန်လှုပ်သွားဟန်ဖြင့် –
“ခေါင်းဆောင် . . . ဘယ်လိုဖြစ်တာလဲ၊ ဘယ်သူ လုပ်လိုက်လို့လဲ . . .”
ထို့နောက်မှာတော့ အစောင့်လည်း အကူအညီ ပြေးခေါ်ရန် ပြင်လိုက်လေ၏။
အိမ်တော်ထိန်းကြီးလည်း ရှက်ရှက်ဖြင့် ချက်ချင်းပင် မတ်တတ် ရပ်လိုက်ပြီး –
“အဲဒီလောက် မလိုဘူး၊ အပိုတွေ ပြောမနေနဲ့ . . . ငါ့ကို ဘယ်သူ လုပ်လိုက်လဲ ဟုတ်လား . . . ချန်ရှင်းမြို့တော် တစ်ခုလုံးမှာ ငါ့ကို ရိုက်နိုင်မဲ့လူ ရှိနေမယ်လို့ မင်းက ထင်နေတာလား။ ငါ့ဟာငါ နည်းနည်း အသက်ရှူကြပ်သလို ခံစားရလို့ပါကွာ၊ အဲဒါကြောင့် ရင်ဘတ်ကို ပွတ်ရင်း ခဏနားနေတာ၊ မင်းကန်းနေလား . . .”
အစောင့်မှာ စိတ်ရှုပ်ထွေးသွားဟန်ဖြင့် စိုက်ကြည့်နေရင်း –
“ဒါပေမဲ့ . . . ခေါင်းဆောင်ပုံစံက အရိုက်ခံထားရတာ သိသာနေတာကို၊ အင်္ကျီပေါ်က အညစ်အကြေးတွေနဲ့ ဖောင်းနေတာတွေ . . .”
အိမ်တော်ထိန်းကြီးလည်း အစောင့်ဖြစ်သူအား စိတ်ဆိုးသွားပြီး အဘယ်ကြောင့်ဆိုသော် သူ့အဖြစ်ကို လူမိသွားသည် မဟုတ်ပါလား။ ချက်ချင်းပင် ခုန်လိုက်ပြီး အစောင့်ဖြစ်သူ၏ နားရွက်အား လိမ်ဆွဲကာ ဒေါသတကြီးဖြင့် –
“ခွေးကောင် . . . မင်းက ဘယ်လိုပြောဆိုရမယ် ဆိုတာကို သိပ်သိနေတယ်ပေါ့လေ၊ မင်းကတော့ ငါ့ကို ရူးအောင် လုပ်နေတာပဲ၊ လာစမ်း မင်းကို ပညာပေးရမယ် . . . မင်းက တကယ့် အရူး . . . ၀က်တစ်ကောင်ထက်တောင် ဉာဏ်တုံးသေးတယ် . . .”
ထိုနောက်မှာတော့ အစောင့်အား ဆွဲခေါ်ရင်း ထွက်သွားလေတော့၏။
. . . . . .
ထိုအချိန် ရဲရှောင်မှာ အိမ်တော်ထိန်းကြီးနှင့် အစောင့်ဖြစ်သူတို့၏ အပြန်အလှန် ပြောဆိုသံများကို နားထောင်နေတာဖြစ်ပြီး သူကြားလိုက်ရသည့် စကားများအတွက် ကျေနပ်သွားကာ ပြုံးလိုက်မိလေ၏။ ထို့နောက် သူ့အခန်းထဲသို့ ၀င်လာသည်။
သူရရှိခဲ့သည့် နတ်လက်နက်များကို ထုတ်ကြည့်လိုက်ရင်း –
“ပင်လယ်စိမ်းသတ္တု ဟက်ဟက် . . .”
ရဲရှောင် အပ်တိုလေး ၁၀၈ ချောင်းနှင့် ဓားတို ၁၂ ချောင်းအား ကြည့်ရင်း ပြုံးလိုက်မိ၏။ လက်နက် များမှ ထွက်ပေါ်သည့် အေးစက်စက် ခံစားမှုမျိုးကို ခံစားမိနေပြီး ဆက်လက်၍ –
“ဒါက တကယ်ပဲ ပင်လယ်စိမ်းသတ္တုဆိုရင် လူတစ်ယောက်အသက်ဓာတ်ကို ဘယ်လိုဖြစ်ပြီး ကုန်ခမ်းသွားစေရတာလဲ . . . နောက်ပြီး ဒီဟာတွေမှာက ထိပ်ဖျားလည်း မပါဘူး . . .”
“ပင်လယ်စိမ်းသတ္တုဆိုတာ တကယ်အဖိုးတန်တဲ့ သတ္တုပဲ၊ ဒါပေမဲ့ ဘယ်လိုဖြစ်ပြီး ဒီလိုစွမ်းအား ပါဝင်နေရတာလဲ . . .”
“အရေးကြီးဆုံးကတော့ ဒီလို ပင်လယ်စိမ်းသတ္တုကနေ လုပ်ထားတဲ့ လက်နက်တွေကို ဘယ်လိုမှ နတ်ဆိုးအသွားနဲ့ နတ်လက်နက်လို့ မခေါ်နိုင်ဘူး။ ဒီကိစ္စ နောက်ကွယ်မှာ တစ်ခုခု လျို့ဝှက်ထားတာတော့ ရှိရမယ် . . . ငါပြောတာသာ မှန်မယ် ဆိုရင် . . .”
သူအပ်တစ်ချောင်းအား ကောက်ကိုင်လိုက်ပြီး လက်ထဲ ဆကြည့်လိုက်သည်။ ထို့နောက် ရှေးဦး ခရမ်းရောင် ချီဓာတ်များမှ အပူစွမ်းအားများကို လည်ပတ်စေလိုက်လေ၏။
ရုတ်တရက် သူ့လက်များမှ အလွန်အမင်း ပူပြင်းလာခဲ့ပြီး အေးစက်သည့် အပ်တိုလေးမှာ အပူဓာတ်ကို ခံစားလိုက်ရပြီ ဖြစ်ပါသည်။ သို့သော်လည်း အပ်မှ အေးစက်စက် အငွေ့အသက်မျိုး ထွက်နေတုန်းပင် ဖြစ်လေ၏။
ထိုအစွမ်းမှာ ပင်လယ်စိမ်းသတ္တု၏ အထူးအစွမ်းပင် ဖြစ်သည်။
ရဲရှောင်ကတော့ အားမလျော့သေးဘဲ သံသယ ၀င်နေတုန်းပင် ဖြစ်၏။
ထို့ကြောင့် ဆက်လက်၍ အပူချိန်ကို ပိုမို ပြင်းထန်စေလိုက်ပြန်သည်။
တဖြည်းဖြည်းဖြင့် တစ်ခန်းလုံးသည် ငရဲခန်းအလား ပူပြင်းလာလေ၏။
နောက်ဆုံးတွင်တော့ သလင်းကျောက်ကဲ့သို့ တောက်ပသည့် အလင်းတန်းမျိုး အပ်ပေါ်တွင် ပေါ်လာလေသည်။ အပ်၏ မျက်နှာပြင်မှာ ကွာကျသွားပြီး မူလပုံစံ ပေါ်လာခြင်းပင် ဖြစ်၏။
ပင်လယ်စိမ်းသတ္တု၏ အပြင်ဘက် အလွာသည် သလင်းကျောက်ကဲ့သို့ ပုံစံ ရှိပြီး ရောင်ပြန် အလင်းတန်း အနည်းငယ် ထွက်ပေါ်လေ့ ရှိလေ၏။
အောက်ဘက်ရှိ မူလပုံစံ ပေါ်လာသည့်အခါ အေးစက်မှုမှာ ပိုမို၍ စိမ့်ထွက်လာကာ ထိုကဲ့သို့သော အေးစက်မှုမျိုးသည် မော်တယ်ကမ္ဘာပေါ်မှာ ရှိသင့်သည့် အေးစက်မှုမျိုး မဟုတ်ချေ။
ရဲရှောင်လည်း သူ၏ စူးရှလှသည့် မျက်လုံးဖြင့် အပ်လေးအား ကြည့်ရင်း လေသံတီးတိုးဖြင့် –
“ငါသိပြီ . . . ဒါက ပင်လယ်စိမ်းသတ္တုမဟုတ်ဘူး . . . တစ်ခုခု ရှိနေတာပဲ . . .”
ရဲရှောင်၏ မျက်လုံးများသည် စူးရှတောက်ပလျက် ရှိနေပြီး သူ့လက်ထဲရှိ အပ်တိုလေးအား သေချာစွာ ကြည့်နေမိသည်။
“သတ်ဖြတ်လိုတဲ့ အငွေ့အသက်တွေနဲ့ ပျက်ဆီးစေနိုင်တဲ့ အငွေ့အသက်တွေကို စကြာဝဠာ တစ်ခုလုံးမှာ ပစ္စည်းတစ်ခုကပဲ ထုတ်လွှတ်ပေးနိုင်စွမ်း ရှိတယ် . . .”
“ဒါက ကောင်းကင်မိစ္ဆာသံမဏိပဲ . . .”
သူပြောနေရင်းဖြင့် အပ်လေး၏ မျက်နှာပြင်သည် လုံးဝ အရည်ပျော်ကျသွားပြီး နောက်မှောင် တောက်ပသည့် အပ်ကလေးအဖြစ် ပြောင်းလဲသွားလေ၏။
ဖျက်ဆီးနိုင်သော အငွေ့အသက်များသည် ထိုအတွင်းဘက်မှ ထွက်လာခြင်း ဖြစ်သည်။
ငရဲရှိ မိစ္ဆာများမှ ထွက်ပေါ်လာသည့် အငွေ့အသက်များနှင့် တူနေပြီး ကမ္ဘာကြီး တစ်ခုလုံးအား ဝါးမြိုပစ်တော့မတတ် အငွေ့အသက်များလို ရှိနေတာ ဖြစ်လေ၏။
“ဒါကကောင်းကင်မိစ္ဆာသံမဏိပေါ့ . . .”
ရဲရှောင် စိတ်သက်သာရာ ရသွားသလို ခံစားလိုက်ရသည်။
“ဒီလိုပစ္စည်းမျိုးကမှ လက်နက်ပြုလုပ်တဲ့လူရဲ့ တစ်ဘ၀လုံးကို အချိန်ကုန်ဆုံးသွားစေတာ . . .”
“ဒီကောင်းကင်မိစ္ဆာသံမဏိရဲ့ သေစေနိုင်တဲ့ အငွေ့အသက်တွေက တခြားသတ္တုတွေ အကုန်လုံးကို အပေါင်းစပ်မခံဘူး။ အဲဒါကြောင့်ပဲ တခြားပစ္စည်းတွေနဲ့ ပေါင်းစပ်မရဘဲ ထိပ်ဖျားမရှိ ဖြစ်နေရတာ . . .”
“ကောင်းကင်မိစ္ဆာသံမဏိကို ပင်လယ်စိမ်းသတ္တုနဲ့ ကာထားတဲ့ သဘောပဲ၊ အဲဒီလိုသာ မကာထား ဘူးဆိုရင် လူတွေအနေနဲ့ ဒီကထွက်တဲ့ အငွေ့အသက်တွေကြောင့် ဖောက်လွှဲဖောက်ပြန် ဖြစ်သွားပြီး မိစ္ဆာလို ဖြစ်သွားစေမှာပေါ့ . . .”
“ဒီလို ကောင်းကင်မိစ္ဆာသံမဏိနဲ့ လုပ်ထားတဲ့ လက်နက်ကိုတော့ နတ်ဆိုးအသွားနဲ့ နတ်လက်နက် လို့ ခေါ်ဖို့ တကယ် ထိုက်တန်တယ် . . .”
“အခု . . . ငါ့ရဲ့ လက်ထဲမှာ မူလသရုပ်အမှန်ကို ဖော်နိုင်ပြီ ဆိုတော့ငါက ဒီလက်နက်တွေနဲ့ စကြာဝဠာ တစ်ခုလုံးကို သိမ်းပိုက်နိုင်မယ်လို့ ဆိုလိုတာလား . . .”
ရဲရှောင် သက်ပြင်းတစ်ချက် ချလိုက်သည်။
မိစ္ဆာအပ်အား လက်မှ ကိုင်ထားရင်း သူ၏ ဟင်းလင်းပြင်ကြီးများ ရှိရာသို့ ၀င်ရောက်သွားခဲ့၏။
မိစ္ဆာအပ်မှာလည်း သူနှင့်အတူ ဟင်းလင်းပြင်ကြီးများအတွင်း ရောက်ရှိလာခဲ့လေသည်။ ရဲရှောင် ရွှေရောင်တောက်နေသည့် ဟင်းလင်းပြင် ရှိရာသို့ ချက်ချင်းပင် လျှောက်လှမ်းသွားသည်။
“ရွှိ . . .”
မိစ္ဆာအပ်သည် ဟင်းလင်ပြင်အတွင်းသို့ ၀င်ရောက်သွားခဲ့ပြီးနောက် အလင်းရောင်များ တောက်လာလေ၏။
“ဒါတွေက မပြီးသေးတဲ့ လက်နက်တွေလို ဖြစ်နေတယ်။ အခုတော့ လုံးဝ ပြီးရတော့မှာပေါ့။ ငါ့ရဲ့ ဟင်းလင်ပြင်က ဒါတွေကို ချွန်ထက်သွားအောင် လုပ်ပေးနိုင်မယ် ထင်တယ်။ အဲဒီလိုဆိုရင်တော့ ဒီလက်နက်တွေလည်း လက်နက်အစစ်လို့ ခေါ်လို့ ရသွားပြီပေါ့ . . . ဒီသံမဏိမျိုးကလည်း တခြားပစ္စည်းနဲ့ ထိပ်ဖျားလုပ်လို့ ရမှာ မဟုတ်လောက်ဘူး . . .”
ထိုအချိန် မိစ္ဆာအပ်၏ လင်းလတ်မှုသည် လျော့ကျသွားကာ ပျောက်ကွယ်သွားလေ၏။
ရဲရှောင် လက်များအား ဝေ့ယမ်းလိုက်သောအခါ အပ်သည် သူ့လက်ထဲသို့ ပြန်ရောက်ရှိလာလေ၏။
ယခုအခါတွင်မူ အပ်၏ ထိပ်ဖျားသည် ချွန်ထက်သေးငယ် နေလေ၏။
ဖော်မပြနိုင်သော အေးစက်မှုကို ပေးစွမ်းနိုင်သကဲ့သို့ ရှိနေကာ လင်းလတ်လျက်လည်း ရှိနေ၏။
သဘာဝအတိုင်း ဖြစ်ပေါ်နေသည့် အပ်တစ်စင်း အလားပါပင်။
“ငါသိသွားပြီ . . .”
ရဲရှောင် ကျေနပ်သွားသည့် မျက်နှာဖြင့် အပ်အား စိုက်ကြည့်နေလေသည်။
ထို့နောက် ရဲရှောင်လည်း တခြားသော အပ်များကိုလည်း ထိုနည်းအတိုင်ပင် ပြုလုပ်လိုက်ပြန်၏။ ရှေးဦးခရမ်းရောင်ချီဓာတ်မှ အပူစွမ်းအင်ကို ထုတ်ယူကာ မျက်နှာပြင်ကို အရည်ပျော်စေလိုက်ပြီး ဟင်းလင်းပြင်များအတွင်းသို့ ၀င်ရောက်၍ အပ်ထိပ်ဖျားများ ပေါ်လာအောင် လုပ်ယူလိုက်ခြင်း ဖြစ်သည်။
သူ၏ ကျင့်ကြံမှုအဆင့်သည် နိမ့်နေသေးသည့်အတွက် သူ့အနေဖြင့် တစ်ကြိမ်လျှင် တစ်ချောင်း သာ ပြုလုပ်နိုင်ပါသည်။ ဓားတို ၁၂ ချောင်းကိုမူ ပြုလုပ်နိုင်ခြင်း မရှိသေးပေ။ အဘယ်ကြောင့် ဆိုသော် ဓားများသည် အပ်များထက် အရွယ်အစားပိုမို ကြီးမားသဖြင့် ထိုကဲ့သို့ လုပ်နိုင်စွမ်း မရှိသေးတာ ဖြစ်၏။
သို့သော်လည်း ယခုရလဒ်ကိုပင် သူကျေနပ်နေမိလေ၏။
ထူးခြားအစွမ်းထက်လှသည့် ဒဏ္ဍာရီလာ လက်နက်များသည် သူ့လက်ဝယ် ရှိနေပြီ မဟုတ်ပါလား။ တကယ့်ကို ကံကောင်းမှု တစ်ခုဟု ဆိုနိုင်ပါသည်။ တစ်ကြိမ်ကို တစ်ချောင်း လုပ်နိုင်ခြင်းကိုပင် ကျေနပ်နေမိပြီး အချိန်အနည်းငယ် ပို၍ကုန်မည်သာ ဖြစ်ပါသည်။ သိပ်မကြာခင် အချိန်အတွင်း ဓားတို များကိုပါ ပြုလုပ်နိုင်လိမ့်မည်ဟု တွေးနေမိပါတော့သည်။
“ပြီးတော့မယ် . . .”
ရဲရှောင် နဖူးမှ ချွေးများကို သုတ်ရင်း ရေရွတ်လိုက်သည်။
သူတစ်ချောင်းပြီးတစ်ချောင်း လုပ်လာခဲ့ရာ ရှေးဦးခရမ်းရောင် ချီဓာတ်သည်လည်း သန့်စင် သထက် သန့်စင်လာပါသည်။ ပိုပိုပြီး အစွမ်းထက်လာခြင်းပင် ဖြစ်လေ၏။
လက်နက်များအား ဂရုတစိုက် အာရုံစိုက်ကာ လုပ်နေသဖြင့် အချိန်မည်မျှ ကုန်လွန်သွားသလဲ ဆိုတာကိုပင် သူမသိတော့ချေ။
ဒါ့အပြင် သူ့ကိုယ်တွင်းရှိ ဝိညာဉ်တော်ချီဓာတ်များစွာ ကုန်ဆုံးနေပြီ ဆိုတာကိုလည်း သတိမထားမိချေ။
သူ၏ စွမ်းအင်များမှာ သွေးကြောများအတွင်း အဆက်မပြတ် စီးဆင်းနေခြင်းပင် ဖြစ်လေ၏။
လုပ်နေစဉ် ကာလအတွင်း ရဲရှောင်သည် သေချာဂရုတစိုက်ဖြင့် လုပ်နေခြင်းကြောင့် ကမ္ဘာလောကကြီး တစ်ခုလုံးတွင် သူနှင့် အပ်တိုလေးများသာ ရှိတော့သလို ဖြစ်သွားလေ၏။
သူ၏ စွမ်းအင်များစွာအား အသုံးပြုရင်း နတ်ဆိုးအသွားနှင့် နတ်လက်နက်များအား ထိပ်ဖျား ဖြစ်ပေါ်လာစေရန် ပြုလုပ်နေခြင်းပင် ဖြစ်လေ၏။ ဟင်းလင်ပြင်အတွင်းရှိ များပြားသိပ်သည်းလှသည့် ချီဓာတ်များမှာ ကုန်ဆုံးသွားသော ချီဓာတ်များနေရာတွင် ပြန်လည် ဖြည့်တင်းပေးသဖြင့် မျှခြေတစ်ခုလိုကို ဖြစ်နေပါတော့သည်။
ရဲရှောင်သည် ပတ်ဝန်းကျင်ကို ဂရုမထားဘဲ အာရုံစိုက် လုပ်နေခြင်းဖြစ်ပြီး ထိုနေ့ည ရဲအိမ်တော် တစ်ခုလုံးမှာတော့ ပူပြင်းလှသည့် ဒဏ်ကို ခံစားနေရကာ ထိုအဖြစ်ပျက်ကို ရဲရှောင်တစ်ယောက် မသိနိုင် အောင် ဖြစ်နေပါတော့သည် . . .။

Comment

Leave a Reply

Options

not work with dark mode
Reset