Chapter – 30 နွားနတ်ဆိုး ရတနာ
ချူဖုန်း ရှေးဟောင်းတောင်တန်းများ၌ လှည့်ပတ်သွားလာကာ ဤနေရာ၌ ကျက်စားနေသည့်သားရဲများကို အမဲလိုက်နေခဲ့သည်။ ဤသည်မှာ သူ့အတွက် အလွန်အကျိုးရှိလှသည်ပင်။ ယခင်က သူသည် တိုက်ခိုက်ရာတွင် စိတ်လှုပ်ရှားနေတတ်ပြီး သွေးသံတရဲရဲကို မြင်သည်နှင့် ချွေးစေးပြန်နေတတ်သည်။ တစ်ဖြည်းဖြည်းဖြင့် သူတည်ငြိမ်လာကာ သွေးအေးသော လူသတ်သမား ဖြစ်လာသည်။ သူ ရန်သူဟု သတ်မှတ်ထားသည့် သားရဲများကို သတ်ဖြတ်ကာ တောရိုင်းကြီးထဲ၌ သူ ရှင်သန်နိုင်ခဲ့သည်။
သူသည် နွားနတ်ဆိုးလက်ဝှေ့ပညာကိုလည်း အမြဲတမ်း လေ့ကျင့်နေခဲ့သည်။ နောက်ဆုံးတွင်တော့ ပုံစံကိုးမျိုးလုံးကို ကျွမ်းကျင်သွားပြီဖြစ်သည်။
တောတောင်ထဲ၌ သစ်ပင်များ ထူထပ်ပေါများလှသည်။ သစ်ပင်များမှာ များပြားလှသောကြောင့် နေပျောက်ပင် မထိုးနိုင်တော့။ အောက်ခြေရှိ မြေကြီးများလည်း ပျော့ပျောင်းနေသည်ပင်။ ချူဖုန်း ဤတောင်များ၏အတွင်းနက်ပိုင်းသို့ ဝင်လာခဲ့လိုက်သည်။ ယခုတစ်ခေါက်တော့ နွားဝါလေး မပေါတော့။
“ဂါး…”
ငှက်တစ်ကောင် အော်လိုက်ခြင်းပင်။ ထိုအော်သံမှာ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်လှသည်။ ငှက်မွေးများမှာ မည်းနက်တောက်ပြောင်နေပြီး ငှက်ကြီးသည် အနည်းဆုံး တစ်ဆယ်မီတာကျော် ရှည်လျားပြီး သူ့ခန္ဓာကိုယ်မှာ တောက်ပြောင်နေသည်။ သူ၏ခြေသည်းလက်သည်းများမှာ ဓားမြောင်တစ်လက်ကဲ့သို့ ချွန်ထက်နေသည်။
ခွပ်..
ထိုငှက် ထိုးဆင်းလာသည်နှင့် ချူဖုန်း ကျောက်တုံးကြီးတစ်တုံးနောက်၌ ရှောင်လိုက်သည်။ သူ အံ့အားသင့်သွားရသည်မှာ ထိုငှက်ကြီးသည် လက်သည်းများဖြင့် ထိုကျောက်တုံးကြီးကို ကုပ်ချီကာ လွယ်လွယ်ကူကူပင် ဖိချေပစ်လိုက်သည်။ ဤငှက်၌ ကြောက်စရာကောင်းလောက်သည့် ခွန်အား ရှိနေသည်။
ဤငှက်သည် ဆင်များကိုပင် အလွယ်တကူ အမဲလိုက်နိုင်လိမ့်မည်။
ထိုငှက်ထိုးဆင်းလာသည်နှင့် လေပွေများ ဖြစ်ပေါ်လာသည်။ ထိုငှက်သည် သူ့လမ်းကြောင်း၌ ရှိနေသည့်သစ်ပင်များကို မျက်စိထဲ မထည့်သည့်ပုံပင်။ သူ့အနက်ရောင်အမွေးအတောင်များမှာ သံမဏိကဲ့သို့ ခိုင်မာလှပြီး လေထဲတွင် သစ်ကိုင်းကျိုးနှင့် သစ်ရွက်များ လွင့်ပျံလာသည်။
ချူဖုန်း ဘာကိုမှမကြောက်။ ရက်ပေါင်းများစွာ လေ့ကျင့်ပြီးနောက် သူ ပြန်လည်မွေးဖွားလာသလို ခံစားနေရသည်။ သူ ဤရှေးဟောင်းမြေမှ ပြန်ထွက်သွားသည့်အချိန်တိုင်း သူပို၍ တည်ငြိမ်ကာ အကြောက်တရား ကင်းမဲ့လာသည်။
ဤနယ်မြေမှာ မိနစ်ပိုင်းအတွင်း စစ်မြေပြင်တစ်ခု ဖြစ်သွားသည်။
နောက်ဆုံးတွင် ချူဖုန်း လေထဲသို့ ခုန်တက်လိုက်ကာ ငှက်ကြီးကို သူ့လက်သီးနှင့် မိတ်ဆက်ပေးလိုက်သည်။
ချူဖုန်း လက်သီးချက်ကျရောက်သွားသည်နှင့် ဘုန်းခနဲ အသံကျယ်ကြီး ထွက်ပေါ်လာသည်။
ငှက်ကြီး၏ ရင်ဘတ်ရှိ အမွေးများ ရုတ်တရက် လွင့်စင်သွားကာ မြေပြင်ပေါ်သို့ ကျသွားလေ၏။
ငှက်ကြီး စူးရှစွာ အော်မြည်လိုက်သည်။ ထိုအသံမှာ စူးလွန်းသောကြောင့် သူ့နားစည်ပင် ပေါက်ကွဲလုမတတ် ဖြစ်သွားသည်။
ဖူး..
ငှက်ကြီး၏ ရင်ဘတ်၌ အပေါက်ကြီး ဖြစ်သွားကာ သွေးများ စီးကျလာလေသည်။
ငှက်ကြီး၏ ဧရာမကိုယ်ထည်ကြီးသည် အောက်ဘက်ရှိ ပျော့ပျောင်းသည့်မြေပြင်နှင့် ရိုက်ခတ်သွားသည်။ ရိုက်ခတ်သည့်အရှိန်ကြောင့် အနီးအနားမှ သစ်ပင်များ လှုပ်ခါသွားပြီး တောင်ကုန်းပေါ်မှ ဧရာမကျောက်တုံးကြီးများ လိမ့်ဆင်းလာသည်။
ချူဖုန်း တစ်ကိုယ်လုံး ငှက်သွေးများဖြင့် စိုရွှဲနေပြီဖြစ်သည်။ သူသည် တည်ငြိမ်စွာဖြင့် ဖြစ်ပျက်နေသမျှကို ရပ်ကြည့်နေခဲ့လေသည်။
ထို့နောက် သူ ငှက်အသား အနည်းနည်းကိုယူလိုက်ပြီး ထွက်လာလိုက်သည်။
“ဒီနေ့ငှက်ရဲ့ အရသာကို မြည်းကြည့်ရအောင်..”
အိမ်၌ သူ ထိုအသားကို သူ၏အနက်ရောင်ဓားမြောင်ဖြင့် ခုတ်ထစ်လိုက်သည်။ ထိုအသားကို သူ စွပ်ပြုတ်လုပ်သလို ကြော်လည်း ကြော်လိုက်သည်။
“ရှယ်ပဲ…” ချူဖုန်း ရေရွတ်လိုက်သည်။
ပို၍ အရေးကြီးသည်မှာ တောရိုင်းကောင်များ၏ အသားသည် သူ၏စွမ်းအားနှင့် ခွန်အားကို တိုးတက်စေသည်။ ဤအသားများသည် သူ့ခန္ဓာကိုယ်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်သလို သူ လက်ဝှေ့လေ့ကျင့်သည့်အချိန်တွင်လည်း အားအင်တိုးလာစေသည်။
“မူး..”
အသားမှာ နွားဝါကိုလည်း ကျေနပ်စေသည့်ပုံပင်။ ဗိုက်ပြည့်အောင် စားလိုက်သောကြောင့် သူ့ဗိုက်မှာ အသားများဖြင့် ဖောင်းကားနေလေပြီ။ သူ့ခါးဆိုဒ်မှာ သိသိသာသာကိုပင် ကြီးမားလာပြီဖြစ်သည်။
“ငါ မင်းကို ကောင်းကောင်း ချက်ကျွေးတယ် .. အဲဒီတော့ မင်းအိမ်မှာ တစ်ယောက်တည်း ရှိနေတဲ့အချိန် ကောင်းကောင်းနေပါ့မယ်လို့ ငါ့ကို ကတိပေး..” ဗိုက်ပြည့်အောင် စားပြီးသည်နှင့် ချူဖုန်း နွားဝါလေးကို ပြောလိုက်သည်။ “ငါ ဒီအသားတွေကို အဘိုးကျောင်းကို သွားပေးလိုက်ဦးမယ် .. အဲဒီတော့ မင်း အိမ်စောင့်နေခဲ့..”
“မူး..” နွားဝါလေး သဘောတူလိုက်သည်။
လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း အဟောင်းဆိုင်မှ ဦးလေးလျိုနှင့် လက်နက်ရုံမှ အဘိုးကျောင်းတို့သည် အသားများကို ဖောဖောသီသီရခဲ့သည်။ အသား၏ ပြိုင်စံရှား အရည်အသွေးကြောင့် သူတို့နှစ်ဦးလုံး မချီးကျူးပဲ မနေနိုင်။ “အရသာက ပြိုင်ဘက်ကင်းပဲ…” သူတို့ လက်ခုပ်လက်ဝါးတီးကာ ပြောလိုက်ကြသည်။
သို့သော် ဤသည်မှာ အနီးအနားရှိ တောင်တန်းများ၌ သူ အမဲလိုက်၍ရခဲ့သည့် အသားများဖြစ်သည်ဟု ချူဖုန်း မပြောရဲ။
ကောင်းကင်ကြီး မှောင်မဲလာလေပြီ။ ချူဖုန်းသည် လက်ထဲ၌ ချက်ပြီးသား အထုပ်နှစ်ထုပ်ကိုင်ကာ ပျော်ရွှင်စွာ ခုန်ပေါက်ပြေးလာလေ၏။ သူသည် မသိစိတ်၏နှိုးဆော်မှုအရ အစေ့များ စိုက်ပျိုးထာသည့် ပန်းခြံထဲသိုု့ ဝင်သွားလိုက်သည်။ သူသည် ဤနေရာကို တစ်ရက် နှစ်ကြိမ်နီးပါး လာကြည့်လေ့ရှိသည်။
ကံမကောင်းစွာဖြင့် မည်သည့်အညှောင့်မှ မမြင်ရသေး။
ချူဖုန်း ထိုအစေ့များအား ခဏခဏကြည့်နေသည်ကို တွေ့လိုက်ရသည့်အခါ နွားဝါလေး စိတ်ထဲ မတင်မကျဖြစ်လာသည်။ ချူဖုန်း တစ်ခုခု မကောင်းကြံနေသည်ဟု သူ့စိတ်ထဲ သံသယဝင်လာလေ၏။ ထို့နောက် သူ အခန်းထဲ ပြန်ဝင်သွားကာ တံခါးပိတ်လိုက်လေသည်။
“ငါက မင်းမစင်တွေကိုသုံးပြီး ငါ့အပင်တွေကို အားဖြည့်ပေးမယ်လို့ ထင်နေတာလား.. နဂါးမစင်ကလွဲရင် ငါမရှာနိုင်တဲ့ သားရိုင်းကောင်မစင်မရှိဘူး .. စီဝမ်မူနဲ့ ကိုးထပ်မြောက်ကောင်းကင်ဘုံက နတ်သမီးတို့ကို တိရစ္ဆာန်မစင်နဲ့ စော်ကားသလိုဖြစ်သွားမှာစိုးလို့ .. မဟုတ်ရင် ငါ အစောကြီးကတည်းက လုပ်လိုက်ပြီ..” ချူဖုန်း အော်ဟစ်ရယ်မောလိုက်သည်။
“မူး…”
နွားဝါလေး၏ ဒေါသတကြီး အော်ဟစ်သံအောက်တွင် အိမ်တစ်ခုလုံး တုန်ခါသွားလေ၏။
ချူဖုန်း နွားဝါကို လျစ်လျူရှုလိုက်ပြီး တိတ်ဆိတ်နေသည့် လမ်းမကြီးထက် လမ်းလျှောက်ထွက်လာလိုက်သည်။
သူ အိမ်ပြန်ရောက်သည့်အချိန်တွင် အတော်လေး မိုးချုပ်သွားပြီဖြစ်သည်။ လဝန်းကြီး လင်းထိန်နေသော်လည်း ကြယ်များ သိပ်မရှိ။ ဦးလေးလျိုနှင့် အဘိုးကျောင်းတို့်နှစ်ယောက်လုံး သူ့ကို ညစာစားရန် ဆွဲထားသောကြောင့် သူ နောက်ကျသွားခြင်းပင်။ ညစာစားချိန်တွင် အနည်းငယ် သောက်ခဲ့သောကြောင့် သူ နည်းနည်းမူးနေပြီဖြစ်သည်။
သို့သော် သူ့အိမ်နှင့် သိပ်မဝေးတော့သည့်အချိန်တွင် လေထဲ၌ တွေ့လိုက်ရသည့် ရွှေရောင်အလင်းလုံးတစ်ခုကြောင့် မူးဝေနေသည်များပင် ပျောက်သွားရသည်။ ဤသည်မှာ နွားဝါလေးပင်။ သူသည် သရဲတစ်ကောင်ကဲ့သို့ ပုန်းလျှိုးကွယ်လျှိုးဖြင့် ခြံဝင်းထဲမှ ထွက်လာနေသည်ပင်။
သူသည် သူခိုးတစ်ယောက်ကဲ့သို့ တောင်ကြည့်လိုက်၊ မြောက်ကြည့်လိုက် လုပ်ပြီး သစ်ခွခြံထဲသို့ ဝင်သွားလေ၏။
ချူဖုန်းသည် လမ်းထောင့်အမှောင်ထဲ၌ ပုန်းနေခြင်းပင်။ “ဒီကောင်က ငါ့ကို ဘာတွေများ ဖုံးကွယ်ထားတာလဲ..”
သူ၏သိလိုစိတ်ကို အကောင်အထည်ဖော်လိုက်သည်။ နွားဝါလေး သူ့ကို သင်ပေးထားသည့်အတိုင်း အသက်ရှူအောင့်လိုက်ကာ သူ့ခန္ဓာကိုယ်မှ ချီစွမ်းအားများ ထွက်မလာအောင် လုပ်လိုက်သည်။ ထို့နောက် သူ နွားဝါလေးနောက် တစိုက်မတ်မတ် လိုက်သွားလိုက်သည်။
နွားဝါလေးသည် ပတ်ဝန်းကျင်ကို စစ်ဆေးရန် ခဏခဏ လှည့်ကြည့်နေသည်။
“တစ်ခုခုထူးဆန်းတာ ဖြစ်နေပြီ..” ချူဖုန်း ရေရွတ်လိုက်သည်။
နွားဝါသည် လူသိမခံလိုသည့် ကိစ္စတစ်ခုခုကို လုပ်နေခြင်းဖြစ်ရမည်။ မဟုတ်ပါက သူ အဘယ်ကြောင့် ဤမျှလျှိုု့ဝှက်နေမည်နည်း..
သူသည် ချူဖုန်း လိုက်လာမည်ကိုလည်း စိုးရိမ်နေသည်ပင်။
ချူဖုန်း အရှိန်လျှော့လိုက်ကာ သူတို့နှစ်ဦးကြား နည်းနည်းဝေးအောင် လုပ်လိုက်သည်။ နွားဝါလေးမှာ အလွန်အာရုံစူးရှသူဖြစ်ကြောင်း သူသိသည်။ သူတို့ အရမ်းနီးသွားလျှင် နွားဝါလေး သတိထားမိလိမ့်မည်။
ယခုတလော လက်ဝှေ့ထိုးနည်းပုံစံကို ကျွမ်းကျင်ပြီးနောက် သူ့အာရုံများလည်း တိုးတက်လာသည်။ သားကောင်တစ်ကောင်ကို မမြင်ရလျှင်ပင် သူတို့တည်ရှိမှုကို အာရုံခံနိုင်ကာ သူတို့ထက်အရင် လှုပ်ရှားနိုင်သည်။
နောက်ဆုံးတွင် နွားဝါ တစ်နေရာ၌ ရပ်တန့်လိုက်သည်။ ထို့နောက် လူ လိုက်လာ၊မလာကို နောက်လှည့်ပြီး အတည်ပြုလိုက်သေးသည်။
“တော်တော် သတိကြီးတဲ့ကောင်ပါလား..” ချူဖုန်း တိတ်တဆိတ် ကျိန်ဆဲလိုက်သည်။ “သူက ဘာလို့ ဒီလောက်တောင် သတိကြီးနေတာလဲ..” သူ ကြီးမားလှသည့် ရှေးသစ်ပင်ကြီးတစ်ပင်နောက်၌ ပုန်းလိုက်ကာ မလှုပ်မယှက်နေလိုက်သည်။
ခဏကြာပြီးနောက် နွားဝါလေး ထိုနေရာ၌ ကျင်းတစ်ကျင်း တူးနေကြောင်း ချူဖုန်း တွေ့လိုက်ရသည်။ ထို့နောက် သူ ထိုကျင်းထဲသို့ တစ်ခုခု ဖွက်လိုက်သလိုပင်။
“ဒီကောင်က ငါ့ကိုပေးမသိပဲ တစ်ခုခု ဖွက်ချင်နေတာလား .. ခွေးသားလေး..” ချူဖုန်း ဒေါသတကြီး အံကြိတ်လိုက်သည်။ သို့သော်လည်း သူ သစ်ပင်နောက်မှ တိတ်တိတ်လေး ဆက်ကြည့်နေလိုက်သည်။
နွားဝါလေးမှာ အတော်လေး ကျေနပ်သွားသည့်ပုံပင်။ သူ ဘာဖွက်လိုက်သည်ကို ဘုရားသာ သိလိမ့်မည်။ သူ့အမူအရာ ကြည့်လိုက်သည်နှင့် သူ အလွန်ပျော်ရွှင်နေကြောင်း သိနိုင်သည်။ သူသည် သီချင်းလေး တညည်းညည်းဖြင့် ပြန်ထွက်သွားလေသည်။
“ခွေးကောင် .. မင်း ငါ့ကို ဖုံးကွယ်ထားလို့မရဘူး .. မင်း အဲဒီမှာ ဖွက်ထားတဲ့ပစ္စည်းအားလုံးကို ယူပြီးတော့ မင်း ငိုစရာမျက်ရည်မကျန်တော့အောင် လုပ်ပစ်မယ် .. မင်းဖင်ကို စုတ်ပြတ်သွားအောင် စောင့်ကန်ပစ်မယ်..”
ချူဖုန်းသည် စိတ်ထဲ၌ ကလဲ့စားချေမည့် အကြံထုတ်နေပြီး သူ့ထက်မြက်မှုအတွက် ပီတိဖြစ်နေလေသည်။
ဤမြင်ကွင်းကို သူ မြင်ယောင်ကြည့်၍ရသည်။ တစ်နေ့ နွားဝါလေး သူမြှုပ်ထားသည့်ပစ္စည်းများအား ပြန်လာယူသည့်အချိန်တွင် ဤနေရာမှ သူ့လက်ဖဝါးများကဲ့သို့ ဗလာနတ္ထိဖြစ်နေလိမ့်မည်။ ထိုအချိန်ကျရင် နွားဝါလေး သေချာပေါက် ဒေါကန်သွားလိမ့်မည်။ သူကတော့ အပြစ်ကင်းစင်သည့် ဘေးလူတစ်ယောက်အဖြစ် ဟန်ဆောင်ကာ နွားပေါက်လေး ခုန်ပေါက်နေသည်ကို ထိုင်ကြည့်နေရုံပင်။
“ဟား ဟား…” သူ စဉ်းစားမိလေလေ ရယ်ချင်လေလေပင်။ နွားဝါလေး ပျောက်သွားသည့်အချိန်ထိ စောင့်နေပြီးနောက် သူ ဖြည်းဖြည်းချင်း ထွက်လာကာ ရတနာကို တူးရန် ပြင်လိုက်သည်။
နွားဝါကဲ့သို့ ဇီဇာကြောင်သည့်သူတစ်ဦး ဖွက်ထားသည့်အရာမှာ သေချာပေါက် တန်ဖိုးကြီးသည့်အရာ ဖြစ်လိမ့်မည်။
“ငါ ဟိုတစ်လောက တောင်တွေဘက်သွားတုန်းက သူ တစ်ခုခု ရှာတွေ့ခဲ့တာလား .. သူ ဘာလို့ ငါ့ကို မပြောတာလဲ…”
ရုတ်တရက် အဝေးမှ အသံတစ်သံကို သူကြားလိုက်ရသည်။ ထိုအသံသည် အတော်လေး ဝေးသေးသော်လည်း သူ၏အထူးအကြားစွမ်းရည်က ထိုလှုပ်ရှားမှုများကို ချက်ချင်း သတိပြုမိသွားစေသည်။
ဒီလောက် နောက်ကျနေတာကို ဘယ်သူက သစ်ခွခြံထဲ လာသေးတာလဲ .. သူ ပို၍ သတိကြီးကြီးဖြစ်သွားသည်။
သူ သစ်ပင်အိုကြီးတစ်ပင်နောက် ဝင်ပုန်းလိုက်ကာ သူ့ခန္ဓာကိုယ်ထဲမှ ချီလှုပ်ရှားမှုများကို ပိတ်ထားရန်အတွက် သူ့ကြွက်သားများ တင်းနေအောင် လုပ်လိုက်သည်။ အမှောင်ထုမှာ သူ့ကို အားဖြည့်ပေးနေသည်ပင်။
လေထဲ၌ လင်းနို့ကြီးတစ်ကောင် ထွက်ပေါ်လာကာ သစ်ခွခြံထဲသို့ တစ်ဖြည်းဖြည်း ဆင်းသက်လာလေသည်။
ချူဖုန်း ထိတ်လန့်သွားရသည်။
ထို့နောက် သူ မျက်မှောင်ကြုတ်လိုက်၏။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ လင်းနို့မဟုတ်။ လင်းနို့ကြီးနှင့်တူသည့် လူတစ်ယောက်ပင်။ ဤလူသည် သူ့အတောင်ပံများကို လှုပ်ခတ်ကာ တစ်ဖြည်းဖြည်းချင်း ဆင်းသက်လာလေသည်။
ထို့အပြင် သူ့အောက်၌ အမျိုးသမီးတစ်ဦးလည်း ရှိနေသည်။ သူမသည် လေအလျင်နှင့် ရောက်ရှိလာပြီး လေထဲမှ လင်းနို့လူသားနှင့် တစ်ချိန်တည်းလိုလို ဤနေရာသို့ ရောက်လာသည်။
လင်းနို့လူသားထံတွင် ကြင်နာတတ်သော မျက်နှာရှိပြီး အတော်လေး ချောမောလှသည်။ သူသည် နွားဝါလေး ရတနာဖွက်ထားသည့်နေရာသို့ ရောက်လာလေသည်။
အမျိုးသမီးကတော့ အတော်လေး သာမန်ဆန်သည်။ သို့သော် သူမ မိတ်ကပ်များ ပြင်ဆင်ထားလေ၏။ သူမ၏ဇာမဏီနှုတ်ခမ်းမှာ နေလုံးကြီးကဲ့သို့ တောက်ပနေပြီး သူမ၏ မျက်လုံးများမှာ မီးခိုးမှိုင်းကဲ့သို့ မည်းနက်နေသည်။ သူမသည် ညအမှောင်ထဲ၌ အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားလေသည်။
“အခုလေးတင် ဖြတ်သွားတာ ဘာကောင်လဲ .. ရေးရေးလေးပဲ မြင်လိုက်ရတယ်ဆိုပေမယ့် အဲဒါ ရွှေရောင်နွားပေါက်မှန်းတော့ သိလိုက်တယ် .. ဒါပေမဲ့ သူက ဒီကို ဘာလာလုပ်တာလဲ..”
သူတို့နှစ်ဦး ထိုနေရာ၌ရပ်ကာ တစ်ယောက်ကိုတစ်ယောက် တီးတိုးပြောနေကြသည်။
“သူ ချင်းရန်ရွာဘက်သွားတာ တွေ့လိုက်တယ်”
“အဲဒါဆို သူက ငါတို့ပစ်မှန် ချူဖုန်းနေတဲ့မြို့မှာ နေတာပေါ့..”
သူတို့ တီးတိုးပြောနေကြသည်ကို ချူဖုန်း ရှင်းရှင်းလင်းလင်း ကြားနေရသည်။ သူ ထိတ်လန့်သွားရသည်။ ဒီနှစ်ယောက်က ဘာလို့သူ့ကို လာရှာတာလဲ .. သူတို့ ဘာလိုချင်လို့လဲ..
“သာမန်လူတစ်ယောက်အတွက်နဲ့ ငါ့ကို ခေါ်လာတာ မယုံနိုင်သေးဘူး .. ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် ငါ ဒီနေ့ည သူ့ကို သတ်ပစ်မယ်..” အမျိုးသားမှ ပြောလိုက်သည်။ သူ့မျက်နှာမှာ အေးစက်နေပြီး သတ်ဖြတ်လိုသည့်အငွေ့အသက်တို့ဖြင့် ပြည့်နှက်နေသည်။
“အဲဒီရွှေရောင်နွားပေါက်က ခုနတုန်းက ဒီမှာ ကျင်းတူးပြီးတော့ တစ်ခုခုကို မြှုပ်လိုက်သလိုပဲ .. ငါတို့ ဒါကို အရင်တူးကြည့်ကြရင်ရော .. ငါတို့ ဒီနေ့ကံကောင်းပြီးတော့ ရတနာတွေရှာတွေ့ရင် တွေ့နိုင်တယ်..” အမျိုးသမီး ဆံပင်သပ်၍ ပြောလိုက်သည်။ သူမအတွက် ချူဖုန်းကို သတ်ရန်မှာ အသေးအမွှားကိစ္စလေးတစ်ခုသာဖြစ်ပြီး ဤရတနာကို တူးရန်မှာ ပို၍ အရေးကြီးနေပုံပင်။ ထို့နောက် သူမ ယဉ်ကျေးသိမ်မွေ့စွာဖြင့် ထိုင်ချလိုက်သည်။
သူမသည် အသန့်ကြိုက်ပုံပေါ်သော်လည်း ယခုတော့ သူမ လက်များမှာ ရွှံ့များဖြင့် ပေရေနေလေပြီ။
“ပစ္စည်းကောင်း တစ်ခုခုတွေ့ရင် အညီအမျှ ခွဲရအောင်..” အမျိုးသားမှ ပြောလိုက်သည်။
ချူဖုန်း အမှောင်ထဲမှ တည်ငြိမ်စွာ ကြည့်နေလိုက်သည်။ သူ ဝင်ပါရမည့်အချိန်မရောက်သေး။
မြေကြီးတူးနေရင်းဖြင့် အသံတစ်သံ ထွက်လာသည့်အချိန်တွင် ထိုအမျိုးသမီး၏ မျက်လုံးများ တောက်ပသွားသည်။
ချူဖုန်း သူ၏ဆုံးဖြတ်ချက်ကို ရုတ်သိမ်းရန် ခဏ တွေးလိုက်သည်။ သို့သော် သေချာစဉ်းစားပြီးနောက် သူ့စိုးရိမ်စိတ်များ လျော့နည်းသွားသည်။ သူ နောက်မှလှုပ်ရှားလျှင်ပင် နွားဝါလေစး၏ ပစ္စည်းများ ပျောက်ပျက်မည်မဟုတ်ကြောင်း သူသိသည်။
“အား..”
အမျိုးသမီး အော်ဟစ်လာသည်။ သူမ အော်သံသည် ညအမှောင်တွင် စူးရှလှသည်။
သူမသည် အိပ်မက်ဆိုးမက်၍နိုးလာသော အရူးတစ်ယောက်ကဲ့သို့ လက်ကို ခါရမ်းနေပြီးနောက် သူမလက်ဖြင့် လင်းနို့လူသားအင်္ကျီကို သုတ်လိုက်သည်။
“မင်း ဘာတွေ လုပ်နေတာလဲ..” ထိုအမျိုးသမီး မည်သည့်အရာအား တူးထုတ်လာသည်ကို သူလည်း မြင်လိုက်သည်ပင်။ သူသည် ချက်ချင်းပင် ဒေါသထွက်သွားပြီး နောက်ပြန်ဆုတ်သွားလိုက်လေ၏။ သူသည် ရွံ့ရှာသွားဟန်ဖြင့် ပျို့အန်နေလေ၏။
“နွားချီးတွေ .. အကုန်လုံးက ချီးတွေပဲ..”
ထိုအမျိုးသမီး စူးရှစွာ အော်ဟစ်လိုက်သည်။ သူမသည် မကောင်းဆိုးဝါး ဝင်ပူးခံနေရသကဲ့သို့ လက်များကို အကြမ်းပတမ်းပင် လွှဲရမ်းနေသည်။ ထို့နောက် သူမ လက်ကို သစ်ပင် ပင်စည်၊ သစ်ရွက်များဖြင့် သုတ်လိုက်သည်။ ထို့နောက် သူမလည်း စတင်ပျို့အန်လာလေ၏။
အဝေးတွင်ရှိနေသည့် ချူဖုန်းမှာ အံ့အားသင့်ကာ ကြောင်အနေမိသည်။
ထိုအခိုက်အတန့်တွင် သူ့ဦးနှောက်ကို မြန်မြန်အလုပ်ပေးပြီး ဖြစ်ပျက်နေသည်များကို နားလည်အောင် လုပ်လိုက်သည်။
“သောက်ခွေး .. နည်းနည်းလေးပဲ လိုတော့တာ..” အချိန်အတော်ကြာသွားမှသာ သူနားလည်သွားတော့သည်။
“နွားဝါလေး .. မင်းက ချီးကောင်ပဲ..” ချူဖုန်း တိတ်တဆိတ် ကျိန်ဆဲလိုက်သည်။
သူ သားကောင်ဖြစ်သွားနိုင်သည်ဟု စဉ်းစားမိသည်နှင့် သူ ချွေးစေးများ ပြန်လာရသည်။
ချူဖုန်း ချွေးစေးများကို တိတ်တဆိတ် သုတ်လိုက်သည်။ သူ နွားဝါကို ဘယ်နှကြိမ်ပင် ကျိန်ဆဲလိုက်သည်ကို ဘုရားသာသိလိမ့်မည်။ သဘာဝလုပ်ငန်းစဉ်ကို ဖြေရှင်းရသည့်ကိစ္စအား နွားဝါလေးက အဘယ်ကြောင့် ဤမျှ သိုသိုဝှက်ဝှက်လုပ်နေသနည်း.. သူ ခြံထဲ၌ ပါချလည်းရသည်။ ဤသို့ဆိုလျှင် နှစ်ဦးနှစ်ဖက်အတွက်ပင် အကျိုးရှိလိမ့်ဦးမည်။
သူများကို ဒုက္ခပေးခြင်းက နွားဝါ၏ ဒုတိယပင်ကိုယ်သဘာဝဖြစ်ပုံရသည်။
နောက်ဆုံးတွင်တော့ သူ ကိစ္စတစ်ခုကို စဉ်းစားမိသွားသည်။ ယခုတလောတွင် သူသည် နွားချေးကိစ္စကို မကြာခဏပြောနေသည့်အတွက် နွားပေါက်လေး စိတ်ဒဏ်ရာရသွားကာ သူ့ရန်မှ ကာကွယ်ရန်အတွက် ဤကဲ့သို့ လုပ်လိုက်ပုံပေါ်သည်။
“ခွေးကောင်..”
အားလုံးကို ဆက်စပ်မိသွားသည့်အချိန် ချူဖုန်း ဆွံ့အသွားရသည်။ သူ ရယ်ရမလား၊ ငိုရမလားပင် မသိတော့။ သူနှင့်နွားဝါကြားတွင် သူက နွားဝါကို ပို၍ ဒုက္ခပေးမိပုံပေါ်သည်။
အဝေးရှိ ရတနာရှာပုံတော်ဖွင့်သည့် အမျိုးသမီးကတော့ ဆက်တိုက် အော့အန်နေဆဲပင်။
လင်းနို့လူသားလည်း ချောင်းခြောက်ဆိုးနေလေသည်။ ထို့နောက် သူ ဆုံးဖြတ်ချက်ချလိုက်ကာ တိရစ္ဆာန်မစင်များ ပေနေသည့် အဝတ်အစားကို ဆုတ်ဖြဲပစ်လိုက်လေသည်။
အပိုင်း ၃၀ ပြီး၏။