Switch Mode

Chapter – 79

အရှက်ကွဲခြင်း

Chapter – 79
“အရှက်ကွဲခြင်း”

(မူချန်ဘိုင် သေသွားရတာကတော့ မဖြေရှင်းနိုင်ခဲ့တဲ့ ကိစ္စပဲ၊ ဘယ်သူများ သူ့ကို သတ်သွားပါလိမ့်၊ နောက်ပြီး မင်းသားနန်းတော်က လူသတ်သမား ၃ ယောက်၊ အနောက်ဘက် ဈေးထဲမှာ သေသွားကြတယ်။ ရဲရှောင်ကတော့ အေးအေးဆေးဆေးပဲ အိမ်ပြန်လာနိုင်ခဲ့တယ်။ ဘာမှတောင် ဖြစ်တဲ့ပုံ မပေါ်ဘူး၊ ပျော်တောင် ပျော်နေတဲ့ပုံပဲ . . .
ဒါဆို သူတို့ကို ဘယ်သူများ သတ်လိုက်တာပါလိမ့် . . .
သူတို့က လူသတ်သမားတွေ ဆိုကတည်းက သူတို့မှာ လုပ်ရမဲ့ ကိစ္စတစ်ခု ရှိနေလိမ့်မယ်။ ဈေးထဲကရတဲ့ သတင်းတွေ အရဆိုရင် သုံးယောက်လုံးက တပြိုင်နက်တည်း သေကုန်ကြတာတဲ့ . . .
သူတို့သတ်ဖို့ ကြံနေတဲ့လူက ဘယ်သူများလဲ၊ သူတို့ရဲ့ ပစ်မှတ်ကို ချိန်ခဲ့ကြတာလား . . .
ဒါဆိုရင် သူတိုိ့ကို သတ်သွားတဲ့ လူကရော ဘယ်သူလဲ . . .
မူချန်ဘိုင်ကတော့ သာမန်အဆင့်လောက် ဆိုတော့ ထားပါတော့၊ အသတ်ခံရတာ မဆန်းဘူး၊ ဒါပေမဲ့ ဒီတစ်ခေါက်က အိမ်ရှေ့မင်းသားရဲ့ လူတွေ . . . သူတို့ဟာ သာမန် အဆင့်လောက်တော့ မဟုတ်လောက်ဘူး၊ ဒါပေမဲ့ ချက်ချင်းပဲ အကုန်အသတ်ခံလိုက်ကြရတယ်၊ ဘယ်လိုပဲဖြစ်ဖြစ် ဒီလို လုပ်နိုင်တဲ့လူက အဆင့်မြင့် ပညာရှင်ကြီး တစ်ယောက်ပဲ ဖြစ်ရမယ် . . .
ဒါဆိုရင် . . .)
အိမ်တော်ထိန်းကြီး ရဲရှောင်အား ကြည့်လိုက်သည်။ ရဲရှောင်၏ စိတ်ရှုပ်ထွေးသည့် အမူအယာ ဖြစ်နေသည်ကိုသာ မြင်တွေ့ရလိုက်လေ၏။
(ရဲရှောင်မှာများ ဒီလိုအစွမ်း ရှိနေတာလား . . .)
“ရှောင်ရှောင် . . .”
အိမ်တော်ထိန်းကြီး ရဲရှောင်၏ အိမ်နာမည်အား ခေါ်လိုက်တယ်။ ထိုကဲ့သို့ ခေါ်လိုက်ခြင်းမှာ ယခုပြောမည့် စကားသည် ဦးလေးတစ်ဦးမှ ပြောမည့်စကားမျိုးဟု ဆိုလိုလိုက်ခြင်းပင် ဖြစ်လေ၏။
“မင်း . . . အဆင့်တွေဘာတွေ တစ်ခုခုများ တက်ထားလား . . .”
“အဆင့်တစ်ခုခု . . . ဘာအဆင့်လဲ . . .”
ရဲရှောင် ကြောင်သွားဟန်ဖြင့် မေးလိုက်သည်။
“မင်းရဲ့ ကျင့်ကြံမှုတွေက အတော်ကြီး တိုးတက်လာတယ် ဆိုတာတော့ မင်းမငြင်းနိုင်ဘူးမလား”
အိမ်တော်ထိန်းကြီး မျက်မှောင်ကြုတ်၍ မေးလိုက်လေ၏။
ရဲရှောင် နှာခေါင်းတစ်ချက် ပွတ်လိုက်ရင်း ခေါင်းညိတ်ပြလိုက်သည်။
သူ့အနေဖြင့် လိမ်လည်ရန်မှာ မလွယ်ကူပါချေ။ အထူးသဖြင့် အိမ်တော်ထိန်းကြီးလို အမြင်စူးရှသည့် လူတစ်ဦးကို လိမ်၍ရမည် မဟုတ်ပေ။
သူ့အနေဖြင့် လိမ်လည်သည့် စကားတစ်ခုခုသာ ပြောလိုက်မည် ဆိုပါက အရှက်ကွဲရုံသာ ရှိမည် ဖြစ်၏။
“မင်းတိုးတက်လာခဲ့တဲ့အတွက် ငါတကယ်ကို ၀မ်းသာမိတယ်။ လာစမ်းပါဦး မင်းပညာလေး ဘာလေး ပြပါဦး . . .”
အိမ်တော်ထိန်းကြီးလည်း ရဲရှောင်အား အနောက်ဘက်သို့ ခေါ်ဆောင်သွားလေ၏။ ထို့နောက် အစောင့်များဘက်သို့ လှည့်ကာ –
“အစောင့်တွေ . . . ဒီအနောက်ဘက်ကို ပိတ်ထားကြစမ်း၊ ဘယ်သူမှ မ၀င်စေနဲ့ . . .”
“ကောင်းပါပြီ . . .”
အစောင့်နှစ်ယောက်မှ ကျယ်လောင်စွာ ပြန်ဖြေလိုက်သည်။ ထို့နောက်မှာတော့ အသီးသီး ထွက်ခွာသွားကြလေ၏။
ရုတ်တရက် အိမ်တစ်အိမ်လုံးအား အသေအချာ ပိတ်ဆို့ထားလိုက်ကြပြီ ဖြစ်ပြီး လူမဆိုထားနှင့် ယင်ကောင်တစ်ကောင်ပင် အ၀င်အထွက် ပြုလုပ်နိုင်မည် မဟုတ်ပေ။
အနောက်ဘက်ခြံဝန်းအတွင်း . . .
“လာစမ်းပါ . . .”
အိမ်တော်ထိန်းကြီး လက်ကို နောက်ပစ်လျက် ပြောလိုက်သည်။ သူ၏ ပုံစံမှာ ထိပ်တန်းအဆင့် ပညာရှင်တစ်ဦး၏ အသွင်သဏ္ဍာန်မျိုးပင် ရှိနေပါသေးသည်။ ထို့နောက်တွင်တော့ –
“ကောင်လေး မင်းရှိသမျှ အစွမ်းကုန်သုံးပြီး တိုက်ခိုက်စမ်း . . .”
ရဲရှောင် ပါးစပ်အဟောင်းသား ဖြစ်သွားမိသည်။
(ဘယ်လို . . . အစွမ်းကုန် ဟုတ်လား . . . ဦးလေးကတော့ ဒီနေ့ပဲ နတ်ပြည်သွားချင်နေပြီနဲ့ တူတယ်။
ကျုပ်မှာ ဟိုနေ့တုန်းက ခင်ဗျားအသက်ကို ခဲရာခဲဆစ် ကယ်ထားခဲ့ရတာ၊ ဒီလိုမျိုး လွယ်လွယ်ကူကူ အသေခံလိုက်တော့မလို့လား၊ ခင်ဗျားက သေချင်တယ် ဆိုရင်တောင်မှ ကျုပ်ကတော့ ခွင့်ပြုမှာ မဟုတ်ဘူး)
“တွေဝေမနေနဲ့ . . . အားမချန်ထားနဲ့နော် . . .”
အိမ်တော်ထိန်းကြီးလည်း ရဲရှောင်၏ တုန့်ဆိုင်းဆိုင်း အမူအယာကို မြင်သောအခါ သတိပေးလိုက် ပါသည်။
“မင်းရဲ့ အားကုန်သုံးပြီးသာ တိုက်ခိုက်စမ်းပါ . . .”
အိမ်တော်ထိန်းကြီးအနေဖြင့် ရဲရှောင် ဘာစဉ်းစား နေသလဲ ဆိုတာကိုတော့ မသိပါချေ။
(ငါ့ရဲ့ အစွမ်းတွေကို ထိန်းချုပ် ထားသင့်လား . . . တကယ်တော့ ဦးလေးဆိုတာ သူစိမ်းတော့ လည်း မဟုတ်ပါဘူး၊ သူက တစ်သက်လုံး သစ္စာ ရှိခဲ့တဲ့ လူယုံတော် တစ်ယောက်၊ နောက်ပြီး ငါ့အဖေနဲ့လည်း သွေးသောက်ညီအစ်ကိုတွေ၊ ငါ့ဘက်မှာ ရှိနေမှာ သေချာပါတယ် . . .)
သူ၏ အတွေးတွေကို ပြန်လည် သိမ်းဆည်းလိုက်ရင်း ရဲရှောင်လည်း သူ့စွမ်းအား အစစ်အမှန် အနည်းငယ် ထုတ်ပြလိုက်ရန် ဆုံးဖြတ်လိုက်တယ်။ သူ့အခြေအနေကို သိကြသည့် အခါမှသာ သူ့ကို စိတ်ပူမည့် လူများအား စိတ်မပူစေတော့မည် မဟုတ်ပါလား။
တကယ်တော့ ရဲရှောင်အနေဖြင့် သူ၏ အစွမ်းကို အကုန်လုံး ထုတ်ပြ၍ မဖြစ်နိုင်ချေ။ အဘယ်ကြောင့်ဆိုသော် အကယ်၍ အိမ်တော်ထိန်းကြီး အနေဖြင့် ကောင်းကင်အဆင့် ထိပ်တန်း ပညာရှင်ကြီးတစ်ဦး ဖြစ်နေသည့်တိုင် ရဲရှောင်အနေဖြင့် သူ့ကို ငရဲ ပို့စေနိုင်မှာ သေချာပါသည်။
ထို့ကြောင့် ခေါင်းညိတ်ပြလိုက်ပြီး –
“ဒီလိုဆိုမှာတော့ ကျုပ်လက်ခံလိုက်ပြီ၊ ဦးလေးရေ . . . ဂရုစိုက်နော် . . .”
အိမ်တော်ထိန်းကြီးမှာ ကမ္ဘာ့အရယ်ရဆုံး ပျက်လုံးတစ်ခုအား ကြားလိုက်ရသကဲ့သို့ ဟက်ဟက် ပက်ပက် ရယ်မောလိုက်လေ၏။ ထို့နောက် ပြုံးလိုက်ရင်း –
“စိတ်မပူပါနဲ့ ကောင်လေး . . . မင်းအနေနဲ့ ငါ့ကို နာကျင်အောင် လုပ်နိုင်စွမ်း ရှိရင်တောင်မှ ငါ့ပြိုင်ဘက် ဖြစ်လာဖို့ နှစ် ၂၀ လောက် ကြိုးစားလိုက်ပါဦး . . .”
ရဲရှောင်လည်း ခေါင်းညိတ်လိုက်ပြီးနောက် လေးစားသည့် ဟန်ပန်ဖြင့် –
“ဦးလေးက ဒီလို ထိပ်တန်းအဆင့် ပညာရှင်ကြီးကိုး . . . ခင်ဗျားရဲ့ အစွမ်းကိုလည်း တစ်ခါမှ မမြင်ခဲ့မိဖူးဘူး။ ထိပ်သီးကြီးတွေက အစွမ်းကို လျိုထားလေ့ ရှိတယ်ဆိုတာ တကယ်မှန်တာပဲ . . .”
အိမ်တော်ထိန်းကြီးလည်း ကျေနပ်သွားဟန်ဖြင့် ခေါင်းညိတ်လိုက်၏ ထို့နောက် ပြုံးလိုက်ပြီး –
“လာခဲ့ပေတော့ . . .”
“ဟုတ်ပြီ . . .”
ရဲရှောင်လည်း ပြန်ဖြေလိုက်ပြီးနောက် တွေဝေတုန့်ဆိုင်ခြင်း မရှိဘဲ ခြေတစ်ချက် ဆောင့်ချလိုက် တယ်။
သူ့တစ်ကိုယ်လုံး လည်ထွက်သွားပြီးနောက် လေအလျင်ကဲ့သို့ ပျောက်ကွယ်သွားပြီး အရိပ်သာ ကျန်ရစ်ခဲ့ပါတယ်။
“ရွှိ . . .”
လျှပ်စီးထက်ပင် ပိုမိုလျင်မြန်နေတာဖြစ်ပြီး ချက်ချင်းဆိုသလို အိမ်တော်ထိန်းကြီး၏ အရှေ့သို့ ရောက်ရှိသွားလေ၏။
ထိုကဲ့သို့ လျှင်မြန်လှသော လှုပ်ရှားမှုကို မြင်တွေ့လိုက်ရသောအခါ အိမ်တော်ထိန်းကြီးလည်း အထိတ်တလန့် အမူအယာဖြင့် –
“ဘယ်လိုတောင်လား . . .”
သူ့အနေဖြင့် မမျှော်လင့်မိခဲ့ရုံသာမက အိပ်မက်ပင် မမက်ဖူးသော အဖြစ်အပျက်ကို ရင်ဆိုင်လိုက် ရခြင်း ဖြစ်လေ၏။ သူ့တူမှာ လျင်မြန်စွာ လှုပ်ရှားနိုင်သည်သာမက ပြင်းထန်သော တိုက်ခိုက်မှုကိုလည်း လုပ်နိုင်နေတာ ဖြစ်ပါသည်။ ချက်ချင်းပင် ဟန်ချက်ပျက်သွားပြီး နားထဲလည်း အူထွက်သွားပါတော့သည်။
အိမ်တော်ထိန်းကြီးအနေဖြင့် ယခုတိုက်ကွက်သည် သာမန်တိုက်ကွက် မဟုတ်ဘူး ဆိုတာကို ခံစားသိရှိလိုက်သည်။ ထို့ကြောင့် သူ၏ ချီဓာတ်များအား လျင်မြန်စွာ လည်ပတ်စေလိုက်ပြီး ခုခံရန် ပြင်လိုက်၏။
ထိပ်သီးအဆင့် ပညာရှင်ကြီးများ အတွက် ကြောက်စရာ အကောင်းဆုံး အမှားမှာ ပြိုင်ဘက် ရန်သူကို အထင်အမြင် သေးခြင်းပင် ဖြစ်လေ၏။ ယခု အိမ်တော်ထိန်းကြီး ပြုလုပ်မိလိုက်သလို အနေအထားမျိုးပင် ဖြစ်သည်။ မမျှော်လင့်ထားသည့် အခြေအနေတစ်ခု အတွင်းသို့ ကျရောက်သွားခြင်းပင် ဖြစ်လေ၏။
တကယ်တော့ သူ့ကိုလည်း အပြစ်တင်၍တော့ မရချေ။ သူသည် အားအတော် နည်းနေသူ တစ်ဦး ဖြစ်ပြီး အဘယ်ကြောင့်ဆိုသော် ရွှေလက်တိုက်ကွက်ကို နှစ်ပေါင်းများစွာကြာအောင် ခံစားခဲ့ရခြင်းကြောင့် ဖြစ်ပါသည်။ ယခုအခါတွင်တော့ သူသည် မြေကြီးအဆင့် ၉ သာ ရှိနေသူ တစ်ဦး ဖြစ်၏။ သို့သော်လည်း သူ၏ လက်ရှိအနေအထားနှင့်ပင် ကောင်းကင်အဆင့် ပညာရှင်မှာ သူ့ကို အနိုင်ယူရန် မလွယ်ကူပါချေ။
ဒါ့အပြင် တိုက်ပွဲပေါင်းများစွာကိုလည်း ဆင်နွှဲဖူးသူ တစ်ဦး ဖြစ်သဖြင့် အတွေ့အကြုံ ရင့်ကျက်သူ တစ်ဦးဟု ဆိုနိုင်ပါသည်။ ထိုအချက်များကြောင့်ပင် ရဲရှောင်လို အတွေ့အကြုံ မရှိသည့် လူငယ်လေး တစ်ဦးအား အနိုင်ယူနိုင်မည်ဟု ယုံကြည်နေမိခြင်းပင် ဖြစ်၏။
အစပိုင်းတုန်းကတော့ သူသည် ရဲရှောင်၏ အစွမ်းကို စစ်ဆေးရုံသာ စစ်ဆေးမည်ဟု တွေးထားတာ ဖြစ်ပြီး ပြန်လည် တိုက်ခိုက်လိုစိတ် မရှိခဲ့ပေ။
ဒါ့အပြင် သူ့စိတ်အတွင်း ရဲရှောင်၏ တိုက်ခိုက်မှုများကိုလည်း သူ့အနေဖြင့် မှုနေစရာ မလိုလောက် ဟု တွေးထင်ထားခဲ့တာပင် ဖြစ်၏။
သို့သော်လည်း လက်တွေ့တွင်မူ သူ၏ အထင်အမြင်နှင့် တက်တက်စင်အောင် လွဲချော်နေလေ၏။
စစ်ဆေးမှုမှသည့် တိုက်ပွဲတစ်ပွဲ အသွင်သို့ ကူးပြောင်းသွားလေတော့၏။
ရဲရှောင်၏ အစွမ်းထက်လှသည့် တိုက်ကွက်များကို ရင်ဆိုင်ရင်း အာရုံစူးစိုက်ကာ ပြန်လည် တိုက်ခိုက်နိုင်ရန်အတွက် အလစ်ကို စောင့်နေလေ၏။ သူ့အနေဖြင့် ကောင်းစွာ တိုက်ခိုက်နိုင်မည် ဖြစ်သော်လည်း သူလုပ်ခဲ့သည့် အမှားကြောင့် အခွင့်မသာနိုင်အောင် ဖြစ်နေလေ၏။
သူ၏ ဝိညာဉ်တော် ချီဓာတ်များအား လည်ပတ်စေရင်း ရဲရှောင်၏ တိုက်ခိုက်မှုများကို ခုခံလိုက်သည်။ သို့သော်လည်း တကယ့်တကယ် ခုခံလိုက်သောအခါ သက်ရောက်လာသော အားအင်သည် သူထင်ထားသည်ထက်ကို ပိုမို ကျော်လွတ်နေလေ၏။
ရုတ်တရက် သူ့ရင်ဘတ်အား ထိုးနှက်ချက်များ ကျရောက်လာပြီး အိမ်တော်ထိန်းကြီးလည်း နာကျင်မှုကြောင့် အော်ဟစ်နေမိလေ၏။
“အား . . .”
“ဖောင်း ဖောင်း ဖောင်း . . .”
ထိုအချိန် ရဲရှောင်သည် အိမ်တော်ထိန်းကြီး၏ ရင်ဘတ်အား သံတူတစ်လက်ဖြင့် အကြိမ်ရာချီ ထုနေသလို ထိုးနှက်နေခြင်းပင် ဖြစ်၏။
ယခုတိုက်ပွဲ၏ အနိုင်ရရှိသူကို ကောင်းစွာ ဆုံးဖြတ်နိုင်နေပြီ ဖြစ်သည်။
“ဖောင်း . . .”
ရဲရှောင်လည်း တစ်ချက် ထိုးလိုက်ပြီးသည်နှင့် နောက်ကို လှည့်သွားပြီး အင်္ကျီအစအား ခါထုတ် လိုက်၏။
အိမ်တော်ထိန်းကြီးမှာတော့ နောက်သို့ ပေအနည်းငယ်ပင် လွင့်ထွက်သွားရပါသည်။
“ဘုန်း . . .”
အနောက်ဘက်ရှိ နံရံကို တိုက်မိသွားခြင်းဖြစ်ပြီး မယုံကြည်နိုင်သော မျက်လုံးမျိုးဖြင့် ရဲရှောင်အား ကြည့်နေလေ၏။ သူ့ခန္ဓာကိုယ်မှာ နံရံတွင် ကပ်သွားခြင်းဖြစ်ပြီး ခဏအကြာမှာပဲ အောက်သို့ လျှောကျ လာလေ၏။
ပါးစပ်အဟောင်းသားဖြင့် ရဲရှောင်အား တအံ့တသြ ငေးကြည့်နေရင်း –
“ဘယ် . . . ဘယ်လို . . . ဖြစ်တာလဲ . . . မင်း . . . မင်း . . . ငါ . . .”
စကားအနည်းငယ် ပြောပြီးနောက် ချောင်းဆိုးသွားပြန်သည်။ ထို့နောက် ကြိုးစား၍ မတ်တတ်ရပ် လိုက်ပြီး ရဲရှောင်အား တစ္ဆေသရဲ တစ်ကောင်ကို မြင်တွေ့လိုက်ရသကဲ့သို့ ကြည့်နေလေ၏။
ရဲရှောင် ယခုကဲ့သို့ အခြေအနေကို ရောက်ရှိလာလိမ့်မည်ဟု သူ့ဘ၀တွင် တစ်ခါမျှ မထင်ထားခဲ့မိ ဘူးချေ။
(ဘယ်လိုဖြစ်တာလဲ . . . ငါကတော့ ပညာရှင်ကြီးတစ်ယောက်လို ပြောဆိုပြီး သူတိုက်ခိုက်တာကို ခံလိုက်ရတယ်။ အခုတော့ သဲအိတ်တစ်အိတ်လို အထိုးခံခဲ့ရပြီးတော့ နံရံကိုတောင် သွားဆောင့်သွားသေး တယ်။ ဘာမှ လုပ်ချိန်တောင် မရလိုက်ပါလား . . .)
ထိုအချိန်တွင် သူ့ခေါင်းထဲသို့ အတွေးတစ်ခု ၀င်လာပြန်လေ၏။
(တောက် . . . တော်တော် ရှက်စရာ ကောင်းတာပဲ၊ ဒီလောက်လေးကိုတောင် မတိုက်ခိုက်နိုင်ဘူး)
ရဲရှောင်လည်း အိမ်တော်ထိန်းကြီးအား ထူပေးလိုက်ရင်း ရယ်မောကာ –
“ဒီသိုင်းပညာကို ကျုပ်တတ်ထားတာ မကြာသေးဘူး၊ မိုးကြိုးတစ်ထောင်လက်ဝါး လို့ ခေါ်တယ်။ ဘယ်လိုနေသေးလဲ ဦးလေး . . . နာနေသေးလား၊ ကျုပ်ရဲ့ သိုင်းပညာအသစ်က နည်းနည်းတော့ နာမယ်ဗျ . . .”
အိမ်တော်ထိန်းကြီးလည်း ရှက်ရွံ့သည့် ဟန်ဖြင့် –
“ငါအခု သေချာ ပြင်ဆင်ချိန် မရလိုက်လို့ပါ။ ငါသာ အသင့်အနေအထားဆိုရင် အခုလို ဖြစ်လာမှာ မဟုတ်ဘူး၊ ပြောရရင် နမော်နမဲ့ နိုင်သွားတာပေါ့ . . . အဟမ်း . . . နောက်ပြီး မင်းကို အလျော့ပေးလိုက် တာလည်း ပါတယ်။ တမင်တကာကို လဲကျပေးလိုက်တာပါကွာ . . .”
“ဟုတ်လား . . .”
ရဲရှောင် ပြောလိုက်သည်။
“ဦးလေးကလည်း သူစိမ်းကျနေတာပဲ၊ ခင်ဗျားအနေနဲ့ ကျုပ်ကို ယုံကြည်ချက်တွေ ရှိလာအောင် တမင် ဟန်ဆောင်ပေးလိုက်တယ် ဆိုတာကို မပြောလည်း သိနေတာပဲဟာ၊ ထုတ်ပြောနေစရာ မလိုပါဘူးဗျာ . . .”
အိမ်တော်ထိန်းကြီးလည်း ချောင်းသာ ဆိုးနေလေ၏။ ရှက်ရွံ့ခြင်းဟူသည့် ခံစားမှုအား ဆယ်စုနှစ် အတော်ကြာ မခံစားခဲ့ရဘဲ ယခုအခါမှသာ ပြန်လည် ခံစားမိလိုက်တာ ဖြစ်ပါသည်။
“ဘယ်လိုပဲဖြစ်ဖြစ် . . . မင်းလို လူငယ်လေး တစ်ယောက်မှာ အခုလို အစွမ်းမျိုး ရှိနေတာ ပုံမှန်တော့ မဟုတ်ဘူး၊ တကယ်ကောင်းတယ်၊ တော်တယ်ကွာ . . .”
သူ့စိတ်ထဲမှာတော့ သိချင်နေတာ တစ်ခု ရှိနေလေ၏။
(မိုးကြိုးတစ်ထောင်လက်ဝါး . . . ဒါကို ငါရင်းရင်းနှီးနှီး ကြားဖူးနေသလိုပဲ၊ ကြားဖူးနေတယ် . . .)
အိမ်တော်ထိန်းကြီး သူ့ခေါင်းထဲ သေချာ ပြန်လည်၍ တွေးတောကာ ထိုနာမည်ကို မည်သည့် နေရာမှ ကြားဖူးသလဲ ဆိုတာကို သေချာစဉ်းစားနေမိ၏။ ထို့နောက် ရဲရှောင်အား ကြည့်ရင်း –
“ဒါဆို . . . မူချန်ဘိုင်နဲ့ ဟိုသုံးယောက်ကို သတ်လိုက်တာ မင်းလား . . .”
ရဲရှောင်မှ ပြုံးလိုက်ပြီး အိမ်တော်ထိန်းကြီး၏ အမေးကို ပြန်မဖြေဘဲ လမ်းကြောင်းလွှဲကာ –
“ဦးလေး . . . ခင်ဗျားကို အိမ်ထဲ လိုက်ပို့မယ်နော် . . .”
ရဲရှောင်အနေဖြင့် အဖြေမပေးသော်လည်း အိမ်တော်ထိန်းကြီး သဘောပေါက်သွားလေ၏။ အတော်ကြီးကိုလည်း တုန်လှုပ်သွားမိပြီး အားရ၀မ်းသာလည်း ဖြစ်လိုက်မိ၏။ လက်မထောင်ပြလိုက်ကာ –
“ကောင်းတယ်ကွာ . . . မင်းက အခုမှ တကယ့် ရဲနန်ရှန်သားလို့ ခေါ်ထိုက်တာ၊ သတ္တိတွေ ရှိလာပြီပဲ . . .”
ထို့နောက် လက်ကို ကာပြလိုက်ပြီး –
“ငါ့ကို လိုက်ပို့ဖို့ မလိုပါဘူး။ ငါအဲဒီလောက်ထိ အားမနည်းသေးပါဘူး၊ မင်းအောက်လောက်နဲ့ ငါ့ကို ကံကောင်းပြီး လဲကျအောင် လုပ်နိုင်ပေမဲ့ နာကျင်အောင်တော့ မလုပ်နိုင်ပါဘူးကွာ . . .”
ရဲရှောင် ခေါင်းညိတ်လိုက်ပြီး –
“ကောင်းပါပြီဗျာ . . .”
အိမ်တော်ထိန်းကြီးလည်း ခေါင်းမော့ ရင်ကော့ကာဖြင့် ရဲရှောင်၏ အရှေ့မှ ဘာမှမဖြစ်သလို ဟန်ပန်ဖြင့် လျှောက်သွားလေ၏။ ထို့နောက် –
“စကားမစပ် . . . မင်းဒီကျင့်စဉ်ကို ဘယ်တုန်းက စလေ့ကျင့်ခဲ့တာလဲ . . .”
“သိပ်မကြာသေးဘူး၊ ကျုပ်အပြင်သွားနေတုန်း အဖိုးကြီး တစ်ယောက်ကို ကယ်တင်မိသွားခဲ့တယ် လေ . . .”
ယခုအခါတွင်တော့ ရဲရှောင်သည့် ထိုဇာတ်လမ်းကို ကောင်းစွာ ဆင်ထားပြီး ဖြစ်လေ၏။ မင်းသားဟွာရန်း၏ အရှေ့မှာလည်း တစ်ခါ လိမ်ပြောခဲ့ပြီးပြီဖြစ်ကာ ယခုအခါမှာလည်း ထပ်၍ လိမ်ပြော လိုက်ပြန်ပြီ ဖြစ်၏။
“အဲဒီအဖိုးကြီးက အတော်ကြီး နေထိုင်မကောင်း ဖြစ်နေတယ်။ သူက ကျုပ်ကို နည်းနည်းလောက် သင်ပေးပြီးတာနဲ့ ထွက်သွားတာပဲ၊ အဲဒီနောက်တော့ ကျုပ်လည်း ကျုပ်နဲ့ သင့်တော်လိမ့်မယ်လို့ တွေးမိတဲ့ အတွက် လေ့ကျင့်ခဲ့တာပေါ့ . . .”
“မဆိုးဘူး ဆိုတာထက်ကို သာနေတယ်ကွ၊ ငါတောင်မှ မ . . .”
အိမ်တော်ထိန်းကြီး ပြောမလို လုပ်ပြီးကာမှ ကမန်းကတမ်း ပါးစပ်ပိတ်လိုက်၏။
“ငါတောင်မှ ရှုံးတော့မလို ဖြစ်ခဲ့တယ်လေ။ သာမန်တော့ မဟုတ်လောက်ဘူးကွ။ မင်းရဲ့ ကံပေါ့၊ အခုကစပြီး ပိုပို လေ့လာနေတော့၊ မင်း သေချာ လေ့လာပြီးပြီ ဆိုတာနဲ့ အများကြီး တိုးတက်လာဦးမှာ သေချာတယ်။ မင်းက ငယ်ပါတယ်ကွာ။ သင်ယူလို့ တတ်လွယ်မှာပါ ဟုတ်တယ်မလား . .. ”
အိမ်တော်ထိန်းကြီး ချောင်းဆိုးရင်းဖြင့် ပြောလိုက်ပါတော့သည် . . .။

Comment

Leave a Reply

Options

not work with dark mode
Reset