Chapter – 78
“ရဲရှောင်ဆိုတာညလယ်စာ”
ရဲရှောင်လည်း ငြင်းဆန်ခွင့် မရှိတော့သဖြင့် စုယဲ့ယွဲ့နှင့်အတူ အနောက်ဘက် ခြံဝန်းသို့ ရောက်လာခဲ့လေ၏။
“ရှောင်ရှောင် . . . အမှန်တိုင်း ပြောရရင် နင့်နာမည်က တကယ် ကိုးလိုးကန့်လန့် နိုင်တာပဲ၊ ရဲရှောင် . . . ရဲရှောင် . . . ဟားဟားဟား . . .”
စုယဲ့ယွဲ့ သူမ၏ ဖြူဖွေးညီညာသော သွားလေးများ ပေါ်သည်အထိ ဟက်ဟက်ပက်ပက် ရယ်မော၍ ပြောလိုက်သည်။ ထိုနောက် ဆက်လက်၍ –
“ဘယ်လိုပဲ ဖြစ်ဖြစ် နင့်နာမည်က ငါ့နားထဲမှာတော့ ညလယ်စာ ဆိုပြီးပဲ ကြားနေရတယ်။ မယုံရင် ပါးစပ်ကနေ ဆက်တိုက်ရွတ်ကြည့် ငါပြောတာ မှန်တယ်ဆိုတာ တွေ့ရလိမ့်မယ်”
##မှတ်ချက် – (ရဲရှောင်ဟူသည်မှာ တရုတ်အသံထွက်အရ ညလယ်စာ ဆိုသည့် အသံထွက်နှင့် အတော်ကြီးကို ဆင်တူနေခြင်းပင် ဖြစ်၏။)
“ညလယ်စာ . . .”
ရဲရှောင် ရှက်သလိုပင် ခံစားသွားရလေ၏။
အရင်ဘ၀တုန်းကလည်း သူ့နာမည်အား သူကိုယ်တိုင် ရွေးချယ်ခဲ့ခြင်း ဖြစ်ပြီး သူဆိုလိုသည့် အဓိပ္ပါယ်မှာ အပင်မှ သစ်ရွက်တစ်ရွက်ဟာ ကြွေကျသွားရင်တောင် မိုးကောင်းကင်တစ်ခုလုံးကို လှောင်ရယ် နိုင်သေးတယ် ဟူ၍ ဆိုလိုခြင်းဖြစ်သည်။ ‘ရဲ’ ဟူသည့် ဆိုလိုရင်းမှာ သစ်ရွက်ကို ဆိုလိုခြင်း ဖြစ်ပြီး သူဟာ မိမရှိဖမရှိ မိဘမဲ့ဖြစ်ကြောင်း ပေါ်လွင်နေစေသည်။ ဒါ့အပြင် သူ့ဆီတွင် “ရဲ” ဟု ရေးထွင်းထားသည့် ကျောက်စိမ်းဆွဲပြား တစ်ပြားပင် ရှိနေတာဖြစ်ပြီး သူငယ်ရွယ်စဉ်ကတည်းက ပိုင်ဆိုင်ခဲ့သည့် အရာတစ်ခု ဖြစ်ပါသည်။ ‘ရှောင်’ ဆိုသည့် အဓိပ္ပါယ်ကတော့ ရယ်မောခြင်းဟု အဓိပ္ပါယ် ရပါသည်။
(ငါ့နာမည်က ဒီလောက်ထိ အဓိပ္ပါယ် ပြည့်စုံတာ မင်းနဲ့ကျမှ ညလယ်စာတဲ့လား . . .)
ရဲရှောင်၏ ယခင်ဘ၀ တစ်ခုလုံးတွင် မည်သူကမျှ သူ့အား ညလယ်စာ ဟူ၍ မခေါ်ဆိုဝံ့ကြချေ။
စုယဲ့ယွဲ့အား ကြည့်ရင်း ရဲရှောင် စိတ်ထဲမှ –
(သူ့စိတ်ထဲမှာ အမြဲတမ်း စားဖို့ သောက်ဖို့ပဲ တွေးနေတယ် ထင်တယ် . . .”
သူ့ကို နာမည်ပေးခံလိုက်ရသည့် အတွက် ရဲရှောင်လည်း သူ့ရင်ဘတ်ကို ဖိလိုက်ရင်း ၀မ်းနည်း သလို ခံစားမိလိုက်လေ၏။
(အခုတော့ ငါ့ရဲ့ ကျောက်စိမ်းဆွဲပြားလေးလည်း ချင်းယန်နယ်ပယ်က မိန်းမတစ်ယောက်ဆီ ပါသွားပြီ၊ အဲဒီမိန်းမ ဘယ်နေရာမှာ သိမ်းထားသလဲ ဆိုတာ သိချင်လိုက်တာ၊ သူရော ဘယ်ရောက်နေလဲ မသိပါဘူး . . . ဘာတွေများ လုပ်နေသလဲ မသိဘူး . . .)
“ဟုတ်တယ် . . . ညလယ်စာကြီး . . .”
စုယဲ့ယွဲ့ ရယ်မောလျက် နောက်ပြောင်နေလေ၏။ ထို့နောက် ရယ်ကျဲကျဲဖြင့် –
“နောက်ဆုံးတော့ နင့်နာမည် ဘယ်လို အဓိပ္ပါယ်လဲဆိုတာ ငါသိခဲ့ပြီလေ . . .”
ရဲရှောင်လည်း ရှက်အမ်းအမ်း ဖြစ်သွားပြီး –
“တကယ်လား . . .”
“ဒါပေါ့ . . . ငါပြောတာ မဟုတ်လို့လား . . .”
စုယဲ့ယွဲ့ ရယ်မောလျက် ပြောလိုက်လေ၏။
“တစ်ခါတုန်းက ဦးလေးရဲနဲ့ ငါ့အဖေနဲ့ သောက်စားနေကြတဲ့ အချိန်မှာ သူတို့တွေ မူးပြီးတော့ နင့်နာမည်ရဲ့ အကြောင်းကို ပြောခဲ့ကြတာကို ငါကြားဖူးတယ်။ ဦးလေးရဲ့ ဟက်ဟက်ပက်ပက် ရယ်မော ပြီးတော့ နင့်နာမည်က တကယ်ပဲ ညလယ်စာလို့ အဓိပ္ပါယ် ရတယ်တဲ့ . . .”
ရဲရှောင် မျက်လုံးပြူးသွားသည်။
“တကယ်ပဲ ညလယ်စာလို့ ပြောခဲ့တာလား . . .”
“ဟုတ်တယ် . . . ငါ့အဖေလည်း အဲဒီတုန်းက အံ့သြပြီး ဘာလို့လဲလို့ ပြန်မေးလိုက်တယ်လေ”
စုယဲ့ယွဲ့ အောင်ပွဲခံသည့် အမူအယာဖြင့် ပြောနေလေ၏။
“အဲဒီတော့ ဦးလေးရဲက ပြန်ပြောတယ်။ နင့်ရဲ့ အမေကို သူစလက်ထပ်ခဲ့တုန်းကတဲ့ သူတို့က တစ်ယောက်နဲ့တစ်ယောက် အချစ်စိတ်တွေ မွှန်ပြီး ကြည်နူးခဲ့ကြတယ်တဲ့။ အဲဒီညမှာပဲ အဟမ်း . . .”
သူမသည် ရိုးအသော မိန်းကလေး ဖြစ်သော်လည်း ထိုမျှထိသာ ပြောပြီး စကားကို ဖြတ်ချလိုက် လေ၏။ သူမ၏ မျက်နှာမှာလည်း အနည်းငယ် နီရဲသွားပြီး အနည်းငယ် ရှက်သွားပုံပါပဲ . . .”
“အဲဒီညမှာ . . . ဘာဖြစ်လဲ . . .”
ရဲရှောင်ကတော့ မရပ်စေချင်ပေ။ အကြောင်းအရာ မှန်သမျှကို သူသိချင်နေမိလို့ပါပဲ။
“အဟမ်း . . . ဘယ်လိုပြောရမလဲ . . . အဲဒါက . . .”
စုယဲ့ယွဲ့လည်း မျက်လုံးများ မှေးစင်းလျက် ဘယ်လို စကားလုံး ရွေးချယ်ရမလဲ ဆိုတာကို စဉ်းစား နေပုံပါပင်။ ထို့နောက် ရှက်ရွံ့သည့် အမူအယာဖြင့် –
“ပြောရမယ်ဆိုရင် အဲဒီညတုန်းက ဦးလေးရဲက ညလယ်စာ တစ်ခုခု စားချင်တယ်တဲ့လေ၊ အဲဒီတော့ ဒေါ်လေးကလည်း သူ့အတွက် တစ်ခုခု ချက်ပြုတ်ကျွေးခဲ့ရတာပေါ့၊ သူချက်လို့ မပြီးခင်မှာပဲ ဦးလေးရဲကလည်း မခံမရပ်နိုင်အောင် ဆာလောင်လာခဲ့တယ်။ အဲဒါနဲ့ နောက်ဆုံး ဦးလေးရဲလည်း အန်တီကို စားလိုက်ပြီး . . . အဟမ်း . . . နောက်နည်းနည်းကြာတော့ နင်မွေးလာတာပဲလေ။ အဲဒါကြောင့် ဦးလေးရဲက နင့်နာမည်ကို ရဲရှောင်ဆိုပြီး ပေးခဲ့တာ။ အဓိပ္ပါယ်ကတော့ နင်က ညလယ်စာကနေ မွေးလာလို့ပဲ . . . အဲဒါကြောင့် အဟမ်း . . . နင်က ညလယ်စာပဲ . . .”
စုယဲ့ယွဲ့ အဟမ်းလုပ်ရင်း နားနားပြီး ရှင်းပြနေပါသည်။ သူမ၏ မျက်လုံးများမှာလည်း ရဲရှောင်၏ အကြည့်နှင့် မဆုံဖြစ်စေရန် ရှောင်လွှဲလျက် ရှိနေလေ၏။
လက်ရှိအချိန်တွင် စုယဲ့ယွဲ့မှာ ရှက်ရွံ့နေတာဖြစ်ပြီး ယခုထက်ပို၍ ရှင်းမပြတတ်တော့ပေ။
သို့သော်လည်း ရဲရှောင်ကတော့ တစ်မျိုး ခံစားနေရ၏။
သတိလက်လွတ် ဖြစ်မလိုပင် ဖြစ်နေပြီး သူ့စိတ်ထဲမှာလည်း မေ့လဲသွားချင်စိတ် ပေါက်နေလေ တော့၏။
(ဘယ်လိုတောင်လား . . . ဒီအဖြစ်အပျက်ကြီးက ယုတ္တိ မရှိလိုက်တာ၊ ဘာကို ဆိုလို ချင်နေတာ လည်း မသိဘူး . . .)
သူသည် တည်ငြိမ်၍ တုန်လှုပ်ဖွယ်ရာ ကိစ္စများကို ပြုလုပ်ခဲ့သူ ရှောင်ဧကရာဇ် ဖြစ်နေသည့်တိုင် ယခုအခါမှာတော့ ခေါင်းရှုပ်လျက် ရှိနေလေ၏။
(ငါ့နာမည်က . . . တကယ်ပဲ အဲဒီလို အဓိပ္ပါယ် . . . ညလယ်စာ စားချင်တယ်၊ တစ်ယောက်ကလည်း သွားပြီး ချက်ပြုတ်တယ်၊ မထိန်းနိုင်တော့ဘဲ ဘယ်လိုဖြစ်သွားတာလဲ၊ နောက်ထပ် ညလယ်စာ တစ်ခုခု စားစရာ ရသွားတာလား၊ နောက်ပြီး ကိုယ်ဝန် ရှိသွားတာလား၊ နောက်တော့ သားတစ်ယောက်မွေးတယ်၊ ညလယ်စာလို့ နာမည် ပေးတယ် . . . အမ် ဘယ်လိုတောင်လား . . .
တကယ်ကို မယုံနိုင်စရာပဲ . . . သေလိုက်ပါတော့ကွာ . . .)
ရုတ်တရက် ရဲရှောင် သူ့ရင်ထဲမှ နာကျင်သွားပြီး သေချင်စိတ်ပင် ပေါက်သွားပါသည်။
(ငါ့ရဲ့နာမည် အဓိပ္ပါယ် ဖွင့်ဆိုချက်က ဒီလို ဖြစ်လိမ့်မယ်လို့ ငါတစ်ခါမှ မထင်ခဲ့မိဘူး၊ ဘုရားရေ)
“ထားလိုက်ပါတော့ . . .”
ရဲရှောင်လည်း အာရုံကို ပြန်လည် စုစည်းလိုက်ပြီး ဆက်လက်၍ –
“မင်းက ငါ့ထက် ငယ်တယ်။ အဲဒီအကြောင်းကို မင်းက ဘယ်လို သိနေတာလဲ။ မင်းအဖေတောင်မှ ငါ့အမေကို မမြင်တွေ့ခဲ့ဖူးတာကို မင်းက ဒီလောက်ထိ ငါ့မိဘတွေရဲ့ အတွင်းရေးကို ဘယ်လို သိနေတာလဲ။ မဖြစ်နိုင်တာ . . . မင်း လုပ်ကြံပြောတာမလား . . .”
ရဲရှောင် စုယဲ့ယွဲ့အား ကြည့်ရင်း ပြောလိုက်တယ်။ သူမ လုပ်ကြံပြောတာ ဖြစ်ပါစေဟုသာ ဆုတောင်းနေမိလေ၏။
(ဘုရား ဘုရား . . . ကယ်တော်မူပါ၊ မင်းလုပ်ကြံ ပြောတာပဲ ဖြစ်ပါစေ . . .)
“နင်ကမှ လိမ်တတ်တဲ့လူ၊ ငါက မလိမ်တတ်ဘူး . . .”
စုယဲ့ယွဲ့ နှုတ်ခမ်းစူကာ ပြောလိုက်တယ်။
“ငါ့အဖေနဲ့ နင့်အဖေနဲ့က သောက်ကြပြီ ဆိုရင် ရယ်စရာတွေ ပြောတတ်ကြတယ်။ နင့်အဖေက သူကိုယ်တိုင် ပြောတဲ့ဟာ ဘယ်လိုလုပ်ပြီး လိမ်တာ ဖြစ်မလဲ။ ဟမ့် . . . သူတို့ စိတ်ထဲမှာတော့ ဘယ်သူမှ မရှိဘူးလို့ ထင်နေကြမှာပေါ့၊ တကယ်တော့ ငါက ခိုးပြီး နားထောင် ခဲ့တာလေ၊ ဒါအမှန်တရားပဲ . . .”
ရဲရှောင် မျှော်လင့်ချက် မဲ့သလို ခံစားလိုက်ရသည်။ သူ့ခေါင်းကိုသူ အုတ်နံရံနှင့် ရိုက်ပစ်ချင်စိတ် များပင် ပေါ်လာလေတော့၏။
၀မ်းနည်းသော မျက်ဝန်းအစုံဖြင့် ရှက်ရွံ့နေဟန်ရှိသော စုယဲ့ယွဲ့အား ရဲရှောင် စိုက်ကြည့် နေမိသည်။ ထိုအချိန် ကမ္ဘာကြီးတစ်ခုလုံး မှောင်မိုက်လာသလို သူခံစားလိုက်ရလေ၏။
(ငါ့နာမည်က တကယ်ပဲ ညလယ်စာပေါ့ . . . တောက် . . . ဒီလို အူကြောင်ကြောင် နာမည်ရှိတဲ့ လူက ငါတစ်ယောက်ပဲ ရှိမယ်ထင်တယ် . . .)
“ဟိတ် . . . ဘာတွေ စိတ်ဓာတ်ကျနေတာလဲ။ ဘာများ မှားနေလို့လဲ”
ခပ်လှမ်းလှမ်းသို့ လျှောက်သွားကြပြီးနောက် စုယဲ့ယွဲ့လည်း ရှက်ရွံ့သလို ခံစားရတော့သည့်ပုံ မပေါ်ချေ။ ရဲရှောင်မှာ သူမနှင့် အတူ လျှောက်လာရင်း နောက်ကျန်နေခဲ့သဖြင့် သူမလှည့်ကြည့်ပြီး မေးလိုက်ခြင်း ဖြစ်လေ၏။
“ငါစဉ်းစားနေတာပါ . . .”
ရဲရှောင် သက်ပြင်းတစ်ချက်ချရင်း ပြောလိုက်တယ်။ ထို့နောက် ၀မ်းနည်းသော လေသံဖြင့် –
“ငါ့မှာသာ မိန်းမ ရှိလာရင် အမြဲတမ်း ညလယ်စာ စားချင်တယ်ပဲ အော်နေမလား မသိဘူးနော်”
“အ . . .”
စုယဲ့ယွဲ့လည်း ရှက်သွေးဖြာသွားပြီး ရဲရှောင်အား လှမ်းထိုးလိုက်တယ်။
“နင်က နင့်ကိုယ်နင် အရသာ ရှိတယ်လို့များ ထင်နေလို့လား၊ လာစမ်း . . . နင့်ကို အရှက်မရှိတဲ့ လူအဖြစ်ကနေ ရုန်းထွက်နိုင်အောင်လို့ သင်ခန်းစာ ပေးရမယ်။ ငါ့ရဲ့ ဖန်းဟွာဓားသိုင်းပညာကို ပြရသေး တာပေါ့ . . .”
ယခုရက်ပိုင်းများအတွင်း သူမသည် လေ့ကျင့်ရင်းနှင့်သာ အချိန်ကုန်လွန်ခဲ့တာ ဖြစ်ပြီး အတော်ကြီးကိုလည်း တိုးတက်လာခဲ့ပါပြီ။ ဖန်းဟွာ ဓားရေးကျင့်စဉ်နှင့် ဖန်းဟွာ ဝိညာဉ်တော် ကျင့်စဉ် များကြောင့် သူမ၏ တိုးတက်နှုန်းသည် ချင်းယန်းနယ်ပယ်မှ လူများပင် လိုက်မှီနိုင်မည် မဟုတ်ပေ။
ထို့ကြောင့် တစ်နေ့ ထိပ်တန်းတစ်ဦး ဖြစ်ရမည်ဟု သူမယုံကြည်နေမိလေ၏။
ရဲရှောင်လည်း ကို့ရို့ကားယား အမူအရာဖြင့် ခုခံလိုက်ရသည်။ ဓားဖြင့် တိုက်ခိုက်ခြင်း မဟုတ်ဘဲ လက်ဖြင့် တိုက်ခိုက်၍သာ တော်သေးသည်ဟု ဆိုရမည် ဖြစ်၏။ သူမ၏ တိုက်ခိုက်ဟန်မှ ရေတံခွန်မှ ရေများ အဆက်မပြတ် စီးဆင်းနေသလို ညင်သာညက်ညောလှပြီး အားလည်း ပါဝင်နေပါသည်။ ရဲရှောင်အား အချိန်အတော်ကြာ ရိုက်နှက်ပြီးသည့် အခါမှာတော့ သူမ ကျေနပ်သွားလေ၏။ သူမ၏ လက်များကို ဝေ့ယမ်းလိုက်ပြီး ခပ်မာမာ လေသံဖြင့် –
“နင့်ကို သွားခွင့် ပေးလိုက်ပြီ . . .”
ရဲရှောင်လည်း ခပ်သုတ်သုတ်ပင် ထွက်လာခဲ့လေ၏။
ကောင်မလေး၏ တိုးတက်မှုနှုန်းမှာ သူထင်ထားသည်ထက်ကို ပိုမို၍ သာလွန်နေပါသည်။
သို့သော် သူမ၏ ဓားရေး မည်မျှပင် ကောင်းမွန်နေသည် ဖြစ်ပါစေ အဆိုပါ ကျင့်စဉ်မှာ ရဲရှောင် ပြင်ဆင်ပေးထားသည့် ကျင့်စဉ်ဖြစ်သဖြင့် မည်သို့ပင်ဖြစ်စေ သူ့အနေဖြင့် သူမကို အနိုင်ရနိုင်မည်မှာ ကြိမ်းသေသလောက်ပါပင်။
သို့သော်လည်း သူမကဲ့သို့ အခြေအနေရောက်အောင် သူ့အနေဖြင့် တစ်နှစ်လောက်တော့ ကျင့်ကြံရမည်ဆိုတာကိုတော့ ရဲရှောင် ၀န်ခံရပေမည်။
ထိုပကြောင့် ရဲရှောင်လည်း ထိုနေရာမှ ခပ်မြန်မြန် လစ်ထွက်လာခြင်း ဖြစ်၏။
စုယဲ့ယွဲ့မှာတော့ မကျေမနပ် အမူအယာဖြင့် ရဲရှောင် ထွက်သွားသည်ကို ကြည့်နေပါသည်။ သူမ၏ ပါးစပ်မှ လေသံ တီးတိုးဖြင့် –
“သူက ဒီမှာ ကြာကြာ မနေချင်ဘူးနဲ့ တူတယ် . . . အဲဒါကြောင့် ငါ့ကို အနိုင်ပေးလိုက်တာ ဖြစ်မယ်။ ဟမ့် . . . ကြည့်ရတာ အရေးကြီးတာ တစ်ခုခု လုပ်စရာ ရှိနေပုံပဲ။ ငါလည်း သူ့ကို နောက်ပိုင်း မနှောင့်ယှက်တော့ပါဘူးလေ . . .”
စုယဲ့ယွဲ့ စိတ်မချမ်းမသာ ဖြစ်နေမိသည်။ ထို့နောက်တွင်တော့ သူမလည်း ဆက်လက်၍ တွေးလိုက်မိပြန်၏။
(သူတကယ်ပဲ ပြောင်းလဲလာတယ် . . . အရင်တုန်းက ငါရိုက်တာကို သူခံရရင် အသံချိုချိုလေးနဲ့ တော်ပါတော့ ဆိုပြီး အော်နေလေ့ရှိတယ်။ အခုတော့ သူက တည်တည်ငြိမ်ငြိမ်နဲ့ ရှိနေပါလား၊ နောက်ပြီး အေးအေးဆေးဆေး ပေါ့ပေါ့ပါးပါးနဲ့ကို ထွက်သွားနိုင်သေးတယ်။ ငါရိုက်တာ သိပ်များ မပြင်းလို့လား . . .)
စုယဲ့ယွဲ့လည်း သူမ၏ ဓားကို ထုတ်၍ ကိုင်ထားရင်း လက်သီးဆုပ်ကာ လေသံတီးတိုးဖြင့် –
“ငါက သိပ်ပြီး အစွမ်းမရှိသေးဘူး။ ငါပိုပြီး ပြင်းပြင်းထန်ထန် လေ့ကျင့်မှဖြစ်မယ်။ နောက်တစ်ခါ ကျရင်တော့ သူ့ကို အထိနာအောင်ကို ဆော်ပစ်ဦးမယ် . . .”
ထိုအချိန် ရဲရှောင်သည် သူ့အိမ်သို့ သုတ်ခြေတင်၍ အပြေးလာနေမိ၏။
သူရောက်ရောက်ခြင်း ပထမဆုံး မြင်တွေ့လိုက်ရသည်မှာ ထူးဆန်းသော အကြည့်မျိုးဖြင့် သူ့ကို ကြည့်နေသော အိမ်တော်ထိန်းကြီးပင် ဖြစ်လေသည်။
အိမ်တော်ထိန်းကြီးမှာ သူ့အဘိုး သို့မဟုတ် ကြောက်မက်ဖွယ်ရာ သားရဲတစ်ကောင်ကို မြင်တွေ့ လိုက်ရသည့်နှယ် ကြည့်နေခြင်း ဖြစ်သည်။
စိတ်ပျက်သည့် ဟန်ပန်ကိုလည်း တွေ့ရပြန်လေ၏။
“ဦးလေး . . . ဘာဖြစ်တာလဲ . . .”
ရဲရှောင် စိတ်ရှုပ်ထွေးဟန်ဖြင့် မေးလိုက်၏။
(ငါက အခုမှ အိမ်ပြန်ရောက်တာလေ၊ အဲဒါကိုတောင် ဒီလိုကြီး ကြည့်နေရလား . . . ငါ့ပုံစံက အေးအေးဆေးဆေး ဖြစ်နေတဲ့ပုံများ ပေါ်နေလို့လား . . . ဒီလောက် မောပန်းလာတဲ့လူကို . . .)
“ချစ်လှစွာသော အဘိုးရေ . . .”
အိမ်တော်ထိန်းကြီး သက်ပြင်းတစ်ချက်ကို လေးပင်စွာ ချ၍ ပြောလိုက်သည်။
“မင်းပြဿနာ မရှာတော့ပါဘူးလို့ ငါ့ကို ကတိပေးထားခဲ့တယ်မလား . . .”
“ကျုပ် ဘာပြဿနာမှ မရှာဘူးလေ . . . ဘာဖြစ်လို့လဲ . . .”
ရဲရှောင် ခေါင်းကုတ်လိုက်ရင်း စိတ်ရှုပ်ထွေးဟန်ဖြင့် ပြောလိုက်လေသည်။
“မင်းက မလုပ်ပါဘူးလို့ ပြောဝံ့သေးတယ်ပေါ့ . . . ဒါဆိုလည်း ပြောပါဦး . . . အခုပြဿနာက ဘာလို့ ထင်လဲ . . .”
အိမ်တော်ထိန်းကြီးမှ စိတ်ပျက်သော လေသံဖြင့် ပြောလိုက်လေ၏။
(အစ်ကိုကြီးရေ . . . သားတစ်ယောက်ထဲ မွေးထားလို့သာ တော်တော့တယ်၊ လူတွေကို ပြဿနာ ရှာပေါင်းက မနည်းဘူး၊ အစ်ကိုကြီးရဲ့ သားက ကျုပ်မြင်ဖူးသမျှ လူတွေထဲမှာ ပြဿနာ အရှာဆုံး လူပဲ)
“အိမ်ရှေ့မင်းသားရဲ့ နန်းတော်က သံကြိုးစာ ရောက်လာတယ်။ မင်းသားက မင်းနဲ့ တွေ့ချင် လို့တဲ့လေ . . .”
အိမ်တော်ထိန်းကြီး သက်ပြင်းချလျက် ပြောလိုက်၏။
“နောက်ပြီး ငါကြားရသလောက် မင်းဈေးထဲသွားပြီးနောက် လူသုံးယောက် သေသွားတယ်ဆို”
“စစ်ဆေးချက်အရ အဲဒီလူတွေက အိမ်ရှေ့မင်းသားရဲ့ နန်းတော်က လူတွေ . . . သခင်လေးရေ၊ ဒီကိစ္စတွေကို မင်းသာ မလုပ်ဘူးဆိုရင် ဘယ်သရဲများ ၀င်လုပ်သွားတာလဲ . . .”
ရဲရှောင် လက်ကို နောက်ပစ်လျက် တည်ငြိမ်သော လေသံဖြင့် –
“ဒီမှာဦးလေး . . . သူခိုးတစ်ကောင်ကို ဖမ်းမိဖို့ အတွက်က သက်သေဆိုတာ လိုတယ်။ စကားလုံးတွေနဲ့ စွပ်စွဲနေလို့ မရဘူးလေ။ ကျုပ်ကို လူသတ်သမားလို့ စွပ်စွဲရအောင် သက်သေ ရှိနေလို့လား။ ဒါပေမဲ့ သံသယ ဖြစ်တယ်ဆိုရင်တော့ လက်ခံနိုင်စရာ ရှိပါသေးတယ်။ ကျုပ်က အဲဒီလို အရှုပ်အထုပ်ထဲ ဘယ်လိုလုပ်ပြီး ပါရမှာလဲ . . . ဘယ်လောက်ထူးဆန်းသလဲ ဆိုတာ စဉ်းစားကြည့်ဦး၊ မူမျိုးနွယ်က လူတွေ သေရတယ်၊ သံသယ ဖြစ်တဲ့လူထဲ ကျုပ်ပါတယ်၊ အခုလည်း အိမ်ရှေ့မင်းသား နန်းတော်က လူတွေ သေပြန်တယ်။ သံသယစာရင်းထဲ ပါလာပြန်ရော၊ ဘယ်သူသေသေ သံသယ စာရင်းထဲ ၀င်ပြီး စစ်ဆေးခံနေရမှာလား . . . ကျုပ်က ဘာများ ဖြစ်နေလို့လဲ၊ တကယ် မယုံနိုင်စရာပဲ၊ ကမ္ဘာကြီးမှာ တရားမျှတမှုဆိုတာ မရှိတော့ဘူးလား . . .”
အိမ်တော်ထိန်းကြီး ဆွံ့အသွားမိသည်။ ရဲရှောင်အား တော်တော်ကို အံ့သြဟန်ဖြင့် ကြည့်နေလေတော့၏။
(လူတွေ သေတဲ့ နေရာတိုင်းမှာ မင်းရှိနေတယ်လေ၊ နောက်ပြီး အဲဒီလူတွေ အကုန်လုံးကလည်း မင်းနဲ့ ရန်သူတွေချည်းပဲ၊ မင်းနဲ့ မဆိုင်ပါဘူးလို့ မင်းငြင်းနေရင်တောင်မှ ဘယ်သူက ယုံမှာလဲ . . .
ဘာသက်သေများ မင်းက လိုချင်နေသေးလို့လဲ . . . ဘာအကြောင်းပြချက်တွေ ပေးချင်နေသေး လို့လဲ . . . လူတိုင်း သိနေတဲ့ အရာကို . . .)
ပြောနေရင်းဖြင့် သူ့တူကိုလည်း စာနာသလို ဖြစ်လာလေ၏။
(အရေးတော့ မပါဘူး . . . ဘာလို့ အဲဒီလူတွေ အကုန်လုံးက ငါတို့နဲ့ ရန်သူတွေ ဖြစ်နေရတာလဲ၊ နောက်ပြီး ငါတို့လူ ဘယ်သူမှတော့ ထိခိုက်ခြင်း မရှိဘူး၊ ဒါကလည်း ကောင်းတဲ့ ကိစ္စပါပဲ၊ ဒါပေမဲ့ . . . ဘာလို့ ငါတို့ပဲ အစွပ်စွဲ ခံနေရတာလဲ . . .)
အိမ်တော်ထိန်းကြီး လေးလေးနက်နက်ကို တွေးနေမိပါတော့သည် . . .။