Switch Mode

Chapter – 77

မိဘများနှင့် ပတ်သက်၍

Chapter – 77
“မိဘများနှင့်ပတ်သက်၍”

မင်းသား ဟွာရန်း လွမ်းလွမ်းဆွတ်ဆွတ်ကို ပြောနေပါသည်။ သူ၏ မျက်နှာမှာလည်း နီနေပြီး သွေးများလည်း ဆူပွက်နေဟန်ပါပင်။
“အဲဒီဓားချက်ကြောင့် သွေးတွေ မြေခခဲ့ရတာ မနည်းဘူး၊ အဲဒီလူက စူးရှတဲ့ မျက်ဝန်းအစုံနဲ့ ငါ့ကို စိုက်ကြည့်ပြီးတော့ စုဒင်ဂူ ငါမင်းကို တိုက်ပွဲအခြေအနေ ပြောင်းပြန် ဖြစ်သွားအောင် လုပ်ပေးမယ်။ ဒါပေမဲ့ မင်းကတော့ ငါ့ကို တစ်ခု ပြန်လုပ်ပေးရမယ်၊ ဘာလုပ်ခိုင်းမယ်လို့များ ထင်သလဲတဲ့ . . . ငါကလည်း ပြန်ဖြေလိုက်တယ်လေ။ ဒီတိုက်ပွဲကိုသာ နိုင်မယ်ဆိုရင် ငါ့ခေါင်းကိုတောင် ဖြတ်ပြီး ပေးနိုင်ပါတယ်ပေါ့၊ အဲဒီလူကလည်း ခေါင်းတဆတ်ဆတ်နဲ့ ညိတ်လိုက်ပြီး ကောင်းပြီ သူ့နောက်ကို လိုက်ခဲ့တဲ့လေ . . .”
“အဲဒီနောက်တော့ သူလည်း ရန်သူတွေ အများကြီး ရှိတဲ့ နေရာကို ပြေးထွက်သွားပြီး တိုက်ခိုက်တော့တာပဲ။ ငါတို့လည်း အကြိတ်အနယ်ကို တိုက်ခိုက်ကြတယ်။ တိုက်ပွဲတစ်ခုလုံးဟာ ဓားချင်းထိသံတွေ၊ နာနာကျင်ကျင် အော်သံတွေ၊ မာန်သွင်းသံတွေနဲ့ အပြည့်ပေါ့ . . . ဟိုလူက သူ့ရဲ့ ပြောင်မြောက်လှတဲ့ တိုက်ကွက်တွေနဲ့ တိုက်ပွဲကို ဦးဆောင် တိုက်ခိုက်နေပြီး အဲဒီနောက်တော့ ငါ့လူ တချို့ကို ခေါ်ပြီး ရန်သူတွေရဲ့ တိုက်စစ်ကို ဖျက်ဆီးနိုင်ခဲ့တယ်”
“အစကနေ အဆုံးထိ အဲဒီလူဟာ ရွပ်ရွပ်ချွံချွံနဲ့ တိုက်ခိုက်ခဲ့ပြီးတော့ သူနဲ့ တိုက်ခိုက်မိတဲ့ လူတိုင်း လဲကျခဲ့ရတယ်။ လုံးဝကို မရပ်တန့်ဘဲနဲ့ ဆက်တိုက် တိုက်ခိုက်ခဲ့တာ . . .”
“အဲဒီ ၀တ်ရုံဖြူနဲ့ လူကတော့ မင်းအဖေ ရဲနန်ရှန်ပဲ . . .”
စုဒင်ဂူမှ ရဲရှောင်အား စိုက်ကြည့်လိုက်ရင်း –
“သူဘာလို့ ငါ့အသက်ကို ကယ်တင်ခဲ့လဲ သိလား . . .”
ရဲရှောင် တခဏမျှ စဉ်းစားလိုက်ပြီးနောက် –
“ကျွန် . . . ကျွန်တော့်ကြောင့်လား . . .”
“ဟုတ်တယ် . . . မင်းက သိပ်ပြီးတော့ ဒုံးမဝေးဘူးပဲ . . .”
မင်းသားဟွာရန်လည်း ခေါင်းညိတ်လိုက်ပြီး ဆက်လက်၍ –
“ငါတို့တွေ ဖောက်ထွက်နိုင်တဲ့ အခြေအနေ ရောက်တဲ့အခါ ငါကလည်း သူ့ကို ကျေးဇူးတင်စကား သွားပြောတယ်လေ။ သူပြန်ပြောတာကတော့ သူလုပ်ပေးတာတွေ အကုန်လုံးက ငါ ကတိပေးခဲ့လို့တဲံ၊ အခု တိုက်ပွဲအတွက် ငါလည်း နာမည်ကောင်း ရမှာပါတဲ့၊ သူလိုချင်တာကတော့ ငါ့ရဲ့ နှလုံးသား ၇ ခု အစေ့ ၉ စေ့ အိပ်မက်ကြာပန်းကိုတဲ့လေ . . . အဲဒီအချိန်မှာ သူလည်း တော်တော် ခြေကုန်လက်ပန်း ကျနေပြီ။ သူ့တစ်ကိုယ်လုံးမှာ ထိခိုက်ဒဏ်ရာ ရတဲ့ နေရာပေါင်းက ၅၀ ကျော်လောက် ရှိမယ်။ ဒါပေမဲ့ အဲဒီဒဏ်ရာ တွေကို သူဂရုမစိုက်နိုင်ဘူး ဖြစ်နေတယ် . . .”
ရဲရှောင် အံ့အားသင့်သွားမိသည်။
(နှလုံးသား ၇ ခု အစေ့ ၉ စေ့ အိပ်မက်ကြာပန်းကို လိုချင်တာတဲ့လား . . .)
ထိုအချိန် ရှောင်ဧကရာဇ် အနေဖြင့် တစ်ခုခုကို သဘောပေါက်သလို ဖြစ်သွားတယ်။
နှလုံးသား ၇ ခု အစေ့ ၉ စေ့ ကြာပန်းမှာ မွေးရာပါ ရောဂါများအား ကုသသည့် နေရာတွင် အသုံးပြုရခြင်း ဖြစ်ပါသည်။
တကယ်တော့ ထိုအချိန်တွင် ရဲရှောင်ဟာ သူ့မိခင် ၀မ်းဗိုက်ထဲမှာပဲ ရှိနေတုန်းဖြစ်ကာ ထိုစဉ်ကတည်းက အဆိပ်မိပြီး သွေးကြောများ ပျက်ဆီးနေခဲ့တာ ဖြစ်ပါသည်။ သူ့ကို အောင်မြင်စွာ မွေးဖွားနိုင်ခဲ့သော်လည်း သူ၏ ခန္ဓာကိုယ်မှာတော့ အားနည်းခဲ့ရလေသည်။ ထို့ကြောင့် ကလေးအရွယ် ကတည်းက ချူချာခဲ့ရခြင်း ဖြစ်၏။
ထိုကြာပန်းသည် အဆိုပါ ရောဂါအတွက် အကောင်းဆုံး ကုသနိုင်သည့် ဆေးပစ္စည်းတစ်မျိုးပင် ဖြစ်လေ၏။
အလွန် ဈေးကြီးရုံသာမက အလွန်လည်း ရှားပါးလှပါသည်။
အိပ်မက်ကြာပန်း ဟူသည့် နာမည်ကို ကြားရုံနဲ့တင် မည်မျှထိ ရှားပါးသလဲ ဆိုတာကို သိနိုင်ပါသည်။
မင်းသားဟွာရန်းမှ ရယ်မောလိုက်ရင်း ဆက်လက်၍ –
“တိုက်တိုက်ဆိုင်ဆိုင်ပဲ အဲဒီပစ္စည်းကို တွေ့တုန်းက ငါ နှင်းတောင်တစ်ခုပေါ် ရောက်နေတာလေ။ အဲဒီအချိန်တုန်းက ငါဟာ နှင်းတောင် ပြိုကျသွားတဲ့အတွက် နှင်းတောအောက်ထဲ ရောက်သွားခဲ့တယ်။ ငါလည်း နှင်းတွေတူးပြီး ထွက်လာတဲ့အခါ အဲဒီ အိပ်မက်ကြာပန်းကို တွေ့လိုက်ရတာပဲ။ ငါအဲဒီ ကြာပန်းကို နှစ်သက်မိပေမဲ့ တိုက်ပွဲပြီးသွားတဲ့အခါ ချက်ချင်းပဲ သူ့ကို ပေးဖို့ သဘောတူခဲ့တယ်”
“နောက်တော့ ငါတို့ မြို့တော်ကို ပြန်လာခဲ့ကြတယ်လေ။ ငါတို့ ရောက်တဲ့အခါ ငါပထမဆုံး လုပ်တဲ့ အရာကတော့ ငါ့ရဲ့ ကြာပန်းကို မင်းအဖေဆီ ပို့ပေးလိုက်တာပဲ . . .”
စုဒင်ဂူမှ နွေးထွေးစွာ ပြုံး၍ ပြောလိုက်သည်။ ဆက်လက်၍ –
“နောက်ပြီး မင်းအဖေနဲ့ ငါနဲ့ အဲဒီအချိန်ကစပြီး ရင်းနှီးခဲ့ကြတာပေါ့ကွာ . . .”
ရဲရှောင်လည်း အကုန်လုံး ရှင်းရှင်းလင်းလင်း သိလိုက်ရသဖြင့် ကျေနပ်သွားမိလေ၏။
သူ့စိတ်ထဲတွင်တော့ –
(ငါ့အဖေက အရင်တုန်းက ဒီလောက်ထိ ကြီးကျယ် မြင့်မြတ်တဲ့ အလုပ်တွေကိုတောင် လုပ်ခဲ့တာ ပဲ . . . တစ်ကိုယ်တည်း ဓားတစ်ချောင်းဆွဲပြီး သူ့ရဲ့ နေမကောင်းဖြစ်နေတဲ့ သားအတွက် တိုက်ပွဲဝင်ခဲ့တယ်။ တကယ့်ကို အတုမရှိတဲ့ လူလို့ ခေါ်ဆိုဖို့ ထိုက်တန်ပါပေတယ် . . .)
ရဲရှောင်လည်း ရဲနန်ရှန်မှ ဓားတစ်ချောင်းဖြင့် ရန်သူအုပ်အတွင်း ထိုးဖောက်တိုက်ခိုက်သည့် မြင်ကွင်းအား မြင်ယောင်ရင်း သူ၏ သွေးများပင် ဆူပွက်လာသလို ခံစားလိုက်ရသည်။
“မင်းအဖေ မင်းအတွက် လုပ်ခဲ့တာက တကယ်ပဲ . . .”
မင်းသားဟွာရန်းမှာ ရဲရှောင်၏ အမူအကျင့်များနှင့် ပတ်သက်၍ စိတ်ပျက်နေဟန်ပါပင်။
“သူက မင်းကို အရမ်းစိုးရိမ်ခဲ့တယ်။ သူ့ရဲ့ တစ်ဘ၀လုံးကို မင်းအတွက် စတေးခံရဲတယ်လေ၊ မင်းကတော့ . . . မင်းကတော့ကွာ . . .”
ထို့နောက် သက်ပြင်းတစ်ချက်ကို လေးတွဲစွာ ချလိုက်သည်။ ဘာမှ ဆက်၍ မပြောလိုတော့သည့် ပုံစံပါပင်။
မင်းသားဟွာရန်လည်း ရဲနန်ရှန် ထိုတိုက်ပွဲအတွင်း အသေအကြေ တိုက်ခိုက်ခဲ့သည်ကို ပြန်တွေး မိရင်း ရဲနန်ရှန်အတွက် ၀မ်းနည်းသလို ဖြစ်လာမိလေ၏။
ရဲရှောင်လည်း သက်ပြင်းတစ်ချက်ချ၍သာ ခေါင်းငုံ့ထားလိုက်မိသည်။
အကယ်၍ မင်းသားမှ သူ့ကို အပြစ်မပြောလျှင် တောင်မှပဲ သူ့အနေဖြင့် ခံစားရမှာ သေချာပါသည်။
(ငါ့အရင် ဘ၀တုန်းကသာ ငါ့မှာ ဒီလို ကိုယ့်သားအတွက်နဲ့ အရာရာ စတေးခံဝံ့တဲ့ အဖေမျိုး ရှိရင် ငါဘယ်လောက်တောင် ပျော်ရွှင်ခဲ့ရမလဲ . . .)
ရဲရှောင် တွေးနေမိသည်။
သူထိုစဉ်မှာပဲ အတွေးတစ်ချက် ရသွားပြန်သည်။
(အဖေက အရာရာကို စတေးတယ်၊ ဒါဆို အမေကရော . . . မင်းသားပြောသွားတဲ့ အထဲမှာ ငါ့အမေအကြောင်းလည်း မပါပါလား . . .)
ထို့ကြောင့်ပါ ရဲရှောင်လည်း –
“ဒါနဲ့ ကျွန်တော့် အမေကရော . . .”
အမေဟူသည့် စကားကို ပြောလိုက်သည့် အချိန်တွင် ရဲရှောင် ထူးဆန်းသော ခံစားမှုမျိုးကို ခံစား လိုက်ရသည်။ သူ့အနေဖြင့် ယောကျာ်းဘဝဖြင့် ၂ ဘ၀ တိုင်တိုင် နေခဲ့ရသည့်တိုင် ထိုကဲ့သို့ ခံစားမှုမျိုးကို ခံစားလိုက်ရတာ ဖြစ်ပါသည်။ အဆိုပါ ခံစားမှုဟာ နွေးထွေးမှုကိုပါ ပေးစွမ်းနိုင်ကြောင်း သူသဘောပေါက် လိုက်မိ၏။
(အမေ . . .)
သူ့ရင်ထဲ အလွန်နွေးထွေးသော ခံစားမှုမျိုးကို ခံစားမိလိုက်ပြန်သည်။
သူ့အရင်ဘ၀တုန်းက သူ့မိဘများနှင့် တစ်ခါမှ မတွေ့ဆုံခဲ့ဖူးချေ။ သူ့ကို ဘယ်သူ မွေးပေးသလဲ ဆိုတာကိုပင် သူမသိချေ။ သူသေသည့်တိုင် သူ့မိဘများ ဘယ်သူ ဆိုတာကို သူမသိရှိခဲ့ပါဘူး။
ယခုဘ၀တွင်ရော . . .
ယခုဘ၀မှာတော့ သေချာပေါက် ရှိမည် ဖြစ်ပါသည်။
မင်းသားဟွာရန်း ၀မ်းနည်းဟန်ဖြင့် ခေါင်းခါယမ်းလိုက်ပြီး –
“ငါလည်း မသိဘူး . . . မင်းအမေနဲ့ ငါတစ်ခါမှ မဆုံခဲ့ဖူးဘူး၊ မင်းအဖေကလည်း မင်းအမေ အကြောင်း တစ်ခါမှ မပြောခဲ့ဖူးဘူး . . .”
ရဲရှောင် အံ့သြသွားသည်။
တကယ်တော့ သူ့အမေမှာ သေဆုံးသွားခဲ့တာ ကြာပါပြီ။ သို့သော်လည်း မင်းသား ဟွာရန်း ပြောတာကို ကြားလိုက်ရသောအခါ ယခုကိစ္စ နောက်ကွယ်တွင် တစ်ခုခု လျို့ဝှက်ချက် ရှိနေဦးမည်ဟု သူသိလိုက်၏။
(ငါ့အရှေ့မှာ ဘယ်သူမှ ငါ့အမေအကြောင်း မပြောဖူးဘူး၊ ငါ့အဖေကလည်း မပြောဖူးဘူး၊ သူ သေသွားတယ် ဆိုရင်တောင်မှ ဘာလို့ မပြောကြတာလဲ . . . ထူးတော့ ထူးဆန်းတယ် . . .)
ရဲရှောင်လည်း ဘာမှ ထပ်မပြောတော့ချေ။ သူ့စိတ်ထဲမှာတော့ မေးခွန်းပေါင်းများစွာ ပေါ်နေလေ၏။
တခဏမျှ ငြိမ်သက်သွားပြီးနောက် စုဒင်ဂူမှ ဆက်လက်၍ ပြောပြန်လေ၏။
စုဒင်ဂူ ပြောပုံအရ ကြာပန်းဟာ သိပ်ပြီး မပြောင်းလဲပေးနိုင်ခဲ့ဘဲ ရဲနန်ရှန်လည်း စုဒင်ဂူ၏ အကြံဉာဏ် ပေးမှုအရ ချန်နိုင်ငံတော် ဘုရင်ထံသို့ ထွက်ခွာသွားခဲ့ပုံ၊ ဘုရင်မှ နိုင်ငံတော်ရှိ အကောင်းဆုံး ဆေးကို ပေးလိုက်ပြီး အပြန်အလှန် အနေဖြင့် ဘုရင်နှင့် သွေးသောက် ညီအစ်ကို လုပ်လိုက်ရကာ မြောက်ပိုင်းနယ်စပ်အား နှစ် ၂၀ စောင့်ကြပ်ရပုံ၊ ဆေးအစွမ်းမှာလည်း အလွန်ကို ကောင်းမွန်သဖြင့် ရဲရှောင် ပကတိ လူကောင်း ဖြစ်လာခဲ့ပြီး ကျန်းမာ လာခဲ့ပုံများအား ပြောဆိုလိုက်ခြင်း ဖြစ်သည်။
အဆိုပါ ဇာတ်လမ်းအား အိမ်တော်ထိန်းကြီးဆီမှ ရဲရှောင် ကြားခဲ့ဖူးပြီးဖြစ်သည့်တိုင် ပြန်လည် ကြားရပြန်သော အခါတွင်လည်း စိတ်လှုပ်ရှားမိပြန်ပါသည်။
အဖေတစ်ယောက်မှ သားအတွက် စွန့်လွှတ် အနစ်နာခံမှုများပင် မဟုတ်ပါလား။
သို့သော်လည်း ထိုကဲ့သို့ စိတ်လှုပ်ရှားမှု ဖြစ်အပြီးမှာတော့ ရဲရှောင်ခေါင်းထဲ မေးခွန်းတစ်ခု ၀င်လာသည်။ အိပ်မက်ကြာပန်းသည် ဆေးပင်များအကြား အတော်ကြီးကို အစွမ်းထက်သော ဆေးပင် ဖြစ်ပြီး မော်တယ်ကမ္ဘာ၏ အဆိပ်များ၊ ရောဂါများ မှန်သမျှကို ပျောက်ကင်းနိုင်ပါသည်။
သို့သော်လည်း ရဲရှောင်ကို အသုံးပြုသည့်အခါ အနည်းငယ် အကျိုးသက်ရောက်မှု ရှိသော်လည်း အရှင်းတော့ မပျောက်ကင်းနိုင်ခဲ့ပေ။ ချန်နိုင်ငံတော်မှ ပေးသော ဆေးဖြင့်သာ အရှင်းပျောက်ကင်း ခဲ့ရတာ ဖြစ်ပါသည်။ ဒါကို ကြည့်ခြင်းအားဖြင့် သူခံစားခဲ့ရသည်မှာ ပေါ့သေးသေး မဟုတ်ကြောင်း သဘောပေါက်လိုက်မိ၏။ ဖြစ်ပွားသည့် ထိခိုက်မှုအရ ယခုနယ်ပယ်မှ သက်ရောက်သော ထိခိုက်မှုမျိုး မဟုတ်နိုင်ပေ။
သူ့အဖေသည် တစ်ဦးတည်းဖြင့် လူရာထောင်ချီကို သတ်ဖြတ်နိုင်စွမ်း ရှိသောသူ ဖြစ်၏။
(ပြောရရင် ငါ့အဖေ၊ ငါ့အမေနဲ့ နောက်ဆုံး အိမ်တော်ထိန်းပါ မော်တယ်ကမ္ဘာက မဟုတ်လောက် ဘူး၊ အဆင့်မြင့် နယ်ပယ် တစ်ခုခုကပဲ ဖြစ်ရမယ် . . . ဒါပေမဲ့ သူတို့ ဘယ်လိုများ ဆင်းသက်လာကြတာ ပါလိမ့် . . .)
စဉ်းစားရင်းဖြင့် သူ့မိသားစုနှင့် ပတ်သက်သည့် အကြောင်းရင်းများအား သေချာ မှတ်သားထားမိ လိုက်သည်။ နောက်တော့ သူလည်း မင်းသား ဟွာရန်း၏ စကားကို ပြန်လည် နားထောင်မိပြန်၏။
တိုက်ပွဲပြီးနောက် တော်ဝင်မိသားစုမှ မဟုတ်သည့် နာမည်ဖြင့် မင်းသားတစ်ဦး ပေါ်လာခဲ့ကြောင်း၊ အဆိုပါ မင်းသားဟာ ဟွားရန်မင်းသားဟု ခေါ်သည့် သူပင်ဖြစ်ကြောင်း၊ တိုက်ပွဲကို အနိုင်ရရှိခဲ့သည့် အတွက် မင်းသားအဖြစ် ချီးမြောက်လိုက်ခြင်း ဖြစ်ကြောင်း၊ ဒါပေမဲ့ လူတွေဟာ နိုင်ငံတော်မှာ မင်းသား ၂ ယောက် ရှိတယ် ဆိုတဲ့ အကြောင်းကို မသိကြကြောင်း ပြောပြခဲ့လေ၏။
“ဘုရင်နဲ့ သွေးသောက်ညီအစ်ကို တော်စပ်မှတော့ မင်းအဖေဟာ မင်းသားလုပ်လို့ ရနေပြီ၊ ဒါပေမဲ့ သူက ခါးခါးသီးသီးဘဲ ငြင်းဆန်ခဲ့တယ်။ အဲဒါနဲ့ ဘုရင်လည်း ကြံရာမရဖြစ်ပြီး တော်ဝင်မျိုးနွယ်ရဲ့ သမိုင်းကြောင်း စာအုပ်ထဲမှာ မင်းတို့မျိုးနွယ်ရဲ့ နာမည်ကို ထည့်သွင်းပေးခဲ့တယ်။ ဒါကို ဘယ်သူမှ မသိကြဘူးလေ . . .”
မင်းသား ရယ်မောလိုက်ပြီး ဆက်လက်၍ –
“ဒါကြောင့် ဒီနိုင်ငံတော်မှာ တော်ဝင်မျိုးနွယ် မဟုတ်ဘဲ မင်းသားဖြစ်တဲ့လူက တစ်ယောက်ထဲ ဖြစ်နေရတာပဲ၊ တကယ်တော့ အဲဒီအချိန်ကတည်းက ငါတို့က မင်းသား ဘွဲ့ထူးကို အတူတူ ရခဲ့ကြတာလေ”
အားလုံး ပြုံးလိုက်မိကြလေ၏။
စကားဝိုင်း၏ အဆုံးမှာတော့ စုဒင်ဂူလည်း အရက်တစ်ခွက်ကို အကုန်သောက်လိုက်ပြီး ရဲရှောင်၏ ပခုံးကို ပုတ်ကာဖြင့် –
“ရှောင်ရှောင် . . . မင်းအဖေကို စိတ်မပျက်ပါစေနဲ့ကွာ . . .”
ထို့နောက် ဆက်လက်၍ –
“ဒီရက်ပိုင်းအတွင်း မင်းတကယ်ပဲ အများကြီး ပြောင်းလဲလာတာကို ငါတွေ့ပါတယ်။ နောက်ဆုံးတော့ မင်းအရင်က လုပ်ခဲ့သလိုတွေ မလုပ်တော့ဘူးလေ ဟားဟား . . .”
ညစာစားပြီးနောက် မင်းသားဟွာရန်လည်း သောက်တာ များသွားသဖြင့် ချက်ချင်းကို အိပ်မော ကျသွားခဲ့လေ၏။
မင်းသမီးကြီးမှာ သူ့ယောကျာ်းအား တွဲမရင်း ခေါ်ထုတ်သွားပါတော့သည်။ ယခုအခါတွင်တော့ စားပွဲဝိုင်းတွင် ရဲရှောင်နှင့် စုယဲ့ယွဲ့တို့ နှစ်ဦးတည်းသာ ကျန်၏။
တကယ်တော့ ရဲရှောင်လည်း ယခုအချိန်တွင် အိမ်ပြန်ချင်နေပြီ ဖြစ်သည်။
သူလုပ်ချင်သည့် ကိစ္စ ပြီးမြောက်သွားပြီ ဖြစ်သလို သိချင်သည့် ကိစ္စများလည်း သိခဲ့ရပြီ ဖြစ်သည့် အတွက် အချိန်မဖြုန်းလိုတော့ပေ။ သူ့အတွက် ယခုအချိန် အလုပ်ချင်ဆုံး အရာမှာ သူအသစ်ရရှိထားသည့် နတ်လက်နက်လေးများအား စမ်းသပ်ကြည့်ရန်ပင် ဖြစ်၏။
“ငါ . . . ငါသွားတာ ကောင်းမယ် ထင်တယ် . . .”
ရဲရှောင်လည်း ခေါင်းကုတ်ရင်း စပ်ဖြဲဖြဲ မျက်နှာထားဖြင့် ပြောလိုက်သည်။ တစ်ညလုံးနီးပါး အပြစ်တင် ပြောဆိုမှုကို ခံထားရသဖြင့် ခေါင်းများပင် ထူပူသလို ဖြစ်နေပါချေပြီ။
“နင် ဘာပြောတာလဲ . . . ပြန်တော့မလို့လား . . .”
အစပိုင်းတုန်းက စုယဲ့ယွဲ့ဟာ ခေါင်းလေးငုံ့၍ ရှက်သလိုလို အမူအယာဖြင့် ရှိနေသော်လည်း ရဲရှောင်၏ စကားကို ကြားလိုက်သောအခါ ချက်ချင်းပင် ပြောလိုက်လေ၏။
“နင်ကဘာလဲ . . . ငါ့အဖေ ဆူတာကိုကျ ပျော်ပျော်ကြီး ခံနေတယ်။ အခု ငါနဲ့ ၂ ယောက်တည်း ရှိတဲ့အခါကျ ပြန်တော့မယ်တဲ့၊ ဟမ့် . . . နင်မို့ ပြောထွက်တယ် . . .”
ရဲရှောင် ပြုံးလိုက်ပြီး –
“လုပ်ပါ ချစ်လှစွာသော မိန်းကလေးရယ် . . .”
“ချစ်လှစွာသော မိန်းကလေးက နင့်ကို မကျေနပ်ဘူး . . .”
စုယဲ့ယွဲ့ ခါးထောက်ကာ ပြောလိုက်သည်။
ရဲရှောင်လည်း ချက်ချင်းပင် –
“ကောင်းပြီ . . . အဲဒါဆိုလည်း ငါဘယ်တော့မှ ပြန်မနေတော့ဘူး၊ မင်းပဲ ပြောတော့ ငါ့ကို ပြန်စေချင်လား နေစေချင်လား . . .”
“ဟမ့် . . .”
စုယဲ့ယွဲ့မှာ ရဲရှောင်အား မကျေမနပ် ဖြစ်နေမိလေ၏။ သို့သော်လည်း ရဲရှောင်မှ နေဦးမည်ဟု ဆိုလိုက်သဖြင့် သူမလည်း အတော်ကြီး ကျေနပ်သွားမိသည်။ သူမ၏ လက်များအား နောက်သို့ ပစ်လိုက်ပြီး –
“နောက်ဖက် ခြံဝန်းထဲ သွားကြတာပေါ့ . . . လူတွေ ပြောကြတာတော့ ယောကျာ်းကောင်း တစ်ယောက်နဲ့ လှပတဲ့ မိန်းကလေး တစ်ယောက်နဲ့ လရောင်လှုံရင်း ပန်းလေးတွေရဲ့ ဘေးနားမှာ ထိုင်ရတဲ့ ခံစားချက်က သိပ်ကောင်းတယ်တဲ့ ငါတော့ မခံစားဖူးသေးဘူး . . .”
ရဲရှောင်လည်း နဖူးကို ပွတ်လိုက်ရင်း ပြုံးလိုက်မိသည်။ ထို့နောက် သက်ပြင်းတစ်ချက် ချလိုက်ရင်း သူ့စိတ်ထဲမှလည်း –
(ဒီကောင်မလေးကတော့ စာအုပ်တွေထဲက အချစ်ဇာတ်လမ်းတွေ ဖတ်ပြီး မွှန်နေပြီ ထင်တယ်။ စာအုပ်ထဲကလို အပြင်မှာတောင် စမ်းသပ်ချင်နေသေးတယ်။ ဒါက ကောင်းတဲ့ ကိစ္စတော့ မဟုတ်ဘူး . . .)
(ယောကျာ်းကောင်းတစ်ယောက်နဲ့ မိန်းမလှ တစ်ယောက် အတူတူ လရောင်လှုံတဲ့ ခံစားချက် . . . ဟားဟား ပိုက်ဆံရှိရင်တော့ အဲဒီလို လုပ်လို့ အချိန်ရမှာပေါ့ကွာ၊ ပိုက်ဆံသာ မရှိရင်တော့ ကြည်နူးချိန် တောင် ရမှာ မဟုတ်ပါဘူး . . . တကယ်တော့ ဒါက ဆယ်ကျော်သက်တွေ အချစ်စိတ်မွှန်တဲ့ ရောဂါပါကွာ)
ရဲရှောင် ပြုံးရင်း စဉ်းစားနေမိတာပဲ ဖြစ်ပါတော့သည် . . .။

Comment

Leave a Reply

Options

not work with dark mode
Reset