အခန်း (၅၃၇) တာအိုဂိုဏ်း၏ ပေါင်းစည်းမှု၊ ဟန်ထော်၏ မျှော်လင့်ချက်
‘ချံရှီလိုင်ရော ဧကရာဇ်ရှောင်ရော ဒဏ်ရာရသွားတာလား… ဒီကောင်းကင်မိစ္ဆာက တော်တော် စွမ်းတာပဲ’ ဟန်ကျွယ်ဟာ မျက်ခုံးပင့်တက်သွားပါတယ်။
ဟန်ကျွယ် မော့ကြည့်လိုက်တဲ့အခါ ကောင်းကင်ဘုံ ၃၃ ဘုံမြောက်က တိတ်ဆိတ်နေတာကို တွေ့လိုက်ရပါတယ်။ တာအိုကောင်းကင်မိစ္ဆာ ပုန်းအောင်းနေတဲ့ တွင်းနက်ကတော့ ရှိနေပါသေးတယ်။ ခရမ်းရောင် လျှပ်စီးတွေဟာ မကြာခဏ လင်းလက်နေပြီး တိတ်ဆိတ်တဲ့ဖိအားကို ခံစားနိုင်ပါတယ်။
ဟန်ကျွယ်ဟာ တာအိုကောင်းကင်မိစ္ဆာရဲ့ ရောင်ဝါကို ခံစားမိပါတယ် ‘ဒီကောင်းကင်မိစ္ဆာက တွင်းနက်ထဲက ထွက်မလဘဲ တာအိုပညာရှိတွေကို ဘယ်လိုဒဏ်ရာရစေတာလဲ… နတ်အာရုံနဲ့ တိုက်ခိုက်တာများလား…’
ဟန်ကျွယ်ဟာ အကြောင်းရင်းကို စဉ်းစားမရပါဘူး။ ဘာပဲဖြစ်ဖြစ် တာအိုကောင်းကင်မိစ္ဆာက ကောင်းကင်တာအိုထဲ မဝင်သေးတဲ့အတွက် ဟန်ကျွယ်မှာ အချိန်ရှိပါသေးတယ်။
ဒီအတောအတွင်း ဟန်ကျွယ်ဟာ ခပ်မြန်မြန် စွမ်းအားကြီးလာဖို့ လိုအပ်ပါတယ်။ ဟန်ကျွယ်ဟာ တာအိုကောင်းကင်မိစ္ဆာကို တစ်ချက်တည်း သတ်နိုင်အောင် အပြင်းအထန် ကြိုးစားကျင့်ကြံပါတယ်။
စာစောင်တွေကို ဖတ်ပြီးတာနဲ့ ဟန်ကျွယ်ဟာ မျက်လုံးမှိတ်ပြီး ဆက်လက် ကျင့်ကြံပါတယ်။
ကောင်းကင်ဘုံ ၃၃ ဘုံမြောက်ကတော့ တာအိုကောင်းကင်မိစ္ဆာ ထွက်ပေါ်လာမှုကြောင့် လုံးဝကို တိတ်ဆိတ်နေပြီး တာအိုပညာရှိတွေကလည်း တာအို ထပ်မဟောကြားတဲ့အတွက် ဘယ်ကျင့်ကြံသူမှ ရောက်မလာကြတော့ပါဘူး။
ဒီလေးနက်တဲ့အခြေအနေဟာ လျင်မြန်စွာပဲ အင်မော်တယ်ကမ္ဘာကို ကူးစက်သွားပါတယ်။ တာအိုပညာရှိဂိုဏ်းရဲ့ တပည့်တွေဟာ ကောင်းကင်တာအို ဘေးတွေ့တော့မဲ့အကြောင်း ကောလဟာလတွေ ဖြန့်ကြပါတယ်။
ဒီလိုနဲ့ နှစ် ၃၀၀ ကြာတဲ့အခါမှာတော့ တာအိုပညာရှိတွေရဲ့ အသံဟာ အင်မော်တယ်ကမ္ဘာတစ်ခုလုံးကို လွှမ်းမိုးသွားပါတယ်။
“ငါ တောင်ဘက်စွန်း ကောင်းကင်အရှင်က ချန်ကျောင်းတော်ကို ဦးဆောင်ပြီး တာအိုဂိုဏ်းထဲ ဝင်ရောက်တယ်၊ တာအိုပညာရှိ ချုံရှီလိုင်ကို တာအိုသခင်အဖြစ် အသိအမှတ်ပြုတယ်”
“ငါ ဂိုဏ်းချုပ်တျန်ကျွယ်က ကျယ်ကျောင်းတော်ကို ဦးဆောင်ပြီး တာအိုဂိုဏ်းထဲ ဝင်ရောက်တယ်၊ တာအိုပညာရှိ ချုံရှီလိုင်ကို တာအိုသခင်အဖြစ် အသိအမှတ်ပြုတယ်”
“ငါ ဖူရှီက လူသားမျိုးနွယ်စုကို ဦးဆောင်ပြီး တာအိုဂိုဏ်းထဲ ဝင်ရောက်တယ်၊ တာအိုပညာရှိ ချုံရှီလိုင်ကို တာအိုသခင်အဖြစ် အသိအမှတ်ပြုတယ်”
“ငါ ဧကရာဇ်ရှောင်က မိစ္ဆာကျင့်ကြံသူတွေကို ဦးဆောင်ပြီး တာအိုဂိုဏ်းထဲ ဝင်ရောက်တယ်၊ တာအိုပညာရှိ ချုံရှီလိုင်ကို တာအိုသခင်အဖြစ် အသိအမှတ်ပြုတယ်”
“ငါ ချုံရှီလိုင်က ဗုဒ္ဓဂိုဏ်းကို ဦးဆောင်ပြီး တာအိုဂိုဏ်းထဲ ဝင်ရောက်တဘ်၊ အခုအချိန်ကစပြီး တာအိုပညာရှိအားလုံးက တာအိုဂိုဏ်းရဲ့ တစ်စိတ်တစ်ပိုင်းပဲ၊ ကောင်းကင်တာအိုရဲ့ ကံတရား အထောက်အပံ့က တာအိုဂိုဏ်းဆီ ပြန်ရောက်ပြီး သက်ရှိအားလုံးက ဒီပေါင်းစည်းမှုရဲ့ သက်သေပဲ”
တာအိုဘုံကျောင်းထဲမှာ ကြိုးစားကျင့်ကြံနေတဲ့ ဟန်ကျွယ်ဟာ ဒီအသံတွေကြောင့် မျက်လုံးပွင့်လာပြီး ထူးထူးဆန်းဆန်း ဖြစ်သွားပါတယ်။
‘တာအိုပညာရှိတွေက ချုံရှီလိုင်ကို ခေါင်းဆောင်ထားပြီး အတူပူးပေါင်းလိုက်ကြတာလား… နေပါအုန်း… သူတို့က ကောင်းကင်တာအို ကံတရား အထောက်အပံ့ကို ချုံရှီလိုင်ခန္ဓာကိုယ်ထဲ ပေါင်းထည့်ပြီး တာအိုကောင်းကင်မိစ္ဆာကို ခုခံခိုင်းတာလား…’
ဟန်ကျွယ်ဟာ ဆက်တွေးလေလေ ဖြစ်နိုင်လေလေလို့ ခံစားရလေလေပါပဲ။ ဟန်ကျွယ် မော့ကြည့်လိုက်တဲ့အခါ ချုံရှိလိုင်ရဲ့ တာအိုစက်ကွင်းကို ဧရာမအရံအတားကြီးက ဖုံးလွှမ်းထားပြီး အလွန်တရာမှ ခမ်းနားကာ ကျက်သေရ ရှိလှပါတယ်။
ဟန်ကျွယ်ဟာ စိတ်ထဲကနေ စနစ်ကို မေးလိုက်ပါတယ် “ချုံရှီလိုင်က တာအိုပညာရှိတွေရဲ့ ကောင်းကင်တာအို ကံတရား အထောက်အပံ့နဲ့ ပေါင်းစပ်သွားရင် ငါ့ကို သတ်နိုင်မှာလား”
[သက်တမ်း ၁၀ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[ဖြစ်နိုင်ချေ ရှိသည်။]
ဟန်ကျွယ်ဟာ မျက်ခုံးလှုပ်သွားပါတယ် ‘ဒီအတိုင်းဆို ငါ တာအိုစက်ကွင်းကနေ ထွက်လို့ မဖြစ်တော့ဘူး၊ မဟုတ်ရင် ငါ သေဆုံးနိုင်ချေ ရှိတယ်’
ဟန်ကျွယ်ဟာ ခံစားချက်တွေကို ထိန်းချုပ်ပြီး ဆက်လက် ကျင့်ကြံပါတယ်။ တာအိုကောင်းကင်မိစ္ဆာက ပေါ့ပေါ့သေးသေး သဘောထားလို့ရတဲ့ အရာ မဟုတ်ပါဘူး။ တာအိုကောင်းကင်မိစ္ဆာအပြင် ချုံရှီလိုင်ကိုလည်း ဖိနှိပ်ဖို့ လိုအပ်ပါတယ်။
အဆုံးမဲ့ပင်လယ်ပြင်မှာ လီတောက်ခုံးနဲ့ ရှီတုတောက်ဟာ တိမ်တွေပေါ် ရပ်တည်နေပါတယ်။ ရှီတုတောက်ဟာ မျက်မှောင်ကြုတ်သွားပါတယ် “တာအိုပညာရှိတွေ ပူးပေါင်းလိုက်ပုံကို ထောက်ရင် တွင်းနက်ထဲမှာ အလွန်ကြောက်ဖို့ကောင်းတဲ့ တည်ရှိမှုတစ်ခု ရှိနေတာ ဖြစ်ရမယ်”
လီတောက်ခုံးက အေးစက်စွာ ပြောလိုက်ပါတယ် “ရှီတုတောက် ငါနဲ့ တိုက်ခိုက်နေတာကို အာရုံစိုက်စမ်းပါ”
လီတောက်ခုံးရဲ့ စကားကြောင့် ရှီတုတောက်ဟာ စိတ်မရှည် ဖြစ်သွားပါတယ် “မင်းက ငါ့ပြိုင်ဘက်မှ မဟုတ်တာ၊ ဘာလို့ ငါ့နောက်ကိုပဲ အမြဲတမ်း လိုက်နေရတာလဲ၊ မင်း ရှုံးဖို့ မတက်နိုင်ဘူးလား”
“ဟမ်… မင်းက ငါ့ကို တကယ်နိုင်တာလည်း မဟုတ်ဘဲနဲ့”
“နိုင်တော့ရော ဘာလုပ်ရမှာလဲ၊ မင်းကို သတ်ရမှာလား”
“မင်းအစွမ်းနဲ့ ငါ အရှုံးကို ကျေကျေနပ်နပ်ကြီး လက်ခံလာအောင် လုပ်လေ၊ မင်းက အစွမ်းထက်ပေမဲ့ ငါ့ကို မျှော်လင့်ချက် ကင်းမဲ့စေတဲ့အထိတော့ မစွမ်းပါဘူး”
“ဟီးဟီး…” ရှီတုတောက်ရဲ့ မျက်လုံးထဲမှာ သတ်ဖြတ်ငွေ့တွေ ယှက်သမ်းသွားပါတယ်။ ရွေ့လျားနေတဲ့ တိမ်တိုက်တွေဟာ ရုတ်တရက် ရပ်တန့်သွားပါတယ်။ အောက်က ပင်လယ်ပြင်ဟာလည်း လုံးဝငြိမ်သက်သွားပါတယ်။
ကမ်းခြေမှာတော့ ဟန်မင်နဲ့ ဟန်ထော်ဟာ လီတောက်ခုံးနဲ့ ရှီတုတောက်ကို ခပ်လှမ်းလှမ်းကနေ ကြည့်နေပါတယ်။ အခုအချိန်မှာ ဟန်ထော်ဟာ ရင်ကျင့်နေပြီး သူ့မျက်လုံးတွေက လောကဓံရဲ့ ပုတ်ခတ်မှုဒဏ်ကို ဘယ်လိုခံစားခဲ့ရလဲဆိုတာ ဖော်ပြနေပါတယ်။ ဟန်ထော်ရဲ့ အဖြူရောင်ဝတ်ရုံကတော့ လေအတိုက်မှာ တဖျတ်ဖျတ် လူးလွန့်သွားပါတယ်။
ဟန်မင်ဟာ ချောမော်တယ်ဆိုပေမဲ့ ဟန်ထော်ကိုတော့ မမီပါဘူး။
“စီနီယာလီရဲ့ ပြိုင်ဘက်က ဘယ်သူလဲ” ဟန်ထော်က မေးလိုက်ပါတယ်။
ဟန်မင်က တည်ငြိမ်စွာ ပြန်ဖြေလိုက်ပါတယ် “သူက ငါတို့ လက်လှမ်းမမီနိုင်တဲ့ တည်ရှိမှုပဲ၊ မမေးနဲ့၊ စီနီယာလီက ငါတို့ကို တပည့်အဖြစ် လက်ခံဖို့ သဘောမတူသေးဘူး”
ဟန်ထော်ဟာ မျက်မှောင်ကြုတ်သွားပါတယ် “စီနီယာလီက ဒီလောက်တောင် စွမ်းအားကြီးတာ၊ စကားတစ်ခွန်းတည်းနဲ့ ကျယ်ကျောင်းတော်က ငါ့ကို လွှတ်ပေးလိုက်ရတယ်၊ မင်း ဘယ်လိုလုပ်ပြီး သူ ငါ့ကို ကယ်အောင် ပြောနိုင်တာလဲ၊ နောက်ပြီး ကျယ်ကျောင်းတော်က ငါ့ကို ဖမ်းသွားတယ်ဆိုပေမဲ့ ဟွမ်မျိုးရိုး ကျင့်ကြံသူတစ်ယောက်နဲ့လည်း တွေ့ပြီးရော သူတို့တွေက ငါ့ကို ကောင်းကောင်းမွန်မွန် ဆက်ဆံကြတယ်၊ အဲဒါတွေ အကုန်လုံးက ဘာဖြစ်လို့လဲ”
“ညီအစ်ကိုဟန်… ငါတို့မျိုးရိုးနာမည်က ဟန်ချည်းပဲ၊ မင်းက ငါ့အဖေနဲ့ ပတ်သက်နေတာလား၊ ငါ့အဖေက ဘယ်သူလဲ”
ဟန်ထော်ဟာ ငတုံးမဟုတ်တဲ့အတွက် အင်မော်တယ်ကမ္ဘာမှာ နှစ်ပေါင်းများစွာ ကျင်လည်ပြီးနောက်ပိုင်း သူ့ကို အဓိက အင်အားကြီးလာစေတာ သူ့အမေရဲ့ ခန္ဓာကျင့်စဉ်မဟုတ်ဘဲ သူ့ကိုယ်ပိုင် အရည်အချင်းမှန်း သိလိုက်ရပါတယ်။ အင်မော်တယ်ဆရာသခင်တွေ သူ့ကျင့်ကြံမှု အရည်အချင်းကို မစစ်ဆေးမိတာက သူ့အရည်အချင်းက အလွန်တရာမှ အားကောင်းနေလို့ပါ။ သာမန်ကျင့်ကြံသူတွေဟာ သူ့အရည်အချင်းကို ဘယ်လိုမှ မြင်နိုင်စွမ်း မရှိပါဘူး။
ဟန်ထော်ဟာ အရှေ့အစောင့်မြို့ကို တစ်ခါပြန်သွားပြီး သူ့မိဘတွေကို ရှာဖွေခဲ့ပေမဲ့ သူ့အမေရဲ့ အုတ်ဂူကိုသာတွေ့ပြီး သူ့အဖေကိုတော့ အစအနတောင် ရှာမရခဲ့ပါဘူး။ ဟန်ထော်ဟာ ကျင့်ကြံသူတွေကို တွက်ချက်ခိုင်းကြည့်တော့ သူ့အဖေက သေသွားတာကြာပြီလို့ပဲ အဖြေရခဲ့ပါတယ်။
သူ့အဖေမှာသာ အင်အားကြီးတဲ့ နောက်ခံရှိမယ်ဆိုရင် သေစရာ အကြောင်းမရှိပါဘူး။ အဆိုးဆုံး တွေးကြည့်ရင်တော့ ဒုက္ခရောက်ပြီး အသက်ဆုံးတာက ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ဟန်ထော်ဟာ ဒီအကြောင်းကို တွေးမိတိုင်း ဒေါသမထွက်ဘဲ မနေနိုင်ပါဘူး။
ဟန်ထော်ဟာ သူ့အဖေကို သူ့ရန်သူတွေက သတ်လိုက်လို့ သူ့ခန္ဓာကိုယ်ထဲက လျှို့ဝှက်ပြင်းထန်တဲ့ စွမ်းအားဟာ သူ့ကို ပြန်ဟန့်တားနေတယ်လို့ တွေးထင်နေတာပါ။
ဟန်ထော်ဟာ ငယ်ငယ်လေးကတည်းက သူ့အဖေကို အမြဲတမ်း လေးစားခဲ့ပါတယ်။ သူ့အဖေရဲ့ လမ်းညွှန်မှုကြောင့်သာ မဟုတ်ရင် ဟန်ထော်ဟာ လွန်ခဲ့တဲ့ နှစ်တစ်ရာကတည်းက သေသွားပါပြီ။
ဟန်မင်ဟာ အဝေးတစ်နေရာကို ကြည့်ရင်း ပြောလိုက်ပါတယ် “ငါတို့က မျိုးရိုးနာမည်တူရုံပဲ၊ ငါ မင်းအဖေကို မသိပါဘူး၊ အများကြီး မတွေးနဲ့၊ ငါတို့နှစ်ယောက် စတွေ့တုန်းကလည်း မင်း ငါ့ကို တိုက်ခိုက်ခဲ့တာပဲ မဟုတ်ဘူးလား၊ ငါကလည်း မင်းကို သတ်ချင်ခဲ့တာပဲ၊ စီနီယာလီက မင်းကို နည်းနည်း စိတ်ဝင်စားလို့ ဖြစ်ပါလိမ့်မယ်”
ဟန်ထော်ဟာ မျက်မှောင်ကြုတ်သွားပါတယ် “ဒါဆို ကျယ်ကျောင်းတော်ကရော…”
ဟန်ထော်ဟာ မျက်လုံးကို ပင့်တင်လိုက်ပါတယ် “ငါ ဘယ်လိုလုပ်ပြီး သိမှာလဲ၊ သူတို့ကို မင်းကို မသေစေချင်တာလည်း ဖြစ်နိုင်တာပဲ၊ ဘာပဲဖြစ်ဖြစ် သူတို့က တာအိုပညာရှိဂိုဏ်းလေ၊ အားနည်းသူကို အနိုင်ကျင့်တဲ့ သတင်းသာ ပြန့်သွားရင် သူတို့တွေ သိက္ခာကျမှာပေါ့၊ သူတို့မှာသာ ရည်ရွယ်ချက်ကောင်း ရှိတယ်ဆိုရင် မင်းကို ဖမ်းမထားဘဲ ပြန်လွှတ်ပေးမှာပေါ့”
ဟန်ထော်ဟာ ဟန်မင်စကားက အဓိပ္ပာယ်ရှိတယ်လို့ ခံစားလိုက်ရပါတယ်။ ဟန်ထော်ဟာ သူ့ကိုယ်သူ ရယ်မောလိုက်ပါတယ် ‘ငါ့က နေ့ခင်းကြောင်တောင် အိပ်မက်မက်နေတာပဲ၊ ငါ ပါရမီရှင်အများကြီးကို တွေ့ကြုံခဲ့ရလို့ ငါ့ဘိုးဘေးတွေထဲမှာ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါးပါးရှိဖို့ မျှော်လင့်နေမိတာလား…’
“ဝုန်း..”
ကြောက်မက်ဖွယ် လေပြင်းတစ်ခုဟာ ပင်လယ်ပြင်ကို ဖြတ်သန်းသွားပါတယ်။ ဟန်ထော်နဲ့ ဟန်မင်ဟာ မျက်နှာအကြီး ပျက်သွားပြီး သူတို့ရဲ့ ရတနာတွေကို ထုတ်ယူကာ လေပြင်းဒဏ်ကနေ ကာကွယ်လိုက်ပါတယ်။ သူတို့နှစ်ယောက်က ဘယ်လိုလုပ်ပြီး တာအိုပညာရှိအတုရဲ့ ဖိအားကို တောင့်ခံနိုင်မှာလဲ။
သူတို့နှစ်ယောက် မတုံ့ပြန်နိုင်ခင်မှာပဲ ဟန်မင်နဲ့ ဟန်ထော်ဟာ သဲတွေနဲ့အတူ မိုးကုပ်စက်ဝိုင်းဆီ လွှင့်စဉ်ထွက်သွားပါတယ်။
ကောင်းကင်ဘုံ ၃၃ ဘုံမြောက်က ရွှေရောင်နန်းတော်တစ်ခုမှာ တာအိုပညာရှိတွေ စုဝေးနေကြပါတယ်။ ဂိုဏ်းချုပ်တျန်ကျွယ်က မေးလိုက်ပါတယ် “ချုံရှီလိုင် ဘယ်လိုနေလဲ”
တခြားတာအိုပညာရှိတွေဟာ ချုံရှီလိုင်ကို ကြည့်လိုက်ကြပါတယ်။
ချုံရှီလိုင်ဟာ သူ့ရဲ့ ပေတစ်သောင်းကျော် ရှည်လျားတဲ့ ခန္ဓာကိုယ်နဲ့ ရှိနေတာ မဟုတ်ပါဘူး။ သာမန်လူသားခန္ဓာကိုယ်မျိုးနဲ့ ရှိနေတာပါ။ ချုံရှီလိုင်ဟာ ဖြည်းညင်းစွာ မျက်လုံးဖွင့်ပြီး ပြောလိုက်ပါတယ် “မဆိုးဘူး… ငါ အရင်ကထက် စွမ်းအားပိုကြီးလာတယ်၊ ကောင်းကင်တာအိုရဲ့ စွမ်းအားကိုတောင် အသုံးပြုလို့ရနေပြီ”
ဖူရှီက မေးလိုက်ပါတယ် “တာအိုကောင်းကင်မိစ္ဆာကို အနိုင်ယူနိုင်မှာလား”
ချုံရှီလိုင်ရဲ့ မျက်နှာဟာ ရှုပ်ထွေးသွားပါတယ် “မပြောတက်ဘူး၊ ငါ နည်းနည်း လိုနေသေးတယ်လို့ ခံစားရတယ်၊ တာအိုကောင်းကင်မိစ္ဆာရဲ့ ကြမ္မာဆိုးစွမ်းအားက အတော်လေး အားကောင်းတော့ သတ်လို့မရဘူး၊ သူ့စွမ်းအားက ဒီထက်ပိုမြင့်တယ်၊ ငါ သူ့ကို သတ်ဖို့ဆိုရင် ကောင်းကင်တာအို ကံတရား အထောက်အပံ့နဲ့ တာအိုနှလုံးသားကို ပေါင်းစပ်ရလိမ့်မယ်…”
ချုံရှီလိုင်ရဲ့ စကားကြောင့် တာအိုပညာရှိတွေဟာ မျက်နှာပျက်သွားပါတယ်။ တာအိုပညာရှိတွေဟာ တာအိုဂိုဏ်းကို ပြန်ပေါင်းစည်းရတာက တာအိုကောင်းကင်မိစ္ဆာကို ရင်ဆိုင်ချင်လို့ပါ။ ဒါပေမဲ့ အခုတော့ ကျားကြောက်လို့ ရှင်ကြီးကိုး ရှင်ကြီး ကျားထက်ဆိုး ဖြစ်နေပါပြီ။
ဘာဖြစ်လို့လဲဆိုတော့ ချုံရှီလိုင်သာ ကောင်းကင်တာအို ကံတရား အထောက်အပံ့နဲ့ တာအိုနှလုံးသား ပေါင်းစပ်လိုက်ရင် အနာဂတ်မှာ ချုံရှီလိုင်က အစွမ်းအထက်ဆုံး တာအိုပညာရှိ ဖြစ်လာမှာမို့လို့ပါပဲ။ တာအိုပညာရှိတွေက သူတို့ရဲ့ ကံတရား အထောက်အပံ့ကို ပြန်ခွဲရင်တောင် ချုံရှီလိုင်ရဲ့ ကျင့်ကြံမှုကို သက်ရောက်စေမှာ မဟုတ်ပါဘူး။
ဒီထက်ပိုပြီး အရေးကြီးတာက ချုံရှီလိုင်ဟာ တာအိုပျက်သုဉ်းခြင်း ဆန်းကြယ်စွမ်းအားကို တတ်မြောက်ထားပါတယ်။
ခန်းမတစ်ခုလုံး အပ်ကျသံ ကြားရလောက်တဲ့အထိ တိတ်ဆိတ်သွားပြီး ထူးထူးဆန်းဆန်း ဖြစ်လာပါတယ်။
ချုံရှီလိုင်ဟာ နက်ရှိုင်းစွာ အသက်ရှူသွင်းပြီး ပြောလိုက်ပါတယ် “တာအိုရောင်းရင်းတို့… ကျုပ်တို့တွေ အနန္တကပ်ဘေး လေးခုကို ကျော်ဖြတ်ပြီးပြီပဲ၊ ဒါပေမဲ့ ကောင်းကင်တာအိုရဲ့ ထိပ်ဆုံးမှာ ကျုပ်တို့ပဲ ရှိတယ်၊ ကျုပ်တို့တွေ ဘယ်လိုပဲတိုက်တိုက် ဒါက အချင်းချင်း ရန်ဖြစ်တာပဲ၊ ဒါပေမဲ့ အခု တာအိုကောင်းကင်မိစ္ဆာက ကောင်းကင်တာအိုကို ဝါးမြိုမှာ၊ အဲဒီအချိန်ကျရင် ကျုပ်တို့အားလုံး သေရလိမ့်မယ်”
“ဒီတိုက်ပွဲမှာ တာအိုရောင်းရင်းတို့အားလုံး ကျုပ်ကို ယုံကြည်မယ်ဆိုရင် ကျုပ် တာအိုရောင်းရင်းတို့ကို စိတ်မပျက်စေရပါဘူး”
မြန်မာပြည် ငြိမ်းချမ်းပါစေ။
Chapter – 537
? Views, Released on December 9, 2024