Switch Mode

Chapter – 76

အတုမရှိသော ပညာရှင်

Chapter – 76
“အတုမရှိသောပညာရှင်”

လူငယ်စုံတွဲအား စေ့စပ်ပြီးကတည်းက ယခုအကြိမ်သည် သူတို့ လေးဦးအတွက် ပထမဆုံး အကြိမ်အဖြစ် ထမင်းလက်ဆုံ စားခြင်း ဖြစ်သည်။
“မင်းအဖေသာ ရှိနေရင် ပိုပြီး ပြည့်စုံသွားမှာကွာ . . .”
မင်းသား ဟွာရန်း အရက်တစ်ခွက် ငှဲ့သောက်လိုက်ရင်း သက်ပြင်းချကာ လေးလေးပင်ပင် ပြောလိုက်သည်။
မင်းသမီးကြီးလည်း ခေါင်းညိတ်ကာဖြင့် ထောက်ခံလိုက်၏။
မင်းသားဟွာရန်းသည် ရဲရှောင်အပေါ် အပြုအမူများ ပြောင်းလဲလာပြီ ဖြစ်၏။ အနည်းဆုံးတော့ ယခင်လို အထင်မြင်သေးသည့် မျက်ဝန်းမျိုးဖြင့် မကြည့်တော့ချေ။
ရဲရှောင်သည် သူတိုက်ပွဲမထွက်ခင် သူ့အတွက် ကောင်းမွန်လှသည့် လှံတစ်ချောင်းအား ၀ယ်ပေး လိုက်သည် မဟုတ်ပါလား။
ထိုကဲ့သို့သော ကိစ္စသည် တော်ရုံလူငယ်တစ်ဦး လုပ်နိုင်မည့် ကိစ္စမျိုး မဟုတ်ပေ။
“ငါတို့မိသားစုတွေဟာ နှစ်ပေါင်းများစွာ နီးနီးကပ်ကပ် နေခဲ့ကြတယ်။ ဒါပေမဲ့ ဘယ်တော့မှ အတူတကွ ပျော်ပျော်ရွှင်ရွှင်နဲ့ မစားသောက်ကြဖူးဘူး၊ မင်းရဲ့ အဖေကလည်း မြောက်ပိုင်းမှာ တစ်ချိန်လုံး စောင့်ကြပ်နေရတယ်လေ။ မြို့တော်ကို ပြန်လာတယ်ဆိုတာ တော်တော့်ကို ရှားတယ်။ ငါကတော့ မြို့ထဲမှာပဲ အမြဲတမ်း နေတဲ့လူ၊ နောက်ပြီးတော့ အရေးကိစ္စတွေနဲ့ ရှုပ်နေတာပေါ့၊ အဲဒီတော့ မင်းအဖေ လာတဲ့အချိန်တိုင်း ငါကလည်း အပြင်ထွက်နေတာ များတယ် . . .”
မင်းသား ပြုံးလိုက်ပြီး ဆက်လက်၍ –
“ဘာလို့လဲ ဆိုတော့ မင်းအဖေ ပြန်လာတယ် ဆိုကတည်းက မြောက်ပိုင်းနယ်မြေတွေ အားလုံးက ငြိမ်းချမ်းလို့လေ။ အန္တရာယ်အရှိဆုံးဆိုတဲ့ နေရာတောင်မှ ငြိမ်းငြိမ်းချမ်းချမ်း ရှိနေတယ်ဆိုတော့ တခြား နေရာတွေက အရေးကိစ္စတွေကို ဦးစားပေးရတော့တာကိုး . . . အဲဒီလို ကိစ္စတွေကိုကျ ငါ့လောက် ဘယ်သူမှ နှံ့နှံ့စပ်စပ် မလုပ်နိုင်ကြဘူးလေ . . .”
“အင်း . . . ငါက ဒီလိုမျိုး ငါတစ်ယောက်တည်းကပဲ လုပ်နိုင်တယ်လို့ ပြောလို့ ငါ့ကိုယ်ငါ မြောက်ပင့် ပြောလိုက်သလို ဖြစ်နေဦးမယ်။ တကယ်တော့ မင်းအဖေလည်း ဒါမျိုး လုပ်နိုင်တာပဲ၊ ဒါပေမဲ့ သူက အရမ်းအပျင်းထူတယ်။ သူ့ရဲ့ အားလပ်ရက်ကို တစ်စက္ကန့်လေးတောင်မှ အလဟဿ အဖြစ်မခံနိုင် ဘူးလေ . . .”
ရဲရှောင်အား ကြည့်ရင်း မင်းသား ပြောလိုက်သည်။
ရဲရှောင်ကတော့ ဘာမှ ပြန်မပြောချေ၊ စားရင်း သောက်ရင်းနဲ့သာ တိတ်တဆိတ် နားထောင် နေမိလေ၏။
စုယဲ့ယွဲ့မှာ သူမ၏ အဖေအား ကြည့်လိုက်၊ ရဲရှောင်အား ကြည့်လိုက်ဖြင့် အလုပ်ရှုပ်နေလေ၏။ သူမ၏ ရင်ထဲမှလာသော နှစ်လိုဖွယ် အပြုံးမျိုး ပြုံးကာ တို့ကနန်း ဆိတ်ကနန်း စားသောက်နေလေ၏။ ထိုသို့ စားသောက်နေရင်း တစ်ခုခုကို စဉ်းစားမိသွားဟန်ဖြင့် မျက်နှာတစ်ခုလုံး ရုတ်တရက် နီရဲ သွားပါတော့သည်။
ရဲရှောင်လည်း ခွက်ကို မြောက်လိုက်ရင်း မင်းသား ဟွာရန်းအား –
“ကျွန်တော့်အဖေနဲ့ ခင်ဗျားနဲ့ ဘယ်လို မိတ်ဆွေတွေ ဖြစ်ခဲ့ကြတာလဲ ဆိုတာကို သိချင်လိုက်တာ”
မင်းသားဟွာရန်း၏ မျက်လုံးများ ရီဝေသွားပြီး စက္ကန့်အနည်းငယ်လောက် တွေဝေသွားသည်။ ထို့နောက် နူးညံ့သော လေသံဖြင့် –
“မင်းအဖေက . . . တကယ်ကိုပဲ အတုမရှိတဲ့ ပြိုင်ဘက်ကင်း လူတစ်ယောက်ပါ . . .”
“အတုမရှိတဲ့လူ ဟုတ်လား . . .”
ရဲရှောင် အံ့သြသွားသည်။
“အတုမရှိ” ဟူသည့် စကားလုံး၏ အဓိပ္ပါယ်မှာ အားလုံးထက် သာလွန်သည်ဟူသော အဓိပ္ပါယ်ကို ဆောင်နေသည် မဟုတ်ပါလား။
ရဲရှောင်အတွက်ကမူ မော်တယ်ကမ္ဘာနှင့် ချင်းယန် နယ်ပယ်တွင် အတုမရှိသော အရာဟူ၍ အနည်းငယ်သာ ရှိကြောင်း မှတ်ယူထားတာ ဖြစ်ပါသည်။
“ငါက နိုင်ငံတော်ရဲ့ မင်းသား . . . ကြီးမြတ်လှပါရဲ့ ဆိုတဲ့ လူတွေ အများကြီး တွေ့ခဲ့ဖူးတယ်။ တော်လှချည်ရဲ့ လူတွေကိုလည်း တွေ့ခဲ့ဖူးတယ်။ ဒါပေမဲ့ နှစ်ပေါင်းများစွာ ကြာတဲ့ထိကို မင်းအဖေဟာ ဘယ်ကနေ ဘယ်လို ရောက်လာသလဲ ဆိုတာကို မသိခဲ့ဘူး . . . သူက ဘယ်နေရာကမှန်းမသိ ရုတ်တရက် ရောက်လာပြီး မျက်လှည့်လာပြသလိုပဲ . . .”
မင်းသားဟွာရန်း၏ အသံနှင့် အမူအယာမှာ အတိတ်ကို လွမ်းဆွတ်သတိရနေသည့် ပုံပါပင်။
ထိုကဲ့သို့ ပြောလိုက်ပြီးနောက် ရဲရှောင်အား တစ်ချက်လှမ်းကြည့်ကာ စိတ်ဆိုးသည့် ဟန်ဖြင့် –
“မင်းလို အရူးကတော့ မင်းအဖေ မင်းအတွက် ဘယ်လောက်ထိ လုပ်ပေးခဲ့သလဲ ဆိုတာကို မသိဘူး၊ မင်းအတွက် ဘယ်လောက်ထိတောင် စတေးခံခဲ့ရသလဲ ဆိုတာကိုလည်း မသိဘူး၊ တကယ်ကို ကျေးဇူးတရား မသိတတ်တဲ့ လူ့ငနွားပဲ . . . မင်း . . . မင်းကွာ အသုံးမကျလိုက်တာ . . .”
ရဲရှောင် ဆွံ့အသွားမိသည်။
(ငါနဲ့ ဘာဆိုင်လို့လဲဟ . . . ငါတို့အတူတူ ပျော်ပျော်ရွှင်ရွှင် သောက်စား နေကြတာလေ။ ငါ့အဖေကို ချီးကျူးနေရာကနေ မဆီမဆိုင် ငါ့ကို လာဆဲနေပါ့လား . . . ငါကတော့ သူ့ကို ငွေစ ၇ သိန်းခွဲ တောင် တန်တဲ့ လှံကို လက်ဆောင်အဖြစ် လာပေးလိုက်ရတာ . . .
အဖိုးကြီးက င့ါကို ပက်ပက်စက်စက်ကို ဆဲနေပါရောလား . . . မူးနေတာလား၊ ဆေးမှားသောက် ထားတာလား မသဲကွဲဘူး . . .)
“ရှင်ကလေ အပြောအဆို နည်းနည်းပါးပါး ဆင်ခြင်မှပေါ့ . . . ဘာလို့ ဆဲဆိုနေတာတုန်း . . .”
မင်းသမီးကြီးမှာ သူမ၏ ယောကျာ်းဖြစ်သူ ဆဲဆိုနေသည်ကို မကျေနပ်ဟန်ပင်။ မျက်မှောင်ကို ကြုတ်ရင်း ဆက်လက်၍ –
“ကလေးတွေ ရှေ့မှာ နည်းနည်းပါးပါး ဆင်ခြင်ဦး၊ ရှင်က မင်းသားတစ်ပါး မဟုတ်ဘူးလား . . .”
“ဘာကို ဆင်ခြင်ရမှာလဲ . . . ဘာမင်းသားလဲ . . . သူ့အဖေသာ မရှိရင် ငါသေတာဖြင့် ကြာလှပြီ။ သေပြီးသား လူတစ်ယောက်အတွက် ဘာကို ဂရုစိုက်နေရဦးမှာလဲ . . .”
မင်းသားဟွာရန်းလည်း စားပွဲခုံအား လက်ဝါးဖြင့် ရိုက်လိုက်ပြီး ရဲရှောင်အား လက်ညှိုးထိုးကာ –
“မင်းက အရူးကောင် . . . အခုမှ နည်းနည်းလေး ပြန်ကောင်းလာသလို ရှိတယ်။ ဒါပေမဲ့ မင်းအရင်က လုပ်ခဲ့တဲ့ အရာတွေကို စဉ်းစားမိတိုင်း မင်းကို တစစီ လုပ်ပစ်ချင်တယ်။ ပြီးရင် ခွေးစာသာ ကျွေးလိုက်ချင်တော့တယ် . . .”
မင်းသမီးကြီးနှင့် စုယဲ့ယွဲ့မှာ ခေါင်းငုံ့ကာဖြင့် မျက်နာများ နီရဲလျက် ရှက်ရွံ့နေကြလေ၏။
(ဘယ်လိုအဖိုးကြီးလဲ . . . သူ့သားမက်ကိုတောင် သူ ခွေးစာကျွေးချင်တယ် ပြောနေပါလား၊ တကယ်ပဲ ရူးသွားတာလား . . .)
ရဲရှောင်ကတော့ ကြောင်ငေးလျက် ရှိနေသည်။
(ဘယ်လိုဖြစ်တာလဲ . . . ဘာလို့ ဒီလောက်ထိ ခံစားနေရတာလဲ မသိဘူး . . . ငါဝင်ပူးထားတဲ့ ခန္ဓာကိုယ်ပိုင်ရှင်က ကောင်းတဲ့ကောင်မဟုတ်တာတော့ မှန်ပါတယ်။ ဒါပေမဲ့ သူဘယ်လိုပဲ ဆိုးခဲ့ပါစေ ဆယ်ကျော်သက် လူငယ်တစ်ယောက်ပဲဟာ . . . ဒီလောက်ထိ ပြောနေစရာ လိုလို့လား . . .)
မင်းသား၏ အပြောအဆိုကို ခံနေရသော ရဲရှောင်သည် ဘာပြောရမှန်း မသိအောင်ကို ဖြစ်နေလေ၏။
မင်းသားလည်း သက်ပြင်းတစ်ချက်ချလိုက်ပြီး စိတ်လျော့လိုက်ဟန်ပါပင်။
“လွန်ခဲ့တဲ့ နှစ်အချို့က . . .”
မင်းသားဟွာရန်းမှာ အတိတ်မှ သူ့စစ်ပွဲမြေပြင်အကြောင်းကို ပြန်လည် သတိရသွားဟန်ပါပဲ။
“အဲဒီနှစ်ကပေါ့ . . . ငါဦးဆောင်ပြီး အပြာရောင်လေနိုင်ငံတော်က စစ်သည်တွေနဲ့ တိုက်ခိုက်ခဲ့ကြတယ်။ ငါ့စစ်သည် အယောက် ၃ သောင်းကို ပိတ်ဆို့ခံထားရာကနေ ကယ်တင်နိုင်ဖို့အတွက် ငါလည်း ရန်သူတွေကို အလစ်ဝင်တိုက်ခဲ့တယ်။ အဲဒီအချိန်တုန်းက အပြာရောင် လေနိုင်ငံတော်ကလည်း ငါ့ရဲ့ စီးနင်းမှုကို ကြိုသိနေကြတယ်လေ။ သူတို့က ထောင်ချောက်တွေ ဆင်ထားကြပြီး ငါတို့အလာကို စောင့်နေခဲ့ကြတာ . . . ငါက ငါနဲ့အတူ ငါ့လူတွေကို သေတွင်းကို ဆွဲချ သလို ဖြစ်ခဲ့တာပေါ့ကွာ . . .”
“ငါတို့တော့ အဲဒီနေရာမှာ ကိုယ့်ကိုယ်ကိုယ် သေပြီလို့ တွေးနေကြတုန်းမှာပဲ မျက်နှာဖုံး တပ်ထားတဲ့ အဖြူရောင်ဝတ်ရုံဝတ် လူတစ်ယောက် ရုတ်တရက် ရောက်လာခဲ့တယ်။ ကောင်းကင်ထက် ကနေပြီး ဓားတစ်ချောင်းတည်းနဲ့ ဆင်းလာတာနော် . . . လူပေါင်းများစွာ ရှိတဲ့ တိုက်ပွဲမြေပြင်ထဲကို ဆင်းချလာပြီးတော့ ငါတို့တွေ ထွက်လို့ရအောင် ဖောက်ထွက်ပေးခဲ့တယ် . . .”
“အဲဒီလို ထူးခြား ပြောင်မြောက်လှတဲ့ ပညာရှင်ရဲ့ အကူအညီနဲ့ ငါလည်း အသက်ရှင်နိုင်ခဲ့တယ် လေ။ အရေးအကြီးဆုံး အချက်ကတော့ သူ့မျက်နှာကို ငါမမြင်တွေ့လို့ရခြင်းပဲ . . . ငါ့ရဲ့ အမှားကြီး တစ်ခုဆိုလည်း ဟုတ်တယ်။ တိုက်ပွဲနတ်ဘုရားတစ်ပါးလိုပဲ . . .”
“အဲဒီနေ့က သွေးချောင်းစီးခဲ့တဲ့ နေ့တစ်နေ့ပေါ့ . . . စစ်သည်ရဲမက် သိန်းပေါင်းများစွာဟာ တိုက်ပွဲမှာ အသေအကြေကို တိုက်ခိုက်နေကြတယ်။ စစ်သားတွေ အကုန်လုံးဟာ အရူးတွေလိုတောင် ဖြစ်ခဲ့ကြရတယ်။ အဲဒီအချိန်မှာပဲ စိတ်မရှည်တဲ့ လေသံတစ်ခုကို ငါကြားလိုက်ရတယ်လေ . . . ဟွာရန်းမင်းသား စုဒင်ဂူက ဘယ်သူလဲတဲ့ . . .”
“အသံက ခပ်ဝေးဝေးက လာတာပဲ၊ ဒါပေမဲ့ တိုက်ပွဲမှာရှိတဲ့ လူတိုင်း ကြားလိုက်ကြရတယ်။ စဉ်းစားကြည့်လေ . . . လူသိန်းချီ တိုက်ပွဲဖြစ်နေတဲ့ နေရာမှာ မိုးကြိုးပစ်လိုက်တဲ့ အသံတောင် တိုးပေါက်မှာ မဟုတ်ဘူး။ ဒါပေမဲ့ အဲဒီအသံကို ကြားလိုက်ကြရတဲ့ အချိန်မှာ စစ်သည်တွေ အားလုံး တိုက်ခိုက်တာကနေ ရပ်သွားခဲ့ကြတယ် . . .”
“ငါကတော့ ငါ့လူတွေကြားထဲမှာပေါ့၊ ငါထင်တာက ငါ့ကိုမေးတဲ့လူဟာ ရန်သူတွေထဲက အဆင့်မြင့် ထိပ်တန်း ပညာရှင်တစ်ယောက် ဖြစ်မယ်လို့ ထင်ခဲ့တာလေ။ငါ့ကို သတ်ပြီး ငါတို့အလံကို လုယူမယ်လို့ ထင်တာပေါ့ . . . ငါ့အနေနဲ့ အဲဒီလို ပညာရှင်တစ်ယောက်ကို အနိုင်မတိုက်နိုင်လောက်ဘူး ဆိုတာကိုလည်း ငါ့ကိုယ်ငါ သိနေတယ်။ ဒါပေမဲ့ ငါ့ရဲ့လူတွေရှေ့မှာလည်း ဒီတိုင်းကြီး ခေါင်းငုံ့မခံချင်တဲ့ အတွက် အသံကျယ်ကျယ်နဲ့ ပြန်အော်လိုက်တယ်။ ငါက စုဒင်ဂူပဲ. . . မင်းရဲ့ နာမည်က ဘယ်သူလဲ၊ နာမည်မရှိတဲ့ လူတွေကို ငါသတ်လေ့ မရှိဘူး ဆိုပြီး ပြန်အော်လိုက်တာလေ . . .”
ထိုကဲ့သို့ ပြောနေသည့်အချိန် မင်းသားဟွာရန်သည် အဆိုပါ မြင်ကွင်းကို ပြန်လည်ပြီး မြင်နေရသကဲ့သို့ ပြောနေခြင်း ဖြစ်ပါသည်။ သူ၏အသံသာမက ကိုယ်နေဟန်ထားပါ ပြောင်းလဲသွားသလို ပါပင်။
စုယဲ့ယွဲ့မှာလည်း သူမ၏ အဖေကို စိုးရိမ်စိတ် ၀င်မိသွားသဖြင့် အဖေလက်ကို သွားကိုင်လိုက်၏။
မင်းသားဟွာရန် သက်ပြင်းတစ်ချက်ချလိုက်ပြီး ရယ်မောလိုက်ရင်း –
“တောက် . . . နာမည် မရှိတဲ့လူကို မသတ်ဘူး တဲ့လား ဟားဟား . . . တိုက်ပွဲတစ်ခုအတွင်းမှာ နာမည်မသိဘဲနဲ့ လူတစ်ထောင်လောက်ကို ငါသတ်နေကျပဲ၊ ငါပြောလိုက်တယ် ဆိုတာကလည်း ငါ့ကိုယ်ငါ မာန်သွင်းလိုက်တဲ့ သဘောလေ။ အဲဒီလူက ငါ့အတွက် အရမ်းကြီး အစွမ်းထက်နေသလို ခံစားရတယ်။ သူ့အဆင့် ဘယ်လောက်ထိ ရှိသလဲ ဆိုတာ ငါမသိဘူး၊ စစ်သူကြီး တစ်ယောက်အနေနဲ့ တိုက်ပွဲ အတွင်းမှာ သေရမှကြို မကြောက်ရွံ့သင့်ဘူး၊ ဒါပေမဲ့ ဒီလိုမျိုး အစွမ်းထက် ရန်သူတစ်ယောက်နဲ့ ရင်ဆိုင် လိုက်မိတဲ့ အခါ ငါတော်တော်ကို လန့်နေခဲ့မိတယ်”
ရဲရှောင်မှာလည်း သူ့ယောက္ခထီးကြီးမှ ရင်တွင်းခံစားချက်များနှင့် အတွေ့အကြုံများအား စိတ်ရှည် လက်ရှည် ပြောပြနေသည့်အတွက် အံ့သြနေမိလေ၏။
“အဲဒီအချိန်မှာ တစ်ဖက်က ပြန်ပြောတယ်။ မင်းက စုဒင်ဂူလား၊ ကောင်းပြီ၊ မင်းကို ငါလက်ဆောင် တစ်ခု ပေးပါရစေ ဆိုပြီး ပြောတာလေ။ နောက်တော့ ငါလည်း တောင်ထိပ်တစ်ခုကနေ ဓားအလင်းတန်း တစ်ခုကို မြင်လိုက်ရတယ်။ အဲဒီလို ထင်ထင်ရှားရှား မြင်လိုက်ရတယ် ဆိုတာကလည်း နေ၀င်ရီတရောလို မှောင်ရီပျိုးချိန် ဖြစ်နေတဲ့အတွက် မြင်လိုက်ရတာပဲ။ ဓားအလင်းတန်းက တဖြည်းဖြည်း ရှည်ရှည်လာ၊ ကြီးကြီးလာပြီးတော့ တုတ်တုတ်လာတယ်လေ။ နောက်တော့ လူအုပ်ကြားထဲကို ကျလာခဲ့တယ် . . .”
မင်းသားဟွာရန်မှာ ညှို့ယူခြင်း ခံထားရသလို အသက်ပါစွာ ပြောဆိုနေလေ၏။
မင်းသမီးကြီးမှာ မျက်နှာနီရဲလျက် မင်းသားဟွာရန်းအား ကြည့်နေသည်။ စိတ်ထဲမှ –
(တော်တော် အရှက်မရှိတဲ့ အဖိုးကြီး . . . ဘာတွေ ပြောနေမှန်းကို မသိဘူး . . .)
ရဲရှောင်ကတော့ ခွက်ကို ကိုင်ထားရင်း စိတ်ဝင်စားသည့် အမူအယာဖြင့် –
“ကျွန်တော် သေချာနားထောင်နေပါတယ် . . . ဆက်ပြောပါဦး . . .”
သူ့စိတ်ထဲမှာလည်း အတော်ကြီးကို သိချင်နေမိ၏။
(ရှည်သထက်ရှည် . . . ကြီးသထက်ကြီး . . . တုတ်သထက် တုတ်လာတယ် တဲ့လား . . . သူပြောနေတာ ဓားအလင်းတန်းအကြောင်းရော ဟုတ်ရဲ့လား . . .)
ထို့နောက် ရဲရှောင်လည်း ချောင်းတစ်ချက်နှစ်ချက်ခန့် ဟန့်လိုက်ရင်း –
“တော်တော် အံ့သြစရာ ကောင်းတာပဲ . . .”
မင်းသားဟွာရန်းမှာလည်း ခေါင်းတညိတ်ညိတ်ဖြင့် ရှိနေပြီး သူဆိုလိုသည်မှာ တခြားသော အဓိပ္ပါယ်တစ်မျိုး သက်ရောက်သွားစေလိမ့်မည်ဟု သူ့ကိုယ်သူလည်း သိပုံ မရချေ။
ထိုတိုက်ပွဲသည် မင်းသားဟွာရန်၏ အပြောင်မြောက်ဆုံး ဂုဏ်အယူရဆုံး တိုက်ပွဲဟု ပြောလျှင်လည်း မှားမည် မဟုတ်ချေ။
“အဲဒီဓားကြီးက လူတွေအများကြီးကို မြက်ပင်တွေ ခုတ်ပိုင်းခံလိုက်ရသလို အပိုင်းပိုင်းကို ပြတ်သွား စေခဲ့တယ်”
မင်းသားဟွာရန်း သက်ပြင်းချလိုက်ပြီး ဆက်လက်၍ –
“လူတွေ ပြောလေ့ရှိကြတယ်။ စစ်သည်ရဲမက်တွေက ရန်သူတွေကို မြက်ပင်တွေလို ခုတ်ပိုင်း တတ်ကြတယ်တဲ့ . . . အဲဒီစကားကို အဲဒီအချိန်ကစပြီး ငါလည်း ယုံကြည်သွားခဲ့တာပဲ၊ တကယ်တော်တဲ့ ပြိုင်ဘက်ကင်း ပညာရှင်ကွာ . . .”
“နောက်တော့ အလင်းတန်းတစ်ခု ကျလာပြန်တယ်။ လူကျလာတဲ့ နေရာပတ်လည်က လူထောင်ပေါင်းများစွာဟာလည်း အကုန်လုံး လဲကျသွားကြတယ်။ ဒါပေမဲ့ ကျလာတဲ့ လူရဲ့ အ၀တ်အစားများကတော့ သန့်ရှင်းပြီး ဖြူဖွေးနေတာကို ငါတွေ့ခဲ့ရတယ်လေ . . .”
မင်းသားဟွာရန်း လေးလေးပင်ပင်ဖြင့် ပြောလိုက်ပါတော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset