Chapter – 75
“လေးစားဖွယ်စစ်သူကြီး”
“ဘယ်လို . . .”
မင်းသားဟွာရန်း မျက်လုံးပြူးသွားပြီး ဒေါသထွက်သည့် အမူအယာဖြင့် –
“မင်း . . . မင်း ဘာပြောတာလဲ . . .”
မင်းသားဟွာရန်း၏ စိတ်ထဲတွင် –
(ဒီခွေးကောင်လေးက စကား ဘယ်လို ပြောရမယ် ဆိုတာကို မသိဘူး၊ လူကသာ ရည်ရည်မွန်မွန်နဲ့ စကားပြောမတတ်လိုက်တာ . . .)
ခုနတုန်းက အထင်ကြီးမိသမျှ ချက်ချင်းပင် သဲထဲရေသွန် ဖြစ်သွားခဲ့သည်။
ရဲရှောင်မှ ဂရုမစိုက်ဟန်ဖြင့် ရယ်မောလိုက်ပြီး –
“ဒါနဲ့ ကျွန်တော် ဒီနေ့ ပစ္စည်းတစ်ခု တွေ့ခဲ့တယ်လေ။ အဲဒါကြောင့် ချက်ချင်းဝယ်ပြီး လာပေးတာပါ”
ပြောပြောဆိုဆိုဖြင့် ကြမ်းပြင်ပေါ်သို့ သူပါလာသည့် အထုတ်အား ပစ်ချလိုက်သည်။
“ဒါဘာလဲ . . .”
မင်းသား ဟွာရန် မျက်မှောင်ကြုတ်သွားလေ၏။
“လှံတစ်ချောင်းပါ . . .”
ရဲရှောင် အိတ်ကို ဖွင့်လိုက်ပြီး လှံတံ အပိုင်းအစများကို ထုတ်ယူလိုက်သည်။ ထို့နောက် “ချပ်” ဟူသည့် အသံ ၂ ချက် မြည်သွားပြီး လှံတံရှည်တစ်ချောင်း အဖြစ် ဆက်လိုက်လေ၏။
လှံတံအား အလွန်ကောင်းမွန်သော သံမဏိဖြင့် ပြုလုပ်ထားတာဖြစ်ပီး အရှည်အားဖြင့် ၃ ပေနီးပါး လောက် ရှိ၏။
“တိုက်ပွဲတစ်ရာလှံပါလား . . .”
မင်းသားဟွာရန်း မျက်လုံးများ အရောင်ဝင်းလတ် သွားပြီး ထိုင်ခုံမှ ချက်ချင်းပင် ထလာသည်။
မင်းသမီးကြီးမှာလည်း လှံကို မြင်သည့်အခါ အတော်ကြီးကို အံ့သြသွားမိလေ၏။
ရဲရှောင်၏ ယောက္ခမကြီးမှာလည်း ခေသူတော့ မဟုတ်ပေ။ သိုင်းပညာကျင့်စဉ်များနှင့် ရင်းနှီး ကျွမ်းဝင်သူတစ်ဦးဖြစ်ပြီး ကျင့်ကြံမှု အဆင့်မှာလည်း အဆင့်မနိမ့်လှချေ။ လှံကြီး၏ ထက်မြမှုနှင့် အသက်ဝင်မှုကို မြင်သောအခါ သာမန် လှံတစ်ချောင်း မဟုတ်မှန်း သိသွားခဲ့လေ၏။
လွန်ခဲ့သော ရက်များအတွင်း သူမသည် သူမ၏ ယောကျာ်း လာမည့် တိုက်ပွဲတွင် ကိုင်ဆောင်ရန် လက်နက်ရွေးချယ်ပေးရင်း အခက်တွေ့နေခဲ့ရသည်။ ယခုကဲ့သို့ အဖိုးတန် လှံတံ တစ်ချောင်းကို မြင်တွေ့ လိုက်ရသည့်အခါမှာတော့ သဘောအကျကြီး ကျသွားလေတော့၏။
ရဲရှောင်အား ကျေနပ်သည့် မျက်ဝန်းအစုံဖြင့် ကြည့်လျက် ရှိနေပါတော့သည်။
ရဲရှောင်ကတော့ သူ၏ လုပ်ရပ်ကို သူ့ယောက္ခမကြီး ကျေနပ်နေသည်အား မသိချေ။
မင်းသားဟွာရန်းမှာလည်း လှံအား အနီးကပ် ကြည့်ရှုနေပြီး အတော်ကြီးကို ကြိုက်နှစ်သက် နေမိလေသည်။
ယခုလှံအား အရင်က သူအကြိမ်ပေါင်းများစွာ မြင်တွေ့ဖူးခဲ့သည်။
သို့သော်လည်း ၀ယ်နိုင်ရန်အတွက်တော့ ငွေစ ၂ သိန်းခွဲလောက် လိုအပ်မည် ဖြစ်ပါသည်။ နတ်လက်များအဖွဲ့ထံမှပင် မြင်တွေ့ဖူးခြင်း ဖြစ်၏။
အဆိုပါ ပမာဏမှာ စစ်သည် ၅၀၀ အား ၃ လလောက် ထောက်ပံ့ပေးနိုင်သော ပမာဏပင် ဖြစ်၏။ မင်းသားဟွာရန်းတစ်ယောက် လှံတံကို ပိုင်ဆိုင်ရန် အကြိမ်ကြိမ် အိပ်မက် မက်ခဲ့ရတာ ဖြစ်ပါတော့သည်။
(ငါသာ ဒီလှံကြီးကို ကိုင်ရင်း တိုက်ပွဲထွက်ခွင့် ရမယ်ဆိုရင် . . .)
ထိုအတွေးမှာ သူအမြဲလိုလို တွေးနေမိသော အတွေးဖြစ်သည်။
သို့သော်လည်း ထိုလှံကို ၀ယ်ယူရန်အတွက် အလွန်နှမြောနေမိခြင်း ဖြစ်လေသည်။
ယခုအခါ အံ့သြစရာ ကောင်းစွာပင် လှံကြီးမှာ သူ့ရှေ့မှောက် တည့်တည့်သို့ ရောက်လာရပြီ မဟုတ်ပါလား။
“မင်း ဒီရတနာကို ဘယ်လို ရလာခဲ့တာလဲ . . .”
မင်းသားဟွာရန်းမှာ လှံကို ကြည့်ရင်း မေးလိုက်သည်။
“ကျွန်တော် ၀ယ်လာခဲ့တာလေ . . .”
ရဲရှောင် ပြုံးလျက်ပင် ဖြေလိုက်၏။
“ခင်ဗျား မလိုလို့လား၊ ဒါပေမဲ့ ခင်ဗျားအတွက် ပေးပါရစေ၊ တခြားနေရာတွေမှာထက် ခင်ဗျားဆီမှာ ရှိတာ ပိုကောင်းပါတယ်”
မင်းသားဟွာရန်း ရယ်မောလိုက်သည်။ သို့သော်လည်း သူ့စိတ်ထဲ ရုတ်တရက် ဆိုသလို သံသယ စိတ် ၀င်သွားပြန်လေ၏။
“မင်းဒီလောက် ငွေစတွေ အများကြီး ဘယ်က ရလာတာလဲ၊ ငါဒီလှံကို သွားဝယ်တုန်းက မ၀ယ်နိုင် ခဲ့ဘူး၊ ဘာလို့လဲ ဆိုတော့ အရမ်း ဈေးကြီးလို့လေ။ မင်းတို့ မျိုးနွယ်စုကလည်း ငါတို့ထက်တော့ ပိုပြီး မချမ်းသာ နိုင်ပါဘူး၊ ရဲနန်ရှန်က ငွေကြေးကို စီစစ်တဲ့လူ၊ မင်းဘယ်လို ၀ယ်ခဲ့လဲ၊ မင်း သွေးဂျင်စင်းတုန်း ကလိုမျိုး လုပ်ခဲ့တာ ဖြစ်ရမယ် . . .”
ရဲရှောင်လည်း ရယ်ရခက် ငိုရခက် ဖြစ်သွားလေ၏။
(သတင်းကောင်းက ဘယ်တော့မှ မြန်မြန် မပြန့်ဘူး၊ မကောင်းတဲ့ သတင်းဆိုရင်တော့ ချက်ချင်းကို ပြန့်တာပဲ၊ အဲဒီလောက်တောင် ငါက သိက္ခာ ကျနေပြီလား . . .)
“စိတ်အေးအေးထားပါ၊ ကျုပ် ဒီလှံကို တရားဝင် ၀ယ်လာတာပါဗျ၊ တခြားလူတွေထက်တောင် ပိုပြီး ဈေးပေးခဲ့ရသေးတယ် . . .”
ရဲရှောင် တည်ငြိမ်စွာပင် ပြောလိုက်သည်။
“ကျုပ်က ဘာကြောင့် တတ်နိုင်လဲ ဆိုတော့ မမျှော်လင့်ဘဲ ငွေစတွေ အများကြီး ရလိုက်လို့ပဲ၊ အဲဒီတော့ စိတ်ချလက်ချသာ ယူလိုက် . . .”
မင်းသားဟွာရန်းမှ –
“မင်းရဲ့ စကားကို ငါမယုံနိုင်ဘူး . . .”
မင်းသမီးကြီးမှ စိတ်ရှုပ်ထွေးနေဟန်ဖြင့် –
“ရှင်ဘာလို့ ဒီလောက်ထိ ခေါင်းမာနေရတာလဲ၊ ကောင်လေးက ဂရုတစိုက်နဲ့ ဒီလောက်ထိ ဈေးကြီးတဲ့ လှံကို ၀ယ်လာပေးတာ ဒီလိုပဲ ကျေးဇူး တုန့်ပြန်ရလား . . . မလုပ်သင့်ပါဘူး . . .”
ပြောနေရင်းဖြင့် ရဲရှောင်ဘက်သို့ လှည့်ကြည့်ကာ –
“ရှောင်ရှောင် . . . မင်းဒီလှံကို ဘယ်က လုလာတာလဲ . . . အဲမှားလို့ တပတ်ရိုက်ပြီး ယူလာတာလဲ၊ အာ မဟုတ်သေးဘူး၊ ငါဆိုလိုချင်တာက ဘယ်ကနေ ၀ယ်လာခဲ့တာလဲလို့ . . .”
ရဲရှောင်မှာ ဆွံ့အသွားမိပြီး ၀မ်းနည်းသွားလေ၏။
(ငါက လက်ဆောင် လာပေးတာကိုတောင် ဒီလို အထင်အသေးခံနေရတယ်။ ဒါ ငါ့ရဲ့ ၂ ဘ၀ အတွေ့အကြုံမှာ ပထမဆုံးပဲ . . .
ငါ . . . ကြီးမြတ်တဲ့ ရှောင်ဧကရာဇ်မှာတောင် ဒီလို နေ့မျိုး ရှိလာတာပဲ . . . ဒါပေမဲ့ ငါ့ရဲ့ ဒေါသတွေ ကို သူတို့အပေါ် ပုံချလို့ မဖြစ်ဘူး၊ တကယ်စိတ်ပျက်စရာပဲ . . .)
“လွန်ခဲ့တဲ့ ရက်အနည်းငယ်က ကျွန်တော် လူတစ်ယောက်ကို ကယ်တင်ခဲ့တယ်”
ရဲရှောင်လည်း မုသားသုံးလိုက်ရပါတော့သည်။
“အဲဒီလူက ထွက်ပြေးလာပြီးတော့ ကျွန်တော့်နား ရောက်လာတယ်၊ ကျွန်တော်ကလည်း ကြင်နာ သနားတတ်တဲ့ လူဆိုတော့ သူ့ကို သေချာပေါက်ကို ကူညီခဲ့တာပေါ့၊ အဲဒါနဲ့ အဲဒီလူက သူမသွားခင်မှာ ကျွန်တော့်ကို ပုလင်းလေး ၂ လုံး ပေးခဲ့တယ်လေ . . .”
“အစတုန်းကတည်း ကျွန်တော်လည်း အဲဒါတွေကို ဂရုမစိုက်အားပါဘူး၊ နောက်တော့ အဲဒီ ပုလင်းတွေထဲမှာ ထူးခြားအစွမ်းထက်တဲ့ ဆေးလုံး ၁ လုံးဆီ ပါနေတာကို တွေ့လိုက်ရတယ် . . .”
ရဲရှောင် ပြောလိုက်သည်။
“ဟုတ်လား . . .”
မင်းသမီးဟွာရန်း ရေရွတ်လိုက်သည်။ အံ့သြပျော်ရွှင်သည့်ပုံလည်း ပေါက်နေပါတော့တယ်။
“ဘာ . . . တကယ်ကြီးလား . . .”
မင်းသား ဟွာရန်းလည်း အံ့သြသွားပုံပါပင်။ မတ်တတ်ရပ်လိုက်ပြီး –
“တကယ်ပဲ ထူးခြား အစွမ်းထက်တဲ့ ဆေးလုံးတွေလား . . .”
ချန်နိုင်ငံတော်၏ နံပါတ် ၁ စစ်သူကြီးဖြစ်သည့် မင်းသားဟွာရန်းမှာ မြို့တော်တစ်ခုလုံးအား လွန်ခဲ့သော ရက်အနည်းငယ်က လှုပ်လှုပ်ရှားရှား ဖြစ်စေခဲ့သည့် ဆေးလုံးများအကြောင်း ကောင်းကောင်း သိနေပါသည်။ သူ့ရှေ့မှ ကောင်လေးမှာ တကယ်ကိုပဲ ဆေးလုံးများ၏ ပိုင်ရှင်အား ကယ်တင်ခဲ့လိမ့်မည်ဟု မထင်မှတ်ထားခဲ့မိချေ။
(ဖန်ဇီလင် ဆိုတဲ့လူက လေလံခန်းမက ထွက်သွားကတည်းက ပျောက်သွားခဲ့တာပဲ၊ သူ့ကို လိုက်ဖမ်းကြတဲ့ အချိန်မှာ ဒီကောင်လေးက ကယ်လိုက်တာများလား . . .
ဒီကောင်လေးမှာ အခုလို ကြင်နာသနားတတ်တဲ့ အသည်းနှလုံး တကယ်ရော ရှိလို့လား၊ ကြည့်ရတာ ဆေးလုံးတွေ ပိုင်ရှင်ကို မတော်တဆသဘောမျိုး ကယ်မိသွားတော့ ဟိုကလည်း သူ့ကို ပြန်ပေးသွားတာ ဖြစ်နိုင်တယ် . . .)
“အဲဒါဆို အဲဒီဆေးလုံးတွေကရော အခု ဘယ်မှာလဲ . . .”
မင်းသား ဟွာရန်း မေးလိုက်သည်။
ရဲရှောင်လည်း ပုလင်းတစ်လုံးအား ထုတ်ပြလိုက်ပြီး ပြုံးကာဖြင့် –
“ဒီမှာ၊ ခင်ဗျားလည်း မကြာခင်မှာ တိုက်ပွဲကို သွားရတော့မယ်ဆိုတော့ ခင်ဗျားကို ဆေးတစ်လုံး လက်ဆောင် ပေးပါရစေ . . .”
မင်းသမီးကြီးမှာ မင်းသား၏ အဖြေကိုပင် မစောင့်တော့ဘဲ ချက်ချင်းပင် ပုလင်းအား ယူလိုက်၏။
သူမ၏ လှုပ်ရှားမှုမှာ မြန်ဆန်လွန်းသဖြင့် မင်းသားဟွာရန်း တားလိုက်ချိန်ပင် မရချေ။
ယခုကိစ္စသည် နောက်စရာ ကိစ္စ မဟုတ်ပေ။ ထိုကဲ့သို့ ဆေးလုံးအား ယူဆောင်သွားနိုင်မည် ဆိုပါက မင်းသားအတွက် အသက်ကယ်ဆေးကို ယူသွားခြင်းပင် မဟုတ်ပါလား။
အတော်ကို တန်ဖိုးကြီးသည့် ဆေးလုံးများပါပင်။
“ရှောင် . . . မင်းကတော့ သိပ်ပြီး . . .”
မင်းသမီးကြီး ပြုံးရွှင်ကာဖြင့် ပြောလိုက်သည်။
“ငါတို့ရဲ့ သမီးလေးကို မင်းနဲ့ လက်ဆက်ပေးဖို့ တကယ်ပဲ ထိုက်တန်ပါပေတယ် . . .”
မိန်းမများသည် အလွန် အပြောင်းအလဲ မြန်လှပေသည်။ မင်းသားဟွာရန်းသည်လည်း ရဲရှောင်အပေါ် စိတ်ပြောင်းလာပြီဖြစ်ပြီး မင်းသမီးကြီးကတော့ သဘောအကျကြီး ကျနေပြီ ဖြစ်၏။ ရဲရှောင်အား ရှောင်ရှောင်ဟုပင် မခေါ်တော့ဘဲ ရှောင် ဟုသာ ခေါ်သည်ကို တွေ့နိုင်ပေသည်။ ရဲရှောင်အား တကယ့် သားမက်အရင်းအခြား တစ်ဦးလို ဆက်ဆံနေခြင်းဖြစ်ပြီး သားမက်တစ်ဦးမှ လက်ဆောင်ပေးခြင်း ကိုလည်း အလွန် သဘောခွေ့နေပုံ ရပါသည်။
မင်းသား ဟွာရန်းကတော့ ဆွံ့အနေလေ၏။
(အာ . . . ဒီမိန်းမကတော့ . . . လွန်ခဲ့တဲ့ ရက်အနည်းငယ်က မင်းပဲ ငါတို့သမီးကို ဒီလိုလူမျိုး လက်ထဲ ထည့်ရမလားဆိုပြီး ငါ့ရှေ့မှာ လာငိုနေတာ၊ အခုကျတော့လည်း ကြည့်စမ်းပါဦး၊ ဆေးတစ်လုံး အတွက်နဲ့ ကိုယ့်သမီးကိုယ် ရောင်းစားနေတယ် . . .)
“နည်းနည်းပါးပါး အိနြေ္ဒလေးဘာလေး ဆည်ဦး . . .”
မင်းသား ဟွာရန်မှ သက်ပြင်းချလိုက်ပြီးနောက် –
“နောက်ထပ် တစ်လုံးကရော . . .”
သူစဉ်းစားနေမိသည်မှာ –
(တိုက်ပွဲက ထောင်ချောက်တွေ အပြည့်ပဲ၊ ငါ့ရဲ့ သွေးသောက် ညီနောင် တစ်ယောက်ယောက်များ သေလုမျောပါး ဒဏ်ရာ ရခဲ့သည် ရှိသော် နောက်ထပ် ဆေးတစ်လုံးက အသက်တစ်ချောင်းကို ကယ်တင် နိုင်မယ်၊ မေးရတာ အောက်ပေမဲ့ ဒါတွေကို ဂရုစိုက်နေလို့ မဖြစ်ဘူး . . .
ငါက ငါ့သမီးတစ်ယောက်လုံး ပေးရမှာ၊ ဒီဆေး ၂ လုံးလောက်နဲ့ ဘာမှ မဖြစ်ပါဘူး . . .)
ထိုအချက်ကို စဉ်းစားလိုက်မိပြီးနောက် ချက်ချင်းပင် နောက်ထပ်ထပ်၍ မေးလိုက်မိပြန်၏။
“မင်းမှာ ဘယ်နလုံး ရှိလဲ၊ အကုန်ထုတ်ပြီး ငါ့ကို ပေးစမ်းပါ”
(ငါ့သားမက်ကိုငါ မေးခွန်းလောက်ကတော့ မေးပိုင်ခွင့် ရှိပါတယ်လေ . . .)
မင်းသမီးကြီးကတော့ မင်းသားအား မျက်စောင်းထိုးကြည့်လိုက်သည်။
(အဖိုးကြီးက ငါ့ကို လာပြောနေတယ်။ သူကမှ အိနြေ္ဒတောင် မဆည်နိုင်ဘူး၊ ငါက တစ်ဖက်က ပေးတာကို လက်ခံရုံ အဆင့်ပဲ ရှိသေးတာ၊ သူကတော့ ထုတ်ဖော်ပြီးတော့ပါ မေးနေပြီ၊ တကယ်ကွာတာပဲ၊ ရှင့်ကိုတော့ အတော် အထင်သေးမိသွားပြီ . . .)
“ကျွန်တော့်မှာ မရှိတော့ဘူး . . .”
ရဲရှောင်လည်း လက်ခါပြလိုက်သည်။
“ကျွန်တော် တစ်လုံးကို ရောင်းလိုက်ပြီးတော့ ခင်ဗျားအတွက် လှံဝယ်လာပေးတာလေ။ ကျွန်တော့် အနေနဲ့ ငွေစတွေ အများကြီး ဘယ်က ရစရာ ရှိမှာလဲ . . .”
“မင်း . . .”
မင်းသားဟွာရန်း ဒေါသထွက်သွားမိသည်။
“ငတုံးကောင် . . . မင်း . . . မင်းကွာ၊ အဲဒီ ဆေးလုံးက လူတစ်ယောက်ရဲ့ အသက်ကို ကယ်တင် နိုင်တယ်ကွ။ မင်းက ဒီလှံနဲ့များ ဆေးလုံးကို လဲရတယ်လို့ကွာ . . .”
မင်းသားဟွာရန်းမှာ အတော်ကြီး စိတ်ဓာတ်ကျသွား ဟန်ပါပဲ။ မင်းသမီးကြီးမှ –
“ရှင်ကလေ ဘာတွေ ပြောနေပြန်တာလဲ၊ ဒီကောင်လေးက ရှင့်အတွက် တစ်လုံး ပေးပြီးပြီလေ။ သူ့အတွက်သူတောင် မချန်ထားတာ ရှင်မတွေ့ဘူးလား၊ အဖိုးကြီး . . . ရှင်ကတော့ ကျေးဇူးတရားကို နားမလည်တဲ့ လူပဲ၊ ဒီလှံကိုများ မကောင်းပြောချင်သေးတယ်၊ ရှင်ပဲဒါကို လိုချင်နေတာ ကြာပြီမလား၊ ကျွန်မသိတာပေါ့ . . .”
မင်းသွားဟွာရန်းမှ –
“မင်းဘာသိလို့လဲကွ၊ ဆေးလုံးတစ်လုံးက လူတစ်ယောက် အသက်ကို ကယ်နိုင်တယ် . . .”
သူ့စိတ်ထဲ မကျေမနပ် ဖြစ်နေတုန်းပင်။
နဂိုအနေအထားတိုင်း ဆိုပါက ဆေးလုံးကို သိပ်ပြီး စိတ်ဝင်စားမိမည် မဟုတ်သော်လည်း စစ်ပွဲ နီးလာသည့်အခါ ဆေးလုံးကို လွန်စွာ တန်ဖိုးထားမိလေ၏။
ရဲရှောင်တွင် ဆေးလုံးများစွာ ရှိနေသေးတာဖြစ်ပြီး ယခုအခြေအနေမျိုးဖြင့် ထုတ်မပြရဲချေ။ သူ အသက်သေမည် ဆိုလျှင်တောင်မှ ထုတ်ပြမည် မဟုတ်ပေ။
မင်းသားဟွာရန်း၏ အမြင်တွင် သူ့ဆီမှာ ဆေးတစ်လုံး ရှိနေခြင်းသည် သာမန်လိုသာ မြင်မည် ဖြစ်ပြီး ဆေးလုံးများစွာ ရှိမည်ကို သိပါက သံသယမျက်လုံးနှင့်သာမက လောဘမျက်လုံးများဖြင့်ပါ ကြည့်မည်မှာ သေချာပါသည်။
သူကတော့ လက်ဆောင်လာပေးရပြီး ဆူပူကြိမ်းမောင်းမှုသာ ခံနေရသည့်အတွက် စိတ်ထဲ မကျေမနပ် ဖြစ်နေမိလေ၏။
ရဲရှောင်မှ –
“ခင်ဗျားက ကျွန်တော့်ရဲ့ အတွေးကို မသိဘူးပဲ၊ ဒီလှံတံနဲ့ဆို ခင်ဗျား တိုက်ပွဲမှာ ပြိုင်ဘက်ကင်း ဖြစ်လာနိုင်မယ်၊ ရန်သူတွေ အများကြီးကို သတ်နိုင်မယ်၊ အလံတွေကို သိမ်းနိုင်မယ်၊ ဆေးတစ်လုံးက အသက်တစ်ချောင်းကိုပဲ ကယ်နိုင်မှာ၊ ခင်ဗျားကတော့ ပြည်သူတွေရဲ့ အသက်များစွာကို ကယ်နိုင်မှာလေ”
မင်းသမီးကြီးမှ မျက်လုံးများ အရောင် ၀င်းလတ်သွားပြီး –
“မှန်တာပေါ့ . . . တကယ့်ကို ကျိုးကြောင်းဆီလျော်တဲ့ အတွေးပဲ၊ ရှင်အသက်ရှင်နေသ၍ လူအများကြီးရဲ့ အသက်ကို ကယ်နိုင်မှာပဲဟာကို . . .”
သူမသည် လိမ္မာပါးနပ်သော မိန်းမတစ်ဦးဖြစ်သဖြင့် ရဲရှောင်၏ ဆိုလိုရင်းကို ကောင်းစွာ သဘောပေါက်လေ၏။
မင်းသားလည်း သက်ပြင်းချလိုက်ပြီး အတော်ကြာကြာ မျက်မှောင်ကြုတ်၍ နေသည်။
ထို့နောက်တွင်မှ နူးညံ့သော လေသံဖြင့် –
“သူတို့အားလုံးက ငါ့ရဲ့ ညီနောင်တွေကွ၊ ငါတကယ် မကယ်တင်နိုင်တဲ့ အခြေအနေမှာ မကယ်တင် နိုင်မှာကို လက်ခံလို့ရတယ်၊ ဒါပေမဲ့ ငါလုပ်နိုင်တဲ့ အချိန်မှာတော့ ကယ်တင်ပေးချင်တာပေါ့၊ သူတို့ကို မကယ်ဘဲ ဆေးလုံးကို ငါ့အတွက်ငါ သုံးမယ်ဆိုရင် ငါ့မျက်နှာ ဘယ်နား သွားထားရတော့မလဲ . . .”
မင်းသမီးကြီးနှင့် ရဲရှောင်လည်း အသံတိတ်သွားကြလေ၏။
စစ်သည်များအား ရင်ဝယ်သားကဲ့သို့ သဘောထားပြီး အုပ်ချုပ်ကာ အတူတကွ တိုက်ပွဲဝင်နေသူ ဖြစ်သဖြင့် မင်းသား၏ စကားကိုလည်း မှားသည်ဟု ဆို၍ မရနိုင်ပေ။
သူ၏ စစ်သည်များအား သူ၏ သွေးသားရင်းခြာများ ကဲ့သို့ပင် သဘောထားတာဖြစ်ပြီး တိုက်ပွဲတွင်သာ သူနှင့် သူ့စစ်သည် တစ်ဦးဦး ထိခိုက် ဒဏ်ရာ ရမည် ဆိုပါက ဆေးလုံးအား သူ့အတွက် သုံးမည် မဟုတ်ဘဲ သူ့စစ်သည် အတွက်သာ အသုံးပြုမည် ဆိုတာကို ရဲရှောင်ရော မင်းသမီးကြီးပါ သိနေကြလေ၏။
ဆေးလုံး အလုံး ၁၀၀ ရှိနေလျှင်တောင်မှ သူ့အတွက်သူ တစ်လုံး သုံးမည် မဟုတ်ပေ။
ရဲရှောင် စိတ်ထဲ နှလုံးသားထဲမှ မင်းသားဟွာရန်းအား လေးစားမိသွားလေတော့၏။
လက်ရုံးရည် နှလုံးရည်ဖြင့် ပြည့်စုံသည့် ထူးခြား ပြောင်မြောက်သော စစ်သူကြီး တစ်ဦးပင် ဖြစ်ပါသည်။
. . . . . .
မင်းသားဟွာရန်းလည်း ရဲရှောင်အား စကားအေးဆေး ပြောပြီးနောက် ညစာစားသွားရန် ဖိတ်ခေါ် လိုက်ပြီး သမီးဖြစ်သူ စုယဲ့ယွဲ့ကိုပါ ခေါ်လိုက်လေသည်။ သုံးယောက်သား တဝိုင်းထဲတွင် အတူတူ ထိုင်ကာ စားသောက်ကြလေ၏။ လူကြီးစုံတွဲတစ်တွဲ၊ လူငယ်စုံတွဲတစ်တွဲ လိုက်ဖက်ညီစွာ ရှိနေကြပြီး တကယ့်မိသားစု အရင်းအခြာများကဲ့သို့ ပျော်ရွှင် ရယ်မောကာဖြင့် စားသောက်နေကြခြင်းပင် ဖြစ်ပါတော့ သည် . . .။