Switch Mode

Chapter – 29

တောနက်မှ ပြန်လာခြင်း

Chapter – 29 တောနက်မှ ပြန်လာခြင်း

ချူဖုန်းသည် အော်ဟစ်ကာ သားရိုင်းကောင်ကြီးထံသို့ တရှိန်ထိုး ပြေးသွားလိုက်သည်။

သူ နှလုံးခုန် မြန်နေသောကြောင့် အယ်ဒနီနယ်လင်းဟော်မုန်းများ ပိုမိုများပြားလာကာ သူ့သွေးစီးဆင်းမှုလည်း ပို၍ လျင်မြန်လာသည်။

ခေတ်မှီလူအဖွဲ့အစည်းမှ နိုင်ငံသားတစ်ယောက်အနေဖြင့် သူ ဘယ်တုန်းကမှ ဤကဲ့သို့သော အခြေအနေမျိုးကို ရင်မဆိုင်ဖူး။ ကြီးမားလှသည့် သားရဲကြီးနှင့် မျက်နှာချင်းဆိုင်တွေ့ဖူးသည်မှာ ပထမဆုံးအကြိမ်ပင်။ ဤစိတ်လှုပ်ရှားရသည့်အခိုက်အတန့်နှင့် လိုက်လျောညီထွေဖြစ်ရန်အတွက် သူ့ခန္ဓာကိုယ်တွင်းရှိ ဇီဝဖြစ်စဉ်များလည်း သူ့အလိုလို ထိန်းညှိသွားသည်ပင်။

“ဝေါင်း…”

ခြောက်မီတာရှည်သည့် သားရိုင်းကောင်ကြီးသည် တံစဉ်းကဲ့သို့ ချွန်ထက်နေသည့် သူ၏လက်သည်းများကို ဆန့်ထုတ်ကာ ဝေ့ရမ်းလိုက်သည်။ သူသည် ကျူးကျော်လာသူ၏ မျက်နှာကို အဓိကထား တိုက်ခိုက်နေခြင်းပင်။

ချူဖုန်း ခုန်ရှောင်လိုက်သည်။ ရန်သူ၏အင်အားကို မသိရသေးပဲ သူ ထိပ်တိုက် ရင်မဆိုင်ချင်။ သာမန်လူသားထက် ကျော်လွန်နေသည့်အမြန်နှုန်းမှာ ယခုတော့ အသုံးဝင်လာလေပြီ။ သားရဲကောင်၏လက်သည်း သူ့ပုခုံးကို ပွတ်မိသွားသော်လည်း သူ အန္တရာယ်ကင်းကင်းရှောင်ထွက်လိုက်နိုင်သည်။

ခွပ်..

ထိုလက်သည်းကြီးသည် မာကျောလှသည့် ကျောက်တုံးကြီးပေါ်သို့ ကျရောက်သွားသည်နှင့် ကျောက်တုံးမျက်နှာပြင်၌ နက်ရှိုင်းလှသည့် ခြစ်ရာများ ထင်ကျန်ခဲ့သည်။

ထိုလက်သည်းများမှာ သာမန်လူပေါ်သို့ ရောက်သွားပါက ထိုနေရာတွင်ပင် အသက်ထွက်သွားလောက်ပြီဖြစ်သည်။

ဝုန်း..

သားရဲကြီးသည် သံကြိုးကဲ့သို့ ခိုင်ခံ့မာကျောလှသည့် သူ့အမြှီးကို လွှဲရမ်းလိုက်သည်။

သေစေလောက်သည့် ရိုက်ချက်ကို ချုဖုန်း ရှောင်လိုက်နိုင်သည်။ အမြှီးတစ်ချောင်းမှာ သစ်ပင်တစ်ပင်ပေါ်သို့ ကျသွားလေ၏။ ထိုသစ်ပင်သည် ချက်ချင်းပင် နှစ်ပိုင်းပြတ်သွားပြီး ဝုန်းကနဲ လဲကျသွားလေ၏။

ချုဖုန်း ဆွံ့အသွားရသည်။ ခေတ်မီလူအဖွဲ့အစည်းတွင် နေထိုင်သူတစ်ဦးအနေဖြင့် ယခုကဲ့သို့ အင်အားကြီးသော သားရဲမျိုးကို သူတစ်ခါမှ မမြင်ဖူး။

ဤကျားကို အမြှီးသုံးချောင်းကျားဟုခေါ်ပြီး ဤသည်မှာ ဧရာမကျားကြီး၏ မျိုးကွဲပင်ဖြစ်သည်။ သူ့နာမည်အတိုင်း ဤကျား၌ အမြှီးသုံးချောင်းပါပြီး ခန္ဓာကိုယ်မှာ ခုနှစ်မီတာကျော်ရှည်သည်။

“ဝေါင်း..”

ကျားဟိန်းသံမှာ တောအုပ်တစ်ခုလုံးကို တုန်ခါသွားစေခဲ့သည်။

သားရဲကြီး ချူဖုန်းထံသို့ နောက်တစ်ကြိမ် ခုန်အုပ်လာသည်။ သူ၏သွေးလွှမ်းနေသည့် ပါးစပ်မှာ အရွယ်ရောက်လူကြီးတစ်ဦးကိုပင် အသာလေး ဝါးမြိုပစ်နိုင်သည်။ သူ့အစွယ်များမှာ ၂ ပေကျော်ပင်ရှိသည်။

ချူဖုန်း ထိုတိုက်ခိုက်မှုကို ထပ်မံရှောင်တိမ်းလိုက်သည်။ သူ၏အရှိန် သာမန်လူထက် ၁၂ ဆကျော် မြန်နေသောကြောင့်သာမဟုတ်ပါက သူ ဤသားကောင်ကြီး၏ ဝါးမြိုခြင်းကို ခံနေရလောက်လေပြီ။

“မူး..”

အဝေး၌ ရှိနေသည့် နွားဝါသည် ချူဖုန်းကို မကြောက်ပဲ စတင်တိုက်ခိုက်ရန် တိုက်တွန်းလိုက်သည်။

“လာခဲ့စမ်းပါ .. သွေးသံတရဲရဲနဲ့ကောင် .. ငါ မင်းကို မကြောက်ဘူး .. လာခဲ့..” ချူဖုန်း အော်ဟစ်လိုက်သည်။ သူ စွန့်စားတော့မည်။ သူလည်း သားရဲကြီးကဲ့သို့ တောအုပ်တစ်ခုလုံး တုန်ခါသွားအောင် ဟစ်ကြွေးလိုက်သည်။

အစောပိုင်းက ဤသားရဲကို ခုခံသည့်အချိန်က ဤသားရဲ၏ ခွန်အားနှင့် စွမ်းအားကို သူ အကြမ်းဖျင်း ခန့်မှန်းလိုက်နိုင်ပြီဖြစ်သည်။ ဤအကောင်ကြီးသည် ခန္ဓာကိုယ်ကြီးမားကာ ကြောက်စရာကောင်းနေသော်လည်း သူ့လောက် အားမကြီး။

“အဲဒီတော့ ငါက ဘာကိုကြောက်နေရမှာလဲ .. လာခဲ့..”

သူ နွားနတ်ဆိုးလက်ဝှေ့၏ ပထမပုံစံ နေလိုက်သည်။ သူ့လက်သီးတွင် ထူးဆန်သည့် စွမ်းအားလွှာတစ်လွှာ ရစ်သိုင်းလာသည်။ သူ အော်ဟစ်လိုက်ပြီးနောက် သားရဲကြီးထံသို့ ပြေးဝင်သွားလိုက်သည်။

သူ့နောက်ဘက်တွင် တိဗက်နွားရိုင်းနက်တစ်ကောင် ထွက်ပေါ်လာသည်။ နွား၏တစ်ကိုယ်လုံး မည်းနက်နေကာ မျက်လုံးများ၌ ဒေါသမီး တောက်လောင်နေသည်။ သူ၏ကြီးမားလှသည့် ဦးချိုတစ်စုံက ကောင်းကင်ထက်သို့ ထိုးထောင်နေသည်။ နွားကြီးမှာ ရှေးခေတ်မှ လာသကဲ့သို့ ရှေးဟောင်းအသွင်ရှိနေသည်။

“မူး..”

တောအုပ်ထဲ၌ နွားအော်သံ မြည်ဟီးသွားကာ သစ်ရွက်များပင် လေနှင့် လွင့်ထွက်သွားသည်။

တောရိုင်းကောင် ထိတ်လန့်သွားကာ သူ့ကျောထက်ရှိ အဖြူရောင်အမွေးများ ထောင်ထသွားသည်။ သားရိုင်းကောင်သည် ကျောကိုကုန်းလိုက်ကာ တိုက်ခိုက်ရန် အသင့်ပြင်ထားသည်။ သူသည် မည်သည့်စိန်ခေါ်မှုမျိုးကိုမဆို တုံ့ပြန်ရန် အဆင်သင့်ဖြစ်နေလေပြီ။

ဖုန်း..

ချူဖုန်း၏ ကြောက်စရာကောင်းသည့်လက်သီးချက်မှာ သူ့ပစ်မှတ်ပေါ်သို့ ကျရောက်သွားလေပြီ။ ထိုးနှက်ချက်ကြောင့် ဖြစ်လာသည့် အနီရောင်အရာမှာ သားရဲကြီးခန္ဓာကိုယ်ထက်၌ တစ်ဖြည်းဖြည်း ကြီးမားလာသည်။ သူ့နောက်၌ ရှိနေသည့် နွားရိုင်းနက်ကြီးလည်း စတင်လှုပ်ရှားလာသည်။ သူသည် အနက်ရောင်လျှပ်စီးတန်းကဲ့သို့ လျင်မြန်စွာ လှုပ်ရှားလာလေသည်။

သားရဲကြီးသည် သွေးဆာနေသည့် ပါးစပ်ကိုဟကာ လက်သည်းများကို ရိုက်ခတ်နေလေသည်။ စိတ်တိုသွားသော သားရဲကြီးသည် သူ့ပြိုင်ဘက်၏အသွေးအသားကို စုတ်ယူပစ်ရန် အားကုန်ကြိုးစားတော့မည်ပင်။

မြေပြင်မှာ တိုက်ခိုက်သံများဖြင့် ဆူညံနေသည်။ သားရဲနှင့် လူတစ်ယောက် အရွယ်အစား ကွာခြားလှသော်လည်း သူတို့ကြားမှ ခွန်အားကွာခြားချက်မှာ မရှိသလောက် နည်းပါးလှသည်။

“ဝေါင်း..”

သားရဲကြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။ အရွယ်အစားသေးငယ်လှသည့် ပြိုင်ဘက်ကြောင့် ဒဏ်ရာရသွားလိမ့်မည်ဟု သူ မထင်ထားခဲ့။ သူ အံ့ဩတုန်လှုပ်သွားကာ မြန်မြန်နောက်ဆုတ်သွားလေ၏။ သို့သော် ဒဏ်ရာရသွားသောကြောင့် ခြေထောက်ကြောင့် သူ လဲကျသွားသည်။

ချူဖုန်းသည် အသာစီးရသွားပြီဖြစ်သော်လည်း နွားရိုင်းနက်ကြီးကို မတားဆီး။ ထိုနွားရိုင်းကြီးသည် သားရဲကြီးကို အားဖြင့် တွန်းထုတ်လိုက်ကာ ဤသားရဲကြီး ထပ်လဲကျသွားအောင် လုပ်လိုက်သည်။

နွားရိုင်းနက်ကြီး၏ပုံရိပ်ယောင် ပျောက်ကွယ်သွားသည်နှင့် ချူဖုန်း သားရဲကြီး၏လက်နှစ်ဘက်လုံးကို ထိုးချလိုက်သည်။ ပြင်းထန်လှသည့်အားကြောင့် သားရဲကြီး၏လက်များ ပွင့်ထွက်သွားကာ သွေးများ လွင့်စင်လာလေသည်။ ထို့နောက် သူသည် သားရဲကြီး၏ အစွယ်များကို ချိုးပစ်ကာ ကျောရိုးကိုလည်း အက်အောင် လုပ်လိုက်သည်။

ချူဖုန်းသည် နွားနတ်ဆိုးလက်ဝှေ့၏ပထမပုံစံအတိုင်း လုပ်နေခြင်းပင်။ သူသည် ဤပထမပုံစံ၏ နတ်ဘုရားဝိညာဉ်ကို ဆင့်ခေါ်ခဲ့သည်။ ထိုနွားနက်ကြီးသည် ချူဖုန်း၏ခန္ဓာကိုယ်ကို အားအင်များ ဖြည့်တင်းပေးနေသည်ပင်။ သူတို့နှစ်ဦး၏ ခွန်အားပေါင်းလိုက်သည့်အချိန်တွင် သူတို့သည် ဤသားရဲကြီးထက် အဆပေါင်းများစွာ အားသာသွားပြီဖြစ်သည်။

တောအုပ်မှာ သွေးသံတရဲရဲဖြစ်သွားသည်။ အရိုးအပိုင်းအစများ၊ သွားများနှင့်အတူ သွေးများ ရောနှောနေသည်။ ကျား၏သွားမှာ ဓားမြောင်နှင့်ပင် တူနေသည်။

သားရဲကြီး၏ ပါးစပ်မှ သွေးများ စီးကျနေသည်။ သူ အလျင်အမြန်ထလိုက်သော်လည်း သူ့မျက်နှာမှာ ကြောက်ရွံ့မှုအပြည့်ပင်။ သူ၏ မောက်မာမှုများ ပျောက်ကွယ်သွားလေပြီ။

သားရဲကြီးသည် ချူဖုန်းကို ရက်စက်သည့်အကြည့်ဖြင့် စိုက်ကြည့်နေသည်။ သူ၏ဒဏ်ရာရနေသည့်လက်များကို မြေကြီးထဲ၌ မြှုပ်လိုက်သည်။ ဤသည်မှာ သူ ကြောက်ရွံ့နေခြင်းမဟုတ်။ သူ့ခန္ဓာကိုယ်နှင့် ခြေလက်အင်အားများကို စုစည်းပြီး နောက်ဆုံးတစ်ကြိမ်တိုက်ခိုက်ရန် ပြင်ဆင်နေခြင်းပင်။

ဤသားရဲကြီးသည် ကျားဖြူမျိုးစိတ်ဖြစ်သည့်အတွက် ရက်စက်ကြမ်းတမ်းသည်ပင်။ သာမန်အခြေအနေတွင် သူတို့ပြိုင်ဘက်များကို ဘယ်တော့မှ ဦးညွှတ်မည်မဟုတ်။ သူတို့သည် အမြဲတမ်းသွေးဆာနေကာ နှစ်ယောက်ထဲမှ တစ်ယောက် မသေမချင်း တိုက်ခိုက်ကြမည်ပင်။

“လာခဲ့ .. ငါနဲ့ လက်ဝှေ့လာလေ့ကျင့်…”

ချူဖုန်းမှာ အကြောက်တရားကင်းနေသည်။ သူကအရင်ပြေးသွားကာ တိုက်ခိုက်လိုက်သည်။ သူ့လက်သီးကို သူ အလွတ်ရနေသည့်ပုံစံအတိုင်း ဝေ့ရမ်းလိုက်သည်။

ဖုန်း ဖုန်း ဖုန်း…

တောအုပ်မှာ ထိုးနှက်သံ၊ အော်ဟစ်သံများဖြင့် ဆူညံသွားသည်။ ချူဖုန်း လက်သီးများကို အဆက်မပြတ်ထိုးနေသည်မှာ ရှစ်ခုမြောက်ပုံစံထိပင် ရောက်သွားပြီဖြစ်သည်။

တိုက်ခိုက်နေစဉ်အတွင်း သူ ပို၍ကျွမ်းကျင်လာပြီး ပို၍ပေါ့ပါးလာသည်ကို ချူဖုန်း ခံစားလိုက်ရသည်။

ဤအတိုင်းသာ ဆက်ထိုးနေလျှင် သားရဲကြီး သေသွားလိမ့်မည်။ သို့သော် သူ စနစ်ကျသော လက်ဝှေ့ထိုးနည်းပုံစံကို လေ့ကျင့်နိုင်ရန်အတွက် ဤသားရဲကြီးကို အားနည်းနည်းချန်ထားပေးပြီး အချိန်ဆြွထားရန် ဆုံးဖြတ်လိုက်သည်။

ဖုန်း..

သားရဲကြီး၏ အမြှီးကြီး ထပ်မံလှုပ်ရမ်းလာသည်။ သို့သော် ထိုအမြှီးများသည် ချူဖုန်း၏လက်သီးများနှင့် မိတ်ဆက်ခံလိုက်ရပြီး အမြှီးကျိုးသွားမလိုပင် ဖြစ်သွားကာ သွေးများပန်းထွက်လာသည်။

ချူဖုန်း မျက်မှောင်ကြုတ်လိုက်ကာ ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်သည်။

သူ၏အင်အားနှင့်ဆိုလျှင် သူ ဤသားရဲကြီးကို သတ်နိုင်သည်။ သို့သော် သူ သွေးသံတရဲရဲမြင်ကွင်းများနှင့် အသားမကျသေး။ ခေတ်သစ်လူအဖွဲ့အစည်း၏ နိုင်ငံသားတစ်ဦးအနေဖြင့် သတ်ဖြတ်ခြင်းကို သူ မနှစ်မြှို့။

သို့သော် ဤသားရဲကြီးမှာ တောရိုင်းကောင်ပင်။ ချူဖုန်း နောက်ဆုတ်ကာ သူ့အသက်ကို ချမ်းသာပေးလိုက်သော်လည်း သူ့ထံ၌ သူ့အစီအစဉ်နှင့်သူ ရှိနေသည်။ သူသည် အော်ဟစ်ကာ ထပ်မံတိုက်ခိုက်လာသည်။ သူ၏သွေးဆာနေသည့် ပါးစပ်ကို ဖွင့်ဟကာ လက်သည်းများဖြင့် ချူဖုန်းကို ထပ်မံခုန်အုပ်လာသည်။

ချူဖုန်း တွေဝေနေသောကြောင့် သားရဲကြီး၏ တိုက်ခိုက်မှုကို အချိန်မှီ မတုံ့ပြန်နိုင်ခဲ့။ သားရဲကြီး၏လက်သည်းမှာ သူ့မျက်နှာကို ထိမိလုနီးပါးပင်။ သူ ကပ်သီးလေးသာ ရှောင်လိုက်နိုင်သည်။

ချူဖုန်း အေးစက်လာသည်။ သူ ဒေါသတကြီး အော်ဟစ်လိုက်ပြီးနောက် သူ၏ရက်စက်မှုများကို ပြသလိုက်သည်။ သူ ခုန်တက်လိုက်ကာ ဒဏ်ရာရနေသည့် သားရဲခန္ဓာကိုယ်ကို ထိုးနှက်လိုက်သည်။

ဖုန်း ဖုန်း ဖုန်း..

လက်သီးချက်သုံးချက်ဖြင့် တိုက်ပွဲအဆုံးသတ်သွားလေပြီ။ လက်သီးများမှာ လက်သည်း၊ ဦးခေါင်းနှင့် ရင်ဘတ်တို့၌ ကျရောက်သွားသည်ပင်။ သူ လက်သည်းများကို ချိုးပစ်ကာ ဦးခေါင်းခွံကိုခွဲပြီး ရင်ဘတ်ကို ထိုးဖောက်ပစ်လိုက်သည်။ သားရဲကြီးမှာ နောက်ဆုံးတော့ သေဆုံးသွားလေပြီ.

ခြောက်မီတာရှည်သည့် သားရဲကြီးမှာ အေးချမ်းစွာ အနားယူသွားလေပြီ။ သူ့ရင်ဘတ်ရှိ အပေါက်မှ သွေးများ စီးကျလာလေသည်။

ယခုတစ်ခေါက်တော့ သွေးများ စီးကျလာခြင်းကို ချူဖုန်း မကြောက်တော့။ သူသည် အလောင်းကောင်ဘေး၌ ရပ်နေကာ သွေးများအပေခံလိုက်သည်။ သူသည် သန့်စင်ခြင်းကို ခံယူနေသကဲ့သို့ စိတ်ရောကိုယ်ပါ တည်ငြိမ်နေလေသည်။

ဤသည်မှာ ရက်စက်ကြမ်းကြုတ်ခြင်းမဟုတ်သလို ယဇ်ပူဇော်နေခြင်းလည်းမဟုတ်။ စီးကျနေသည့်သွေးများမှာ သူ၏ရှင်သန်ခြင်းအသိစိတ်ကို ဖွင့်ပေးနိုင်မည့်သော့ဖြစ်သလို သူ့ကို အဆင့်မြင့်အောင်လုပ်ပေးနိုင်သည့် သော့ချက်လည်းဖြစ်သည်။

မိနစ်အနည်းငယ်လောက်ကြာမှသာ သူ စိတ်ပြန်စုစည်းလိုက်နိုင်သည်။

သူတို့တိုက်ခိုက်ထားသည့်နေရာသို့ နွားဝါရောက်လာသည်။ သူသည် အလောင်းကို ချက်ချင်းဆွဲခဲ့ရန် နှိုးဆော်လိုက်သည်။

ဤနေရာ၌ လိုအပ်သည်ထက် ပိုမနေသင့်ရန် ချူဖုန်း သိသည်။ သွေးနံ့မှာ အခြားအသားစားသတ္တဝါများကို အလွယ်တကူ ဆွဲဆောင်နိုင်သည်။ သူသည် အမြှီးသုံးချောင်း သားရဲကြီးကိုဆွဲကာ သူတို့လာရာလမ်းအတိုင်း ပြန်လှည့်သွားလိုက်သည်။

သူတို့နှစ်ဦးလုံး အလွန်လျင်မြန်ကြသော်လည်း ပြန်သည့်လမ်းတစ်လျှောက်တွင် တိုက်ခိုက်ခဲ့ရသေးသည်။

ပြင်းထန်လှသည့်‌ သွေးနံ့က လမ်းတစ်လျှောက်ရှိ သားရဲကောင်များကို ဆွဲဆောင်နေလေသည်။ အစိမ်းရင့်ရင့်တောအုပ်ရှိ သစ်ရွက်များနောက်တွင် ကြောက်စရာကောင်းသည့်မျက်လုံးများ တစ်စုံပြီးတစ်စုံ ပွင့်လာကာ သွေးနံ့ရှိနေသည့်နေရာသို့ တရှိန်ထိုး ပြေးလာနေလေသည်။

တိုက်ပွဲများပြည့်နှက်နေသည့်ခရီး စတင်လေပြီ..

ကံကောင်းစွာဖြင့် သူတို့သည် တောင်တန်း၏အပြင်ဘက်ပိုင်း၌ ရောက်နေခြင်းဖြစ်သောကြောင့် သားကောင်ကြီးကြီးမားမား ရောက်မလာ။

သို့သော် သူတို့ တောင်မှ ထွက်လာခါနီးတွင် အခန်းသုံးခန်းစာ ပမာဏရှိသည့် လက်မဲကြီးတစ်ဖက် ကောင်းကင်ထက်မှ ကျရောက်လာကာ သူတို့ကို ပြင်းထန်စွာ ရိုက်ချလာသည်။

ဘုန်း..

လက်ကြီးမြေကြီးပေါ်သို့ ရောက်သွားသည်နှင့် တောအုပ်တစ်ခုလုံး ငလျင်လှုပ်သကဲ့သို့ တုန်ခါသွားသည်။

တစ်ချိန်တည်းမှာပင် အမြှီးသုံးချောင်းကျား၏ခန္ဓာကိုယ်တစ်ဝက်မှာ အရိအရွဲများ ဖြစ်သွားလေသည်။ သွေးနှင့်အသားစများ နေရာအနှံ့ လွင့်စင်သွားသောကြောင့် စစ်မြေပြင်ထက်ပင် ပိုကြောက်စရာကောင်းသွားသည်။

“မူး..”

နွားဝါလေးသည် တောအုပ်ထဲမှ ဖနောင့်ပေါက် ပြေးသွားလေသည်။

ချူဖုန်းသည် ကျန်နေသည့်အသားစကို ကိုင်ထားဆဲပင်။ သူ့ခန္ဓာကိုယ်တွင် သွေးများစိုရွှဲနေသော်လည်း ယခုအချိန်တွင်လည်း သူ့ပုံစံကို ဂရုမစိုက်နိုင်တော့။ ချူဖုန်းသည် လူးကာလှိမ့်ကာဖြင့်ပင် တောင်အပြင်ဘက်သို့ ပြေးထွက်လာခဲ့လိုက်သည်။

ကံကောင်းစွာဖြင့် သူတို့ တောင်ထွက်ပေါက်နှင့် သိပ်မဝေးတော့။ သူတို့ သေခြင်းတရားကို ရှောင်လွဲနိုင်လိမ့်မည်။

သို့သော် ထိုအချိန် မြင်လိုက်ရသည့်မြင်ကွင်းက သူတို့ဆံပင်မွေးများကိုပင် ထောင်ထသွားစေသည်။ ဒါက ဘယ်လိုမကောင်းဆိုးဝါးမျိုးလဲ…

ဤသားရဲကြီးသည် တောင်တစ်လုံး ပမာဏရှိသည်။ သူ့ခန္ဓာကိုယ်သည် လူသားပုံစံဖြစ်သော်လည်း တစ်ကိုယ်လုံးကို ခြောက်ပေနီးပါးရှည်သည့်အမွေးများဖြင့် ဖုံးလွှမ်းထားသည်။

ဤသားရဲ မတ်တပ်ရပ်လိုက်သည်နှင့် သူ့ခန္ဓာကိုယ်မှာ အနည်းဆုံး မီတာနှစ်ရာကျော်ရှည်သည်။ သားရဲကြီး၏ မျက်လုံးများမှာ လတစ်စင်း အရွယ်အစားရှိသည်။ သူသည် ကျောချမ်းစရာကောင်းသည့်အကြည့်ဖြင့် ချူဖုန်းတို့နှစ်ဦးကို ကြည့်နေလေသည်။

သို့သော် သူ တောင်ထဲမှ ထွက်မလာ။ ထိုနေရာတွင် တစ်ခဏမျှ ရပ်နေပြီးနောက် ပြန်ဆုတ်ခွာသွားလေသည်။

ထိုသားရဲကြီး ပြန်ဆုတ်သွားသည့်အချိန်မှသာ သူ ဤအကောင်ကြီးကို ကောင်းကောင်းမြင်လိုက်ရတော့သည်။ ထို သားရဲကြီးသည် တောင်အတွင်းပိုင်းသို့ ဝင်ရောက်သွားကာ တစ်ဖြည်းဖြည်း ပျောက်ကွယ်သွားလေသည်။

ချူဖုန်း အချိန်အတော်ကြာသည်အထိ အဝေးကို စိုက်ကြည့်နေခဲ့သည်။ သူ့တစ်ကိုယ်လုံး သွေးများပေကျံနေပြီး ချွေးစေးများ စိုရွှဲနေသည်။

နောက်ဆုံး သူခေါင်းငုံ့ကြည့်လိုက်သည့်အချိန်တွင် သူဖမ်းခဲ့သည့်သားကောင်မှာ ခြေထောက်နှစ်ဖက်နှင့် ကြေမွနေသည့် ခန္ဓာကိုယ်အစိတ်အပိုင်း အနည်းငယ်သာကျန်တော့ကြောင်း သူတွေ့လိုက်ရသည်။

“အဲဒါက ဘာကောင်ကြီးလဲ .. ငါတို့တွေလည်း အသားစဖြစ်တော့မလို့ပဲ..” ချူဖုန်း ထိတ်လန့်တကြား ပြောလိုက်သည်။ သူ့ခန္ဓာကိုယ်မှာ ယခုထက်ထိ အေးစက်တောင့်တင်းနေဆဲပင်။

“အနက်ရောင်လူဝံနတ်ဘုရား..” နွားဝါလေး ဤစာလုံးများကို ချရေးလိုက်သည်။ “နောက်တစ်နှစ်လောက်နေရင် ငါသူ့ကိုသတ်မှာ..”

ခြေထောက်နှစ်ဘက်သာ ကျန်တော့သော်လည်း အလေးချိန်မှာ ကီလိုရာချီလေးသည်။ ချူဖုန်း အသားတုံးကြီးကိုထမ်းကာ အိမ်အမြန်ပြန်လိုက်သည်။ အသားကို ဆေးကြောကာ အဆုံးသေးသေးလေးဖြစ်အောင် တုံးလိုက်သည်။ ထို့နောက် ခြေထောက်အရေခွံခွာကာ သူ့အနက်ရောင်ဓားမြောင်ဖြင့် ခွဲလိုက်သည်။ နောက်ဆုံး သူ အားလုံးကို အအေးခန်းထဲသို့ ထည့်ထားလိုက်သည်။

“နောက်ဆုံးတော့ ငါတို့အိမ်မှာ သုံး၊ လေးရက်လောက် နားလို့ရပြီ..” ချူဖုန်း သက်ပြင်းချလိုက်သည်။

နွားဝါသည် ခေါင်းခါကာ တောအုပ်ထဲသို့ သွားရန်မှာ ယနေ့မှစပြီး နေ့စဉ်လုပ်ငန်းဆောင်တာတစ်ခုဖြစ်တော့မည်ဖြစ်ကြောင်း ပြောလာလေ၏။

အစပိုင်းတွင် ချူဖုန်း အံ့အားသင့်သွားခဲ့သည်။ သို့သော် သူသဘောတူကြောင်း ခေါင်းညိမ့်လိုက်လေ၏။ တောထဲ၌သာ အန္တရာယ်ပေါင်းစုံကို လေ့လာနိုင်ပြီး သူ တိုးတက်လာလိမ့်မည်။

ယခုပင်လျှင် သူ့သတ္တိနှင့် အတွေ့အကြုံများ အလွန်တိုးတက်လာသည်ကို သူ ခံစားနေရသည်။

နောက်ပိုင်းနေ့များတွင် ချူဖုန်းသည် သူ့ကိုယ်သူ အားတင်းကာ တောင်ထဲသို့ နေ့တိုင်းသွားခဲ့သည်။ ထို့နောက် သူ၏လက်ဝှေ့ထိုးနည်းပုံစံကို လေ့ကျင့်ကာ တောတွင်းရှိ ကြမ်းကြုတ်မှုများကို ကျင့်သားရရန် ပြင်ဆင်လိုက်သည်။

သူ၏လက်သီးချက်မှာ ပို၍ စွမ်းအားကြီးလာသည်။ သူသည် ပုံစံရှစ်မျိုးလုံးကို သေချာနားလည်သွားပြီဖြစ်သည့်အပြင် သူ့ကိုယ်ပိုင်နည်းလမ်းတစ်မျိုးကိုပင် ဖန်တီးနိုင်ပြီဖြစ်သည်။ ဤပညာများစုပေါင်းလိုက်သည့်အချိန်တွင် လက်ဝှေ့ထိုးနည်းပုံစံကို သူ ကောင်းစွာ ထိန်းချုပ်လာနိုင်သည်။

နောက်ပိုင်းတွင် သူ နွားနတ်ဆိုးလက်ဝှေ့၏ ကိုးခုမြောက်ပုံစံကိုလည်း ကျွမ်းကျင်သွားသည်။ ဤပညာကို သူ ခန္ဓာကိုယ်ဆယ်မီတာအလျားရှိသည့် ငှက်ကြိးနှင့် တိုက်ခိုက်ရင်း ရလာခြင်းပင်။ တိုက်ခိုက်ခြင်းမှာ သူ့ကို ပို၍ အင်အားကြီးမားလာစေခဲ့သည်။

ဗုဒ္ဓက ဆင်ကို ကိုင်ပေါက်ပစ်တယ်..

သူသိသလောက်ဆိုလျှင် ဤသည်မှာ ဒဏ္ဍာရီတစ်ခုသာမဟုတ်။ လူသားခန္ဓာကိုယ်သာ အဆင့်တစ်ခုထိ ရောက်သွားလျှင် ဖြစ်နိုင်သည့်အရာပင်ဖြစ်သည်။ ဤကဲ့သို့သော စွမ်းရည်မျိုးကို သူပိုင်ဆိုင်ချင်သည်။

အပိုင်း ၂၉ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset