Chapter – 74
“မင်းသေတာငါစိတ်မသက်မသာဖြစ်တယ်”
ဒါ့အပြင် သူ၏ ယောက္ခမကြီးအတွက် ထိုမျှလောက်တော့ ပေးသင့်သည် မဟုတ်ပါလား။
ထို့ကြောင့်ပင် ရဲရှောင် ပျော်ရွှင်နေမိလေသည်။
“ကောင်းပြီ . . . မင်း တကယ်ကြိုက်တယ် ဆိုရင်တော့ . . .”
ဆိုင်ရှင်လည်း တခဏမျှ စဉ်းစားလိုက်သည်။ ထို့နောက် –
“ငွေစ ၇ သိန်းခွဲ ဆိုရင်ရော ဘယ်လိုလဲ . . .”
ဆိုင်ရှင်သည် တမင်တကာပဲ ဈေးကို မြင့်လိုက်ခြင်း ဖြစ်လေ၏။
ရဲရှောင်လည်း ထိုကဲ့သို့ ဈေးမြင့်လိုက်သည်ကို ကောင်းစွာ ရိပ်မိလိုက်သည်။ လှံဟာ သာမန် မဟုတ်ဘဲ ကောင်းမွန်လှသည်မှာ မှန်သော်လည်း ဈေးကွက်အတွင်း သွားဝယ်မည် ဆိုပါက ငွေစ ၅ သောင်းထက်ပင် မပိုနိုင်ပေ။
ထိုဈေးကွက်များထဲရှိ တခြားသော လှံများထက် ကောင်းသည် ဆိုဦးတော့ ငွေစ ၅ သိန်း ကျော်စရာ မရှိပါချေ။
၁၀ ဆ မက ဈေးတင်လိုက်ခြင်း ဖြစ်လေ၏။
လှံတစ်ချောင်းအား ငွေစ ၅ သိန်း ပေး၍ ၀ယ်ယူခြင်းသည် တကယ်ကို ဖြုန်းတီးခြင်းပင် ဖြစ်ပေလိမ့်မည်။ ထိုမျှလောက် တန်ကြေးမရှိဘဲ ဈေးတင်ထားသည့် ပစ္စည်ကို ၀ယ်မည် ဆိုပါက ပို၍ပင် ဆိုးမည် ဖြစ်ပါသည်။
ရဲရှောင်ခန့်မှန်းချက်အရ လှံတံသည် ငွေစ ၂ သိန်းခွဲလောက်သာ တန်ပေလိမ့်မည်။ ထိုဈေးမှာ အလွန်ဆုံးပင်။
ဆိုင်ရှင်သည် ရဲရှောင်မှာ အမြင်စူးရှသည့် လူတစ်ဦးဆိုတာကို သိနေသည့်တိုင်အောင် ထိုကဲ့သို့ ဈေးကို မြင့်လိုက်ခြင်း ဖြစ်လေ၏။ သူ့စိတ်ထဲ ရဲရှောင်မှ အပ်များနှင့် ဓားတိုများအား အလကား ရသွားခြင်း ကို သိပ်ပြီး မနှစ်မြို့သလို ဖြစ်နေသည့်အတွက် တမင်တကာပင် လှံအား ဈေးတင်လိုက်ခြင်း ဖြစ်သည်။
ယခုအခါမှာတော့ ဆိုင်ရှင်သည် ရဲရှောင်အား ပြုံးလျက် ကြည့်နေလေ၏။ ရဲရှောင် ဘာများ ပြောမလဲဟု စောင့်နေခြင်းလည်း ဖြစ်၏။
(ဈေးနှုန်းက ကောင်လေးကို လန့်သွားစေတဲ့ ပုံပဲ . . . သူစိတ်ဆိုးမာန်ဆိုးနဲ့ ဈေးအဆမတန် လျော့ ခိုင်းတော့မယ်နဲ့ တူတယ်။ သူသာ တကယ်လိုအပ်တယ် ဆိုရင် ချက်ချင်း သဘောတူမှာပေါ့၊ ဒါပေမဲ့ သူ့ပုံစံက ငါ့ဆီကနေ ပစ္စည်းတွေ အကုန်လုံးကို အလကား လိုချင်နေပုံပဲ . . .
အပ်တွေနဲ့ ဓားတွေက ပြည့်စုံမှု မရှိတဲ့ လက်နက်တွေ ဖြစ်တဲ့အတွက် ဘယ်သူမှ မလိုချင်ပေမဲ့ ငါတို့ရဲ့ သခင်ကြီး နောက်ဆုံးလက်ရာပဲဟာ . . . ဒီလှံကို ဈေးအများကြီး လျော့ခိုင်းဖို့တော့ မ၀ံ့မရဲ ဖြစ်နေတယ်နဲ့ တူတယ်။
ဘယ်လိုပဲ မင်းပြောပြော ငါကတော့ အကျိုးအမြတ် နည်းနည်းရအောင် ယူရမှာပဲ၊ အဲဒါမှ ငါလည်း ကာမိမှာ . . .)
“ဈေးတော်သားပဲ . . .”
ဆိုင်ရှင်၏ အတွေးအား ရဲရှောင်သည် ပြောင်းပြန် လှန်ပစ်လိုက်လေသည်။
“ငွေစ ၇ သိန်းခွဲမလား . . . ဒါဆိုလည်း ယူတာပေါ့ . . .”
ဆိုင်ရှင်မှာ အနည်းငယ် တုန်လှုပ်သွားသည်။ အဘယ်ကြောင့်ဆိုသော် သူကြားလိုက်ရသည့် စကားကိုပင် သူမယုံကြည်နိုင်အောင် ဖြစ်နေလို့ပင် ဖြစ်သည်။
ကမ္ဘာပေါ်တွင် ရဲရှောင်လို အရူးတစ်ယောက် ရှိနေလိမ့်မည်ဟု သူမထင်ထားခဲ့မိချေ။ အိပ်မက်ပင် မမက်ခဲ့ဖူးပါ။
သာမန်အရည်အသွေးထက် အနည်းငယ်မျှသာ ပိုကောင်းသော လှံတံတစ်ချောင်းအား ငွေစ ၇ သိန်းခွဲ ပေး၍ ၀ယ်ယူလိုက်ခြင်းပင် ဖြစ်လေသည်။ အနည်းမျှပင် ဈေးဆစ်ခြင်း မရှိချေ။
သို့သော်လည်း သူ့ပါးစပ်မှ ငွေစ ၇ သိန်းခွဲဟု ပြောလိုက်သည့် အချိန်မှစ၍ သူတို့၏ နတ်လက်များ အဖွဲ့သည် မော်တယ်ကမ္ဘာတွင် နာမည်ကောင်း ရတော့မည် မဟုတ်တာကိုတော့ ကြိုတင် သိရှိမည် မဟုတ်တော့ပေ။ တခြားလူများကိုလည်း ထိုကဲ့သို့ ဈေးတင်၍ ရောင်းမည်ဆိုပါက ၀ယ်မည့်လူပင် ရှိမည် မဟုတ်ချေ။
ရဲရှောင်သည် အချစ်နှင့် အမုန်းအား အမြဲတမ်း ခွဲခြားသိမြင်တတ်သူ တစ်ဦး ဖြစ်ပါသည်။ မိတ်ဆွေ အပေါင်းအသင်းများပေါ်၌ အလွန်ကောင်းမည် ဖြစ်သော်လည်း ရန်သူများအတွက်မူ သေမင်းတမန် တစ်ဦးပင် ဖြစ်ပါသည်။
အပ်များနှင့် ဓားတိုလေးများ အကြောင်း ပြောနေစဉ်တုန်းက သူအနည်းငယ် တွေဝေနေခြင်းမှာ သူ့အနေဖြင့် ထိုပစ္စည်းများ အကြောင်းကို စဉ်းစားနေ၍ ဖြစ်သည်။ နောက်ဆုံးမှာတော့ အပ်များနှင့် ဓားတို များအား လက်ခံလိုက်လေတော့၏။ ရှန်လျန်ဇီ အပေါ် လေးစားမှုနှင့် ရှန်လျန်ဇီ၏ ဆန္ဒကို ဖြည့်ဆည်း ပေးလိုက်ခြင်းပင် ဖြစ်၏။
နတ်လက်များအဖွဲ့ကိုလည်း သဘောကျသလို ဖြစ်သွားခဲ့လေ၏။ နောင်တစ်ချိန် သူအစွမ်းထက် လာသောအခါ နတ်လက်များ အဖွဲ့အား တိုးတက်အောင် ကူညီပေးမည် ဖြစ်သလို ကာကွယ်မှုများလည်း ပေးမည်ဟု စဉ်းစားခဲ့မိလေ၏။
ငွေကြေးအတွက်နဲ့လည်း ရဲရှောင်ဟာ စိတ်ထဲ ဘယ်လိုမှ သဘောထားမည် မဟုတ်ပေ။
ငွေရေးကြေးရေးဖြင့်လည်း မျက်နှာသာပေးမှုကို ရရှိနိုင်မည် ဖြစ်ပြီး နှစ်ဦးနှစ်ဖက် ပြေလည် စေမည် ဖြစ်၏။
ရဲရှောင်အတွက် ငွေရေးကြေးရေးသည် သိပ်ပြီး အရေးမပါလှချေ။ ထို့ကြောင့် ငွေစ ၇ သိန်းခွဲနှင့် ယုံကြည်မှုကို တည်ဆောက်လိုက်ခြင်းပင် ဖြစ်၏။
နောင်ပိုင်း နတ်လက်များ အဖွဲ့အနေဖြင့် ဒုက္ခရောက်နေလျှင်တောင်မှ သူကတော့ တတ်နိုင် သလောက် ကူညီပေးဦးမည် ဖြစ်ပေသည်။ အဘယ်ကြောင့်ဆိုသော် အပ်များနှင့် ဓားတိုများကို မယူခင်တွင် နတ်လက်များ အဖွဲ့သာ တစ်ခုခု ဖြစ်ပါက ကူညီပေးမည်ဟု ပြောခဲ့သည် မဟုတ်ပါလား။
ထိုကဲ့သို့ ကူညီပေးလိုက်မှသာ သူ့စိတ်ထဲ တင်နေသည့် အကြွေးကို ကျေမည်ဟု ခံစားမိတာ ဖြစ်ပါသည်။
ရဲရှောင်လည်း ငွေစ ၇ သိန်းခွဲကို ထုတ်ပေးလိုက်၏။ အေးအေးလူလူ အနေအထားဖြင့်ပင် ထုတ်ပေးလိုက်ခြင်းဖြစ်ပြီး ထို့နောက်မှာတော့ လှံကို ကောက်ကိုင်လိုက်ပြီး –
“ကျုပ်တို့ နောက်တစ်ခါတွေလည်း ထပ်ပြီး တွေ့မယ်လို့ မျှော်လင့်ပါတယ် . . .”
ထိုသို့ ပြောလိုက်ပြီး ချက်ချင်းပင် လှည့်ထွက်သွားခဲ့လေ၏။
ဆိုင်ရှင်လည်း ငွေစများအား ကိုင်ရင်း ရဲရှောင်၏ နောက်ကျောကိုသာ ကြည့်၍ ကျန်ခဲ့လေသည်။ ယခုကဲ့သို့ ငွေစအများကြီး ရရှိလိုက်ခြင်းအတွက် ပျော်ရွှင်နေခြင်းမျိုး မဖြစ်မိဘဲ အမှားလုပ်လိုက်မိပြီ ဟုသာ တွေးနေမိပါတော့သည်။
သို့သော်လည်း ထိုခံစားမှုသည် တခဏချင်းပင် လွင့်ပျောက်သွားလေ၏။ ငွေစများကို ကြည့်ရင်း ပျော်ရွှင်စိတ်များ ပြန်လည် ဖြစ်ပေါ် သွားပါတော့သည်။
(ဟေး . . . ငွေတွေ အများကြီး ရပြီကွ . . . လှံလေး တစ်ချောင်း ရောင်းလိုက်တာ ငွေစ ၇ သိန်းခွဲ လောက် အမြတ် ရခဲ့တာပဲ . . . ဒီပစ္စည်းရဲ့ အရည်အသွေးနဲ့ လုပ်တဲ့ ကုန်ကျစရိတ်က အများဆုံးရှိမှ ၁ သိန်းတောင် မကျော်ဘူး ဟားဟား . . .)
ရဲရှောင် လှံကိုကိုင်လျက် ဆိုင်ထဲမှ ထွက်လာခဲ့၏။ လှံကို တစ်ချက် ဝေ့ယမ်းလိုက်ပြီး သုံးပိုင်း ခွဲလိုက်လေ၏။ လှံထိပ်ကို တစ်ပိုင်းနှင့် လက်ကိုင်နေရာကို ၂ ပိုင်း ပိုင်းလိုက်ခြင်း ဖြစ်၏။
အဆိုပါ အစိတ်အပိုင်း သုံးခုကို ဆက်နိုင်ရန်အတွက် အဝိုင်းကွင်းလေး ၃ ခု ပါရှိပါသည်။ “ချပ်” ဆိုသော အသံနှင့်အတူ လှံအား အလွယ်တကူ ပြန်လည် ဆက်နိုင်မည်ဖြစ်ပြီး တိုက်ခိုက်မှုများအားလုံးကို လည်း ခံနိုင်ရည် ရှိသည့် ပုံပါပင်။ လှံ၏ ခံနိုင်ရည်အားထက် မကျော်လွန်သည့် မည်သည့် တိုက်ခိုက်မှု မျိုးကိုမဆို ကွင်းလေးများမှာလည်း ခံနိုင်ရည် ရှိတာ ဖြစ်ပါသည်။
လှံတွင် အစင်းကြောင်းလေးများ ပါရှိ၍ အလင်းရောင်အနည်းငယ် ထွက်ပေါ်နေပါသည်။ လှံတံကို ပြုလုပ်စဉ်တွင် ကြေးနီအား ရောနှောခဲ့ခြင်း ဖြစ်မည်ဟု ရဲရှောင် သိလိုက်မိသည်။ တိုက်ခိုက်နေစဉ်အတွင်း လက်မှ ချွေးထွက်မှုကို လှံမှ စုပ်ယူနိုင်စေရန်ပင် ဖြစ်ပါသည်။
ယခုလှံ၏ ဒီဇိုင်းမှာ အသုံးပြုသူ၏ လက်မှ ချော်ထွက်သွားခြင်း မရှိအောင် အထူးစီမံပြုလုပ် ထားသည့်အပြင် လက်ထဲတွင်လည်း ကိုင်ရသည်မှာ စီးစီးပိုင်ပိုင်ဖြင့် ကိုင်ရကောင်းလှပါသည်။
အလုံးလေးတစ်လုံး အပေါ်မှာတော့ စာလုံးများ ထွင်းထုထားလေ၏။
“တိုက်ပွဲတစ်ရာ”
လှံ၏ အလေးချိန်သည် အတော်ကြီးကို လေးလှသည်။
နတ်လက်များ ဆိုင်၏ အ၀င်ဝ ဘက်သို့ တစ်ချက်လှည့်ပြီး အဓိပ္ပါယ်ဖော်ရခက်သည့် အပြုံး တစ်ခု ပြုံးလိုက်ကာ တိုက်ပွဲတစ်ရာ လှံတံကို ကိုင်ဆွဲလျက် ထွက်ခွာသွားပါတော့သည်။
. . . . . .
ရဲရှောင် သူ့အိမ်သို့ ချက်ချင်း မပြန်ချေ။ ရထားလုံး တစ်စီးအား ငှားလိုက်ပြီး မင်းသားဟွာရန်း၏ နန်းတော်သို့ ထွက်လာခဲ့လေ၏။
လှံ၏ အစိတ်အပိုင်း ၃ ခုအား အ၀တ်အိတ် တစ်ခုဖြင့် လုံခြုံအောင် ထုတ်ပိုးထားပြီး လက်က ကိုင်ဆွဲကာ နန်းတော်ထဲသို့ ၀င်လာပါသည်။ နန်းတော်ရှေ့သို့ ရောက်သောအခါ သူ့နာမည်ကို ပြောလိုက်လေသည်။
လှံတံအား လက်ဆောင်ပေးခြင်းအပြင် တခြားသော ရည်ရွယ်ချက် တစ်ခုကြောင့်လည်း ယခုလို ရောက်ရှိလာရခြင်း ဖြစ်လေသည်။
. . . . . .
မင်းသားဟွာရန်သည် သူ့လူများနှင့်အတူ အစည်းအဝေးတစ်ခု ပြုလုပ်လျက် ရှိနေလေ၏။
တော်ဝင်နန်းတော်မှ တရားဝင် အမိန့် မတွက်သေးသော်လည်း လက်ရှိ ဖြစ်ပေါ်နေသော တိုက်ပွဲအား သူ့အနေဖြင့် ရှောင်လွှဲနိုင်မည် မဟုတ်ဘူး ဆိုတာကို ကြိုတင် တွက်ဆထားပြီး ဖြစ်လေသည်။
ထိုအချိန်တွင် အစည်းအဝေးပွဲမှာ ပြီးတော့မည် ဖြစ်ပါသည်။ မင်းသားဟွာရန်းမှ –
“ဟားဟား . . . ဒီနှစ်တွေထဲမှာ ငါတို့တိုက်ပွဲမှန်သမျှ အရှုံးမရှိခဲ့ဘူး။ ဒီလိုဆိုမှတော့ အမိန့် ကျလာတာနဲ့ ငါနဲ့အတူ မိတ်ဆွေတွေ အကုန်လုံးလည်း တိုက်ပွဲမြေပြင်မှာ သွားပြီး ပျော်ကြသေးတာပေါ့”
လူတိုင်း မတ်တတ်ရပ်လိုက်ကြပြီး လေးစားသော ဟန်ဖြင့် –
“ကျွန်တော်မျိုးတို့ အကုန်လုံး မင်းသားဟွာရန်းနဲ့အတူ အသက်သေသည်ထိ တိုက်ပွဲဝင်ပါ့မယ်”
မင်းသား ဟွာရန်းလည်း ကျယ်လောင်စွာဖြင့် ရယ်မောလိုက်လေ၏။
ထိုအချိန်မှာပဲ အစောင့်တစ်ယောက်မှ –
“စစ်သူကြီးရဲရဲ့ သား ရဲရှောင် ရောက်နေပါတယ် . . .”
“သားမက်လေးက ယောက္ခမကြီးကို လာတွေ့တာထင်တယ်။ ကျွန်တော်တို့တွေ မိသားစုရေးရာ ကိစ္စတွေမှာ မနှောင့်ယှက်တော့ဘူးနော် . . .”
လူများအားလုံးလည်း ကျယ်လောင်စွာ ရယ်မော နောက်ပြောင်ကြရင်း လူစုခွဲသွားကြလေ၏။
တိုက်ပွဲ စစ်မြေပြင်တွင် မင်းသားဟွာရန်းသည် တိကျပြတ်သားသော အမိန့်များကို ပေးလေ့ ရှိသော်လည်း တိုက်ပွဲပြင်ပတွင်မူ မောက်မာခြင်း မရှိပေ။ သူ၏ တပည့်လက်သားများ အားလုံးအား ညီအစ်ကိုရင်းများကဲ့သို့ ဆက်ဆံ၍ လွတ်လွတ်လပ်လပ်ပင် စကားပြောဆိုစေ၏။ ထို့ကြောင့်ပင် ယခုကဲ့သို့ လှောင်ပြောင်ရဲတာဖြစ်ပြီး မကြာခဏဆိုသလို လုပ်နေကျပင် ဖြစ်သည်။ သူတို့စိတ်ထဲ မင်းသား ဟွာရန်းအား ချစ်ကြောက်ရိုသေ နေကြခြင်းပင် ဖြစ်လေ၏။
မင်းသား ဟွာရန်းမှ ရယ်မောလိုက်ပြီး –
“ခွေးကောင်တွေ . . . မင်းတို့ သွားချင်တာနဲ့ . . . ကဲကဲ သွားကြ သွားကြ၊ ထပ်ပြောလိုက်ဦးမယ် အချိန်ကျတဲ့အခါကျ ငါ့နောက်မှာ ဘယ်သူမှ မပါရင်တော့ ဘာဆက်ဖြစ်မလဲ စောင့်နေကြပေါ့ . . .”
လူများအားလုံးလည်း ရယ်မောရင်း ထွက်ခွာသွားကြလေ၏။
မင်းသားဟွာရန်လည်း မျက်မှောင်ကြုတ်၍ –
“ဒီကောင်လေးက ဒီကို ဘာလာလုပ်ပါလိမ့် . . . သူ့ကို ငါ့အခန်းထဲ လွှတ်လိုက်ဟေ့ . . .”
ထို့နောက်မှာတော့ မင်းသားလည်း သူ့အခန်းထဲသို့ ၀င်သွားလေတော့၏။
တကယ်တော့ မင်းသားဟွာရန်းသည် သူ့သမီး လက်ထပ်သည့် ကိစ္စအား သိပ်ပြီး သဘောမကျ ချေ။
သူ့တွင် သမီးလေးတစ်ယောက်သာ ရှိပြီး ယခုအခါ သူအချစ်ရဆုံး သမီးတော်လေးမှာ အသုံးမကျ သော လူပေါ်ကြော့တစ်ဦးနှင့် လက်ထပ်ရမည် မဟုတ်ပါလား။
စစ်သူကြီး ရဲနန်ရှန်နှင့်သာ ကတိထားခဲ့ခြင်းအား ဂရုမထားဘူး ဆိုပါက လွန်ခဲ့သည့် နှစ်များကပင် ရဲရှောင်အား မောင်းထုတ်လိုက်ပြီး ဖြစ်လေ၏။
မင်းသားဟွာရန်းသည် ချန်နိုင်ငံတော်တွင် နံပါတ် ၁ စစ်သူကြီးဟု ထင်ရှားကျော်ကြားသူ တစ်ဦး ဖြစ်လေ၏။ နိုင်ငံတော်၏ စစ်နတ်ဘုရားတစ်ဦးပင်ဖြစ်ပြီး မည်သူမျှ သူ့ကို စိန်မခေါ်ရဲကြချေ။
သို့သော်လည်း မင်းသားဟွာရန်ကတော့ အမှန်တရားကို ရင်ထဲမှ သိနေလေသည်။ တိုက်ပွဲတစ်ခု တွင် တပ်သားတစ်ဦးကို အမိန့်ပေးရန်၊ စစ်ဗျူဟာများကို ဖန်တီးနိုင်ရန်၊ တိုက်ပွဲကြီးများကို မနားတမ်း တိုက်နိုင်ရန် မည်သည့်နေရာတွင် ဖြစ်စေ ရဲနန်ရှန်အား မယှဉ်နိုင်သေးဟု သိနေခြင်း ဖြစ်လေ၏။
သို့သော် ရဲနန်ရှန်သည် အမြဲလိုလို ခပ်လျိုလျိုသာ နေလေ့ရှိပြီး သူတော်ကြောင်း သိရှိသွားမည်ကို ပင် ကြောက်နေသူတစ်ဦး ဖြစ်လေ၏။
“ရဲနန်ရှန်လို ဘက်စုံတော်တဲ့ လူတစ်ယောက်မှာ ရဲရှောင်လိုသားမျိုး ဘယ်လိုလုပ်ပြီး ရှိနေရတာလဲ မသိဘူး . . . ပြောရမယ်ဆိုရင် တကယ့်ဆန်ကုန်မြေလေးကောင်ကို ရထားတဲ့ သဘောပဲ၊ ဟူး . . .”
မင်းသားဟွာရန်းလည်း ခပ်တိုးတိုး ရေရွတ်နေမိလေ၏။
သူလက်ထပ်ပေးရန် ဆုံးဖြတ်ခဲ့ခြင်းမှာ ရဲနန်ရှန်လို ဖခင်မျိုးတွင် အသုံးမကျသော သားမျိုး မရှိလောက်ဟု ထင်၍သာ ဖြစ်ပါသည်။
သို့သော်လည်း ယခုအခါမှာတော့ နောင်တရရန် နောက်ကျသွားလေချေပြီ။
. . . . . .
“မင်းဘာလာလုပ်တာလဲ . . .”
မင်းသားဟွာရန်း မထူးဆန်းသလို မေးလိုက်သည်။ သူ၏ မျက်နှာတွင်တော့ မည်သည့် ခံစားမှုမျိုး ကိုမှ မပြချေ။
မင်းသားဟွာရန်းသည် ရဲရှောင်အား စိတ်ထဲမှကို ချဉ်၍ အထင်အမြင်သေးနေခြင်း ဖြစ်လေ၏။ သို့သော်လည်း လူကြီးတစ်ဦး အနေဖြင့် တည်တည်ကြည်ကြည်ပင် ရှိနေရမည် မဟုတ်ပါလား။ ပုံမှန် အနေအထားဖြင့်ပင် ဆက်ဆံနေခြင်း ဖြစ်လေ၏။
ယခုအကြိမ်သည် ရဲရှောင်အဖို့ သူ၏ ယောက္ခမဖြစ်သော မင်းသားဟွာရန်းအား ပထမဆုံး အကြိမ်အဖြစ် တွေ့ဖူးခြင်း ဖြစ်၏။
မင်းသားဟွာရန်းနှင့်အတူ မင်းသား၏ ကြင်ယာတော်လည်း အတူတူ ရှိနေလေ၏။ သူတို့၏ သားမက်ဖြစ်သူအား ခြေဆုံးခေါင်းဆုံး အကဲခတ်လျက် ရှိနေကြ၏။
ရဲရှောင်သည် ကောင်းကောင်းမွန်မွန် ဖြစ်နေသည်ကို တွေ့လိုက်ကြရပြီး လူအများ ပြောစမှတ် ပြုကြသည့် လူပေါ်ကြော့ လူဆိုးလေးတစ်ဦးနှင့် လုံးဝ မတူချေ။ မင်းသမီးကြီးမှ ရည်မွန်သော မျက်နှာထားနှင့် ယဉ်ကျေးသော ဟန်ပန်ကို တွေ့လိုက်ရသောအခါ စိတ်ထဲမှ ကြိတ်၍ အမှတ်ပေးလိုက်မိလေ၏
“အရေးကြီးကိစ္စတော့ မရှိပါဘူး . . .”
ရဲရှောင် ပြုံးကာ ပြောလိုက်၏။
“ကျွန်တော် ကြားတာတော့ တောင်ပိုင်းက တိုက်ပွဲကြောင့် မြို့ထဲမှာ မငြိမ်မသက် ဖြစ်နေတယ်ဆို၊ နေ့ရက်ကောင်းတွေ ပျောက်ဆုံးသွားမှာကို ကျွန်တော် လန့်နေမိတယ်လေ . . .”
မင်းသားဟွာရန်း သူ့သားမက် ဖြစ်သူအား ကြည့်လိုက်ရင်း –
“တိုက်ပွဲက တောင်ပိုင်းမှာပါ၊ အုပ်ချုပ်ရေးပိုင်းနဲ့ ပြည်သူတွေလည်း ဆူပူမှု ဖြစ်နေကြတယ်။ ဒီကိစ္စက မင်းနဲ့တော့ မဆိုင်ပါဘူး . . .”
သူ၏ စကားလုံးများသည် ပွင့်ပွင့်လင်းလင်း ရှိလှသည်။ ရဲရှောင်အား ဘာမှမသိသည့် အရူး တစ်ယောက်လို ထင်နေခြင်းသာဖြစ်ပြီး အဖိုးမတန်သည့် လူတစ်ဦးဟု သတ်မှတ်ထားခြင်းပင် ဖြစ်သည်။
“ကျွန်တော်နဲ့ ဘာလို့ မဆိုင်ရမှာလဲ . . . သိပ်ပြီး ဆိုင်တာပေါ့၊ တကယ့် ပြဿနာလေ . . .”
ရဲရှောင် လေးနက်စွာပင် ပြောလိုက်သည်။
“ခင်ဗျား တိုက်ပွဲကို ထွက်သွားတာနဲ့ မြို့ထဲမှာ ကျုပ်ရဲ့ နေ့ရက်ကောင်းတွေ အဆုံးသတ်သွားမှာ လေ . . .”
မင်းသား ဟွာရန်း ရယ်မောလိုက်ပြီး –
“ကြည့်ရတာ မင်း ဒီအချက်ကိုတော့ ကောင်းကောင်း သိသားပဲ၊ ဟိုခွေးကောင်တွေထက်တော့ သာတယ် . . .”
“ခင်ဗျားသာ ကံဆိုးမှုတစ်ခုခုနဲ့ ကြုံမယ်ဆိုရင် ကျုပ်ရဲ့ နေ့ရက်တွေ ပိုပြီး ဆိုးသွားမယ် ဆိုတာကို လည်း သိနေတယ်လေ . . .”
ရဲရှောင် လေးနက်တည်ကြည်သော ဟန်ပန်ဖြင့် ပြောလိုက်လေတော့သည် . . .။