အခန်း (၅၂၉) တာအိုပညာရှိအောက်က နံပါတ်တစ်ပုဂ္ဂိုလ်
လီတောက်ခုံးဟာ တန်ခိုးကြီးမားတဲ့ တာအိုပညာရှိခြောက်ပါးကို မကြောက်ပါဘူး။ လီတောက်ခုံးရဲ့ အမူအရာဟာ တည်ငြိမ်လှပြီး မျက်လုံးတွေကတော့ ရေခဲလို အေးစက်နေပါတယ်။
“ဒူးထောက်ရမယ်… ရယ်စရာ ပြောနေတာလား…”
လီတောက်ခုံးဟာ ပြုံးရယ်ပြီး လှောင်လိုက်ပါတယ် “ငါ့မှာသာ နောက်ထပ် အနန္တကပ်ဘေးတစ်ခုစာ အချိန်ရှိမယ်ဆိုရင် မင်းကို ဓားတစ်ချက်တည်းနဲ့ သတ်လို့ရတယ်…”
“တာအိုပညာရှိ… တကယ့်တာအိုပညာရှိက ပျောက်ဆုံးသွားတာ ကြာပြီ၊ မင်းတို့တွေက တာအိုပညာရှိဦးထုပ် ဆောင်းပြီး ကိုယ့်အတ္တအတွက် လုပ်ချင်ရာလုပ်နေတဲ့ မိစ္ဆာတွေပဲ၊ ငါတို့ တိတ်ဆိတ်ဂိုဏ်းက မင်းတို့တာအိုပညာရှိတွေကို ရှုံးနိမ့်သွားတာ မဟုတ်ဘူး၊ ကောင်းကင်တာအိုကို မယှဉ်နိုင်ရုံပဲ”
“ဒီနေ့ ငါ လီတောက်ခုံးက မင်းတို့လို့ လူတွေရဲ့ လက်ထဲမှာ အသေမခံဘူး၊ မင်းတို့က ငါ့အသက်ကိုယူဖို့ မထိုက်တန်ဘူး” စကားအဆုံးမှာပဲ လီတောက်ခုံးရဲ့ ခန္ဓာကိုယ်ကနေ တောက်ပတဲ့ အလင်းရောင်တစ်ခု ဖြာထွက်လာပါတယ်။
မြင်ကွင်းတစ်ခုလုံး ကွဲကြေပြီး ဟန်ကျွယ်ရဲ့ သိစိတ်ဟာ အစစ်အမှန်ကို ပြန်ရောက်သွားပါတယ်။ ဟန်ကျွယ်ဟာ မျက်လုံးဖွင့်ပြီး မျက်မှောင်ကြုတ်လိုက်ပါတယ် ‘ဒီလောက်တောင် ကံဆိုးရလား… ကောင်းကင်တာအိုက တကယ်ကြီး တိတ်ဆိတ်ဂိုဏ်းကို ပစ်မှတ်ထားတာပဲ…’
ဒါက ထူးဆန်းတာတော့ မဟုတ်ပါဘူး။ အရင်တစ်ခေါက် ဟန်ကျွယ် တွက်ချက်တုန်းက ကောင်းကင်တာအိုက ဟန်ကျွယ်ကို ရင်ဆိုင်ဖို့ ချုံရှီလိုင်ကို အသုံးပြုခဲ့တယ် မဟုတ်ပါလား။
ဟန်ကျွယ်ဟာ စိတ်ထဲမှာ မေးလိုက်ပါတယ် “ငါ ကောင်းကင်တာအိုကို တိုက်ရိုက် ကျိန်စာတိုက်ရင် ဘာဖြစ်နိုင်လဲ”
[သက်တမ်း ၁၀ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[ကောင်းကင်တာအို၏ တန်ပြန်မှုကို ခံရပြီး ဒုက္ခရောက်နိုင်ချေ ရှိသည်။ အကယ်၍ ကျိန်စာတိုက်မှု အောင်မြင်ခဲ့ပါက ကောင်းကင်တာအိုထဲရှိ အရာအားလုံး ပျက်စီးသွားလိမ့်မည်။]
ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။ ကောင်းကင်တာအိုထဲမှာရှိတဲ့ အရာအားလုံးကို ဖျက်ဆီးတာက နည်းနည်းတော့ များလွန်းပါတယ်။ ဒါကြောင့် ဟန်ကျွယ်ဟာ ရွေးချယ်စရာမရှိမှာသာ ဒီလမ်းကို လိုက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
‘ဒီအတိုင်းဆို ငါ ကံတရား အထောက်အပံ့အတွက် တိုက်ခိုက်ပြီး ကောင်းကင်တာအိုကို ထိန်းချုပ်မှဖြစ်မယ်’ ဟန်ကျွယ်ဟာ ဆုံးဖြတ်ချက် ချပြီးတာနဲ့ မျက်လုံးတွေကလည်း ကြည်လင်ပြတ်သားသွားပါတယ်။
“စောစောက မြင်ကွင်းက ဘယ်အချိန်ကျရင် ဖြစ်တာလဲ” ဟန်ကျွယ်ဟာ စနစ်ကို မေးလိုက်ပါတယ်။
[နှစ်ပေါင်း ၃ ဘီလီယံကြာလျှင် ဖြစ်ပျက်လိမ့်မည်။]
ဒီတစ်ကြိမ်မှာတော့ စနစ်က ဟန်ကျွယ်ရဲ့ သက်တမ်းကို မနှုတ်ယူပါဘူး။
ဟန်ကျွယ်ဟာ ၃ ဘီလီယံတောင် ကြာအုန်းမယ်ဆိုတဲ့အတွက် စိတ်သက်သာရာ ရသွားပါတယ်။ ဘာပဲဖြစ်ဖြစ် ဟန်ကျွယ်ဟာ ရလဒ်ကို ကြိုသိထားပြီးပြီမို့ ကြိုတင်စီစဉ်လို့ရသွားပါပြီ။
ဟန်ကျွယ်ဟာ တိတ်ဆိတ်ဂိုဏ်းကို ပိုမိုခိုင်မာအောင်လုပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ တိတ်ဆိတ်ဂိုဏ်းမှာ တာအိုပညာရှိအတုတွေ တစ်ယောက်မက လိုအပ်ပါတယ်။
ဟန်ကျွယ်ဟာ လီတောက်ခုံးက မိုးကောင်းကင်မျိုးနွယ်စုကို တစ်ယောက်တည်း ကူညီဖို့ မသင့်တော်ဘူးလို့ ခံစားလိုက်ရပါတယ်။ လီတောက်ခုံးက ဘယ်လောက်ပဲ စွမ်းအားကြီးကြီး တာအိုပညာရှိ မဟုတ်တဲ့အတွက် တာအိုပညာရှိအတုတွေ ဝိုင်းတိုက်တာခံရရင် အသက်ရှင်နိုင်ဖို့ မလွယ်ပါဘူး။
အဲဒီနောက် ဟန်ကျွယ်ဟာ မျက်လုံးမှိတ်ပြီး ဆက်လက် ကျင့်ကြံပါတယ်။
…
ကောင်းကင်ဘုံ ၁၃ ဘုံမြောက်မှာ ဧကရာဇ်ချန် ရှေ့ဆက်ပျံသန်းဖို့ ပြင်လိုက်စဉ်မှာပဲ သူ့ဆီ လျင်မြန်စွာ ပျံသန်းလာတဲ့ ရုပ်သွင်တစ်ခုကို မြင်လိုက်ရပါတယ်။ ဧကရာဇ်ချန်ဟာ လှည့်ကြည့်ပြီး မျက်မှောင်ကြုတ်သွားပါတယ်။
ဒီပျံသန်းလာတဲ့လူက ကျောက်ယွင်နဲ့ တျန်ဝေလိုမျိုး ရုပ်ရည်ရှိပါတယ်။ သူတို့အကုန်လုံးက ရှီတုတောက် မဟုတ်ပါလား။
ရှီတုတောက်ဟာ အနက်ရောင် နဂါးဝတ်ရုံကို ဝတ်ဆင်ထားပြီး ခန့်ညားထည်ဝါက စူးရှတဲ့အကြည့် ရှိပါတယ်။ ရှီတုတောက်ဟာ ဧကရာဇ်ချန်ရှေ့ကို ရောက်လာပြီး မေးလိုက်ပါတယ် “မင်း တွေးပြီးပြီလား…”
ဧကရာဇ်ချန်က တည်ငြိမ်စွာ ပြန်မေးလိုက်ပါတယ် “မင်းဆီမှာ နောက်လိုက် ဘယ်နှယောက်ရှိလို့လဲ”
ရှီတုတောက်က ပြန်ဖြေပါတယ် “သုံးထောင်ရှိတယ်၊ သူတို့အကုန်လုံးက လောကမှာရှိတဲ့ ဘယ်အင်မော်တယ်ဂိုဏ်းကိုမဆို တော်လှန်နိုင်တဲ့ ဆန်းကြယ်စွမ်းအားတွေ ရှိတယ်”
“တခြားနည်းနဲ့ ပြောရရင် ငါတို့တွေက ကံတရား အထောက်အပံ့ဂိုဏ်း နှစ်ဂိုဏ်းရဲ့ ပူပေါင်းအင်အားကို မယှဉ်နိုင်ဘူးမလား”
ဧကရာချန်ရဲ့ မေးခွန်းဟာ ရှီတုတောက်ကို မျက်မှောင်ကြုတ်သွားစေပါတယ်။
ရှီတုတောက်ဟာ ဧကရာဇ်ချန်ကို စိုက်ကြည့်ပြီး ပြောလိုက်ပါတယ် “မင်းက လူသားမျိုးနွယ်စုရဲ့ ဧကရာဇ်ဆိုပေမဲ့ လူသားမျိုးနွယ်စုက မင်းကို မေ့ထားတာကြာပြီ၊ ဘာလို့ ငါ့နောက်ကို မလိုက်တာလဲ၊ ငါသာ လောကကြီးကို ထိန်းချုပ်နိုင်ရင် ကောင်းကင်တာအိုမျိုးနွယ်စု နေရာကို ကျိန်းသေပေါက် ပြန်ယူမှာ”
ဧကရာဇ်ချန်ဟာ ခေါင်းခါလိုက်ပါတယ် “အင်မော်တယ်ကမ္ဘာမှာ နယ်ပယ်ဒေသပေါင်း ၁၀၀ ကောင်းကင်တာအိုမှာ ကမ္ဘာပေါင်းတစ်သောင်းရှိတယ်၊ မင်းက တာအိုပညာရှိအောက်မှာ နံပါတ်တစ်ပုဂ္ဂိုလ် မဟုတ်ဘူး၊ မင်း ငါ့ကို သိမ်းသွင်းချင်တယ်ဆိုရင် မင်းကိုယ်မင်း နာမည်ကျော်အောင် အရင်လုပ်၊ မင်းသာ တာအိုပညာရှိအောက်မှာ နံပါတ်တစ်ပုဂ္ဂိုလ် ဖြစ်လာရင် ငါ တစ်ယောက်တည်း မဟုတ်ဘူး၊ အနန္တကမ္ဘာမှာ ပုန်းအောင်းနေတဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တွေတောင် မင်းလက်အောက် ရောက်လာလိမ့်မယ်”
ရှီတုတောက်ဟာ မျက်မှောင် ပိုကြုတ်သွားပါတယ်။ အဲဒီနောက် ရှီတုတောက်ဟာ နောက်ထပ် စကားတစ်ခွန်း မဆိုတော့ဘဲ ချက်ချင်းလှည့်ထွက်ကာ မိုးကုပ်စက်ဝိုင်းအောက်မှာ လျင်မြန်စွာ ပျောက်ကွယ်သွားပါတယ်။
ဧကရာဇ်ချန်ဟာ ခေါင်းခါလိုက်ပြီး ကောင်းကင်ဘုံ ၁၃ ဘုံမြောက်မှာ ပျောက်ကွယ်သွားပါတယ်။
နှစ်သုံးရာ ကြာပြီးနောက်…
ဟန်ကျွယ်ရဲ့ တာအိုဟောကြားမှု ပြီးဆုံးသွားတဲ့အခါမှာ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်တစ်ခုလုံး တိတ်ဆိတ်သွားပါတယ်။ တစ်သန်းကျော်တဲ့ တပည့်တွေဟာ တာအိုကို သုံးသပ်နားလည်တုန်း ရှိပါသေးတယ်။
ဟန်ကျွယ်ဟာ ဖူစန်းသစ်ပင်ဆီသွားပြီး ဖူစန်းသစ်ပင် ကြီးထွားလာမှုကို အကဲခတ်ပါတယ်။ ဖူစန်း သစ်ပင်တင် မဟုတ်ပါဘူး။ ဖူစန်းသစ်ပင်အောက်မှာရှိတဲ့ သဘာဝရတနာတွေဟာလည်း ကောင်းကောင်းမွန်မွန် ကြီးထွားလာကြပါတယ်။
အာတ ရှောင်အာနဲ့ ငရဲကြက်နက်တို့ဟာ ဖူစန်းသစ်ပင်ရဲ့ သစ်ကိုင်းတွေပေါ်မှာ တွားသွားနေကြပါတယ်။ သူတို့တွေလည်း အတော်လေး ကြီးလာကြပါပြီ။ ငရဲကြက်နက်က စကားမပြောဘူးဆိုရင် ချောမောပြီး အထင်ကြီးဖို့ ကောင်းပါတယ်။ ရွှေကျီးကန်းနှစ်ကောင်ထက် မနိမ့်ကျပါဘူး။
ဒီအတောအတွင်း တာအိုစက်ကွင်းထဲမှာရှိတဲ့ အင်မော်တယ်ချီက မလုံမလောက် ဖြစ်လာတာကို ရှာတွေ့ထားပါတယ်။ တာအိုစက်ကွင်းထဲမှာရှိတဲ့ အင်မော်တယ်ချီက ကောင်းကင်တာအိုရဲ့ ဘယ်နေရာထက်မဆို ထူထပ်သိပ်သည်းပေမဲ့ တာအိုစက်ကွင်း အရွယ်အစားက ကောင်းကင်တာအိုနဲ့တော့ ယှဉ်လို့မရပါဘူး။
နတ်မင်းအဆင့် ကျင့်ကြံသူထောင်ချီ၊ ကောင်းကင်ဘဝဂ် ကျင့်ကြံသူ လေးငါးယောက်နဲ့ ကျင့်ကြံသူတစ်သန်းကျော် ရှိတဲ့အတွက် လုံလောက်တဲ့ အင်မော်တယ်ချီကို တာအိုစက်ကွင်းက လုံလုံလောက်လောက် မထောက်ပံ့နိုင်အောင် ဖြစ်လာတာပါ။
‘တာအိုစက်ကွင်းရဲ့ အရံအတားအပြင် အထဲမှာရှိတဲ့ အင်မော်တယ်ချီ အဆင့်အတန်းကိုလည်း ငါ ထည့်တွက်မှ ဖြစ်တော့မယ်’ ဟန်ကျွယ်ဟာ စိတ်ထဲမှာ သက်ပြင်းချလိုက်ပါတယ်။
တာအိုစက်ကွင်းထဲမှာ လူနည်းနည်းပဲ ရှိမယ်ဆိုရင် ဟန်ကျွယ်ဟာ ဒီလိုပြဿနာမျိုးကို ဖြေရှင်းစရာ မလိုပါဘူး။ ဒါပေမဲ့ သက်ရှိတစ်သန်းကျော်ကို ပြုစုပြိုးထောင်တာက အကျိုးရှိသလို ဆိုးကျိုးလည်း ရှိပါတယ်။
ဒါပေမဲ့ လောလောဆယ်မှာတော့ ဒီအတိုင်းထားလို့ ရပါသေးတယ်။ တပည့်တွေရဲ့ အဆင့်ထိုးဖောက်နှုန်းက သိပ်မြန်တာ မဟုတ်တဲ့အတွက် သက်ရှိအရေအတွက်သာ ဒီထက် တိုးမလာဘူးဆိုရင် သူတို့တွေဟာ အင်မော်တယ်ချီ ပြဿနာကို ရှာတွေ့မှာ မဟုတ်ပါဘူး။
‘ငါ ဘယ်လိုလုပ်ပြီး အဲဒီလို တွေးလိုက်ရတာလဲ၊ ဒါက ငါလိုချင်တာ မဟုတ်ဘူးလား’ ဟန်ကျွယ်ဟာ ခေါင်းခါပြီး ရယ်မောလိုက်ပါတယ်။
နောက်ထပ် နှစ်လေးငါးရာဆိုရင် ဟန်ကျွယ်ဟာ အသက် ၄၀,၀၀၀ ပြည့်ပါပြီ။ အဲဒီအချိန်ကျရင် ဟန်ကျွယ်ဟာ စနစ်ဆီက လက်ဆောင်ကောင်းတွေ ရအုန်းမှာပါ။ စနစ်အဆင့်မြှင့်တင်တာကတော့ လာနိုင်ချေ နည်းပါးပေမဲ့ တာအိုစက်ကွင်း အဆင့်မြှင့်တင်တာကတော့ လာနိုင်ချေ ရှိပါတယ်။
ဟန်ကျွယ်ဟာ ဘာလက်ဆောင်တွေ ရလဲမဆိုတာကို စိတ်ထဲကနေ စနစ်ကို မေးလိုက်ပါတယ်။ ဒါပေမဲ့ စနစ်က ပြန်မဖြေပါဘူး။ ဒါကလည်း သာမန်ပါပဲ။ စနစ်က ဟန်ကျွယ်နဲ့ ဆက်သွယ်နိုင်တဲ့အထိ အသိဉာဏ် မရှိပါဘူး။
တကယ်လို့ စနစ်သာ ဟန်ကျွယ်နဲ့ ဆက်သွယ်နိုင်မယ်ဆိုရင် ဟန်ကျွယ်ဟာ မကြာခဏ စိတ်သောက ရောက်ရမှာပါ။ ကိုယ်ခန္ဓာကိုယ်မှာ နောက်ထပ်လူတစ်ယောက် ရှိနေရင် ဘယ်သူမှ ပျော်နိုင်မှာ မဟုတ်ပါဘူး။
အဲဒီနောက် ဟန်ကျွယ်ဟာ တာအိုဘုံကျောင်းကို ပြန်ပြီး ဆက်လက် ကျင့်ကြံရင်း စာစောင်တွေကို စစ်ဆေးလိုက်ပါတယ်။
[သင့်မိတ်ဆွေ ကျန်းတုကူးသည် လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]
[သင့်မိတ်ဆွေ လောကဦးယွမ်ဖီးနစ်သည် လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]
[သင့်မြေးတပည့် ဖန်းလျန်သည် ကျင့်ကြံနေစဉ်အတွင်း တာအိုဘိုးဘေးကို အိပ်မက်မြင်မက်ပြီး ကျင့်ကြံမှုများစွာ တိုးတက်သွား၏။]
[သင့်မိတ်ဆွေ ရန်ထျန်တုန်းသည် မိစ္ဆာမျိုးနွယ်စု တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၁၃၉၂၀
[သင့်မိတ်ဆွေ ဧကရီဟုတ်ထိုသည် သင့်မိတ်ဆွေ ဧကရာဇ်ရှောင်၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။]
[သင့်မိတ်ဆွေ ဟန်မင်သည် သင့်မိတ်ဆွေ လွမ်ဟွေအင်မော်တယ်ဧကရာဇ်၏ တိုက်ခိုက်မှုကို ခံရပြီး ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]
[သင့်မိတ်ဆွေ ပန်ရှင်းသည် လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]
ဟန်ကျွယ်ဟာ စာစောင်တွေကို ဆက်ဖတ်လေလေ အပြင်းအထန် ဒဏ်ရာရတဲ့သတင်းတွေကို ပိုတွေ့ရလေလေပါပဲ။ အနန္တကပ်ဘေး ထပ်စလာပြီလို့တောင် ဟန်ကျွယ် တွေးမိလိုက်ပါတယ်။
လွမ်ဟွေအင်မော်တယ်ဧကရာဇ်နဲ့ လောကဦးယွမ်ဖီးနစ်လိုမျိုး အတော်ကြာပျောက်နေတဲ့ မိတ်ဆွေတွေလည်း ပြန်ပေါ်လာပါတယ်။
ဟန်မင်ကိုတော့ ဟန်ကျွယ်ဟာ မေ့လုနီး ဖြစ်နေပါပြီ။ ဘာပဲဖြစ်ဖြစ် သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက ဖြတ်တောက်ပြီးပြီ မဟုတ်ပါလား။ ဟန်မင်က တော်တော်လေးတော့ သိတက်ပါတယ်။ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ကို လာပြီး ဟန်ကျွယ်ကို နားပူနားဆာတော့ မလုပ်ပါဘူး။
ဒါပေမဲ့ ဟန်ကျွယ်အပေါ် ထားရှိရဲ့ ဟန်မင်ရဲ့ မျက်နှာသာပေးမှုက ကြယ်ခြောက်ပွင့် ရှိနေတုန်းပါ။ ဒါကို ကြည့်ခြင်းအားဖြင့် ဟန်မင်က ဟန်ကျွယ်ကို မမေ့သလို မုန်းလည်းမမုန်းတာ သိနိုင်ပါတယ်။
ဟန်မင်ရဲ့ အရည်အချင်းသာ မဆိုးဘူးဆိုရင် ဟန်ကျွယ်ဟာ ဟန်မင်ကို ပြန်ပြီးတော့ လက်ခံပေးမှာပါ။
ဟန်ကျွယ်ဟာ ဒီအတိုင်း တွေးလိုက်တာပါ။ ဟန်ကျွယ်ဟာ ဟန်မင်က သူ့အားနည်းချက် ဖြစ်လာမှာကို မလိုချင်ပါဘူး။ ဟန်မင်တစ်ယောက်တည်း မဟုတ်ပါဘူး။ တခြားလူတွေလည်း ဒီအတိုင်းပါပဲ။ တကယ့် ဘေးကျပ်နံကျပ် ဖြစ်ပြီဆိုရင် ဟန်ကျွယ်ဟာ သူ့အတွက်ကို အရင်ဆုံး စဉ်းစားမှာပါ။
ဟန်ကျွယ်ဟာ ထာဝရအသက်အတွက် တစ်ဘဝလုံး ကြိုးစားအားထုတ်ခဲ့ရတာပါ။ အခုရနေတာတွေက လမ်းမှာ ခံစားရတဲ့ တစ်ဝက်တစ်ပျက် အသီးအပွင့်တွေပဲ ရှိပါသေးတယ်။ လမ်းဘေးမှာရှိတဲ့ အသီးအပွင့်ကို ခံစားပြီးရင် ရှေ့ဆက်လျှောက်ရမှာ ဟန်ကျွယ်ရဲ့ တာဝန်ပါ။
မကြာခင်မှာပဲ ဟန်ကျွယ်ရဲ့ အာရုံဟာ တခြားလူတွေဆီ ရောက်သွားပါတယ်။
ကံတရားတွေ များမြောင်စွာ ထွက်ပေါ်လာပြီး မဆုံးနိုင်အောင် တိုက်ခိုက်ကြပါတယ်။ ဒီလိုအချိန်မှာ လောကဦး ခရမ်းရောင်ချီသာ ပေါ်လာမယ်ဆိုရင် ပိုပြီးတော့ ဝရုန်းသုန်းကား ဖြစ်အုန်းမှာပါ။
ဟန်ကျွယ်ဟာ ဘာဆက်ဖြစ်မလဲဆိုတာကို စောင့်မျှော်ပါတယ်။
“ငါက တောင်ဘက်စွန်း ကောင်းကင်အရှင်ပဲ၊ နောက်နှစ်တစ်ရာကြာရင် ကောင်းကင်ဘုံ ၃၃ ဘုံမြောက်မှာ ငါ တာအိုဟောကြားမယ်၊ သက်ရှိအားလုံး တာအို လာနားထောင်နိုင်တယ်၊ ဒီတာအိုဟောကြားမှုက နောက်လာမဲ့ ကောင်းကင်တာအိုပညာရှိတွေကို အဆုံးအဖြတ် ပေးလိမ့်မယ်”
အသံတစ်သံဟာ လောကတစ်ခွင် ပဲ့တင်ထပ်သွားပြီး တိတ်ဆိတ်ဂိုဏ်းထဲက သက်ရှိအားလုံးကို နိုးထသွားစေပါတယ်။
ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ် ‘ဒီကောင်ကတော့ လေလုံးထွားပြန်ပြီ… သက်ရှိအကုန်လုံးကို လှည့်ဖြားဖို့ ကြိုးစားနေတာလား…’
ဟန်ကျွယ်ဟာ ဆုံးဖြတ်ရခက် ဖြစ်သွားပါတယ် ‘ငါ ဒီအခွင့်အရေးကို အသုံးချပြီး တာအိုဟောကြားနေတုန်း တောင်ဘက်စွန်း ကောင်းကင်အရှင်ကို ကျိန်စာတိုက်သင့်လား…’
‘မဖြစ်သေးဘူး… တောင်ဘက်စွန်း ကောင်းကင်အရှင်သာ ရူးသွားပြီး တာအိုနားထောင်သူတွေကို အန္တရာယ်ပြုရင် အပြစ်ကြီး ဖြစ်သွားမှာ ကျိန်းသေတယ်’
[ဧကရီနွီဝါသည် သင့်အား အိပ်မက်ပေးလို၏။ လက်ခံမည်လော။]
စာကြောင်းတစ်ကြောင်းဟာ ဟန်ကျွယ်ရှေ့မှာ ရုတ်တရက် ပေါ်လာပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။
Chapter – 529
? Views, Released on December 9, 2024