Switch Mode

Chapter – 528

အခန်း (၅၂၈) စုချီ ထိတ်လန့်ခြင်း၊ အနာဂတ်အား တွက်ချက်ခြင်း
ဘာဖြစ်လို့ ဘာဖြစ်မှန်း မသိတဲ့ စုချီဟာ ပတ်ဝန်းကျင်ကို ကြည့်လိုက်တဲ့အခါမှာ သူ့ဘေးက အနက်ရောင်အလုံးတွေကို တွေ့သွားပြီး စိတ်ထဲမှာ အလိုလို သတ်ချင်စိတ်တွေ ပေါ်လာပါတယ်။ စုချီဟာ သူစိတ်ထဲမှာ ဖြစ်ပေါ်လာတဲ့ သတ်ချင်စိတ်ကို ချက်ချင်း သတိထားမိသွားပြီး စိတ်ထဲမှာ လန့်သွားပါတယ်။
‘ငါ ဘာဖြစ်နေတာလဲ…’
စုချီဟာ သူ့စိတ်အခြေအနေကို နားမလည်နိုင်ပါဘူး။ စုချီဟာ သူပြောင်းလဲသွားတယ်လို့ ခံစားလိုက်ရတဲ့အတွက် သူ့ခန္ဓာကိုယ်ကို ပြန်ကြည့်လိုက်ပါတယ်။ စုချီရဲ့ ခန္ဓာကိုယ်ဟာ ဝိညာဉ်လိုမျိုး ဆိုပေမဲ့ သွေးတွေစီးဆင်းနေတာကို စုချီ ခံစားလို့ရပါတယ်။
“မစိုးရိမ်နဲ့… အေးအေးဆေးဆေး ကျင့်ကြံချည်၊ ငါ ဒီမှာရှိတယ်”
တရင်းတနှီးရှိတဲ့ အသံတစ်သံဟာ စုချီရဲ့ နားထဲကို ဝင်ရောက်လာပါတယ်။ ဒီအသံကြောင့် စုချီဟာ ငိုချင်စိတ် ပေါက်သွားပါတယ်။ စုချီဟာ လောကကြီးမှာ သူ့ကို ကယ်တင်မဲ့လူက သူ့ဆရာသခင်တစ်ယောက်တည်း ရှိတယ်လို့ ခံစားလိုက်ရပါတယ်။
စုချီဟာ သူ့အခြေအနေကို ချက်ချင်းပဲ မေးမြန်းလိုက်ပါတယ် “ဆရာသခင် ကျွန်တော် ဘယ်ရောက်နေတာလဲ၊ ကျွန်တော်နားမှာ ရှိနေတာတွေကို ဘာတွေလဲ”
ဟန်ကျွယ်ဟာ မဖုံးကွယ်ဘဲ ပဋိပက္ခနတ်ဘီလူး ဖန်တီးမဲ့ သူ့အစီအစဉ်ကို ပြောပြာလိုက်ပါတယ်။ ဒီအထဲမှာ စုချီက မရဏနတ်ဘီလူး ဖြစ်သွားပြီဆိုတာလည်း ပါပါတယ်။
ဟန်ကျွယ်ရဲ့ စကားဆုံးတဲ့အခါမှာတော့ စုချီဟာ ထိတ်လန့် အံအားသင့်သွားပါတယ်။
ပဋိပက္ခ နတ်ဘီလူး။
စုချီဟာ ပဋိပက္ခ နတ်ဘီလူး အကြောင်းကို ကြားဖူးပါတယ်။ ပဋိပက္ခ နတ်ဘီလူးတွေက လောကကြီး မဖြစ်ပေါ်ခင် တည်ရှိခဲ့တဲ့ တည်ရှိမှုတွေဖြစ်ပြီး ပန်းကူနတ်ဘုရားနဲ့ တစ်တန်းတည်းမှာ ရှိနေတာပါ။
‘ဆရာသခင်က ဘယ်လို တည်ရှိမှုမျိုးလဲ… ဒါမှမဟုတ် ငါ သေဆုံးတာ နှစ်တွေကြာသွားလို့ ဆရာသခင်က တာအိုရပြီး ကောင်းကင်တာအိုကို ဖိနှိပ်နိုင်တဲ့ တည်ရှိမှုတစ်ခု ဖြစ်လာတာလား…’
ဒီအတွေးကြောင့် စုချီဟာ စိတ်လှုပ်ရှားသွားပါတယ်။ ဘယ်သူမဆို ပဋိပက္ခ နတ်ဘီလူး ဖြစ်ခွင့်ရမယ်ဆိုရင် စိတ်လှုပ်ရှားကြမှာချည်းပါပဲ ‘ငါ နောက်ဆုံးတော့ ကြမ္မာဆိုးသယ်ဆောင်သူ ဘဝကနေ လွတ်မြောက်ပြီပဲ’
“ဆရာသခင်… ကျွန်တော်က ဘယ်လို နတ်ဘီလူးလဲ”
“မရဏနတ်ဘီလူး…”
“ဗျာ…” စုချီဟာ ဆွံအသွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကြမ္မာဆိုးနတ်ဘုရားနဲ့ မရဏနတ်ဘီလူးက ဘာမှ သိပ်မခြားနားလို့ပါပဲ ‘ငါ ဒီကံကြမ္မာကနေ မလွတ်မြောက်နိုင်ပါလား…’
“မစိုးရိမ်ပါနဲ့၊ မင်းက ကောင်းကင်တာအိုရဲ့ နှောင်ဖွဲ့မှုကနေ ကင်းလွတ်ပြီး မင်းစွမ်းအားကို လိုသလို ထိန်းချုပ်နိုင်ပြီ၊ အရင်လို မဖြစ်တော့ပါဘူး”
ဟန်ကျွယ်ရဲ့ နှစ်သိမ့်စကားကြောင့် စုချီရဲ့ သုန်မှုန်နေတဲ့ မျက်နှာဟာ အနည်းငယ် ကြည်လင်လာပါတယ်။ စုချီဟာ ဟန်ကျွယ်ကို ၁၀၀ ရာခိုင်နှုန်း ယုံကြည်ပါတယ်။ အဲဒီနောက် ဆရာတပည့် နှစ်ယောက်သား အချိန်အတော်ကြာအောင် စကားတွေ ပြောဖြစ်ကြပါတယ်။
အချိန်တစ်ခု ကြာသွားတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ မျက်လုံးဖွင့်ပြီး သက်ပြင်းချလိုက်ပါတယ်။ စုချီ နိုးထလာတဲ့အတွက် ဟန်ကျွယ် ရင်ထဲက ပူပန်စရာတစ်ခု လျော့ကျသွားပါတယ်။ ဟန်ကျွယ်ဟာ သူ့စမ်းသပ်မှုကြောင့် စုချီ သေသွားမှာကို စိုးရိမ်နေခဲ့တာ ကြာပါပြီ။
ကံကောင်းထောက်မစွာပဲ အခုတော့ ဘာအန္တရာယ်မှ မရှိတော့ပါဘူး။ အခုအချိန်ကစပြီး စုချီဟာ ဘဝသစ် မွေးဖွားသွားပြီလို့ ယူဆလို့ရပါတယ်။ ပဋိပက္ခ နတ်ဘီလူးအနေနဲ့ စုချီရဲ့ အရည်အချင်းဟာ လီတောက်ခုံးနဲ့ တာအိုအရှင်သခင်တို့ထက် သာလွန်သွားပါပြီ။
ဟန်ကျွယ်ဟာ ပြုံးလိုက်ပြီး ဆက်လက် ကျင့်ကြံပါတယ်။ ဟန်ကျွယ်ဟာ စုချီကိစ္စကို စုချီ တာအိုပညာရှိ မဖြစ်ခင်အထိ ဖုံးထားဖို့ စီစဉ်ထားပါတယ်။
ကောင်းကင်တာအိုပညာရှိ နေရာက အကန့်အသတ်ရှိပေမဲ့ ဟန်ကျွယ် လျှောက်တဲ့လမ်းက ကောင်းကင်တာအိုနဲ့ ဘာမှမသက်ဆိုင်ပါဘူး။ ဒါကြောင့် ကောင်းကင်တာအိုရဲ့ ထိန်းချုပ်မှုကနေ လွတ်ကင်းပါတယ်။
အချိန်ဟာ ပုံမှန်ကုန်ဆုံးပြီး နှစ် ၆၀ ကြာသွားပါတယ်။
တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ကို နောက်ထပ် ဧည့်သည်တစ်ယောက် ထပ်ရောက်လာပါတယ်။
“ဟန်ကျွယ် ငါက ဧကရာဇ်ရှောင်ရဲ့ ကိုယ်ပွားပဲ၊ တာအိုရောင်းရင်းဟန်ဆီ လာလည်တာ”
ဧကရာဇ်ရှောင်ရဲ့ အသံကို ကြားပေမဲ့ ဟန်ကျွယ်ဟာ မျက်လုံးမဖွင့်ပါဘူး ‘ဒီကောင်က ဘယ်လိုလုပ်ပြီး ငါ့ဆီကို ရောက်လာတာလဲ၊ ဘာကိစ္စတွေ ရှိနေလို့လဲ…’
ဟန်ကျွယ်ဟာ အသွင်တူလက်ရည်စမ်းပွဲကို အသုံးပြုပြီး ပထမဆုံး စစ်ဆေးလိုက်ပါတယ်။
[ဧကရာဇ်ချန်: တာအိုပညာရှိအတု ထိပ်ဆုံးအဆင့်၊ တာအိုပညာရှိ ဓမ္မကိုယ်ပွား၊ လူသားဧကရာဇ်၊ အနန္တဧကရာဇ်။]
‘အင်း… မိစ္ဆာမျိုးနွယ်စုရဲ့ တာအိုပညာရှိက လူသားဧကရာဇ်တဲ့လား’ ဟန်ကျွယ်ဟာ ဘာမှစောဒက မတက်နိုင်တော့ဘဲ အသွင်တူလက်ရည်စမ်းပွဲကို စတင်လိုက်ပါတယ်။
တစ်ချက်တည်း အသေသတ်။
တစ်ခဏ စဉ်းစားပြီးတဲ့နောက်မှာတော့ ဟန်ကျွယ်ဟာ ဧကရာဇ်ချန်ကို တာအိုဘုံကျောင်းထဲ တစ်ခါတည်း ရွှေ့ပြောင်းလိုက်ပါတယ်။ ဟန်ကျွယ်ဟာ ဧကရာဇ်ချန်ကို တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ရဲ့ အခြေအနေကို ထောက်လှမ်းခွင့် လုံးဝ မပေးပါဘူး။ တာအိုဘုံကျောင်းမှာ စနစ်ရဲ့ အရံအတား ရှိတဲ့အတွက် ဧကရာဇ်ချန်ရဲ့ နတ်အာရုံက ဘယ်လောက်ပဲ အားကောင်းအားကောင်း ထိုးဖောက်နိုင်မှာ မဟုတ်ပါဘူး။
ဧကရာဇ်ချန်ဟာ မှင်သက်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဧကရာဇ်ချန်ဟာ နတ်အာရုံကို အလိုလို ဖြန့်ကျက်မိတဲ့အခါ လျှို့ဝှက်ဆန်းကြယ်တဲ့ အတားအဆီးရဲ့ ဟန့်တားခြင်းကို ခံလိုက်ရလို့ပါပဲ။
ဧကရာဇ်ချန်ဟာ ဟန်ကျွယ်က တာအိုစက်ကွင်းထဲက အခြေအနေတွေကို ပေးမမြင်ချင်မှန်း ချက်ချင်း သဘောပေါက်လိုက်ပါတယ်။
“တာအိုပညာရှိကို ဒီနေရာကို ကိုယ်တိုင်လာတယ်ဆိုတော့ ဘာကိစ္စများရှိလို့ပါလဲ” ဟန်ကျွယ်က မေးလိုက်ပါတယ်။
ဧကရာဇ်ချန်ဟာ သင့်လျော်ရာမှာထိုင်ပြီး ပြောလိုက်ပါတယ် “ကျုပ်က တာအိုရောင်းရင်းဟန်ကို ကျုပ်တာအိုစက်ကွင်းဆီ ဖိတ်ခေါ်ချင်ပေမဲ့ တာအိုရောင်းရင်းဟန်က သတိကြီးတဲ့လူဆိုတော့ ကျုပ်ကိုယ်တိုင်ပဲ လာရတာပေါ့”
ဟန်ကျွယ်ဟာ ဘာမှမပြောဘဲ ဧကရာဇ်ချန် ဆက်ပြောမဲ့ စကားတွေကို စောင့်ပါတယ်။
ဧကရာဇ်ချန်က ဆက်ပြောပါတယ် “အမှန်အတိုင်း ပြောရရင် ကျုပ်က မိစ္ဆာမျိုးနွယ်စုရဲ့ တာအိုပညာရှိပဲ၊ ဟိုးအရင်တုန်းက တာအိုဘိုးဘေးက မိစ္ဆာမျိုးနွယ်စုပေါ် တက်နင်းပြီး တာအိုကို အရယူသွားတယ်၊ ဒါပေမဲ့ တာအိုဘိုးဘေးက မိစ္ဆာတွေအကုန်လုံးကို မသတ်ဘဲ ရှင်သန်ဖို့ အခွင့်အလမ်းတစ်ခု ပေးခဲ့တယ်၊ ဒါပေမဲ့ မိစ္ဆာမျိုးနွယ်စုက အမြဲတမ်း ဖိနှိပ်ခံရပြီး လောကကြီးမှာ ဖြစ်တဲ့ မကောင်းတဲ့ကိစ္စမှန်သမျှ မိစ္ဆာမျိုးနွယ်စု လုပ်တာလို့ အပြစ်ပုံချခံရတယ်၊ လူတိုင်းကလည်း အပြစ်အားလုံးက မိစ္ဆာမျိုးနွယ်စု လုပ်တာလို့ လက်ခံထားကြတယ်”
“တာအိုဘိုးဘေး ပျောက်သွားတော့ မိစ္ဆာမျိုးနွယ်စုရဲ့ အခြေအနေက ပိုပိုဆိုးလာတယ်၊ အခုဆို တာအိုဂိုဏ်းရဲ့ တာအိုပညာရှိလေးပါးက တစ်ခုခု ကြံနေတယ်၊ ချုံရှီလိုင်ကလည်း ရူးသွားတဲ့ တာအိုပညာရှိမင်ကျွယ်ကို လက်ခံထားတယ်၊ ဖူရှီကလည်း ချုံရှီလိုင်နဲ့ ရင်းနှီးတယ်၊ တာအိုပညာရှိတွေက အင်အားစုနှစ်ခု ကွဲနေပြီ၊ တာအိုရောင်းရင်းဟန်နဲ့ ကျုပ်သာ မပူးပေါင်းရင် တခြားတာအိုပညာရှိတွေ အလွယ်တကူ ပစ်မှတ်ထားတာကို ခံရလိမ့်မယ်”
ဟန်ကျွယ်ဟာ တိတ်ဆိတ်သွားပြီး ချက်ချင်း အဖြေပြန်မပေးပါဘူး။
တာအိုပညာရှိတွေအတွက် ဘယ်ဘက်ကို ရွေးချယ်ရမလဲဆိုတော့ တော်တော်လေး အရေးကြီးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့အကုန်လုံးက ကံတရားအထောက်အပံ့အတွက် တိုက်ခိုက်ဖို့ လိုအပ်လို့ပါပဲ။
ဒါပေမဲ့ ဟန်ကျွယ်အတွက်တော့ ကံတရား အထောက်အပံ့ကို မလိုအပ်ပါဘူး။ ဒါပေမဲ့ တာအိုပညာရှိတွေက သူ့ကို တစ်ခုခုကြံနေတဲ့အတွက် ဟန်ကျွယ်ဟာ ဒီအတိုင်းတော့ ထိုင်ကြည့်မနေနိုင်ပါဘူး။
အရင်တစ်ခေါက်ကလည်း ဂိုဏ်းချုပ်တျန်ကျွယ်ဟာ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ကို ဝိုင်းတိုက်ဖို့ သက်ရှိအားလုံဂကို အမိန့်ပေးခဲ့ပါတယ်။ ဒါ့အပြင် စန့်ချွမ်အဂ္ဂဘိုးဘေး၊ အရူးတစ်ထောင်မိစ္ဆာနဲ့ တခြားစွမ်းအားကြီးတွေပုဂ္ဂိုလ်တွေလည်း ရှိပါသေးတယ်။
“ကျုပ်က ခင်ဗျားနဲ့ ပူးပေါင်းရင် ဘာလုပ်ဖို့လိုလဲ၊ ခင်‌ဗျား အစီအစဉ်က ဘာလဲ” ဟန်ကျွယ်က မေးလိုက်ပါတယ်။
ဟန်ကျွယ်ဟာ တာအိုပညာရှိတွေကို တစ်ယောက်တည်း ရင်ဆိုင်နိုင်ပါတယ်။ ဧကရာဇ်ရှောင်နဲ့ ပူးပေါင်းတာက အလှမ်းမတော်ရင် ဟန်ကျွယ်ကို တော်တော်လေး ပြဿနာပေးနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဧကရာဇ်ရှောင်က မိစ္ဆာမျိုးနွယ်စု ဖြစ်နေလို့ပါပဲ။
ဟန်ကျွယ်ဟာ မိစ္ဆာတွေကို မုန်းတီးတာက နည်းနည်းလွန်ကဲမှန်း သိပါတယ်။ ဒါပေမဲ့ ဒီကိစ္စက ဟန်ကျွယ် ပြောင်းလဲနိုင်တဲ့ကိစ္စ မဟုတ်ပါဘူး။
ဧကရာဇ်ချန်က ပြန်ဖြေပါတယ် “လောလောဆယ်မှာ တာအိုရောင်းရင်းဟန် ဘာမှလုပ်ဖို့ မလိုဘူး၊ အင်အားစုချင်း အရှုပ်အရှင်း ဖြစ်မှသာ ကျုပ်ဘက်က ရပ်တည်ပေးပါ၊ တကယ်လို့ တာအိုရောင်းရင်းဟန် အကူအညီလိုရင်လည်း ကျုပ်က ကူညီမှာပါ”
ဟန်ကျွယ်ဟာ ဧကရာဇ်ရှောင်အပေါ် အမြင်ပြောင်းသွားပါတယ် ‘ဒီလူ မဆိုးဘူး၊ မျှမျှတတ တွေးတက်သားပဲ’ ဒါပေမဲ့ ဧကရာဇ်ရှောင်နောက်မှာ လျှို့ဝှက်ဆန်းကြယ်တဲ့ မိစ္ဆာဘိုးဘေးရှိနေတဲ့အတွက် ဟန်ကျွယ်ဟာ အလျင်စလို သဘောမတူရဲပါဘူး။
“ဒီလိုလုပ်ပါလား… ကျုပ် ပြန်စဉ်းစားအုန်းမယ်၊ တကယ်လို့ ကျုပ် တာအိုပညာရှိနဲ့ ပူးပေါင်းဖြစ်ခဲ့ရင် ခင်ဗျားနဲ့ ကျိန်းသေပေါက် ပူးပေါင်းမှာပဲ၊ အမှန်အတိုင်း ပြောရရင် တခြားတာအိုပညာရှိက ကျုပ်ကို အကောင်ကြံနေမှန်း ကျုပ် သိတယ်၊ ကျုပ် သူတို့နဲ့ မပူးပေါင်းပါဘူး၊ ဒီကိစ္စကို ခင်ဗျား စိတ်ချလို့ရပါတယ်” ဟန်ကျွယ်ဟာ အလေးအနက် ပြောလိုက်ပါတယ်။
ဧကရာဇ်ချန်ဟာ မျက်မှောင်ကြုတ်သွားပြီး ဘာမှထပ်မပြောတော့ပါဘူး။
ဒီလိုနဲ့ ဧကရာဇ်ချန်ဟာ တာအိုဘုံကျောင်းထဲရောက်ပြီး ငါးမိနစ်အကြာမှာပဲ အပြင်ဘက်ကို ပြန်ရွှေ့ပြောင်းခံလိုက်ရပါတယ်။
ဧကရာဇ်ချန် ထွက်သွားတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ရုတ်တရက် အကြံတစ်ခု ရသွားပါတယ် “နောက်ကပ်ဘေး မတိုင်ခင် ကောင်းကင်တာအို ကံတရား အထောက်အပံ့ အားအကောင်းဆုံးလူကို ငါ သိချင်တယ်” ဟန်ကျွယ်ဟာ ကောင်းကင်လျှို့ဝှက်ချက် တွက်ချက်မှု လုပ်ဆောင်ချက်ကို ထပ်သုံးလိုက်ပါတယ်။
[သက်တမ်း ၄ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
‘၄ ဘီလီယံတည်းလား…’
ဆက်တွက်မယ်။
ဟန်ကျွယ် စိတ်ထဲမှာ ရုပ်သွင်တစ်ခုပေါ်လာပါတယ်။
ချုံရှီလိုင်။
ဟန်ကျွယ်ဟာ မျက်ခုံးပင့်တက်သွားပါတယ် ‘ဘယ်လိုလုပ်ပြီး ဒီကောင် ဖြစ်နေတာလဲ၊ ကောင်းကင်တာအိုက သူ့ကို ပံ့ပိုးပေးလို့လား… ငါက ကံတရား အထောက်အပံ့အတွက် တိုက်ခိုက်ချင်နေပြီလေ၊ ဘယ်လိုလုပ်ပြီး ငါ မဖြစ်ရတာလဲ’ ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။
“နောက်ကပ်ဘေး စရင် ငါနဲ့ ချုံရှီလိုင်ရဲ့ ဆက်ဆံရေးက ဘယ်လိုဖြစ်နေမလဲ”
[သင်သည် တာအိုပညာရှိ ဖြစ်နေပြီဖြစ်သဖြင့် သင့်ကိုယ်သင့် ထပ်မံ မတွက်ချက်နိုင်တော့ပါ။ သို့မဟုတ်ပါက ကံတရား ပြောင်းပြန်လှန်ပြီး မဟာတာအိုက သင့်ကို ငြင်းဆန်လိမ့်မည်။]
‘တွက်လို့မရတော့ဘူး…’ ဟန်ကျွယ်ဟာ စိတ်ပျက်သွားပါတယ်။
“ဒါဆိုရင်လည်း ငါ့ရဲ့ တိတ်ဆိတ်ဂိုဏ်းက နောက်ကပ်ဘေးမတိုင်ခင်မှာ ဘယ်လိုဖြစ်နေလဲဆိုတာကို သိချင်တယ်”
[သက်တမ်း ၁၀ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
ဟန်ကျွယ်ဟာ ပုံရိပ်ယောင်ထဲ ဝင်သွားပါတယ်။ ဟန်ကျွယ် မျက်လုံး ပြန်ဖွင့်လိုက်တဲ့အခါ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ဆီ ရောက်နေတာကို တွေ့လိုက်ရပါတယ်။
ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်က ဖုန်းဆိုးမြေ ဖြစ်နေလို့ပါပဲ။ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ် တစ်ခုလုံး လူသူကင်းမဲ့နေပြီး ဖူစန်းသစ်ပင်ကလည်း အရိပ်အယောင်တောင် မတွေ့ရပါဘူး။
‘ငါက အနာဂတ်မှာ တာအိုစက်ကွင်းကို ရွှေ့လိုက်တာလား…’ ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပြီး သူ့အတွေးက ဖြစ်နိုင်တယ်လို့ ခံစားလိုက်ရပါတယ်။ ဒီအချိန်မှာပဲ ဟန်ကျွယ်ဟာ ဖုန်ဆိုးမြေပေါ်မှာ ရပ်နေတဲ့ ရုပ်သွင်တစ်ခုကို တွေ့လိုက်ရပါတယ်။
ဟန်ကျွယ် သေချာကြည့်လိုက်တဲ့အခါ ဒီရုပ်သွင်က လီတောက်ခုံး ဖြစ်နေမှန်း တွေ့လိုက်ရပါတယ်။ လီတောက်ခုံးဟာ သူ့ဓားကို လက်တစ်ဖက်တည်းနဲ့ ကိုင်ထားပြီး ဆံပင်တွေကလည်း ဖွာလန်ကျဲကာ ကောင်းကင်ကို မော့ကြည့်နေပါတယ်။
ကြက်သွေးရောင်သမ်းတဲ့ ကောင်းကင်ပြင်ဟာ ကမ္ဘာအဆုံးသတ်ကို ရောက်တော့မဲ့ အတိုင်းပါပဲ။ တိမ်လွှာတွေရဲ့ အပေါ်မှာ စွမ်းအားကြီးပုဂ္ဂိုလ်ခြောက်ပါး မတ်တတ်ရပ်နေပါတယ်။ ဒီစွမ်းအားကြီးပုဂ္ဂိုလ်ခြောက်ပါးက တောင်ဘက်စွန်း ကောင်းကင်အရှင်၊ ဂိုဏ်းချုပ်တျန်ကျွယ်၊ တာအိုပညာရှိကျင်းအန်း၊ ချုံရှီလိုင်၊ ဖူရှီနဲ့ တာအိုပညာရှိမင်ကျွယ်တို့ ဖြစ်ပါတယ်။
တောင်ဘက်စွန်း ကောင်းကင်အရှင်ဟာ နှာခေါင်းရှုံ့လိုက်ပါတယ် “တိတ်ဆိတ်ဂိုဏ်းက မရှိတော့ဘူး၊ မင်းတို့ရဲ့ ဂိုဏ်းချုပ်ကလည်း ကောင်းကင်တာအို ဟန့်တားတာကို ခံနေရတယ်၊ လီတောက်ခုံး… ငါ မင်းကို နောက်ထပ် အခွင့်အရေးပေးမယ်၊ ဒူးထောက်လိုက်…”
မြန်မာပြည် ငြိမ်းချမ်းပါစေ။

Comment

Leave a Reply

Options

not work with dark mode
Reset