Chapter – 72
“နတ်လက်များအဖွဲ့”
ရဲရှောင် စိတ်ထဲ တစ်မျိုး ဖြစ်သွားသည်။
“အိမ်ရှေ့မင်းသား ဟုတ်လား . . . မင်းကရော ဘယ်သူလဲ မူမျိုးနွယ်ကလား . . .”
ရဲရှောင် မေးလိုက်လေသည်။
“မဟုတ်ပါဘူး . . . ငါတို့က အရှေ့တော်ဝင်နန်းတော်က အစောင့်တွေပါ။ ငါတို့ ၄ ယောက် . . .”
ထိုလူသည် စကားပြောဖို့ပင် အနိုင်နိုင်ဖြစ်နေသည့် ပုံပါပင်။ ထို့နောက် ခပ်ညည်းညည်း လေသံ ဖြင့် –
“ကျေး . . . ကျေးဇူးပြုပြီး ငါ့ကို အမြန်သေခွင့်ပေးပါ . . .”
ရဲရှောင်၏ မျက်လုံးများ ခံစားချက်မဲ့သလို ဖြစ်သွားပြီး လေသံတီးတိုးဖြင့် –
“အရှေ့တော်ဝင်နန်းတော်က အစောင့် . . . အိမ်ရှေ့မင်းသား . . .”
. . . . . .
ရဲရှောင် ထိုစကားလုံးကိုပဲ သုံးကြိမ်တိတိ အပြန်ပြန် အလှန်လှန် ရေရွတ်နေမိသည်။
သူလည်း ပုန်းအောင်းနေသည့် နေရာမှ ထွက်လာလိုက်သည်။ ကြမ်းပြင်တွင်တော့ ရန်သူမှာ လဲလျောင်းလျက် ရှိနေပြီး တစ်ချက်ပြုံးလိုက်ကာ –
“အခုမှပဲ ငြိမ်းချမ်းသွားပြီ . . .”
သူ၏ ပုံစံမှာ အလွန်ကို ကျေးဇူးတင်နေပုံပါပင်။
ကောင်းကောင်းသေရခြင်းကိုပင်လျှင် ကျေးဇူးတင်နေခြင်း ဖြစ်သည်။
“အိမ်ရှေ့မင်းသားရဲ့ နန်းတော်က . . .”
ရဲရှောင် လမ်းလျှောက်နေရင်း စိတ်ထဲ အတွေးနယ်ချဲ့နေမိသည်။
ထိုအချိန်မှာပဲ ရဲတင်းလှသည့် အတွေးအခေါ်တစ်ခု သူ့ခေါင်းထဲ ၀င်ရောက်လာသည်။
(အိမ်ရှေ့မင်းသားရဲ နန်းတော်ထဲကို ခိုးဝင်ပြီး အသုံးမကျတဲ့ လင်မယားကို ဘာကြောင့် မသတ်နိုင် ရမှာလဲ . . .)
. . . . . .
ယခုအခါ ရဲရှောင် စိတ်လက်ပေါ့ပါးလျက် ရှိနေလေသည်။ လေပြည်လေညှင်းများကို ရှူရှိုက်ရင်း သာယာမှုကို ခံစားနေလေ၏။
သူ့ကို မြင်တွေ့သွားကြသည့် လူတိုင်း၏ စိတ်ထဲမှာတော့ ရူးသွားပြီလားဟုပင် ထင်မြင်နေကြပါ တော့သည်။
(သခင်လေးက ဒီလိုလမ်းပေါ်မှာ ပစ္စည်းဝယ်ဘာဝယ် တစ်ခါမှ မထွက်ဖူးပါဘူး၊ အခုကျတော့ ဒီကို ရောက်နေတယ်။ နောက်ပြီး ဟိုလူတွေ သုံးယောက်ကလည်း ဘယ်လိုလုပ်ပြီး သေသွားတာပါလိမ့်၊ တစ်ယောက်ကလည်း ပျောက်နေတယ် ပြောကြတယ်။ အဲဒီလူကရော သေပြီလား မသိဘူး၊ သူ ဘယ်ရောက်နေပါလိမ့် . . .)
သိပ်မကြာမီမှာပဲ အုပ်ချုပ်ရေးပိုင်းမှ လူများ ရောက်ရှိလာကြသည်။ အနည်းငယ် စုံစမ်း စစ်ဆေးမှု များ ပြုလုပ်ပြီးသည့် နောက်တွင်တော့ သေဆုံးသွားကြသည့် အလောင်း ၃ လောင်းကို ယူဆောင်ကာ ထွက်ခွာသွားကြလေသည်။ အနီးတဝိုက်ရှိ လူများကိုလည်း စစ်ဆေးမေးမြန်းရန်အတွက် ခေါ်ဆောင်သွား ကြပါသည်။ အဆိုပါ လူများမှာ အခင်းဖြစ်ပွားရာ အနီးနားရှိ လူများနှင့် ဆိုင်ခန်းများ၏ ဆိုင်ရှင်များပင် ဖြစ်ကြပါသည်။
ထိုကိစ္စများ ဖြစ်ပျက်ပြီးသွားသည့် နောက်တွင်တော့ လမ်းမထက်တွင် လူများ ရှင်းလင်းသွားကြ၏။ ဈေးဆိုင်များကို ဖွင့်လှစ်ရောင်ချနေကြသည့် ဆိုင်ရှင်များမှအပ မည်သူမျှကို မရှိတော့ချေ။ ခေါ်ဆောင်ခြင်း ခံသွားရသည့် ဆိုင်ရှင်များမှာ တစ်စုံတစ်ရာ ပတ်သက်ခြင်း မရှိသော်လည်း မျက်မြင်သက်သေ အနေဖြင့် ခေါ်သွားခြင်းသာ ဖြစ်ပါတော့သည်။
ထိုကဲ့သို့ ခေါ်ဆောင်သွားခံကြရသည့်အတွက် အလုပ်ပျက် အကိုင်ပျက်ဖြစ်ကာ ကံဆိုးသွားသည် ဟုပင် ပြောရမည် ဖြစ်သည်။
နတ်လက်များ အဖွဲ့တွင် လူ ၁၂ ယောက် ပါဝင်သော်လည်း ၆ ယောက်ကိုတော့ စုံစမ်း စစ်ဆေးရန် အတွက် ခေါ်ဆောင်သွားခြင်း ခံကြရလေသည်။
နတ်လက်များအဖွဲ့သည့် အင်အားကြီး အဖွဲ့တစ်ခုဖြစ်ပြီး သူတို့၏ လက်နက်ပစ္စည်များအား စောင့်ကြပ်စေရန်အတွက် အကုန်မခေါ်သွားဘဲ ခြောက်ယောက်သာ ခေါ်ဆောင်သွားခြင်း ဖြစ်လေသည်။ အရေးမပါသည့် အဖွဲ့အစည်းတစ်ခုသာ ဖြစ်မည် ဆိုပါက ၁၂ ယောက်လုံးကို ခေါ်ဆောင်သွားကြမည် ဖြစ်၏။ ဒါ့အပြင် သူတို့၏ လက်နက်ပစ္စည်းများကိုပင် သက်သေခံပစ္စည်းများကဲ့သို့ နိုင်ငံတော် ဘဏ္ဍာအဖြစ် သိမ်းဆည်းကောင်း သိမ်းဆည်းကြမည် ဖြစ်သည်။
ရဲရှောင်ကတော့ လမ်းလျှောက်လျက် ရှိနေတုန်းပင်။ ထို့နောက်တွင်တော့ နတ်လက်များအဖွဲ့ရှိရာ အဆောက်အဦးထဲသို့ ၀င်ရောက်သွားပါတော့သည်။
လူသတ်မှု ဖြစ်ပွားပြီးနောက် လမ်းပေါ်ရှိလူများ ချက်ချင်း ပျောက်ကွယ်သွားကြသဖြင့် ၀ယ်သူ မရှိ ဖြစ်နေသည့် အချိန်တွင် သခင်လေးရဲ ရောက်ရှိလာခြင်းပင် ဖြစ်သည်။
နတ်လက်များအဖွဲ့၏ ခေါင်းဆောင်ဖြစ်သူမှာ သူ၏ ကံဆိုးမှုအတွက် မကျေမနပ် ဖြစ်နေခဲ့ပြီး သူ့လူ အချို့ကိုပင် အုပ်ချုပ်ရေးအဖွဲ့များထံ စေလွှတ်ကာ ယခုကိစ္စ၏ တရားခံကို စုံစမ်းစေခဲ့ပါသည်။ ထိုအချိန် တွင် ဧည့်သည်တစ်ဦး ၀င်ရောက်လာသည်ကို တွေ့လိုက်ရသောအခါ အနည်းငယ်ပင် ကြောင်အမ်းအမ်း ဖြစ်သွားလေ၏။ သို့သော်လည်း အရောင်းလုပ်ငန်းတွင် အတွေ့အကြုံ ရင့်ကျက်သူ တစ်ဦးပီပီ သူ၏ နှုတ်မှ ချက်ချင်းပင် –
“သခင်လေး . . . ဘာများ အလိုရှိပါသလဲ . . .”
ယခုကဲ့သို့ ရှုပ်ထွေးပြီး မတည်ငြိမ်ဖြစ်ကာ လူသူကင်းမဲ့သွားသည့် အခြေအနေတွင် ရဲရှောင် ၀င်ရောက်လာသည်ကို တွေ့လိုက်ရခြင်းကို မည်သူမျှ မအံ့သြဘဲ နေနိုင်မည် မဟုတ်ပေ။
ရဲရှောင် သူ၏ လက်များကို ဝေ့ယမ်းပြလိုက်ပြီး –
“အပိုတွေ မေးမနေပါနဲ့တော့ဗျာ . . . ကျုပ်က လက်နက်ပစ္စည်း ရောင်းတဲ့ နေရာကို ခဲတံတို့ စာရွက်တို့ လာဝယ်ရမှာလား . . . ဓားကောင်းကောင်းလေးများ ရှိသလား၊ လက်နက်ကောင်းကောင်း၊ သံကောင်းကောင်း၊ အားလုံး ရှိတာသာ ထုတ်ပြဗျာ . . .”
ထိုကဲ့သို့ ပြောနေရင်းဖြင့် သူ့ရင်ဘတ်ကိုသူ ပုတ်ပြလိုက်ရင်း –
“ခင်ဗျားတို့တော့ ဒီနေ့ ကံကောင်းတာပဲ၊ ကျုပ်မှာ ငွေစ အပြည့်ပါတယ် . . .”
မုတ်ဆိတ်မွှေးများကို ပွတ်သပ်နေသည့် ဆိုင်ရှင်ဖြစ်သူမှာ ကြောင်ငေးသွားမိသည်။
နတ်လက်များ အဖွဲ့သို့ လက်နက် လာရောက် ၀ယ်ယူကြသည့် လူအားလုံးသည် လာရောက်ကြသည့် အခါတိုင်း သူတို့ကိုယ်သူတို့ နှိမ့်ချကာ ဆက်ဆံလေ့ ရှိကြသည်။ အမြဲတမ်းလိုလို “ကျေးဇူးပြု၍ ထုတ်ပေးပါဦး ယူပေးပါဦး” စသဖြင့် ပြောလေ့ ရှိခဲ့ကြသည်။ ယခုကဲ့သို့ ဆက်ဆံသောသူမျိုး အား မကြုံစဖူး တွေ့ကြုံနေကြရခြင်းပင် ဖြစ်ပါသည်။
(မင်းကိုယ်မင်း ငွေစတွေ အပြည့်ပါတယ်လို့ ပြောတော့ ငါတို့က ဈေးပိုတင်မှာကို မင်းမကြောက်ဘူး လား . . . နောက်ပြီး မင်းကိုယ်မင်းလည်း အဲဒီလောက်ထိ ဘ၀င်မမြင့်သင့်ဘူး . . .)
“မင်းဘာလိုချင်တာလဲ ဆိုတာကို အရင်မေးပါရစေဦး . . . ခုခံကာကွယ်ဖို့အတွက် ဓားရှည်လား၊ ဓားမြှောင်လား . . . ဒါမှမဟုတ် တိုက်ပွဲကြီးတွေမှာ သုံးတဲ့ လှံလို အသွားပါတာမျိုးလား၊ ဒါမှမဟုတ် သေးငယ်ပြီးတော့ ခန္ဓာကိုယ်ထဲမှာ ဖွက်ထားလို့ရတဲ့ လက်နက်ပုန်းမျိုးလား . . .”
ဆိုင်ရှင်မှာ ရဲရှောင်ဖြစ်သူအား အရူးတစ်ယောက်ကဲ့သို့ ရှင်းပြနေလေ၏။
တခြားလူများမှာလည်း ကြောင်ငေးလျက် ရှိနေလေသည်။ အဘယ်ကြောင့်ဆိုသော် ဆိုင်ရှင်ကိုယ် တိုင် ယခုကဲ့သို့ ရောင်းနေတာမျိုး မမြင်တွေ့ဖူးလို့ပင်ဖြစ်သည်။
“လက်နက်ကြီးတွေက ကျုပ်သုံးနေတဲ့ ပုံစံမဟုတ်ဘူး၊ အဲဒါကြောင့် ဘာမှ မယူဘူး . . . ဓားမြှောင် နှစ်ချောင်းနဲ့ ဓားရှည် ၂ လက်သာ ထုတ်ပေးပါ။ အရှည်က သံကိုတောင်မှ ရွှံ့တုံးလို ပြတ်နိုင်တဲ့ အစွမ်း သတ္တိမျိုး ရှိရမယ်၊၊ အတိုကျတော့လည်း ပေါ့ပါးပြီး အပ်လို ပါးလွှာရမယ်၊ မြန်မြန်သာထုတ်ပေး၊ နောက်ပြီး အတိုကလည်း အရှည်လိုပဲ သံကို တိခနဲ ဖြတ်နိုင်ရမယ်နော် . . .”
ရဲရှောင် လက်ကို ဝေ့ယမ်းပြီး ပြောလိုက်သည်။
ဆိုင်ရှင်ဖြစ်သူ မျက်နှာမဲ့သွားသည်။ သူ့စိတ်ထဲမှာတော့ ရဲရှောင်ကို ကန်ထုတ်ပစ်ချင်နေမိပါသည်။
(မင်းက ၀ယ်ရော ၀ယ်နိုင်ရဲ့လား . . . မင်းက ငတုံးတစ်ယောက် ဖြစ်တယ် ဆိုရင်တောင်မှ ကိုယ့်ကို ဈေးတင်အောင် ဒီလိုတွေ ပြောမနေသင့်ဘူး . . .
သံကို ရွှံ့လို ဖြတ်နိုင်ရမယ် ဟုတ်လား . . . ဒီစကားကလွဲပြီး မင်းတခြားကို မပြောတတ်တော့ဘူး ထင်တယ်။ နောက်ပြီး ဓားရဲ့ ပါးလွှာမှုကို ခိုင်းနှိုင်းဖို့ အပ်ကို သုံးရတယ်လို့ကွာ . . . အဲဒီလို လက်နက်မျိုး တွေက ၀ယ်သူစိတ်ကြိုက် လုပ်ပေးရတာ မဟုတ်ဘူး၊ စံတစ်ခုနဲ့ လုပ်ပေးရတာ . . .)
သူ့စိတ်ထဲမှ ဒေါသများအား ချိုးနှိမ်ရင်း အလယ်အလတ်အဆင့်အတန်းရှိသည့် ဓား ၂ ချောင်းအား ထုတ်ပြလိုက်လေသည်။
(ဒီကောင်လေးက အသုံးမကျတဲ့ သခင်လေးပါ . . . တကယ့်လက်နက်အစစ်ပေးလိုက်ရင် အလကားဖြစ်ကုန်မှာ . . .)
“ဘယ်လိုတောင်လဲ . . .”
ရဲရှောင် ဓားတစ်ချောင်းကို ကောက်ကိုင်လိုက်သည်။ လက်ချောင်းလေး ၂ ချောင်းဖြင့် ဓားထိပ်ဖျား ကို ညှပ်လိုက်ပြီး နောက်လက် ၂ ချောင်းဖြင့် နောက်အစွန်းတစ်ဖက်ကို ညှပ်ကာ အေးအေးဆေးဆေးပင် ခေါက်ရိုးချိုးလိုက်သည်။
ဓားမှာ ကွေးညွှတ်သွားပြီး ကွေးညွှတ်နေချိန်တွင် အက်ကွဲသံလို အသံများ ထွက်ပေါ်လာလေ၏။ ရဲရှောင်လည်း သက်ပြင်းတစ်ချက်ချကာ စိတ်ပျက်သွားဟန်ဖြင့် –
“ဒီဓားက အရည်အသွေးမကောင်းဘူး၊ ဟိုတစ်ခုလည်း အတူတူပဲနေမှာ၊ ဆန့်နိုင်ကျုံ့နိုင်တဲ့အားနဲ့ ရုန်းအားက သာမန်ထက်ကို နိမ့်ကျနေတယ်။ ကျုပ်က နည်းနည်းလေးပဲ ကွေးကြည့်ရုံ ကွေးလိုက်တာ၊ အခုလို ဖြစ်သွားတာသာ ကြည့်တော့ စိတ်ပျက်စရာပဲ . . .”
ဆိုင်ရှင်ဖြစ်သူ ကြောင်သွားသည်။
(ငါထုတ်ပေးတဲ့ ဓား ၂ ချောင်းလုံးက အလယ်အလတ်အဆင့်အတန်းရှိတဲ့ ဓားတွေပါ . . . ဒါပေမဲ့ သာမန်လူတစ်ယောက်အနေနဲ့ အခု သူလုပ်သလို ဘယ်လိုမှ လုပ်နိုင်မှာ မဟုတ်ဘူး၊ လက်ချောင်းလေး ၄ ချောင်းနဲ့ ဓားကို ကွေးညွှတ်အောင် လုပ်လိုက်တာ သူကတကယ်ပဲ အဆင့်မြင့်ပညာရှင် ဖြစ်နေပြီလား)
ထိုအခြင်းအရာကို စဉ်းစားရင်း ဆိုင်ရှင်ဖြစ်သူမှာ ချွေးပြန်လာလေသည်။ ချက်ချင်းပင် အဆင့်မြင့် လက်နက်များအား ထုတ်ပြလိုက်၏။
ရဲရှောင်တစ်ခုကို ကြည့်လိုက်ရင်း ခေါင်းခါယမ်းလိုက်သည်။ ထို့နောက် နောက်တစ်ခုကိုကြည့်ကာ ခေါင်းကို ခါယမ်းလိုက်ပြန်သည်။ တစ်ခုပြီးတစ်ခုကြည့်ပြီးနောက် စိတ်ပျက်အားလျော့သွားသည့်ဟန်ဖြင့် –
“ရှိသေးလား . . .”
“မရှိတော့ဘူး . . .”
“နတ်လက်များဆိုတဲ့ နာမည်က မြို့တော်တစ်ခုလုံးကိုတောင် အုန်းအုန်းကြွကြွ ဖြစ်စေခဲ့တယ်။ ဒါပေမဲ့ ဒီနေ့ ကျုပ်မြင်တွေ့ရသလောက်ကတော့ အဲဒီလောက်ထိ နာမည်ကြီးရလောက်အောင်လည်း ဘာမှ ထူးထူးခြားခြား မတွေ့ပါလား . . . အဲဒါကိုတောင် နတ်လက်များလို့ ခေါ်နိုင်သေးတယ်ပေါ့ . . .”
ရဲရှောင် မျက်မှောင်ကြုတ်၍ အထင်သေးဟန်ဖြင့် ပြောလိုက်သည်။
“ဒီလို သတ္တုပစ္စည်းတွေက ကျုပ်ရဲ့အိမ်က မီးဖိုချောင်ထဲက ဓားတွေထက် နည်းနည်းလေး မဆိုသလောက် ပိုကောင်းရုံပဲ ရှိတယ်။ “နတ်” ဆိုတဲ့အဆင့်ကို တကယ်ခေါ်ဖို့ မထိုက်တန်ဘူး . . .”
ဆိုင်ရှင်လည်း ထိုကဲ့သို့ ပြောခံလိုက်ရသောအခါ ချက်ချင်းပင် –
“သခင်လေး . . . ကျုပ်ဆိုင်က ပစ္စည်းတွေ အားလုံးက တကယ့်နတ်လက်များ ပန်းပဲဖိုကနေ လုပ်ထားတာပါ။ မင်းအနေနဲ့ ဒါတွေကို မကောင်းဘူးထင်တယ် ဆိုပေမဲ့ ဘယ်သူမှ ငါတို့ ပစ္စည်းတွေနဲ့ ပတ်သက်ပြီး မကျေမနပ် မရှိခဲ့ဖူးပါဘူး . . .”
ဆိုင်ရှင်၏ စကားလုံးများသည် နှိမ့်ချပြောဆိုခြင်း မဟုတ်သလို ဂုဏ်မောက် ပြောဆိုခြင်းလည်း မဟုတ်ပေ။ ရဲရှောင်အား ဆန့်ကျင်ခြင်းမရှိသလို နှိမ့်ချပြောဆိုလိုက်ခြင်းလည်း မဟုတ်ဘဲ စိတ်ထဲရှိသည့် အတိုင်းသာ ပြောလိုက်ခြင်း ဖြစ်လေသည်။
ရဲရှောင် နှုတ်ခမ်းကို မဲ့လိုက်ပြီးနောက် ဓားတစ်ချောင်းအား ကောက်ယူကာ –
“ဘာမှ စိတ်ဝင်စားစရာ မည်မည်ရရ မရှိဘူး . . . ကဲ ဒီဓားအကြောင်း ပြောကြရအောင်၊ တိမ်တိုက်လို အကွက်တွေကို ထွင်းထုထားပြီးတော့ ဝိညာဉ်တော်အလင်းတွေကို အထဲမှာ ထည့်သွင်းပေး ထားတယ်။ အကြမ်းခံတဲ့ သံမဏိကနေ လုပ်ထားတယ်။ ဓားက နဂိုအခြေအနေမှာကို ကြောက်စရာ အငွေ့အသက်တွေကို ပေးစွမ်းနိုင်စွမ်းရှိတယ်။ အလင်းရောင်လည်း တောက်ပနိုင်စွမ်းရှိတယ်။ လက်နက်ရဲ့ အပြင်အဆင် အနေအထားကို ပြောရမယ်ဆိုရင် တကယ့်ကို လက်နက်တွေရဲ့ ဘုရင်တစ်ပါး လိုပဲ ထင်မှတ်စရာရှိတယ်။ ကျုပ်ခန့်မှန်းကြည့်ရသလောက်တော့ ဒါက ခင်ဗျားတို့ဆိုင်ရဲ့ ဂုဏ်ယူရတဲ့ အရာ ဟုတ်တယ်မလား . . .”
ဆိုင်ရှင်မှာ ခေါင်းညိတ်လိုက်ပြီး ဂုဏ်ယူဟန်ဖြင့် –
“ဟုတ်တယ် . . . ဒီဓားရဲ့ နာမည်က ဓားဘုရင် တဲ့ . . .”
“ဖွီ . . .”
ရဲရှောင်လည်း ဆိုင်ရှင်ပြောသည်ကို ကြားသောအခါ တံတွေးတစ်ချက် ထွေးလိုက်ရင်း –
“ဒီဓားက ကိုင်လို့ကောင်းတယ်၊ အပြစ်အနာအဆာ မရှိဘူး၊ အကြိမ်ရာပေါင်းများစွာ သမမျှတအောင် လုပ်ထားတဲ့အတွက် အရမ်းကို ထက်ရှတယ်။ ဒါပေမဲ့ ဓားတစ်ချောင်းရဲ့ အနှစ်သာရနဲ့ အဓိပ္ပါယ် ပျောက်ဆုံးနေတယ်။ သာမန်လက်နက်တစ်ခုနဲ့ ရင်ဆိုင်တိုက်ခိုက်တဲ့ နေရာမှာတော့ တစ်ဖက်က ဓားကို ရွှံ့တုံးတစ်တုံးလိုပဲ ခုတ်ဖြတ်နိုင်လိမ့်မယ်။ ဒါပေမဲ့ တကယ့်အစစ်မှန် ပညာရှင်နဲ့တွေ့တဲ့အခါ . . . အဲဒီပညာရှင်ရဲ့ လက်နက်က အထူးသဖြင့် ထင်ရှားကျော်ကြားလှပါချည်ရဲ့ ဆိုတဲ့ ပညာရှင်တစ်ယောက်ရဲ့ လက်နက်က သာမန် ဖြစ်နိုင်ပါ့မလား . . . ဓားအချင်းချင်း ထိတွေ့တာ သုံးခါ မကျော်ခင်မှာပဲ ခင်ဗျားရဲ့ ဓားက အနားတွေ ဖွာလာလိမ့်မယ်။ ဒါက ပထမအမှားပဲ၊ ချွန်ထက်လွန်းတာကလည်း ဓားသွားကို ပါးသွား စေတယ်လေ . . .”
“ဒုတိယကတော့ နောက်ပြီး အရမ်းကို ပေါ့ပါးနေတယ်။ အလေးချိန် မရှိသလောက် နီးပါးပဲ။ ဓားတစ်ချောင်းက ပေါ့ပါးတာ ကောင်းပါတယ်။ ဒါပေမဲ့လည်း အလွန်အကျွံတော့ မကောင်းလှဘူး၊ ဒီဓားက ကြည့်လိုက်ရင် အသိသာကြီးပဲ၊ နည်းနည်းလောက် တိုက်ခိုက်လိုက်တာနဲ့ ကျိုးဖို့များတယ်။ အဲဒီလို ပေါ့ပါးလွန်းပြီး ကျိုးလွယ်နေတာက ဒုတိယ အမှားပဲ . . .”
“တတိယ အမှားကို ပြောမယ် . . . အလွန်အကျွံကို သမမျှတအောင် ထုရိုက်ထားတော့ မသန့်စင် တဲ့ အညစ်အကြေးတွေ သတ္တုထဲကို ရောနှောသွားလိမ့်မယ်။ အပြင်ပိုင်းမှာ ပြည့်စုံကောင်းမွန်ပုံ ပေါ်ပေမဲ့ တကယ်တော့ အထဲက မသန့်စင်မှုတွေကို ဖယ်ရှားဖို့က မဖြစ်နိုင်တော့ဘူး၊ ဒီလိုဓားကိုများ နတ်ဓားလို့ ဘယ်လိုများ ခေါ်နိုင်ဦးမှာလဲ . . .”
ရဲရှောင် ခနဲ့တဲ့တဲ့ လေသံဖြင့် ဆက်လက်၍ –
“မသန့်စင်မှုတွေနဲ့ ဓားတစ်ချောင်းက ဘယ်တော့မှ ဓားရဲ့ပိုင်ရှင်စိတ်နဲ့ မဆက်သွယ်နိုင်ဘူး၊ သွေးဘယ်လောက်များများကို ဖောက်ထုတ်ထုတ် လိုအပ်နေတုန်းမှာ အမှန်ပဲ . . .”
“ဒီဓားက လှပတဲ့ သာမန်သတ္တုချောင်းတစ်ခုဆို ပိုမှန်လိမ့်မယ်။ အဲဒါကိုများ ခင်ဗျားတို့က နတ်ဓား လို့ ခေါ်နေသေးတယ်နော် . . .”
ရဲရှောင် ပြုံးကာ ပြောလိုက်သည်။
“တကယ်ကို အဆင့်မမီဘူး . . . ပညာရှင်တိုင်း အထူးသဖြင့် ထိပ်တန်း ပညာရှင်ကြီးတိုင်းက သူတို့ရဲ့ တစ်ဘ၀လုံး ကိုင်ဆောင်နိုင်မဲ့ လက်နက်မျိုးကို ရွေးချယ် ၀ယ်ယူလေ့ ရှိကြတယ်။ သူ့ရဲ့ အသက်သွေးကြောဆိုလည်း မမှားဘူးလေ။ ဘာလို့လဲဆိုတော့ သူတို့ဟာ အဲဒီလက်နက်နဲ့ တိုက်ပွဲပေါင်း များစွာကို ကျော်ဖြတ်ကြရမှာကိုး . . .”
“အဲဒါကြောင့်ပဲ ဓားကို ကိုင်မြောက်နိုင်သ၍ အသက်ရှင်နိုင်မယ်၊ ဓားပြုတ်ကျသွားတာနဲ့ သေလိမ့် မယ် ဆိုတဲ့ စကား ဖြစ်လာတာပဲ . . .”
ရဲရှောင် ပြောလိုက်ပြန်သည်။
“ဓားတစ်ချောင်းက ပိုင်ရှင်ရဲ့ စိတ်ဝိညာဉ်နဲ့ ပေါင်းစပ်တဲ့အခါ ဓားထုတ်လိုက်တယ် ဆိုတာနဲ့ လူတစ်ယောက် သေကိုသေရတယ်။ အဲဒါဟာ ကျိန်စာရယ်လို့မဟုတ်ဘူး၊ အမှန်တရား တစ်ခုပဲ . . .”
ရဲရှောင် အေးစက်စက် ပြုံးရင်း လက်နောက်ပစ်ကာဖြင့် –
“ကျုပ်လည်း စကားတွေ အများကြီး ပြောလိုက်ရပြီ။ ခင်ဗျားတုိ့ကို တစ်ခု ပြောချင်တာက ခင်ဗျားတို့အနေနဲ့ ဓားလုပ်ငန်းနဲ့ အသက်မွေးနေမယ်ဆိုရင် ဒီပုံစံနဲ့တော့ ကောင်းကင်အဆင့် ပညာရှင်ကြီး တွေ ခင်ဗျားတို့ဆီက ဘာမှ ၀ယ်မှာ မဟုတ်ဘူးဆိုတာ ကျုပ်ရဲရဲကြီး ပြောရဲတယ် . . .”
“ဘာလို့လဲဆိုတော့ အဲဒီအဆင့်ကျရင် ပညာရှင်တွေက ထက်မြတဲ့ လက်နက်မျိုးကို မရှာတော့ဘူး၊ သူတို့ရဲ့ စိတ်ဝိညာဉ်နဲ့ ပေါင်းစပ်နိုင်မဲ့ လက်နက်မျိုးကိုပဲ လိုက်ရှာကြတော့တာကိုး . . .”
ရဲရှောင် စိတ်ပျက်လက်ပျက်ဟန်ဖြင့် သက်ပြင်းချလိုက်ပြန်သည်။
“ထင်ရှားကျော်ကြားလှပါတယ်ဆိုတဲ့ နတ်လက်များ က ဒီလိုဆိုမှတော့ ကျုပ်ပဲ နေရာမှားလာတာ နေမှာပါလေ . . .”
ပြောဆိုပြီးနောက် ရဲရှောင်လည်း ခေါင်းကို ချာခနဲလှည့်လိုက်ပြီး ထွက်ခွာသွားရန် ပြင်လိုက်သည်။
“ခဏလေးနေပါဦး သခင်လေး . . .”
ထိုအချိန်မှာပဲ သူ့ကို လှမ်းခေါ်လိုက်သည့် အသံအား ရဲရှောင် ကြားလိုက်ရပါတော့သည် . . .။