Switch Mode

Chapter – 525

အခန်း (၅၂၅) ကောင်းကင်တာအို စိတ်ဝိညာဉ်၊ ငရဲမင်း ထိတ်လန့်ခြင်း
“ဟမ်… လာပြန်ပြီလား ဒီလောကဦးချီ… ခင်ဗျားတို့ တာအိုပညာရှိတွေဆီမှာ လောကဦးချီက ဘယ်နှခုတောင် ရှိနေတာလဲ၊ ကျုပ် ဒီကိုလာတာက ကံကြွေး လာဆပ်တာ၊ ခင်ဗျားတို့ရဲ့ လောကဦးချီကို လိုချင်လို့ မဟုတ်ဘူး၊ ဒီကိစ္စကို ဒီမှာပဲ အဆုံးသတ်လိုက်တော့…”
အရူးတစ်ထောင် မိစ္ဆာဟာ တာအိုပညာရှိတွေရဲ့ ဖြားယောင်းသွေးဆောင်မှုနောက်ကို လုံးဝမလိုက်ပါဘူး။ ဒီအဖြစ်ကြောင့် တာအိုပညာရှိလည်း ဘာမှထပ်မပြောနိုင်တော့ဘဲ ပါးစပ်ပိတ်သွားရပါတယ်။ အဲဒီနောက် အရူးတစ်ထောင်မိစ္ဆာ ထွက်ခွာသွားတဲ့အတွက် တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ် အထက်က တိမ်မည်းတွေဟာလည်း အလိုလို လွှင့်ပါး ပျောက်ကွယ်သွားပါတယ်။
ဟန်ကျွယ်ဟာ အရူးတစ်ထောင်မိစ္ဆာ ထွက်သွားတာကို တွေ့မြင်ပေမဲ့ တိုက်ခိုက်ခြင်း မပြုပါဘူး။
ဟန်ကျွယ်ဟာ အရူးတစ်ထောင်မိစ္ဆာ တိုက်ခိုက်မှာကို မကြောက်ပါဘူး။ တာအိုစက်ကွင်းရဲ့ အရံအတားက လွတ်လပ်တာအိုပညာရှိ အဆင့်ကို အဆင့်မြှင့်ပြီးပြီ ဖြစ်တဲ့အတွက် တာအိုပညာရှိအတုရဲ့ တိုက်ခိုက်မှုလောက်ကို စာမဖွဲ့ပါဘူး။
‘စန့်ချွမ်အဂ္ဂဘိုးဘေး ရှုံးနိမ့်ပြီးကတည်းက ငါ့နေရာကို ဘယ်သူ တိုက်ခိုက်ရဲမှာလဲ၊ တာအိုပညာရှိအတုတွေက ဒီကိစ္စကို မသိလောက်တဲ့အထိ မတုံးအလောက်ပါဘူး၊ ဒါ နောက်ကွယ်က တစ်ယောက်ယောက်ရဲ့ စီစဉ်မှုကြောင့် ဖြစ်ရမယ်’
‘တာအိုပညာရှိအတုတွေ မငြင်းနိုင်တဲ့အရာက လောကဦး ခရမ်းရောင်ချီပဲ၊ ဘယ်တာအိုပညာရှိက ထပ်ပြီးတော့ လှည့်ဖြားပြန်ပြီလဲ’
‘ဟုတ်တယ်… တွက်ကြည့်ရမယ်’
ဟန်ကျွယ်ဟာ ချက်ချင်းပဲ ကောင်းကင်လျှို့ဝှက်ချက် တွက်ချက်မှု လုပ်ဆောင်ချက်ကို သုံးလိုက်ပါတယ် “အရူးတစ်ထောင်မိစ္ဆာ ငါ့ဆီလာရတဲ့ အကြောင်းရင်းကို သိချင်တယ်”
[သက်တမ်း ၄ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
ဟန်ကျွယ်စိတ်ထဲမှာ ရုပ်သွင်တစ်ခု ပေါ်လာပါတယ်။
ချုံရှီလိုင်။
ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ် ‘ငါနဲ့ ချုံရှီလိုင်က အပေါ်ယံမှာ ဆက်ဆံရေးကောင်း ရှိနေတာပါ၊ သူက ဘာဖြစ်လို့ ငါကို ဒီလောက် အလောတကြီး အကောက်ကြံချင်ရတာလဲ’
ဟန်ကျွယ် နားလည်သလောက် ချုံရှီလိုင်က ဒီလောက်ထိ စိတ်ထင်တိုင်း လျှောက်လုပ်မဲ့လူ မဟုတ်ပါဘူး။ ဒါကြောင့် ဟန်ကျွယ်ဟာ စနစ်ကို ထပ်မေးလိုက်ပါတယ်။
“ချုံရှီလိုင်က ဘာဖြစ်လို့ အရူးတစ်ထောင်မိစ္ဆာကို ငါ့နေရာလာခိုင်းပြီး ပြဿနာရှာခိုင်းရတာလဲ”
[သက်တမ်း ၁၀ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
‘၁၀ ဘီလီယံ များလှချည်လား… ဒါ ကောင်းကင်တာအိုပညာရှိအဆင့် မဟုတ်တော့ဘူး…’ ဟန်ကျွယ်ဟာ စိတ်ဝင်စားသွားပါတယ် ‘ရန်သူအသစ်များလား…’
ဟန်ကျွယ်ဟာ ဆက်တွက်ဖို့ ရွေးချယ်လိုက်ပါတယ်။ ချက်ချင်းဆိုသလိုပဲ ဟန်ကျွယ်ဟာ ပုံရိပ်ယောင်တစ်ခုထဲ ဝင်ရောက်သွားပါတယ်။
ပုံရိပ်ယောင်က ချုံရှီလိုင်ရဲ့ တာအိုစက်ကွင်းပါ။ ရွှေရောင်ဗုဒ္ဓ ချုံရှီလိုင်ဟာ ကျောက်တုံးရုပ်တုလို တစ်စက်ကလေးတောင် မလှုပ်မယှက်ဘဲ ထိုင်နေပါတယ်။
ဟန်ကျွယ်ဟာ ခန်းမထဲမှာ ဆင်းသက်ပြီး ချုံရှီလိုင်ကို ကြည့်လိုက်ပါတယ်။ ပြောရမယ်ဆိုရင် ချုံရှီလိုင်ရဲ့ ရုပ်သွင်က တကယ်ကိုမှ ကျက်သရေရှိပြီး ကြည်ညိုဖို့ ကောင်းတာပါ။ တစ်ချက်ကြည့်ရုံနဲ့ မကောင်းတဲ့ တည်ရှိမှုမဟုတ်ဘူးဆိုတာကို တန်းပြောနိုင်ပါတယ်။ မဟာကရုဏာရှင်ကြီးလို့တောင် ပြောလို့ရပါတယ်။
ချုံရှီလိုင်ဟာ ရုတ်တရက် မျက်လုံးဖွင့်ပြီး မေးလိုက်ပါတယ် “ဘယ်သူလဲ…”
ဟန်ကျွယ်ဟာ ပတ်ဝန်းကျင်ကို ကြည့်လိုက်ပေမဲ့ ခွေးတစ်ကောင် ကြောင်တစ်မြီးမှ မတွေ့ရတဲ့အတွက် စိတ်ထဲမှာ လန့်သွားပါတယ် ‘ချုံရှီလိုင်က ငါ့ကို ပြောနေတာလား… ဒီလိုဆို တော်တော် ကြောက်ဖို့ ကောင်းနေပြီ’
ချုံရှီလိုင်ဟာ မျက်မှောင်ကြုတ်သွားပါတယ် “ဒီရောင်ဝါ… မဟုတ်ဘူး… ဒါ ရောင်ဝါ မဟုတ်ဘူး… ကောင်းကင်တာအို ကံတရား အထောက်အပံ့ပဲ…”
ချုံရှီလိုင်ဟာ နှလုံးလှုပ်သွားပြီး တအံတဩ မေးလိုက်ပါတယ် “ကောင်းကင်တာအိုလား… တာအိုဘိုးဘေးလား…”
ဒီအချိန်မှာပဲ အေးစက်လှတဲ့ အသံတစ်သံ ထွက်ပေါ်လာပါတယ် “ကောင်းကင်တာအို ဖောက်ပြန်နေတယ်၊ တာအိုပညာရှိတွေ ကောင်းကင်တာအိုကို ကယ်တင်နိုင်ဖို့ ငါ မျှော်လင့်တယ်”
ဟန်ကျွယ်ဟာ ကြက်သေသေသွားပါတယ် ‘ကောင်းကင်တာအိုက စကားပြောနေတာလား…’
ချုံရှီလိုင်ဟာ မျက်မှောင်ကြုတ်သွားပါတယ် ‘မင်းက ကောင်းကင်တာအိုလား… တာအိုဘိုးဘေးလား…”
“အရာအားလုံးမှာ စိတ်ဝိညာဉ်ရှိနိုင်တာပဲ၊ ဘာဖြစ်လို့ ကောင်းကင်တာအိုမှာ မရှိရမှာလဲ၊ တာအိုဘိုးဘေးက ထွက်သွားတာကြာပြီ၊ ကောင်းကင်တာအိုက ကောင်းကင်တာအိုပဲ”
ရေခဲလို အေးစက်တဲ့အသံကြောင့် ချုံရှီလိုင်ဟာ နှလုံးလှုပ်သွားပါတယ်။
ဟန်ကျွယ်လည်း ထိတ်လန့်သွားပါတယ် ‘ကောင်းကင်တာအိုက အသိဉာဏ်ရှိနေတာလား… ဒါ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ…’
‘ကောင်းကင်တာအိုက သမာသမတ်ကျတဲ့ တည်ရှိမှု မဟုတ်ဘူးလား… ကောင်းကင်တာအိုသာ အသိဉာဏ် ရှိလာရင် ခံစားချက်ရှိလာပြီး ကိုယ်ပိုင်အတွေးအမြင်တွေ ရှိလာမှာပဲ’
ဟန်ကျွယ် တစ်ယောက်တည်း မဟုတ်ပါဘူး။ ချုံရှီလိုင်တောင် တစ်ကိုယ်လုံး အေးစက်သွားသလို ခံစားလိုက်ရပါတယ်။
တာအိုပညာရှိတွေ တန်ခိုးကြီးမားပြီး လုပ်ချင်သလို လုပ်လို့ရနေတာက ကောင်းကင်တာအိုရဲ့ ထိန်းချုပ်မှုကနေ လွတ်ကင်းလို့ပါ။ တကယ်လို့ ကောင်းကင်တာအိုသာ အသိဉာဏ်ရှိလာပြီး…။
ချုံရှီလိုင်ရဲ့ မျက်နှာဟာ မဲ့ရွှဲ့သွားပါတယ် “မင်းက ဘာလုပ်ချင်တာလဲ”
ကောင်းကင်တာအိုက ပြန်ဖြေပါတယ် “ဖောက်ပြန်မှုကို ပြုပြင်ပြီး အစီအစဉ်တကျ ဖြစ်စေချင်တာ”
“ဖောက်ပြန်တာက ဘာလဲ”
“အသစ်ဖြစ်လာတဲ့ တာအိုပညာရှိ ဟန်ကျွယ်ပဲ”
“သူက မသိကိန်းလို့ တာအိုဘိုးဘေး ဟောကိန်း ထုတ်ထားတယ်လေ…”
“မသိကိန်းက မသိကိန်းပဲ၊ သူကြောင့် ပြီးခဲ့တဲ့ အနန္တကပ်ဘေးက အစောကြီး ပြီးသွားတာ”
ချုံရှီလိုင်ဟာ ကောင်းကင်တာအို စိတ်ဝိညာဉ်ရဲ့ စကားကြောင့် ရှက်သွားပါတယ်။
အဲဒီနောက် ပုံရိပ်ယောင်တစ်ခုလုံး ကွဲကြေသွားပါတယ်။ ဟန်ကျွယ်ရဲ့ သိစိတ်လည်း အစစ်အမှန်ကို ပြန်ရောက်သွားပါတယ်။ ဟန်ကျွယ်ဟာ သူမြင်ခဲ့ရတဲ့ မြင်ကွင်းကြောင့် ဂနာမငြိမ်တော့ပါဘူး။
“ကောင်းကင်တာအိုက တကယ်ပဲ အသိဉာဏ်ရှိလာတာလား”
[သက်တမ်း ၁၀ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[ဟုတ်ပါသည်။]
ဟန်ကျွယ်ဟာ ခေါင်းပေါ်ကနေ ရေခဲရေ လောင်းချခံလိုက်ရသလို ခံစားလိုက်ရပါတယ်။
“ကောင်းကင်တာအိုက ငါ့ကို သတ်နိုင်လား”
[သက်တမ်း ၁၀ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[ကောင်းကင်တာအိုတွင် သူ့ဘာသာ တိုက်ခိုက်နိုင်သော အရည်အချင်း လောလောဆယ် မရှိပါ။ လတ်တလော၌ ကောင်းကင်တာအိုသည် သက်ရှိများနှင့်သာ ဆက်သွယ်နိုင်သည်။]
‘ဒီလိုကိုး… ဒီကောင် ချုံရှီလိုင်ကို သွားရှာတာ အံဩစရာ မရှိတော့ပါဘူး’ ဟန်ကျွယ်ဟာ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပါတယ်။
“ချုံရှီလိုင်က ငါ့ကို အမှောင်သခင်ကြီးလို့ ထင်နေတာလား”
[သက်တမ်း ၄ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[မှန်ပါသည်။]
‘သေစမ်း…’ ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပြီး ချုံရှီလိုင်ကို သတ်ပစ်ချင် သွားပါတယ်။ ဒါပေမဲ့ ချက်ချင်းဆိုသလိုပဲ ဟန်ကျွယ်ဟာ တခြားတာအိုပညာရှိတွေက ချုံရှီလိုင်စကားကို မယုံနိုင်လောက်ဘူးလို့ တွေးမိလိုက်ပါတယ်။ တကယ်လို့ တာအိုပညာရှိအကုန်လုံးက ဟန်ကျွယ်ကို အမှောင်သခင်ကြီးလို့ ထင်ရင်တောင် ဟန်ကျွယ်ကို ဘာမှလုပ်နိုင်မှာ မဟုတ်ပါဘူး။
ဟန်ကျွယ် တာအိုစက်ကွင်းကနေ မထွက်ခွာသမျှ ကာလပတ်လုံး တာအိုပညာရှိတွေနဲ့ ကောင်းကင်တာအိုဟာ ဟန်ကျွယ်ရဲ့ ဆံခြည်တစ်မျှင်ကိုတောင် ထိခိုက်အောင်လုပ်နိုင်မှာ မဟုတ်ပါဘူး။
‘တော်တော် စိတ်ရှုပ်ဖို့ကောင်းတာပဲ၊ ငါက အေးအေးဆေးဆေးပဲ နေချင်တာပါ၊ ဘာဖြစ်လို့ လူတွေက ငါ့ကိုပဲ ပြဿနာလာရှာနေရတာလဲ…’ ဟန်ကျွယ်ဟာ ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်ပါတယ်။
အဲဒီနောက် ဟန်ကျွယ်ဟာ ကျင့်ကြံမှုကို အာရုံပြန်စိုက်ပါတယ်။ ဟန်ကျွယ်အတွက် ကျင့်ကြံမှုထက် ဘယ်အရာကမှ ပိုအရေးမကြီးပါဘူး။
ငရဲပြည်၊ အောက်ကမ္ဘာ။
ရန်ထျန်တုန်းဟာ ခန်းမထဲမှာရင်း ပျင်းရိလေးတွဲစွာ သမ်းဝေလိုက်ပါတယ်။ သရဲအမှုထမ်းတွေကတော့ ကျောက်ရုပ်လို ငြိမ်သက်နေပြီး ဖြူမည်းနတ်တွေက အပြစ်လုပ်ထားတဲ့ ဝိညာဉ်တစ်ခုကို လာပို့ပါတယ်။
ခန်းမထဲကို ရောက်လာတဲ့ လူတိုင်းဟာ အသက်ရှင်စဉ်မှာ အပြစ်လုပ်ခဲ့ဖူးတဲ့သူတွေချည်းပါပဲ။ သူတို့ရဲ့ အကုသိုလ်ကံတရားက အတော်လေးကို ကြီးလေးလွန်းပါတယ်။ သာမန်သက်ရှိတွေကတော့ သေရင် မေ့လျော့ခြင်းမြစ်ကို တန်းသွားရပါတယ်။
ရန်ထျန်တုန်းဟာ ခန်းမထဲကို ဝိညာဉ်တွေကိုကြည့်ရင်း မှင်သက်သွားပါတယ်။
ဖြူမည်းနတ်တွေ ခေါ်လာတဲ့ ဝိညာဉ်က ဟန်ကျွယ်ရဲ့သား ဟန်ထော်ပါ။
ရန်ထျန်တုန်းဟာ ဟန်ကျွယ်ရဲ့ မျက်နှာအစစ်အမှန်ကို မြင်ဖူးတဲ့ လက်တစ်ဆုပ်စာလူတွေထဲက တစ်ယောက်ပါ။ ရန်ထျန်တုန်းဟာ ဟန်ထော်ရဲ့ ချောမောတဲ့မျက်နှာကိုကြည့်ရင်း ဟန်ကျွယ်ကို ပြန်မြင်ရသလို ခံစားလိုက်ရပါတယ်။
ဟန်ကျွယ်ရဲ့ ချောမောမှုက လောကမှာ ပြိုင်ဘက်ကင်းပါတယ်။
ရန်ထျန်တုန်းဟာ မျက်မှောင်ကြုတ်သွားပြီး မေးလိုက်ပါတယ် “မင်းနာမည်က ဘယ်သူလဲ၊ ဘယ်မှာ မွေးဖွားတာလဲ”
ဟန်ထော်ဟာ မဲ့ရွဲ့တဲ့မျက်နှာနဲ့ ပြန်ဖြေပါတယ် “ကျွန်တော်နာမည်က ဟန်ထော်၊ လူသားမျိုးနွယ်စုမှာ မွေးဖွားတာ၊ ကျွန်တော်က သေဖို့ အချိန်မတန်သေးဘူး၊ ဒါပေမဲ့ ကျွန်တော်ဝိညာဉ်ကို တစ်စုံတစ်ယောက်က မန္တန်သုံး ဆွဲနုတ်ပြီး ငရဲပြည်ထဲ ပစ်ချလိုက်တာ…”
ရန်ထျန်တုန်းက ဆက်‌မေးပါတယ် “မင်းမိဘတွေရဲ့ နာမည်ကရော…”
ဟန်ထော်ဟာ တစ်ခဏ ချီတုံချတုံ ဖြစ်သွားပြီးနောက် အမှန်အတိုင်း ဖြေလိုက်ပါတယ် “ကျွန်တော်အဖေရဲ့ နာမည်က ဟန်ကျွယ်ရဲ့ အမေ နာမည်ကတော့ ချင်းလွမ်အာပါ၊ ငရဲမင်း… ကျွန်တော်က ဘာအပြစ်မှ မရှိပါဘူး၊ ကျွန်တော့်သက်တမ်းက အများကြီး ကျန်သေးတယ်၊ ကျွန်တော့် အခြေအနေကို ကျွန်တော် နားလည်ပါတယ်၊ ငရဲပြည်အနေနဲ့ ဒီထဲ ဝင်မပါသင့်ဘူးလို့ ထင်ပါတယ်”
နှစ်တွေကြာပြီ ဖြစ်တဲ့အတွက် ဟန်ထော်ဟာ သူ့မိဘတွေ သေသွားပြီလို့ ယူဆထားပါတယ်။
အဖြူနတ်က ကြိမ်းမောင်းလိုက်ပါတယ် “ရဲတင်းလိုက်တာ… မင်းက ဘယ်လိုလုပ်ပြီး ငရဲမင်းကို အမိန့်ပေးရဲတာလဲ”
“တိတ်စမ်း”
ရန်ထျန်တုန်းရဲ့ ဒေါသတကြီး အော်သံကြောင့် ဖြူမည်းနတ်နှစ်ပါးရော ဟန်ထော်ရော ကြက်သီးမွေးညင်း ထသွားပါတယ်။
“မင်းအဖေ နာမည်က ဟန်ကျွယ်… ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ”
ရန်ထျန်တုန်းဟာ သူ့နားကိုတောင် မယုံနိုင်အောင် ဖြစ်သွားပါတယ်။
‘တိုက်ဆိုင်လိုက်တာ… ဒီကောင်လေးက ငါ့ဆရာသခင်နဲ့လည်း တူတယ်၊ အဖေနာမည်ကလည်း အတူတူပဲ…’
ရန်ထျန်တုန်းဟာ လက်ချောင်းသုံးပြီး တွက်ချက်ကြည့်လိုက်တဲ့အခါ ဟန်ထော်ရဲ့အဖေကို တွက်ချက်မရတာ တွေ့လိုက်ရပါတယ် ‘ဒါ မဟုတ်မှလွဲရော…’
ရန်ထျန်တုန်းက ခပ်တိုးတိုး အမိန့်ပေးလိုက်ပါတယ် “ဖြူမည်းနတ်နှစ်ပါး… ထွက်သွားတော့…”
ဖြူမည်းနတ်နှစ်ပါးဟာ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ပြီး ခန်းမထဲကနေ ချက်ချင်း ထွက်သွားပါတယ်။ ဟန်ထော်ကတော့ ရန်ထျန်တုန်းရဲ့ အိန္ဒြေပျက်ယွင်းတဲ့ အမူအရာကိုကြည့်ပြီး ရင်တထိတ်ထိတ် ဖြစ်နေပါတယ်။
ရန်ထျန်တုန်းက ထပ်မေးလိုက်ပါတယ် “မင်းမိဘတွေအကြောင်းကို ပြောပြလို့ရမလား…”
ဟန်ထော်ဟာ တိတ်ဆိတ်သွားပါတယ်။ ဟန်ထော် ငယ်ငယ်လေးကတည်းက သူ့မိဘတွေဟာ သာမန်မဟုတ်ဘူးလို့ ခံစားခဲ့ရပါတယ်။ အထူးသဖြင့် သူ့မိခင်က ခန္ဓာကျင့်စဉ်ကိုတောင် သင်ပေးခဲ့ပါတယ်။ ဟန်ထော်ဟာ သူ အခုအချိန်မှာ သူ့ဆီမှာ ရှိနေတာတွေ အားလုံးက သူ့မိခင်သင်ပေးခဲ့တဲ့ ခန္ဓာကျင့်စဉ်ကြောင့်လို့ အထင်ရောက်နေတာပါ။
တခြားနည်းလမ်း မရှိတဲ့အတွက် ဟန်ထော်ဟာ သူ့မိဘတွေအကြောင်းကို အမှန်အတိုင်း ပြောပြလိုက်ရပါတယ်။ မဟုတ်လို့ ပြန်လည်မွေးဖွားမယ်ဆိုရင် ဟန်ထော်ဆီမှာရှိတဲ့ အရာအားလုံးကို မီးခိုးငွေ့လို့ ပျောက်ကွယ်ကုန်မှာပါ။
ဟန်ထော်ဟာ လက်စားချေရအုန်းမှာ ဖြစ်တဲ့အတွက် သူ့ကျင့်ကြံမှုကို လက်မလွှတ်နိုင်ပါဘူး။
ဒါကြောင့် ဟန်ထော်ဟာ သူ့ဘဝအကြောင်းကို ငယ်စဉ်အချိန်ကစပြီး စပြောပြပါတယ်။ ရန်ထျန်တုန်းဟာ ဟန်ထော်ရဲ့ အကြောင်းကို ပိုနားထောင်လေလေ ပိုလန့်လေလေပါပဲ။ ဘာဖြစ်လို့လဲဆို‌တော့ ဟန်ထော်ရဲ့အဖေ ဟန်ကျွယ်က သူ့ဆရာသခင်ရဲ့ စရိုက်နဲ့ ဆင်တူနေလို့ပါ။
‘သူရဲဘောကြောင်တာ… မဟုတ်ဘူး… သတိကြီးတာက အတူတူပဲ…’
မြန်မာပြည် ငြိမ်းချမ်းပါစေ။

Comment

Leave a Reply

Options

not work with dark mode
Reset