Switch Mode

Chapter – 71

နှလုံးသားထဲကမီးတောက်

Chapter – 71
“နှလုံးသားထဲကမီးတောက်”

အလောင်းများနှင့် အနီးဆုံး ဖြစ်နေသည့် ဆိုင်ခန်းများမှာ ကံဆိုးမှုနှင့် ကြုံတွေ့လိုက်ရခြင်းပင် ဖြစ်လေသည်။ ဆိုင်ရှင်များမှာလည်း အဖြစ်အပျက်များကို ကြည့်ရင်း မျက်နှာမသာမယာ ဖြစ်နေကြလေ၏။ သို့သော်လည်း ယခုကိစ္စအား ဘာမှမတတ်နိုင်ဘဲ လက်ပိုက်၍သာ ကြည့်နေကြရပါတော့သည်။
သူတို့မှာ ကောင်းရောင်းကောင်းဝယ် လုပ်စားနေကြတာ ဖြစ်သော်လည်း ကံဆိုးမှုကတော့ သူတို့ဆီသို့ မဖိတ်ခေါ်ဘဲ ရောက်ရှိလာသလိုပင် ဖြစ်နေလေ၏။
သို့သော် နတ်လက်များအဖွဲ့မှ လူများမှာ ပိုမို၍ပင် အခြေအနေဆိုးရွားသွားကြသည်။
သူတို့သည် မြို့တော်သို့ လက်နက်ပစ္စည်း အမြောက်အများ သယ်ဆောင်လာခဲ့ကြခြင်းဖြစ်ပြီး သူတို့မျှော်လင့်ထားခဲ့ကြသလို လူအများအပြားကိုလည်း ဆွဲဆောင်နိုင်ခဲ့ပါသည်။
ယခုအကြိ်မ်တွင်တော့ အတော်များများကို ရောင်းကောင်းမည်ဟု လူအုပ်ကြီးအား ကြည့်ရင်း စိတ်လှုပ်ရှားခဲ့မိကြသည်။
သို့သော်လည်း သူတို့ စိတ်လှုပ်ရှား ပျော်ရွှင်၍ မဆုံးခင်မှာပဲ အဖြစ်အပျက်များမှာ မြန်မြန်ဆန်ဆန် ဖြစ်ပျက်သွားခဲ့လေသည်။
လူသုံးဦးမှာ ရုတ်တရက် ဆိုသလို မြေပြင်ပေါ် လဲကျသေဆုံးသွားခဲ့ကြသည်။
တကယ်ကို ဆိုးရွားသော ကံဆိုးမှုကြီးပါပင်။
အားလုံး၏ မျက်နှာများ ချက်ချင်းပင် ပျက်ယွင်းသွားကြလေ၏။
လူအုပ်ကြီး ပြန့်ကျဲသွားပြီး ထွက်ခွာသွားကြသည်ကိုကြည့်ရင်း နတ်လက်များ အဖွဲ့မှ ပညာရှင်များ မှာ မျက်မှောင်ကြုတ်သွားကြသည်။
အတွေးများစွာလည်း ခေါင်းထဲ ၀င်လာလေတော့၏။
(ဒီလူတွေ သေသွားခဲ့တာ ငါတို့ကိုများ လာပတ်သက်နေမလား . . .)
. . . . . .
ဖရိုဖရဲဖြစ်ပေါ်နေမှုများအား အကာအကွယ်ယူကာ ရဲရှောင်သည် လူတစ်ဦးကို ဆွဲခေါ်လျက် လမ်းကြားတစ်ခုအတွင်းသို့ ၀င်လာလေ၏။ နံရံများကြား ဖြတ်ကျော်လာခဲ့ပြီးနောက် နောက်ဆုံးတွင်တော့ ပုန်းခိုလို့ကောင်းမည့် နေရာတစ်ခုအား တွေ့လိုက်ရလေ၏။
ထိုလူမှာလည်း အသံ၊ လှုပ်ရှားမှု တစ်စုံတစ်ရာကို မလုပ်ရဲပေ။ သို့သော် ရဲရှောင်လုပ်သမျှကိုတော့ ကောင်းစွာ မြင်နိုင်လေ၏။ လူသုံးယောက်အား သတ်ဖြတ်ကာ သူ့ကိုပါ ယခုလို ဆွဲခေါ်လာသည့် လှုပ်ရှားမှု များအား မျက်စိတမှိတ်အတွင်းမှာကို ပြုလုပ်သွားခဲ့တာဖြစ်ပြီး တကယ်ကို လိမ္မာပါးနပ်လွန်းလှပါသည်။
ရဲတင်းမှု၊ လက်ယဉ်မှု၊ ရက်စက်မှုနှင့် စွမ်းအားအရာတို့အား ရဲရှောင်သည် ပညာသားပါပါ ပြသလိုက်သကဲ့သို့ သူ့အတွက် အလွန်ကို တုန်လှုပ်ဖွယ် ဖြစ်နေပါတော့သည်။
ထို့ကြောင့် ရဲရှောင် သူ့ကို မြေပြင်ပေါ် ပစ်ချလိုက်သည့်အချိန် သူ့မျက်နှာတွင် ကြောက်ရွံ့ တုန်လှုပ် မှုများဖြင့် ပြည့်နေလေတော့၏။
တစ်ကိုယ်လုံးမှာလည်း အေးစက်လျက် ရှိနေပြီး သူ၏ အားအင်များ ပြန်လည် ရရှိလာသည့်နှင့် ပါးစပ်ကိုဟကာ လျှာကို ကိုက်ဖြတ်၍ ကိုယ့်ကိုယ်ကိုယ် သတ်သေရန် ကြိုးစားလိုက်ပါတော့သည်။
ရဲရှောင်၏ အပြုအမူများကို စောင့်ကြည့်ရင်း ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်းကသာ ပိုမို၍ ကောင်းမွန်လိမ့်မည်ဟု သူယူဆလိုက်မိ၍ပင် ဖြစ်ပါသည်။
ရဲရှောင်လည်း မထူးခြားသလို ဟန်ပန်ဖြင့် လက်ကို ဆန့်ထုတ်လိုက်ပြီး ထိုလူ၏ အောက်မေးရိုး အား ချိုးလိုက်ကာ –
“မင်းက သေချင်တယ်ပေါ့ . . . အဲဒီလောက် မလွယ်ဘူး ဆိုတာတော့ သိတယ်မလား . . .”
ထို့နောက်မှာတော့ ထိုလူ၏ အကြောများအား ပိတ်လိုက်လေသည်။ ထိုလူ၏ အောက်မေးရိုးအား ကိုင်လိုက်ပြီး ကျန်လက်တစ်ဖက်ဖြင့် ပါးကို ဖိချလိုက်ကာ အပြာရောင်ရေခဲချီဓာတ်များဖြင့် မျက်နှာရှိ ကြွက်သားများ အေးစက်တောင့်တင်းသွားစေရန် ပြုလုပ်လိုက်သည်။
“အခု . . . မင်း လေသံ တိုးတိုးလေးနဲ့ပဲ စကားပြောနိုင်တော့မယ်၊ အော်လည်း အော်နိုင်မှာ မဟုတ်ဘူး၊ မင်းမယုံရင် စမ်းကြည့်လို့ရတယ် . . .”
ရဲရှောင် ညင်သာသော လေသံဖြင့် ပြောလိုက်လေသည်။
“နောက်ပြီး မင်းလျှာကို မင်းကိုက်ပြီး သတ်သေဖို့ဆိုတာက အားအနည်းငယ် လိုအပ်တယ်။ ဒါပေမဲ့ ကံဆိုးတဲ့အချက်က မင်းမှာ ဒီလောက်ထိ အားမရှိတော့ဘူး၊ အများဆုံး သွေးထွက်အောင်လောက်ဘဲ လုပ်လို့ရမယ်။ မင်းရဲ့ သွေးကြောကိုမင်း ကိုက်ဖြတ်တယ်ဆိုတာ ကိုယ့်ရဲ့ စွမ်းအင်သိုလှောင်ရာကိုယ် ဖောက်ခွဲပစ်လိုက်တာနဲ့ အတူတူပဲ၊ မင်းမှာ အဲဒီလိုလုပ်ဖို့ သတ္တိတော့ မရှိလောက်ဘူး ထင်ပါရဲ့၊ ဟုတ်တယ်မလား . . . မင်းလုပ်မယ် ဆိုရင်တောင်မှ ငါ့ရှေ့မှာတော့ လုပ်လို့ရမှာ မဟုတ်ဘူး . . .”
“ကောင်းပြီ . . . ငါပြောသွားတာတွေတောင် များသွားပြီ၊ ငါပြောချင်တာကတော့ မင်းလုပ်ချင်ရင် တောင် ငါ့ရှေ့မှာ ဘာမှလုပ်လို့ မရဘူး ဆိုတာပဲ . . .”
ရဲရှောင် ညင်သာစွာ ပြုံး၍ ပြောလိုက်သည်။
“ငါမင်းကို ဆက်ဆံတာ တကယ်နူးညံ့တယ် ဟုတ်တယ်မလား . . .”
တစ်ဖက်လူမှာတော့ တစ်ကိုယ်လုံး တုန်ရီလျက် ရှိလေ၏။
သူ၏ မျက်နှာတွင် အလွန်အမင်း ကြောက်ရွံ့တုန်လှုပ်မှုများ ပေါ်နေသည်။
(ဒီမိစ္ဆာလေးက ရဲမျိုးနွယ်က အသုံးမကျတဲ့ ကောင်လေးတဲ့လား . . . ဘယ်သူကများ ဒီလောက်ထိ စောက်တလွဲ သတင်းကို ပေးရတာလဲ မသိဘူး . . .)
ထိုလူမှာ ငိုချင်သလိုပင် ဖြစ်နေလေသည်။
(ဒီလိုမျိုး ကြောက်စရာ အစွမ်းထက်တဲ့ ကောင်လေးကိုတောင် အသုံးမကျဘူးဆိုရင် ကမ္ဘာပေါ်က လူတွေအားလုံးက ဘယ်လောက်တောင် ကြောက်စရာ ကောင်းနေမလဲ . . .)
ရဲရှောင်သည် သူ့မျက်နှာတွင် အပြုံးချိုချိုကို ဆောင်ထားသော်လည်း စိတ်ထဲတွင်တော့ အတော်ကြီး ဒေါသထွက်နေမိလေသည်။
လူလေးယောက်မှ သူ့ကို သတ်ဖြတ်ရန် ကြိုးစားခဲ့တာဖြစ်ပြီး နေ့ခင်ကြောင်တောင် လူမြင်ကွင်းကြီး မှာပင် ဖြစ်ပါသည်။ အတော်ကို ရဲတင်းလွန်းနေသည် မဟုတ်ပါလား။
အပြစ်မဲ လူများကိုလည်း ဂရုစိုက်ဟန် မရှိချေ။
ရဲရှောင်ရင်ထဲရှိ ဒေါသတရားများသည်လည်း ဆူပွက်သည့် အဆင့်သို့ ရောက်ရှိလာသည်။
အပြစ်မဲ့သည့် လူများ၏ အသက်ကို ပဓာန မထားသော လူများနှင့် ရင်ဆိုင်သည့် အချိန်တိုင်း ရှောင်ဧကရာဇ်သည် သနားငဲ့ညှာခြင်း အလျဉ်းမရှိခဲ့ပေ။
“အခု မင်းသေရမှာ မဟုတ်သေးပါဘူး၊ ဒါပေမဲ့ ကောင်းကောင်း နေရမယ်လည်း မထင်နဲ့၊ မင်းလို လူမျိုးကို ကောင်းကောင်း အသက်ရှင်ခွင့်တော့ ပေးမှာ မဟုတ်ဘူး . . .”
ရဲရှောင် ခပ်ညစ်ညစ် ပြောလိုက်သည်။
“ကောင်းပြီ . . . ကမ္ဘာပေါ်မှာ လူတစ်ယောက်ကို သူမပြောချင်တဲ့ ကိစ္စတွေ ပြောလာအောင်လုပ်ဖို့ နည်းလမ်းတွေ အများကြီးရှိတယ်၊ အဲဒီနည်းလမ်းတွေက ဘယ်လိုလဲဆိုတာ မင်းသိလား . . .”
ရန်သူမှာ မြေပြင်ပေါ်တွင် လဲကျလျက် ရဲရှောင်အား တုန်လှုပ်သည့် မျက်ဝန်းများဖြင့် စိုက်ကြည့် နေလေ၏။
“ငါထင်တာတော့ မင်းမသိလောက်သေးပါဘူး . . .”
ရဲရှောင် သက်ပြင်းချ၍ ပြောလိုက်သည်။
“လူတစ်ယောက်ကို သေတာထက်ဆိုးအောင်လုပ်တဲ့ နည်းလမ်းတွေ အများကြီးရှိတယ်။ ဒီနေ့ မင်းငါနဲ့ ဆုံတွေ့ရတဲ့အတွက် ဒီနည်းလမ်းတွေကို သိရတော့မယ်။ မင်းကံကောင်းပါတယ် . . . ဘာလို့လဲဆိုတော့ လူသားတွေ မခံစားဖူးသေးတဲ့ နည်းလမ်းတွေကို မင်းတွေ့ကြုံခံစားရတော့မယ်လေ”
ရန်သူ၏ မျက်လုံးများမှာ အသနားခံနေသလိုပါပဲ။ သူ့အနေဖြင့် မျှော်လင့်ချက်ဟူ၍ မျှင်မျှင်လေးသာ ရှိလေသည်။
(ဘုရားဘုရား . . . ကယ်ကြပါဦး . . .)
ရဲရှောင် သက်ပြင်းချလိုက်ပြီး –
“ငါက ကြွားနေတယ်လို့တော့ မထင်လိုက်နဲ့ . . . ဒီလိုနည်းလမ်းတွေ အများကြီးကို ငါသိထားတယ်။ နောက်ပြီး အာဏာပါးကွက်သားဆိုတဲ့ လူတွေထက်တောင်မှ ငါက ပိုသိတယ်လေ။ အဲဒါကြောင့် မင်းကို ကံကောင်းတယ်လို့ပြောတာ၊ ဘာလို့လဲဆိုတော့ ဒီကမ္ဘာကြီးရဲ့ သမိုင်းကြောင်းမှာ ညှင်းပန်းနှိပ်စက်နည်းပေါင်း ၁၀၈ မျိုးကို ခံစားဖူးတဲ့လူ မရှိသေးလို့ပဲ . . .”
ရဲရှောင် ပြုံးလိုက်ပြီး ဆက်လက်၍ –
“ဒါပေမဲ့ မင်းက ကံဆိုးမှုနဲ့ ကြုံတွေ့ရတယ်လို့လည်း ပြောလို့ရတယ်။ ဘာလို့လဲဆိုတော့ ဒီညှင်းပန်း နှိပ်စက်တဲ့ နည်းလမ်းတွေဟာ တကယ်ကို ဆိုးရွားလို့ပဲ . . . စကားနဲ့တင် အဓိပ္ပါယ်ဖော်လို့ ပြည့်စုံမှာ မဟုတ်ဘူး။ ကဲပါလေ . . . မင်းကို တစ်ခုချင်းစီ မိတ်ဆက်ပေးရတာပေါ့၊ ငါတို့ ပထမဆုံး စတင်မဲ့ နည်းလမ်းကတော့ နှလုံးသားထဲက မီးတောက်လို့ ခေါ်တယ် . . .”
ပြောပြောဆိုဆိုဖြင့် ရဲရှောင် သူ့လက်ကို ဖြည်းညင်းစွာ ဆန့်ထုတ်လိုက်သည်။
တခြား မည်သည့်စကားမျှကို မပြောတော့ချေ။
ယခု လုပ်ကြံသတ်ဖြတ်မှု၏ နောက်ကွယ်တွင် မည်သူရှိသနည်း၊ မည်သူက အစီအစဉ်ချခဲ့သနည်း၊ မည်သူက သူ့ကို သတ်ချင်သနည်း စတဲ့ မေးခွန်းပေါင်းများစွာ ပါဝင်ပေသည်။
ထိုမေးခွန်းများကို တစ်ခုမျှ သူမမေးမြန်းတော့ချေ။
နှိပ်စက်မှုနှင့်သာ စတင်မည် ဖြစ်ပါသည်။
ထိုကဲ့သို့ အသေးစိတ် အစီအစဉ်များကို သိရှိရန် စိတ်မ၀င်စားဘဲ သူစိတ်ဝင်စားနေသည်မှာ ညှင်းပန်းနှိပ်စက်ရေးသာ ဖြစ်၏။
ကြောက်ရွံ့ထိတ်လန့်နေရှာသော လူသည် ရဲရှောင်၏ လက်ထဲမှ မီးတောက်များကို မြင်တွေ့လိုက် ရလေသည်။
ရဲရှောင်မှ စိတ်ရှည်လက်ရှည်ဖြင့်ပင် ရှင်းပြန် ပြန်၏။
“ကြည့် . . . ဒီမှာ မီးတောက်လေး . . . ဒါပေမဲ့ ဒီမီးတောက်က သာမန်မီးမဟုတ်ဘူး၊ ဘာလို့လဲ ဆိုတော့ ဘာကိုမှ မလောင်ကျွမ်းစေနိုင်လို့ပဲ၊ မင်းမယုံဘူးဆိုလည်း ဒီမှာကြည့် . . .”
ရဲရှောင် ပြောပြောဆိုဆိုဖြင့် မီးတောက်အား သူ့အ၀တ်အစားများအပေါ် ဆံပင်များအပေါ် တင်ပြ လိုက်သည်။ လုံးဝ လောင်ကျွမ်းခြင်း မရှိပေ။
“အဲဒီတော့ ဒီမီးတောက်လေးက ဘာမှ အသုံးမ၀င်ဘူးပေါ့ . . . ဒါပေမဲ့ အသုံးဝင်တဲ့ နေရာတော့ ရှိသေးတယ်။ လူတစ်ယောက်ရဲ့ ပါးစပ်ထဲကနေပြီး ခန္ဓာကိုယ်ထဲ ၀င်ရောက်သွားပြီးတော့ နှလုံးသား ရှိတဲ့ နေရာကို လောင်ကျွမ်းသွားစေနိုင်တယ်။ အာ . . . မဟုတ်သေးဘူး၊ ငါပြောတာ မှားသွားတယ်၊ လောင်ကျွမ်းတာ မဟုတ်ဘူး တငွေ့ငွေ့နဲ့ လောင်မြိုက်သွားစေတာ၊ ဒါပေမဲ့ ငါမင်းကို မသတ်ဘူး၊ ထူးဆန်းတဲ့ ခံစားမှုလေး တစ်ခုကို ခံစားရစေချင်ရုံပါ၊ ကဲ မင်းစမ်းကြည့်ချင်နေပြီမလား . . .”
“ဒီလို အံ့သြဖို့ကောင်းတဲ့ ခံစားမှုကို ပထမဆုံးခံစားရမဲ့ လူအဖြစ်နဲ့ နေရမှာ ဘယ်လောက်တောင် ဂုဏ်ယူဖို့ ကောင်းတယ်ထင်လဲ . . .”
ရဲရှောင် ခပ်မြောက်မြောက်လေး ပြောလိုက်သည်။
ထိုလူ၏ မျက်ဝန်းများမှာ ကြောက်ရွံ့တုန်လှုပ်မှုကြောင့် ပြူးကျယ်လျက် ရှိနေသည်။ တစ်ကိုယ်လုံး လည်း တုန်ရီလျက် ရှိနေလေ၏။ ကြောက်ရွံ့မှုနှင့်အတူ မစင်များပါ ထွက်ကျလာလေတော့၏။
“ညစ်ပတ်လိုက်တာ . . . တကယ်ကို ရိုင်းတာပဲ၊ မင်းရဲ့ အဖေက ယဉ်ကျေးမှုရှိအောင် နည်းနည်း ပါးပါး မသင်ပေးထားဘူးလား . . .”
ရဲရှောင် မကျေမနပ် ပြောဆိုလိုက်ပြီး ၀မ်းမသွားနိုင်စေရန် အကြောတစ်ခုအား လက်ချောင်းတစ် ချောင်းဖြင့် ပိတ်ဆို့ထားလိုက်သည်။ ထို့နောက် ထိုလူ၏ ခေါင်းကို ဆွဲမလိုက်ပြီးနောက် မီးတောက်အား ပါးစပ်ထဲ ထည့်ပေးလိုက်ပါတော့သည်။
“မုတ်ဘူး . . . မုတ်ဘူး . . . မုတ် . . .”
ထိုလူ ခေါင်းကို ခါယမ်းရင်း ကိုယ်စွမ်းရှိသလောက် ရုန်းကန်နေလေသည်။ အကောင်းဆုံး ကြိုးစား၍ ရုန်းကန်ပါသော်လည်း မတတ်နိုင်ခဲပါချေ။ လေသံများပင် ဗလုံးဗထွေး ဖြစ်သွားခဲ့ရပြီး “မဟုတ် မဟုတ်ဘူး . . .” လို့ ပြောချင်သော်လည်း “မုတ် . . . မုတ်ဘူး . . .” ဟူ၍သာ အသံထွက်ခဲ့ရပါတော့သည်။
မီးတောက်မှာ ပါးစပ်ထဲသို့ ၀င်သွားပြီး ဖြစ်သော်လည်း ပူလောင်မှုကို သူမခံစားခဲ့ရချေ။ နွေးထွေး သည့် ခံစားမှုတစ်ခု ၀မ်းခေါင်းအတွင်းသို့ ရောက်ရှိသွားသည်ကို ခံစားလိုက်ရပြီး နေလို့ထိုင်လို့ ကောင်း သလိုပင် ဖြစ်နေလေ၏။
ရဲရှောင်မှ ခပ်တည်တည်ဖြင့် –
“ဘာမှ မခံစားရဘူးမလား . . . အခု ပါးစပ်ထဲ ၀င်သွားတာတောင် မပူဘူးလေ၊ သက်တောင့် သက်သာတောင် ဖြစ်နေသေးတယ် ဟုတ်တယ်မလား . . . လည်ချောင်းထဲ ၀င်သွားတာလဲ မပူဘူး၊ အဲဒီက တဆင့် ရင်ဘတ်နားရောက်လည်း မပူဘူးလေ ဟုတ်တယ်မလား . . . ငါမင်းကို မညာပါဘူးဆိုမှ၊ ဒါပေမဲ့ အခုဆိုရင်တော့ နှလုံးသား ရှိတဲ့ နေရာကို ရောက်လောက်ပြီထင်တယ်၊ ကဲ ဘယ်လိုလဲ . . .”
သူပြောပြီးသည့် အချိန်မှာပဲ ရန်သူလည်း သူ့ရင်ထဲမှ ပူလောင်မှုများ ရုတ်တရက် စူးခနဲ ဖြစ်သွား သည်ကို ခံစားလိုက်ရလေသည်။
ရုတ်တရက် သူ့နှလုံးသား တစ်ခုလုံး တဖြည်းဖြည်း လောင်မြိုက်ခြင်း ခံလိုက်ရသလို ခံစားလိုက်ရ ကာ ခံစားရသည့် ခံစားမှုအား မည်သည့်အရာနှင့်မျှ နှိုင်းယှဉ် ဖော်ပြနိုင်မည် မဟုတ်ပေ။ ခန္ဓာကိုယ်အား ထိန်းချုပ်ခြင်း ခံထားရသည့်တိုင် ပါးစပ်ဖွင့်လျက် အနေအထားဖြင့် ကျယ်လောင်စွာ အော်ဟစ်နေမိပါ တော့သည်။
ရဲရှောင်မှ ခပ်ဖြည်းဖြည်းပင် ထိုလူ၏ ပါးစပ်အား ပိတ်လိုက်ပြီး –
“ကောင်းကောင်းနေစမ်း . . . အော်မနေနဲ့၊ စိတ်လှုပ်ရှားမနေပဲ အေးအေးဆေးဆေး ခံစားကြည့်၊ အတင်းကြီး အကြမ်းကြီးတွေ မလုပ်စမ်းပါနဲ့ . . .”
ရန်သူ၏ ခေါင်းမှာ အပြင်းအထန်ကို လှုပ်ရမ်းလျက် ရှိနေသည်။ သို့သော်လည်း ရဲရှောင်၏ လက်မှ မလွတ်မြောက်နိုင်ဘဲ အသံမထွက်နိုင် ဖြစ်နေရလေ၏။ မျက်လုံးများအတွင်းမှာပင် မီးများတောက်လောင် နေသကဲ့သို့ ထင်မှတ်စရာပါပင်။
သူ၏ သွေးကြောများ အားလုံး တစ်ချိန်တည်းမှာ ဆန့်ငင်ဆန့်ငင် ဖြစ်လာပြီး နဖူးကြောကြီးများ ထောင်ထလာကာ နောက်လန်ကျသွားပါတော့သည်။
ချွေးများ အလွန်အကျွံ ထွက်နေသောကြောင့် အ၀တ်အစားများ အားလုံးမှာလည်း စိုရွှဲနေပြီ ဖြစ်၏။
သူခံစားနေရသည့် နာကျင်မှုများကို မည်သို့မျှ မခံစားနိုင်တော့ပုံပါပင်။
“ငါ . . . ပြောပြပါ့မယ် . . . ကျေး . . . ကျေးဇူးပြု၍ ရပ် . . . ရပ်ပါတော့ . . .”
ထိုလူလည်း နောက်ဆုံး မည်သို့မျှ တောင့်မခံထားနိုင်တော့သဖြင့် အသနားခံသော မျက်လုံးများ ဖြင့် ကြည့်ကာ တောင်းပန်နေလေ၏။
“မင်းဘာပြောတာလဲ . . .”
ရဲရှောင် မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။
“ငါမင်းဆီက ဘာမှ မသိချင်ဘူး ဆိုတာကို မင်းမသိဘူးလား . . . မင်းဟာမင်း ပြောပြပြ မပြပြ ငါနဲ့ မဆိုင်ဘူးလေ . . . မင်းလည်း သိတယ်မလား . . . မင်းကို ခေါ်လာကတည်းက ငါဘာများ မေးခဲ့သလဲ၊ အဲဒီလောက် သိသာနေတာကိုတောင် မင်းမို့ ဒါတွေ လာပြောနေသေးတယ် . . .”
ရန်သူမှာ ရဲရှောင်အား အသနားခံနေလေသည်။ သူ၏ မျက်လုံးများသည်လည်း ရဲရဲနီလျက် ရှိနေလေ၏။
ရဲရှောင်လည်း သက်ပြင်းချလိုက်ပြီး –
“ကောင်းပြီး၊ ကောင်းပြီ၊ မင်းကြည့်ရတာ သိပ်သနားဖို့ကောင်းနေတယ်၊ အဲဒီလို ဆိုမှတော့ ငါလည်း မင်းကို တစ်ခုခု ပြောခွင့်တော့ ပေးမှဖြစ်မယ်။ ဒါပေမဲ့ ငါအရင်ဆုံး ရှင်းအောင်လုပ်ဖို့တော့ လိုတယ်။ ငါမင်းအသက်ကိုတော့ ညှာတာပေးမှာ မဟုတ်ဘူးနော်၊ အဲဒီအချက်ကိုတော့ ကြိုပြောထားမယ်။ တကယ်တော့ မင်းက ဘာမှကို မပြောသင့်တာ၊ ငါကလည်း မင်းအနှိပ်စက် ခံရတာကိုပဲ ကြည့်ချင်တာလေ”
ထိုလူလည်း သဘောတူဟန်ဖြင့် ခေါင်းညိတ်လိုက်လေသည်။ သူ၏ နဖူးတွင်တော့ ချွေးများ စို့လျက် ရှိနေသည်။
“ငါမင်းကို အကုန်ပြောပြပါ့မယ်၊ ငါ့ကို မြန်မြန် သေခွင့်သာ ပေးပါ . . .”
ထိုလူ၏ ပြောစကားအရ သူ၏ ခန္ဓာကိုယ်သည် မီးတောက်ကြောင့် ခြောက်ခမ်းလုနီးနီး ဖြစ်နေ သည့်ပုံပါပင်။ ထိုမျှထိပင် ပြောရသေးပြီး သူ၏ ပါးစပ်အတွင်းမှ သွေးများ အန်လာလေတော့၏။
ရဲရှောင်လေး လက်တစ်ဖက်အား ဝေ့ယမ်းရင်း မီးတောက်အား ပြန်လည် ထုတ်ယူလိုက်လေသည်။ ထို့နောက် လေသံတီးတိုးဖြင့် –
“မင်းကို ဘယ်သူ ဒီကို လွှတ်လိုက်တာလဲ . . .”
“အိမ်ရှေ့မင်းသားပါ . . . အိမ်ရှေ့မင်းသား . . .”
နဖူးမှ ချွေးများ စီးကျလျက် ထိတ်လန့်တကြား ပြောလိုက်လေသည်။ အသံကုန် အော်ဟစ် ပစ်ချင် နေမိသော်လည်း အသံမှာ အက်ကွဲသလို အော်၍မရ ဖြစ်နေပါတော့သည် . . .။

Comment

Leave a Reply

Options

not work with dark mode
Reset