အခန်း (၅၁၉) လီမုယဲ့အား ပုံတူပွားခြင်း
‘ကောင်းကင်တာအို ခံစစ် အကောင်းစား ရတနာလား… ကောင်းတယ်… အရမ်းကောင်းတယ်’
ဟန်ကျွယ်ဟာ ဒီရတနာကို ချက်ချင်းထုတ်ယူပြီး ကိုယ်ပိုင်ပစ္စည်းပြုပါတယ်။ အခုဆိုရင် ဟန်ကျွယ်ဆီမှာ မဟာတာအို အပိုင်းအစ ခြောက်စ စုမိသွားပါပြီ။ ဒီတစ်ခေါက်ရတဲ့ ကောင်းကင်တာအို စိတ်ဝိညာဉ်ကျောက်တုံးကိုတော့ ကြမ္မာဆိုးစာအုပ်မှာပဲ သုံးမှာပါ။
အကောင်းစား ရတနာက သူ့ကို သခင်အဖြစ် အသိအမှတ်ပြုတာနဲ့ ဟန်ကျွယ်ဟာ ကောင်းကင် တာအိုထိန်းဝတ်ရုံကို ချက်ချင်း ဝတ်ဆင်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ ကောင်းကင်နက္ခတ် မဟာတာအိုဝတ်ရုံကိုတော့ ရှင်းဟုန်ရွှမ်ဆီပေးဖို့ စိတ်ကူးထားပါတယ်။
ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို အဆင့်မြှင့်တင်ဖို့ အလျင်မလိုတဲ့အတွက် တာအိုပညာရှိအဆင့်ရှိတဲ့ တာအိုစက်ကွင်းအစောင့်ကို ပုံတူပွားဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီတာအိုစက်ကွင်း အစောင့်က အသွင်တူလက်ရည်စမ်းပွဲထဲကနေပဲ ရွေးချယ်နိုင်ပြီး ဟန်ကျွယ်ကိုယ်တိုင် မဖြစ်ရပါဘူး။
ဒါကြောင့် ဟန်ကျွယ်ဟာ ဘိုးဘေးရှီတျန်ကို ရွေးချယ်လိုက်ပါတယ်။
[ဤတည်ရှိမှုသည် သာမန်တာအိုပညာရှိထက် ကျော်လွန်၏။]
ဟန်ကျွယ်ဟာ စောဒကမတက်ဘဲ မနေနိုင်ပါဘူး ‘သာမန်မဟုတ်တဲ့ တာအိုပညာရှိကလည်း တာအိုပညာရှိ မဟုတ်ဘူးလား…’
ဒါကို ထောက်ဆခြင်းအားဖြင့် စနစ်ပြောတဲ့ တာအိုပညာရှိဆိုတာက ကောင်းကင်တာအိုပညာရှိကို ရည်ညွှန်းနေတာ ထင်ရှားလှပါတယ်။
ဟန်ကျွယ်ဟာ ဘယ်တာအိုပညာရှိကို ပုံတူပွားရမလဲဆိုတာ ခေါင်းခြောက်ခံပြီး မစဉ်းစားပါဘူး။ စနစ်ကို မေးလိုက်ပါတယ် “ကောင်းကင်တာအိုမှာ ဘယ်တာအိုပညာရှိက အစွမ်းအထက်ဆုံးလဲ”
[သက်တမ်း ၄ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
ဟန်ကျွယ်ရဲ့ စိတ်ထဲမှာ မျက်နှာတစ်ခု ပေါ်လာပါတယ်။ ဒီမျက်နှာပိုင်ရှင်ကတော့ လီမုယဲ့ပါ။ လီမုယဲ့က ကောင်းကင်တာအိုပညာရှိ မဟုတ်ပါဘူး။ ဒါပေမဲ့ စနစ်က လီမုယဲ့ကို သာမန်တာအိုပညာရှိလို့ ယူဆထားပါတယ်။ ဒါက နည်းနည်းတော့ ထူးဆန်းပါတယ်။
ဒါပေမဲ့ ဟန်ကျွယ်ဟာ လီမုယဲ့ကို ပုံတူပွားဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါပေမဲ့ လီမုယဲ့က အသွင်တူ လက်ရည်စမ်းပွဲထဲမှာ မရှိတဲ့အတွက် ဟန်ကျွယ်အနေနဲ့ ကောင်းကင်ဘုံ ၃၃ ဘုံမြောက်ကို သွားဖို့ လိုအပ်ပါတယ်။
ဒါပေမဲ့ အဲဒီမတိုင်ခင် ဟန်ကျွယ်အနေနဲ့ တက်နိုင်သလောက် စွမ်းအားကြီးနေဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ဟန်ကျွယ်ဟာ သူ့ဓားတာအို ဆန်းကြယ်စွမ်းအားတွေကို စပြီးတော့ အဆင့်မြှင့်တင်ပါတယ်။
လေးငါးဆယ်လ အကြာမှာတော့ ဟန်ကျွယ်ရဲ့ ဓားတာအို ဆန်းကြယ်စွမ်းအား အကုန်လုံး တာအိုပညာရှိအဆင့်ကို ရောက်ရှိသွားတဲ့အတွက် ဟန်ကျွယ်ဟာ မဟာညီညွတ်မှုရုပ်သွင်ကို ဆက်ပြီးတော့ လေ့ကျင့်ပါတယ်။
ဒီတစ်ခါမှာတော့ မဟာညီညွတ်မှုရုပ်တုကို လေ့ကျင့်တာ နှစ် ၅၀ ကြာသွားပါတယ်။ ဟန်ကျွယ်ဟာ နောက်ထပ် နတ်ဘီလူးဓမ္မရုပ်တု ၂၅ ပါးကို လေ့ကျင့်နိုင်လိုက်တဲ့အတွက် ဟန်ကျွယ် ထုတ်သုံးနိုင်တဲ့ နတ်ဘီလူးဓမ္မရုပ်တု စုစုပေါင်းက ၇၄ ရုပ် ဖြစ်သွားပါတယ်။
ဟန်ကျွယ် အသစ်လေ့ကျင့်လိုက်တဲ့ နတ်ဘီလူးဓမ္မရုပ်တုတွေကတော့ ကောင်းကင်တန်ခိုး နတ်ဘီလူး၊ ကောင်းကင်ယာဉ် နတ်ဘီလူး၊ ဇင်နတ်ဘီလူး၊ မျှော်လင့်ချက်မဲ့ နတ်ဘီလူး၊ ဝါးမြိုနတ်ဘီလူး၊ နှလုံးကိုးပါး နတ်ဘီလူး၊ ငရဲနတ်ဘီလူး၊ မိုးကောင်းကင် နတ်ဘီလူး၊ ဂလက်ဆီနတ်ဘီလူး၊ ဦးချိုနတ်ဘီလူး၊ မြင့်မြတ်နတ်ဘီလူး၊ ဒေါသနတ်ဘီလူး၊ အိပ်မက်တာအို နတ်ဘီလူး၊ သိမ်မွေ့အိပ်မက် နတ်ဘီလူး၊ ဩဇာကြီး နတ်ဘီလူး၊ အနန္တအသွင် နတ်ဘီလူး၊ အောက်နတ်ဘီလူး၊ ပျက်ပြယ်နတ်ဘီလူး၊ ဧရာမနတ်ဘီလူး၊ အနန္တကမ္ဘာ နတ်ဘီလူး၊ ဝိညာဉ်မီးလျှံ နတ်ဘီလူး၊ ကောင်းကင်တာအို နတ်ဘီလူးနဲ့ ပြန်လည်မွေးဖွားခြင်း နတ်ဘီလူးတို့ ဖြစ်ပါတယ်။
ဟန်ကျွယ်ဟာ ကောင်းကင်တာအို နတ်ဘီလူးနဲ့ ပြန်လည်မွေးဖွားခြင်း နတ်ဘီလူးကို တွေ့လိုက်ရတဲ့အတွက် အတွေးများသွားပါတယ်။
‘ကောင်းကင်တာအိုနဲ့ ပြန်လည်မွေးဖွားခြင်းက နတ်ဘီလူးသုံးထောင်ထဲမှာ ပါနေတာလား၊ ကောင်းကင်တာအိုနဲ့ ပြန်လည်မွေးဖွားခြင်းက ပန်ကူးနဲ့ ဧကရီဟုတ်ထိုကနေ ဖြစ်တည်လာတာ မဟုတ်ဘူးလား…’
‘ပဋိပက္ခ နတ်ဘီလူးတွေက နောက်ကျမှ မွေးဖွားလာတာလား… ဒီလိုဆိုရင် ကောင်းကင်တာအိုက သက်ရှိတွေက နတ်ဘီလူးဖြစ်လာအောင် ပြိုးထောင်နိုင်တဲ့ သဘောလား…’
ဟန်ကျွယ်ဟာ ဒီအတွေးကို တွေးမိရုံနဲ့တင် အန္တရာယ်အငွေ့အသက်ကို ခံစားလိုက်ရပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ဟာ တာအိုပညာရှိ ဖြစ်နေပြီမို့ သူ့ကိုယ်သူ ကာကွယ်နိုင်နေပါပြီ။ ဒါကြောင့် သိပ်တော့ စိုးရိမ်စရာ မလိုပါဘူး။
ဟန်ကျွယ်ဟာ အသွင်တူ လက်ရည်စမ်းပွဲကို စတင်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ ဖူရှီကို လုံးဝဖိနှိပ်ပြီး တစ်နာရီအတွင်း အောင်မြင်စွာ သတ်ပစ်လိုက်ပါတယ်။
ဖူရှီကိုသတ်ဖို့ တစ်နာရီ ကြာရတဲ့ အကြောင်းအရင်းက ကောင်းကင်တာအိုရဲ့ ကံတရား အထောက်အပံ့ကြောင့်ပါ။ ဟန်ကျွယ်ရဲ့ နတ်ဘီလူးဓမ္မရုပ်တုကတွေက ဖူရှီရဲ့ ကောင်းကင်တာအို ကံတရား အထောက်အပံ့တွေကို ကုန်ဆုံးစေနိုင်ပါတယ်။ ဒါပေမဲ့ အချိန်တော့ယူရပါတယ်။ ဖူရှီမှာသာ ကောင်းကင်တာအို ကံတရား အထောက်အပံ့မရှိဘူးဆိုရင် ဟန်ကျွယ်ဟာ ဖူရှီကို တစ်ချက်တည်းနဲ့ အသေသတ်နိုင်မှာပါ။
ရှိသမျှအကုန်ထုတ်သုံးဖို့ ဆုံးဖြတ်ပြီးတာနဲ့ ဟန်ကျွယ်ဟာ ဖူရှီကို ထပ်ပြီးတော့ စိန်ခေါ်ပါတယ်။ ဒီတစ်ခါမှာတော့ ဟန်ကျွယ်ဟာ နတ်ဘီလူးဓမ္မရုပ်တု ၇၄ ပါးစလုံးကို ထုတ်သုံးလိုက်ပါတယ်။ မဟာတာအို ၇၄ ပါးက ဖူရှီကို တစ်ချိန်တည်း တိုက်ခိုက်လိုက်ပါတယ်။
နောက်ဆုံးမှာတော့ ဖူရှီဟာ တစ်ချက်တည်း အသတ်ခံလိုက်ရပါတယ်။
‘အရမ်းကောင်းတယ်…’
ဝမ်းသာအားရဖြစ်သွားတဲ့ ဟန်ကျွယ်ဟာ ဘိုးဘေးရှီတျန်ကို စိန်ခေါ်လိုက်ပါတယ်။ တစ်ချက်တည်းနဲ့ ဟန်ကျွယ် သေသွားပါတယ်။ ဒါပေမဲ့ ဒီတစ်ခါမှာတော့ အရင်လို မဟုတ်ဘဲ လက်ဝါးရိုက်ချက် တစ်ချက်ကြောင့် သေသွားရတာပါ။
ဘိုးဘေးရှီတျန်ရှေ့မှာ ဟန်ကျွယ်ရဲ့ စွမ်းအားတွေ အကုန်လုံးက သမုဒ္ဒရာထဲ ရေသွန်သလိုပါပဲ။ ဘာမှ အရာမရောက်ပါဘူး။ သူတို့နှစ်ယောက်ရဲ့ ကွာခြားမှုက တော်တော်လေးကို ကြီးမားပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ဟာ ဒီကိစ္စကို လက်မခံနိုင်တဲ့အတွက် ဘိုးဘေးရှီတျန်ကို အရူးအမူး စိန်ခေါ် တိုက်ခိုက်ပါတော့တယ်။
လေးငါးဆယ်ရက် အကြာမှာတော့ ဟန်ကျွယ်ဟာ လက်လျှော့လိုက်ပါတယ်။ ဘိုးဘေးရှီတျန်နဲ့ တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲတွေထဲမှာ ဟန်ကျွယ်ရဲ့ အကောင်းဆုံးရလဒ်က အသက်ရှူကြိမ် ဆယ်ကြိမ်အထိ ခံတာပါ။ ဒါပေမဲ့ ပွဲတိုင်း ဟန်ကျွယ် သေတာချည်းပါပဲ။
တာအိုပညာရှိတွေက သတ်လို့မရ ဖျက်ဆီးလို့ရတဲ့ တည်ရှိမှုတွေပါ။ ဒီစကားက ကောင်းကင်တာအို လက်အောက်မှာရှိတဲ့ သက်ရှိတွေကိုသာ ရည်ညွှန်းတာပါ။ ဒီထက်အဆင့်မြင်တဲ့ တည်ရှိမှုနဲ့တွေ့ရင် တာအိုပညာရှိလည်း သေပွဲဝင်ရတာပါပဲ။
ဟန်ကျွယ်ဟာ သက်ပြင်းချလိုက်ပြီး စနစ်ကို မေးလိုက်ပါတယ် “ငါ ကောင်းကင်ဘုံ ၃၃ ဘုံမြောက်ကို သွားပြီး လီမုယဲ့ကိုသွားရှာရင် ငါ သေနိုင်လား”
[သက်တမ်း ၄ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[ဘိုးဘေးရှီတျန်အား သင်ရန်မစလျှင် မည်သည့်တာအိုပညာရှိမှ သင့်ကို မသတ်နိုင်ပေ။]
ဟန်ကျွယ်ဟာ အတွေးနက်သွားပါတယ် ‘ဒီအတိုင်းဆို စွန့်စားမှုနည်းနည်း ရှိနေသေးတာပဲ… ဘိုးဘေးရှီတျန်က ငါ့ကို ပစ်မှတ်ထားရင်ရော ဘယ်လိုလုပ်မလဲ…’
ဟန်ကျွယ်ဟာ စနစ်ကို ထပ်မေးလိုက်ပါတယ် “ဘိုးဘေးရှီတျန်က ငါ့ကို သတ်လိုစိတ် ရှိလား”
[သက်တမ်း ၁၀၀ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
‘ဘီလီယံ ၁၀၀ တောင်လား… တော်တော်များတာပဲ’
ဆက်တွက်မယ်။
ဟန်ကျွယ်ဟာ အံကြိတ်ပြီး ဆက်တွက်ဖို့ ရွေးချယ်လိုက်ပါတယ်။
[လောလောဆယ် သတ်လိုစိတ် မရှိပါ။]
ဟန်ကျွယ်ဟာ သက်ပြင်းရှည်ကြီး ချလိုက်ပြီး ထိုင်နေရာကနေ ထလိုက်ပါတယ်။ အဲဒီနောက် ကောင်းကင်ဘုံ ၃၃ ဘုံမြောက်ကို သွားပါတယ်။
နေလ ယင်ယန် အကာအကွယ်ရဲ့ တောက်ပတဲ့အလင်းရောင်ဟာ ဟန်ကျွယ် ခန္ဓာကိုယ်မှာ တောက်ပသွားပြီး ကောင်းကင်တာအိုထိန်းဝတ်ရုံဟာ လူးလွန့်သွားပါတယ်။ ဟန်ကျွယ်ဟာ ဘေးဘီဝန်းကျင်ကို ကြည့်ရင် စိတ်ထဲမှာ နည်းနည်းထိတ်နေပါတယ်။
‘ဘိုးဘေးရှီတျန်က စိတ်ပြောင်းပြီး ငါ့ကို ပစ်မှတ်ထားရင် ဘယ်လိုလုပ်မလဲ’
ဒီအချိန်မှာပဲ ဟန်ကျွယ်ရှေ့မှာ ရုပ်သွင်တွေ တစ်ခုပြီးတစ်ခု ပေါ်လာပါတယ်။ ဒီရုပ်သွင်တွေကတော့ လီမုယဲ့၊ တောင်ဘက်စွန်း ကောင်းကင်အရှင်၊ တာအိုပညာရှိ ကျင်းအန်း၊ ဂိုဏ်းချုပ်တျန်ကျွယ်၊ ဧကရာဇ်ရှောင်၊ ချုံရှီလိုင်နဲ့ ဧကရီဟုတ်ထိုတို့ပဲ ဖြစ်ပါတယ်။
ရူးသွပ်နေတဲ့ တာအိုပညာရှိ မင်ကျွယ်ကလွဲရင် တာအိုပညာရှိအကုန်လုံး ရောက်လာတာပါ။ ဟန်ကျွယ်ဟာ အသွင်တူလက်ရည်စမ်းပွဲကိုသုံးပြီး သူတို့အကုန်လုံးရဲ့ အချက်အလက်တွေကို ပုံတူကူးလိုက်ပါတယ်။
လီမုယဲဲ့က ပထမဆုံး မေးလိုက်ပါတယ် “မိတ်ဆွေလေး… မိတ်ဆွေလေးက အခုလိုမျိုး ခပ်မြန်မြန်နဲ့ တာအိုပညာရှိ ဖြစ်လာလိမ့်မယ်လို့ ထင်မထားဘူး၊ မိတ်ဆွေလေးက ကျုပ်တို့တာအိုဂိုဏ်းရဲ့ လောကဦး ခရမ်းရောင်ချီကို မှီပြီး တာအိုပညာရှိ ဖြစ်လာတာလား…”
ရွှမ်ချင်းကျွင်း လောကဦး ခရမ်းရောင်ချီကို ရသွားတာက လီမုယဲ့ရဲ့ စီစဉ်မှုကြောင့်ပါ။ ဒါပေမဲ့ နောက်ဆုံးမှာ ထိန်းချုပ်မှု လွတ်ကင်းသွားတဲ့အတွက် လီမုယဲ့ဟာ လောကဦး ခရမ်းရောင်ချီကို အာရုံမခံနိုင်တော့ပါဘူး။
ဟန်ကျွယ်က ပြန်ဖြေလိုက်ပါတယ် “ကျုပ်က တာအိုပညာရှိဖြစ်ဖို့ လောကဦး ခရမ်းရောင်ချီကို လိုအပ်စရာလား…”
ဒီစကားကြောင့် တာအိုပညာရှိတွေ တိတ်ဆိတ်သွားပါတယ်။ ဧကရီဟုတ်ထိုကတော့ သူမရဲ့ လှပတဲ့မျက်လုံးတွေနဲ့ ဟန်ကျွယ်ကို အကဲခတ်လိုက်ပါတယ် ‘ငါ အလောင်းအစားလုပ်တာ နိုင်သွားပြီ’
ဧကရီဟုတ်ထိုဟာ ဟန်ကျွယ်ရဲ့ အရည်အချင်းက အလွန်ထက်မြန်မှန်း သိပါတယ်။ ဒါပေမဲ့ ဒီလိုမျိုး တာအိုပညာရှိ ဖြစ်လာလိမ့်မယ်လို့တော့ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပါဘူး။ ဟန်ကျွယ်ရဲ့ တာအိုရယူတဲ့ အလျင်က မြန်ဆန်လွန်းတဲ့အတွက် ကိုယ်တိုင်သာ မတွေ့ကြုံရရင် ယုံနိုင်ဖွယ် မရှိပါဘူး။
ဟန်ကျွယ်က ဆက်ပြောလိုက်ပါတယ် “ကျုပ်က တာအိုပညာရှိတွေနဲ့ ကံတရား အထောက်အပံ့ကို ယှဉ်ပြိုင်တိုက်ခိုက်လိုစိတ် မရှိဘူး၊ ကျုပ်လိုချင်တာက ခင်ဗျားတို့တွေ ကျုပ်ကို ထပ်ပြီးတော့ အကောက်မကြံဖို့ပဲ၊ ဒီလိုမဟုတ်ဘူးဆိုရင်တော့ ကျုပ်ကို မယဉ်ကျေးဘူးလို့ အပြစ်မတင်နဲ့…”
စကားဆုံးတာနဲ့ ဟန်ကျွယ်ဟာ နေရာကနေ ကွယ်ပျောက်သွားပါတယ်။
တာအိုပညာရှိတွေဟာ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပါတယ်။
ဟန်ကျွယ်ဟာ တာအိုဘုံကျောင်းထဲကို ခုန်ဝင်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ အင်မော်တယ်ကမ္ဘာမှာ လျှောက်သွားလို့ မရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အင်မော်တယ်ကမ္ဘာရဲ့ တွန်းထုတ်အားက ဟန်ကျွယ်ကို အချိန်မရွေး တစ်စစီ ဆုတ်ဖြဲနိုင်လို့ပါပဲ။
ဒီတွန်းထုတ်အားက ကောင်းကင်တာအိုရဲ့ စွမ်းအားကလွဲရင် ဘာများ ဖြစ်နိုင်အုန်းမှာလဲ။
တာအိုပညာရှိ ဖြစ်လာပြီးနောက် ကောင်းကင်တာအိုက ဘယ်လောက်ထိ ကြောက်စရာ ကောင်းလဲဆိုတာကို ဟန်ကျွယ် သိလိုက်ရပါတယ်။ တာအိုပညာရှိတွေ ကောင်းကင်တာအိုရဲ့ စည်းမျဉ်းကို လိုက်နာပြီး ကလန်ကဆန် မလုပ်ရဲတာ အံဩစရာ မရှိတော့ပါဘူး။
အဲဒီနောက် ဟန်ကျွယ်ဟာ လီမုယဲ့ကို တာအိုစက်ကွင်းအစောင့်အဖြစ် ပုံတူပွားပါတယ်။ ပုံတူပွားတာက အချိန်ကြာတဲ့အတွက် ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူပြီး ကောင်းကင်တာအို စိတ်ဝိညာဉ်ကျောက်တုံးနဲ့ ပေါင်းစပ်ကာ ကြမ္မာဆိုးစာအုပ်ကို အဆင့်မြှင့်လိုက်ပါတယ်။
ဆယ်နှစ်ကြာတဲ့အခါမှာတော့ ကြမ္မာဆိုးစာအုပ်ဟာ အောင်မြင်စွာ အဆင့်တက်သွားပါတယ်။
[ကြမ္မာဆိုးစာအုပ်သည် ကောင်းကင်တာအို အကောင်းစား ရတနာအဖြစ်သို့ အောင်မြင်စွာ အဆင့်မြှင့်တင်ပြီးပါပြီ။]
ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် ‘ဒီလောက်ဆို တာအိုပညာရှိကို သေအောင် ကျိန်စာတိုက်ဖို့က မဖြစ်နိုင်တာ မဟုတ်တော့ဘူး’
ဒီစွမ်းအားအသစ်ကြောင့် ဟန်ကျွယ်ကို တာအိုပညာရှိတွေကို အထင်သေးသွားပါတယ်။
ဒါပေမဲ့ ဟန်ကျွယ်ဟာ လောလောဆယ်မှာတော့ ကျိန်စာမတိုက်ဖို့ ဆုံးဖြတ်ထားပါတယ်။ တာအိုပညာရှိမင်ကျွယ်က ရူးသွပ်သွားပြီဖြစ်တဲ့အတွက် လောလောဆယ် ဟန်ကျွယ်မှာ ဘာခြိမ်းခြောက်မှုမှ မရှိပါဘူး။
တခြားတာအိုပညာရှိတွေကိုတော့ ဟန်ကျွယ်ဟာ စောင့်ကြည့်မှာပါ။
ဟန်ကျွယ်ဟာ မတ်တတ်ရပ်လိုက်ပြီး တိတ်ဆိတ်ဂိုဏ်းသားတွေကို တာအိုဟောကြားဖို့ ပြင်ဆင်လိုက်ပါတယ်။
ဒီအချိန်မှာပဲ…
[တာအိုပညာရှိ ကျင်းအန်းသည် သင့်အား မုန်းတီးမှု တိုးသွားပါပြီ။ လက်ရှိ မုန်းတီးမှု: ကြယ်ငါးပွင့်။]
ဟန်ကျွယ်ဟာ မှင်သက်သွားပါတယ် ‘ဒီကောင်ကတော့ အသက်ရှင်ရတာ ပင်ပန်းနေပြီနဲ့ တူတယ်’
ဒါပေမဲ့ ဟန်ကျွယ်ဟာ ချက်ချင်း ကျိန်စာမတိုက်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူ့သရုပ်မှန် ပေါ်သွားမှာစိုးလို့ပါ။ ဟန်ကျွယ်ဟာ တိတ်ဆိတ်ဂိုဏ်းသားတွေကို တာအိုဟောကြားပြီးမှ တာအိုပညာရှိကျင်းအန်းကို ကျိန်စာတိုက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
“တိတ်ဆိတ်ဂိုဏ်းသားတွေ တာအိုနားထောင်ဖို့ ပြင်ဆင်ကြတော့၊ ငါ တာအိုဟောကြားတော့မယ်” ဟန်ကျွယ်ရဲ့ အသံဟာ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်မှာ ပဲ့တင်ထပ်သွားပါတယ်။
တိတ်ဆိတ်ဂိုဏ်းသား အကုန်လုံးဟာ စိတ်လှုပ်ရှားသွားကြပါတယ် ‘နောက်ဆုံးတော့ တာအိုဟောကြားတဲ့ အချိန်ကို ပြန်ရောက်လာပြီ…’
ကောင်းကင်ဘုံ ၃၃ ဘုံ အပြင်ဘက်၊ မှောင်မိုက်တဲ့ နန်းတော်တစ်ခု…
တာအိုပညာရှိ ကျင်းအန်းရှေ့မှာ မှန်တစ်ချပ် လေပေါ်ဝဲပျံနေပါတယ်။ မှန်ထဲမှာ ရုပ်သွင်တစ်ခုရှိနေပေမဲ့ သူ့ရုပ်သွင်ကို ရှင်းရှင်းလင်းလင်း မမြင်ရပါဘူး။
“ဒီတာအိုပညာရှိအသစ်က တကယ်ကို သံသယဝင်ဖို့ ကောင်းတယ်၊ သူက တာအိုဘိုးဘေး သတ်မှတ်ထားတဲ့ မသိကိန်းပဲ၊ သူက ငါတို့ရဲ့ ကိစ္စကြီးကို ကျိန်းသေပေါက် ဟန့်တားလိမ့်မယ်၊ ငါတို့တွေ နည်းလမ်းမျိုးစုံသုံးပြီး သူ့ကို ကောင်းကင်တာအို အပြင်ဘက် ထွက်အောင် လုပ်ရမယ်၊ အကောင်းဆုံးကတော့ သူ့ကို အဆုံးသတ်အပျက်အစီးရဲ့ နတ်ဘုံဆီ ဆွဲဆောင်နိုင်ရင် ပိုကောင်းတယ်”
ခပ်ဩဩအသံတစ်သံဟာ မှန်ချပ်ထဲကနေ ထွက်ပေါ်လာပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။
Chapter – 519
? Views, Released on December 9, 2024