အခန်း (၅၁၆) မိုးကောင်းကင်မျိုးနွယ်စု ပါရမီရှင်ရှာခြင်း
“ကျေးဇူးပါပဲ ဧကရီ၊ ကျွန်တော် သေချာ စဉ်းစားလိုက်ပါ့မယ်” ဟန်ကျွယ်ဟာ ခေါင်းညိတ်ပြီး အလေးအနက် ကတိပေးလိုက်ပါတယ်။
ဧကရီဟုတ်ထိုက တိတ်ဆိတ်ဂိုဏ်းကို ပံ့ပိုးပေးမယ်စိုးတဲ့အတွက် ဟန်ကျွယ်ဟာ သိပ်ပြီးတော့ စိုးရိမ်စရာ မလိုတော့ပါဘူး။ ဟန်ကျွယ်သာ တာအိုပညာရှိ ဖြစ်သွားရင် အင်မော်တယ်ကမ္ဘာမှာ သူ့ကို ယှဉ်နိုင်တဲ့လူ တစ်ယောက်မှ ရှိမှာ မဟုတ်ပါဘူး။
ဧကရီဟုတ်ထိုနဲ့ ဟန်ကျွယ်ဟာ စကားနည်းနည်း ထပ်ပြောပါတယ်။ ထွေထွေထူးထူးတော့ မဟုတ်ပါဘူး။ ယဉ်ကျေးသမှုနဲ့ အာလပသလာပ ပြောရုံပါ။
အိပ်မက်ပြီးဆုံးလို့ ဟန်ကျွယ် မျက်လုံးဖွင့်လိုက်တဲ့အခါ ချင်းလွမ်အာက သူ့ဘေး ရောက်နေတာကို တွေ့လိုက်ရပါတယ်။ ချင်းလွမ်အာဟာ ဟန်ကျွယ် ဒီလိုမျိုး အတွေးထဲ နစ်မျောတာကို တွေ့ရပေါင်းများတဲ့အတွက် ထူးထူးဆန်းဆန်း မဖြစ်ပါဘူး။
ချင်းလွမ်အာဟာ ဟန်ကျွယ်ရဲ့ ပခုံးကိုမှီရင်း ခပ်တိုးတိုး သက်ပြင်းချလိုက်ပါတယ် “ယောက်ျား… ထော်အာ ဒီကပ်ဘေးကို ကျော်ဖြတ်နိုင်လိမ့်မယ်လို့ ထင်လား”
ဟန်ကျွယ်ဟာ တိတ်တဆိတ်ပြုံးလိုက်ပါတယ် ‘မင်းကိုယ်တိုင် သူ့ကို ကျင့်စဉ် သင်ပေးထားတာပဲ၊ မင်း မသိဘူးလား’
ချင်းလွမ်အာက သာမန်လူ မဟုတ်ပါဘူး။ သာမန်ထက် ထူးခြားတဲ့ သွေးစည်းရှိပါတယ်။ ဒါပေမဲ့ ချင်းလွမ်အာရဲ့ သွေးစည်းက ဟန်ထော်က မဆက်ခံပါဘူး။ ဒါကလည်း ထူးဆန်းတာတော့ မဟုတ်ပါဘူး။ ချင်းလွမ်အာရဲ့ သွေးစည်းက ဟန်ကျွယ်ကို ဘယ်လိုလုပ်ပြီး ယှဉ်နိုင်မှာလဲ။
ချင်းလွမ်အာရဲ့ နောက်ခံက မရိုးရှင်းပေမဲ့ ချင်းလွမ်အာမှာ ဘာကျင့်ကြံမှုမှ မရှိပါဘူး။ ဟန်ကျွယ် တွက်ချက်ကြည့်တဲ့အခါ ချင်းလွမ်အာက ငယ်ရွယ်စဉ်မှာ ကျိန်စာတိုက်ခံခဲ့ရတာကို သိလိုက်ရပါတယ်။ နောက်ပြီး ချင်းလွမ်အာကို ကျိန်စာတိုက်တဲ့လူရဲ့ ကျင့်ကြံမှုအဆင့်က မဟာညီညွတ်မှု ရွှေအင်မော်တယ်အဆင့်ပါ။ ဒီထက်ပိုပြီး အရေးကြီးတာက ချင်းလွမ်အာကို ကျိန်စာတိုက်တဲ့လူက ချင်းလွမ်အာရဲ့ မိဘအရင်းတွေ ဖြစ်နေတာပါ။
ချင်းလွမ်အာသာ ဟန်ကျွယ်နဲ့ မတွေ့ခဲ့ရင် နှင်းတောထဲမှာ ဘဝဆုံးဖို့က ၁၀၀ ရာခိုင်နှုန်း သေချာပါတယ်။
“ဘာမှမဖြစ်ဘူး၊ သူသေသွားရင် တို့တွေ နောက်တစ်ယောက် ထပ်မွေးလို့ရတာပဲ”
ဟန်ကျွယ်ရဲ့ စကားကြောင့် ချင်းလွမ်အာဟာ ဟန်ကျွယ်ရဲ့ ပခုံးကို မှီထားရာကနေ ကောက်ထပြီး ဟန်ကျွယ်ကို စိန်းစိန်းဝါးကြည့်ကာ အပြစ်တင်စကား ဆိုပါတယ် “ယောက်ျားက ဘာလို့ ဒီလိုပြောရတာလဲ၊ ထော်အာကို မချစ်လို့လား…”
“ငါက မင်းကို စနေတာပါ၊ မစိုးရိမ်ပါနဲ့၊ ထော်အာက ကံကောင်းတဲ့လူဆိုတော့ ဒီကပ်ဘေးကို ကျော်လွှားနိုင်မှာပါ၊ နောက်ပြီး ငါ သူ့ကို ကာကွယ်ပေးမှာပါ”
“ဟင်း… ထော်အာမှာ ကျင့်ကြံမှုစွမ်းရည် မရှိတာ နှမြောဖို့ကောင်းလိုက်တာ၊ ဒါတွေအကုန်လုံးက ကျွန်မအပြစ်တွေပဲ” ချင်းလွမ်အာဟာ သူ့ကိုယ်သူ အပြစ်တင်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ ချင်းလွမ်အာ သူ့ကိုယ်သူ အပြစ်တင်ရတာရဲ့ အကြောင်းရင်းကို မမေးမြန်းပါဘူး။ တကယ်လို့ ဟန်ကျွယ် သိချင်ရင်လည်း လက်ချောင်းလေး နည်းနည်း လှုပ်ရှားရုံးနဲ့ ချင်းလွမ်အာ ဘာဖြစ်ခဲ့တယ်ဆိုတာကို သိနိုင်ပါတယ်။ စနစ်ရဲ့ ကောင်းကင်လျှို့ဝှက်ချက် တွက်ချက်မှု လုပ်ဆောင်ချက်ကိုတောင် သုံးစရာ မလိုပါဘူး။
ဟန်ကျွယ်ဟာ မြို့ပြင်က နှင်းတောကို ကြည့်လိုက်တဲ့အခါ အရှေ့အစောင်မြို့ဆီကို ချဉ်းကပ်လာတဲ့ အရွယ်အစား ခပ်ကြီးကြီးသားရဲတစ်ကောင်ကို တွေ့လိုက်ရပါတယ်။ ဒီသားရဲက အရှေ့အစောင့်မြို့အတွက်တော့ တကယ်ဘေးအန္တရာယ်ပါ။
“ဝုန်း…”
ကျောက်တုံးကြီးတစ်တုံးဟာ ကောင်းကင်ပေါ်က ပြုတ်ကျပြီး မြို့ရိုးကို ဝင်တိုက်ပါတယ်။ မြို့ရိုးဟာ ကျောက်တုံးကြီးရဲ့ ပြင်းထန်တဲ့အရှိန်နဲ့ ဝင်တိုက်မှုကြောင့် သိမ့်သိမ့်တုန်သွားပြီး အပိုင်းအစတွေဟာ နေရာတိုင်းကို ပြန့်ကျဲကုန်ပါတယ်။ ဒီကျောက်တုံးကြောင့် စစ်သားဆယ်ယောက်ကျော် ဒဏ်ရာရပြီး လေးယောက်ကတော့ အသားပေါက်စီ ဖြစ်သွားပါတယ်။
ဒီနေရာနဲ့ မလှမ်းမကမ်းမှာရှိနေတဲ့ ဟန်ထော်ရဲ့ မျက်နှာဟာ ဖြူဖတ်ဖြူရော် ဖြစ်သွားပြီး တစ်ကိုယ်လုံး တုန်ယင်သွားပါတယ်။ ဟန်ထော်ဟာ ဟန်ကျွယ်ရဲ့ ရုပ်ရည်ကို အမွေရထားတာကြောင့် စစ်သားတွေထဲမှာတောင် ထင်းခနဲ ဖြစ်နေပါတယ်။ ဒါပေမဲ့ ဟန်ထော်ဟာ သေခြင်းရှင်ခြင်း အန္တရာယ်ကို ရင်ဆိုင်ရတဲ့အခါမှာတော့ တည်တည်ငြိမ်ငြိမ် မနေနိုင်တော့ပါဘူး။ ဟန်ထော်ဟာ သူ့ခန္ဓာကိုယ်ကို အမြဲတမ်း လေ့ကျင့်နေပေမဲ့ တိုက်ခိုက်ဖို့ အခွင့်အရေးတော့ သိပ်မရှိရှာပါဘူး။
ဟန်ထော် လှည်ကြည့်လိုက်တဲ့အခါ နှင်းတောထဲကနေ အရွယ်အစားကြီးကြီး တစ်ကောင်က မြို့ရိုးဆီ ချဉ်းကပ်လာတာကို တွေ့လိုက်ရပါတယ်။ ဝိုးတိုးဝါးတားပဲ မြင်ရသေးတဲ့ ဒီကောင်ကြီးဟာ ငရဲပြည်ကနေ လာသလိုမျိုး ကြောက်ရွံ့မှုနဲ့ မျှော်လင့်ချက် ကင်းမဲ့မှုတွေကို ဆောင်ယူလာပါတယ်။
“မြေအင်မော်တယ် သားရဲကြမ်းပါလား… လူတိုင်း ဂရုစိုက်ကြ၊ ဒီကောင်ရဲ့ မီးက ဝိညာဉ်ကို လောင်မြိုက်နိုင်တယ်” အဝေးတစ်နေရာက မျှော်စင်ပေါ်မှာ ရှိနေတဲ့ အင်မော်တယ် ကျင့်ကြံသူတစ်ဦးဟာ ကြောက်လန့်တကြား အော်ပြောလိုက်ပါတယ်။
ဒီလူရဲ့ စကားကြောင့် မြို့ရိုးပေါ်မှာရှိတဲ့ စစ်သားတိုင်း တုန်လှုပ်ချောက်ချားသွားပြီး ကောင်းကင်မှာ ရှိနေတဲ့ ကျင့်ကြံသူတွေလည်း ပစ်မှတ်ထားခံရမှာစိုးတဲ့အတွက် ကြောက်လန့်တကြား ထွက်ပြေးကြပါတယ်။
မြို့ရိုးအောက်မှာတော့ သားရဲကြမ်းတွေဟာ မကုန်ဆုံးနိုင်ဘူးလို့ ထင်ရလောက်အောင် တစ်အုပ်ပြီးတစ်အုပ် လာနေပါတယ်။ ကံကောင်းတာတစ်ခုက ဒီသားရဲတွေက အရွယ်အစား သိပ်မကြီးတာပါ။
ကောင်းကင်တာအို ပြန်စတာ နှစ် ၃၀,၀၀၀ နီးပါး ရှိနေပြီဖြစ်တဲ့အတွက် ပထမဆုံး ရှန်တျန်သက်ရှိတွေနဲ့ သားရဲကြမ်းတွေဟာ မျိုးဆက်သစ်တွေကို မွေးဖွားနေပြီးပါပြီ။ ဒုတိယမျိုးဆက်ရဲ့ အရည်အချင်းက ပထမမျိုးဆက်ကို မမီပါဘူး။ ဒါ့အပြင် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် သွေးစည်းနဲ့ အရည်အချင်း ရှုပ်ထွေးတာကြောင့် သာမန်သက်ရှိတွေ ပိုပိုပြီးတော့ ပေါ်လာပါတယ်။
ဒါပေမဲ့ သက်ရှိအများစုကတော့ စွမ်းအားကြီးနေတုန်းပါပဲ။ လူသားမျိုးနွယ်စုက အားနည်းတဲ့အတွက် စွမ်းအားကြီးပုဂ္ဂိုလ်တွေဟာ လူသားမျိုးနွယ်စုကို ပြဿနာမရှာပါဘူး။ ဒီလိုမဟုတ်ရင်လည်း လူသားမျိုးနွယ်စုရဲ့ နောက်ခံကို သိနေတာကြောင့် ပြဿနာမရှာရဲတာလည်း ဖြစ်နိုင်ပါတယ်။ ဒီလိုအကြောင်းတွေကြောင့် လူသားမျိုးနွယ်စုကို တိုက်ခိုက်တာက များသောအားဖြင့် အင်မော်တယ်ကမ္ဘာရဲ့ အောက်ခြေမှာရှိတဲ့ သားရဲကြမ်းတွေနဲ့ ရှန်တျန်မျိုးနွယ်စုတွေပါ။
ဒါတောင် လူသားမျိုးနွယ်စုဟာ ဆက်ပြီးတော့ နယ်မြေမချဲ့ထွက်နိုင်တော့ပါဘူး။ ဒီလိုအဖြစ်အပျက်မျိုးက အင်မော်တယ်ကမ္ဘာမှာ ဖြစ်ပျက်နေကြပါ။ ထူးဆန်းတာတော့ မဟုတ်ပါဘူး။
ဟန်ထော်ဟာ ရှေ့က တိုက်ပွဲကိုကြည့်ပြီး လက်ထဲကလှံကို တင်းကြပ်စွာ ဆုပ်ကိုင်ရင်း သားရဲတွေကို မြို့ရိုးပေါ်ကနေ တွန်းချပါတယ်။ တိုက်ပွဲချိန် ကြာလာတဲ့အခါမှာတော့ ဟန်ထော်ရဲ့ လက်တွေဟာ အံသေလာပါတယ်။ ဟန်ထော်ကိုယ်တိုင်လည်း ခံစားချက် ကင်းမဲ့လာပါတယ်။
ဒီတိုက်ပွဲဟာ အတော်လေး ကြာသွားပြီး ဟန်ထော် သေပြီလို့ ခံစားရတဲ့အခါတိုင်း သားရဲကြမ်းတွေရဲ့ တိုက်ခိုက်မှုဟာ လွဲချော်သွားပါတယ်။ ဟန်ထော်ဟာ ကြောင်တောင်တောင် ဖြစ်နေပြီး ရှည်ကြာလွန်းတဲ့ တိုက်ပွဲကြောင့် သေချင်စိတ် ပေါက်နေပါပြီ။
တိုက်ပွဲပြီးသွားတဲ့အခါ မြို့စားက ရှေ့တန်းစစ်သားအားလုံးကို အိမ်ပြန်ပြီး အနားယူဖို့ ခွင့်လိုက်ပါတယ်။ ဟန်ထော်ဟာ ဒဏ်ရာဗရပွနဲ့ အိမ်ပြန်ပါတယ်။ အစေခံတွေ ဆီးကြိုနှုတ်ဆက်တာတောင် ဟန်ထော်ဟာ ခေါင်းပဲ ညိတ်ပြပါတယ်။
ဘာလိုလိုနဲ့ ဟန်ထော်ကို ခြံဝင်းထဲ ရောက်တဲ့အခါ သူ့အဖေက ကောင်းကင်ကို ကျောက်တုံးရုပ်တုလိုမျိုး စိုက်ကြည့်နေတာကို တွေ့လိုက်ရပါတယ်။
ဟန်ကျွယ်ဟာ ဟန်ထော်ရဲ့အကြည့်ကို ခံစားမိတဲ့အတွက် အပြုံးနဲ့ ကြည့်လိုက်ပါတယ်။ ဟန်ထော်ဟာ တဒင်္ဂ မှင်သက်သွားပြီး ရင်ထဲမှာ နွေးထွေးသွားပါတယ်။ ဟန်ထော် တိုက်ခိုက်နေတာက သူ့မိသားစုကို ကာကွယ်ဖို့ မဟုတ်ပါလား။
ဟန်ထော်ဟာ ဟန်ကျွယ်ရှေ့မှာ ဒူးထောက်ပြီး လက်သီးဆုပ်လိုက်ပါတယ် “ဖေဖေ… ကျွန်တော် အသက်ရှင်လျက် ပြန်လာပါပြီ”
စိတ်လှုပ်ရှားနေတဲ့ ဟန်ထော်ရဲ့ အမူအရာကိုကြည့်ပြီး ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ်။ အဲဒီနောက် ဟန်ထော်ရဲ့ နဖူးကို အသာထိတို့ပြီး ညင်သာစွာ ပြောလိုက်ပါတယ် “သား အတော်ပင်ပန်းခဲ့မှာပဲ”
ဟန်ထော်ဟာ ဘယ်လိုမှ တောင်မခံနိုင်တော့ဘဲ ရင်ထဲမှာ ဆို့တက်လာပြီး ချက်ချင်း ငိုကြွေးပါတော့တယ်။ ဘာပဲဖြစ်ဖြစ် ဟန်ထော်က လူငယ်အရွယ်မှာပဲ ရှိသေးတယ် မဟုတ်ပါလား။
ဟန်ကျွယ်ဟာ ဟန်ထော်ကို ကောက်ဖက်လိုက်ပါတယ်။ ဒီထွေးပိုက်မှုက စကားလုံးပေါင်း အသေင်္ချထက် ပိုထိရောက်ပါတယ်။
အတန်ကြာတဲ့အခါမှာတော့ ဟန်ထော်ဟာ ဟန်ကျွယ်ကို မော့ကြည့်ပြီး မေးလိုက်ပါတယ် “ဖေဖေ… ဖေဖေကို ကြည့်ရတာ အရှေ့အစောင်မြို့ ရင်ဆိုင်နေရတဲ့ အန္တရာယ်ကို မကြောက်ပုံပဲ”
ဟန်ထော် မေးလည်း မေးချင်စရာပါ။ ဟန်ထော် ငယ်ငယ်လေးကတည်းက ဟန်ကျွယ်ဟာ တစ်ခါမှ အထိတ်တလန့် မဖြစ်ခဲ့ပါဘူး။ ကျင့်ကြံမှုမရှိတဲ့ သာမန်လူတစ်ယောက်က ဒီလောက်ထိ တည်ငြိမ်နေတာ တကယ်ကို မေးခွန်းထုတ်စရာပါ။
ဟန်ထော်ဟာ သူ့အဖေဟာ သူမြင်ဖူးတဲ့ အင်မော်တယ် ကျင့်ကြံသူတွေထက် ပိုရင့်ကျက်တယ်လို့ ခံစားလိုက်ရပါတယ်။
ဟန်ကျွယ်က ပြန်ဖြေပါတယ် “ကြောက်တာကို ကိုက်စားလို့မှ မရတာ၊ ကြောက်နေလို့ လူသားမျိုးနွယ်စု ရင်ဆိုင်နေရတဲ့ သားရဲကြမ်းတွေကို ရှင်းသွားမှာလား”
ဟန်ကျွယ်ရဲ့ အဖြေကြောင့် ဟန်ထော်ဟာ သူ့အဖေက စိုးရိမ်ပူပန်မှုမရှိတဲ့လူလို့ တွေးလိုက်ပါတော့တယ်။
“သားက ကျင့်ကြံအားထုတ်ချင်တာ မဟုတ်ဘူးလား၊ ဘာဖြစ်လို့ စစ်တပ်ထဲ ဝင်ချင်ရတာလဲ” ဟန်ကျွယ်က ရုတ်တရက် မေးလိုက်ပါတယ်။
မှင်သက်သွားတဲ့ ဟန်ထော်ဟာ အတန်ကြာမှ သတိဝင်လာပြီး ပြန်ဖြေလိုက်ပါတယ် “ကျွန်တော်က ကျင့်ကြံအားထုတ်ချင်တာ အမှန်ပဲ၊ ဒါပေမဲ့ အရှေ့အစောင့်မြို့ တိုက်ခိုက်ခံရတော့ ကျွန်တော် ဒီအတိုင်း ထိုင်ကြည့်မနေနိုင်ဘူးလေ”
ဟန်ကျွယ်က မေးခွန်း ထပ်ထုတ်ပါတယ် “သား ကျင့်ကြံအားထုတ်ချင်မှတော့ ဘာဖြစ်လို့ အရှေ့အစောင့်မြို့အတွက် တိုက်ခိုက်နေရသေးတာလဲ၊ ကျင့်ကြံမှုလမ်းစဉ်က အသက်ရှည်ခြင်းကို လိုလားလို့ပဲ၊ အနာဂတ်မှာ သားအနေနဲ့ ဒီလိုအခြေအနေတွေကို အများကြီး ကြုံတွေ့ရလိမ့်မယ်၊ သားတစ်ယောက်တည်း လူဘယ်နှယောက်ကို ကယ်နိုင်မှာလဲ၊ ကယ်နိုင်တယ်ပဲ ထားအုန်း… သားကိုသား အဆုံးအထိ ရှင်သန်နိုင်လိမ့်မယ်လို့ ယုံကြည်ချက်ရှိလား”
ဟန်ကျွယ်ရဲ့ မေးခွန်းတွေကြောင့် ဟန်ထော်ဟာ ကြက်သေသေသွားပါတယ်။ ဟန်ထော်မှာ ဒီမေးခွန်းတွေအတွက် အဖြေမရှိပါဘူး။
“လူသားတွေက တစ်ယောက်နဲ့ တစ်ယောက် ကူညီတာ သာမန်ပဲ မဟုတ်ဘူးလား” ဟန်ထော်က တအံတဩ မေးလိုက်ပါတယ်။
“အဲဒါဆို ဘာလို့ ကူညီသင့်တာလဲ”
“သား…”
“သားက လူသားမျိုးနွယ်စုမှာ မွေးဖွားလာလို့ လူသားတွေကို ကယ်ချင်တာမလား၊ အနာဂတ်မှာ အရှေ့အစောင့်မြို့ စောင့်ကြပ်နေတဲ့ ဒေသကို ဘေးအန္တရာယ်တစ်ခုခု ကျရောက်လာရင် သားက အဲဒီဒေသကို ကယ်တင်မှာလား၊ တကယ်လို့ အင်မော်တယ်ကမ္ဘာ တစ်ခုခုဖြစ်ရင်လည်း သားက အင်မော်တယ်ကမ္ဘာကို ကယ်တင်မှာလား၊ ဒီထက်ပိုပြီးတော့ ပြောရရင် ကောင်းကင်တာအို တစ်ခုခုဖြစ်ရင်လည်း သားက ကောင်းကင်တာအိုအတွက် တိုက်ခိုက်မှာလား”
ဟန်ကျွယ်ရဲ့ ထပ်ဆင့်မေးခွန်းတွေက ဟန်ထော်ကို လုံးဝဆွံအသွားစေပါတယ်။ ဟန်ကျွယ် ပြောတာတွေက ကျိုးကြောင်းဆီလျော်ပုံ ပေါ်ပါတယ်။ ဟန်ထော်ဟာ ဟန်ကျွယ်ရဲ့ အတွေးနောက်ကို လိုက်စဉ်းစားရင်း ဘာဆက်လုပ်ရမှန်းမသိ ဖြစ်သွားပါတယ်။
ဟန်ထော်ဟာ သနားကြင်နာတက်ပေမဲ့ အဲဒီလောက်ထိ အနစ်နာခံဖို့တော့ ဆုံးဖြတ်မထားပါဘူး။
ဟန်ကျွယ်က စိတ်ပါလက်ပါ ဆက်ပြောပါတယ် “တကယ်လို့ သားက တာအိုနောက် လိုက်ချင်တယ်ဆိုရင် ဒီနေရာကနေ တက်နိုင်သလောက် ခပ်မြန်မြန် ထွက်ခွာတာ အကောင်းဆုံးပဲ၊ အရှေ့အစောင့်မြို့ရဲ့ ကပ်ဘေးက ဘယ်တော့မှ အဆုံးသတ်မှာ မဟုတ်ဘူး၊ အခုအချိန်မှာ သားက ဘာမှမဟုတ်သေးဘူး၊ အပြင်လောကကို ခြေဆန့်ပြီး လေ့ကျင့်တာ အကောင်းဆုံးပဲ၊ သားမှာ လုံလောက်တဲ့ စွမ်းအားရှိမှ အရှေ့အစောင်မြို့ကို ပြန်လာပြီး ကာကွယ်လို့ရတယ်လေ”
အဲဒီနောက် ဟန်ကျွယ်ဟာ မျက်လုံးမှိတ်ပြီး လောကကို ဆက်သုံးသပ်နားလည်ပါတယ်။ လောကကို သုံးသပ်နားလည်တယ်ဆိုတာက အနန္တကမ္ဘာမှာရှိတဲ့ သေမျိုးကမ္ဘာတွေကို လိုက်ကြည့်တာပါ။
ဟန်ထော်ဟာ နေရာမှာ အတော်အတန်ကြာအောင် မတ်တတ်ရပ်နေပြီးမှ ထွက်ခွာသွားပါတယ်။
ငါးနှစ်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ခြံဝင်းထဲမှာ အရက်သောက်နေရင်း ပျံသန်းလာတဲ့ ကျင့်ကြံသူတွေကို တွေ့လိုက်ရပါတယ်။ ဒီကျင့်ကြံသူတွေထဲက တစ်ယောက်ကတော့ ဂျိရှင်းရှန် ဖြစ်ပါတယ်။
သူတို့တွေဟာ တိမ်ပင်လယ်ထက်မှာ ရပ်တန့်လိုက်ပါတယ်။ သူတို့ရပ်တဲ့နေရာက အတော်မြင့်မားတဲ့အတွက် ဟန်ကျွယ်ကလွဲရင် အရှေ့အစောင်မြို့က တခြားဘယ်သူမှ ရှာမတွေ့ကြပါဘူး။
ဂျိရှင်းရှန်ဘေးမှာရှိတဲ့ အင်မော်တယ်အိုကြီးက ပြောလိုက်ပါတယ် “ဒီမြို့မှာ ဖီးနစ်စိမ်း မျိုးနွယ်စုရဲ့ သွေးစည်းရှိတယ်၊ သူ့သွေးစည်းက အားနည်းတယ်ဆိုပေမဲ့ ကျွန်တော်တို့တွေ သူ့ကို စည်းရုံးသိမ်းသွင်းရမယ်၊ နောက်ပြီး သူတို့တွေက နှစ်တိုင်း ဒုက္ခခံစားနေရတာဆိုတော့ မိုးကောင်းကင်ဘိုးဘေးသာ သူတို့ကို ကူညီမယ်ဆိုရင် သူတို့က ကျိန်းသေပေါက် ကျေးဇူးတင်မှာပါ”
ဂျိရှင်းရှန်ဟာ မျက်မှောင်ကြုတ်သွားပါတယ် “ဒီမြို့ထဲမှာရှိတဲ့ လူတွေရဲ့ ကျင့်ကြံမှုစွမ်းရည်က နိမ့်ပါးလွန်းတယ်၊ ငါ ရှေ့မထွက်ချင်ဘူး၊ မင်းတို့ထဲက တစ်ယောက် တာအိုသွားဟောချည်၊ တခြားလူတွေက ငါနဲ့ နောက်ထပ်မြို့ကို ဆက်သွားမယ်”
မြန်မာပြည် ငြိမ်းချမ်းပါစေ။
Chapter – 516
? Views, Released on December 9, 2024