အခန်း (၅၁၄) သေမျိုးကမ္ဘာတွင် ကျင်လည်ခြင်း၊ အိမ်ထောင်သားမွေး
ဟန်ကျွယ်ဟာ တာအိုရောင်းရင်းကို စိုက်ကြည့်ပြီး အပြုံးနဲ့ မေးလိုက်ပါတယ် “ခင်ဗျားက ဘယ်သူလဲ၊ ကျုပ်ဆီက ဘာလိုချင်တာလဲ”
တာအိုရောင်းရင်းဟာ ဟန်ကျွယ်ရဲ့ မေးခွန်းကြောင့် ပြုံးလိုက်ပါတယ် “မင်း ငါ့ကို တစ်ဝိုင်းကျွေးရင်တော့ ပိုကောင်းတာပေါ့၊ ငါက လောကအနှံ့ ခြေဆန့်ပြီး လူတကာကို ကူညီနေတာ၊ ငါက လူအများကြီးရဲ့ မေးခွန်းတွေကို အဖြေပေးခဲ့ပြီးပြီ၊ ဒီအထဲမှာ လူသားဘုရင်လည်း ပါတယ်”
လူသားမျိုးနွယ်စုက တကယ်ကို ပတ်ဝန်းကျင်နဲ့ လိုက်လျောညီညွတ်စွာ နေထိုင်နိုင်တာပါ။ ကပ်ဘေးပြီးဆုံးလို့ နှစ် ၃၀,၀၀၀ မကြာသေးတဲ့ အချိန်လေးအတွင်းမှာ အရင်လူသားမျိုးနွယ်စုရဲ့ စည်ကားမှုကို ပြန်ရပြီး လူသားဘုရင်တောင် ပြန်ပေါ်လာပါပြီ။
ဟန်ကျွယ်ဟာ အပြုံးနဲ့ မေးလိုက်ပါတယ် “ဒါဆို ခင်ဗျားက ကျုပ်ရဲ့ အတွေးတွေကို မြင်နိုင်တာလား”
တာအိုရောင်းရင်းဟာ ခေါင်းခါလိုက်ပါတယ် “ဘယ်လိုလုပ်ပြီး လူတစ်ယောက်ရဲ့ အတွေးတွေကို အလွယ်တကူ မြင်နိုင်မှာလဲ၊ အင်မော်တယ် နတ်ဘုရားတွေတောင် လူတစ်ယောက်ရဲ့ နှလုံးသားကို ကြောက်ကြတယ်”
ပျင်းရိငြီးငွေ့နေတဲ့ ဟန်ကျွယ်ဟာ နည်းနည်း စိတ်ဝင်စားစ ပြုလာပါတယ် “ဒါဆို ခင်ဗျားက အင်မော်တယ်လား”
“ငါက လေလွင့်ကျင့်ကြံသူ တစ်ယောက်ပါ”
“ဒါဆိုရင် အင်မော်တယ်ထက် ပိုမြင့်တဲ့ တည်ရှိမှုတွေကို သိလား”
“သိတယ်၊ တာအိုပညာရှိတွေနဲ့ ကောင်းကင်သက်ရှိတွေလေ”
ဒီလိုနဲ့ ဟန်ကျွယ်ဟာ တာအိုရောင်းရင်းနဲ့ စကားလက်ဆုံ ကျသွားပါတယ်။ မကြာခင်မှာပဲ စားသောက်ဖွယ်ရာတွေ ရောက်လာပါတယ်။ တာအိုရောင်းရင်းဟာ စားသောက်ဖွယ်ရာတွေကို တွေ့တာနဲ့ ဘယ်နှဘဝ ငတ်ပြတ်နေလဲမသိတဲ့ ပြိတ္တာအလား အိန္ဒြေမဆည်နိုင်အောင် အားရပါးရ စားသောက်ပါတော့တယ်။
မဟာညီညွတ်မှု ရွှေအင်မော်တယ်က ဒီလောက်ထိ ဆာလောင်စရာ အကြောင်းမရှိတဲ့အတွက် တမင် ဟန်ဆောင်နေတယ်ဆိုတာ သိသာထင်ရှားလှပါတယ်။
‘ဒီကောင်က ဝက်ယောင်ဆောင်ပြီး ကျားကိုစားချင်နေတာလား’ ဟန်ကျွယ်ဟာ ရယ်ချင်စိတ် ပေါက်သွားပေမဲ့ စိတ်ထိန်းပြီး အလိုက်သင့် နေလိုက်ပါတယ်။ ဟန်ကျွယ်ဟာ တာအိုကိုရရှိဖို့ မဟာညီညွတ်မှု ရွှေအင်မော်တယ်က သင်ကြားမပေးနိုင်မှန်း သိပါတယ်။ ဒါပေမဲ့ ဒီတာအိုရောင်းရင်းက စိတ်ဝင်စားစရာကောင်းလို့ ဘာမှမလုပ်တာပါ။
နှစ်နာရီကြာတဲ့အခါမှာတော့…
တာအိုရောင်းရင်းဟာ မတ်တတ်ရပ်ပြီး ပြုံးလိုက်ပါတယ် “မိတ်ဆွေလေး… မင်းရဲ့ ရုပ်ရည်က တကယ်ကို ပြိုင်ဘက်ကင်းပါပေတယ်၊ မိန်းမချောလေး ဘယ်နှယောက်ရဲ့ နှလုံးသားကို သိမ်းပိုက်နိုင်မလဲ ငါ မသိဘူး၊ မင်း စိတ်ရှုပ်နေတဲ့ကိစ္စက အချစ်ဖြစ်နိုင်တယ်၊ နောင်တရစရာ မရှိဘူးဆိုရင် တခြားလူတွေကို စိတ်မပျက်စေနဲ့၊ မင်းရဲ့ စိတ်ကို ဖွင့်ပေးဖို့ လိုတယ်”
လှေကားကနေ ကွယ်ပျောက်သွားတဲ့ တာအိုရောင်းရင်းကို ကြည့်ရင်း ဟန်ကျွယ်ဟာ ခေါင်းခါပြီး ရယ်မောလိုက်ပါတယ် ‘လူလိမ်ပဲ’
ဟန်ကျွယ်ဟာ ပြုံးလိုက်ပြီးနောက် တစ်စုံတစ်ခုကို တွေးမိလိုက်တာကြောင့် ပြတင်းပေါက်နေ အပြင်ဘက်ကို မျှော်ကြည့်လိုက်ပါတယ် ‘ငါ လိုအပ်နေတာက အမှန်တကယ် ခံစားမှုများလား… ဒီလိုဆို ငါ ဒီမြို့မှာ သေမျိုးတစ်ယောက်ရဲ့ဘဝကို ခံစားကြည့်ရမယ်’
ဟန်ကျွယ်ဟာ စိတ်ပိုင်းဖြတ်ပြီးတာနဲ့ မတ်တတ်ရပ်ကာ တည်းခိုးခန်းထဲကနေ ထွက်လိုက်ပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ မြို့ထဲမှာ ပထမဆုံး ခြံတစ်ခြံဝယ်ယူလိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ ပရိဘောဂတွေ အစေခံတွေ ဝယ်ယူပြီး သေမျိုးတစ်ယောက်ရဲ့ဘဝကို စတင် နေထိုင်ပါတော့တယ်။ ဟန်ကျွယ်ဟာ သူ့နာမည်အရင်းကိုပဲသုံးပြီး နေထိုင်တာပါ။
လောကမှာ ဟန်ကျွယ်ဆိုတဲ့နာမည်ကို မရှားပါဘူး။ ဟန်ကျွယ်ရဲ့ နာမည်က အင်မော်တယ်ကမ္ဘာကို တုန်လှုပ်စေတဲ့အထိ မကျော်ကြားသေးတဲ့အတွက် ပြဿနာတက်မှာကို စိုးရိမ်စရာ မရှိပါဘူး။
ဥတုအလီလီ ပြောင်းလဲလို့ နှစ်တွေ ကုန်ဆုံးသွားပါတယ်။
ဟန်ကျွယ်ဟာ မြို့မှာ နေတာတောင် ဆယ်နှစ်ကြာသွားပါပြီ။
ဒီမြို့နာမည်က အရှေ့အစောင့်မြို့ ဖြစ်ပြီး လူသားမျိုးနွယ်စုရဲ့ အစွန်းမှာတည်ရှိတဲ့ မြို့တွေထဲက တစ်မြို့ ဖြစ်ပါတယ်။ အစွန်းမှာတည်ရှိတဲ့ မြို့ဖြစ်တာကြောင့် ရှေးဟောင်းမျိုးနွယ်စုတွေနဲ့ သားရဲကြမ်းတွေ တိုက်ခိုက်တာကို မကြာမကြာခံရပါတယ်။ ဒီလို မကြာခဏ တိုက်ခိုက်တာ ခံရတဲ့အတွက်လည်း အရှေ့အစောင့်မြို့ရဲ့ အရံအတားက အတော်လေး အဆင့်မြင့်ပါတယ်။
ဟန်ကျွယ်ဟာ အရှေ့အစောင့်မြို့ထဲကို လုံးဝနှစ်မြုပ်သွားပြီး အိမ်နီးနားချင်းတွေနဲ့လည်း တရင်းတနှီး ရှိလာပါတယ်။
ဒီနေ့မှာတော့…
မြို့တစ်မြို့လုံး နှစ်တွေ ဖုံးလွှမ်းနေပါတယ်။
ဟန်ကျွယ်ဟာ ခြံထဲမှာထိုင်ရင်း နှင်းကျတာကို ထိုင်ခံစားကာ မိုးမြေအဓိပ္ပာယ်စစ်ကို သုံးသပ်ပါတယ်။
နှင်းတွေကို လှဲကျင်းနေတဲ့ အစေခံအိုတစ်ဦးဟာ ခေါင်းခါပြီး စိတ်ထဲမှာ သက်ပြင်းချလိုက်ပါတယ် ‘သခင်က ထပ်ပြီးတော့ အတွေးထဲ နှစ်မျောပြန်ပြီ၊ သခင်မှာ ဘာတွေများ အမှတ်ရစရာ ရှိနေလဲ မသိဘူး’
ဟန်ကျွယ် အစေခံတွေရဲ့ မျက်လုံးထဲမှာ ဟန်ကျွယ်ရဲ့ အကြီးမားဆုံး ပြဿနာက မကြာခဏ ငေးမောပြီး အတွေးထဲ နစ်မျောသွားတာပါ။ တစ်ခါတစ်လေမှာ တစ်ရက်တစ်ညတောင် မရွေ့လျားဘဲ ရပ်နေတဲ့အတွက် အစေခံတွေ ပြောလည်း ပြောချင်စရာပါပဲ။
ဒီအချိန်မှာပဲ အစေခံတစ်ယောက် အပြေးဝင်လာပြီး စိုးရိမ်တကြီး ပြောလိုက်ပါတယ် “သခင်… တံခါးရှေ့မှာ လူတစ်ယောက် လဲနေတယ်၊ သူ့ကြည့်ရတာ အသက်မရှိတော့ဘူး ထင်တယ်”
အရှေ့အစောင့်မြို့ရဲ့ ဥပဒေက တင်းကြပ်ပါတယ်။ တစ်ယောက်ယောက်ကို သတ်မိရင် ကိုယ့်အသက်နဲ့ ပြန်ပေးဆပ်ရပါတယ်။ ဒါကြောင့် လူသတ်သမားလို့ အထင်လွဲခံရပြီဆိုရင် အတော်လေး ပြဿနာတက်မှာပါ။
ဟန်ကျွယ်ဟာ ချက်ချင်းပဲ တံခါးဆီ လျှောက်သွားပါတယ်။ ဟန်ကျွယ်ဟာ သေမျိုးတစ်ယောက်အနေနဲ့ နေထိုင်နေတာ ဖြစ်တာကြောင့် သေမျိုးတစ်ယောက်လိုပဲ ပြုမူပါတယ်။ တံခါးဝရှေ့ကို ရောက်တဲ့အခါမှာတော့ နှင်းတောထဲမှာ လဲနေတဲ့ ညစ်ပတ်ပေရေတဲ့ အမျိုးသမီးတစ်ဦးကို တွေ့လိုက်ရပါတယ်။ ဒီအမျိုးသမီးဘေးမှာ လူတော်တော်များများ စုစည်းနေပြီးပါပြီ။
ဟန်ကျွယ်ဟာ အမျိုးသမီးဆီ လျှောက်သွားပြီး သက်ပြင်းတစ်ချက် ချလိုက်ပါတယ်။ အဲဒီနောက် ညာလက်ကို ဝှေ့ယမ်းပြီး အမျိုးသမီးရဲ့ ဝိညာဉ်ကို ခန္ဓာကိုယ်ထဲ ပြန်ဆွဲသွင်းလိုက်ပါတယ်။
အမျိုးသမီးဟာ ဖြည်းညင်းစွာ မျက်လုံးဖွင့်လိုက်ပါတယ်။ အမျိုးသမီးရဲ့ မျက်နှာက ပေရေနေပေမဲ့ သူ့မျက်လုံးတွေက ကြည်လင်သန့်ရှင်းပြီး တောက်ပနေပါတယ်။ အမျိုးသမီးနိုးလာတာကို တွေ့လိုက်ရတဲ့အတွက် ဝိုင်းရံနေတဲ့ လူစုဟာ စိတ်သက်သာရာ ရသွားကြပါတယ်။
ဟန်ကျွယ်က နှစ်တိုင်း အစားအစာတွေ ဝေငှတဲ့အတွက် အိမ်နီးနားချင်းတွေရဲ့ မျက်လုံးထဲမှာ ဟန်ကျွယ်က လူကောင်းတစ်ယောက်ပါ။ ဒါကြောင့် ဟန်ကျွယ် ပြဿနာတက်မှာကို သူတို့တွေ မလိုလားကြပါဘူး။
“မိန်းကလေး… အိမ်ကို မြန်မြန်ပြန်တော့၊ နှင်းက ထူလွန်းတယ်၊ တော်ကြာ လမ်းပျောက်နေလိမ့်မယ်”
ဟန်ကျွယ်ဟာ ပြုံးလိုက်ပြီး ခြံထဲ ပြန်ဝင်သွားပါတယ်။ ဟန်ကျွယ် ပေးလိုက်တဲ့အသက်က မိန်းကလေးအဖို့ နောက်ထပ်နှစ်ငါးဆယ်လောက် နေထိုင်ဖို့ လုံလောက်ပါတယ်။
ညနေစောင်းမှာတော့ ဟန်ကျွယ်ဟာ စားပွဲဆီ လျှောက်သွားပြီး ထမင်းစားဖို့ ပြင်လိုက်ပါတယ်။ ဒီအချိန် ဘေးနားမှာရပ်နေတဲ့ အစေခံမိန်းကလေးက ပြောလိုက်ပါတယ် “သခင်… ဟိုမိန်းကလေးက တံခါးအပြင်ဘက်မှာ ရှိနေသေးတယ်၊ သူ ပြောတာတော့ သခင်က သူ့ကို ကယ်ခဲ့တဲ့အတွက် သခင်အတွက် ဘာမဆိုလုပ်ပေးနိုင်ပါတယ်တဲ့”
“သူ့ကို အထဲဝင်ခွင့်ပြုပြီး အလုပ်တစ်ခုပေးလိုက်…” ဟန်ကျွယ်ဟာ အေးအေးဆေးဆေးပဲ ပြန်ပြောလိုက်ပါတယ်။
အစေခံမိန်းကလေးလည်း ထွက်ခွာသွားပါတယ်။
ဒီလိုနဲ့ ငါးနှစ်ကြာတဲ့အခါမှာတော့ အရှေ့အစောင့်မြို့ဟာ နှစ်တစ်ရာမှာ ကြုံတွေ့ခဲရလှတဲ့ သားရဲတွေ အုပ်စုလိုက် သောင်းကြမ်းတာကို ရင်ဆိုင်ရပါတယ်။ ဟန်ကျွယ်ဟာ ခြံထဲမှာ မတ်တတ်ရပ်ရင်း အရပ်ရှစ်မျက်နှာက မီးခိုးတွေးကိုကြည့်ကာ ငေးမောသွားပါတယ်။
အစိမ်းရောင်ဝတ်စုံနဲ့ မိန်းမပျိုတစ်ဦးဟာ ဟန်ကျွယ်ဆီ ရုတ်တရက် ရောက်လာပါတယ်။ ဒီမိန်းမပျိုဟာ ချောမောလှပတယ်လို့ မဆိုနိုင်ပေမဲ့ ရုပ်ရည်က သိပ်တော့ မဆိုးလှပါဘူး။
“သခင်… မြို့ပြိုလဲမှာကို စိုးရိမ်နေတာလား” အစိမ်းရောင် မိန်းမပျိုဟာ စိုးရိမ်သောကမရှိဘဲ အပြုံးနဲ့ မေးလိုက်ပါတယ်။ ဒီအစိမ်းရောင် မိန်းမပျိုက လွန်ခဲ့တဲ့ ငါးနှစ်က ဟန်ကျွယ်ရဲ့ ခြံရှေ့မှာ လဲကျနေခဲ့တဲ့ ချင်းလွမ်အာပါ။
ချင်းလွမ်အာဟာ အဲဒီတုန်းက ၁၇ နှစ်ပဲ ရှိပါသေးတယ်။ ဟန်မိသားစုထဲကို ရောက်လာပြီးတဲ့နောက် ချင်းလွမ်အာဟာ သူ့ကိုယ်သူ အစေခံလို့ သဘောမထားဘဲ ဟန်ကျွယ်နားမှာ အမြဲတမ်း ပူးကပ်နေပါတယ်။ ဒါပေမဲ့ ချင်းလွမ်အာက တကယ်ကလည်း အားကြီးပါတယ်။ ခြံထဲက ကာယအလုပ်တွေကို အကုန်လုံး လုပ်နိုင်ပြီး ယောက်ျားတွေထက်တောင် သန်မာပါသေးတယ်။
ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “ထင်တာပဲ”
ချင်းလွမ်အာဟာ နှုတ်ခမ်းတွန့်လိုက်ပါတယ် “ဟုတ်ရင် ဟုတ်တယ် မဟုတ်ရင် မဟုတ်ဘူးပေါ့၊ သခင်က အမြဲတမ်း ဒီအတိုင်းပဲ၊ သခင် ဘာတွေးနေတယ်ဆိုတာကို ခန့်မှန်းလို့ကို မရဘူး”
ဟန်ကျွယ်ဟာ ပြုံးလိုက်ပြီး ချင်းလွမ်အာကို လျစ်လျူရှုလိုက်ပါတယ်။
သုံးလေးလကြာတဲ့အခါမှာတော့ အရှေ့အစောင့်မြို့ဟာ သားရဲတွေ အုပ်စုလိုက် သောင်းကြမ်းတာကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ စစ်သားတွေ အတော်လေး ဆုံးရှုံးသွားတဲ့အတွက် လူသားဘုရင်ဟာ ရွေးချယ်စရာမရှိဘဲ ကျင့်ကြံသူတွေ စေလွတ်ခဲ့ရပါတယ်။
ကျင့်ကြံသူတွေ ရောက်လာတာက အရှေ့အစောင့်မြို့က အတော်လေး ရိုက်ခတ်သွားစေပါတယ်။ ဒါပေမဲ့ လူသားတွေက ရှန်တျန်လူသားတွေ မဟုတ်ပါဘူး။ သူတို့ရဲ့ သွေးစည်းက အနန္တကပ်ဘေးမတိုင်ခင်က လူသားတွေဆီကနေ ဆင်းသက်လာတာပါ။ ဒါကြောင့် သူတို့ရဲ့ အရည်အချင်းဟာ ရှန်တျန်သက်ရှိတွေကို မမီပါဘူး။
ဟန်ကျွယ်ဟာ ကျင့်ကြံမှုစွမ်းရည် မရှိဟန်ဆောင်ပြီး သာမန်ဘဝမှာ ဆက်နေထိုင်ပါတယ်။
ဒီလိုနဲ့ နောက်ထပ် ၁၀ နှစ် ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ လက်ထပ်ပါတယ်။ သတို့သမီးက တခြားသူ မဟုတ်ပါဘူး။ ချင်းလွမ်အာပါ။ ဟန်ကျွယ် ချင်းလွမ်အာကို လက်ထပ်ရတာက ချစ်လိုဆိုတာထက် ချင်းလွမ်အာက သူ့ကို စိတ်ဝင်စားနေတာရယ် အစေခံတွေ အိမ်နီးနားချင်းတွေက ဝိုင်းတိုက်တွန်းတာကြောင့်ပါ။ သေမျိုးတွေရဲ့ မျက်လုံးထဲမှာ ဟန်ကျွယ်အရွယ်က မိသားစုတစ်ခုကို စတင်ပြီး မျိုးဆက်သစ်တွေ ချန်ထားရမဲ့ အချိန်ကောင်းပါ။
တစ်နှစ်ကြာတဲ့အခါမှာတော့ ချင်းလွမ်အာဟာ ကိုယ်ဝန်ရပြီး သားယောက်ျားလေးကို ဖွားမြင်ပါတယ်။ ဟန်ကျွယ်ဟာ ဒီကလေးကို ဟန်ထော်လို့ အမည်ပေးလိုက်ပါတယ်။ ဟန်ထော် မွေးလာတာကလည်း ဟန်ကျွယ် ခွင့်ပြုလိုက်လို့ပါ။ မဟုတ်ရင် ချင်းလွမ်အာဟာ ဘယ်နည်းနဲ့မှ ကလေးရနိုင်မှာ မဟုတ်ပါဘူး။
ဟန်ကျွယ်ဟာ ဟန်ထော်ရဲ့ ကျင့်ကြံမှုစွမ်းရည်ကို ဖိနှိပ်ပြီး သာမန်လူတစ်ယောက်နဲ့ တူအောင် လုပ်လိုက်ပါတယ်။ တာအိုပညာရှိအတုနဲ့သာ ရင်ဆိုင်မတိုးဘူးဆိုရင် ဘယ်သူ့မှ ဟန်ထော်ရဲ့ ကျင့်ကြံမှုစွမ်းရည်ကို မသိနိုင်ပါဘူး။
ဟန်ကျွယ်ဟာ ဟန်ထော်ကို ကောင်းကောင်းမွန်မွန် ဆက်ဆံပြီး ဒီဘဝသေသွားလို့ နောက်ဘဝရောက်မှ ပြန်ခေါ်မယ်လို့ စီစဉ်ထားပါတယ်။ အိမ်ထောင်သားမွေး လုပ်ပြီးတဲ့နောက် ဟန်ကျွယ်ရဲ့ တာအိုနားလည်မှုဟာ ပိုနက်ရှိုင်းလာပါတယ်။
မဟာတာအိုသုံးထောင်က နေရာတိုင်းမှာ ရှိနေပါတယ်။ လူသားတွေရဲ့ ဘဝကိစ္စ အထွေထွေ မိုးကိစ္စ မြေကိစ္စတွေမှာ အရာအားလုံးက သူ့စည်းမျဉ်းနဲ့ သူ ရှိကြပါတယ်။
အဲဒီနောက်ပိုင်း ဟန်ထော်ဟာ ကောင်းကင်ပေါ် ပျံနိုင်တဲ့ အင်မော်တယ်တွေကို အားကျပြီး သူ့အတွက် အင်မော်တယ်ဆရာ ရှာပေးဖို့ ချင်းလွမ်အာကို ငိုယိုပူဆာပါတော့တယ်။ ချင်းလွမ်အာဟာ သားကိုချစ်စိတ်ကြောင့် ဟန်ကျွယ်ဆီ ရောက်လာပါတယ်။ ဟန်ကျွယ်လည်း ဘာမှမတက်နိုင်ဘဲ အဆက်အသွယ် သုံးရပါတော့တယ်။
ဒါပေမဲ့ နောက်ဆုံးမှာတော့ ဟန်ထော်မှာ ကျင့်ကြံမှုစွမ်းရည် မရှိတာ သိလိုက်ရတဲ့အတွက် ဟန်ထော်ဟာ အတော်လေး စိတ်ဓာတ်ကျသွားပါတယ်။ ဒါပေမဲ့ ရက်အနည်းငယ်မှာပဲ ပြန်ပြီးတော့ ပျော်ရွှင်လာပြီး နေ့တိုင်း လျှို့ဝှက်ဆန်းကြယ်စွာ ပြုမူပါတယ်။
ဟန်ကျွယ်ဟာ ဟန်ထော်က သိုင်းကျင့်နေတာကို ရှာတွေ့သွားပါတယ်။ အတိအကျပြောရရင် ခန္ဓာကိုယ်ကို လေ့ကျင့်နေတာပါ။
ချင်းလွမ်အာက ဟန်ထော်ကို သင်ပေးနေတာပါ။
ဟန်ကျွယ်ဟာ ဒီကိစ္စကို ဂရုလည်း မစိုက်သလို မေးလည်း မမေးပါဘူး။
မြို့ထဲက တောင်ငယ်လေးတစ်တောင်ရဲ့ တောအုပ်ထဲမှာ ဟန်ထော်တို့ သားအမိနှစ်ယောက် ရှိနေပါတယ်။ လှပစွာ ဝတ်စားဆင်ယင်ထားတဲ့ ချင်းလွမ်အာဟာ ဟန်ထော်လေးကို ကြည့်ပြီး ပြောလိုက်ပါတယ် “ထော်အာ… ဒီနည်းလမ်းနဲ့ ပတ်သက်ပြီး တခြားသူကိုလည်း မပြောနဲ့ မင်းအဖေကိုတောင် မသိစေနဲ့၊ မဟုတ်ရင် သူ လန့်သွားလိမ့်မယ်”
ဟန်ကျွယ်ဟာ လက်သီးကို ဝှေ့ယမ်းရင်း ခေါင်းညိတ်လိုက်ပါတယ်။ ဟန်ထော်ဟာ အသက်ကိုးနှစ်ပဲ ရှိသေးပေမဲ့ သူ့လှုပ်ရှားမှုတွေက အတော်လေး စူးရှလှပါတယ်။
ချင်းလွမ်အာရဲ့ မျက်လုံးတွေမှာ နာကျင်တဲ့ အရိပ်အယောင်တွေ တဒင်္ဂ ယှက်သမ်းသွားပါတယ် ‘င့ါသားမှသာ ကျင့်ကြံမှုစွမ်းရည်ရှိရင် ဒီလိုစိတ်ဆန္ဒမျိုးနဲ့ ကျိန်းသေပေါက် အင်မော်တယ် ဖြစ်မှာ… အခုတော့ ဟင်း…’
မြန်မာပြည် ငြိမ်းချမ်းပါစေ။
Chapter – 514
? Views, Released on December 9, 2024