အခန်း (၅၁၂) အသွင်ပြောင်းရန် ခက်ခဲခြင်း
“ဘိုးဘေး… ဒီအတောအတွင်း အမှောင်သခင်ကြီးက တာအိုပညာရှိတွေကို ကျိန်စာတိုက်နေတယ်၊ ဒီအမှောင်သခင်ကြီးက တိတ်ဆိတ်ဂိုဏ်းကလို့ ကျွန်တော်တို့ သံသယရှိတယ်၊ ဒီလိုသာ ဆက်ဖြစ်နေမယ်ဆိုရင် ကောင်းကင်တာအိုက မကြာခင်မှာ ဖရိုဖရဲ ဖြစ်သွားလိမ့်မယ်” ဂိုဏ်းချုပ်တျန်ကျွယ်ရဲ့ စကားသံဟာ တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်ပါတယ်။
လီမုယဲ့ကလည်း သူ့ဂုဏ်သတင်းကို ဂရုမစိုက်နိုင်တော့ပါဘူး “ဟုတ်တယ်၊ တာအိုပညာရှိ မင်ကျွယ်တောင် ရူးသွားပြီး၊ နောက်ထပ် တာအိုပညာရှိတစ်ပါးသာ ထပ်ရူးမယ်ဆိုရင် အခြေအနေတွေက ထိန်းချုပ်လို့ ရတော့မှာ မဟုတ်ဘူး၊ အနာဂတ်မှာ ဒီရူးသွပ်သွားတဲ့ တာအိုပညာရှိတွေက ကောင်းကင်တာအိုကိုတောင် ဖျက်ဆီးကောင်း ဖျက်ဆီးနိုင်တယ်၊ ဘိုးဘေး ဒီအခြေအနေကိုတော့ မမြင်ချင်ဘူးမလား…”
ဘိုးဘေးရှီတျန်က မျက်နှာသေနဲ့ ပြောလိုက်ပါတယ် “ဒီကိစ္စက ငါနဲ့ ဘာဆိုင်လို့လဲ”
ဘိုးဘေးရှီတျန်ရဲ့ တုံးတိစကားကြောင့် ခန်းမတစ်ခုလုံး အပ်ကျသံ ကြားရလောက်အောင် တိတ်ဆိတ်သွားပါတယ်။ တာအိုပညာရှိတွေဟာ ဘိုးဘေးရှီတျန်ကို အပြစ်ပြုမိမှာစိုးတဲ့အတွက် တစ်ချက်ကလေးတောင် မလှုပ်ရှားရဲပါဘူး။
ဘိုးဘေးရှီတျန်က ကောင်းကင်တာအိုထက် ကျော်လွန်ပြီး သူတို့ရဲ့ အစောင့်အရှောက် ဆိုတာကို တာအိုပညာရှိတွေ သိပါတယ်။ ဘိုးဘေးရှီတျန်ကြောင့်လည်း တာအိုပညာရှိတွေဟာ ဘာကိုမှ စိုးရိမ်စရာမလိုဘဲ ကောင်းကင်တာအိုကို ကျားခုံလုပ်ပြီး စိတ်ရှိလက်ရှိ တိုက်ခိုက်နိုင်ကြတာပါ။
ဘိုးဘေးရှီတျန်ဟာ သက်ပြင်းတစ်ချက် ချလိုက်ပါတယ် “ဟင်း… ဘာပဲဖြစ်ဖြစ် ကောင်းကင်တာအိုက ဆက်ပြီးတော့ လည်ပတ်နေအုန်းမှာပဲ၊ တာအိုဘိုးဘေးအတွက်တောင် အတူတူပဲ၊ ငါတို့တွေက ကောင်းကင်တာအိုကို မသက်ရောက်နိုင်ဘူး၊ ကောင်းကင်တာအိုက တစ်မူထူခြားတဲ့ တည်ရှိမှုတစ်ခု ဖြစ်တဲ့အတွက် အနာဂတ်မှာ မဟာတာအိုကိုတောင် ကျော်တက်သွားနိုင်တယ်၊ မင်းတို့တွေ စည်းလုံးမယ်ဆိုရင် အနာဂတ်မှာ အခွင့်အရေးကြီးတစ်ခုကို ကျိန်းသေပေါက် ရလိမ့်မယ်၊ မသိကိန်းကို ပစ်မှတ်ထားနေတာ ရပ်ကြတော့၊ ငါ တွက်ချက်မှုအရ သူက ကောင်းကင်တာအိုအတွက် အဲဒီလောက်ကြီး အရေးကြီးတာ မဟုတ်ဘူး”
တာအိုပညာရှိတွေဟာ မျက်နှာမျိုးစုံ ဖြစ်သွားကြပါတယ်။ သူတို့ ဘာတွေးနေတယ်ဆိုတာတော့ သူတို့ကိုယ်တိုင်ပဲ သိကြပါလိမ့်မယ်။ ဒါပေမဲ့ ဘိုးဘေးရှီတျန်က ကောင်းကင်တာအိုထဲ ဝင်မပါချင်ဘူးဆိုတာကိုတော့ သူတို့အားလုံး သိသွားကြပါတယ်။
ဘာပဲဖြစ်ဖြစ် အမှောင်သခင်ကြီးက တာအိုပညာရှိတွေရဲ့ စိတ်ထဲမှာ နှုတ်မရတဲ့ ဆူးတစ်ခုလိုပါပဲ။ ဒီဆူးကိုသာ ဆွဲမနုတ်ရဘူးဆိုရင် တာအိုပညာရှိတွေ အကုန်လုံး အခြေအနေ ကောင်းကြမှာ မဟုတ်ပါဘူး။
နှစ် ၆၀၀ ကြာပြီးနောက်။
တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်အတွင်း။
ဟန်ကျွယ်ဟာ တိတ်ဆိတ်ဂိုဏ်းသားတွေကို တာအိုဟောကြားလို့ ပြီးသွားပါတယ်။ ဒီတာအိုဟောကြားမှုက နှစ်တစ်ရာ ကြာပါတယ်။ ကောင်းကင်မိစ္ဆာ တည်ရှိမှုနဲ့ ရွှေရောင်မိုး အကြောင်းကိုလည်း တပည့်တွေသိအောင် အထူးတလည် ရှင်းပြလိုက်ပါတယ်။
ဒါပေမဲ့ တပည့်တွေဟာ တာအိုသုံးသပ်နားလည်တဲ့ အခြေအနေမှာမို့ ကောင်းကင်မိစ္ဆာအကြောင်းကို ဆွေးနွေးဖို့ မအားကြပါဘူး။
ဟန်ကျွယ်ဟာ ဖူစန်းသစ်ပင်ဆီ လျှောက်သွားပြီး အကဲခတ်ကြည့်လိုက်ပါတယ်။ နှစ်တွေ အတော်အတန် ကြာသွားပြီဆိုပေမဲ့ ဖူစန်းသစ်ပင်က ဟန်ကျွယ် တန်ဖိုးအထားဆုံး ရတနာ ဖြစ်နေတုန်းပါပဲ။ တိတိကျကျပြောရရင် သူ့တတပည့်ဆိုလည်း မမှားပါဘူး။
“ဂိုဏ်းချုပ်… ကျွန်တော် ဘယ်တော့ အသွင်ပြောင်းနိုင်မှာလဲ” ဖူစန်သစ်ပင်က မေးလိုက်ပါတယ်။ ဖူစန်းသစ်ပင်ရဲ့ အသံဟာ ပိုပိုပြီးတော့ ချိုလွင်လာပါတယ်။ ထူလင်းအာနဲ့ ဝူတောက်ကျန့်ကြောင့် မိန်းမနဲ့ ပိုပိုတူလာတာလည်း ဖြစ်နိုင်ပါတယ်။
သစ်ပင်မှာက ယောက်ျား မိန်းမ သစ်ပင်မှ မရှိတာ။ အဖို အမက တချို့အပင်တွေမှာပဲ ရှိတာ မဟုတ်ပါလား။
ဟန်ကျွယ်က ပြန်မေးလိုက်ပါတယ် “မင်း ဘာဖြစ်လို့ အသွင်ပြောင်းချင်ရတာလဲ”
ဖူစန်းသစ်ပင်က ချက်ချင်းပဲ ပြန်ဖြေပါတယ် “ကျွန်တော်လည်း ရွေ့လျားချင်တာပေါ့”
“မစိုးရိမ်ပါနဲ့၊ မင်း မကြာခင် အသွင်ပြောင်းနိုင်တော့မှာပဲ၊ အဲဒီအချိန်ကျရင် မင်း မရွေ့လျားနိုင်တာကို ကျေးဇူးတင်မိလိမ့်မယ်”
“ဘာဖြစ်လို့လဲ”
“ဘာဖြစ်လို့လဲဆိုတော့… မရွေ့လျားနိုင်တော့ ကျင့်ကြံတာကိုပဲ အာရုံစိုက်နိုင်တယ်လေ၊ မင်း ရွေ့လျားလို့ရပြီ ဆိုတာနဲ့ အတွင်းနတ်ဆိုးမျိုးစုံက မင်းကို တိုက်ခိုက်လာလိမ့်မယ်၊ မင်း မယုံဘူးဆိုရင် ပဋိပက္ခ ကောင်းကင်ခွေးကို မေးကြည့်ပါလား…”
“ကျွန်တော် အဲဒီပုံပြင်တွေကို နားထောင်ရတာများလို့ ငြီးငွေ့လာပြီ၊ ဒါပေမဲ့ ကျွန်တော်…”
“နည်းနည်း ထပ်စောင့်ပါအုန်း၊ ဘာပဲဖြစ်ဖြစ် တာအိုပညာရှိအတု အဆင့်ကို မရောက်ရင် အပြင်ထွက်ခွင့်မှ မရှိတာ၊ တခြားတပည့်တွေလည်း ဒီအထဲမှာပဲ ကျင့်ကြံအားထုတ်နေကြတာ၊ ဘယ်ကိုမှ သွားနိုင်တာ မဟုတ်ဘူး”
“ကောင်းပါပြီ” ဖူစန်းသစ်ပင်ဟာ မတရားခံရသလို ခံစားလိုက်ရပါတယ်။
ဟန်ကျွယ်ဟာ ခေါင်းခါပြီး ရယ်မောလိုက်ပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ ဖူစန်းသစ်ပင်ရှိရာကနေ လှည့်ထွက်လာခဲ့ပါတယ်။ တကယ်တော့ ဟန်ကျွယ်က ဖူစန်းသစ်ပင်ကို အသွင်ပြောင်းခွင့် မပေးတာ မဟုတ်ပါဘူး။ ဖူစန်းသစ်ပင်ကိုယ်တိုင်က အသွင်မပြောင်းနိုင်တာပါ။
ဖူစန်းသစ်ပင်က ကောင်းကင်တာအိုရဲ့ နတ်သစ်ပင်ဖြစ်တဲ့အတွက် ထူခြားလေးနက်တဲ့ အဓိပ္ပာယ် ရှိပါတယ်။ ဒါကြောင့်မို့ ကောင်းကင်တာအိုက လွယ်လင့်တကူ အသွင်ပြောင်းခွင့်ပေးမှာ မဟုတ်ပါဘူး။ ဟန်ကျွယ်ဟာ ဖူစန်းသစ်ပင်ကို အသွင်ပြောင်းခွင့်မပေးတဲ့ ကောင်းကင်တာအိုရဲ့ တားဆီးမှုကို ခံစားမိပါတယ်။
ကောင်းကင်တာအို တည်ရှိမှုက ပြောပြလို့မရတဲ့ တည်ရှိမှုတစ်ခုပါ။ တာအိုပညာရှိအတုတောင် ကောင်းကင်တာအိုကို မခံစားမသိရှိနိုင်ပါဘူး။ ဒါပေမဲ့ ကောင်းကင်တာအိုရဲ့ စည်းမျဉ်းတွေကို ချိုးဖောက်ဖို့ ကြိးစားမယ်ဆိုရင် တုံ့ပြန်မှုက အလွန်တရာမှ အားကောင်းလှပါတယ်။
တာအိုဘုံကျောင်းကို ပြန်ရောက်ပြီးနောက် ဟန်ကျွယ်ဟာ ချက်ချင်း မကျင့်ကြံဘဲ စာစောင်တွေကို စစ်ဆေးလိုက်ပါတယ်။
ဒီအတောအတွင်း အင်မော်တယ်ကမ္ဘာရဲ့ ပြောင်းလဲမှုတွေက နည်းနည်းလေး ကြီးမားလာပါတယ်။ ဒါကြောင့် ဟန်ကျွယ်ဟာ အင်မော်တယ်ကမ္ဘာရဲ့ အခြေအနေကို စိတ်ဝင်စားလာပြီး လုပ်စရာမရှိတိုင်း စာစောင်တွေကို ဖတ်ကြည့်တာက အကျင့်တစ်ခု ဖြစ်လာပါတယ်။
ဒီခံစားချက်က အင်တာနက်ပေါ် တက်မွှေသလိုပါပဲ။
နှစ် ၂၀,၀၀၀ ကျော် ကြာပြီးတဲ့ နောက်မှာတော့ အင်မော်တယ်ကမ္ဘာဟာ တစ်ဖန်ပြန်ပြီးတော့ သက်ဝင်လှုပ်ရှားလာပါတယ်။ အရင်လို ပျင်းစရာ မကောင်းတော့ပါဘူး။
ဟန်ကျွယ်ဟာ စိတ်ဝင်စားဖို့ကောင်းတဲ့ စာနှစ်စောင်ကို တွေ့လိုက်ရပါတယ်။
[သင့်မိတ်ဆွေ ကျန်းတုကူးသည် လျှို့ဝှက်ဆန်းကြယ်ပုဂ္ဂိုလ်ထံမှ တန်ပြန်ထိပြီး ကောင်းကင်ဘဝဂ် အဆင့်သို့ ကျင့်ကြံမှု လျော့ကျသွား၏။]
[သင့်မိတ်ဆွေ ကျန်းတုကူးသည် တာအိုပညာရှိအတု ဖြစ်လာ၏။]
ဒီစာနှစ်စောင်ကြားမှာ စာစောင်လေးငါးခုရှိပေမဲ့ ဟန်ကျွယ်ဟာ စိတ်မဝင်စားပါဘူး။
‘ဒီကြားထဲ ကျန်းတုကူးက ဘာဖြစ်သွားတာလဲ၊ ဘယ်လိုဖြစ်ပြီး ကောင်းကင်ဘဝဂ် အဆင့်နဲ့ တာအိုပညာရှိအတု အဆင့်ကို ကူးချည်သန်းချည် လုပ်နေရတာလဲ၊ လျှို့ဝှက်ဆန်းကြယ် ပုဂ္ဂိုလ်ကရော ဘယ်သူများပါလိမ့်…’
ဟန်ကျွယ်ဟာ ဒီအကြောင်းအရာတွေကို သိချင်ပေမဲ့ ကျန်းတုကူးအတွက် သူ့သက်တမ်းကို သုံးစွဲဖို့ စိတ်ကူးမရှိပါဘူး။ ဘာပဲဖြစ်ဖြစ် လောလောဆယ်မှာ ကျန်းတုကူးက ဟန်ကျွယ်ကို အန္တရာယ် မပေးနိုင်ပါဘူး။
…..
၇ နှစ်ကြာပြီးနောက်…
ရှကျဲ့မျိုးနွယ်စုခေါင်းဆောင် ဟန်ယိုဟာ ဟန်ကျွယ်ကို လာတွေ့ပါတယ်။ ဟန်ယိုဟာ ရှကျဲ့မျိုးနွယ်စုရဲ့ အခြေအနေကို ဟန်ကျွယ်ဆီ အစီအရင်လာခံတာပါ။
လောလောဆယ်မှာ ရှကျဲ့မျိးနွယ်စုဝင် တစ်ထောင်ကျော်ဟာ နတ်မင်းအဆင့်ကို ရောက်ရှိသွားကြပြီး ဒီအရေအတွက်က အချိန်အနဲ့အမျှ တိုးလာနေပါတယ်။ တကယ်တော့ ဟန်ကျွယ်ဟာ ဒီကိစ္စတွေကို သိပါတယ်။ ဒီအကြောင်းတွေနဲ့ ပတ်သက်ပြီး ဟန်ယိုကိုလည်း မမေးခဲ့ပါဘူး။
ဟန်ယို အခုလို လာတင်ပြတာက တခြားအဓိပ္ပာယ်တစ်ခုပါ။ ဟန်ကျွယ်ဟာ ဟန်ယိုရဲ့ အတွေးကို နားလည်တာကြောင့် အပြုံးနဲ့ ပြောလိုက်ပါတယ် “ရှကျဲ့မျိုးနွယ်စုက ကောင်းကောင်းမွန်မွန် ကြီးထွားလာတာပဲ၊ ငါ မင်းတို့အတွက် သီးသန့် တာအိုဟောကြားပေးပြီး ဆန်းကြယ်စွမ်းအား သင်ပေးမယ်”
ဟန်ယိုဟာ ဟန်ကျွယ်ရဲ့ စကားကြောင့် ကျေနပ်အံအားသင့်သွားပါတယ်။ ရှကျဲ့မျိုးနွယ်စုမှ အလိုအပ်ဆုံးကလည်း ဆန်းကြယ်စွမ်းအား မဟုတ်ပါလား။
တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ထဲမှာ ရှိတဲ့ ရှကျဲ့မျိုးနွယ်စုဟာ ဘာမှ မရှားပါဘူး။ ဟန်ကျွယ်က တာအိုဟောကြားတိုင်း ရှကျဲ့မျိုးနွယ်စုကို ချန်ထားခဲ့တယ် မရှိပါဘူး။ ဒါပေမဲ့ ရှကျဲ့မျိုးနွယ်စုမှ သေချာသင်ပြပေးမဲ့ ဆရာ မရှိတာကြောင့် သူတို့ရဲ့ ဆန်းကြယ်စွမ်းအားက ကိုယ်ပိုင်တပည့်တွေ တတ်မြောက်ထားတဲ့ ဆန်းကြယ်စွမ်းအားတွေကို မမီတာပါ။
ရှကျဲ့မျိုးနွယ်စုဝင်တွေဟာလည်း နှစ်တစ်ရာပြိုင်ပွဲမှာ နိုင်ချင်ကြတာချည်းပါပဲ။
ဟန်ကျွယ်ကလည်း ဒီလိုပြိုင်ဆိုင်မှုမျိုးကို မရှုံ့ချပါဘူး။ ပိုတောင် ကြိုက်ပါသေးတယ်။ ဂူအောင်းကျင့်ကြံတာက သူရဲဘောကြောင်တယ်လို့ မဆိုလိုပါဘူး။ တခြားသူတွေထက် ရှေ့ပို့ရောက်အောင် ပိုကြိုးစား ပိုအားထုတ်ရုံတင်ပါ။
ဟန်ကျွယ် အခုလိုမျိုး ဂူအောင်း ကျင့်ကြံနေတာတွေက နောင်တစ်ချိန်မှာ ဂူအောင်းကျင့်ကြံဖို့ မလိုအပ်တော့တဲ့အချိန် အစွမ်းအထက်ဆုံးအချိန်ကို မျှော်လင့်ပြီး ကြိုးစားနေတာပါ။
ဟန်ယိုထွက်သွားတာနဲ့ ဟန်ကျွယ်ဟာ ဆက်ပြီးတော့ ကျင့်ကြံအားထုတ်ပါတယ်။ ဟန်ကျွယ်ဟာ တာအိုရရှိဖို့ တဖြည်းဖြည်းနဲ့ နီးကပ်လာပါပြီ။ ဒါပေမဲ့ ဘယ်အချိန်မှာ တာအိုကို ရရှိမယ်ဆိုတာကတော့ အတိအကျ ပြောလို့ မရသေးပါဘူး။ အခွင့်အရေးတစ်ခုရတာနဲ့ ဟန်ကျွယ်ဟာ တာအိုကို ရရှိမှာ ကျိန်းသေနေပါပြီ။ ဒါပေမဲ့ အဲဒီအခွင့်အရေးက ဘယ်ဟာလဲဆိုတာတော့ ဟန်ကျွယ် ကိုယ်တိုင်လည်း မသိသေးပါဘူး။
ဟန်ကျွယ်ဟာ အန္တိမမူလ မဟာတာအိုကို ဆက်ပြီးတော့ ကြိုးကြိုးစားစား သုံးသပ်နားလည်ပါတယ်။
အချိန်ဟာ ပုံမှန်ကုန်ဆုံးသွားပြီး နှစ် ၇၀ ကြာသွားပါတယ်။
တပည့်အကုန်လုံး တာအိုသုံးသပ်နားလည်ရာကနေ နိုးထလာပြီး ဟန်ကျွယ် ရှင်းပြတဲ့ ကောင်းကင်မိစ္ဆာတွေအကြောင်း ဆွေးနွေးကြပါတယ်။ သူတို့တွေဟာ သိချင်စိတ် ပြင်းပြရုံတင်ပါ။ ကောင်းကင်မိစ္ဆာတွေကို မကြောက်ပါဘူး။
အဲဒီနေ့ ကောင်းကင်မိစ္ဆာတွေ အစွမ်းသုံးတုန်းကလည်း အရံအတားကို မထိုးဖောက်နိုင်ခဲ့ဘူး မဟုတ်ပါလား။ ဒီအဖြစ်အပျက်ကို ထောက်ဆခြင်းအားဖြင့် တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ရဲ့ အကာအကွယ် အရံအတားက လုံလုံလောက်လောက် စွမ်းအားကြီးတယ်ဆိုတာကို ဖော်ပြနေပါတယ်။
ဒီနေ့မှာတော့ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ကို ဆံဖြူ အင်မော်တယ်တစ်ပါး ရောက်လာပါတယ်။ ဒီအင်မော်တယ်ဟာ တာအိုဝတ်ရုံကို ဝတ်ဆင်ထားပြီး ခါးမှာ ဓားတစ်ချောင်းကို ချိတ်ဆွဲထားပါတယ်။ ဒီအင်မော်တယ်ဟာ အင်မော်တယ်ကြိုးကြာငှက်ပေါ်မှာ မတ်တတ်ရပ်နေပြီး အင်မော်တယ်တစ်ပါးရဲ့ ရောင်ဝါမျိုး ရှိပါတယ်။
ဒီအင်မော်တယ်ကတော့ တခြားလူ မဟုတ်ပါဘူး။ ဟွမ်ဂျိဟောင်ပါ။
ဟွမ်ဂျိဟောင်ဟာ ရှေ့မှာရှိတဲ့ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ကိုကြည့်ရင်း မျက်နှာ မူမမှန်ပါဘူး။ အင်မော်တယ်ကြိုးစာဟာ မမြင်ရတဲ့ အရံအတားကြောင့် ရှေ့ဆက်ပျံမရဘဲ ရပ်တန့်လိုက်ရပါတယ်။
“ငါ့နာမည်က ဟွမ်ဂျိဟောင်ပဲ၊ ဒီမှာ လီတောက်ခုံးနဲ့ လီရွှမ်အောက်တို့ ရှိလား”
တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ဟာ တိတ်ဆိတ်နေပါတယ်။ ဟွမ်ဂျိဟောင်ရဲ့ မေးခွန်းကို ဘယ်သူမှ ပြန်မဖြေပါဘူး။
ဟွမ်ဂျိဟောင်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။
ဒီအချိန်မှာပဲ လီရွှမ်အောက်ရဲ့အသံ ထွက်ပေါ်လာပါတယ် “အင်း… မင်းက အသက်ရှင်နေသေးတာလား”
ဟွမ်ဂျိဟောင်ဟာ လီရွှမ်အောက်ရဲ့ မေးခွန်းကြောင့် စိတ်ဓာတ်ကျသွားပါတယ် “ဆရာသခင်… ကြည့်ရတာ ဆရာသခင်က ကျွန်တော့်ကို လုံးဝမေ့သွားပြီပဲ၊ ကျွန်တော် ဆရာသခင်နောက် ဆက်လိုက်လို့ရမလား”
“ဘာဖြစ်လို့လဲ”
“မိုးကောင်းကင်မျိုးနွယ်စုက ကျွန်တော့်နောက် လိုက်နေလို့”
“သူတို့က မင်းနောက်ကို ဘာလို့ လိုက်နေတာလဲ”
“ကျွန်တော် သူတို့လူတွေကို သတ်ခဲ့လို့”
“ဘာဖြစ်လို့ သတ်ခဲ့တာလဲ”
“ကျွန်တော်… ဆရာသခင် စကားက ဘာကြီးလဲ”
ဟွမ်ဂျိဟောင်ဟာ ဒေါသကြောင့် ပေါက်ကွဲလုနီး ဖြစ်သွားပါတယ်။ ဝမ်းသာအားရ လာခဲ့ပေမဲ့ မဆုံးနိုင်တဲ့ ပါးဖြတ်ရိုက်ချင်စရာကောင်းတဲ့ မေးခွန်းတွေကြောင့် ဟွမ်ဂျိဟောင်ဟာ စိတ်မရှည်နိုင် ဖြစ်သွားပါတယ်။
လီရွှမ်အောက်ဟာ ဟွမ်ဂျိဟောင်ရဲ့ စိတ်အခြေအနေကို ရိပ်မိတာကြောင့် စကားလမ်းကြောင်း ပြောင်းလိုက်ပါတယ် “တိတ်ဆိတ်ဂိုဏ်းထဲ ဝင်ဖို့က မလွယ်ဘူး၊ ငါ့မှာ မင်းကို လက်ခံဖို့ အခွင့်အာဏာ မရှိဘူး၊ ဒါပေမဲ့ ကူတော့ ပြောပေးမယ်”
“ကျေးဇူးပါပဲ ဆရာသခင်…” ဟွမ်ဂျိဟောင်ဟာ လီရွှမ်အောက်ရဲ့ စကားကြောင့် စိတ်ထဲမှာ သက်ပြင်းချမိလိုက်ပါတယ်။
ဟွမ်ဂျိဟောင်ဟာ တိတ်ဆိတ်ဂိုဏ်းအကြောင်းကို တကယ်ပဲ သိချင်နေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တိတ်ဆိတ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်က ဟန်ကျွယ်ဆိုတာ ဟွမ်ဂျိဟောင် သိနေလို့ပါပဲ။
ဒါပေမဲ့ အနန္တကပ်ဘေးအတွင်းမှာ ဟွမ်ဂျိဟောင်ဟာ ဟန်ကျွယ်ဆိုတဲ့နာမည်နဲ့ တိတ်ဆိတ်ဂိုဏ်းဆိုတဲ့ နာမည်ကို တစ်ခါမှ မကြားခဲ့ပါဘူး။ တိတ်ဆိတ်ဂိုဏ်းက အခုမှ ကျော်ကြားလာတာ ဖြစ်တဲ့အတွက် ဂိုဏ်းချုပ် ပြောင်းသွားလောက်ပြီလို့ ဟွမ်ဂျိဟောင်ဟာ သံသယဝင်နေပါတယ်။ မဟုတ်ရင် လီတောက်ခုံးလို မာနကြီးတဲ့လူက ဘယ်လိုလုပ်ပြီး တိတ်ဆိတ်ဂိုဏ်းထဲ ဝင်မှာလဲ။
ဟန်ကျွယ်ကို တွေးမိလိုက်တဲ့ ဟွမ်ဂျိဟောင်ဟာ သက်ပြင်းတစ်ချက် ချလိုက်ပါတယ်။
ဟွမ်ဂျိဟောင်ဟာ ကြက်သွေးရောင် တိမ်ကမ္ဘာကနေ နာမည်ကြီးပုဂ္ဂိုလ်တွေ ဒီလောက်အများကြီး ပေါ်လာလိမ့်မယ်လို့ ထင်မထားခဲ့ပါဘူး။ ကြက်သွေးရောင် တိမ်ကမ္ဘာက သေမျိုးကမ္ဘာတွေထဲမှာ ထိပ်တန်း ကံတရား အထောက်အပံ့ရှိတဲ့ သေမျိုးကမ္ဘာဆိုရင် မှားမယ် မထင်ပါဘူး။
ဟွမ်ဂျိဟောင် တွေးတောနေတုန်းမှာပဲ မြင်ကွင်းတစ်ခုလုံး ဝေဝါးသွားပြီး ပြန်ကြည်သွားတဲ့အခါ လီရွှမ်အောက်ရှေ့ ရောက်နေတာကို တွေ့လိုက်ရပါတယ်။
လီရွှမ်အောက်ဟာ ဟွမ်ဂျိဟောင်ကို ခေါင်းအစ ခြေအဆုံးကြည့်ပြီး ပြောလိုက်ပါတယ် “မူလဆန်းကြယ်စွမ်းအား နှစ်ပါး… မဆိုးဘူး၊ ဒါပေမဲ့ မင်းရဲ့ အရည်အချင်းက လက်ရှည်လူဝံနဲ့ယှဉ်ရင် နည်းနည်း လိုနေသေးတယ်”
မြန်မာပြည် ငြိမ်းချမ်းပါစေ။
Chapter – 512
? Views, Released on December 9, 2024