Chapter – 70
“လမ်းမပေါ်တွင်လုပ်ကြံခံရခြင်း”
“သခင်လေးကို အရင်တုန်းက ဆုံးမချင်ခဲ့ပေမဲ့ မဆုံးမနိုင်ခဲ့ဘူး။ ဒါပေမဲ့ အခုကစပြီးတော့ သခင်လေး နောက်ထပ်ပြီးတော့ ရူးရူးမိုက်မိုက်တွေ လုပ်ရဲလုပ်ကြည့်၊ သခင်လေးကို စုတ်ပြတ်သွားအောင် ရိုက်နှက်ရလိမ့်မယ်။ မလုပ်ရဲဘူးများ ထင်နေတာလား . . .”
အိမ်တော်ထိန်းကြီး လေးနက်သော လေသံဖြင့် မေးလိုက်သည်။
ယခင် အိမ်တော်ထိန်းမှ သခင်လေးကို ပြောသည့် ပုံစံမျိုး မဟုတ်တော့ဘဲ ဦးလေးတစ်ယောက်မှ ဆုံးမမာန်မဲသည့် လေသံမျိုး ဖြစ်နေပါသည်။
အရင်တုန်းက အိမ်တော်ထိန်းကြီးသည် သူ့ကိုယ်သူ အစွမ်းနိမ့်ကျနေသည်ဟုထင်ကာ ရဲရှောင်အား မကာကွယ်နိုင်သဖြင့် စိတ်ဓာတ်ကျခဲ့ရသည်။ ရဲရှောင်မှ ဦးလေးဟု ခေါ်ရန် မထိုက်တန်ဟုပင် သူ့ကိုယ်သူ ခံယူနေမိပြီး ထို့ကြောင့် ရဲရှောင်လုပ်သမျှကို ဘာမှ မပြောတော့ခြင်း ဖြစ်ပါသည်။
သို့သော် ယခုအခါမှာတော့ အိမ်တော်ထိန်းကြီး၏ ကျင့်ကြံမှုများမှာ ပုံမှန်အဆင့်သို့ ပြန်လည် ရောက်ရှိနိုင်တော့မည်ဖြစ်ပြီး သူ့ကိုယ်သူ ယုံကြည်မှုများ ရှိနေပါသည်။
(ငါ့တူကို လာပြီး ပြဿနာ ရှာရဲတဲ့လူရှာကြည့် ငါသတ်ပစ်မယ် . . .)
နှစ်အတော်ကြာ ပျောက်ဆုံးခဲ့ရသည့် ယုံကြည်မှုများမှာ ယခုအခါ ပြန်လည် ရရှိလိုက်သလို ခံစား နေရသည်။
“ငါလုပ်ချင်ပေမဲ့ မလုပ်နိုင်ပါဘူးလေ . . .” ဟု အမြဲတမ်း စိတ်ထဲ သိမ်ငယ်ခဲ့ရခြင်း ဖြစ်လေသည်။
ယခုအခါ သူ၏ တာဝန်များကို အပြည့်အ၀ ထမ်းဆောင်နိုင်စွမ်း ရှိနေပြီဖြစ်ပြီး အရင်တုန်းကတော့ ရဲရှောင်အား မကာကွယ်နိုင်လောက်အောင် အခြေအနေ ဆိုးရွားလာခဲ့ပါသည်။
ရဲရှောင် ရယ်မောလိုက်ပြီး –
“ဦးလေးဆောင် . . . စိတ်အေးအေးထားပါ၊ ကျုပ်က ပြဿနာရှာမဲ့လူနဲ့ တူနေလို့လား . . .”
ရဲရှောင် အိမ်တော်ထိန်းကြီးဟု မခေါ်တော့ဘဲ ဦးလေးဆောင်ဟုသာ ခေါ်လိုက်မိသည်။
အိမ်တော်ထိန်းကြီးမှ မျက်စောင်းထိုးကြည့်လိုက်လေ၏။
(ဒီစကားကို ရင်းနှီးနေပါတယ်လို့ ထင်နေတာ သူခုနကပဲ ဒီလို ပြောလိုက်သေးတယ်မလား . . . မင်းလိုလူမျိုးက ပြဿနာ မရှာရင် ဒီကမ္ဘာကြီးပေါ်မှာ ဘယ်သူကများ ပြဿနာရှာတော့မှာလဲ။
မင်းက တကယ်ပဲ ပြဿနာ အရင်းအမြစ်ကောင်လို့ ပြောရမဲ့ လူမျိုးပဲ . . .)
. . . . . .
ယခုအခါ ရဲရှောင်တွင် ငွေကြေး မြောက်များစွာ ရှိနေပြီဖြစ်၏။ လူချမ်းသာတစ်ဦးဟုပင် ဆိုနိုင်ပါသည်။ ပိုက်ဆံလည်းဖြုန်းတီးချင်စိတ် ဖြစ်ပေါ်လာတာကြောင့် သတ္တုပစ္စည်းများ ရောင်းသည့် နေရာသို့ လျှောက်လာခဲ့လိုက်လေ၏။
သတ္တုပစ္စည်းများမှာ လက်ရှိတွင် ဈေးနှုန်းမြင့်တက်လျက် ရှိပါသည်။ တစ်ခုခု ၀ယ်ချင်သည် ဆိုပါက ဈေးကြီးမြင့်စွာ ပေးရမည်ဖြစ်ပြီး ယခုအခါ သတ္တုများရယ်မဟုတ် ရှားပါးလျှင် ရှားပါးသလောက် တန်ဖိုးကြီးမည်သာ ဖြစ်ပါသည်။
စီးပွာရေး လုပ်ငန်းရှင်များအနေဖြင့် ကုန်စည်များကို သိုလှောင်ထားရခြင်းမှာ အဆိုပါ ပစ္စည်းများ ရှားပါးသည့်အချိန်တွင် ပြန်လည် ရောင်းချပါက အကျိုးအမြတ် ရရှိနိုင်သောကြောင့် ဖြစ်၏။
ရဲရှောင်မှာ လမ်းမတလျှောက် စိတ်လွတ်ကိုယ်လွတ် ၀ယ်ချင်တာများ ၀ယ်နေမိသည်။
သို့သော်လည်း သိပ်ပြီးတော့ မကျေနပ်သေးပါချေ။ သူဟာ ငွေစ ၂ သိန်းလောက် ဖြုန်းတီးပြီး ဖြစ်သော်လည်း ရွှေဟင်းလင်းပြင်ထဲတွင်မူ အနည်းငယ်မျှသာ တိုးတက်မှု ရှိနေပါသည်။
ရဲရှောင်လည်း စိတ်ဓာတ်ကျနေမိလေ၏။ “သံမဏိဝိညာဉ်တော်”၊ “နှစ်တစ်ရာသံမဏိ”၊ “ကောင်းကင်ဘုံကျောက်တုံး” ဟုခေါ်သည့် ပစ္စည်းများအားလုံးမှာ နာမည်သာ ကြီးလှသော်လည်း ထိုပစ္စည်းများမှ စုပ်ယူနိုင်သည့် စွမ်းအင်ပမာဏမှာ မပြောပလောက်ချေ။
အဆိုပါ ပစ္စည်းအများအပြား စုပေါင်းလိုက်လျှင်တောင်မှ သတ္တုချီဓာတ် အနည်းငယ်သာ ထုတ်လွှတ်နိုင်မည် ဖြစ်သည်။
ဈေးဝယ်ထွက်ပြီးနောက် ရှောင်ဧကရာဇ်တစ်ယောက် စိတ်မရှည်ဟန်ဖြင့် ဈေးအတွင်း ဦးတည်ချက်မဲ့ လျှောက်သွားနေမိသည်။
(ငါကတော့ မျှော်လင့်ချက်တွေနဲ့ လာခဲ့ရတာ၊ ငါအများကြီး အကုန်ကျခံပြီးတာတောင်မှ ဒီလောက်ပဲ ရသတဲ့လား . . .
ငါလွန်ခဲ့တဲ့ ရက်အနည်းငယ်က ရရှိခဲ့တဲ့ ပမာဏအများကြီး ဆိုတာကလည်း ကံကောင်းလို့ပဲ ဖြစ်ရမယ် . . .)
လူအုပ်ကြားထဲ လျှောက်သွားရင်း စဉ်းစားခန်း ၀င်နေရာမှ လူအုပ်ကြီးတဖြည်းဖြည်း များပြားလာ သည်ကို သူသတိထားလိုက်မိသည်။ လူအများအပြား ၀င်ရောက်လာသလိုပါပင်။
ရဲရှောင်မျက်မှောင်တစ်ချက်ကြုတ်လိုက်ပြီး လမ်းထောင့်နားသို့ လှမ်းကြည့်လိုက်မိ၏။
(ဘယ်လိုဖြစ်လို့ လူတွေအများကြီး ရောက်လာရတာလဲ . . .)
လမ်းထောင့်တွင် ရထားလုံးတစ်စီး ရှိနေပြီး “နတ်လက်များ” ဆိုသည့် စာလုံးကို ရေးထိုးထားလေသည်။
သေးငယ်သည့် ရထားလုံးတစ်လုံးတော့ မဟုတ်ချေ။ လမ်းပေါ်သွားမည်ဆိုပါက လူအများအပြား ဘေးသို့ ဖယ်ပေးရမှာ ဖြစ်ပါသည်။ သို့သော်လည်း ရထားလုံးဘေးတွင် လူများစွာ ဝိုင်းလျက်ရှိနေကြပြီး ဝိုင်းကြည့် နေကြလေ၏။
ရထားလုံးကို ဝိုင်းထားကြသည့် လူများအားလုံးမှာ ပညာရှင်များပင် ဖြစ်ကြသည်။ တချို့မှာ သိုင်းလောကသားများ ဖြစ်ကြပြီး တချို့ကတော့ ရဲမက်များဖြစ်ကာ သားသားနားနား ၀တ်ဆင်ထားကြ သည့် လူများကတော့ မျိုးနွယ်စုကြီးများမှ ဖြစ်နိုင်ပါသည်။
နတ်လက်များ . . .
မော်တယ်ကမ္ဘာ၏ နံပါတ် ၁ လက်နက်ထုတ်လုပ်သူ ဖြစ်သည်။
ကောလဟလများအရ မော်တယ်ကမ္ဘာရှိ ထိပ်တန်း ဒဏ္ဍာရီလာ ဓား ၁၀ လက်တွင် ၆ လက်မှာ နတ်လက်များ မှ ထုတ်လုပ်ခြင်း ဖြစ်သည်။
အဆိုပါ ထင်ရှားကျော်ကြားသည့် လက်နက်များသည် သံထည်များကို ရွှံ့များသဖွယ် ဖြတ်တောက် နိုင်စွမ်း ရှိပါသည်။
နတ်လက်များ အဖွဲ့ မြို့တော်သို့ ရောက်လာခြင်းကို အုတ်အော်သောင်းတင်း ဖြစ်သည်မှာ အံ့သြဖွယ်ရာတော့ မဟုတ်ပေ။
ရဲရှောင် မျက်လုံးများ အရောင်ဝင်းလတ်သွားပြီး သူစဉ်းစားလိုက်မိသည်မှာ –
(ငါကလည်း သင့်တော်တဲ့ သတ္တုမတွေ့သေးဘူး၊ နောက်ပြီး ငါ့အတွက် အခုချိန်မှာ သင့်တော်တဲ့ လက်နက်တစ်မျိုးလောက် ရှိရင် ကောင်းမယ်။ ဓားတစ်ချောင်းလောက်ကို ယာယီလက်နက်အဖြစ် ၀ယ်နိုင်မယ်ဆို မဆိုးဘူး . . .)
ထို့ကြောင့်ပင် ရဲရှောင်လည်း လူအုပ်နှင့်အတူ နတ်လက်များနောက်သို့ လိုက်လာခဲ့လေ၏။
ရဲရှောင်မျက်လုံးထဲတွင် သူ့အနေဖြင့် မော်တယ်ကမ္ဘာ၏ ထိပ်တန်းအရည်အသွေး ရှိသည့် လက်နက်တစ်ခုကို ရလျှင်တောင်မှ သူ့လက်မှာ ကိုင်ရန် မထိုက်တန်ဟု မှတ်ယူထားတာ ဖြစ်ပါသည်။ ယာယီသာ အသုံးပြုမှာဖြစ်ပြီး အသုံးပြုစရာ ရသည်နှင့် အစားထိုးမှာ ဖြစ်ပါသည်။
သူလမ်းလျှောက်လာစဉ် ရုတ်တရက် သူ့ခန္ဓာကိုယ်မှ သတ်ဖြတ်လိုသော အငွေ့အသက်များ ထောင်းခနဲ ထကြွလာသည်ကို ခံစားလိုက်ရသည်။ ဘက်ပေါင်းစုံမှ အန္တရာယ်တစ်ခု သူ့ထံ လျင်မြန်စွာ ကျရောက်လာတော့မည့် ဟန်ပါပင်။
(လုပ်ကြံသူတွေလား . . .)
ရဲရှောင် အံ့သြသွားမိသည်။
(နေ့ခင်းကြောင်တောင်ကြီး လူတွေ အပြည့်ရှိနေတဲ့ နေရာမှာ ငါက လုပ်ကြံတဲ့လူနဲ့ ဆုံရမှာလား)
ရဲရှောင် ခေါင်းထဲ အတွေးပေါင်းစုံ ၀င်ရောက်လာသည်။
(ဒီကနေ ထွက်သွားဖို့ ဆိုတာက ပစ်စလက်ခတ် အကြံဉာဏ်ပဲ၊ ဒီကောင်တွေ ငါ့ဆီရောက်ဖို့ ဘယ်လောက် လိုဦးမလဲ . . .)
လုပ်ကြံသတ်ဖြတ်မှု တစ်ခု လာတော့မည် ဆိုတာကို သူသေချာ သိလိုက်လေသည်။
သူ့အရှေ့၊ နောက်၊ တောင်နှင့် မြောက် လေးဖက်လေးလံမှ အေးစက်သော လေလှိုင်းလေးခု တိုက်ခတ်လာသည်ကို ခံစားလိုက်ရ၏။
အဆိပ်ရှိသော မြွေများ မြက်တောထဲမှ ဖြတ်သန်း၍ လာနေသည်နှင့်ပင် တူနေပါသေးသည်။
ရဲရှောင် အကြည့်တစ်ချက်နဲ့တင် မည်သူမည်ဝါမှန်း သိလိုက်သည်။ ယောကျာ်းလေးဦးဖြစ်ပြီး အားလုံးမှာ သာမန်မီးခိုးရောင်ဝတ်ရုံများကို ၀တ်ဆင်ထားကြသည်။ တကယ်တော့ ရဲရှောင်သည် နတ်လက်များ အဖွဲ့ ရောက်ရှိလာသည့် အချိန်မှာမှ ဈေးဝယ်ထွက်လာမိခြင်း ဖြစ်လေ၏။
(ဒါက နတ်လက်များ အဖွဲ့နဲ့တော့ မဆိုင်လောက်ဘူး ဘာလို့လဲဆိုတော့ ငါဒီမှာ ရှိနေတယ် ဆိုတာကို သူတို့မှ ကြိုမသိတာ၊ ဖြစ်နိုင်ခြေတစ်ခုက ငါ့ကို တစ်ယောက်ယောက်က ချောင်းနေတာ ကြာပြီ ထင်တယ် . . . ဘယ်သူများပါလိမ့် . . .)
အန္တရာယ်မှာ လက်တစ်ကမ်းအလိုပင် ရောက်ရှိလာပြီဖြစ်ပြီး နောက်ဆုံးတွင်တော့ အေးစက်သော အလင်းတန်း ၄ ခုအား သူ့ဆီ ပစ်လွှတ်လိုက်လေ၏။
သူတို့သည် ရဲရှောင်၏ ရင်ဘတ်၊ နောက်ကျော၊ ဘယ်ညာ ပခုံးများဆီ ပစ်လိုက်ကြခြင်းပင် ဖြစ်လေသည်။
ဆူညံနေသည့် လူအုပ်ကြားထဲမှ ရဲရှောင်အား လူလေးယောက်မှ ပြင်းထန်စွာ တိုက်ခိုက်လိုက်ခြင်း ဖြစ်လေသည်။
အလင်းတန်း ၄ ခုမှာ ဓားလေးချောင်းဖြစ်ပြီး ချီဓာတ်များဖြင့် ပြည့်နေလေ၏။
ထိုကဲ့သို့ သေသပ်လှသည့် တိုက်ကွက်အား ကမ္ဘာပေါ်ရှိ သာမန် မြေကြီးအဆင့် ၆ ပညာရှင်ပင် ခုခံနိုင်လောက်မည် မဟုတ်ပေ။
လုပ်ကြံသတ်ဖြတ်သူ ၄ ယောက်၏ မျက်လုံးများတွင် ရက်စက်မှုများဖြင့် ပြည့်နေပြီး အောင်မြင်ပြီ အထင်ရောက်သွားသဖြင့် ကျေနပ်မှုများဖြင့်လည်း ပြည့်သွားလေ၏။ သူတို့၏ မျက်လုံးထဲတွင် ရဲရှောင်အား သေလူအဖြစ် သတ်မှတ်ထားလိုက်ပုံပင်။
ယခုတိုက်ခိုက်မှုမှ မည်ကဲ့သို့မှ မလွတ်မြောက်နိုင်ဟု တွေးထင်နေကြတာ ဖြစ်လေ၏။
ရဲရှောင် ခနဲ့တဲ့တဲ့ တစ်ချက် ပြုံးလိုက်သည်။ ခေါင်းကိုငုံ့လိုက်ပြီး ခြေတစ်လှမ်းတိုးလိုက်လေ၏။ ထို့နောက် ချက်ချင်းဆိုသလိုပင် တစ်ဖက်သို့ စောင်းချလိုက်လေ၏။ ဓားလေးချောင်းမှာ ရဲရှောင်၏ အင်္ကျီစအား ထိသွားပါတော့သည်။
ရှေ့နောက်တောင်မြောက် အရပ်လေးမျက်နှာမှ ၀င်လာသည့် ဓားလေးချောင်းမှာ ရဲရှောင်၏ ၀တ်ရုံအား အပေါက် ၈ ပေါက် ဖြစ်ပေါ်သွားစေပါ၏။
ရဲရှောင်၏ ခန္ဓာကိုယ်မှာတော့ ဒဏ်ရာဒဏ်ချက်ဟူ၍ မရှိပါချေ။
အလွန်ကို လှပသည့် ရှောင်ရှားမှုပါပဲ။
သူ့ကိုယ်အား ဓားလေးချောင်း စိုက်သွားသကဲ့သုိ့ မြင်လိုက်ကြရမည် ဖြစ်သော်လည်း သူ့ကိုတော့ ထိခိုက်သွားခြင်း မရှိပါချေ။
လုပ်ကြံသူလေးယောက်မှာ ထိုအခြင်းအရာကို သတိပြုမိသွားသည့် အချိန်မှာပင် ရဲရှောင်ကတော့ သူ့ရှေ့ရှိလူ၏ လက်ကောက်ဝတ်အား ဆုပ်ကိုင်ထားလိုက်ပြီး ဖြစ်သည်။ ထို့နောက် ညှစ်ချလိုက်ပြီး သူ၏ အပြာရောင်ရေခဲချီဓာတ်များဖြင့် ထိုလူအား ထိန်းချုပ်လိုက်ရာ ပါးစပ်ပင် မဖွင့်နိုင်တော့ပေ။
သိပ်မကြာခင် အချိန်မှာပဲ ပါးလွှာလှသည့် ရေခဲဓားသုံးချောင်းမှာ ဘယ်ကမှန်းမသိ ထွက်လာ သည်။
ဘေးနှစ်ဖက်နှင့် အနောက်မှာ ရှိနေသော လူတို့သည် အေးစက်မှုကို ခံစားလိုက်ကြရကြပီး ချက်ချင်းပင် ပြေးလွှားလာမှုအား ရပ်တန့်သွားကြပြီး သူတို့၏ မျက်လုံးများတွင်တော့ မယုံကြည်နိုင်မှုများ ဖြင့် ပြည့်နေလေ၏။
သူတို့၏ ခန္ဓာကိုယ်များလည်း မြေပြင်ပေါ်သို့ လဲကျသွားခဲ့ရပါတော့သည်။
ရဲရှောင်သည် ယခုလို အဆုံးသတ်လိမ့်မည် ဆိုတာကို ကြိုတင်သိနေပါသည်။ လှည့်၍ပင် မကြည့်ဘဲ သူ့ခန္ဓာကိုယ်ကို ခါယမ်းရင်း ဓားလေးချောင်းအား ခါထုတ်လိုက်လေသည်။ အဆိုပါ ဓားလေးချောင်းမှာ မူလက ပစ်ခဲ့သည့် လူများရှိရာသို့ ပြန်လည်၍ ၀င်ရောက်သွားတာပဲ ဖြစ်လေ၏။
ထိုမျှလောက်ထိနှင့် မရပ်တန့်သေးဘဲ သူ့ရှေ့ရှိလူအား ဆွဲကိုင်လိုက်သည်။ သူ့ဝတ်ရုံမှ အပေါက်များမှာလည်း သေသေချာချာသာ မကြည့်ရှုနိုင်ဘူး ဆိုပါက သတိပြုမိမည် မဟုတ်ပေ။
သူ့ရှေ့မှလူအား ဆွဲမြောက်လိုက်တာဖြစ်ပြီး ခေါင်းကို ကိုင်လိုက်သည့် အချိန်မှာတော့ ထိုလူ၏ ဆံပင်များမှာ မီးခိုးရောင်များ ပြောင်းလဲသွားပါတော့သည်။
ရုတ်တရက်ကြည့်မည် ဆိုပါက အလွန်ရင်းနှီးသည့် မိတ်ဆွေ ၂ ယောက် ခေါင်းချင်းဆိုင်၍ စကားပြောနေသည်နှင့်ပင် တူနေပါသေးသည်။
သူတို့၏ နောက်တွင်တော့ လူများမှာ အော်ဟစ်နေကြသည်။
“မတိုးကြနဲ့ . . . မတိုးကြနဲ့ . . . နတ်လက်များ အဖွဲ့က ဒီကို ရောက်နေပြီပဲ၊ ဘယ်မှ ထွက်မပြေး ပါဘူးဟ၊ ငွေစသာ ပေါပေါများများယူခဲ့ကြ၊ ငွေမပါဘဲ မသွားကြနဲ့ . . .”
ထိုအချိန် ရဲရှောင်၏ တိုက်ခိုက်မှုကြောင့် လွင့်ထွက်သွားကြသည့် လူသုံးဦးမှာ မြေပြင်ပေါ်သို့ လဲကျသွားပါတော့သည်။
တစ်ယောက်ဆိုလျှင် လူအုပ်ကြားထဲသို့ ပြုတ်ကျသွားခြင်း ဖြစ်လေ၏။
“မတိုးပါနဲ့လို့ ပြောခဲ့သားပဲ၊ အခုတော့ တစ်ယောက် လဲသွားပြီ . . .”
လူတစ်ဦးမှ ထအော်လိုက်သည်။
“နောက်တစ်ယောက်လဲ လဲကျနေတယ်ဟ သေစမ်း . . . ဘေးကနေ သွားကြဦး တက်လည်း နင်းမိကြဦးမယ် . . .”
“ဒီလောက်တောင် ပျော့တီးပျော့ဖတ်နဲ့ သူက လက်နက်ဝယ်ဖို့ ရောက်နေသေးတယ်။ ဘာလုပ်ဖို့လဲ မသိပါဘူး . . .”
“ဟုတ်ပ . . . ဟုတ်ပ . . .”
လူအများအပြား အထင်သေးဟန်ဖြင့် ပြောဆိုနေကြစဉ် လူအများကြားမှ တစ်ဦးမှာ လဲကျသွားသည့် လူများ ပြန်လည် ထလာခြင်း မရှိသလို ရုန်းကန်ခြင်းလည်း မရှိသည်ကို သတိပြုမိသွား လေ၏။ ထို့ကြောက် ချက်ချင်းပင် သွေးကြောများကို စမ်းသပ် စစ်ဆေးလိုက်သည့်အခါ တစ်ကိုယ်လုံး အေးစက်တောင့်တင်းနေသဖြင့် သွေးကြောကိုပင် ရှာမတွေ့တော့ချေ။ ရုတ်တရက် တုန်လှုပ်သွားပြီး ထိတ်လန့်သွားမိလေသည်။ ကျယ်လောင်သော လေသံဖြင့် –
“ဟာ . . . သေ . . . သေနေပြီ၊ သုံးယောက်လုံး သေနေကြတာ . . .”
“စောက်ပေါက်ကရတွေ ပြောနေပြန်ပြီ၊ ဒီနေ့ထက် ဆိုးရွားတဲ့ အခြေအနေမျိုးတွေကိုတောင် ငါမြင်တွေ့ခဲ့ဖူးပါတယ်။ လူတိုးခံရတာနဲ့တော့ မသေပါဘူးဟ . . .”
“အာ . . . တကယ်ပြောတာပါဟ . . .”
“ဘယ်လို ဖြစ်တာလဲ၊ ဒီလူ ၃ ယောက်က ဘယ်လိုဖြစ်ပြီး အသက်ရှူရပ် သေသွားရတာလဲဟ”
သူတို့ကြားထဲ လူသေ ၃ ဦး ရောက်ရှိနေသည်ကို သိသွားပြီးနောက် လူအုပ်ကြီးမှာ နည်းနည်း ရှဲသွားကြသည်။ ရုတ်တရက် ဆိုသလို လူအုပ်အတွင်း မြေကွက်လပ်အလွတ်တစ်ခု ဖြစ်သွားပြီး ခပ်လှမ်းလှမ်းမှ ဝိုင်းကြည့်နေကြလေ၏။ လူသုံးဦးမှာ မြေပြင်ပေါ်တွင် လဲကျနေတာဖြစ်ပြီး သူတို့၏ ခန္ဓာကိုယ်တွင် ဒဏ်ရာဒဏ်ချက် ဟူ၍လည်း မတွေ့ရချေ။ သို့သော်လည်း အသက်ရှူခြင်းတော့ မရှိတော့ ပါဘူး။
အလွန်အကျွံ ဖိမိတိုးမိသဖြင့် အသက်ရှူရပ်၍ သေသွားသည်နှင့်ပင် တူနေပါသေးသည်။
ထိုအခြင်းအရာကို ကြည့်နေကြရင်း လူတိုင်း တုန်လှုပ်သွားကြလေ၏။ အချို့လူများဆိုလျှင် ရှေ့သို့ ပင် ရောက်မလာကြတော့ဘဲ ပြန်ထွက်ကုန်ကြ၏။
(တောက် . . . ငါလက်နက်ကောင်းကောင်းတစ်ခုခု ၀ယ်လို့မရဘူးဆိုတာကို လက်ခံလို့ ရပါသေး တယ်။ ဒါပေမဲ့ အမှုအခင်းတွေ ဘာတွေထဲတော့ အရောက်မခံနိုင်ဘူး . . .)
“ငါနဲ့ မဆိုင်ဘူးနော် . . .”
“ငါလည်း လုံးဝ တွန်းတဲ့ထဲ မပါဘူးနော် . . .”
“လူသေသွားတာ တကယ်ပဲပေါ့ . . .”
“ဘယ်လိုဖြစ်တာလဲ . . . သူတို့က တကယ်ပဲ လူတိုးခံရလို့ သေသွားတာလား . . .”
“တော်တော် လန့်စရာကောင်းတာပဲ၊ မြန်မြန်သွားကြမယ်ဟေ့”
“နတ်လက်နက် တစ်ခုခု လိုချင်သေးတယ်ကွာ . . .”
“မင်းက လိုချင်နေသေး၊ ရဲမက်တွေ ရောက်လာရင် မဆီမဆိုင် အဖမ်းခံရနေရမယ်။ မြန်မြန်သွား ကြစို့ . . .”
“မြန်မြန်ဟေ့ . . . ဒီအရှုပ်အထုပ်တွေထဲတော့ အပါမခံချင်ဘူး . . .”
စက္ကန့်ပိုင်းအတွင်းမှာတင် လမ်းပေါ်တွင် လူများ ရှင်းလင်းသွားသည်။ လမ်းမတစ်ခုလုံး ခြောက်ကပ် သွားပြီး လူသေ ၃ ဦးမှအပ မည်သူမျှ မရှိတော့သလိုကို ဖြစ်သွားလေ၏။ လူသုံးဦးမှာလည်း ဒဏ်ရာဒဏ် ချက် မကျန်ရစ်ခဲ့ဘဲ သေဆုံးသွားကြတာပင် ဖြစ်ပါတော့သည် . . .။