Switch Mode

Chapter – 69

တောင်ပိုင်းမှ တိုက်ပွဲများ

Chapter – 69
“တောင်ပိုင်းမှတိုက်ပွဲများ”

အရေးကြီးဆုံးအရာမှာ အိမ်တော်ထိန်းကြီးသည် သူ၏ နဂိုကျင့်ကြံမှုအဆင့်သို့ ပြန်လည် ရရှိနိုင် တော့မည် ဖြစ်ပြီး ရွှေလက်စွမ်းအင်၏ အပူစွမ်းအားကို ခုခံနိုင်တော့မည်ပဲ ဖြစ်သည်။
ရဲရှောင်ခန့်မှန်းချက်အရ ရွှေလက်တိုက်ကွက်၏ သက်ရောက်မှုမှာ နောက်ထပ် ၃ နှစ်အတွင်း တော့ အရိပ်အယောင်ပင် ပြတော့မည် မဟုတ်ပေ။
“သုံးနှစ်ပြီးရင်တော့ . . .”
ရဲရှောင် ရွှေရောင်များထင်ဟပ်နေသည့် သူ့လက်ကိုကြည့်ရင်း ရေရွတ်လိုက်သည်။
“ရွှေလက်တိုက်ကွက်ကို ကုသနိုင်ဖို့ အားနည်းနည်းပဲ စိုက်ရတော့မှာပေါ့ . . .”
သူသည် အိမ်တော်ထိန်းကြီးအား သူကုသပေးခဲ့တယ် ဆိုတာကို ထုတ်ပြောမည် မဟုတ်ပေ။ သူ၏ ကျင့်ကြံမှုများပင် တိုးတက်ခဲ့ရလေသည်။
ရဲရှောင်လည်း သူ့အိပ်ခန်းအတွင်း စိတ်အေးချမ်းသာစွာဖြင့် အိပ်ပျော်သွားပါတော့သည်။
. . . . . .
နောက်တစ်နေ့မနက် . . .
အိမ်တော်ထိန်းကြီး နိုးထလာခဲ့သည်။
“အင်း . . . ငါကောင်းကောင်း မအိပ်နိုင်ခဲ့တာ ကြာပြီပဲ။ ဟာ . . . ငါအသက်ရှင်နေသေးပါလား၊ ငါ ဘယ်လိုဖြစ်ပြီး မသေတာပါလိမ့် . . .”
အိမ်တော်ထိန်းကြီး ထူးဆန်းသလို ခံစားလိုက်ရသည်။ ချက်ချင်းပင် ထလိုက်ပြီး သူ့ကိုယ်သူ စစ်ဆေးကြည့်လိုက်ရာ မည်သည့်နာကျင်မှုတစ်စုံတစ်ရာကိုမှ မတွေ့ရချေ။
ထို့နောက် တစ်ဖက်သို့ လှည့်လိုက်ပြီး ထရန်ကြိုးစားလိုက်သည်။ သို့သော်လည်း တစ်ဖက်သို့ လှည့်လိုက်သည့် အချိန်မှာပင် ရုတ်တရက် ရပ်တန့်သွားမိသည်။ အတော်ကို ကို့ရို့ကားယား အနေအထား ကြီးပါပင်။
သူ၏ မျက်လုံးများမှာတော့ စိတ်လှုပ်ရှားမှုများအား မြင်တွေ့နိုင်ပေသည်။
အဘယ်ကြောင့်ဆိုသော် သူ ၁၆ နှစ်လုံးလုံး ခံစားခဲ့ရသည့် အပူစွမ်းအားများမှာ လုံးဝကို ပျောက်ကွယ်နေလို့ပါပဲ။
“ဖတ် . . .”
အိမ်တော်ထိန်းကြီး သူ့ပါးသူ ရိုက်လိုက်တယ်။
(ငါအိပ်မက် မက်နေတာဖြစ်မယ်။ အိပ်မက်ကောင်းကနေ နိုးထဖို့ဆိုတာ သိပ်လွယ်တယ်။ ငါသေတာပဲဖြစ်ဖြစ် ရှင်တာပဲဖြစ်ဖြစ် အိပ်မက်အကြာကြီး မက်မနေချင်တော့ဘူး။ မြန်မြန်နိုးထမှဖြစ်မယ်)
သူ့ပါးသူ ပြန်ရိုက်မိသည့် အရှိန်မှာ ပြင်းထန်လှသည့် ပါးတွင် ရဲတွတ်သွားလေသည်။ မျက်လုံးများပင် ဝေဝါးသွားမိပြီး သွားများကိုပင် ရိုက်ချိုးမိမလို ဖြစ်ခဲ့ရပါသည်။
“ငါတကယ်နာနေတာပဲ . . . ငါအိပ်မက်မက်နေတာ မဟုတ်ဘူးပေါ့ . . .”
အိမ်တော်ထိန်းကြီး သူ့ပါးသူ ပြန်စမ်းလိုက်ကြည့်ရင်း နားများပင် အူနေတာကို ခံစားလိုက်ရသည်။ ချက်ချင်းပင် သူ့ကိုယ်သူ ရိုက်ခဲ့မိသည့်အတွက် နောင်တရသွားမိလေ၏။
“ငါဘာလို့ ဒီလောက်ထိ ပြင်းပြင်ထန်ထန် ရိုက်မိတာပါလိမ့်။ ဟာ . . . ဒီစွမ်းအား . . .”
သူ၏ စွမ်းအင်သိုလှောင်ရာအတွင်းရှိ ချီဒြပ်စင်များအား လည်ပတ်ရန် ကြိုးစားလိုက်သည်။
“ဘုန်း . . .”
သူ၏ စွမ်းအင်သိုလှောင်ရာ အတွှုးရှိ ဝိညာဉ်တော်စွမ်းအားများ ရုတ်တရက် ပေါက်ကွဲထွက်လာ လေ၏။
ထိုအချိန် သူ့ကိုယ်ထဲမှ အရိုးများအားလုံးလည်း ရုတ်တရက် အသံများ မြည်လာလေသည်။
သူ၏ သွေးကြောများမှာလည်း ကျင့်ကြံမှုများ မပြုလုပ်နိုင်ခဲ့သဖြင့် ထုံသလို ဖြစ်နေရာမှာ ရုတ်တရက် သွေးများ ပြန်လည် စီးဆင်းသွားဟန်ပါပဲ။ သိပ်သည်းလှသည့် ဝိညာဉ်တော်ချီဓာတ်များမှာ သွေးကြောများအားလုံးဆီသို့ စီးဆင်းသွားပြီး ဆံပင်များပင် မိုးပေါ်ထောင်သွားရပါတော့သည်။
“အ . . .”
သူ့ပါးစပ်ဟလိုက်ပြီး ယခုအကြိမ်မှာတော့ ပုံမှန် ချွဲများသာ ဖြစ်သွားပါပြီ။
သူ့လက်များအား သူပြန်ကြည့်လိုက်မိပြီး စွမ်းအားများ အပြည့်စီးဝင်နေသလို ခံစားလိုက်ရလေသည်။
“အံသြစရာ ကောင်းလိုက်တာ . . . ဘယ်လိုတောင် အံ့သြစရာ ကောင်းတာလဲ . . .”
သူ့လက်များကို လှုပ်ခါရင်း တစ်ကိုယ်လုံးလည်း တုန်ရီနေလျက် ရှိပါသည်။
ရုတ်တရက်ဆိုသလို ပါးပြင်နှစ်ဖက်သို့ မျက်ရည်များ စီးကျလာပြီး –
“ငါကတော့ ဒီဘ၀အတွက် နေရမဲ့ အချိန်သိပ်မရှိတော့ဘူးလို့ ထင်ခဲ့မိတာ။ ငါ့အစ်ကိုကြီးရဲ့ အိမ်မှာ နေရင်း အိမ်တော်ထိန်းတစ်ယောက် အဖြစ်ပဲ နေရတော့မယ်လို့ ထင်ခဲ့မိတာ။ အခုကျတော့ ရုတ်တရက် ငါ့စွမ်းအားတွေ ပြန်ရသွားပြီ။ ရွှေလက်ဝါးရဲ့ စွမ်းအားတွေ ပျောက်ကုန်ပြီ . . .”
“ငါလုံးဝကို မယုံကြည်နိုင်သေးဘူး။ ဒီနေ့ကတော့ ဘယ်လောက်တောင် ကံကောင်းတဲ့ နေ့လဲ”
“ငါ့ရဲ့ အခုကျင့်ကြံမှုက လွန်ခဲ့တဲ့ ၁၆ နှစ်က ကျင့်ကြံမှုနဲ့ လုံးဝ မတူတော့ဘဲ ၁၀ ရာခိုင်နှုန်းလောက် သာ သုံးနိုင်တော့တယ် ဆိုပေမဲ့ မော်တယ်ကမ္ဘာမှာ မြေကြီးအဆင့် ၉ ဆိုတာ ငါ့အတွက် လုံလောက်ပါပြီ။ နောက်ပြီး ငါကျင့်ကြံရင် ကျင့်ကြံသလောက် တဖြည်းဖြည်း ပြန်အဆင့်မြင့်နိုင်တာပဲ . . .”
“နောက်ဆုံးမှာတော့ ငါလုပ်ချင်တာ လုပ်နိုင်တော့မှာပေါ့ . . .”
သူ၏ မျက်လုံးများတွင် မျက်ရည်အပြည့် ဖြစ်နေပါပြီ။
အတော်ကြာသည့် အခါမှသာ စိတ်ကို တည်ငြိမ်အောင် ပြန်လည် ကြိုးစားလိုက်ရင်း –
“ဒါပေမဲ့ ဘယ်လိုများ ဖြစ်မှာပါလိမ့် . . . မနေ့ညက လူက ဘယ်သူလဲ . . .”
ညအိပ်ခါနီးတုန်းက သူ့ဆီ ရောက်လာသည့် လူ၏ မျက်နှာကို မြင်တွေ့ခွင့် မရလိုက်ချေ။ သတိလက်လွတ်ဖြစ်သွားပြီး ဘာမှကို မမှတ်လိုက်တာ ဖြစ်၏။
ထို့ကြောင့် စိတ်အားငယ်မှုနှင့်အတူ ရှက်ရွံ့မှုကိုပါ ခံစားခဲ့ရသည်။
သို့သော်လည်း ယခုအခါမှာတော့ အလွန်ကို ကျေးဇူးတင်မိနေပြီ ဖြစ်ပါသည်။
“မနေ့ညက ရောက်လာတဲ့လူက ငါ့ရဲ့ ဒဏ်ရာတွေကို ကုသပေးသွားခဲ့တာ ဖြစ်ရမယ်”
အိမ်တော်ထိန်းကြီး ကျေးဇူးတင်နေမိသည်။
“ဒီလူက ငါ့ရဲ့ အသက်သခင် ကျေးဇူးရှင်ပဲ။ ဒါပေမဲ့ သူက ဘာကြောင့် ဒီလို လုပ်ရတာလဲ။ သူက ဘာလို့ ငါ့ကို ကယ်တင်ရတာလဲ။ နောက်ပြီး ငါရွှေလက်ဝါးရိုက်ချက်နဲ့ အရိုက်ခံထားရတာကိုရော သူက ဘယ်လိုလုပ်ပြီး သိနေတာလဲ။ နောက် ဘယ်လိုလုပ်ပြီး ကုသနိုင်ရတာလဲ။ ဒီတိုက်ကွက်က ကုသလို့ မရဘူးလို့ လူတိုင်းသိထားကြတာ။ အဲဒီလူရဲ့ စွမ်းအင်ကို ဆန်းစစ်ဖို့ အချိန်ခဏလေးပဲ ရလိုက်တယ် ဆိုပေမဲ့ သေချာတာကတော့ သူဟာ မြေကြီးအဆင့် ၃ သို့မဟုတ် ၄ လောက်ပဲ ရှိမှာကို ဘယ်လိုလုပ်ပြီး ကုသနိုင်ရတာပါလိမ့် . . .”
အိမ်တော်ထိန်းကြီး၏ စိတ်ထဲ မေးခွန်းပေါင်းများစွာ ပေါ်လာလေသည်။
ခက်ခဲနက်နဲလှသည့် မေးခွန်းများကို သူအဖြေမထုတ်နိုင်ပေ။
သို့သော်လည်း ယခုကဲ့သို့ ဖြစ်သွားခဲ့ရသည့်အတွက် အတော်ကြီးကို ပျော်ရွှင်နေမိလေ၏။
“ငါအသက်ရှင်ခဲ့ပြီး သူ့ကို တွေ့မိရင်တော့ သေချာပေါက် ကျေးဇူးဆပ်ရမယ် . . .”
“ငါ့ရဲ့ လျို့ဝှက်ကျေးဇူးရှင်က ဒီလိုတော့ မထွက်သွားသင့်ဘူး။ ဒီနားတဝိုက်မှာပဲ ရှိလိမ့်မယ်ထင်တယ်။ ငါစိတ်ရှည်ရှည်နဲ့ စောင့်ရမှာပေါ့။ ထပ်ပြီးတော့ ပေါ်လာကောင်း ပေါ်လာနိုင်ပါသေး တယ်။ သူသာ ငါ့ကို ခိုင်းချင်တာ တစ်ခုခု ရှိလို့ကတော့ အသက်ပင်သေသေ ငါလုပ်ပေးမှာပဲ . . .”
“ဒါပေမဲ့ . . . သူက ငါ့အစ်ကိုတော်ကို ဆန့်ကျင်ရမဲ့ ကိစ္စတစ်ခုခုမျိုး ခိုင်းခဲ့ရင်ရော . . . အဲဒါဆိုရင်လည်း ကိုယ့်ကိုယ်ကိုယ် သတ်သေပြီး သူ့ကို ငါ့အသက် ပေးရမှာပေါ့ . . .”
အိမ်တော်ထ်ိန်းကြီးလည်း သက်ပြင်းချလိုက်မိသည်။
“ဟမ့် . . . အခုတော့ ငါ့ရဲ့ ကျင့်ကြံမှုတွေ ပြန်ရတော့မယ်။ ငါတို့ ရဲအိမ်တော်ကို လာပြီး ထိရဲတဲ့လူ တွေ ထိကြည့်လိုက် ငါနဲ့ တွေ့သွားမှာပေါ့ . . .”
အိမ်တော်ထိန်းကြီး ဂုဏ်ယူနေဟန်ဖြင့် ရေရွတ်လိုက်သည်။
ထိုနေ့ မနက်ပိုင်းကတည်းက အိမ်တော်ထိန်းကြီး ပျော်တပြုံးပြုံး ဖြစ်နေသည်ကို ရဲအိမ်တော်ရှိ အစောင့်များ မြင်တွေ့နေရပါသည်။ တစ်ခုခုကို ပျော်ရွှင်နေခြင်း ဖြစ်မည်ဟု အားလုံး တွေးထင်နေမိကြလေ၏။
သို့သော် မည်ကဲ့သို့ အကြောင်းကိစ္စကြောင့် ပျော်နေသလဲ ဆိုတာကိုတော့ မည်သူမျှ မသိကြပါချေ။
သူနှင့်တွေ့သမျှ လူတိုင်းအား ပခုံးပုတ်ကာ စကားစမြည်များပြောလျက် မျက်နှာမှာလည်း အပြုံးများဖြင့် ပြည့်နေတာပဲ ဖြစ်ပါသည်။
တိုက်ပွဲပေါင်းများစွာ တိုက်ခိုက်လာသည့် ရဲမက်ကြီးတစ်ဦးအနေဖြင့် ထိုကဲ့သို့ ပြုံးပျော်မှုမျိုးမှာ တကယ်ကို ရှားပါးလှသည်။
တချို့ကတော့ စိတ်ထဲမှ တွေးနေမိကြသည်။
(ဒီလူကြီး စိတ်များ လွတ်သွားတာလား . . . အိပ်မက်မက်ပြီး လမ်းထလျှောက်သလို ယောင်ပြီးများ နိုးလာတာလား မသိဘူး . . . ဘာလို့ ဒီလောက်ထိ ပျော်နေရတာပါလိမ့်၊ အပများ မှီနေသလားပဲ၊ သူ့အပြုံးကလည်း ကြက်သီးထစရာပဲ ကျောရိုးထဲထိအောင် စိမ့်ခနဲပဲ။ တစ်ခုခုတော့ တစ်ခုခု ဖြစ်နေတာ သေချာတယ် . . .)
ရဲရှောင်နိုးလာပြီးနောက် မျက်နှာသစ် ကိုယ်လက်သုတ်သင်ကာ ရှေးဦးချီဓာတ်များအား လည်ပတ် စီးဆင်းစေရန်အတွက် စောင့်ကြည့်မျှော်စင်ထက်သို့ သွားတော့မှာ ဖြစ်ပါသည်။
နေ့တစ်နေ့တွင် ရှေးဦးခရမ်းရောင်ချီဓာတ်များ လည်ပတ်စေရန် အကောင်းဆုံးအချိန်မှာ မနက်စောစော အချိန်ပင် ဖြစ်ပါသည်။
ထိုအချိန်တွင် ကမ္ဘာကြီးပေါ်တွင် ရှိနေသည့် ချီဓာတ်များမှာ အသိပ်သည်းဆုံးနှင့် အသန့်စင်ဆုံးပင် ဖြစ်ပါသည်။
ထို့ကြောင့်ပင် ရဲရှောင်သည် အဆိုပါ အခွင့်အရေးကို လက်လွတ်မခံခြင်း ဖြစ်သည်။
သူသွားရန် ပြင်လိုက်စဉ်တွင် အိမ်တော်ထိန်းကြီး တံခါးဝတွင် ရောက်နေသည်အား တွေ့လိုက်ရလေ၏။ ပြုံးလျက် ကြည့်နေပြီး သူ၏ အပြုံးမှာတော့ ကျန်းမာဖြတ်လတ်သည့် အရိပ်အယောင် များကို မြင်တွေ့နိုင်ပေသည်။
အိမ်တော်ထိန်းကြီး အဘယ်ကြောင့် ယခုကဲ့သို့ ပြုံးပျော်နေရသလဲ ဆိုတာကို ရဲရှောင် သိနေပါသည်။
“အာ . . . ကျုပ်က . . . ခင်ဗျား . . . ဟိုလေ . . . ဟားဟား . . .”
ရဲရှောင် ပါးစပ်ထဲရှိသည့် စကားများ လျှောက်ပြောရင်း အိမ်တော်ထိန်းကြီးရှေ့မှ ခပ်သုတ်သုတ် ထွက်သွားသည်။ စောင့်ကြည့်မျှော်စင်ထံသို့ သွားခြင်းဖြစ်ပြီး အိမ်တော်ထိန်းကြီးမှာ စကားပင် တစ်လုံးမှ မပြောနိုင်လိုက်ပေ။
“သူဘာတွေ ပြောသွားတာပါလိမ့် . . .”
အိမ်တော်ထိန်းကြီးမှာ ခေါင်းကုတ်ရင်း ရဲရှောင်မျှော်စင်ထက်သို့ တက်သွားသည်အား နားမလည် နိုင်ဟန်ဖြင့် ကြည့်နေပါတော့သည်။
. . . . . .
ရဲရှောင် ပြန်ဆင်းလာသည့်အခါမှာတော့ အိမ်တော်ထိန်းကြီး ပြာပြာသလဲ အမူအယာဖြင့် ရောက်ရှိလာပြီး –
“သခင်လေး . . . တစ်ခုခုတော့ မှားနေပြီ။ တောင်ပိုင်းမှာ တစ်ခုခု ဖြစ်နေပြီ . . .”
“တောင်ပိုင်း ဟုတ်လား . . .”
ရဲရှောင် အနည်းငယ် တုန်လှုပ်သွားသည်။ ရဲရှောင်ထင်နေခဲ့သည်မှာ အိမ်တော်ထိန်းကြီးမှ သူ၏ ကျင့်ကြံမှုများ အကြောင်းနှင့် ပတ်သက်၍ ပြောမည်ဟု ထင်ထားခဲ့တာဖြစ်သော်လည်း တောင်ပိုင်းမှ ကိစ္စတစ်ခုဟု ဆိုလာသည် မဟုတ်ပါလား။ သူ၏ အဖေမှာ မြောက်ပိုင်းစစ်သူကြီးဖြစ်သဖြင့် တောင်ပိုင်းမှ ကိစ္စမှာ ရဲအိမ်တော်သို့ ဘယ်လို ရောက်ရှိလာသလဲ ဆိုတာကို နားမလည်နိုင်အောင် ဖြစ်နေပါတော့သည်။
“တောင်ပိုင်းမှာ စစ်ပွဲဖြစ်နေပြီ။ ဒီမနက်ပဲ အဲဒီသတင်းမြို့ထဲကို ရောက်လာတယ်။ တိုက်ပွဲက လွန်ခဲ့တဲ့ ၅ ရက်ကတည်းက ဖြစ်နေတာ . . .”
အိမ်တော်ထိန်းကြီး မျက်မှောင်ကြုတ်လျက် ပြောလိုက်၏။
“ဒီတစ်ခါတော့ တောင်ပိုင်းစစ်သည်တွေနဲ့ ဂျင်ယန်ဘုရင့်နိုင်ငံတော်တို့ ပူးပေါင်းသွားကြပြီ။ စစ်သူကြီးလန်ကို တကယ် စိုးရိမ်မိတယ် . . .”
“စစ်သူကြီးလန် . . . လန်လန့်လန့်ရဲ့ အဖေလား . . .”
ရဲရှောင် မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။
(ငါသိပြီ . . . ဒါက လန်သခင်လေးရဲ့ အဖေကိစ္စပဲ။ ငါနဲ့ ဘယ်လိုများ ပတ်သက်နေပါလိမ့်)
“ဟုတ်တယ် . . . တိုက်ပွဲက ရုတ်တရက် ထဖြစ်တာလေ။ စစ်သူကြီးလန်ကလည်း ပြင်ဆင်ထား တာမျိုး မရှိဘူး။ သုံးနေရာကနေ အဝိုင်းခံရလုနီးပါး ဖြစ်သွားတာ၊ အခုတော့ ဒုက္ခရောက်နေရှာတယ်လေ”
အိမ်တော်ထိန်းကြီး ပြောလိုက်သည်။
“အခုကတော့ ဘုရင့်ရဲ့ ဆုံးဖြတ်ချက်အပေါ်မှာ အများကြီး မူတည်နေပြီ . . .”
“မြောက်ပိုင်းကရော ဘယ်လိုလဲ . . .”
ရဲရှောင် မေးလိုက်သည်။
“စစ်သူကြီး ရှိနေမှတော့ တောင်တစ်လုံး တည်ရှိနေသလို တည်ငြိမ်နေတာပေါ့ . . .”
အိမ်တော်ထိန်းကြီး ဂုဏ်ယူဟန်ဖြင့် ပြောလိုက်သည်။
“အဟမ်း . . .”
ရဲရှောင် သက်ပြင်းချလိုက်သည်။
(ဒီလိုယုံကြည်မှုမျိုး ဘယ်လိုများ ပေါက်ဖွားလာတာပါလိမ့် . . .)
“တောင်ပိုင်းမှာ တစ်ခုခု အခြေအနေ ဆိုးရွားတာမျိုး ဖြစ်လာမယ်ဆိုရင် ကျုပ်တို့ကလည်း ဘာမှ မတတ်နိုင်ဘူးမလား . . .”
ရဲရှောင် ထူးဆန်းသလို ပြောလိုက်သည်။
“ကျုပ်တပ်သားအသစ်တွေဖွဲ့ပြီး တိုက်ပွဲကို သွားရင် ဖြစ်နိုင်မလား . . .”
ရဲရှောင်၏ စကားကြောင့် အိမ်တော်ထိန်းကြီး ဆွံ့အသွားခဲ့သည်။
(ဘုရင်ကြီးက ဒီလိုအရူးသခင်လေးအား ကြွက်အကောင် ၁ သိန်းလောက် လွှတ်မယ်လို့ ငါ သေချာပေါက် ယုံကြည်တယ် . . .)
“အဲဒီလိုတော့ မဖြစ်ဘူး . . .”
အိမ်တော်ထိန်းကြီးမှာ လေသံတီးတိုးဖြင့် ပြောလိုက်သည်။
“လက်ရှိအခြေအနေက တော်ဝင်အင်အားစုကလွဲပြီး အဲဒီကို တပ်ဖြန့်နိုင်မဲ့ အဖွဲ့တစ်ဖွဲ့ပဲ ရှိတယ်။ ဒါပေမဲ့ အဲဒီလူတွေသာ တိုက်ပွဲကို သွားမယ်ဆိုရင် ဒီကအခြေအနေကလည်း အန္တရာယ် ရှိသွားနိုင်တယ်။ အဲဒါကြောင့် သခင်လေးကို သတိပေးနေတာပဲ . . .”
“ဟုတ်လား . . . အဲဒီလူတွေက ဘယ်သူတွေလဲ . . .”
ရဲရှောင်မေးလိုက်သည်။
“ဟွာယန်းမင်းသားရဲ့ လူတွေလေ . . .”
အိမ်တော်ထိန်းကြီး ပြန်ဖြေလိုက်လေ၏။
“တိုက်ပွဲက အသက်လုတိုက်ပွဲပဲ၊ အခု စစ်သူကြီးလန်ကလည်း သူ့အခြေအနေကို သူမထိန်းသိမ်း နိုင်တော့ဘူး။ ကယ်တင်နိုင်မဲ့လူက တစ်ယောက်ပဲရှိတယ်။ သူကတော့ ချန်နိုင်ငံတော်ရဲ့ နံပါတ် ၁ တပ်ဖွဲ့ ကို ပိုင်ဆိုင်ထားတဲ့ မင်းသားဟွာရန်းပဲ . . .”
“စစ်သူကြီးရဲက မြောက်ပိုင်းကို အုပ်ချုပ်လာတာ နှစ်ပေါင်းများစွာရှိပြီ။ သူ့မိသားစုဝင်တွေ၊ ရဲမက်တွေအကုန်လုံးက မြို့ထဲမှာပဲ။ ကျွန်တော်တို့ အပါအ၀င်ပေါ့၊ စစ်သူကြီးလန်လည်း အတူတူပဲ၊ ကျွန်တော်တို့အားလုံးက မင်းသားဟွာရန်းရဲ့ အောက်မှာ ရှိနေတဲ့ သဘောဖြစ်နေတာ။ အကယ်၍ သူသာ တိုက်ပွဲအတွက် ထွက်သွားခဲ့ရင် နောင်တစ်ချိန်ကျ မျှခြေတွေ ပြန်တည်ဆောက်လို့မရအောင်ကို ပျက်ဆီးကုန်မှာ . . .”
ရဲရှောင် တုန်လှုပ်သွားသည်။ စုယဲ့ယွဲ့၏အဖေ မင်းသားဟွာရန်းမှာ ရဲရှောင်၏ ယောက္ခမဆိုလည်း မမှားချေ။ တကယ့်သြဇာအာဏာကြီးမားသော သူတစ်ဦးပင် ဖြစ်နေပါသည်။ စစ်သည်ရဲမက်တပ်ဖွဲ့ အားလုံးသည် သူ၏ အောက်တွင် ရှိနေသလို ဖြစ်လိမ့်မည်ဟု ရဲရှောင် မထင်မှတ်ထားခဲ့မိချေ။
ထိုကဲ့သို့သာ ဆိုပါက မင်းသားဟွာရန်းသည် ရိုးသားသူတစ်ဦးဟု ဆိုနိုင်ပါသည်။ ရဲရှောင် စိတ်ထဲမှ လေးစားနေမိလေ၏။
“အဲဒါကြောင့် ဒီရက်တွေထဲမှာ အပြင်ထွက်ရင် ပြဿနာတွေ့နိုင်တယ် သခင်လေး . . .”
အိမ်တော်ထိန်းကြီးလည်း ရှည်လျားစွာ ရှင်းပြပြီးနောက်မှ လိုရင်းသို့ ရောက်လာလေ၏။
“ဒီလိုဆိုမှတော့ ကျုပ် သဘောပေါက်ပါပြီ . . .”
ရဲရှောင်လည်း ပြန်ပြောလိုက်သည်။
“အိမ်တော်ထိန်းကြီး . . . မစိုးရိမ်ပါနဲ့၊ ဒီရက်တွေထဲမှာ နိုးနိုးကြားကြား နေပါ့မယ်။ အိမ်မှာပဲ နေရမှာပေါ့၊ ဘာပြဿနာမှ မလုပ်ဘူး . . .”
အိမ်တော်ထိန်းကြီး၏ ပါးစပ်အဟောင်းသား ဖြစ်သွားပြန်သည်။
(ဒီကောင်လေး ရူးများသွားပြီလား၊ နိုးနိုးကြားကြား တဲ့ . . . ပြဿနာ မလုပ်ဘူးတဲ့ . . . နောက်ဆုံးတစ်ခေါက်တုန်းက ပြဿနာရှာခဲ့တာ မေ့သွားပြီထင်တယ်။
အခုကျ ငါ့ကို ဟိုတစ်ခါတုန်းကလိုပဲ ကတိပေးနေပြန်ပြီ။ နိုးနိုးကြားကြားနေပါ့မယ်တောင် ပြောလိုက်သေး၊ လူတွေကို အရူးလုပ်ချင်နေတာလားမသိဘူး။
မင်းကိုသာ ထပ်ယုံမိရင် ငါ့ရဲ့ လက်ကျန်ဘ၀တစ်ခုလုံး ခွေးတစ်ကောင်လို မိုက်မဲရာ ကျသွားမှာပေါ့ကွာ . . .)
စိတ်ထဲမှ တွေးနေမိပါတော့သည် . . .။

Comment

Leave a Reply

Options

not work with dark mode
Reset