Switch Mode

Chapter – 68

ရွှေလက်ဝါးတိုက်ကွက်

Chapter – 68
“ရွှေလက်ဝါးတိုက်ကွက်”

တကယ်တော့ အိမ်တော်ထိန်းကြီးသည် သာမန် တံတွေး ထွေးလိုက်မိခြင်း မဟုတ်ဘဲ သွေးအန်သွားခြင်းဖြစ်ကာ သူ၏ သွေးများသည်လည်း ခရမ်းရွှေရောင် ဖြစ်နေခြင်းပင် ဖြစ်၏။
“ရွှေသွေးကြော . . .”
ရဲရှောင်၏ စိတ်ထဲတွင် အဆိုပါ ကျင့်စဉ်၏ နာမည် ပေါ်လာပြီး အတော်လည်း အံ့သြသွားသည်။
ရွှေသွေးကြောအား ယခင်ဘ၀တွင် အကြိမ်ရာပေါင်းများစွာ မြင်တွေ့ခဲ့ဖူးပါသည်။
အဘယ်ကြောင့်ဆိုသော် ယခင်ဘ၀တုန်းက သူ့နောက်ကို လိုက်နေသည့် အင်အားစုကြီး ၃ စုထဲမှ တစ်စုဖြစ်သည့် နေခရမ်းတောင်မှာ အဆိုပါ ရွှေသွေးကြောကြောင့်ပင် ထင်ရှားခဲ့တာ ဖြစ်ပါသည်။
ချင်းယန်နယ်ပယ်တွင် အဆိုပါ ကျင့်စဉ်ကို ပြုလုပ်နိုင်သောသူမှာ ၎င်းအုပ်စုမှလွဲ၍ တခြား မရှိချေ။
နေခရမ်းတောင်၏ အထူးကျွမ်းကျင်မှုဟုပင် ဆိုရမည် ဖြစ်၏။
ရွှေသွေးကြောကျင့်စဉ်သည် အလွန်ကို ပြင်းထန်၍ အစွမ်းထက်လှပါသည်။ ကျောက်တုံးများကို တစစီ ဖြစ်သွားနိုင်ပြီး ဒါဟာ အပေါ်ယံ အားပင် ရှိသေးတာဖြစ်ပြီး တကယ့်အားအစစ်အမှန်မှာ ထိုမျှလောက် မကပေ။
ရွှေသွေးကြောလက်ဝါးဖြင့် အရိုက်ခံရမည် ဆိုပါက စွမ်းအားများသည့် မီးတောက်များကဲ့သို့ အသွေးထဲ အသားထဲသို့ စိမ့်ဝင်သွားမည်ဖြစ်ပြီး ရွှေရောင်ဓာတ်များ အသွေးအသားများအတွင်း ဖြစ်ပေါ်သွားမည်ဖြစ်သည်။ ခြေဖျက်ရန် ခက်ခဲလွန်းလှပြီး ခန္ဓာကိုယ်၏ စွမ်းအင်များကို လျော့ကျစေမည် ဖြစ်ကာ သွေးများကိုလည်း ရွှေရောင်သို့ ပြောင်းလဲသွားစေမည် ဖြစ်ပါသည်။ မြန်မြန် မဖယ်ထုတ်နိုင်ဘူး ဆိုပါက ပိုမို၍ ရှုပ်ထွေးသော ဖြစ်စဉ်များ ဖြစ်ပေါ်သွားနိုင်မည်ဖြစ်ကာ သေဆုံးရမှာ အသေအချာပါပဲ။
လူတစ်ယောက်၏ ကိုယ်တွင်းကိုယ်ပြင် အင်္ဂါများအားလုံး ရွှေရောင်အဖြစ် ပြောင်းလဲသွားခြင်းမှာ ကောင်းသည့်ကိစ္စတော့ မဟုတ်ပေ။
ရဲရှောင်၏ အရှေ့မှာ ရှိနေသည့် အိမ်တော်ထိန်းကြီးသည် ရွှေရောင်သွေးကြောလက်ဝါး၏ သားကောင် ဖြစ်နေရရှာသူဖြစ်ပြီး ယခုအချိန်ထိကို ဝေဒနာများအား ခံစားနေခဲ့ရပုံပါပင်။ အဖြေ ၂ ခုသာ ရှိနိုင်ပါသည်။ ပထမ တစ်ခုမှာ အိမ်တော်ထိန်းကြီးအား တိုက်ခိုက်ခဲ့သည့် လူမှာ ရွှေသွေးကြောလက်ဝါး ကျင့်ကြံမှုနှုန်း အဆင့်သိပ်မမြင့်သူတစ်ဦး ဖြစ်နိုင်ပြီး ဒဏ်ရာ အနည်းငယ် ရအောင်သာ လုပ်နိုင်ခဲ့ပုံပါပဲ။ အဆိုပါ ဒဏ်ရာမှ တဖြည်းဖြည်း အချိန်ကြာလာသည့်အခါ တိုက်စားလာခဲ့ပြီး ယခုမှသာ အိမ်တော်ထိန်းကြီး ခုခံနိုင်သည့် ပမာဏကို ကျော်လွန်လာခြင်းပင် ဖြစ်နိုင်ပါသည်။
ဒုတိယ တစ်ခုကတော့ အစွမ်းထက်သည့် ဆေးတစ်မျိုးမျိုးဖြင့် အသက်ဆက်နေတာ ဖြစ်နိုင်ကာ ထိုဆေးကြောင့်ပင် ကိုယ်တွင်းအင်္ဂါများ ရွှေရောင်ပြောင်းလဲမှုနှုန်းကို နှေးကွေးစေနေတာ ဖြစ်နိုင်ပါသည်။
သို့သော်လည်း ရွှေလက်ဝါးဖြင့် ရိုက်ခံပြီးပါက အထူးဖြေဆေးသာ မမှီခဲ့ဘူး ဆိုလျှင် ဒဏ်ရာမှတဆင့် ခုခံအားများ ကျဆင်လာကာ ကျင့်ကြံမှုများလည်း တဖြည်းဖြည်း ကျဆင်းသွားကြရမှာ ဖြစ်ပါသည်။ ထိပ်သီးပညာရှင်ကြီးပင် ဖြစ်နေပါစေ အားမရှိဘူး ဆိုပါက သာမန်လူလို ဖြစ်နေမည် မဟုတ်ပါလား။ ရွှေရောင်သွေးကြောများ၏ လွှမ်းမိုးမှုကို မခံစားနိုင်တော့သည်နှင့် သေဆုံးရမည်မှာ အသေအချာပါပင်။
ရဲရှောင်၏ အရှေ့ရှိ အိမ်တော်ထိန်းကြီးမှာလည်း ထိုကဲ့သို့သော အခြေအနေသို့ ရောက်ရှိနေပုံပါပင်။
ရွှေလက်ဝါးရိုက်ချက်ကို မိထားသူအနေဖြင့် အဓိက ရှောင်ရှားရမည့် အရာမှာ အရက်သေစာပင် ဖြစ်ပါသည်။
အဘယ်ကြောင့်ဆိုသော် ခန္ဓာကိုယ်အား သက်ရောက်နေသည့် ရွှေရောင်ပိုးများသည် အရက်နှင့် ထိတွေ့သောအခါ ပို၍ လျင်မြန်စွာ ပြန့်နှံ့သွားကြခြင်းကြောင့် ဖြစ်သည်။
အိမ်တော်ထိန်းကြီးမှာ ယခုအခါ အတော်များများ သောက်ထားပြီး ဖြစ်လေသည်။
ရဲရှောင်မှ –
“ကျုပ် ရုတ်တရက် ပင်ပန်းလာသလိုပဲ။ ဒီရက်တွေထဲမှာ အနားမပေးလိုက်ရလို့ဖြစ်မယ်။ ကဲ နောက်မှ ထပ်ဆုံကြသေးတာပေါ့ . . .”
အိမ်တော်ထိန်းကြီးလည်း ခေါင်းညိတ်သွားပြီး ဘာမှ ထပ်မပြောတော့ချေ။ ရဲရှောင်ပြောသလို သူသည်လည်း အနားယူရန် လိုအပ်နေပြီ ဖြစ်သည်။ ယနေ့ သောက်တာ များသွားသဖြင့် သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့မှာကိုပင် သူကြောက်နေမိသည်။ ဒုတိယအကြိမ်ပင် သွေးအန်မိတော့မတတ် ဖြစ်ခဲ့ရလေ၏။
ရဲရှောင်လည်း ချက်ချင်းပင် လှည့်ထွက်ကာ သူ့အခန်းထဲ ၀င်သွားလေတော့သည်။
. . . . . .
ညသန်းခေါင် အချိန်တွင်ဖြစ်သည်။
အိမ်တော်ထိန်းကြီး အိပ်ယာထက်တွင် တွန့်လိမ်လျက် ရှိနေ၏။ ချောင်းဆိုးလိုက်တိုင်းလည်း ပါးစပ်ကို ပိတ်ထားလျက် ရှိလေ၏။ သူ၏ မျက်လုံးထဲမှာတော့ ၀မ်းနည်းပူဆွေးမှုများကို မြင်နိုင်လေသည်။
(သခင်လေးက အခုဆိုရင် ၁၆ နှစ်ရောက်ပြီ။ ဒါဆိုရင် ငါဒီလို ခံစားခဲ့ရတာတွေလည်း ၁၆ နှစ်တောင် ကြာရောပေါ့ . . .
နောက်ဆုံးတော့ ငါလည်း မထိန်းချုပ်ထားနိုင်တော့ဘူး။
၁၆ နှစ်အတွင်း ငါ့ရဲ့ ကျင့်ကြံမှုကလည်း ကျဆင်းလာခဲ့တယ်။ အခုဆို ပိုပြီးတောင် မြန်လာပြီ။ နောက်ဆုံးလတုန်းက ငါဟာ မြေကြီးအဆင့် ၆ ရှိနေရာကနေ အခုဆိုရင် မြေကြီးအဆင့် ၅ ကိုတောင် ရောက်လာခဲ့ရပြီ။
ငါဒီနေ့ အတော်များများ သောက်လိုက်မိတဲ့အတွက် မနက်ဖြန်လောက်ဆို မော်တယ်အဆင့် တောင် ရောက်သွားမလား မသိဘူး။ ဒါမှမဟုတ် ငါ့အတွက် မနက်ဖြန်ဆိုတဲ့အရာက ရှိချင်မှ ရှိတော့မှာ)
အိမ်တော်ထိန်းကြီး တွေးနေမိသည်။ ထို့နောက် လေသံတီးတိုးဖြင့် –
“ဒါက ငါ့ဘ၀ပဲ၊ အမြင့်ကြီး တက်သွားခဲ့ပြီးတော့ မြန်မြန်ဆန်ဆန်ပဲ ပြန်ကျလာရတာပေါ့ . . . ဟားဟား . . .”
ချောင်းဆိုးလိုက်ပြီးသည့်နောက် သွေးများ အန်ကျလာပြန်လေ၏။ သူ၏ တကိုယ်လုံး နုံးချိနေသလို ခံစားနေရပြီး ဝိညာဉ်တော်ချီဓာတ်များလည်း တဖြည်းဖြည်း ပြန့်နှံ့လာတာကို ခံစားနေရသည်။
“ငါအခု အိပ်တာ ကောင်းမယ်။ ဒီလိုနေ့မျိုးဆိုတာ နောက်ထပ် မရှိနိုင်လောက်တော့ဘူး”
အိမ်တော်ထိန်းကြီး အိပ်ယာထက်တွင် လှဲနေရင်း မျက်လုံးမှိတ်လိုက်သည်။ ထို့နောက် လေသံ တီးတိုးဖြင့် –
“အစ်ကိုတော် . . . ငါသေရင်တော့ မင်းငါ့ကို ပြန်လာပြီး ကြည့်နိုင်မှာပါ . . .”
ထိုကဲ့သို့ စဉ်းစားနေတုန်းမှာပဲ ရုတ်တရက် အသံတစ်သံ ထွက်လာသည်။ တစ်စုံတစ်ယောက် အခန်းအတွင်းသို့ ပြတင်းပေါက်မှတဆင့် ၀င်လာခြင်းဖြစ်သည်။
အိမ်တော်ထိန်းကြီး ချက်ချင်းပင် မတ်တတ်ရပ်ကြည့်လိုက်သည်။ သူသည် ဒဏ်ရာအပြင်းအထန် ခံစားနေရခြင်း ဖြစ်သော်လည်း အသိစိတ် ရှိနေသေးသည်။ အစောင့်များကို အော်ဟစ်သတိပေးမည့် အချိန်မှာပင် သူ့ပခုံးအား ဖိချလိုက်ခြင်း ခံလိုက်ရပြီး လွင့်ထွက်သွားရပါတော့သည်။
သူထိုကဲ့သို့ လွင့်မထွက်ခင်တွင် အတွေးတစ်ချက် တွေးလိုက်ခဲ့မိသည်။
(ဒီလူက လုပ်တာကိုင်ကာ သပ်ရပ်တယ်။ ဒါပေမဲ့ အဆင့်ကတော့ မြေကြီးအဆင့် ၄ ကို မကျော်လောက်သေးဘူး။ နေ့ခင်းကြောင်တောင်အချိန် ပေါ်ပေါ်ထင်ထင်ဆို ငါတစ်ချက်တည်းနဲ့တောင် အနိုင်တိုက်နိုင်လောက်တယ်။ ဒါပေမဲ့ အခုတော့ သူပြုသမျှ နုရပေဦးတော့မှာပေါ့ . . .)
. . .
ရဲရှောင် အိပ်ယာဘေး မတ်တတ်ရပ်နေရင်း ဖျော့တော့တော့ ဖြစ်နေသည့် အိမ်တော်ထိန်းကြီးကို ကြည့်ရင်း သက်ပြင်းအသာအယာ ချလိုက်မိသည်။
သူ့လက်ဖြင့် အိမ်တော်ထိန်းကြီး၏ လက်ကောက်ဝတ်ကို လှမ်းကိုင်ကာ သွေးကြောများအား စမ်းသပ်လိုက်သည်။
“ထင်တဲ့အတိုင်းပဲ ရွှေလက်ဝါးတိုက်ကွက်နဲ့ အရိုက်ခံထားရတာ . . . အလယ်အလတ်အဆင့် ရှိတဲ့ ရွှေသွေးကြောလက်ဝါးပဲ၊ ဒီလိုဒဏ်ရာကို ဖန်တီးနိုင်တဲ့လူက နေခရမ်းတောင်က ဖြစ်နေပါစေဦး အနည်းဆုံးတော့ အတွင်းစည်းဂိုဏ်းသား တစ်ယောက်ဆိုတာတော့ သေချာတယ်”
“သေချာ မှန်းဆကြည့်မယ်ဆိုရင် ဒီလက်ဝါးနဲ့ တိုက်ခိုက်ခံရပြီးတာ ၁၀ နှစ်တော့ ကျော်လောက်ပြီ”
ရဲရှောင် မျက်မှောင်ကြုတ်လိုက်မိသည်။
“ငါ့ရဲ့ ကျင့်ကြံမှုအဆင့်သာ ကောင်းကင်အဆင့်လောက် ဆိုလို့ကတော့ ငါသေချာပေါက် ကုသနိုင် တယ်။ ဒါပေမဲ့ အခုတော့ အဲဒီလို အစွမ်း မရှိဘူး ဖြစ်နေပြီ . . .”
ယခင်ဘ၀တုန်းက ရဲရှောင်သည် ရွှေလက်ဝါးတိုက်ကွက်ကို အကြိမ်များစွာ ခံခဲ့ရဖူးပါသည်။ ထို့ကြောင့် မည်ကဲ့သို့ ကုသနိုင်သည် ဆိုတာကို သိနေလေ၏။
ကုသနိုင်သည့် နည်းလမ်းတိုင်းကို သိရှိနေတာဖြစ်ပြီး အထူးဖြေဆေး မရှိဘဲနဲ့တောင်မှပဲ ကုသနိုင် လေ၏။
သို့သော်လည်း ယခုနေရာသည် ချင်းယန်ခေါ် ကောင်းကင်နယ်ပယ် မဟုတ်သဖြင့် လိုအပ်သည့် ဆေးပင်များ ရှိမနေချေ။
ယေဘူယျအားဖြင့် သူ၏ ကျင့်ကြံမှုအဆင့် မြင့်မားပါကလည်း ကုသနိုင်မည် ဖြစ်သော်လည်း ယခုအခါမှာတော့ အကူအညီမဲ့လျက် ရှိနေပါသည်။
လက်ရှိတွင် အိမ်တော်ထိန်းကြီး၏ ကျင့်ကြံမှုအဆင့်နှင့် ခန္ဓာကိုယ် ကြံ့ခိုင်မှုမှာ အနိမ့်ဆုံး အခြေအနေသို့ ရောက်ရှိနေသည်။ လ၀က်လောက်မျှပင် မခံတော့ဘဲ သေဆုံးနိုင်မည်ဖြစ်ကာ လက်ကျန် အချိန်များစွာ မကျန်တော့သည်မှာပင် အဓိက ပြဿနာ ဖြစ်နေပါသည်။
“ငါတတ်နိုင်သမျှ အစွမ်းကုန် လုပ်ရင်တောင်မှ သူ့အခြေအနေ နည်းနည်း တိုးလာရုံပဲ ရှိမယ်။ ကံကောင်းလို့ ၁၀ ရက်လောက်ကျင့်ပြီး မြေကြီးအဆင့် ၃ ဖြစ်လာတာ။ ဒီလိုမှမဟုတ်ရင် ဘာဆိုဘာမှ မလုပ်နိုင်ဘဲ ထိုင်ပဲ ကြည့်နေရမှာ . . .”
ရဲရှောင် မျက်မှောင်ကြုတ်လိုက်သည်။ ဖေးယွမ်ဆေးလုံးတစ်လုံးကို ထုတ်လိုက်ပြီး အိမ်တော်ထိန်း ကြီး၏ ပါးစပ်ထဲသို့ ထည့်ပေးလိုက်၏။ ထို့နောက် သေချာ မြိုကျသွားစေရန်ပင် ပြင်ဆင်ပေးလိုက်လေ၏။ လက်များကို အိမ်တော်ထိန်းကြီး၏ ကျောကုန်းသို့ ထောက်လိုက်ပြီး အပြာရောင်ရေခဲချီဓာတ်စွမ်းအားကို အသုံးပြုကာ ရွှေလက်ဝါး၏ စွမ်းအားများကို စုပ်ယူလိုက်ပါတော့သည်။
တဖြည်းဖြည်းဖြင့် သူ့လက်ဝါးတွင် စွမ်းအားများ စုစည်းမိလာလေသည်။
နေခရမ်းတောင်မှာ ရွှေသွေးကြောလက်ဝါး အစွမ်းဖြင့် ထင်ရှားကျော်ကြားသည့် အဖွဲ့အစည်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အဆိုပါ တိုက်ကွက်သည် အလွန်ကို တုန်လှုပ်ဖွယ်ရာ အစွမ်းထက်လှပြီး မည်သူမျှ တွန်းလှန်ကာကွယ်နိုင်စွမ်း မရှိပေ။ မရေမတွက်နိုင်လောက်အောင် များပြားသည့် ပညာရှင်များ၊ ဂိုဏ်းများသည် ရွှေလက်ဝါးကို ခုခံကာကွယ်နိုင်ရန် အဖြေရှာကြသော်လည်း မအောင်မြင်ခဲ့ကြချေ။
သို့သော်လည်း ရဲရှောင်မှာ နေခရမ်းတောင်အား အကြိမ်များစွာ ဆန့်ကျင်ခဲ့ဖူးလေသည်။ ထို့ကြောင့် မတော်တဆအနေဖြင့် ၎င်းတို့၏ အားနည်းချက်အားသာချက်များနှင့် ရွှေလက်ဝါး တိုက်ကွက်၏ လျို့ဝှက်ချက်များကို ဖော်ထုတ်နိုင်ခဲ့လေ၏။ တကယ်တော့ နေခရမ်းတောင်အနေဖြင့် ရဲရှောင်အား အသေရရ အရှင်ရရ လိုက်ဖမ်းနေရခြင်း၏ အကြောင်းရင်း တစ်စိတ်တစ်ပိုင်းမှာ ရဲရှောင်မှ သူတို့၏ လျို့ဝှက်ချက်များအား သိနေ၍လည်း ပါပါသည်။ အကယ်၍ ရဲရှောင်သာ အဆိုပါ လျို့ဝှက်ချက်များအား လူအများကို ချပြလိုက်မည် ဆိုပါက နေခရမ်းတောင်၏ သြဇာအာဏာလည်း ကျဆင်းသွားရမည် ဖြစ်သလို ဂုဏ်သိက္ခာလည်း အဖတ်ဆယ်၍ ရနိုင်မည် မဟုတ်တော့ချေ။
ရွှေလက်ဝါးနှင့် အရိုက်ခံရသည့်သူ မည်သူမဆို ထိုသူ၏ ခန္ဓာကိုယ်အတွင်းတွင် ရွှေရောင်အရာ ၀တ္ထုလေးတစ်ခု ဖြစ်ပေါ်သွားမည်ဖြစ်သည်။
ထိုစဉ်တွင် သူ၏ ကိုယ်တွင်းအင်္ဂါများသည်လည်း တဖြည်းဖြည်း ရွှေရောင်အဖြစ်သို့ ပြောင်းလဲသွား မည်ဖြစ်ပြီး လူအားလုံး၏ အမြင်မှာတော့ ရွှေဓာတ်ဖြင့် လေ့ကျင့်သည့် ကျင့်စဉ်ကြောင့်ဟုသာ ထင်မြင်နေ ကြမည် ဖြစ်ပါသည်။ ထို့ကြောင့် ကျင့်ကြံသူတို့သည် ရွှေဓာတ်ကို လျော့ချလိုက်ကြမည်ဖြစ်ပြီး သို့သော်လည်း သူတို့ လမ်းကြောင်းလွဲနေသည် ဆိုတာကိုတော့ နားမလည်ကြပေ။
ရွှေလက်ဝါးမှာ ရွှေဓာတ်ကျင့်စဉ်တစ်ခု မဟုတ်ပေ။ မီးဓာတ်သာ ဖြစ်ပေသည်။ တိုက်ခိုက်မှု အပြီး ပေါ်လာသည့် ရွှေရောင်အရာဝတ္ထုလေးမှာ အသွေးအသားများအား လောင်ကျွမ်းခြင်း စွမ်းအားကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်ပြီး သွေးများကိုပါ အရောင်ပြောင်းလဲသွားစေခြင်း ဖြစ်ပါသည်။ အဆိုပါ ဓာတ်များကို မခြေဖျက်နိုင်ဘူး ဆိုပါက ပိုမို၍ပင် အင်အားကောင်းသထက် ကောင်းလာမည် ဖြစ်သည်။
ရွှေလက်ဝါးကျင့်စဉ်ကို ကျင့်ကြံကြသည့် တချို့သော ထိပ်သီးပညာရှင်များသည် တဖက်လူ၏ ကိုယ်တွင်းအင်္ဂါများအား တစ်ချက်တည်းဖြင့်ပင် ရွှေရောင်ပြောင်းလဲသွားအောင် လုပ်နိုင်ကြပါသည်။
တကယ်တော့ အဆိုပါ တိုက်ကွက်၏ လျို့ဝှက်ချက်အား ယခင်ဘ၀တုန်းက ရဲရှောင် သိရှိခဲ့ရခြင်းမှာ မတော်တဆကြောင့်သာ ဖြစ်သည်။ ထိုနေ့က နေခရမ်းတောင်မှ လူတစ်ယောက်နှင့် တိုက်ခိုက်ရင်း ရွှေလက်ဝါးဖြင့် အရိုက်ခံလိုက်ရသည်။ အရိုက်ခံရပြီးနောက် ဒဏ်ရာဟာ အလျင်အမြန်ကို ပြန့်နှံ့လာခဲ့ပြီး ရဲရှောင်သည်လည်း သူ၏ သန့်စင်သော ယန်ကျင့်စဉ်ကို လည်ပတ်စေကာ ခုခံရန် ကြိုးစား လိုက်သည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် သူ၏သန့်စင်သော ယန်ကျင့်စဉ်သည် ရွှေလက်ဝါး၏ စွမ်းအားများ အား စုစည်းနိုင်ကြောင်း တွေ့ရှိလိုက်ရသည်။
ရဲရှောင်ပျော်သွားခဲ့ပြီး ရွှေလက်ဝါးကျင့်စဉ်၏ အဓိကဓာတ်မှာ မီးဓာတ်ဖြစ်ကြောင်း သူသတိပြုမိခဲ့ သည်။ တစ်စုံတစ်ခုကို ရှာဖွေ တွေ့ရှိသွားသည်နှင့် ကျန်သောအရာများကိုလည်း ဖုံးကွယ်၍ ရနိုင်တော့ မည် မဟုတ်ပေ။ အဓိကမြုပ်ကွက်ကို သိရှိလိုက်ရပြီ ဖြစ်သဖြင့် ကုသနိုင်ရန်မှာ လွယ်ကူသွားပြီ ဖြစ်ပါသည်။ ထိုစဉ်ကတည်းက ကုသနိုင်သည့် အဖြေများစွာကို သူရအောင် ဖော်ထုတ်ခဲ့ခြင်း ဖြစ်၏။
ယခုအခါမှာတော့ သူသည် အားနည်းသူတစ်ဦး ဖြစ်နေသဖြင့် ထိရောက်စွာ ကုသနိုင်မည် မဟုတ်ပေ။ သို့သော်လည်း ယခင်ဘ၀ကထက်ကို ပိုမို၍ သွေးအေးပြီး နှံ့စပ်သူတစ်ဦး ဖြစ်နေပါပြီ။ ရေခဲဓာတ်နှင့်မီးဓာတ်တို့ အလွန်အကျွံ အသုံးပြုခြင်းသည် ရွှေလက်ဝါးကို အကောင်းဆုံး သက်ရောက်မှု ဖြစ်စေမည် ဖြစ်သည်။ တစ်ခုမှာ ဆန့်ကျင်ဖက်သဘောတရား အနေဖြင့် စုပ်ယူမှာဖြစ်ပြီး တစ်ခုကတော့ ဓာတ်တူနာမ်တူ အနေဖြင့် ချေဖျက်စေမည် ဖြစ်သည်။ ပြည့်စုံသည့် မျှတမှုတစ်ခု ဖန်တီးလိုက်ခြင်းပင် ဖြစ်လေ၏။
သူသည် ထိုကဲ့သို့ ရလဒ်အား သတိကြီးစွာထား၍ စမ်းသပ်ခဲ့သည်။ အရမ်းကြီးလည်း မစမ်းသပ်ရဲချေ။ ရွှေလက်ဝါးစွမ်းအား အနည်းငယ်ကိုသာ စုပ်ယူလိုက်ခြင်းဖြစ်ပြီး အံ့သြစရာကောင်းသည့် အချက်မှာ အပူစွမ်းအားများအား စုယူလိုက်ပြီးသည့်အခါ သူ၏ ကိုယ်ပိုင်အပူစွမ်းအားအဖြစ် ပြောင်းလဲ သွား၍ပင် ဖြစ်သည်။
ရဲရှောင် ရင်ခုန်သွားသည်။
စုစည်းခြင်းဖြစ်စဉ်မှာ အလွန် ချောမွေ့နေသဖြင့် ရဲရှောင် အံ့သြနေမိပြီး သန့်စင်သော ယန်ကျင့်စဉ် ကျင့်ကြံတုန်းကထက်ပင် ပိုမိုအဆင်ချောနေတာဖြစ်ပြီး သူ၏ အပူစွမ်းအားများကို ပင်လယ်ကြီးကဲ့သို့ ခံစားနေရတာဖြစ်ကာ ရွှေလက်ဝါးမှ အပူစွမ်းအားများကိုတော့ စမ်းချောင်းလေး တစ်ခုကဲ့သို့ ခံစားနေရတာ ဖြစ်ပါသည်။ စမ်းချောင်းလေးအတွင်းမှ အပူစွမ်းအင်များ ပင်လယ်ကြီးအတွင်းသို့ စီးဝင်သွားသလိုဖြစ်ကာ မသိသာလှသဖြင့် အလွန်ကို ချောချောမွေ့မွေ့ ဖြစ်နေခြင်းပါ။
(ရွှေလက်ဝါးရဲ့ အစွမ်းကို ချေဖျက်တော့မယ်ထင်တယ်။ တော်တော် အကျိုးရှိသွားပီ။ တကယ့်ကို အံ့သြစရာပဲ . . .)
ရဲရှောင် သတိလက်လွတ်လည်း မနေရဲပေ။ သူ၏ ကျင့်စဉ်များကို လည်ပတ်စေကာဖြင့် စွမ်းအားများအား စုပ်ယူနေလေ၏။
ညနက်သည့်တိုင် မရပ်မနား လုပ်နေတာဖြစ်ပြီး တီးတိုးရေရွတ်မိသည်မှာ –
“သွေးကြောတွေထဲမှာရှိတဲ့ ရွှေလက်ဝါးအပူစွမ်းအားကတော့ စုပ်ယူခြင်းခံလိုက်ရပြီး သန့်စင်သွား ပြီ။ ဒါပေမဲ့ ကိုယ်တွင်းအင်္ဂါတွေနဲ့ စွမ်းအင်သိုလှောင်ရာကို ရောက်သွားတဲ့ စွမ်းအားတွေကိုတော့ ငါ့ရဲ့ လက်ရှိအဆင့်နဲ့ သန့်စင်ခြေဖျက်လို့ မရနိုင်သေးဘူး . . .”
ရဲရှောင် အံကြိတ်နေမိသည်။ သူ၏ အရိုးသန့်စင်ဆေးလုံး နှစ်လုံးအနက် တစ်လုံးကို ထုတ်လိုက်ပြီး အိမ်တော်ထိန်း၏ ပါးစပ်ထဲသို့ ထည့်လိုက်သည်။
ထို့နောက်မှာတော့ ကျင့်စဉ်များကို ပြန်လည် လည်ပတ်စေပါတော့သည်။
အရုဏ်တက်ချိန် ရောက်မှသာ ရဲရှောင် ထွက်ခွာသွားတာ ဖြစ်ပါသည်။
ယခုကုသမှု၏ ရလဒ်မှာ ထင်မှတ်ထားသည်ထက်ပင် ပိုမိုကောင်းမွန်ခဲ့သည်။ ရောဂါ၏ မူလဇစ်မြစ်ကို မကုသနိုင်ခဲ့သော်လည်း အပြင်ဘက်ရှိ အဆိပ်အတောက်များအားလုံးကို ဖယ်ရှားပေးနိုင် ခဲ့တာ ဖြစ်ပါသည်။ အိမ်တော်ထိန်းကြီး၏ ကိုယ်တွင်း စီးဆင်းနေသည့် ရွှေလက်ဝါး၏ အပူစွမ်းအားများ အားလုံးသည် ရဲရှောင်၏ စုပ်ယူခြင်းကို ခံလိုက်ရပြီဖြစ်၏။ ခြေဖျက်ရန် မဖြစ်နိုင်သည့် အနည်းငယ်သာ ကျန်ရစ်ခဲ့ခြင်း ဖြစ်လေသည်။
ယခုမှစ၍ အိမ်တော်ထိန်းကြီးမှာ သူ၏ ခန္ဓာကိုယ်နှင့် ပတ်သက်၍ ပြဿနာရှိတော့မည် မဟုတ်ဘဲ ကောင်းမွန်စွာ လှုပ်ရှားသွားလာနိုင်တော့မှာ ဖြစ်ပါတော့သည် . . .။

Comment

Leave a Reply

Options

not work with dark mode
Reset