Chapter – 67
“ခရမ်းရွှေရောင်သွေး”
အိမ်တော်ထိန်းမှ ခနဲ့တဲ့တဲ့ဖြင့် –
“ဘုရင်က လေလံပွဲမှာ ပွဲဆူအောင် လုပ်ခဲ့တဲ့ ဖန်ဆိုတဲ့ လူကို တစစီ လုပ်ပစ်ချင်မယ်ဆိုတာ အသေအချာပဲ . . .”
“ဘာကြောင့်လဲ . . . ရန်ငြိုးများ ရှိနေလို့လား . . .”
ရဲရှောင် စိတ်ရှုပ်ထွေးဟန်ဖြင့် မေးလိုက်သည်။
“ဘာလို့လဲဆိုတော့ မျိုးနွယ်စုကြီးတွေနဲ့ ဂိုဏ်းတွေဟာ အဆက်အသွယ်တော့ ရှိလိမ့်မယ်။ သူတို့က တစ်ဖက်နဲ့တစ်ဖက် မကြိုက်ကြဘူး၊ မျိုးနွယ်စုကြီးတွေက တော်ဝင်မျိုးနွယ် အင်အားစုထဲကို ၀င်ရောက်သွားကတည်းက ဂိုဏ်းကြီးတွေဟာ သိပ်မကျေနပ်ကြဘူးလေ။ ကံကောင်းတဲ့ တိုက်ဆိုင်မှု တစ်ခုက လေလံပွဲမှာ တန်ဖိုးကြီးတဲ့ ပစ္စည်းတွေကို ရောင်းချလိုက်တဲ့အခါ ဂိုဏ်းကြီးတွေကလည်း အခွင့်အရေးကို လက်လွတ်မခံဘဲ သူတို့ရဲ့ ဂိုဏ်းက အရေးကြီးပုဂ္ဂိုလ်တွေ စေလွှတ်ပြီးတော့ အရယူစေခဲ့ တယ်လေ . . .”
“တနည်းအားဖြင့် ဟိုထူးခြားအစွမ်းထက်တဲ့ ဆေးလုံးတွေ ပေါ်လာတယ် ဆိုပေမဲ့ ရှောင်မိုယန်၊ မန်ဝူဖိန်တို့အဖွဲ့ အလကားနေရင်းတော့ ရောက်မလာကြဘူး။ ဒီနောက်ကွယ်က ဖြစ်ရပ်တွေက တကယ်ကို သိမ်မွေ့တယ်”
ရဲရှောင်လည်း ခေါင်းညိတ်လိုက်ပြီး –
“အင်း . . .”
အိမ်တော်ထိန်းကြီး၏ ခွဲခြမ်းစိတ်ဖြာမှုများမှာ အလွန်ကို တိကျပြတ်သားလှသဖြင့် ရဲရှောင်အဖို့ ပညာရလှပါသည်။ သို့သော်လည်း သူစိတ်ဝင်စားသည့် အချက်များလည်း ပါဝင်နေသဖြင့် အသေအချာကို နားထောင်နေမိသည်။
သူ၏ အိမ်တော်ထိန်းကြီးမှာ သာမန်လူတော့ မဟုတ်နိုင်ချေ။ ဘုရင်ကိုပင် ရိုသေလေးစားနေဟန် မရှိဘဲ ပြောဆိုနေသည့် လူတစ်ဦးမှာ အဘယ်သို့ သာမန်လူ ဖြစ်နိုင်ပါမည်နည်း။
“ဒီလိုတွေ ဖြစ်လာပြီးရင်တော့ ကောင်းသွားမှာပါ။ ဒါပေမဲ့ အိမ်ရှေ့မင်းသား မှီခိုနေတဲ့ မူမျိုးနွယ်ကတော့ တကယ့် ပြဿနာအိုး မုန်တိုင်းအိမ်တော်နဲ့မှ ပြဿနာ ဖြစ်သွားတယ်။ ဒီကိစ္စကလည်း တော်တော် အရေးကြီးတယ်။ သူတို့လူတွေ အများကြီး အသတ်ခံခဲ့ရတယ်လေ။ သူတို့ရဲ့ စုစုပေါင်း အင်အားအနေနဲ့လည်း တော်တော်ကြီး ယုတ်လျော့သွားခဲ့ရတယ်။ ဒီကာလတွေအတွင်း မူမျိုးနွယ်လည်း ဘာမှ လှုပ်လှုပ်ရှားရှား လုပ်ဝံ့မှာ မဟုတ်လောက်သေးဘူး။ နောက်ပြီး မုန်တိုင်းအိမ်တော်ကို တောင်းပန်ဖို့ လည်း စဉ်းစားချင် စဉ်းစားနေကြလိမ့်မယ် . . .”
“အဲဒါကြောင့် အိမ်ရှေ့မင်းသားရဲ့ သြဇာအာဏာလည်း တော်တော်ကြီးကို လျော့သွားနိုင်တယ်။ ကျန်တဲ့ မင်းသား ၂ ပါးကလည်း ဒီအခွင့်အရေးကို လက်လွတ်ခံမှာ မဟုတ်ဘူး။ အဲဒါကြောင့် အခွင့်အရေး ယူကြလိမ့်မယ်။ ဂိုဏ်းကြီးတွေကလည်း ၀င်ပြီး ဖြေရှင်းကောင်း ဖြေရှင်းနိုင်တယ်။ တော်ဝင်တရားရုံးက လည်း အခုမှ ငြိမ်းချမ်းကာစ ရှိသေး တစ်ခါပြန်ပြီး ရှုပ်ယှက်ခတ်ဦးမှာပဲ . . . ဘုရင့်ရဲ့ စိုးရိမ်ပူပန်မှုက အလကားတော့ မဟုတ်ဘူး . . .”
“သိပါပြီ . . .”
ရဲရှောင် မထူးခြားသလို ခေါင်းညိတ်လိုက်သည်။ သို့သော် သူ့စိတ်ထဲမှာတော့ အံ့သြနေမိလေ သည်။
(တောက် . . . ငါလေလံပွဲကို နည်းနည်း ဆူဆူပူပူဖြစ်အောင် လုပ်လိုက်တာနဲ့ပဲ ဒီလိုတွေ ဖြစ်ကုန်ရတယ်တဲ့လား . . . တကယ်ကို မယုံနိုင်လောက်အောင်ပဲ . . .)
“ဒါတွေကတော့ လက်ရှိ မြို့ထဲမှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေပဲ။ တော်တော်လေး သိမ်မွေ့ နက်နဲတဲ့ မျှခြေကြီး ယိမ်းယိုင်းစ ပြုနေပြီပေါ့ . . .”
အိမ်တော်ထိန်းမှ ပြောလိုက်သည်။ ယခုအခါမှာတော့ သူသည် ၁၅ ခွက် ၁၆ ခွက်လောက်ကို သောက်ပြီး ဖြစ်ပါသည်။ သို့သော်လည်း သူ၏ မျက်နှာမှာ ရဲသွားခြင်း ဖြူရော်ရော် ဖြစ်သွားခြင်းမျိုး မရှိပေ။ သာမန်ပုံစံပင် ဖြစ်နေသဖြင့် တကယ့်ကို သောက်တတ်စားတတ်သူ တစ်ဦးဆိုတာ သိသာလှပါသည်။
“အခု အခြေအနေတွေက ဒီလိုဖြစ်နေပြီး ဘုရင်ကိုယ်တိုင်က ဟိုဘက်ဒီဘက်ကို ယိမ်းနေတဲ့ အတွက် ထိပ်သီးပိုင်း လူကြီးတွေက ဘေးကနေပြီးတော့သာ ရပ်ကြည့်နေကြတယ်။ ဒါပေမဲ့လည်း ဘုရင်ကြီးရဲ့ ကျန်းမာရေး အခြေအနေက ဆိုးသထက် ဆိုးလာတဲ့အတွက် ကြာရင်တော့လည်း ရပ်ကြည့်နိုင်မှာ မဟုတ်တော့ဘူး။ ဒီထက်မက ပိုပြီး ဆိုးလာမယ် ဆိုရင်တော့ ဟဲဟဲ . . .”
အိမ်တော်ထိန်းကြီး ခနဲ့တဲ့တဲ့ ရယ်မောလိုက်ပြီး ဆက်လက်၍ –
“ကောင်းပြီ . . . ဒါတွေက အတွင်းရေးတွေပဲ၊ ချန်နိုင်ငံတော်ကလည်း မလုံခြုံတော့ပါဘူး ဟား ဟား . . .”
ရဲရှောင်မှ –
“အတွင်းရေးမဟုတ်တဲ့ အပြင်ရေးတွေရော ရှိသေးလို့လားဗျ . . .”
“ရှိတာပေါ့ . . .”
အိမ်တော်ထိန်းကြီး တစ်ခွက် မော့ချလိုက်ပြီး ဆက်လက်၍ –
“အခု တခြားဘုရင့်နိုင်ငံတော် ၂ ခုကလည်း ကြီးကြီးမားမား တစ်ခု လုပ်ဖို့ အဆင်သင့် ဖြစ်နေကြပြီ။ သူတို့တွေက စစ်ရေးလေ့ကျင့်မှုတွေလည်း အများကြီး လုပ်ထားကြပြီးပြီ။ ဟဲဟဲ . . . ဒါတွေကို သခင်လေး မသိသေးပါဘူး။ အဲဒီလို စစ်ရေးလေ့ကျင့်မှု တစ်ခါလုပ်ဖို့အတွက် ငွေစအမြောက်အများ လိုတာလေ။ စစ်ပွဲတစ်ခုကို မဖန်တီးဘဲနဲ့ အလကားနေရင်တော့ ဒီလို ငွေကုန်ကြေးကျ ခံမှာ မဟုတ်ဘူး၊ စစ်ပွဲဆိုတာ တကယ်တော့ ငွေရေးကြေးရေး ကစားပွဲ တစ်ခုပါပဲ”
“တကယ်တော့ အခုပြောတဲ့ အဆိုပြုချက်တွေကို သက်သေခံနိုင်တဲ့ အချက်တွေ အများကြီး ရှိတယ်။ အခြေခံအားဖြင့် ဈေးထဲက ကုန်ပစ္စည်းတွေ အကုန်လုံးရဲ့ ဈေးနှုန်းက မြင့်တက်နေတယ်။ မြင့်တက်သွားတာက အများကြီး မဟုတ်ပါဘူး။ ဒါပေမဲ့ တဖြည်းဖြည်း မြင့်နေတာပေါ့။ လွန်ခဲ့တဲ့ ၁၀ ရက်လောက်ကတည်းက စတာပဲ။ အစားအစာတွေ၊ ဆား၊ အသား၊ သတ္တု၊ သံ၊ သစ်သားနဲ့ အပင်တွေ အကုန်လုံး ဈေးကြီးကုန်ကြပြီ . . .”
အိမ်တော်ထိန်းကြီး အာပေါင်အာရင်းသန်သန်ကို ပြောနေခြင်း ဖြစ်သည်။
“လွန်ခဲ့တဲ့ ၁၀ ရက်လောက်က ငါတို့ အစားအသောက်ဝယ်ဖို့ သွားခဲ့ကြတယ်။ ဆန်တစ်ပြည်ကို ငွေစ ၈ စ ပေးဝယ်ခဲ့ရတယ်။ နောက်တစ်နေ့ကျ ၈ စခွဲ ဖြစ်သွားတယ်။ ဒီနေ့ကျတော့ ၁၁ စတောင် ဖြစ်သွားပြီဟေ့၊ ၁၀ ရက်အတွင်း ၃ စတောင် ခုန်ထွက်သွားတာလေ။ ဒါဆန်တစ်ခုပဲ ရှိသေးတယ်နော်၊ အဲဒါတောင်မှ ၃၀ ရာခိုင်နှုန်းလောက် တက်သွားခဲ့တာပဲ . . .”
“ပထမတုန်းကတော့ ဒါက ဆန်တစ်ခုလို့ပဲ သဘောထားခဲ့တယ်။ ဒါပေမဲ့ ငါအပြင်ရောက်ပြီး နည်းနည်းလေ့လာကြည့်လိုက်တဲ့အခါ ဆန်တစ်မျိုးထဲမဟုတ်ဘူး၊ ဈေးထဲက တခြားပစ္စည်းတွေ အကုန်လုံး ဈေးတွေ မြင့်တက်နေပြီလေ။ အဲဒီထဲမှာ သံဈေးကတော့ အထူးဆန်းဆုံးပဲ။ ယေဘူယျအားဖြင့် သံ တစ်ပိဿာကို ၁ စ ပေးရတယ်။ ဒါပေမဲ့ အခုတော့ ၅၀ သားကို ၃ စ ဖြစ်နေပြီလေ။ နောက်ပြီး အများကြီး လိုချင်လို့လဲ မရဘူး၊ ထူးဆန်းမနေဘူးလား . . .”
“ဒီပစ္စည်းတွေ အကုန်လုံးက လူသားတွေအတွက် အသက်ရှင်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေပဲ။ ဒီလို ဈေးနှုန်းတွေ မြင့်တက်သွားရခြင်းက တစ်ယောက်ယောက် ပစ္စည်းတွေကို လှောင်လိုက်တာ ဖြစ်မယ်။ ဘုရင့်နိုင်ငံတော်တွေ အကုန်လုံးဟာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ နှစ်ပေါင်းများစွာ နေထိုင်ခဲ့ကြတယ်။ ပြည်သူ ပြည်သားတွေကလည်း အေးအေးဆေးဆေး ရှိကြပြီးတော့ ရောဂါကပ်ဘေးတွေလည်း ဖြစ်ခဲတယ်။ ဒါပေမဲ့ အခုတော့ ဒီလိုတွေ ဖြစ်လာပြီလေ . . .”
အိမ်တော်ထိန်းကြီး နောက်တစ်ခွက် ငှဲ့သောက်လိုက်ရင်း –
“စစ်ပွဲကတော့ လာနေပြီ . . .”
“အင်း . . .”
ရဲရှောင် စကားပင် ပြန်မပြောဖြစ်တော့ပေ။
“နောက်ထပ် အရေးကြီးတဲ့ ကိစ္စတစ်ခုကတော့ မုန်တိုင်းအိမ်တော် ပေါ်လာတဲ့ ကိစ္စပဲ . . .”
အိမ်တော်ထိန်းကြီး တစ်ချက် ရယ်မောလိုက်ပြီး –
“နှစ်ပေါင်း ၃၀၀၀ အတွင်း မုန်တိုင်းအိမ်တော်ဟာ ကိုးကြိမ်တိတိ် ပေါ်လာခဲ့တယ်။ တစ်ခါပေါ်လာ တိုင်း တစ်ခုခု ပြောင်းလဲသွားတာချည်းပဲ။ အဲဒီလို ပြောင်းလဲမှုကလည်း နယ်မြေကြီး တစ်ခုလုံးရဲ့ အခြေနေ ကိုပါ ပြောင်းလဲသွားစေခဲ့တာ . . .”
“ပြောင်းလဲမှုအတွင်းမှာ နယ်မြေတစ်ခုလုံး စုစည်းသွားပြီ ဆိုတာနဲ့ မုန်တိုင်းအိမ်တော်လည်း ပြန်ပျောက်သွားတော့တာပဲ။ နောက်ထပ် နှစ် ၁၀၀ ကျော် ပတ်လည်လောက်မှာ အဲဒီ စုစည်းမှုက ပြန်ပြီး ပြိုကွဲသွားပြန်တယ်။ အဲဒီအချိန် တိုက်ပွဲတွေလည်း ဖြစ်ကုန်ပြီးတော့ တိုက်ပွဲတွေ ပြီးတဲ့ အခါကျ ဘုရင့်နိုင်ငံတော်တွေအဖြစ် အပိုင်းတွေ ကွဲသွားတယ်။ သူတို့က တစ်ဖွဲ့နဲ့တစ်ဖွဲ့ နှောင့်ယှက်ခြင်း မရှိဘဲ ငြိမ်းချမ်းစွာ နေသွားကြတာပေါ့။ အခုလက်ရှိ အခြေအနေလိုပဲ ဆိုပါတော့ . . .”
“နောက်ပြီးတဲ့အခါကျ မျှခြေအခြေအနေ ဖြစ်လာတယ်။ နှစ်တစ်ရာ မကျော်လောက်တဲ့ ကာလမှာပဲ မုန်တိုင်းအိမ်တော် ပြန်ပေါ်လာမယ်၊ နောက်ပြီးရင်တော့ ဈေးတွေ တက်လာမယ်။ ပြီးရင် မျှခြေပျက်ပြီး ဘုရင့်နယ်မြေတစ်ခုကနေ အားလုံးကို အုပ်စိုးတော့မှာပေါ့ . . .”
“အခုက မုန်တိုင်းအိမ်တော် ပေါ်လာတာ ၉ ကြိမ်မြောက်ပဲ”
နောက်ဆုံးမှာတော့ အိမ်တော်ထိန်း၏ မျက်နှာတွင် မူးရစ်ရီဝေသည့် ပုံစံမျိုး ပေါ်လာပါပြီ။ သို့သော် လည်း မျက်လုံးများကတော့ ကြည်လင်ရှင်းလင်းနေဆဲပါ။
“နှစ်ပေါင်းသုံးရာအတွင်း ၉ ကြိမ်မြောက်အဖြစ် ပြန်ပေါ်လာခြင်းပေါ့ . . .”
“အဲဒီတော့ ဘယ်လို ဆက်ဖြစ်မလဲ . . .”
ရဲရှောင် မေးလိုက်သည်။
“နောက်ပြီး အရမ်းကို လျို့ဝှက်ဆန်းကြယ်တဲ့ သခင်ကြီးဘိုင် ဆိုတာကလည်း ဒဏ္ဍာရီလာ ပုဂ္ဂိုလ် တစ်ဦးလို ဖြစ်နေပြီ။ အခုတော့ ၉ ကြိမ်မြောက် ပြန်ပေါ်လာပြီပေါ့ . . .”
အိမ်တော်ထိန်း ပြောလိုက်သည်။
“သူက ဒဏ္ဍာရီလာ ထာဝရအသက်ရှင်သူတစ်ဦးလို့တောင် ပြောရမလိုပဲ . . .”
ရဲရှောင် ကြောင်ငေးသွားမိသည်။
“အဲဒါဆို ညာလက်ရုံးနဲ့ ဘယ်လက်ရုံး ကောင်မလေး ၂ ယောက်ကလည်း နှစ်ပေါင်း ထောင်ချီပြီး နေထိုင်လာခဲ့ကြတဲ့ လူတွေပေါ့ . . . သူတို့တွေလည်း ထာဝရအသက်ရှင်နိုင်တဲ့လူတွေလို့ ပြောရမှာပေါ့ နော် . . .”
“သူတို့တွေကိုလည်း အဲဒီလိုပြောရမယ်ဆိုတော့ အားလုံးပဲ ဆိုပါတော့ . . .”
အိမ်တော်ထိန်းကြီး လေးပင်စွာ ခေါင်းညိတ်လိုက်ပြီး ပြောလိုက်၏။
ရဲရှောင်လည်း အိမ်တော်ထိန်းကြီး၏ စကားကြောင့် တုန်လှုပ်သွားလေသည်။
အိမ်တော်ထိန်းကြီးမှာ ဘာမှ မသိသော်လည်း ရဲရှောင်ကတော့ ရဲအိမ်တော်သို့ လာသွားသည့် ၀တ်ရုံနက် ၀တ်ထားသော လူများမှာ မုန်တိုင်းအိမ်တော်က ဆိုတာကို သိနေလေသည်။
ထိုစဉ်တုန်းက သူဟာ ထာဝရအသက်ရှင်နိုင်သူများအား တိုက်ခိုက်ရန်ပင် ပြင်ဆင်ခဲ့သည် မဟုတ်ပါလား။
အကယ်၍ သူသာ ယခင်ရှောင်ဧကရာဇ် ဖြစ်မည် ဆိုပါက သူ့ခြေမှုန်ပင် မီမည့်လူများ ဖြစ်မည် မဟုတ်ပေ။ သို့သော်လည်း ယခုအခါမှာတော့ အခြေအနေချင်းက မတူတော့ချေ။ မုန်တိုင်းအိမ်တော် အတွက်တော့ ရဲရှောင်ဆိုတာ ပုရွတ်ဆိတ်တစ်ကောင်သာသာ ဖြစ်နေမှာ အသေအချာပါပင်။
ပုရွတ်ဆိတ်တစ်ကောင်လောက်ပင် အဖြစ်ရှိမည် မဟုတ်ပေ။
“အဲဒါဆို စစ်ပွဲသာ ဖြစ်လာမယ်ဆိုရင် တကမ္ဘာလုံး ပါဝင်လာမဲ့ သဘောပေါ့ . . . မြောက်ပိုင်း စစ်သူကြီးဖြစ်တဲ့ ကျုပ်ရဲ့ အဖေလည်း သက်ရောက်မှု ရှိလာမယ် မဟုတ်လား . . .”
ရဲရှောင် “ကျုပ်အဖေ” ဟု ပြောသည့်အခါ မည်သည့်ခံစားချက်ကိုမျှ ခံစားရပုံ မပေါ်ချေ။
လွန်ခဲ့သော ရက်အနည်းငယ်က အိမ်တော်ထိန်းကြီး ပြောခဲ့ဖူးတာ ရှိပါသည်။
“သခင်လေး မွေးလာတုန်းက သိုင်းပညာနဲ့ ပတ်သက်ပြီး အထုံပါရမီ သိပ်မပါလာခဲ့ဘူး။ နောက်ပြီး မတော်တဆမှု တစ်ခုမှာလည်း ဒဏ်ရာရရှိခဲ့တဲ့အတွက် သခင်လေးရဲ့ သွေးကြောတွေဟာ ပိတ်ခဲ့ရတယ်။ သခင်လေးရဲ့ အဖေက သူ့မှာရှိတဲ့ အရာအားလုံးကို သုံးပြီး သခင်လေး သာမန်လူတွေလို ကျန်းမာလာအောင် ကြိုးစားခဲ့တယ်။ ဒါပေမဲ့ သူမအောင်မြင်ခဲ့ဘူး . . . နောက်ဆုံးတော့ ဘုရင်က သူ့ကို ပြောတယ်။ သခင်လေးကို ကယ်တင်နိုင်တဲ့ ဆေးပစ္စည်းတစ်ခု သူ့ဆီမှာ ရှိတယ်တဲ့။ သူက သခင်လေးရဲ့ အဖေကို သွေးသောက်ညီအစ်ကို အဖြစ်ဖွဲ့ပြီး မြောက်ပိုင်းတစ်ခုလုံးကို နှစ်နှစ်ဆယ်လောက် အုပ်ချုပ်စောင့် ကြပ်စေချင်ခဲ့တာလေ . . .”
ထိုစဉ်တုန်းက ရဲရှောင်မှာ ဒုက္ခိတတစ်ပိုင်း ဖြစ်ခဲ့ရသည်။
ထိုအချိန်မှစ၍ ရဲရှောင်ကို ကယ်တင်နိုင်ရန်အတွက် စစ်သူကြီးရဲသည် သူ၏ နှစ် ၂၀ စာ ငယ်ရွယ် နုပျိုမှုများ အားလုံးကို စတေးခဲ့ရခြင်း ဖြစ်သည်။
ရှောင်ဧကရာဇ်မှာ ထိုကဲ့သို့ ပြုလုပ်ခဲ့သည့် စစ်သူကြီးရဲအား အဖေရင်းမဟုတ်သည့်တိုင် စိတ်ထဲမှ တော်တော်ကြီး အသိအမှတ် ပြုမိသွားခဲ့သည်။
ပြောရမည်ဆိုလျှင် ယခင်ဘ၀ ရဲရှောင်သည် မိဘမဲ့ကလေးတစ်ယောက် ဖြစ်ခဲ့သည်။ ထိုကဲ့သို့သော မိဘမေတ္တာကို သူအလိုချင် အတောင့်တဆုံး ဖြစ်ခဲ့သည်။
ယခုအချိန် ကံကောင်းထောက်မစွာဖြင့် သူ၏ ဒုတိယ ဘ၀တွင် ဖခင်မေတ္တာကို ရရှိခဲ့သဖြင့် ပို၍ပင် ၀မ်းမြောက်ဝမ်းသာ ဖြစ်ခဲ့ရတာ ဖြစ်ပါသည်။
“ဒါတင်မကသေးဘူး . . .”
အိမ်တော်ထိန်းကြီးမှ ဂုဏ်ယူဟန်ဖြင့် ထပ်ပြောလိုက်သည်။
“ဒီမော်တယ်ကမ္ဘာကြီးမှာ အစ်ကိုတော်ရဲ့ အသက်ကို ခြိမ်းခြောက်နိုင်မဲ့အရာ မရှိသေးဘူး။ ကမ္ဘာပေါ်မှာရှိတဲ့ လူတိုင်း သေဆုံးသွားမယ် ဆိုရင်တောင်မှ သခင်လေးရဲ့ အဖေက အသက်ရှင် ကျန်နေဦးမှာပဲ . . .”
ရဲရှောင် ထိုကဲ့သို့ ကြားလိုက်ရသောအခါ တုန်လှုပ်သွားသည်။
“အစ်ကိုတော်ရဲ့ အသက်ကို ခြိမ်းခြောက်နိုင်မဲ့အရာ မရှိသေးဘူး . . .”
“အစ်ကိုတော် ဟုတ်လား . . .”
ရဲရှောင် နောက်ဆုံးမှာတော့ သူသိချင်နေသည့်အရာကို သိလိုက်ရလေသည်။
(ဒီအိမ်တော်ထိန်းကြီးက ငါ့အိမ်မှာ ကျွန်တစ်ယောက်လို နေနေပေမဲ့ တကယ်တော့ ငါ့အဖေနဲ့ သွေးသောက်ညီအစ်ကို ဖြစ်နေတာကိုး . . .)
သို့သော်လည်း သွေးသောက်ညီအစ်ကိုချင်း တူညီသော်လည်း အိမ်တော်ထိန်းနှင့် စစ်သူကြီးရဲတို့၏ ဆက်ဆံရေးနှင့် ဘုရင်နှင့် စစ်သူကြီးရဲ တို့၏ ဆက်ဆံရေးမှာ မတူညီပေ။
အိမ်တော်ထိန်းကြီးမှာ သောက်သည့် ပမာဏ များလာသည့်အတွက် စကားများ ကျွန်ကာ ပေါ်ပေါ်လာရခြင်း ဖြစ်ပေသည်။
ရဲရှောင်မှာ သူနေထိုင်နေသည့် အိမ်တော်သည် လျို့ဝှက်ဆန်းကြယ်မှုများဖြင့် ပြည့်နေသည်ဟု ရုတ်တရက် ခံစားလိုက်မိသည်။
ထို့အပြင် အိမ်တော်ထိန်းကြီးသည် အဘယ်ကြောင့် သူ့အဖေအား အလွန်ကို ယုံကြည်စိတ်ချ နေရပါသနည်း . . . ကောင်းကင်အဆင့်၏ ထိပ်တန်းပညာရှင်တစ်ဦး ဖြစ်သည့်တိုင် လူသန်းပေါင်းများစွာ နှင့် ရင်ဆိုင်တိုက်ခိုက်ရပါက သေဆုံးမည်မှာ အသေချာပင် မဟုတ်ပါလား။
ထိုကဲ့သို့သော ယုံကြည်ချက်မျိုး အဘယ်ကြောင့် ရှိနေသလဲ ဆိုတာကို ရဲရှောင် မသိချေ။
သူ့အဖေသည် သူ့ယခင်ဘ၀ထက်ပင် အစွမ်းထက်နေတာပင် ဖြစ်ပေသလော . . .
ထိုကဲ့သို့သာ ဆိုပါက ယခုနယ်ပယ်နှင့် မအပ်စပ်သည့် အဆင့်မျိုး ရောက်ရှိနေမည်ဖြစ်သဖြင့် ထိုအဆိုပြုချက်သည်လည်း မှန်ကန်နိုင်မည် မဟုတ်ပေ။
အိမ်တော်ထိန်းကြီးမှာ သောက်နေရင်းဖြင့် ရယ်မောလိုက်ပြီး –
“ဟီးဟီး . . . မူးနေပြီဟေ့ . . . အခုလို မသောက်တာ အတော်ကြာခဲ့ပြီ။ အစ်ကိုတော်က ငါ့ကို ဒီလို မသောက်ဖို့ တားမြစ်ထားတယ်လေ။ ဒါပေမဲ့ ဒီနေ့ ငါအရမ်းပျော်တယ် . . . အဲဒါကြောင့်မို့ သောက်လိုက်တာ၊ ရှောင်လေး . . . အခုလို သောက်တယ်ဆိုတဲ့ ကိစ္စကို သခင်လေးရဲ့ အဖေကို ပြန်မပြောပါနဲ့။ သောက်တယ်ဆိုတဲ့ စကားကိုတောင် မဟမိပါစေနဲ့ နားလည်တယ်မလား . . .”
ရဲရှောင်မှာ ကြောင်ငေးလျက် ရှိနေလေ၏။
(ဘယ်လိုတောင်လဲ . . . သောက်တဲ့ကိစ္စလေးတောင် အကြောင်းပြချက် ကောင်းကောင်း မပေးနိုင်ဘူးလား။ အစတုန်းကတော့ အစေခံကြီးတစ်ယောက်လို နေပြီး အခုကျတော့ ငါ့ကို စောင့်ရှောက်တဲ့ လူကြီးတစ်ယောက်လို လေသံဖြစ်သွားပြန်ပြီ။ ရှောင်လေး လို့တောင် ခေါ်လိုက်သေး ဘယ်လိုလားပဲ . . .)
အိမ်တော်ထိန်းကြီး မျက်နှာမှာ နီရဲလာပြီး အသက်ရှူသံများလည်း မြန်လာပါသည်။ ရုတ်တရက် ဆိုသလို ချောင်းများဆိုးလာပါတော့သည်။
အတော်ကြာကြာ ချောင်းဆိုးပြီးနောက် ခေါင်းကိုငုံ့လိုက်ကာ လက်ကိုင်ပုဝါ အတွင်းသို့ ထွေးချလိုက်လေ၏။
သူလုပ်သည်များကို ရဲရှောင်အား မြင်တွေ့စေချင်ပုံ မရချေ။
သို့သော် ရဲရှောင်မှာ အဆင့်မြင့် ပညာရှင်ကြီးတစ်ဦး မဟုတ်သော်လည်း မျက်စိလျင်လှပြီး အကြည့်စူးစူးများကြောင့် တစ်စုံတစ်ခုကို ဖမ်းမိလိုက်၏။
ရဲရှောင်၏ သူငယ်အိမ်ပင် တုန်သွားသည်။
ခရမ်းရွှေရောင် . . .
အိမ်တော်ထိန်းကြီး ထွေးလိုက်သည်မှာ ခရမ်းရွှေရောင်သွေးများပင် ဖြစ်ပါတော့သည် . . .။