Chapter – 66
“ရောက်ရှိလာမည့်အန္တရာယ်”
မင်းသမီးလေးမှာ အကျဉ်းချခံထားရသလို အပြင်ထွက်ခွင့် မရရှိတော့သဖြင့် ရဲရှောင်ကို လာရောက်တွေ့ဆုံခြင်း မရှိချေ။ ဇုဝူကျီနှင့် လန်လန့်လန့် တို့မှာလည်း လာရောက်ခြင်း မရှိကြပါ။
ရဲရှောင် ခါးကြောကို ဆန့်ထုတ်လိုက်သည်။
၁၀ ရက်လောက် မရပ်မနား ကျင့်ကြံပြီးနောက် အေးစက်သော ချီဓာတ်အများစုမှာ ရဲရှောင်၏ စုပ်ယူမှုကို ခံလိုက်ရပြီဖြစ်၏။ ထို့ကြောင့်ပင် ကောင်းကင်ဟင်းလင်းပြင်မှာ ပြည့်ဝလာရပါတော့သည်။
ရဲရှောင်သည် အေးစက်သောချီဓာတ်များမှာ တစ်ချိန်ချိန်မှာတော့ ရပ်တန့်သွားလိမ့်မည် ဆိုသည်ကို သိနေသည်။ သူ့အနေဖြင့် လိုအပ်သည်ထက်ပင် ကျော်လွန်အောင် သုံးခဲ့မိပြီး ဖြစ်ပါသည်။
ရဲရှောင်လည်း သူ၏ ကောင်းကင်ဟင်းလင်ပြင်အတွင်း ရေခဲချီဓာတ်များကို ရက်အတော်ကြာသည် ထိ သွားရောက်မစစ်ဆေးဘဲ စုဆောင်းထားလိုက်မည်ဟု တွေးမိလိုက်သည်။
ဖြည်းညင်းစွာ မတ်တတ်ရပ်လိုက်ပြီးနောက် စောင့်ကြည့်မျှော်စင်ထက်မှ ဆင်းလာလိုက်သည်။
အိမ်တော်ထိန်းမှာ ချက်ချင်းပင် ရောက်ရှိလာပြီးနောက် –
“သခင်လေး . . . ဘယ်လိုနေသေးလဲ၊ မော်တယ်အဆင့် ၄ လောက်ကို ကျော်ပြီထင်တယ်”
တကယ်တော့ ရဲရှောင်သည် လွန်ခဲ့သော နှစ်များအတွင်း မော်တယ်အဆင့် ၃ ဖြင့်သာ တစ်ဆို့ နေခဲ့တာ ဖြစ်သည်။ အိမ်တော်ထိန်းမှာ သူ့သခင်လေးကို စိတ်ပျက်၍ ယုံကြည်မှုများ ပျောက်ဆုံးသွားခြင်း မျိုး မဖြစ်စေရန်အတွက် အားပေးကာ မေးမြန်းလိုက်ခြင်းဖြစ်၏။
(ကျော်တောင် ကျော်ပါ့မလားပဲ . . . ဒီလောက်ထိ မြန်မြန်ဆန်ဆန်တော့ အဆင့်မတက်လောက် ဘူး။ လူတော်တော်များများအနေနဲ့ အဆင့်တစ်ဆင့်တက်ဖို့ဆိုတာ လွယ်တဲ့အရာမှ မဟုတ်တာပဲ)
အိမ်တော်ထိန်း တွေးလိုက်မိသည်။
(မော်တယ်အဆင့် ၄ ဟုတ်လား . . .)
ရဲရှောင် မျက်မှောင်ကြုတ်လိုက်၏။
“အင်း သိပ်တော့မလိုတော့ပါဘူး . . . အဆင့် ၄ ရောက်တော့မယ်ပဲ ဆိုပါတော့ . . .”
အိမ်တော်ထိန်းမှာ ပြုံးလိုက်ပြီး –
“သခင်လေးက ဒီရက်တွေထဲမှာ အတော်ကြီး ကြိုးစားခဲ့တာပဲ၊ တကယ်တော့ ကျင့်ကြံမှုဆိုတာ ကျင့်လိုက် အနားယူလိုက်လုပ်တာ ပိုပြီးကောင်းပါတယ်။ တစ်ဆင့်ချင်းပေါ့ . . . အဲဒါကြောင့် ဒီညတော့ ကောင်းကောင်းကြီး အနားယူလိုက်ဦး . . .”
အိမ်တော်ထိန်း မသိသည့်အချက်မှာ ရဲရှောင်ပြောနေသည်မှာ မော်တယ်အဆင့်ကို မဟုတ်ဘဲ မြေကြီးအဆင့်ကို ပြောနေခြင်း ဖြစ်တယ် ဆိုတာကိုပါပဲ။
သူတို့နှစ်ဦးလုံးသည် အဆင့် ၄ အကြောင်း ပြောနေကြခြင်း ဖြစ်သော်လည်း အဆိုပါ အဆင့် ၄ နှစ်ခု၏ ခြားနားချက်မှာ မိုးနှင့်မြေလောက်ကို ရှိပါသည်။ အကယ်၍ ရဲရှောင်သာ သူသည် မြေကြီးအဆင့် ၄ ရောက်ရှိတော့မည်ဟု အမှန်တိုင်း ပြောလိုက်မည် ဆိုပါက အိမ်တော်ထိန်းလည်း သတ်သေသွားလောက် ပါသည်။
“မြို့ထဲမှာ ဘာများ ထူးခြားတာ ရှိလဲ . . .”
ရဲရှောင် မေးလိုက်သည်။
“အင်း . . . သခင်လေးလည်း ဗိုက်ဆာနေရောပေ့ါ အစာနည်းနည်း စားလိုက်ပါဦး၊ သခင်လေး စားသောက်ပြီးရင် ဘာတွေ ဖြစ်ပျက်ခဲ့သလဲ ဆိုတာကို ပြောပြမယ်လေ . . .”
အိမ်တော်ထိန်း ပြုံးလျက် ပြောလိုက်၏။
“အင်း . . . အဲဒါဆိုလည်း စားစရာ တစ်ခုခု စီစဉ်ပေးပါဦး . . .”
ရဲရှောင်လည်း ပြုံးလျက်ပင် ပြန်ပြောလိုက်သည်။
“ကောင်းပါပြီ ကောင်းပါပြီ . . .”
အိမ်တော်ထိန်းကြီး ပြန်ပြောလိုက်လေ၏။
“ဒီရက်တွေထဲမှာ မြို့ထဲ စိတ်ဝင်စားစရာလေးတွေ ဖြစ်ခဲ့တယ် . . .”
အိမ်တော်ထိန်းကြီးလည်း စားရင်းသောက်ရင်း ပြောလိုက်သည်။
ရဲရှောင်သည် အိမ်တော်ထိန်း၏ သောက်နေပုံကို ကြည့်ရင်း အံ့သြနေမိ၏။ လက်နှစ်ချောင်းဖြင့် ခွက်ကိုကိုင်ပြီးနောက် မော့ချလိုက်ခြင်းဖြစ်ပြီး သူ၏ လည်ပင်းကို ကြည့်သောအခါတွင်လည်း လှုပ်ရှားမှု တစ်စုံတစ်ရာ မရှိပါဘဲ မျိုချသံပင် မကြားရဘဲ ခွက်ထဲမှ အရည်များကတော့ အကုန်ကို ကုန်သွားခြင်း ဖြစ်လေ၏။ ထိုခွက်ကုန်သွားသောအခါ နောက်တစ်ခွက်အား ချက်ချင်းဆိုသလို ထည့်လိုက်ပြန်ပါသည်။ ထို့နောက် တစ်ချက်တည်းကို မော့ချလိုက်ပြန်ပါတော့သည်။
အိမ်တော်ထိန်းသောက်သည့် နှုန်းမှာ အတော်ကြီးကို မြန်ဆန်လှသော်လည်း သောက်သည့် အနေအထားကတော့ တကယ်ကို ညင်သာမှု ရှိလှသည်။
ထိုကဲ့သို့ သိမ်မွေ့ညင်သာသော သောက်ဟန်ကြောင့် ရှောင်ဧကရာဇ်ပင် မနာလို ဖြစ်သွားမိ၏။ သူသည် အရက်သမားတစ်ဦးဟု ဆိုနိုင်သည့် လူတစ်ဦး အရင်ဘ၀က ဖြစ်ခဲ့သည်။ မျိုးစုံသော အရက်များကိုလည်း သောက်သုံးပြီးခဲ့ပြီး သို့သော်လည်း ယခု အိမ်တော်ထိန်းသောက်သည့် နည်းစနစ် မျိုးကိုတော့ သူတစ်ခါမှ အောင်မြင်အောင် မလုပ်နိုင်ခဲ့ချေ။ အတုခိုး၍ လိုက်သောက်မည် ဆိုလျှင်တောင်မှ ချက်ချင်း အောင်မြင်မည် မဟုတ်ဟု သူသိနေလေတော့၏။
“စိတ်လှုပ်ရှားစရာတွေ ဟုတ်လား . . . ဘာကို ဆိုလိုတာလဲဗျ . . .”
ရဲရှောင်သည် သူတို့အိမ်တော်၏ အိမ်တော်ထိန်းသည် သာမန် အငြိမ်းစား ယူထားသည့် စစ်သည် တစ်ဦးမဟုတ်ဘဲ ထူးခြားသည့် နောက်ကြောင်း ရှိမည်ဟု သေချာပေါက် သိနေလေသည်။
ပထမအချက်အနေဖြင့် အိမ်တော်ထိန်းကြီးသည် အရာရာကို သိမြင်နားလည် နှံ့စပ်နေပြီး ဒုတိယ အချက်အနေဖြင့် သိမ်မွေ့သောသူတစ်ဦး ဖြစ်သည်။ အိမ်တော်ထိန်းကြီး သောက်သည့် နည်းစနစ်ကို ရဲရှောင်ပင် တစ်ခါမျှ မမြင်တွေ့မိခဲ့ဖူးချေ။
တတိယအချက် အနေဖြင့် အလွန်ကို လျို့ဝှက်ဆန်းကြယ်လှပြီး သူ၏ အတိတ်အကြောင်းကို မည်သည့်အခါမျှ ပြောဆိုဖူးခြင်း မရှိချေ။ စတုတ္ထအချက်အနေဖြင့် သူ၏ ကျင့်ကြံမှုအဆင့်နှင့် ပတ်သက်ပြီး ရဲရှောင်ပင် တိတိပပ မပြောနိုင်တာပါပင်။
ကမ္ဘာကြီးရှိ ပညာရှင်များတွင် ကျင့်ကြံမှုအဆင့်မျိုးစုံ ရှိနေပါသည်။ ယေဘူယျအားဖြင့် လူတစ်ယောက်သည် သူ၏ အစွမ်းကို ထုတ်မပြဘူး ဆိုပါက အဆင့်အတိအကျသိရှိရန် မလွယ်ကူလှချေ။ ထုတ်ဖော်ပြမှသာ အားအင်အစစ်အမှန်ကို မြင်တွေ့နိုင်မည် ဖြစ်ပါသည်။
ဒါ့အပြင် မိမိ၏ အဆင့်အနေအထားကို သိုသိုသိပ်သိပ် နေထိုင်တတ်ကြသည့် ပညာရှင်များလည်း ရှိနေပါသေးသည်။
ထိုကဲ့သို့ သိုသိုသိပ်သိပ် နေထိုင်နိုင်သည့် ပညာရှင်များ ကျင့်ကြံသော ကျင့်စဉ်သည် သိပ်ပြီး ထိရောက်မှု မရှိနိုင်ဟု ပြောရမည် ဖြစ်သော်လည်း ရန်သူများအား စိတ်ရှုပ်ထွေးအောင်လုပ်ခြင်း၊ နှောင့်ယှက်ခြင်းများတွင် များစွာ အသုံးဝင်နိုင်ပါသည်။
လူတစ်ယောက်မှ ထိုကဲ့သို့ ကျင့်စဉ်များကိုသာ ကျင့်ကြံမည် ဆိုပါက သူ၏ စွမ်းအင်ကို ဖုံးကွယ် ထားနိုင်မည်ဖြစ်ပြီး အားအင်ကိုလည်း အခြေအနေတစ်ခုအထိ ထိန်းချုပ်ထားနိုင်မည် ဖြစ်ပါသည်။ မိမိ၏ အစွမ်းအစစ်အမှန်ကို ရန်သူဘက်မှ အတိအကျ သိရှိနိုင်မည် မဟုတ်သဖြင့် တိုက်ပွဲတွင် ရန်သူ၏ အံ့အား သင့်မှုကိုလည်း ခံရမည် ဖြစ်ပါသည်။ တစ်ခါတရံ တိုက်ပွဲများ၏ အရှုံးအနိုင် ရလဒ်အား ချက်ချင်းလက်ငင်း ကို ပြောင်းလဲသွားစေနိုင်မှာလည်း ဖြစ်လေ၏။
အချို့သော ပညာရှင်ကြီးများသာ တိုက်ခိုက်မှု မစတင်ခင် တစ်ဖက်လူ၏ အားအင် အနေအထား ကို ခန့်မှန်းသိရှိနိုင်တာဖြစ်ပါသည်။ ရှောင်ဧကရာဇ်သည်လည်း ထိုကဲ့သို့ သိမြင်နိုင်စွမ်း ရှိလေ၏။ တစ်ဖက် ရန်သူမှ သူ၏ စွမ်းအင် အစစ်အမှန်ကို မည်မျှပင် ဖုံးကွယ် ထိန်းချုပ်ထားပါစေ ထိုသူသည် ရှောင်ဧကရာဇ် ထက် အဆင့်နိမ့်သည် ဆိုသည်နှင့် အကြည့်တစ်ချက်နဲ့တင် ခန့်မှန်းသိရှိနိုင်တာ ဖြစ်ပါသည်။
သို့သော်လည်း ယခုအိမ်တော်ထိန်းကြီး၏ ကျင့်စဉ်အဆင့်ကိုတော့ ရှောင်ဧကရာဇ် မမြင်နိုင် ဖြစ်နေရလေသည်။
သူ့အနေဖြင့် ယခင်ဘ၀ကဲ့သို့ ဉာဏ်ရည် ရှိသည် ဆိုသော်လည်း အိမ်တော်ထိန်း၏ အသေးစိတ် အချက်အလက်များကို ခြုံငုံ၍ မသိနိုင် ဖြစ်နေလေသည်။ တစ်ခုတည်းသော ဖြစ်နိုင်ချေကတော့ အိမ်တော်ထိန်းမှာ ရဲရှောင်ထက် အဆင့်မြင့်နေသေး၍သာ ဖြစ်နိုင်ပါတော့သည်။
ဒါ့အပြင် လက်ရှိ ရဲရှောင်သည်လည်း မြေကြီးအဆင့် ၃ သာ ရောက်ရှိသေးသဖြင့် ကျင့်ကြံမှု အဆင့်နိမ့်သေးသည်ဟု ဆိုနိုင်ပါသည်။
“ဟုတ်တယ် . . .”
အိမ်တော်ထိန်းကြီး တစ်ခွက်ပြီးတစ်ခွက် သောက်နေရင်းဖြင့် ပြန်ပြောလိုက်သည်။ သူ၏ ခွက်ကိုတော့ လက်ကပင် မချတော့ချေ။
“ဘုရင်ကတော့ တော်တော်ကြီး ခေါင်းကိုက်ခဲ့မယ်ထင်တယ် . . . မင်းသားတွေကြားက ထီးနန်း တိုက်ပွဲက လေလံပွဲအတွင်းမှာပဲ ဖြစ်ခဲ့ပုံပဲ၊ ဒါပေမဲ့ ဘုရင်ကတော့ ဘာမှ မလုပ်နိုင်ဘူးလေ”
“ဟုတ်လား . . . ပြောစမ်းပါဦးဗျ . . .”
ရဲရှောင်လည်း အိမ်တော်ထိန်းအား ဆက်လက်ပြောဆိုစေလိုက်သည်။
ယခုကိစ္စအား အရင်က တစ်ခါမျှကို မကြားခဲ့ဖူးချေ။
ရဲရှောင်မှာ အတွေ့အကြုံများစွာရှိသည့် လူတစ်ဦး ဖြစ်သော်လည်း မော်တယ်ကမ္ဘာ၏ တော်ဝင် မျိုးနွယ်စုအကြောင်းကိုတော့ ဂဂဃဃ မသိပါချေ။ နိုင်ငံရေးနှင့် ပတ်သက်၍ ဘာမှမသိဘူး ဆိုလျှင် ပို၍ပင် မှန်ပါလိမ့်မည်။ ထိုကဲ့သို့ ဖြစ်ခြင်းမှာ သူယခင်က ဖြတ်သန်းခဲ့သည့် ဘ၀မှာ မော်တယ်ကမ္ဘာနှင့် မတူ၍သာ ဖြစ်ပါတော့သည်။
“ဘုရင်က အိမ်ရှေ့မင်းသားကို အမြဲတမ်းထောက်ပံ့မှုပေးနေပေမဲ့ နောက်ကွယ်ကနေကျ ဒုတိယနဲ့ တတိယကို အမြဲတမ်း မြောက်မြောက်ပေးတယ်။ ဒါပေမဲ့လည်း သူတို့တွေ ဘယ်လိုပဲလုပ်လုပ် သေချာတာ ကတော့ ဘယ်လိုမှ အိမ်ရှေ့မင်းသားထက် အာဏာပိုမကြီးနိုင်ဘူး၊ ဓားသွေးကျောက်က ဓားသွေးကျောက်ပဲ ဘယ်တော့မှ ဓားဖြစ်လာမှာ မဟုတ်ဘူးလေ။ ဓားသွေးကျောက်ဆိုတာက ဓားကို သွေးပေးဖို့ဖြစ်လာတာ အဲဒီလိုပဲ အိမ်ရှေ့မင်းသား ပိုပိုပြီး အာဏာရလာအောင် ဟို ၂ ယောက်က လုပ်ပေးနေသလို ဖြစ်နေတာ . . .”
“ဘုရင်က တခြားမင်းသားတွေ အပေါ်မှာ မျှော်လင့်ချက် ထားပြီး မင်းသားတွေ ကိုယ်တိုင်တောင် သူတို့တွေ ထီးနန်းကို ရလိမ့်မယ်လို့ အထင်ရောက်စေခဲ့ပေမဲ့ ဘယ်တော့မှ ရလာမှာ မဟုတ်ဘူး။ ဒီထီးနန်း အိမ်ရှေ့မင်းသားအတွက် ဆိုတာက သေချာပေါက်ပဲလေ . . .”
“ဒါကတော့ ဘုရင့်နိုင်ငံတွေရဲ့ နိုင်ငံရေးစနစ်သဘောပဲ . . .”
အိမ်တော်ထိန်း ပြုံးလျက် ပြောလိုက်သည်။
“နိုင်ငံရေးစနစ် . . .”
ရဲရှောင် ရေရွတ်လိုက်မိသည်။
“ဘုရင်က ဉာဏ်အမျှော်အမြင်ကြီးပြီးတော့ ပွင်းလင်းတဲ့ အမြင်ရှိတယ်။ ဒီအချက်က ငြင်းမရတဲ့ အချက်ပဲ . . . ဒါပေမဲ့ သူက မကျန်းမမာ ဖြစ်ဖြစ်နေတယ်လေ။ ဒီအချက်ကတော့ သူ့ရဲ့ အစီအစဉ်တွေရဲ့ အဓိက အားနည်းချက်လို့ ဆိုနိုင်တယ်။ သူဟာ အရင်တုန်းက ဘုရင် ၈ ပါးကို စစ်ပွဲအတွင်း အနိုင်ယူနိုင် ခဲ့တဲ့ လူစွမ်းကောင်း တစ်ယောက် ဆိုပေမဲ့ အိမ်ရှေ့မင်းသားဟာလည်း ပါရမီရှင်တစ်ယောက်ပဲ။ သူ့မှာ လိုနေတာဆိုလို့ အတွေ့အကြုံလေးပဲ နည်းနည်းလိုနေတာ။ သူ့အနေနဲ့ သူရမဲ့ အမွေကို စောင့်ရှောက်ဖို့ရန် က လွယ်တယ်။ ဒါပေမဲ့ ဘုရင်ကြီးရဲ့ အစီအစဉ်တွေဖြစ်တဲ့ နယ်မြေတွေကို ချဲ့ထွင်ပြီး ကမ္ဘာကြီးကို သိမ်းပိုက်နိုင်ဖို့ကြတော့ လုံးဝကို မဖြစ်နိုင်တဲ့ ကိစ္စပဲ . . .”
“အဲဒါကြောင့် အိမ်ရှေ့မင်းသားကို လက်သွေးပေးဖို့အတွက် ကျန်တဲ့ မင်းသား ၂ ပါးကို မြောက်ပေးပြီး ဆန့်ကျင်စေခဲ့တယ်။ အဲဒီလို ဆန့်ကျင်မှုတွေကို အိမ်ရှေ့မင်းသား ကြုံလာရရင် မင်းသားဘက်ကနေ ပိုပြီး ကြိုးကြိုးစားစားနဲ့ အစွမ်းအစ ရှိသွားဖို့ ဘုရင်ကြီးက မျှော်လင့်ထားတာပဲ။ ဒါပေမဲ့ ဘုရင်ကြီးကတော့ ဓားသွေးကျောက်ကလည်း ဓားကို မဖျက်ဆီးမိအောင် ဓားကလည်း ဓားသွေးကျောက်တွေကို အကုန်စားမသွားအောင် အမြဲတမ်းချိန်ညှိနေရတာပေါ့။ ဒီမျှခြေကို ဘုရင်ကြီး အမြဲတမ်း ဂရုစိုက်ရတယ်လေ . . .”
ရဲရှောင် ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်သည်။
သမိုင်းအစဉ်အလာများအရ ယခုကိစ္စများသည် ဘုရင်များ ပြုမူလုပ်ဆောင်လေ့ ရှိကြသည့် ကိစ္စရပ် များပင် ဖြစ်လေ၏။
သို့သော်လည်း မျှခြေတစ်ခုကို ကောင်းစွာ ထိန်းချုပ်နိုင်သည့် လူအများအပြားတော့ မရှိသေးပါ ချေ။
ချန်နိုင်ငံတော်ကြီး၏ ဘုရင်ဖြစ်သူမှာတော့ အတော်အတန်ကို ဉာဏ်ပညာမြင့်မားသည့် လူတစ်ဦးဟု ဆိုနိုင်ပါသည်။
“ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ဘုရင်ကြီးရဲ့ မဟာစီမံကိန်းကြီးကို အနှောင့်အယှက် ဖြစ်စေခဲ့ တဲ့ မတော်တဆ ဖြစ်ရပ်တစ်ခု ရှိခဲ့တယ်။ မျှခြေကို ဖျက်ဆီးလိုက်တာပေါ့ . . . အဲဒါကတော့ အိမ်ရှေ့မင်း သားက မိန်းကလေး တစ်ယောက်နဲ့ ဆုံခဲ့တယ်လေ၊ အဲဒီကောင်မလေးနဲ့ မင်းသားတို့ဟာ မြင်မြင်ချင်းပဲ ချစ်မိသွားကြတယ်။ အဲဒီကောင်မလေးက မူမျိုးနွယ်ကပဲ၊ မူမျိုးနွယ် ဆိုတာကလည်း သိတဲ့အတိုင်းပဲ မျိုးနွယ်စုကြီး ၈ စုထဲက အင်အားကြီးတဲ့ မျိုးနွယ်စု တစ်ခုလေ။ ကောင်မလေးက မျိုးနွယ်စုခေါင်းဆောင်ရဲ့ သမီး မဟုတ်ဘူး ဆိုပေမဲ့ မူမျိုးနွယ်ရဲ့ ဒုတိယ အရေးကြီးဆုံး ပုဂ္ဂိုလ်ရဲ့ သမီးပဲ . . .”
“ဘုရင်က ချန်နိုင်ငံထဲ မျိုးနွယ်စုတွေနဲ့ ပတ်သက်ပြီး အမြဲတမ်း ကြိုတင်ကာကွယ်မှုတွေ လုပ်ထားခဲ့ တယ်။ မင်းသားကတော့ မိုက်မိုက်မဲမဲနဲ့ကို လက်ထပ်သွားတယ်။ ဒါပေမဲ့ ဘုရင်က ပေါ်ပေါ်ထင်ထင် ကန့်ကွက်တာမျိုးတော့ မလုပ်ခဲ့ဘူး၊ သူသာ တားမြစ်လိုက်ဆိုရင် သားအဖနှစ်ယောက်ရဲ့ ဆက်ဆံရေးက တင်းမာသွားမဲ့အပြင် မူမျိုးနွယ်နဲ့လည်း မျက်နှာချင်းဆိုင်လို့ အဆင်ပြေမှာ မဟုတ်တော့ဘူးလေ။ နောက်ပြီး မူမျိုးနွယ် ဆိုတာကလည်း မျိုးနွယ်စု ၈ စုထဲက တစ်စုမလား . . . ဘုရင်အနေနဲ့ ဒီတိုင်းကြီး သွားရင်ဆိုင်လို့ မရဘူးလေ . . .”
“ဘယ်လိုမှ ရွေးချယ်စရာ မရှိတော့တဲ့အဆုံးတော့ လက်ထပ်တာကို အသိအမှတ်ပြုလိုက်ပြီး ကောင်မလေးကိုလည်း အိမ်ရှေ့မင်းသားရဲ့ဇနီး မင်းသမီး ဖြစ်စေခဲ့တယ်။ နောက်တော့ အိမ်ရှေ့မင်းသား ရဲ့ သြဇာအာဏာလည်း ကျယ်ပြန့်လာခဲ့ပြီး ကျန်တဲ့ မင်းသား ၂ ယောက်ကတော့ နည်းနည်း နောက်ရောက်သွားခဲ့တာပေါ့ . . .”
“ဒါပေမဲ့ အဲဒီမင်းသား ၂ ပါးကလည်း ဒီအတိုင်းထိုင်ပြီး သေဖို့စောင့်နေမဲ့ လူတွေ မဟုတ်ဘူးလေ။ ထီးနန်းဆိုတာကြီးက လူတိုင်းမက်မောတဲ့ အရာမဟုတ်လား . . . သူတို့မှာက အနည်းငယ်လောက်ပဲ မျှော်လင့်ချက် ရှိတယ် ဆိုပေမဲ့ အဲဒီမျှော်လင့်ချက်နဲ့ပဲ အသက်ရှင်နေကြတဲ့သဘောလေ။ အိမ်ရှေ့မင်းသား လက်ထပ်လိုက်တဲ့ ကိစ္စက ရုတ်တရက် ဆိုသလို သူတို့ရဲ့ အင်အားကိုလည်း လျော့ကျသွားစေခဲ့တယ်။ ဒါပေမဲ့ အဲဒီကိစ္စဟာ မျိုးနွယ်စုကြီးတွေ အတွက်တော့ သူတို့ပါ နယ်ချဲ့လို့ ရတယ်ဆိုတာကို လမ်းညွှန်ပြသ ပေးလိုက်သလို ဖြစ်သွားခဲ့တယ်။ အဲဒါကြောင့် သူတို့ဟာ ချန်နိုင်ငံတော်ထဲက မျိုးနွယ်စုကြီး ၂ စုကို ရွေးချယ်ပြီး အဲဒီက သမီးတော် တစ်ယောက်ဆီကို ကမ်းလှမ်းမှုတွေ လုပ်လိုက်ကြတယ်။ မင်းသား ၃ ပါးနဲ့ ပတ်သက်ပြီးတော့ မျှခြေက ပြန်ပြီး တည်ငြိမ်သွားခဲ့တယ်ဆိုပေမဲ့ ခိုင်မြဲမဲ့ မျှခြေတစ်ခုတော့ မဟုတ်ဘူး ထိလွယ်ရှလွယ်တဲ့ အနေအထားမျိုးပဲ . . .”
“အရင်တုန်းက ဘုရင်ကြီးရဲ့ ထိန်းချုပ်မှုအောက်မှာ ဘယ်သူကမှ ချွန်ထွက်မလာဘဲ မျှခြေတစ်ခု အနေအထားနဲ့ ရှိခဲ့တယ် ဆိုပေမဲ့ အခုကျတော့ ဘုရင်ကြီးလည်း မထိန်းချုပ်နိုင်သလို ဖြစ်နေပြီ။ အဲဒါကြောင့် မျှခြေမဖြစ်တော့ဘဲ ကြီးမားတဲ့ ဘေးဒုက္ခတွေ ကျရောက်တော့မှာ . . .”
“တကယ်တော့ အရင်ကတည်းက မျိုးနွယ်စုကြီးတွေဆိုတာ ချမ်းသာကြွယ်ဝကြတယ်။ တော်ဝင်မျိုးနွယ်ရဲ့ အခွင့်အာဏာကိုသုံးပြီးတော့ ခြယ်လှယ်ချင်ကြတယ်။ အဲဒီအချိန်မှာပဲ ဘုရင့်သားတော် တွေက သူတို့ဂွင်ထဲ ၀င်လာတယ်လေ။ အဲဒါကြောင့် သူတို့ဟာ ပျော်ရွှင်သွားကြတာပေါ့၊ သူတို့ အမြဲတမ်း အိပ်မက်မက်နေတဲ့ အခြေအနေကို ရောက်လာပြီ မဟုတ်လား . . . သန့်ရှင်းတဲ့ ရေကန်ထဲကို လွှတ်ခြင်း ခံလိုက်ရတဲ့ ငါးလေးတွေလိုပဲပေါ့ သူတို့မှာ သမီးတွေ မရှိရင်တောင်မှ အမြန်စီစဉ်နိုင်တာပဲလေ။ နောက်ပြီး မျိုးနွယ်စုကြီးတွေက မိန်းကလေးတွေက လှမှလှပဲ . . .”
“အဲဒါကြောင့် မင်းသားကလည်း ဘုရင်ကြီးကို အခုချိန်မှာ စိတ်ပျက်နေပြီ၊ ဘာလို့လဲဆိုတော့ မျိုးနွယ်စုကြီးတွေက တော်ဝင်မျိုးနွယ်ထဲကို ပတ်သက်ဝင်ရောက် လာကြလို့ပဲ နောက်ပြီး ဘုရင်ကြီးမှာက သားက သုံးယောက်ပဲရှိတာ အခု သုံးယောက်လုံးကလည်း မျိုးနွယ်စုကြီးတွေနဲ့ အမျိုးတော်သွားကြပြီလေ”
“ဒီအဖြစ်အပျက်တွေကတော့ ဒီရက်ပိုင်းမှာ လူပြောများနေတာပဲ၊ အခုတော့ အားလုံး ငြိမ်းငြိမ်းချမ်းချမ်း ရှိနေကြတယ် . . .”
“ဘုရင်ကြီးက သူ့သားသုံးယောက်အတွက် တော်တော် အားစိုက်ထားတယ်။ အခု အခြေအနေ တွေ အကုန်လုံးကိုလည်း ပုံမှန်ပြန်ဖြစ်အောင် ကြိုးစားနေတယ်။ ဒါကဘာသဘောလဲဆိုတော့ အိမ်ရှေ့မင်းသားကတော့ နည်းနည်း ပိုပြီး အာဏာရှိမှာဖြစ်ပြီး ကျန် ၂ ယောက်ကတော့ နည်းနည်း အားနည်းနေတဲ့ သဘောပေါ့။ မင်းသား ၂ ပါး ပူးပေါင်းလိုက်မှသာ အိမ်ရှေ့မင်းသားကို ယှဉ်နိုင်မဲ့ သဘောရှိမယ်။ တကယ်ကို သိမ်မွေ့လှတဲ့ မျှခြေတစ်ခုပဲ . . . ဘုရင်ကြီးက စိတ်အေးလို့ သက်ပြင်း အနည်းငယ် ချနိုင်လိုက်တုန်းမှာပဲ ဗြုန်းစားကြီး လေလံပွဲက ဖြစ်လာရပြန်တယ်လေ . . .”
အိမ်တော်ထိန်းကြီးလည်း မရပ်မနား ရှင်းပြနေပါတော့သည် . . .။