Chapter – 65
“စိတ်နှစ်၍ကျင့်ကြံခြင်း”
သူဌေးဖြစ်သူမှာ ခေါင်းညိတ်လိုက်ပြီးနောက် –
“ဟုတ်တယ် . . . ဟုတ်တယ် . . .”
ထို့နောက်မှတော့ လေလံခန်းမ အတွင်းမှ ၀င်ရောက်သွားကြပါတော့သည်။
လျှောက်လာကြစဉ် အမည်းရောင်ဝတ်ရုံနှင့်လူမှ –
“မရဏကျောက်တုံးကို ဘယ်လောက်နဲ့ ရောင်းလိုက်တာလဲ . . .”
ကွမ်ဝမ်ရှန်မှ –
“၂ သိန်းခွဲနဲ့ပါ . . .”
“၂ သိန်းခွဲ ဟုတ်လား . . .”
၀တ်ရုံနက်နှင့်လူမှာ ဆွံ့အသွားသည်။ အလိုမကျသည့် မျက်နှာထားဖြင့် ဆက်လက်၍ –
“ရွှေ နဲ့လား . . .”
“အင်း မဟုတ်ပါဘူး ငွေစနဲ့ပါ . . .”
ကွမ်ဝမ်ရှန် ပြန်ပြောလိုက်သည်။
“အဟွတ် အဟွတ် အဟွတ် . . .”
၀တ်ရုံနက်နှင့်လူ အဆက်မပြတ် ချောင်းဆိုးသွားကာ မျက်နှာတစ်ခုလုံးလည်း ရဲရဲနီလျက် ရှိနေပါသည်။ ထိုကဲ့သို့ ချောင်းဆိုးပြီးနောက် ကျယ်လောင်စွာ ရယ်မောလိုက်ပြန်သည်။
၀မ်ဇန်းဟို၏ မျက်နှာ၀၀ကြီးမှာလည်း နီနေပါသည်။
“တော်တော် တော်ကြတာပဲ . . . တကယ်ကို အရမ်းတော်ကြတယ် . . .”
၀တ်ရုံနက်နှင့်လူမှ လက်မထောင်ပြလိုက်ပြီး ပြောလိုက်သည်။
“မော်တယ်ကမ္ဘာကြီး တစ်ခုလုံးကို ရောင်းစားပြီး ၀ယ်မယ် ဆိုရင်တောင် ဒီမရဏ ကျောက်တုံး တ၀က် ရမှာ မဟုတ်ဘူး . . . မင်းတို့ကတော့ ၂ သိန်းခွဲနဲ့ ရောင်းလိုက်တယ်တဲ့လား။ ၀မ်ဇန်းဟို . . . ဒီစကြာဝဠာကြီး တစ်ခုလုံးမှာ ခင်ဗျားက အသုံးမကျဆုံး လူတစ်ယောက်ဘဲ . . .”
၀မ်ဇန်းဟို အစော်ကား ခံလိုက်ရသလို ခံစားလိုက်ရသည်။ မျက်နှာတစ်ခုလုံးလည်း ရဲရဲနီသွားလေ၏။ ခေါင်းငုံ့နေရုံမှလွဲ၍ ဘာမှ မလုပ်နိုင်ပါတော့ချေ။
သို့သော်လည်း ၀တ်ရုံနက်နှင့် လူကတော့ သိပ်ပြီး ကျေနပ်သေးဟန် မရှိပေ။
“ဒီလို အတွေးက တကယ်ကို ရွှေချထားချင်စရာ ကောင်းလွန်းတယ် . . .”
ထို့နောက် သက်ပြင်းတစ်ချက် ချလိုက်ရင်း ဆက်လက်၍ –
“ဒါက တကယ်ကို ရင်နာစရာပဲ ဟူး . . .”
နောက်မှ လှေကားလိုက်တက်လာသည့် ကွမ်ဝမ်ရှန်မှာ ထိုကဲ့သို့ အချီအချ ပြောနေသံများကို ကြားနေရလေ၏။ လှေကားထစ်တွင် ခြေပစ်လက်ပစ် လေးလေးပင်ပင်ကို ထိုင်ချလိုက်ပြီး –
(ငါဘာတွေ ကြားနေတာပါလိမ့် . . . နားကြားမှားတာများလား။ ငါ့နားတွေ ကောင်းရော ကောင်း သေးရဲ့လား မသိဘူး။ ဒါမှမဟုတ် ငါအိပ်မက်မက်နေတာများလား . . .)
. . .
ရဲရှောင်မှာတော့ လေလံခန်းမမှ သူ့ကို စောင့်ဆိုင်းနေမည်ကို မသိရှိချေ။ ထောင်ချောက်လိုမျိုး တစ်ခုခု ဆင်ထားမှာလည်း သေချာသလောက်ပင် ဖြစ်လေသည်။ သူ့ကိစ္စများ အားလုံး ပြီးပြတ်သွားမှသာ လေလံခန်းမသို့ ငွေများသွားပြန်ယူမည်ဟု တွေးထားတာ ဖြစ်၏။
ယခုအခါ ရဲရှောင်သည် အရူးအမူးကို ကျင့်ကြံမှုများ ပြုလုပ်နေသည်။ သူ၏ အစွမ်းများ တိုးတက် ဖို့သာ အရေးကြီးဆုံး မဟုတ်ပါလား။
အားလပ်ချိန်များမှာလည်း ဗဟုသုတ ရဖွယ်ရာများကို လေ့လာသူ တစ်ဦးပါ။
သူ၏ မှတ်နိုင်စွမ်းမှာ တော်ရုံတော့ မဟုတ်ချေ။
ထိုကဲ့သို့ အပတ်တကုတ် ကြိုးစားရသည့် နောက်ထပ် အကြောင်းပြချက်တစ်ခု ရှိနေသေး၏။ သိပ်မကြာသေးခင် အချိန်တုန်းက သူတစုံတစ်ခုကို သဘောပေါက်ခဲ့သည်။ ကောင်းသည်ဆိုးသည်ကို တော့ သူမသိချေ။
ထိုကဲ့သို့ တစုံတစ်ခုကြောင့် သူပို၍ ကြိုးစားနေရခြင်း ဖြစ်လေ၏။
အဘယ်ကြောင့်ဆိုသော် . . .
ကောင်းကင်ဟင်းလင်းပြင်အတွင်း မကြာသေးခင်ကမှ ရောက်ရှိနေသည့် မရဏကျောက်တုံးမှာ အတော်ကြီးကို အစွမ်းထက်လှသည်။ ကျောက်တုံးမှ ထွက်နေသည့် အေးစက်သည့် ချီဓာတ်များသည် သိပ်သည်းသထက် သိပ်သည်းလာကာ ပျက်စီးလွင့်ပြယ်သွားခြင်းမျိုး မရှိချေ။ တခြားသော ဟင်းလင်းပြင် များထက်ကို ပို၍ အစွမ်းထက်နေပါတော့သည်။
ဟင်းလင်းပြင်ကိုးခုသည် သူ့သဘာဝနှင့်သူ သီးခြား ရပ်တည်နေကြသည်။ တစ်ခု၏ လိုအပ်ချက်ကို တစ်ခုက ဖြည့်တင်းပေးနေပြီး မျှခြေတစ်ခုအဖြစ် တည်ရှိနေလေ၏။ သို့သော်လည်း အားလုံးထဲမှ တစ်ခုသည် အခြားအရာများထက် များစွာ သာလွန် အစွမ်းထက်နေမည် ဆိုပါက ကျန်သော ဟင်းလင်းပြင် ၈ ခုထက်ကို ပိုသွားသည် ဖြစ်၍ မျှခြေအဖြစ် ရှိမနေတော့ချေ။ ယခုဖြစ်နေသည်မှာ ထိုအတိုင်းပါပင်။ ကောင်းကင်ဟင်းလင်းပြင်သည် ကျန်ရှိသော ဟင်းလင်းပြင်များထက် များစွာ အစွမ်းထက်နေသဖြင့် ဟင်းလင်းပြင်များ၏ မျှခြေကို ဖျက်ဆီးသို ဖြစ်သွားလေတော့၏။
တခြားသော ဟင်းလင်းပြင်များမှာ ဖိနှိပ်မှု ခံနေကြရသလို ရဲရှောင် ခံစားမိနေပါတော့သည်။
မရဏကျောက်တုံးမှ ထွက်သည့် အေးစက်သော ချီဓာတ်များ၏ စွမ်းအားကို ကျန်သော ဟင်းလင်းပြင် ၈ ခု ခံနိုင်ရည် မရှိကြတော့ပေ။
ထိုကဲ့သို့ အခြေအနေသာ ဆက်လက် ဖြစ်ပေါ်နေမည် ဆိုပါက ကောင်းကင်ဟင်းလင်းပြင်သာ အစွမ်းထက်ဆုံးအဖြစ် ရှိနေမည်ဖြစ်ကာ ကျန်ရှိသည့် ဟင်းလင်းပြင်များမှာ မခံနိုင်ကြတော့ဘဲ မျှခြေကြီး တစ်ခုလုံးအား လုံးဝ ပျက်ဆီးသွားစေမည် ဖြစ်၏။ ထိုအခါ ရလဒ်တစ်ခုသာ ထွက်ပေါ်လာနိုင်ပေမည်။ အေးစက်သည့် ဓာတ်ရှိသည့် ကောင်းကင်ဟင်းလင်းပြင်မှ ကျန်သော ဟင်းလင်းပြင်များကို စုပ်ယူသွားစေ မည့် အခြေအနေမျိုးပင် ဖြစ်သည်။
(မင်းဟာမင်း ဘယ်လောက်ပဲ အစွမ်းထက်ထက် . . . မရဏကျောက်တုံးက ရေခဲချီဓာတ်ပဲဟာ။ ငါမင်းကို ဟင်းလင်းပြင်ထဲကနေ အပြင်ဘက်ကို ရောက်အောင် လုပ်ပစ်မယ်။ အဲဒါဆိုရင် မင်းလည်း ငါ့ရဲ့ ဟင်းလင်းပြင်တွေကို ထပ်ပြီး ဖျက်ဆီးနိုင်တော့မှာ မဟုတ်ဘူး . . .)
သူ၏ နှစ်ဘ၀စာ အတွေ့အကြုံများအရ အရာရာကို ကောင်းစွာ နှံ့နှံ့စပ်စပ် သိမြင်နေသည်။ ရှေးဦးခရမ်းရောင်ချီဓာတ်ကျင့်စဉ်မှာ ကောင်းကင်နှင့် မြေကြီး၏ သဘာဝတရားဖြင့် ဖန်တီးထားသော အံ့သြဖွယ်ရာ ကျင့်စဉ်တစ်ခုဖြစ်သည်။ သို့သော်လည်း ယခုအချိန်မှာတော့ ရဲရှောင်မှာ ကျင့်ကြံမှု အပိုင်းတွင် အလှမ်းဝေးနေပါသေးသည်။ မရဏကျောက်တုံးမှ ထွက်သည့် အေးစက်သော ချီဓာတ်များကို သူခံနိုင်မခံနိုင်ဆိုတာ သိပ်ပြီးတော့ မသေချာသေးပါချေ။
ကျန်ရှိသည့် ဟင်းလင်းပြင် ၈ ခုမှ အတူတကွ ဆန့်ကျင်တိုက်ထုတ်ခြင်း မပြုနိုင်သော ဖော်မပြနိုင်သည့် စွမ်းအားတချို့ ရှိနေပါသည်။ ဒါ့အပြင် ရှေးဦးခရမ်းရောင်ချီဓာတ်မှာ အလွန်ကို အစွမ်းထက်လှပြီး ရေခဲချီဓာတ်အား ခံနိုင်ရည် ရှိပါသည်။ ထိုကဲ့သို့ ရှေးဦးခရမ်းရောင်ချီဓာတ်ကို ထုတ်နေသည့် အချိန်တွင် သူ့ခန္ဓာကိုယ်မှ သက်ရောက်မှု အနည်းငယ်ကို ခံနိ်ုင်ရည်ရှိရန် လိုပါသည်။ လက်ရှိ သူ့ခန္ဓာကိုယ် အနေအထားအရ ထိုကဲ့သို့ သက်ရောက်မှုမျိုးကို ခံနိုင်မလား ဆိုတာကတော့ . . .
သို့သော်လည်း ရဲရှောင် ထိုအတွေးများ အားလုံးကို ဘေးချိတ်ထားလိုက်သည်။ လက်ရှိတွင် စွန့်စားမှု ပြုလုပ်ရန်သာ ရှိပေတော့သည်။
တကယ်တော့ ရေခဲချီဓာတ်ကို ထုတ်လိုက်သည့် အချိန်မှာပင် ချောချောမွေ့မွေ့ အဆင်ပြေပြေ ဖြစ်နေသည်ကို သူခံစားလိုက်ရသည်။
ပိုမို၍ ရဲရှောင် အံ့သြလာမိပြီး ပါးစပ်အဟောင်းသားပင် ဖြစ်နေလေတော့၏။
ရှေးဦးခရမ်းရောင်ချီဓာတ်များသည် အလွန်ကို ထူးဆန်း၍ ကောင်းမွန်လှပါသည်။ အစွမ်းထက် ရေခဲချီဓာတ်များသည် လွှမ်းမိုးနိုင်ခြင်း မရှိပါချေ။ ရဲရှောင် ရေခဲချီဓာတ်များအား ထုတ်ယူကာ သူ၏ အသွေးများအသားများအတွင်းသို့ ကူးပြောင်းလိုက်စဉ်တွင် တစ်ခုခုကို သူသဘောပေါက်လိုက်မိသည်။
(ဘာလဲဟ . . . ငါ့ရဲ့ အပြာရောင်ရေခဲချီဓာတ်တွေက ဘယ်လိုဖြစ်ပြီး တိုးတက်လာရတာလဲ။ တိုးတက်မှုက နည်းနည်းလေး မသိသာဘူး ဆိုပေမဲ့ တကယ်ကို တိုးတက်လာခဲ့တာပဲ . . .
သတင်းကောင်းလို့တော့ ပြောလို့ရမယ် ထင်ပါရဲ့ . . .)
ထိုကဲ့သို့ အံ့သြနေရင်းဖြင့် ရဲရှောင် ရေခဲချီဓာတ်များကို ပိုမို၍ ထုတ်လွှတ်လိုက်ပြီး ထပ်မံ စမ်းသပ်ကြည့်ရန် ကြိုးစားလိုက်သည်။
မမျှော်လင့်စွာပင် ပြောင်းလဲမှုအချို့ ဖြစ်ပေါ်သွားလေ၏။
ရဲရှောင် ရေခဲချီဓာတ်များမှ ထွက်ပေါ်လာသည့် အသံများကို ကြားနေရသည်။
ရဲရှောင်၏ မူလ စိတ်ကူးမှာ တခြားသော ဟင်းလင်းပြင် ၈ ခုအား ဖိအား ပေးရန် ဖြစ်သည်။ အေးစက်သော ရေခဲချီဓာတ်များအား ဖြည်းဖြည်းနှင့်မှန်မှန် ထုတ်ယူရန် ကြိုးစားနေပြီး သို့သော်လည်း တခြားသော ဟင်းလင်းပြင် ၈ ခုမှာ ကောင်းကင် ဟင်းလင်းပြင်၏ ဖိနှိပ်မှုကို ခံစားရသောကြောင့် အားအင်များ ကုန်ခမ်းသလို ဖြစ်နေလေ၏။
ရဲရှောင် သူ့ကိုယ်သူ သေကြောင်းကြံသလိုပင် ဖြစ်သွားလေ၏။ နှစ်ပေါင်းတစ်သောင်းလောက် သက်တမ်းရှိသည့် ရေခဲဂူတစ်ဂူအတွင်းသို့ ကျရောက်သွားသလို ခံစားလိုက်ရပြီး တကိုယ်လုံး အေးခဲသွားသလို ခံစားလိုက်ရသည်။
သို့သော် ထိုကဲ့သို့ အလွန်အမင်း အေးစက်သော အခြေအနေတွင် သူ၏ ရှေးဦးခရမ်းရောင် ချီဓာတ်များမှာ ပိုမို၍ အသက်ဝင်လှုပ်ရှားမှု ရှိလာသည်ကို ရုတ်တရက် သဘောပေါက်သွား၏။
သူ၏ အသွေးအသားများသည် အလိုလို လှုပ်ရှားလာသလို ခံစားလိုက်ရသည်။
မရဏကျောက်တုံးမှ ထွက်ပေါ်သည့် အေးစက်သော ချီဓာတ်များသည် သူ၏ အပြာရောင်ရေခဲချီ ဓာတ် ကျင့်ကြံမှုအား အတော်ကြီးကို တိုးတက်စေခဲ့သည်။
ရဲရှောင် သဘောပေါက်လာမိသောအခါ အတော်ကို ပျော်ရွှင်သွားမိ၏။ အစာမစား ရေသောက်ခြင်း မရှိဘဲ အရူးအမူးကို ကျင့်ကြံမှုများ ပြုလုပ်ကာ ထိုင်ရာကပင် မထတော့ချေ။ ထိုကဲ့သို့ ကျင့်ကြံမှုများ ပြုလုပ်ရန်အတွက်ပင် စစ်သူကြီးရဲ၏ အိမ်ရှိ စောင့်ကြည့်မျှော်စင်ကြီးရှိရာ နေရာကို ရွေးချယ်ထားလေ၏။
အဘယ်ကြောင့်ဆိုသော် စစ်သူကြီးရဲ၏ အိမ်တွင် သစ်ပင်ဝါးပင်ဟာ မရှိသလောက်ကို ရှားပါးလှ ပါတယ်။ မျှော်စင်၏ ထိပ်သည် နေနှင့် အနီးဆုံးပင် ဖြစ်လေ၏။
သူဒီရက်ပိုင်းအတွင်း မျှော်စင်တွင် စောင့်ကြပ်နေမည် ဖြစ်ကြောင်းကိုလည်း သတင်းပေးထား ပါသည်။
တခြားလူများမှ သူ့ကို မှတ်မိခြင်း မရှိစေရန်အတွက် အစောင့်များ ၀တ်ဆင်သော အ၀တ်အစားများကို လဲလှယ်ဝတ်ဆင်ကာ မျှော်စင်ထက်တွင် တင်ပျဉ်ခွေ ထိုင်နေလျက် ရှိ၏။
နေ့ခင်းဘက်တွင် နေရောင်ခြည်၏ စွမ်းအင်များကို စုပ်ယူပြီး ညအချိန်တွင် လရောင်၏ အစွမ်းကို စုပ်ယူနေလေ၏။
နေ့နေ့ညည လုံးဝ အနားယူခြင်း မရှိဘဲ ဆက်တိုက်ကို လေ့ကျင့်နေပါသည်။
ရက်အနည်းငယ် ကြာသောအခါ ချန်ရှင်းမြို့တော်ရှိ လူများသည် နေရောင်ခြည်မှ အပူဓာတ် လျော့နည်းနေသည်ကို ခံစားမိလိုက်ကြသည်။
ယင်နှင့် ယန် စွမ်းအားတို့သည် တစ်ခုနှင့်တစ်ခု အမှီသဟဲ ပြုနေကြ၏။
အေးစက်သော ချီဓာတ်များ၏ လွှမ်းမိုးမှုနှင့် ရဲရှောင်၏ နေရောင်ခြည် စွမ်းအင်ကို စုပ်ယူမှု တို့ကြောင့် ရှေးဦးခရမ်းရောင်ချီဓာတ်များမှာ ပုံမှန်ထက် လွန်ကဲသော အခြေအနေသို့ ရောက်ရှိခဲ့သည်။
ဟင်းလင်းပြင်များအတွင်းရှိ အေးစက်သော ချီဓာတ်များသည် သူ၏ အသွေးအသားများအတွင်း အရှိန်အဟုန်ပြင်းစွာ ၀င်ရောက်ကာ ကမ္ဘာကြီးရှိ ယန်ချီဓာတ်များပင် ၀င်ရောက်လာကြလေ၏။
သာမန်အားဖြင့် အပြာရောင်ရေခဲချီဓာတ်ကျင့်စဉ်ကို လေ့ကျင့်သောအခါ ယန်ချီဓာတ်များအား ခန္ဓာကိုယ်အတွင်းသို့ စုပ်ယူရန် လိုအပ်ပြီး ထိုချီဓာတ်များကိုမှ ကျင့်စဉ်များမှတဆင့် အသွင်ပြောင်းရတာ ဖြစ်ပါသည်။ သို့သော်လည်း ယခုအခါမှာတော့ ထိုကဲ့သို့လုပ်ရန် မလိုအပ်တော့ချေ။
ယခုအခါ အဆိုပါ အဆင့်များကို လုပ်စရာ မလိုဘဲ ယန်ချီဓာတ်များကိုသာ စုပ်ယူ၍ အေးစက်သော ချီဓာတ်များကို ဆန့်ကျင်စေပါသည်။ ထို့ကြောင့်ပင် သူ၏ ကျင့်ကြံမှုနှုန်းမှာ အတော်ကို မြန်ဆန်ခဲ့ရလေ၏။
ယင်ချီဓာတ်များ တိုးပွားလာသည်နှင့်အတူ ယန်ချီများလည်း တချိန်တည်းမှာပဲ တိုးပွားလာခြင်း ဖြစ်သည်။ ရှေးဦးခရမ်းရောင်ချီဓာတ်များနှင့် ယင်ယန်ဓာတ်တို့မှာ ဓာတ်မတည့်ခြင်းမျိုးလည်း မဖြစ်ကြပေ။ အပြာရောင်ရေခဲချီဓာတ်များ လျင်မြန်စွာ တိုးတက်လာသည်နှင့်အတူ ယန်စွမ်းအားများသည်လည်း တိုးတက်လာလေ၏။ ထိုကဲ့သို့ ယန်စွမ်းအား တိုးလာသောအခါ ယင်စွမ်းအားများပါ လိုက်တိုးသွားခြင်း ဖြစ်လေတော့၏။
ရဲရှောင်ဟင်းလင်းပြင်ကြီးများ အတွင်းသို့ ၀င်ရောက်ပြီး ဟင်းလင်းပြင်ကိုးခုကို မတည်ငြိမ်သော အခြေအနေမှ ပုံမှန်တည်ငြိမ်သော အခြေအနေသို့ ပြန်လည်ရောက်ရှိအောင် ပြုလုပ်ချိန်မှာ တစ်ရက်သာ ကြာမြင့်ခဲ့သည်။
သူ့ခန္ဓာကိုယ်အတွင်း အေးစက်သော ချီဓာတ်များ စီးဆင်းလျက် ရှိနေသည်ကိုလည်း ခံစားနေရသည်။
ကျင့်စဉ်များ လည်ပတ်ခြင်းမှာ တဖြည်းဖြည်းဖြင့် မြန်ဆန်လာသည်။
“ဘုန်း . . .”
သူ့တကိုယ်လုံး အမှုန်လေးတစ်မှုန်ကဲ့သို့ လွတ်လပ်ပေါ့ပါးသွားသလို ခံစားလိုက်ရသည်။ မြေကြီးအဆင့် ၂ သို့ ရောက်ရှိသွားခြင်း ဖြစ်လေ၏။
ထိုအချိန် သူ၏ သွေးကြောများရှိ နောက်ထပ် အကြောတစ်ခု ပွင့်လာသည်ကို ခံစားလိုက်ရပြန် သည်။ ဒုတိယမြောက် သွေးကြောပွင့်ပြီးနောက် တတိယမြောက် သွေးကြော ပွင့်လာခြင်းပင် ဖြစ်၏။
“ဘုန်း . . .”
မြေကြီးအဆင့် ၃ . . .
အဆင့် ၃ သို့ ရောက်သောအခါ တိုးတက်လာမှုနှုန်းသည်လည်း နှေးသွားလေ၏။
ရဲရှောင်မှာ ကျင့်ကြံမှုအပေါ်တွင်သာ လုံးဝ အာရုံစိုက်ထားလေ၏။ တခြားဘာကိုမျှ ဂရုစိုက်မနေ တော့ချေ။
စစ်သူကြီးရဲ၏ အိမ်အတွင်း အိမ်တော်ထိန်းဖြစ်သူမှာ နေရောင်ခြည်အတွင်း မတ်တတ်ရပ်ရင်း လက်ကို နောက်ပစ်လျက် ရှိနေလေ၏။ မျှော်စင်ထက်မှ သခင်လေးရဲအား ကျေနပ်အားရဟန်ဖြင့် ကြည့်နေသည်။
(သခင်လေးက ဉာဏ်ကောင်းလာပြီး ကျင့်စဉ်တွေအပေါ် စိတ်ဝင်စားရုံတင် မကဘူး အနည်းဆုံးတော့ အလုပ်တစ်ခုကို ကြိုးကြိုးစားစား လုပ်ရမယ် ဆိုတာကို သိသွားပုံပဲ။ ဒါက တကယ်ကို ကောင်းတဲ့ လက္ခဏာတစ်ခုပဲ။
သူ့အဖေဖြစ်စေချင်တဲ့ မင်းမှုထမ်းတစ်ယောက် ဖြစ်မလာဘူး ဆိုပေမဲ့ ကျင့်ကြံမှုတွေမှာ ကြိုးကြိုး စားစား လုပ်တဲ့အတွက် နောက်ပိုင်းမှာ အောင်မြင်တဲ့လူတစ်ယောက် ဖြစ်လာနိုင်တယ်။
ဒါကိုသာ စစ်သူကြီး သိမယ်ဆိုရင် သူလည်း တော်တော် ကျေနပ်လိမ့်မယ် . . .)
. . .
ချန်ရှင်းမြို့တော်အတွင်းရှိ လူများအဖို့ ယခုနှစ် နွေရာသီသည် သက်တောင့်သက်သာ ရှိလှ၏။
အများအားဖြင့် နွေရောက်သည်နှင့် ပူပြင်းမှုကို ခံစားကြရပြီး လူတိုင်း မီးဖိုတစ်ခုအတွင်း ပိတ်လှောင်ခံထားရသလို ခံစားခဲ့ကြရသည်။
သို့သော်လည်း ယခုနှစ်တွင်မူ ရာသီဥတုသည် ပူလည်းမပူ အေးလည်းမအေး အတော်ကြီးကို နေလို့ ကောင်းနေကြလေ၏။
အဆိုပါ အပူစွမ်းအင်သည် ရှေးဦးခရမ်းရောင်ချီဓာတ်များကြောင့် ပုံစံပြောင်းလဲသွားသည်ကို မည်သူမျှ မသိကြချေ။
ထိုကဲ့သို့ အခြေအနေသည် ဆယ်ရက်လောက် ဆက်တိုက်ကို ဖြစ်နေပြီဖြစ်၏။
ရဲရှောင်မှာ အရူးအမူးဖြင့် နေ့နေ့ညည အနားယူခြင်းမရှိဘဲ ကျင့်ကြံမှုများ ပြုလုပ်နေတာပဲ ဖြစ်ပါတော့သည် . . .။