အခန်း (၅၁၀) ကောင်းကင်မိစ္ဆာ ကျူးကျော်မှု
ဟန်ကျွယ် ဆက်တွက်ဖို့ ရွေးချယ်လိုက်တာနဲ့ ပုံရိပ်ယောင်ထဲ ဝင်သွားပါတယ်။
ဧကရီဟုတ်ထိုက နွေဦးမြစ်ဘေးမှာ မတ်တတ်ရပ်နေပြီး သူ့နောက်မှာတော့ ရန်ထျန်တုန်းဟာ ဒူးထောက်နေပါတယ်။
‘လာပြန်ပြီလား… ဒီနေရာပဲ၊ ဧကရီဟုတ်ထိုက ဘာဖြစ်လို့ နွေဦးမြစ်ဘေးမှာပဲ စကားပြောရတာလဲ’
ရန်ထျန်တုန်းက ပထမဆုံး မေးလိုက်ပါတယ် “ဧကရီ… ကျွန်တော်ကို ရှာတာ ဘာကိစ္စရှိလို့ပါလဲ”
ဧကရီဟုတ်ထိုက ပြောလိုက်ပါတယ် “ဒီအတောအတွင်း တိတ်ဆိတ်ဂိုဏ်းက ပြဿနာ နည်းနည်း တက်နေတယ်၊ မင်း ငရဲပြည်ကိုယ်စားသွားပြီး တရင်းတနှီးရှိတဲ့အကြောင်း သွားပြရမယ်၊ တခြား အင်အားစုတွေကို မင်း စိုးရိမ်စရာ မလိုဘူး”
ရန်ထျန်တုန်းဟာ ကျေနပ်အံအားသင့်သွားပါတယ် “ကျေးဇူးပါပဲ ဧကရီ”
ရန်ထျန်တုန်းဟာ လေးငါးဆယ်ကြိမ် ပြန်မွေးဖွားပြီးပြီဆိုပေမဲ့ တိတ်ဆိတ်ဂိုဏ်းရဲ့ အကြီးဆုံး တပည့်ဖြစ်ခဲ့တာကို ဘယ်တော့မှ မမေ့ပါဘူး။
“ဒီအချိန်မှာ တိတ်ဆိတ်ဂိုဏ်းကို သွားတာက အဓိပ္ပာယ်အများကြီး ရှိတယ်၊ မင်းရဲ့ ဆရာသခင်က ငါ့ကို သိပ်မယုံသေးဘူး၊ ဒါကလည်း ထူးဆန်းတာတော့ မဟုတ်ပါဘူး၊ တာအိုပညာရှိတွေ တိတ်ဆိတ်ဂိုဏ်းကို ပစ်မှတ်ထားချိန်မှာ ငရဲပြည်က စိတ်အရင်းအမှန်ကို ပြသဖို့လိုတယ်၊ တာအိုပညာရှိတွေကို တစ်ယောက်တည်း ခုခံတာက ကောင်းတဲ့အရာ မဟုတ်ဘူးလို့ မင်းရဲ့ ဆရာသခင်ကို ပြောလိုက်”
ဧကရီဟုတ်ထိုဟာ ညာလက်ကို မြှောက်လိုက်တဲ့အခါမှာ ရွှေရောင်တောက်နေတဲ့ သစ်ပင်ငယ်လေးတစ်ပင် ပေါ်လာပါတယ်။
ရန်ထျန်တုန်းက သိချင်စိတ်နဲ့ မေးလိုက်ပါတယ် “ဒါက ဘာလဲ”
“ရှန်တျန်ချီ ထုတ်လွှတ်နိုင်တဲ့ ရတနာပဲ၊ မိတ်ဆက် လက်ဆောင်အနေနဲ့ မင်းရဲ့ ဆရာသခင်ကို ပေးလိုက်”
“ဧကရီကို ကျေးဇူးတင်ပါတယ်”
ရန်ထျန်တုန်းဟာ ပျော်သွားပါတယ်။ ဘာပဲဖြစ်ဖြစ် လက်ဆောင် ယူသွားတာက လက်ဗလာချည်း သွားတာထက်စာရင် အများကြီး ပိုကောင်းတယ် မဟုတ်ပါလား။
အဲဒီနောက် ပုံရိပ်ယောင်ဟာ ကွဲကြေသွားပြီး ဟန်ကျွယ်ရဲ့ သိစိတ်ဟာလည်း အစစ်အမှန်ကို ပြန်ရောက်သွားပါတယ်။
‘ငါ အတွေးလွန်နေတာပဲ’ ဟန်ကျွယ်ဟာ စိတ်သက်သာရာ ရသွားပြီး ရန်ထျန်တုန်းကို တာအိုစက်ကွင်းထဲ ရွှေ့လိုက်ပါတယ်။ ရန်ထျန်တုန်းဟာ ဟန်ကျွယ်ရဲ့ တာအိုဘုံကျောင်းရှေ့မှာ ပေါ်လာပါတယ်။
ရန်ထျန်တုန်းဟာ မျက်စိထဲဝေဝါးသွားပြီး ပတ်ဝန်းကျင်က ရုတ်တရက် ပြောင်းလဲသွားတာကို သတိထားမိလိုက်ပါတယ်။ ရန်ထျန်တုန်းဟာ မလှမ်းမကမ်းက ဖူစန်းသစ်ပင်ကိုကြည့်ပြီး မှင်သက်သွားပါတယ်။
“တော်တော်တောင် မြင့်နေပါပြီလား…” ရန်ထျန်တုန်းဟာ သူ့ဘာသာ ရေရွတ်လိုက်ပြီး အတိတ်က မှတ်ဉာဏ်တွေဟာ ဒီရေအလား ပြန်ပေါ်လာတဲ့အတွက် သက်ပြင်းတစ်ချက် ချလိုက်ပါတယ်။
အဲဒီနောက် ရန်ထျန်တုန်းရဲ့ အကြည့်ဟာ တာအိုဘုံကျောင်းရဲ့ တံခါးဆီ ရောက်သွားပါတယ်။ ရန်ထျန်တုန်းဟာ မြေကြီးပေါ် ဒူးထောက်လိုက်ပါတယ် “ကျေးဇူးမသိတဲ့တပည့် ဆရာသခင်ကို ဂါရဝပြုပါတယ်၊ ဆရာသခင်က ကျွန်တော့်ကို တပည့်အဖြစ် အသိအမှတ်ပြုသေးဖို့ ကျွန်တော် မျှော်လင့်ပါတယ်”
ဟန်ကျွယ်ဟာ ဘာမှပြန်မပြောပါဘူး။
ဒီအချိန်မှာပဲ လီတောက်ခုံး၊ တာအိုအရှင်သခင်၊ ရွှင်ချန်အန်း၊ မုရုံချီနဲ့ တိတ်ဆိတ်ဂိုဏ်းရဲ့ တခြားတပည့်တွေဟာ ရန်ထျန်တုန်းနား ရောက်လာပါတယ်။ သူတို့တွေဟာ ရန်ထျန်တုန်းကို အမူအရာမျိုးစုံနဲ့ ဝိုင်းကြည့်ကြပါတယ်။
ရန်ထျန်တုန်းဟာ အရင်တုန်းကနဲ့ အများကြီး ခြားနားသွားပါပြီ။ သူ့မျက်နှာက ဘဝဟောင်းတုန်းကနဲ့ ဆင်တူနေသေးတယ်ဆိုပေမဲ့ ကိုယ်ဟန်ကိုယ်ထားက ယမမင်းနဲ့ အများကြီး ဆင်တူနေပါပြီ။ ရန်ထျန်တုန်းဟာ ရှည်လျားတဲ့ မုတ်ဆိတ်မွေးရှိပြီး မှော်ဝတ်ရုံကို ဝတ်ဆင်ထားပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်ကလည်း သရဲလိုမျိုးရောင်ဝါကို ထုတ်လွှတ်နေပါတယ်။
“မင်းက ယမမင်း ဖြစ်လာတာလား” ချူရှီရန်က တအံတဩ မေးလိုက်ပါတယ်။
‘ယမမင်း’ တိတ်ဆိတ်ဂိုဏ်းတပည့်တွေဟာ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပါတယ်။
လီတောက်ခုံးဟာ မျက်လုံးကျဉ်းပြီး ပြောလိုက်ပါတယ် “ယမမင်းတင် မဟုတ်ဘူး၊ သူ့ခန္ဓာကိုယ်က မှော်မျိုးနွယ်စုနဲ့ ဆင်တူတဲ့ အင်အားကြီးတစ်ခုကိုလည်း ပိုင်ဆိုင်ထားတယ်”
လီတောက်ခုံးရဲ့ စကားကြောင့် တခြားသူတွေဟာ ရန်ထျန်တုန်းကို ဝိုင်းအကဲခတ်ကြပါတယ်။ ရန်ထျန်တုန်းဟာ စုပြုံကျရောက်လာတဲ့ အကြည့်တွေကြောင့် နေမထိထိုင်မသာ ဖြစ်သွားပြီး စိတ်ထဲမှာလည်း လန့်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လူတိုင်းက သူ့ထက် စွမ်းအားကြီနေတယ်လို့ ခံစားလိုက်ရတဲ့အပြင် သူ မသိတဲ့သူတွေလည်း အများကြီး ရှိနေလို့ပါ။
‘ငါက အင်မော်တယ်ဧကရာဇ်ပါ၊ ဘယ်လိုဖြစ်ပြီး ဒီလို ခံစားနေရတာလဲ၊ ငါ နေရာများ မှားလာမိတာလား’
ရန်ထျန်တုန်းရဲ့ ဒီအတွေးဟာ ရွှင်ချန်အန်းနဲ့ ငရဲကြက်နက်ကို မြင်လိုက်ရတာကြောင့် ပျက်သွားပါတယ်။ ငရဲကြက်နက်တို့ကို မြင်လိုက်ရတာကြောင့် ဒီနှစ်တွေမှာ တိတ်ဆိတ်ဂိုဏ်းက အပြောင်းလဲကြီး ပြောင်းလဲသွားမှန်း ရန်ထျန်တုန်း သိလိုက်ပါတယ်။
ဒီအချိန်မှာပဲ တာအိုဘုံကျောင်းထဲကနေ ဟန်ကျွယ်ရဲ့အသံ ထွက်ပေါ်လာပါတယ် “ဒီခရီးက မင်းဘာသာ တိတ်ဆိတ်ဂိုဏ်းကို ပြန်လာတာလား ဒါမှမဟုတ် တခြားတစ်ယောက်က လာခိုင်းလို့လား”
ဒီစကားသံကြောင့် ရန်ထျန်တုန်းဟာ နှလုံးလှုပ်သွားပြီး အလွန်စိတ်လှုပ်ရှားကာ ငိုချင်စိတ် ပေါက်သွားပါတယ်။ ပြန်လည်မွေးဖွားခြင်းက အနိမ့်အမြင့် မျိုးစုံမို့ ရန်ထျန်တုန်း မတွေ့ကြုံဖူးတာ အတော်ရှားသွားပါပြီ။ ရန်ထျန်တုန်း အိပ်မက် အမက်ဆုံးကတော့ ဟန်ကျွယ်၊ တိတ်ဆိတ်ဂိုဏ်းနဲ့ ဝီရိယတောင်ပါ။
ရန်ထျန်တုန်းဟာ ချက်ချင်း ပြန်ဖြေပါတယ် “တိတ်ဆိတ်ဂိုဏ်းကို ပြန်လာတာပါ” ဒါပေမဲ့ ဒီစကားကို ပြောမိမိလိုက်ချင်းပဲ ရန်ထျန်တုန်းဟာ နောင်တရသွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ငရဲပြည်ကို ပြန်သွားရမှာမို့လို့ပါပဲ။
ရန်ထျန်တုန်းဟာ တုံ့ဆိုင်းသွားပါတယ် “ဆရာသခင်… ကျွန်တော် ဆရာသခင်နဲ့ နှစ်ယောက်တည်း စကားပြောလို့ရမလား”
ငရဲကြက်နက်က အော်ပြောလိုက်ပါတယ် “နှစ်ယောက်တည်း စကားပြောမယ်၊ မင်းက ဆရာသခင်ကို သစ္စာဖောက်ပြီးပြီလေ၊ အခုက လုပ်ကြံဖို့ လာတာလား”
တခြားတပည့်တွေဟာ ရန်ထျန်တုန်းကို ရန်လိုတဲ့အကြည့်နဲ့ ဝိုင်းကြည့်ကြပါတယ်။ ရန်ထျန်တုန်းနဲ့ သိခဲ့တဲ့ တပည့်ဟောင်းတွေတောင် ရန်ထျန်တုန်းက တစ်ခုခုမှားနေတယ်လို့ ခံစားလိုက်ကြရပါတယ်။ ရန်ထျန်တုန်းကလည်း အပြောင်းလဲကြီး ပြောင်းလဲသွားတာကိုး။
ဟန်ကျွယ်ဟာ ရန်ထျန်တုန်းကို တာအိုဘုံကျောင်းထဲ ရွှေ့လိုက်ပြီး တိတ်ဆိတ်ဂိုဏ်းသားတွေကို ပြောလိုက်ပါတယ် “ဒီနေရာမှာ ဘာလုပ်နေတာလဲ၊ ကိုယ့်ဘာသာ အေးအေးဆေးဆေး ကျင့်ကြံကြစမ်း”
ဟန်ကျွယ်ရဲ့ စကားကြောင့် တိတ်ဆိတ်ဂိုဏ်းသားတွေဟာ ချက်ချင်းပဲ လူစုခွဲလိုက်ကြပါတယ်။
လေးငါးဆယ်ရက် အကြာမှာတော့ ရန်ထျန်တုန်းဟာ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ် အပြင်ဘက်မှာ ပေါ်လာပါတယ်။ ရန်ထျန်တုန်းဟာ လေမှာပေါလောမျောပြီး ကြောင်တောင်တောင် ဖြစ်နေပါတယ်။
ရန်ထျန်တုန်းဟာ ဟန်ကျွယ်နဲ့ စကားပြောခဲ့တာတွေကို ပြန်တွေးရင်း အကြောင်းအရင်း တချို့ကြောင့် အိပ်မက်မက်နေတယ်လို့ ခံစားလိုက်ရပါတယ်။ အစကနေ အဆုံးအထိ ရန်ထျန်တုန်းဟာ ဟန်ကျွယ်ရဲ့ မျက်နှာကို မမြင်ခဲ့ရပါဘူး။
အရာအားလုံး အဆင်ပြေပြေ ချောချောမွေ့မွေ့ ပြီးဆုံးခဲ့ပေမဲ့ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ကို လှည့်ကြည့်မိတဲ့အခါ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်က လျှို့ဝှက်ဆန်းကြယ်ပြီး နီးသလိုနဲ့ အဝေးကြီးမှာ ရှိနေတဲ့အတွက် ဘယ်တော့မှ မရောက်နိုင်ဘူးလို့ ရန်ထျန်တုန်း ခံစားလိုက်ရပါတယ်။
ရန်ထျန်တုန်းဟာ နောင်တရသွားပါတယ် ‘ငါ ယမမင်းလုပ်ဖို့ မရွေးချယ်ခဲ့ရင် ကောင်းသား’
ဒါပေမဲ့ အခုမှနောင်တရလည်း ဘာမှခြားနားသွားမှာ မဟုတ်ပါဘူး။ ရန်ထျန်တုန်းမှာ ဒီလမ်းကို ဆက်လျှောက်ရုံကလွဲပြီး တခြားဘာများ တက်နိုင်အုန်းမှာလဲ။
ရန်ထျန်တုန်းဟာ သက်ပြင်းတစ်ချက်ချလိုက်ပြီး ဟန်ကျွယ်ရဲ့ ယုံကြည်မှုကို ပြန်ရဖို့အတွက် အနာဂတ်မှာ တိတ်ဆိတ်ဂိုဏ်းသားတွေကို ဂရုစိုက်ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။
တခြားတစ်ဖက်မှာတော့ ဟန်ကျွယ်ဟာ ရန်ထျန်တုန်းပေးခဲ့တဲ့ ရတနာသစ်ပင်ကို ဖူစန်းသစ်ပင်အောက်မှာ စိုက်ပျိုးလိုက်ပါတယ်။ ဒီရတနာသစ်ပင်က သီးလာတဲ့ ရွှေရောင်မူလသစ်သီးက သက်တမ်းကို ဆွဲဆန့်နိုင်တဲ့အတွက် ရတနာကောင်းတစ်ခုလို့ ပြောနိုင်ပါတယ်။
ငရဲကြက်နက်၊ ပဋိပက္ခကောင်းကင်ခွေး၊ အာတနဲ့ ရှောင်အာကို ဂရုတစိုက် စောင့်ကြည့်ဖို့ မှာကြားပြီးတာနဲ့ ဟန်ကျွယ်ဟာ တာအိုဘုံကျောင်းကို ပြန်ပါတယ်။
ဟန်ကျွယ်ဟာ ရန်ထျန်တုန်းကို မယုံတာ မဟုတ်ပါဘူး။ အဲဒီအစား ရန်ထျန်တုန်း ယမမင်း လုပ်တာကို အားတောင် ပေးပါသေးတယ်။ ဒါမှလည်း အနာဂတ်မှာ ငရဲပြည်ရဲ့ သတင်းအချက်အလက်တွေကို လွယ်လွယ်ကူကူ သိရှိနိုင်မှာပါ။
ပုံရိပ်ယောင်ထဲက ဧကရီဟုတ်ထိုရဲ့ စကားကို ကြားပြီးနောက် ဟန်ကျွယ်ဟာ ဧကရီဟုတ်ထိုအပေါ် ပိုပြီးတော့ အကောင်းမြင်လာပါတယ်။ ရှကျဲ့မျိုးနွယ်စုကို ပြန်ခေါ်ချင်တာက ဧကရီဟုတ်ထိုကို အပြစ်ပြောလို့ မရပါဘူး။ ဘယ်သူမဆို ကိုယ်စိုက်ထားတဲ့ သစ်ပင်က သစ်သီးကို စားချင်တာ သဘာဝပဲ မဟုတ်ပါလား။
တစ်ခါတစ်လေမှာ လူတွေကို ထိုးဖောက်မြင်နိုင်တာက မကောင်းပါဘူး။ အတွေးများစေပါတယ်။ ဟန်ကျွယ်ဟာ ခေါင်းထဲက အတွေးတွေကို ရှင်းထုတ်လိုက်ပြီး ဆက်လက် ကျင့်ကြံပါတယ်။
နှစ် ၂၀၀ ကြာပြီးနောက်…
တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ထက်က ကောင်းကင်ပြင်မှာ အံဖွယ်ဖြစ်ရပ်တစ်ခု ပေါ်လာပါတယ်။ ရွှေရောင်မိုးတွေ ရွာသွန်းပြီး အင်မော်တယ်ငှက်တွေ အတန်းလိုက် ပျံသန်းကာ အင်မော်တယ်ချီတွေ အားကောင်းလာပါတယ်။ ကောင်းကင်တစ်ခုလုံးကိုလည်း အရောင်မျိုးစုံ ဖုံးလွှမ်းနေပါတယ်။
ဒီအံဖွယ်ဖြစ်ရပ်ကိုကြည့်ပြီး တိတ်ဆိတ်ဂိုဏ်းသားတွေဟာ တစ်ယောက်တစ်ပေါက် ဆွေးနွေးကြပါတယ်။
“ဘာ ထပ်ဖြစ်ပြန်ပြီလဲ”
“တာအိုပညာရှိတွေက ငါတို့ကို အပြင်ထွက်အောင် ဖြားယောင်းနေတာ ဖြစ်လိမ့်မယ်”
“အပြင်ထွက်တာ ဘာကောင်းလို့လဲ၊ ဆက်ကျင့်ကြံရအောင်”
“တိတ်ဆိတ်ဂိုဏ်းကို ဖျက်ဆီးချင်တယ်လို့ တာအိုပညာရှိတွေ ပြောခဲ့တယ်မလား”
“ဟားဟား…. တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ထဲကို ဘယ်သူဝင်နိုင်မှာမို့လို့လဲ”
ကောင်းကင်ပေါ်က အံဖွယ်ဖြစ်ရပ်ကို ကြည့်ပြီး တပည့်အားလုံး အမည်ခံတပည့်တွေ အပါအဝင် တစ်ယောက်တစ်ခွန်း ညံညံစီသွားပါတယ်.
ဂိုဏ်းချုပ်တျန်ကျွယ်က တိတ်ဆိတ်ဂိုဏ်းကို ဖျက်ဆီးမယ်လို့ လောကကြီးကို ကြော်ငြာခဲ့ပေမဲ့ တိတ်ဆိတ်ဂိုဏ်း အခုအချိန်အထိ ရှိနေသေးတာက တာအိုပညာရှိတွေရဲ့ မျက်နှာကို ဖြတ်ရိုက်ထားသလိုပါပဲ။
ဒီအခြေအနေကြောင့် ကိုယ်ပိုင်တပည့်တွေ မပြောနဲ့ အမည်ခံတပည့်တွေတောင် ဟန်ကျွယ်က တာအိုပညာရှိတွေထက် စွမ်းအားပိုကြီးတယ်လို့ ခံစားလာကြရပါတယ်။
ဟန်ကျွယ်ဟာ ဒီအံဖွယ်ဖြစ်ရပ်ကို သတိထားမိတာကြောင့် လက်ချောင်းတွေနဲ့ တွက်ချက်ကြည့်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ တာအိုပညာရှိအတုမို့ ကံတရားကို ဆက်စပ်မှုကို အဆင့်တစ်ခုအထိ တွက်ချက်နိုင်ပါတယ်။
ကောင်းကင် ၁၃ ဘုံ အထက်မှာ နတ်သားနတ်သမီးတစ်စုက ဝါးခြင်းတောင်းတွေနဲ့ ရွှေရောင်ရေကို လိုက်ပက်နေတာပါ။ ဒီရွှေရောင်ရေက မိုးကြီးအသွင် ပြောင်းလဲပြီး သေမျိုးကမ္ဘာကို ရွာကျတာပါ။ ဟန်ကျွယ်ဟာ ဒီနတ်သားနတ်သမီးတွေကိုကြည့်ပြီး သူတို့တွေ ဘာလုပ်ချင်လဲဆိုတာကို သိချင်သွားပါတယ်။
ဟန်ကျွယ်ဟာ မျက်လုံးကျဉ်းပြီး အပေါ်ကို မော့ကြည့်လိုက်ပါတယ်။
ဒီအချိန်မှာပဲ…
ဒီနတ်သားနတ်သမီးတွေက လူသားအရေခွံခြုံထားတဲ့ နတ်ဆိုးတွေ သရဲတွေ ဖြစ်နေတာကို ဟန်ကျွယ် တွေ့လိုက်ရပါတယ်။ သူတို့အကုန်လုံးက ဟန်ပန်မျိုးစုံရှိပြီး အတော်လေး ကြောက်ဖို့ကောင်းလှပါတယ်။
[ကောင်းကင်မိစ္ဆာများ၏ ကျူးကျော်မှုကို ရှာဖွေတွေ့ရှိထားသည်။ ကောင်းကင်တာအို၏ ပထမဆုံး ကုသိုလ်ကံ စုစည်းမှုသည် စတင်တော့မည် ဖြစ်သည်။ ထို့ကြောင့် သင့်တွင် အောက်ပါရွေးချယ်မှုများ ရှိသည်။]
[၁။ ဂူအောင်းကျင့်ကြံရာမှထွက်၍ ကောင်းကင်တာအို ကုသိုလ်ကံအတွက် ကောင်းကင်မိစ္ဆာများနှင့် တိုက်ခိုက်ပါ။ ဆုလာဘ်အဖြစ် မဟာတာအို အပိုင်းအစ တစ်စနှင့် ဆန်းကြယ်စွမ်းအား တစ်ပါးကို အမွေဆက်ခံ ရရှိမည်။]
[၂။ သိုသိုသိပ်သိပ် ဆက်ကျင့်ကြံ၍ ကောင်းကင်တာအို ဆင့်ကဲပြောင်းလဲမှုတွင် မပါဝင် မပတ်သက်ပါနှင့်။ ဆုလာဘ်အဖြစ် မဟာတာအို အပိုင်းအစ တစ်စနှင့် တာအိုစက်ကွင်း အဆင့်မြှင့်တင်ရန် အခွင့်အရေးတစ်ကြိမ်အား ရရှိမည်။]
မြန်မာပြည် ငြိမ်းချမ်းပါစေ။
Chapter – 510
? Views, Released on December 9, 2024